Chapter - 16
Viewers 61

အခန်း - (၁၆)


ထိုစကားများကိုကြားလိုက်ရသောအခါ ယန်ကျင့်ချင်းမှာ ခဏတာ မှင်သက်သွားရသည်။


ကျောက်ယန်မှာ နှစ်သက်ရမဲ့သူ ရှိနေပြီတဲ့လား။


သူသည် ရွာထဲမှ လူငယ်များနှင့်လည်း သိပ်ပြီး ထိတွေ့ဆက်ဆံဖူးသည်မဟုတ်ပေ။ 


ကျောက်ယန်က ဘယ်လိုလူမျိုးကို နှစ်သက်မိတာပါလိမ့်။ 


နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုမှာ ကျောက်ယန်သည် သူ၏မှတ်ဉာဏ်အတော်များများကို ပြန်လည်ရရှိသွားပြီဖြစ်နိုင်သည်။ အကယ်၍ ထိုသို့သာဆိုလျှင် အရာအားလုံးမှာ ကိုင်တွယ်ရ ပို၍လွယ်ကူသွားပေလိမ့်မည်။


ယန်ကျင့်ချင်းက ဘာမှမထူးခြားသလို မျက်နှာပေးဖြင့် အလိုက်သင့် အသံပြုလိုက်သည်။ ခဏအကြာတွင် သူသည် အခန်းထဲသို့ဝင်ကာ မနေ့က ပေးမည်ဟု ကတိပေးထားသောသစ်သားဓားကို သွားယူလိုက်သည်။

ဤဓားမှာ သစ်သားကို ဖြတ်တောက်ထားခြင်း ဖြစ်သော်လည်း ဤကဲ့သို့သောအရာမျိုးမှာ နုနယ်သောလက်ရာများ လိုအပ်ပေသည်။ စိတ်ရှည်မှုမရှိလျှင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ သစ်သားဓားသက်သက်သာ ဖြစ်သော်လည်း ထိုဓား၏အသွားမှာ တကယ့်ဓားအသွားကဲ့သို့ပင် ထက်မြက်အောင် ထွင်းထားသည်။ သူသည် ထိုဓားကို ကျောက်ယန်ထံသို့ ဂရုတစိုက် ကမ်းပေးလိုက်သည်။


ကျောက်ယန်က ဓားကို လက်ချောင်းများဖြင့် ပွတ်သပ်နေစဉ်အတွင်း ယန်ကျင့်ချင်းက ရှင်းပြလိုက်သည်။ "မင်းရဲ့ဓားသိုင်းပညာက အတော်လေး အထင်ကြီးဖို့ ကောင်းတယ်၊ မင်း အရင်က လေလွင့်ဓားသမားတစ်ယောက် ဖြစ်ခဲ့မယ်ထင်တယ်၊ မင်း အခု မမှတ်မိသေးရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တစ်ခုခုရှိထားတာကလဲ သိပ်မဆိုးပါဘူး၊ ဒါက ငါ မင်းအတွက် အကောင်းဆုံးလုပ်ပေးနိုင်တဲ့ အရာပဲ၊ အရည်အသွေးမြင့်တဲ့သံဓားတွေကတော့... ငါ့အတွက် မဖြစ်နိုင်လောက်ဘူး" ယန်ကျင့်ချင်းက အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည်။


"ကျေးဇူးတင်ပါတယ်အစ်ကိုကျင့်ချင်း" ကျောက်ယန်က တောက်ပစွာ ပြုံးလိုက်ပြီး ဓားရိုးမှ ထိပ်ဖျားအထိ သစ်သားဓားကို လက်ဖြင့် လိုက်ပွတ်ကြည့်နေခဲ့သည်။


ထို့နောက် သူက ခပ်တိုးတိုး ရယ်မောရင်း ပြောလိုက်၏။ "ဒါပေမဲ့ ကျွန်တော်တို့ တကယ့်အန္တရာယ်တွေနဲ့ ကြုံရလိမ့်မယ်လို့ မထင်ပါဘူး၊ ဒီနေရာလေးက လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး သာယာတဲ့နိဗ္ဗာန်ဘုံလေးတစ်ခုလိုပဲလို့ ကျွန်တော် ခံစားရတယ်၊ ဒီမှာ နေရတာ စိတ်အေးချမ်းမှုကိုရစေပါတယ်"


ယန်ကျင့်ချင်းက သူ့ကို ငေးကြည့်ရင်း ခပ်တိုးတိုးလေသံဖြင့် "အင်း..." ဟုသာ ပြန်ထူးလိုက်သည်။


နေ့လယ်ခင်းအချိန်မှာ အေးချမ်းစွာ ကုန်လွန်သွားသည်။ ယန်ကျင့်ချင်းမှာ နေ့လယ်ခင်း တစ်ရေးပင် အိပ်လိုက်သေး၏။ သူ နိုးလာသောအချိန်တွင်လည်း ကန်ထဲမှ ငါးသားပေါက်လေးများကို သွားကြည့်ခဲ့သည်။ ထိုငါးသားပေါက်လေးများမှာ သေးငယ်နေသေးသော်လည်း တစ်ကောင်ချင်းစီမှာ သွက်လက်တက်ကြွနေသဖြင့် သူ စိတ်အေးသွားရသည်။


သူ၏ပစ္စည်းများကို သိမ်းဆည်းနေစဉ်မှာပင် ကျေးရွာလူကြီးမိသားစုမှ ကလေးနှစ်ယောက် ရောက်လာကြသည်။


အိမ်ရှိ အစောင့်ခွေးလေးရှောင်းရှန်မှာ အတော်လေး ထွားလာပြီဖြစ်သည်။ သူစိမ်းများကို မြင်သည်နှင့် ရှေ့သို့ ပြေးထွက်ကာ နှစ်ချက်မျှ ဟောင်လိုက်ရာ အငယ်ဆုံးကလေးမှာ ကြောက်လန့်ပြီး ငိုလုနီးပါးဖြစ်သွားသည်။ 


ယန်ကျင့်ချင်းလည်း ခွေးလေးကို အမြန်လှမ်းခေါ်လိုက်ပြီးမှ "ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။


ကလေးများမှာ သတင်းစကားပါးရန် လာကြခြင်း ဖြစ်သည်။ တစ်ဦးက သူ့ထံသို့ အရာဝတ္ထုလေးတစ်ခုအား ကမ်းပေးလာရင်း ပြောသည်။ "ရွာထဲမှာ ဆုတောင်းပွဲကျင်းပမလို့တဲ့၊ အဖေက အစ်ကိုယန်ကို ပြောခိုင်းလိုက်တာ၊ သဘက်ခါ နေ့လယ်ပိုင်းကျရင် လူတိုင်း လာခဲ့ရမယ်တဲ့"


တောင်ထိပ်တွင် ဟိုးယခင်နှစ်ပေါင်းများစွာက ရွာသားများ စုပေါင်းတည်ထားသောရှေးဟောင်းဘုရားကျောင်းလေးတစ်ခု ရှိသည်။ ထိုဘုရားကျောင်းမှာ အလွန်တရာ ကြီးကျယ်ခမ်းနားလှသည်မဟုတ်သော်လည်း နှစ်စဉ်ကျင်းပမြဲဖြစ်သောဆုတောင်းပွဲမှာ မိုးခေါင်ခြင်းနှင့် ဘေးအန္တရာယ်များမှ ကာကွယ်ရန်အတွက် အမြဲတမ်း အရေးကြီးလှသည်။


နတ်ဘုရားများကို ရိုသေမှုပြသရန် လိုအပ်လေရာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲရှိသောသက်ကြီးရွယ်အိုများမှလွဲ၍ လူတိုင်းမှာ တောင်ပေါ်သို့ တက်ရောက်ကြရမည် ဖြစ်သည်။


ယန်ကျင့်ချင်းက "သိပြီ" ဟုသာ ရိုးရှင်းစွာ တုံ့ပြန်လိုက်ပြီး ကလေးနှစ်ယောက်ကို ထန်ဟုလူအချို့ပေးကာ ပြန်လွှတ်လိုက်သည်။


ပွဲတော်အတွက် ရွာသားများသည် သင့်တော်လျောက်ပတ်သောအဝတ်အစားများကို ဝတ်ဆင်ကြရသလို ရိုးရှင်း၍ သေသပ်ကျနသောအဆင်များကို ဦးစားပေးကြသည်။ 


အမျိုးသားများအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိကြရမည်ဖြစ်သလို အမျိုးသမီးများမှာလည်း နှုတ်ခမ်းနီ သို့မဟုတ် မျက်နှာချေများကို သိပ်ပြီး အသုံးမပြုကြပေ။ မြို့ပေါ်မှာပင်လျှင် ထိုကဲ့သို့သောအခါသမယမျိုးတွင် အလှပြင်လွန်းခြင်းကို တင်းကြပ်စွာ တားမြစ်ထားတတ်သည်။


ထိုနေ့တွင် သူတို့လုပ်နိုင်သည်မှာ လူရုပ်ထွက်စေရန် မျက်နှာပေါ်တွင် ပေါင်ဒါခပ်ပါးပါးလေး လိမ်းခြင်းသာဖြစ်သည်။


ယုံကြည်ကိုးကွယ်မှုပြင်းထန်သောနေရာအချို့တွင် ဖရိုဖရဲပုံစံမျိုးဖြင့် ရောက်လာခြင်းကို နတ်ဘုရားများအပေါ် မရိုမသေပြုခြင်းဟုပင် သတ်မှတ်ကြသည်။


စည်းကမ်းများစွာ ရှိနေသဖြင့် ယန်ကျင့်ချင်းမှာ ခဏတာမျှ တုံ့ဆိုင်းသွားပြီးမှ ကျောက်ယန်ကို သတိပေးလိုက်သည်။ "မနက်ဖြန်ကျရင် ငါတို့ ဆုတောင်းပွဲအတွက် ဘုရားကျောင်းကို သွားရမယ်၊ မင်းရဲ့အဖြူရောင်ဝတ်ရုံက ဝတ်သွားဖို့ သင့်တော်ပါတယ်၊ အဲ့ဒီမှာ လူတွေ အများကြီး ရှိလိမ့်မယ်၊ ဒါပေမဲ့ ငါတို့က နှုတ်ဆက်စကားအနည်းငယ် ပြောရုံပဲလိုတယ်၊ စကားတွေအကြာကြီး ပြောနေဖို့ မလိုဘူး"


လူစုလူဝေးကြီးသောအခါ လူများမှာ စူးစမ်းချင်စိတ်ဖြင့် ရောက်လာပြီး မေးခွန်းပေါင်းစုံ မေးကြလိမ့်မည်မှာ မလွဲဧကန်ပင်။ ယန်ကျင့်ချင်းက ပြီးခဲ့သည့်တစ်ခေါက်ကကဲ့သို့ ကျောက်ယန် မသက်မသာဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။


ကျောက်ယန်က တုံ့ဆိုင်းစွာဖြင့် "အင်း... ကျွန်တော် မှတ်ထားပါ့မယ်" ဟု ပြောလိုက်သည်။


တစ်ရွာလုံး တက်ရောက်ကြမည်ဖြစ်ရာ ဝမ်ရှန့်နှင့် ချန်ထန်းတို့ကိုလည်း တွေ့ရနိုင်ခြေ 

များသည်။ ချန်ထန်းက ထိုနေ့က အိမ်ပြန်ရောက်ပြီးနောက် သူ၏မိဘများကို ဘာတွေပြောထားသလဲဆိုသည်ကို ယန်ကျင့်ချင်း မသိရသဖြင့် သူတို့မိသားစုက မနက်ဖြန်တွင် ပြဿနာရှာမလားဆိုသည်ကိုလည်း မသိပေ။

သို့သော်လည်း ထိုကိစ္စမှာ သိပ်ပြီး အရေးမကြီးလှပေ။ ချန်ထန်း၏မိဘများသည် စိတ်ပုပ်ကြသော်လည်း သူတစ်ပါးကွယ်ရာတွင်သာ အတင်းပြောဝံ့ကြပြီး ရှေ့တွင် ပြောင်ပြောင်တင်းတင်း ပြဿနာရှာဝံ့သူများ မဟုတ်ကြောင်း ယန်ကျင့်ချင်း သိသည်။ 


ဝမ်ရှန့်အနေဖြင့် ဤကိစ္စအား သိခြင်း၊ မသိခြင်းကို သူ မသေချာသော်လည်း ထိုကိစ္စမှာ သူနှင့် မဆိုင်တော့ပေ။ အဆိုးဆုံးအနေဖြင့် သူတို့ကို သူစိမ်းများကဲ့သို့သာ သဘောထားလိုက်ရုံပင်။


နောက်တစ်နေ့ ပွဲတော်ကျင်းပချိန်တွင်....


ပထမဆုံးအကြိမ်အဖြစ် တောင်တက်လမ်းမှာ လူများဖြင့် ပြည့်နှက်နေသည်။ ခြေလှမ်းမှန်မှန်မလျှောက်နိုင်သောသက်ကြီးရွယ်အိုများသည် အချိန်ယူ၍တက်ကြပြီး တစ်ခါတစ်ရံ နားနားသွားကြသည်။ လမ်းတစ်လျှောက်တွင် ယန်ကျင့်ချင်းမှာ ရွာသားများစွာနှင့် နှုတ်ဆက်စကား ပြောခဲ့ရလေရာ သူ၏စိတ်ရှည်မှုကို စမ်းသပ်နေသကဲ့သို့ပင်။


နွေရာသီ၏အပူဆုံးအချိန်ဖြစ်သဖြင့် ရွာလူကြီးက ပွဲကို နေ့လယ်ပိုင်းအစား ညနေပိုင်းတွင် ပြုလုပ်ရန် ပညာရှိစွာ စီစဉ်ခဲ့သည်။


ညဘက်တွင် တောင်ပေါ်မှာ ပို၍အေးမြနေသည်။ ယန်ကျင့်ချင်းက ကျောက်ယန်ကို ခေါ်၍တက်လာသောအခါ ဘုရားကျောင်းမှာ စည်ကားနေပြီဖြစ်သည်။ ရွာသားများသည် တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြပြီး လှူဒါန်းမှုများကိုပြုလုပ်ပြီးနောက် အပြင်ဘက်ရှိ ယာယီမဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ စတင်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။


ယန်ကျင့်ချင်း ရောက်လာသည်နှင့် အဝေးဆုံးထောင့်ရှိ ချန်ထန်းတို့မိသားစုကို လှမ်းမြင်လိုက်ရသည်။ ချန်ထန်း၏မိခင်မှာ တစ်စုံတစ်ယောက်နှင့် စကားပြောနေသော်လည်း သူ ချဉ်းကပ်လာသောအခါ စကားရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ပျာပျာသလဲကြည့်ပြီးနောက် ယန်ကျင့်ချင်းနှင့် မျက်လုံးချင်း ဆုံသွားသည်။


မကျေနပ်မှုများ ရှိနေသေးသောကြောင့်လားမသိပေ။ သူမ မျက်နှာလွှဲလိုက်သည့်ခဏတွင် သူမ၏မျက်နှာမှာ ပျက်ယွင်းသွားပြီး မကျေမနပ်ဖြင့် အကြည့်ကို လွှဲဖယ်သွားတော့သည်။

သူမနှင့် မလှမ်းမကမ်းတွင်ရှိသောချန်ထန်းကလည်း သူ့ကို သတိပြုမိသွားပြီး တွန့်ဆုတ်နေသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ 


ထိုအချိန်တွင် ယန်ကျင့်ချင်းနှင့် ကျောက်ယန်တို့နှစ်ဦးသား ဘေးဘက်တွင်ရပ်နေကြစဉ် ရောက်ရှိလာခါစဖြစ်သောဝမ်ရှန့်တို့မိသားစုနှင့် ဆုံမိကြသည်။


ဝမ်ရှန့်၏ဇနီးမှာ ငယ်ရွယ်ပြီး စကားအပြောအဆိုချိုသာကာ ဖော်ရွေဖျတ်လတ်သူ ဖြစ်သည်။ သူမ ရောက်သည်နှင့် ဝမ်ရှန့်က သူမကို ဆွဲခေါ်လာပြီး ကျောက်ယန်နှင့် ယန်ကျင့်ချင်းကို သစ်သီးတစ်လုံးစီ ကမ်းပေးခိုင်းသည်။ သူမ၏အိမ်ခေါ်နာမည်ကား ‘ချောင်ချောင်’ဖြစ်လေသည်။ ဝမ်ရှန့်သည်ကား အူတူတူမျက်နှာပေးဖြင့် ပြုံးနေ၏။ "ဒီအသီးက အိမ်မှာ စိုက်ထားတာလေ၊ အစ်ကိုယန် မြည်းကြည့်ပါဦး၊ တကယ် ချိုတယ်"


"ဒါ ကျောက်ယန်အတွက် ငါတို့ရွာက ပွဲတော်ကို ပထမဆုံးအကြိမ် တက်တာ ဖြစ်မယ်နော်၊ ဒါက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသလို တကယ်လဲ ထိရောက်တယ်" ဝမ်ရှန့်က ပွင့်ပွင့်လင်းလင်း မပြောသော်လည်း သူ၏စကားလုံးများက ကျောက်ယန်၏မျက်စိများ ပြန်ကောင်းလာရန် ဆုတောင်းနိုင်ကြောင်း သွယ်ဝိုက်၍ သတိပေးနေခြင်းဖြစ်သည်။


ကျောက်ယန်က နားလည်သဖြင့် "ကောင်းပါပြီ" ဟုသာ ပြန်ဖြေလိုက်သည်။


သူတို့ စောင့်နေကြစဉ် အဒေါ်လီနှင့် လီရွှမ်းလင်တို့ ရောက်လာကြသည်။ မျိုးဆက်သစ်လူငယ်များ စုဝေးနေသည်ကိုမြင်သောအခါ သူမက အလျင်အမြန် လာရောက်ပူးပေါင်းပြီး အကြောင်းအရာမျိုးစုံကို ပြုံးပြုံးရွှင်ရွှင် ပြောဆိုတော့သည်။


သူမက စကားပြောနေသော်လည်း လက်ကလည်း ငြိမ်မနေဘဲ လီရွှမ်းလင်၏လက်ကို တစ်ခုခု အချက်ပြနေသကဲ့သို့ ဆွဲနေသည်။

လီရွှမ်းလင်မှာ အကြောင်းပြချက်တစ်ခု ရှာပြီး မေးရုံမှတစ်ပါး အခြားမရှိတော့ပေ။ "ကျောက်ယန် နေကောင်းသွားပြီလား၊ ဘယ်နှစ်ရက် ကြာသွားလဲတော့ မသိဘူး၊ တကယ်လို့ ရောဂါလက္ခဏာတွေရှိနေသေးရင် ဆေးထပ်ပေးလို့ ရပါတယ်"


ယန်ကျင့်ချင်း စကားမပြောမီ ကျောက်ယန်က အရင်ဆုံး ပြန်ဖြေသည်။ “ကျွန်တော် လုံးဝ နေကောင်းသွားပါပြီ၊ မိန်းကလေးလီ... ဒီရောဂါက ပြန်ဖြစ်တတ်လို့လား၊ ဘာလို့ မေးတာလဲ”


သူတို့ဘေးတွင် ရပ်နေသောယန်ကျင့်ချင်းမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း ကြားဖြတ်မပြောခဲ့ပေ။ ကျောက်ယန်နှင့် လီရွှမ်းလင်တို့ စကားပြောနေသည်ကိုသာ နားထောင်နေမိသည်။


လီရွှမ်းလင်က "အင်း..." ဟု ခပ်တိုးတိုး ဆိုကာ ရိုးသားစွာပင် "ဖြစ်နိုင်ပါတယ်၊ ရှင်က ကိုယ်ခံအားနည်းနေတာဆိုတော့ လေ့ကျင့်ခန်းတွေလုပ်ပြီး ခန္ဓာကိုယ်ကို သန်မာအောင် လုပ်သင့်တယ်၊ ဒါပေမဲ့ ရှင့်ရဲ့အခြေအနေအရ ဆိုရင်တော့..."


သူမ၏စကားလုံးများမှာ ရပ်တန့်သွားသဖြင့် အခြားသူများမှာ နားမလည်ဘဲ ဖြစ်သွားရသည်။


ကျောက်ယန်လည်း သူမ ဘာကို ဆိုလိုမှန်းမသေချာသော်လည်း ခပ်တိုးတိုး ရယ်မောလိုက်သည် “မိန်းကလေးလီရဲ့ဆေးပညာက တကယ် ထူးချွန်တာပဲ၊ ကျွန်တော်လဲ မိန်းကလေးလီရဲ့စကားကို ခဏခဏ နားထောင်ရတော့မှာပဲ”


စကားဆုံးသည်နှင့် သူက သက်ပြင်းချလိုက်သည်။ “နှမြောစရာပဲ၊ ကျွန်တော် အပျောက်ချင်ဆုံးက ကျွန်တော့်ရဲ့ရောဂါမဟုတ်ဘဲ မျက်စိဖြစ်နေတာ၊ တကယ်လို့ ကျွန်တော် မြင်ရမယ်ဆိုရင် လူတိုင်းကို ဒီလောက်အထိ... ဒုက္ခပေးနေရမှာ မဟုတ်ဘူး”


သူ၏စကားလုံးများက လူအတော်များများကို အတွေးနက်သွားစေသည်။


ဝမ်ရှန့် တစ်ဦးတည်းသာ ထိုစကား၏အနက်အဓိပ္ပာယ်ကို နားမလည်ပေ။ အထဲမှ လူအတော်များများ ထွက်လာကြသည်ကိုမြင်သောအခါ သူက အလောတကြီး ပြောလိုက်သည်။ “လူတွေ တော်တော်များများ ထွက်လာကြပြီ၊ ငါတို့လဲ အထဲဝင်ကြရအောင်”


တစ်ဖက်တွင်မူ လီရွှမ်းလင်မှာ ရင်ထဲတွင် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ သူမသည် ကျောက်ယန်၏မျက်နှာကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း မျက်လုံးများကို ဖုံးအုပ်ထားသဖြင့် သူ၏မျက်နှာပေးကို မခန့်မှန်းနိုင်ချေ။ သို့သော် အဘယ်ကြောင့်မှန်းမသိ၊ သူ၏စကားလုံးများမှာ ထူးဆန်းနေပြီး သတိပေးချက်တစ်ခုကဲ့သို့ ခံစားနေရသည်။


သို့သော် သူမသည် ထိုစကား၏ပို၍ နက်ရှိုင်းသောအဓိပ္ပာယ်ကို ဆုပ်ကိုင်၍မရသဖြင့် အလွန်ပင် မသက်မသာဖြစ်နေမိသည်။


သူမသည် သူမနှင့် သူမ၏အဒေါ်တွင် တခြားကိစ္စများရှိသေးသည်ဟု အကြောင်းပြကာ အမြန်ပင် ထွက်ခွာသွားတော့သည်။



ယန်ကျင့်ချင်းသည် သူတို့ထွက်ခွာသွားသည်ကို နှုတ်ခမ်းတင်းတင်းစေ့ကာ တိတ်ဆိတ်စွာ 

ကြည့်နေမိသည်။


နောက်ဆုံးတွင် ယန်ကျင့်ချင်းနှင့် ကျောက်ယန်တို့သည် ဝမ်ရှန့်မိသားစုနောက်သို့ လိုက်သွားကာ ဆုတောင်းခဲ့ကြသည်။ သူတို့အပြင်သို့ ပြန်ထွက်လာချိန်တွင် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ စတင်နေပြီဖြစ်သည်။


ကျောက်ယန်သည် သူ့ပတ်ဝန်းကျင်တွင် မြင့်တက်နေသောစိတ်လှုပ်ရှားမှုများကို အာရုံမခံနိုင်၍လားမသိပေ။ ယန်ကျင့်ချင်း၏အနီးနားတွင်သာ တိတ်ဆိတ်စွာ ကပ်နေခဲ့သည်။


အခမ်းအနားပြီးဆုံး၍ ရွာသားများ ပွဲတော်အတွင်း လွတ်လပ်စွာ လည်ပတ်ကြချိန်မှသာ သူသည် အနည်းငယ် ပို၍တက်ကြွလာပုံရသည်။


ပွဲတော်ကျင်းပရာနေရာ၏အပြင်ဘက်တွင် နှစ်ပေါင်းရာချီ သက်တမ်းရှိသောရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ရှိပြီး ထိုသစ်ပင်ကြီး၏ဝေဝေဆာဆာ ဖြန့်ကျက်နေသောသစ်ကိုင်းများပေါ်တွင် ရွာသားများ၏ဆုတောင်းစာများ ချည်နှောင်ထားသည့်အနီရောင်ကြိုးလေးများစွာ ရှိနေသည်။ ယခင်က ယန်ကျင့်ချင်းတွင် ထူးထူးခြားခြား ဆုတောင်းစရာမရှိခဲ့သဖြင့် ဤရိုးရာဓလေ့တွင် တစ်ခါမျှ မပါဝင်ခဲ့ဖူးပေ။


သို့သော် ခဏမျှ စဉ်းစားပြီးနောက် သူသည် ကျောက်ယန်ဘက်သို့လှည့်ကာ မေးလိုက်သည်။ “မင်းမှာကော ဆုတောင်းချင်တာ ရှိလား”


“...” ကျောက်ယန် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ “...ရှိတယ်” ဟု ပြောလိုက်သည်။


သို့သော် သူသည် ယန်ကျင့်ချင်းကို အလုပ်မရှုပ်စေခဲ့ပေ။ ထိုအစား သူကိုယ်တိုင် စက္ကူတစ်ရွက်ကိုယူကာ အခြားသူများကို ကျောပေးလိုက်သည်။ “ကျွန်တော် ကိုယ်တိုင် ရေးနိုင်မယ်ထင်တယ်”


သူက ကိုယ်တိုင်ရေးမည်ဟု အခိုင်အမာဆိုသဖြင့် ယန်ကျင့်ချင်းလည်း ဝင်မစွက်ဖက်ဘဲ ဘေးမှသာ စောင့်နေပေးခဲ့သည်။ ကျောက်ယန် ရေးပြီးသွားသောအခါ စက္ကူကို သေသေချာချာ ခေါက်သိမ်းလိုက်ပြီး ယန်ကျင့်ချင်းကို ချိတ်ပေးရန်သာ အကူအညီတောင်းတော့သည်။


ယန်ကျင့်ချင်းသည် သူ့အတွက် နေရာကောင်းတစ်ခုကို ဂရုတစိုက် ရွေးချယ်ပေးခဲ့သည်။ သု ရွေးချယ်ပေးနေရာသည်ကား ရှေးဟောင်းသစ်ပင်ကြီး၏အလယ်ဗဟိုတည့်တည့်တွင်ရှိသောအနည်းငယ်ကိုင်းညွတ်နေသည့်သစ်ကိုင်းတစ်ခုပေါ်တွင် ဖြစ်သည်။


ထိုနေရာမှာ လူအများစု လက်လှမ်းမမီနိုင်သောနေရာဖြစ်သဖြင့် အနှောင့်အယှက်ကင်းကာ ဘေးကင်းသည်။


သို့သော်လည်း ထိုနေရာမှာ ထင်ထင်ရှားရှား မြင်သာနေဆဲပင်။


သစ်ပင်ကြီး၏အလွန်တွင်မူ ရွာသားများက နတ်ဘုရားအမျိုးမျိုးအဖြစ် ဝတ်ဆင်ကာ ကပြအသုံးတော်ခံခြင်းနှင့် ပြဇာတ်များကို တင်ဆက်နေကြသည်။ ကြည့်စရာများစွာ ရှိနေသဖြင့် ယန်ကျင့်ချင်းမှာ အတော်လေး စိတ်ဝင်စားနေမိသည်။ ဖြစ်နိုင်သည်မှာ ထိုပြဇာတ်များမှာ ယုံကြည်မှုတစ်မျိုးဖြစ်နိုင်သဖြင့် သူသည် ခဏမျှ ဆက်၍ကြည့်နေမိသည်။


သူသည် လူအုပ်ကြားထဲတွင် တိုးမဝှေ့ချင်သဖြင့် ကျောက်ယန် ထိုင်နိုင်ရန်အတွက် ကျောက်တုံးနိမ့်နိမ့်လေးတစ်ခုရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။


ခဏတာ အချိန်ကာလအတွင်းမှာပင် ယန်ကျင့်ချင်းသည် ချန်ထန်း၏မိဘနှစ်ပါး လမ်းခွဲကာ တစ်ယောက်တစ်လမ်းစီ သွားနေသည်ကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။ မကြာမီမှာပင် ထိုသူသည် လီရွှမ်းလင်နှင့် သွားရောက်ဆုံတွေ့ကြ၏။ သူတို့၏စကားသံကို မကြားရသော်လည်း နှစ်ဦးသားမှာ အတော်လေး ပျာယာခတ်နေပုံရသည်။


ထားလိုက်ပါတော့၊ သူတို့ကိစ္စက သူနှင့် မဆိုင်ပေ။


ထိုအတွေးဖြင့် ယန်ကျင့်ချင်းသည် ခဏမျှ အေးအေးဆေးဆေး စောင့်နေလိုက်သည်။ လူအုပ်မှာလည်း ကျဲသွားပြီး လူများ အိမ်ပြန်နေကြပြီဖြစ်ရာ သူတို့လည်း ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူ ထရပ်လိုက်စဉ်မှာပင် ဝမ်ရှန့်နှင့် ချောင်ချောင်တို့မှာ အလောတကြီး ပြေးလာကြပြီး ကျောက်ယန်ကိုဆွဲကာ အရေးတကြီး ပြောတော့သည်။ “လီရွှမ်းလင်ရဲ့အဖေ ပြန်ရောက်လာပြီ၊ သူ အချိန်မီ ရောက်လာတာပဲ၊ ကျောက်ယန်၊ သူ့ဆီ သွားပြပါလား၊ သူဆိုရင် မင်းရဲ့မျက်စိကို ကုပေးနိုင်မှာပါ”


လီရွှမ်းလင်၏ဖခင်မှာ ထိုဒေသတွင် အတော်ဆုံးသမားတော်ဖြစ်သည်မှာ အမှန်ပင်။ ဆေးပညာကို သူ့ထက် ပိုနားလည်သူမရှိချေ။


ထိုစကားကိုကြားသောအခါ ကျောက်ယန်နှင့် ယန်ကျင့်ချင်းတို့နှစ်ဦးသားမှာ သိသိသာသာပင် စိတ်လှုပ်ရှားသွားကြသည်။ မျက်စိပြန်မြင်ရမည့်မျှော်လင့်ချက်ကို မည်သူက လက်လွှတ်မည်နည်း။ ယန်ကျင့်ချင်းသည် တွန့်ဆုတ်မနေဘဲ ကျောက်ယန်၏လက်ကိုဆွဲကာ ဝမ်ရှန့်နောက်သို့ အမြန်လိုက်သွားတော့သည်။


လီရွှမ်းလင်၏ဖခင်မှာ ယခုလေးတင် ပြန်ရောက်လာခြင်းဖြစ်ပြီး ပွဲတော်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။


သူသည် နားနားနေနေပင် မရှိသေးမီမှာပင် အရေးတကြီး ဖြစ်နေကြသောလူတစ်စုက သူ့ဆီသို့ ရောက်လာကြသည်။ သူ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏အကြည့်တို့သည် မျက်လုံးကို ပိုးသားဖြူဖြင့် စည်းထားသော လူငယ်လေးထံသို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။ သူသည် အဓိကအချက်ကို ချက်ချင်းပင် သဘောပေါက်လိုက်သည်။

“မျက်စိလာပြတာလား”


“ဟုတ်ပါတယ်၊ ဘာကြောင့် မျက်စိကွယ်သွားတာလဲဆိုတာကို ကျွန်တော် မသိသလို၊ အမြစ်အထိ ပျက်စီးသွားပြီလားဆိုတာကိုလဲ မသိပါဘူး” ဟု ယန်ကျင့်ချင်းက ရှင်းပြလိုက်သည်။


လူနာကို စမ်းသပ်ရန်လိုအပ်သဖြင့် အခြားသူများမှာ အပြင်သို့ ထွက်ပေးလိုက်ကြရသည်။ ဝမ်ရှန့်နှင့် ချောင်ချောင်တို့မှာ အရင်ဆုံး ထွက်သွားကြသည်။ 


သူတို့ရောက်နေသောနေရာမှာ ဘုရားကျောင်း၏အဝေးတစ်နေရာတွင်ရှိသောနားနေဆောင်လေးတစ်ခုဖြစ်သည်။ ထိုနားနေဆောင်ကို ရွာလူကြီးက ညဘက် လမ်းပျောက်သူများ သို့မဟုတ် အိမ်ပြန်နောက်ကျသူများအတွက် ဆောက်လုပ်ထားခြင်းဖြစ်သည်။


ပုံမှန်အားဖြင့် ညအိပ်တတ်သောမုဆိုးများ အသုံးပြုကြသော်လည်း ယနေ့တွင်မူ ထိုနားနေဆောင်မှာ လီယန်ပေ့၏ဆေးကုခန်း ဖြစ်လာခဲ့သည်။


ယန်ကျင့်ချင်းမှာ ထိုလူငယ်၏အုပ်ထိန်းသူဖြစ်ကြောင်း သိရသောအခါ လီယန်ပေ့သည် မျက်လုံးကို ကျဉ်းလိုက်ကာ ကျောက်ယန်၏သွေးခုန်နှုန်းကို အရင်ဆုံး စမ်းသပ်လိုက်သည်။ ထို့နောက် သူက ဂရုတစိုက် မေးမြန်းလိုက်သည်။ “သူက ဒဏ်ရာရခဲ့တယ်လို့ ပြောတယ်၊ ဘာကြောင့်ဖြစ်တာလဲ”


ယန်ကျင့်ချင်းသည် ထိုင်ခုံတစ်ခုတွင်ထိုင်လိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။

"ကျွန်တော်လဲ မသိပါဘူး၊ တောင်ခြေက စမ်းချောင်းလေးနားမှာ ကျောက်ယန်ကို တွေ့ခဲ့တာပါ၊ အဲ့ဒီနေ့က ကျွန်တော် မြစ်ထဲမှာ ငါးသွားဖမ်းမလို့သွားရင်း လမ်းဘေးမှာ ဒဏ်ရာတွေနဲ့ လဲနေတာကိုတွေ့လို့ အိမ်ကို ခေါ်လာပြီး ကုပေးခဲ့တာပါ၊ မိန်းကလေးလီက သူ့ကို စမ်းသပ်ပေးခဲ့တယ်၊ အပြင်ဒဏ်ရာတွေကတော့ လုံးဝပျောက်သွားပြီ၊ ဒါပေမဲ့ မျက်စိကတော့ ဒီအတိုင်းပဲ၊ သူရဲ့မျက်စိသူငယ်အိမ်တွေက ကောင်းနေတုန်းပဲ၊ ဒါပေမဲ့ မိန်းကလေးလီရဲ့စကားအရတော့ အဆိပ်တစ်မျိုးမျိုးက မျက်စိကို ပိတ်ထားသလို ဖြစ်နေတယ်တဲ့၊ တကယ်လို့ အဲ့ဒါက ပြင်းထန်တဲ့အဆိပ်ဆိုရင်တော့..."


သူ စကားမဆုံးမီမှာပင် လီယန်ပေ့က အလေးအနက် ပြောလိုက်သည်။ "အခု အပြင်ခဏ ထွက်ပေးပါ၊ ဒီမျက်လုံးစည်းကို ဖြည်ပြီး သေသေချာချာ ကြည့်ဖို့ လိုတယ်"


"ကောင်းပါပြီ" ကိစ္စက ဤအခြေအနေအထိ ရောက်လာပြီဖြစ်ရာ ယန်ကျင့်ချင်းမှာ အပြင်သို့ ထွက်ပေးလိုက်ရုံမှတစ်ပါး အခြားမရှိပေ။

သူသည် တံခါးကို အသာအယာ ပိတ်လိုက်သည်။ 


သူ သိပ်မဝေးသေးမီမှာပင် အထဲတွင် လီယန်ပေ့က ကျောက်ယန်ကို သူ၏ဇာစ်မြစ်နှင့် ပတ်သက်၍ မေးခွန်းထုတ်နေသည်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူ၏ ခြေလှမ်းများ ခဏတာမျှ တုံ့ဆိုင်းသွားပြီးမှ ခေတ္တမျှ စဉ်းစားကာ အဝေးသို့ ထွက်ခွာသွားခဲ့သည်။


ထားလိုက်ပါတော့။ ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ ဘာမှ မထူးခြားတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ကျောက်ယန်သည် သူ့ကို လိမ်ညာမည်မဟုတ်ပေ။


သူ့အပေါ် တစ်ခုခုလိမ်ညာထားရမည့်အကြောင်းရင်းလည်း မရှိချေ။


ကျောက်ယန်က ရိုးရိုးသားသားပင် ဖြေလိုက်သည်။ “ဦးလေးလီ၊ ကျွန်တော် တကယ်ပဲ မမှတ်မိပါဘူး၊ အစ်ကိုကျင့်ချင်း ကယ်တင်ပေးပြီးတဲ့နောက်ပိုင်း ကျွန်တော့်မှာ ဒဏ်ရာတွေ အများကြီးရှိခဲ့သလို ခေါင်းကို ထိခိုက်မိခဲ့တယ် ထင်ပါတယ်၊ ဒီကို မရောက်ခင်က ကိစ္စတွေကို ဘာမှ မမှတ်မိတော့ဘူး၊ တစ်ခုခုကို မှတ်မိဖို့ ကြိုးစားတိုင်း ခေါင်းက အရမ်းနာလာတတ်တယ်”


“ကျွန်တော့်မှာ ရန်သူတွေရှိခဲ့လားဆိုတာတောင် ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့လက်တွေကတော့ အရင်က လေ့ကျင့်ခဲ့တဲ့ဓားသိုင်းပညာတွေကို မှတ်မိနေသေးတယ်၊ ဒါကြောင့် ကျွန်တော် ရန်ဖြစ်ပြီး ရှုံးခဲ့တာများလားလို့ပဲ သံသယရှိမိတယ်၊ အဲ့ဒါလောက်ပဲ ကျွန်တော် ခန့်မှန်းနိုင်တာပါ၊ ကျန်တာတော့ တကယ့်ကိုမသိပါဘူး” ကျောက်ယန်၏ပုံစံမှာ အပြစ်ကင်းစင်လှသည်။


ထိုစကားကိုကြားသောအခါ လီယန်ပေ့က သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် လက်လှမ်းကာ ကျောက်ယန်၏မျက်လုံးများကို ဖုံးအုပ်ထားသောပိုးသားဖြူကို ဖြည်ချလိုက်သည်။


သူ၏လှုပ်ရှားမှုများမှာ ကျွမ်းကျင်ပြီး တိကျလှသည်။ လက်ညှိုးနှင့် လက်မကိုသာ အသုံးပြု၍ ကျောက်ယန်၏မျက်ခွံအပေါ်နှင့် အောက်ကို အသာအယာဖြဲကြည့်ကာ အတွင်းမှ မျက်လုံးဖြူနှင့် သူငယ်အိမ်တို့ကို စစ်ဆေးသည်။ သူ၏မျက်နှာမှာ အာရုံစိုက်နေပြီး သေသေချာချာ စမ်းသပ်သော်လည်း အကြာကြီးဖြဲမထားဘဲ အခြားမျက်လုံးတစ်ဖက်သို့ ပြောင်းလိုက်သည်။


ဤကဲ့သို့ မျက်လုံးကို အတင်းဖြဲကြည့်ခြင်းမှာ စက္ကန့်အနည်းငယ်မျှသာ ဖြစ်သော်လည်း အတော်လေး ပင်ပန်းလှသည်။ ကျောက်ယန်မှာ ထိုမသက်မသာဖြစ်မှုကို အောင့်အည်းခံစားခဲ့သည်။


ရုတ်တရက် လီယန်ပေ့သည် အောက်မျက်ခွံအောက်တွင် အရာတစ်ခုခု ရှိနေသည်ကို သတိပြုမိလိုက်သည်။ တစ်ခုခုက တစ်သျှူးများအတွင်း နက်ရှိုင်းစွာ ကိန်းအောင်းနေပြီး အရေပြားထဲသို့ပင် စိမ့်ဝင်နေပုံရသည်။ သို့သော် သူ၏သမီးဖြစ်သူက မျက်စိကို ဖုံးကွယ်ထားသောအရာများကို သေသေချာချာ သန့်စင်ပေးခဲ့ပုံရသည်။ ယခုအခါတွင် ကျန်ကြွင်းသောအစအနများသာ ရှိတော့သဖြင့် လီယန်ပေ့အတွက် ရောဂါရှာဖွေရန် ရှင်းလင်းသောလမ်းစ မရှိသေးပေ။


ထို့ကြောင့် လီယန်ပေ့သည် ပြင်ပလောကတွင် ကျင်လည်ခဲ့သောသူ၏အတွေ့အကြုံများအပေါ် အခြေခံကာ ကျောက်ယန်နှင့် စကားစမြည် စတင်ပြောဆိုတော့သည်။ “မင်းက အရင်က မြို့ပြမှာ နေခဲ့သူဖြစ်လိမ့်မယ်၊ အခု မမှတ်မိသေးရင်တောင်မှ မင်းရဲ့အပြောအဆို၊ အမူအရာတွေက မင်းရဲ့ကိုယ်ထဲမှာ ကိန်းအောင်းနေတုန်းပဲ၊ ပြီးတော့... မင်းက ချမ်းသာတဲ့မိသားစုက ဖြစ်ရမယ်”


“ဘာလို့ အဲ့ဒီလိုပြောတာလဲ” ကျောက်ယန်မှာ သူ၏တွေးတောပုံကို ဇဝေဇဝါ ဖြစ်သွားသည်။


“မင်း ဘာမှ မမှတ်မိသေးရင်တောင်မှ ဒီပြဿနာရဲ့အရင်းအမြစ်ကို ဖြေရှင်းဖို့အတွက်တော့ မင်း ကြိုးစားရဦးမှာပဲ” ဟု လီယန်ပေ့က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ဒါက ဆေးမှုန့်တစ်မျိုးမျိုးကြောင့် ဖြစ်တာဆိုတာတော့ ငါ သေချာပေါက် ပြောနိုင်တယ်၊ ဒါပေမဲ့ အဲ့ဒါက အလွန်အမင်း ပြင်းထန်တာမျိုးတော့ မဟုတ်ဘူး၊ အကယ်၍ အဆိပ်အစစ်အမှန်သာ ဆိုရင် မင်းရဲ့မျက်စိသူငယ်အိမ်တွေက ဒီလောက်အထိ ကောင်းနေမှာ မဟုတ်ဘူး၊ ဒါက မျက်စိကွယ်စေအောင်လုပ်တဲ့အရာတစ်ခု ဖြစ်ပုံရတယ်၊ ဆိုလိုတာက အဆိပ်ဖြေဆေး ရှိနေရမယ်”


“ငါ ပြန်သွားပြီး ရှေးဟောင်းဆေးကျမ်းတွေကို ပြန်စစ်ကြည့်ဦးမယ်၊ တစ်ခုခုသာရှာတွေ့ခဲ့ရင် သေချာပေါက် ငါ မင်းကို ကူညီပေးမှာပါ”


-----