Chapter ( 6 )
အသက်ကြီးလာသည့်တိုင်အောင် ပေါ်ယီမင်သည် တစ်ခါတရံတွင် ယခုကဲ့သို့ အတင်းချွဲကာ ဂျောက်ဂျက်လုပ်တတ်ဆဲပင်။
ဝမ်ချီရှူး၏ နှလုံးသားမှာ နူးညံ့ပျော့ပြောင်းသွားရသော်လည်း ထိုစဉ် သူ့ခြေထောက်ပေါ်သို့ လှမ်းလာသော လက်မောင်းကြီးတစ်ခုကို သတိပြုမိလိုက်သည်။ ကြီးမားပြီး သန်မာလှသော လက်ဖဝါးကြီးက ထိုကလေး၏ အင်္ကျီနောက်ကျောကို ဆွဲကိုင်ကာ ပင့်မလိုက်ပြီး အပြင်ဘက်သို့ တိုက်ရိုက် ဆွဲထုတ်သွားတော့သည်။
ပေါ်ယီမင်သည် လေထဲတွင် ခြေပစ်လက်ပစ်ဖြင့် အကူအညီမဲ့စွာ ရုန်းကန်ရတော့သည်။ “ ဖေဖေကြီး ကျွန်တော့်ကို အောက်ချပေး!”
သူ့အသက်အရွယ်နှင့် ယှဉ်လျှင် အရပ်မပုသော်ငြားလဲ ၆ ပေ ၃ လက်မ ရှိသော သူ့ဖေဖေကြီးနှင့် ယှဉ်လျှင်တော့ ဘယ်လိုမှ မတတ်နိုင်ရှာပေ။ သူ့ဖေဖေကြီးက တုန်လှုပ်မှုမရှိသည်ကို မြင်လျှင် ထိုကလေးက နည်းဗျူဟာကို အမြန်ပြောင်းကာ သူ့ဖေဖေ၏ အင်္ကျီကို ဆွဲကိုင်လျက် စကားချိုသွေးတော့သည်။ “ဒယ်ဒီ~~”
သို့သော် သူ၏ စကားချိုများက အလုပ်မဖြစ်ခဲ့ပေ။ ပေါ်ယီမင်သည် တံခါးအပြင်ဘက်သို့ တိုက်ရိုက် ဆွဲထုတ်ခြင်း ခံလိုက်ရတော့သည်။
ပေါ်ထင်ယွမ်က ကိုယ်ကိုကိုင်းကာ ထိုကလေး၏ ခေါင်းနောက်ဘက်သို့ လက်ကိုတင်လိုက်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။ “မင်းဖေဖေလေးကို အဲဒီလို မခေါ်ဖို့ မင်းကို အကြိမ်ကြိမ် ပြောဖူးတယ်နော်”
“အိုး” ပေါ်ယီမင်က နှုတ်ခမ်းကို စူလိုက်ပြီး မျက်ဝန်းထဲတွင် မျက်ရည်စများ ဝဲတက်လာရှာသည်။ သို့သော် နာကျင်နေဆဲဖြစ်သော သူ့တင်ပါးလေးကြောင့် သူ ခေါင်းညိတ်ပြရန်သာ ရွေးချယ်လိုက်ရတော့သည်။ သူ၏ “ဖျော်ဖြေရေးလောက စီမံကိန်း” ၏ ဖြစ်နိုင်ခြေများကို ထပ်မံတင်ပြရန် ပြင်လိုက်စဉ်မှာပင် သူ့ဖေဖေကြီးက အိပ်ခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားသည်ကို မြင်လိုက်ရ၏။
တံခါးချပ်ကြီးက သူ့ရှေ့မှောက်တွင် ဖြည်းဖြည်းချင်း ပိတ်သွားတော့သည်။
ပေါ်ယီမင်တစ်ယောက် ဒေါသတကြီးဖြင့် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း “ဟွန့်!” ဟု နှာခေါင်းရှုံ့လိုက်မိသည်။ ဘာပဲဖြစ်ဖြစ် ဖေဖေလေးက သဘောတူခါနီးနေပြီဟာကို။
အခန်းတွင်း၌မူ ဝမ်ချီရှူးသည် ပေါ်ထင်ယွမ် တစ်လှမ်းချင်း ပြန်လည်ဝင်ရောက်လာသည်ကို စိုက်ကြည့်နေမိသည်။ ထိုအမျိုးသား၏ တည်ကြည်လှသော မျက်နှာထက်တွင် ဘာအမူအရာမျှ ပေါ်လွင်မနေပေ။ သူက နောက်ဆုံး၌ မေးလိုက်သည် “ခင်ဗျားက သူ့ကို ဖျော်ဖြေရေး အရည်အချင်းပြိုင်ပွဲတစ်ခုခုထဲ တကယ်ပဲ ပို့ပေးချင်လို့လား?”
ပေါ်ထင်ယွမ်၏ လေသံက တည်ငြိမ်ပြီး အေးစက်လျစ်လျူရှုလွန်းလှသည်။ “ဒီနေ့ညကျရင် သူ့ကို ပြင်သစ်နိုင်ငံက အဆောင်နေကျောင်း တစ်ခုမှာအပ်ဖို့ အမေနဲ့ ကိုယ်စကားပြောလိုက်မယ်။ သန်ဘက်ခါကျရင် သူ ထွက်ခွာရလိမ့်မယ်”
“ဗျာ?” ဝမ်ချီရှူးမှာ ဘယ်လောက်တောင် အံ့ဩသွားလဲဆိုလျှင် မျက်လုံးကြီးများ ကျယ်ပြန့်သွားရပြီး စိုက်ကြည့်နေမိတော့သည်။
သူ့လေသံက ကလေးတစ်ယောက်ကို အဝေးပို့တာ မဟုတ်ဘဲ အမှိုက်တစ်ထုပ်ကို အပြင်ဘက် ပစ်ထုတ်လိုက်သလိုမျိုး လွယ်လွယ်ကူကူကြီး ပြောနေခြင်း ဖြစ်သည်။ ပေါ်ယီမင်က သူ့ရဲ့သားအရင်းရော ဟုတ်ရဲ့လား?
မူရင်းဝတ္ထုထဲမှာ ကလေးချင်း လဲထားတယ်ဆိုတဲ့ လှည့်ကွက်မျိုးတော့ မပါခဲ့ပါဘူးနော်။
သူ အံ့ဩသွားသည်ကို သတိပြုမိလိုက်သဖြင့် ပေါ်ထင်ယွမ်က ကိုယ်ကိုကိုင်းကာ ဝမ်ချီရှူး၏ မျက်နှာပေါ်က ဆံနွယ်အချို့ကို သပ်တင်ပေးလိုက်ပြန်သည်။
“စိုးရိမ်မနေပါနဲ့ ကိုယ် ယီမင်ကို နိုင်ငံခြားမှာ ဒုက္ခမခံစေရပါဘူး”
ဝမ်ချီရှူး၏ နားထဲတွင်မူ ဤစကားက အပြီးသတ် ဆုံးဖြတ်ချက်ဖြစ်ပြီး ငြင်းခုံရန် အခွင့်အရေးမရှိဟူသော လေသံမျိုးအဖြစ် ကြားလိုက်ရသည်။ သူ ဗီဇအတိုင်းပင် ဘောက်ခနဲ လွှတ်ပြောလိုက်မိ၏။
“မရဘူး။ ကျွန်တော် ယီမင်ကို အခုလောလောဆယ် နိုင်ငံခြား မသွားစေချင်သေးဘူး”
ဘယ်သူက သိမှာလဲ အဝေးရောက်သွားရင် ဘာတွေဖြစ်လာဦးမလဲဆိုတာ။ အနည်းဆုံးတော့ သူ ဒီကလေး ဘေးကင်းကင်းနဲ့ ကြီးပြင်းလာတာကို ကိုယ်တိုင် မြင်တွေ့ချင်သေးတာ မဟုတ်ပါလား။
ပေါ်ထင်ယွမ်၏ အေးစက်လှသော အကြည့်များက ရေခဲတောင်ကြီးတစ်ခုပမာ လျှို့ဝှက်ဆန်းပြားလွန်းသဖြင့် ဖတ်ရခက်လွန်းလှသည်။ ဝမ်ချီရှူးကလည်း ထိုစူးရှလှသော အကြည့်များကို မလျှော့သော ဇွဲဖြင့် ပြန်လည်စိုက်ကြည့်နေမိသည်။
သူ့ခေါင်းထဲတွင် မူးဝေနောက်ကျိနေသော်လည်း ဦးနှောက်ကမူ အမြန်နှုန်းဖြင့် အလုပ်လုပ်လျက် ရှင်းပြလိုက်သည်။ “သူက ငယ်သေးတယ်လေ။ခင်ဗျား သူ့ကို ဒီအတိုင်း ဖိနှိပ်ထားလို့ မရဘူး။ စနစ်တကျပဲ လမ်းပြပေးရမှာ။ အတင်းအဓမ္မ ဆန့်ကျင်နေမယ့်အစား ကျွန်တော်တို့ကိုယ်တိုင် အဲဒီအစီအစဉ်တွေကို လေ့လာကြည့်ပြီး ဘယ်ဟာက သင့်တော်လဲဆိုတာ ရွေးချယ်ပေးရင် မကောင်းဘူးလား? တစ်ခါတလေ သူ ကိုယ်တိုင် သွားပြိုင်ကြည့်ပြီး လက်တွေ့ဘဝက ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ သိသွားရင် အလိုလိုနေရင်း လက်လျှော့သွားပါလိမ့်မယ်”
ဤစကားများကို တစ်ရှိုက်တည်းနှင့် အပြီးပြောလိုက်ရသဖြင့် သူ၏ အသက်ရှူသံက အနည်းငယ် ပြန်လည်ပြင်းထန်လာရသည်။သို့သော်ငြား ပေါ်ထင်ယွမ်ကမူ ဘာအမူအရာမျှ မပြဘဲ တည်ငြိမ်နေဆဲပင်။ ဒါက ဝမ်ချီရှူးကို အတိတ်ကာလတုန်းက ဖြစ်ရပ်တစ်ခုဆီသို့ ပြန်လည်သတိရသွားစေခဲ့သည်။ ထိုစဉ်က သူသည် ပြင်သစ်နိုင်ငံသို့ တစ်ယောက်တည်း ခရီးသွားခွင့်ရရန် မိဘများကို နားချဖို့အတွက် “ဖြစ်နိုင်ခြေ ခွဲခြမ်းစိတ်ဖြာခြင်း အစီရင်ခံစာ” တစ်ခုကို မအိပ်မနေ စာမျက်နှာအပြည့် ပြုစုခဲ့ဖူးလေသည်။အဆုံးတွင်မူ သူ့မိဘများသည် ထိုအစီရင်ခံစာကို ဖတ်ပြီးနောက် မိနစ်သုံးဆယ်ခန့် တိတ်ဆိတ်စွာ မှင်တက်သွားခဲ့ကြရသည်။
ယခုတိုင်အောင် စကားတစ်ခွန်းမျှ မပြောဘဲ ရှိနေဆဲဖြစ်သော ထိုအမျိုးသားကို စိုက်ကြည့်ရင်း ဝမ်ချီရှူးက မျက်ခုံးတစ်ဖက်ကို အသာပင့်လိုက်မိသည်။ ပေါ်ထင်ယွမ်က သူ့ကို “နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးတယ်” မဟုတ်ဘူးလား? ဒီကိစ္စလေးကိုတောင် သူ သဘောမတူနိုင်ဘူးလား? ဒါဆို မူရင်းစာရေးဆရာက လိမ်ညာထားခဲ့တာလား ?
ထိုရိုးတွင်းခြင်ဆီအထိ အေးစက်လှသော ဖိအားအောက်တွင် ဝမ်ချီရှူးသည် ထိုအမျိုးသားက သူ့အကြံဉာဏ်ကို ဆန့်ကျင်ပြီး ကလေးကို ပြင်သစ်သို့ အတင်းပို့ရန် ဇွတ်လုပ်မည်ကို စိုးရိမ်မိသွားခဲ့သည်။ သူ၏ သွယ်လျသော လက်ချောင်းလေးများက ဗီဇအတိုင်း ပေါ်ထင်ယွမ်၏ အနက်ရောင်ရှပ်အင်္ကျီ လက်ကောက်ဝတ်စကို လှမ်း၍ ဆုပ်ကိုင်လိုက်မိတော့သည်။
“ ကျွန်တော် ပြောတာကို ခင်ဗျား နားလည်ရဲ့လား?”
သူ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းအစုံက ပျာပျာသလဲ မျက်တောင်ခတ်ရင်း တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ခေါ်ဝေါ်လိုက်သည်။
“ဒယ်ဒီ?”
သူ့၏ အနည်းငယ် ပင့်တက်နေသော မျက်ဝန်းထောင့်စွန်းများနှင့် ပိုးသားအမျှင်တန်းလေးများပမာ ဖြစ်နေသော အကြည့်တို့က ထိုအမျိုးသားကို အလုံးစုံ ရစ်ပတ်ဖမ်းစားလိုက်သကဲ့သို့ပင်။
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် ပေါ်ထင်ယွမ်၏ အင်္ကျီကော်လာစနားက ထင်ရှားလှသော လည်စလုပ်ကြီးက အသာအယာ လှုပ်ရှားသွားပြီး သူ၏ ရင်ဘတ်ထဲမှ တိုးညှင်းသော “အင်း” ဟူသော အသံလေး ထွက်ပေါ်လာခဲ့သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးမှ သူက ဆိုလာသည်။
“ကိုယ် စီစဉ်လိုက်ပါ့မယ်”
..........
နောက်တစ်နေ့နံနက် ပေါ်ယီမင်၏ စာကြည့်ခန်းတွင်........
ပိန်ပိန်ပါးပါး အရိပ်တစ်ခုသည် စုတ်ချက်ရေးနည်းကို လေ့ကျင့်ရန် မတ်တတ်ရပ်နေခဲ့သည်။
သူသည် စနစ်တကျ ထိုင်နေရမည်ဖြစ်သော်လည်း နာရီဝက်မပြည့်မီမှာပင် အပ်ပေါ်ထိုင်နေရသလို ခံစားလာရကာ မငြိမ်မသက်ဖြစ်လာပြီး ဆယ်မိနစ်အတွင်း ကိုယ်ဟန်အနေအထား တစ်ဒါဇင်ခန့် ပြောင်းလဲနေခဲ့သည်။
ဝမ်ချီရှူးက သတိပြုမိသွားပြီး ထိုင်မည့်အစား မတ်တတ်ရပ်ခိုင်းလိုက်၏။
ပေါ်ယီမင်သည် သူ့စိတ်ထဲရှိ "အနုပညာအိပ်မက်" ကို စွဲလမ်းနေဆဲဖြစ်သဖြင့် တိုးတိုးလေး ညည်းတွားနေသော်လည်း အပြင်ထုတ်၍မူ မပြောရဲပေ။
သူ့ဖေဖေလေးက ဘာကြောင့် ရုတ်တရက် သူ့စာပေအပေါ် ဤမျှ စိတ်ဝင်စားလာသနည်းဟု တွေးတောကာ ဖခင်ဖြစ်သူကို ခိုးကြည့်လိုက်သည်။
သူ ကျန်းမာနေသရွေ့ အားလုံးအဆင်ပြေတယ်လို့ ဖေဖေလေးက အမြဲပြောခဲ့တာ မဟုတ်ဘူးလား။
ဝမ်ချီရှူးသည် ပိတောက်သား လက်တင်ကုလားထိုင်ကို မှီ၍ လုံးဝ စိတ်အေးလက်အေးဖြင့် ပြတင်းပေါက်နားတွင် ထိုင်နေခဲ့သည်။
အပြင်ဘက်တွင် စိမ်းလန်းစိုပြည်သော အပင်များက သာယာစွာ လှုပ်ခတ်နေပြီး သစ်ရွက်များကြားမှ နေရောင်ခြည်ဟာ နူးညံ့သော အကွက်လေးများအဖြစ် ဖြာကျနေ၏။
သူ့ရှေ့တွင် လတ်ဆတ်စွာ လှီးဖြတ်ထားသော ရာသီပေါ်သစ်သီးပန်းကန်တစ်ခုနှင့် “ကျန်းမာရေးအတွက် ထိုက်ချီ” ဟု အမည်ရသော စာအုပ်တစ်အုပ် ရှိနေလေသည်။
သူ၏ သွယ်လျသော လက်ချောင်းများဖြင့် လှပသော ရူယီ (ruyi) ပန်းပုံဖော်ထားသည့် ကျောက်စိမ်းစာအိတ်ဖောက်တံကို ကိုင်ကာ စာမျက်နှာတစ်ခုကို ပျင်းရိစွာ လှန်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ့ကိုမကြည့်နဲ့။ စာလုံးတွေပေါ်မှာပဲ အာရုံစိုက်"
"ဟုတ်ကဲ့"
ပေါ်ယီမင်သည် သူ့ဖေဖေလေး သူ့ကို ဤကဲ့သို့ စကားပြောသည်ကို တစ်ခါမျှမကြားဖူးသဖြင့်... ဘာတွေဖြစ်နေတာလဲ။
စိတ်ပျံ့လွင့်သွားသဖြင့် သူသည် စုတ်တံကိုနှစ်ကာ ကွေးညွတ်သော စုတ်ချက်တစ်ခုကို ရေးလိုက်မိသော်လည်း စုတ်တံထိပ်ဖျားက ရုတ်တရက် တုန်ရင်သွားခဲ့သည်။
သူသည် မယုံကြည်နိုင်စွာဖြင့် သူ့ဖေဖေလေးကို မော့ကြည့်လိုက်၏။
သူ့အဖေနှစ်ယောက် အဆင်မပြေဖြစ်နေကြတာလား။
မဟုတ်ရင် အဖေက ဘာလို့ ထူးထူးခြားခြား ပြုမူနေရတာလဲ။
ဒုတိယတန်းကျောင်းသား ဖြစ်နေပြီဖြစ်သော ပေါယီမင်၏ အတန်းထဲတွင် မိဘကွာရှင်းထားသော အိမ်ထောင်စုမှ သူငယ်ချင်းများ ရှိနှင့်နေပြီဖြစ်သည်။
သူ့၏ ပယင်းရောင်မျက်လုံးများက သူ့ရှေ့ရှိ တွန့်ကောက်နေသော လက်ရေးလှကို စိုက်ကြည့်နေမိရာ စာလုံးများက "မင်းက မကြာခင် မိဘကွာရှင်းထားတဲ့ ကလေးဖြစ်တော့မယ်" ဟု ပြောနေသကဲ့သို့ပင်။