Chapter 5
Viewers 66

Chapter ( 5 )


ပေါ်ထင်ယွမ်က တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။ “ဘာတွေ တွေးနေတာလဲ?”


သူ၏ နက်ရှိုင်းသော မြကဲ့သို့ စိမ်းစိုသည့် အကြည့်များနှင့် ဆုံမိလိုက်ချိန်တွင် ဝမ်ချီရှူးသည် ပေါ်ထင်ယွမ်က သူ့ကို သာမန်လူတွေ နားမလည်နိုင်လောက်အောင် ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့လဲဆိုတာကို သတိရသွားပြီး ရုတ်တရက် ရင်ထဲတွင် ရှက်သွေးဖြန်းသွားရသည်။


သူက ကလေးအကြောင်းကို အမြန်လွှဲကာ စကားလမ်းကြောင်း ပြောင်းလိုက်တော့၏။ “ကျွန်တော် ဘာမှမဖြစ်ပါဘူး။ယီမင်ကို သွားကြည့်လိုက်ပါဦး။ သူ့တင်ပါး တကယ်နာသွားရှာပြီ ထင်တယ်”


အနားတွင် မတ်တတ်ရပ်နေသော ပေါ်ထင်ယွမ်သည် ဝမ်ချီရှူး၏ ဖြူစင်လှသော နားရွက်ဖျားကလေးတွင် နီမြန်းသော အရောင်အသွေးကလေး သန်းသွားသည်ကို သတိပြုမိလိုက်သည်။ သူ့မျက်မှန်နောက်က မျက်ဝန်းအစုံတွင် ဇဝေဇဝါ ဖြစ်သွားမှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။


“ဆရာဝန် မင်းကို စစ်ဆေးပြီးမှ ကိုယ်အောက်ထပ် သွားမယ်။ ယီမင်က ဘာမှမဖြစ်ပါဘူး”


ဝမ်ချီရှူးသည် သူ့၏ တရုတ်စကားသံကို နားထောင်နေမိသည်။ စာလုံးပေါင်း အသံထွက်က တိကျလွန်းသော်လည်း လေသံကမူ စက်ရုပ်တစ်ရုပ်လို တောင့်တင်းလွန်းလှသည်။ နက်ရှိုင်းပြီး အေးစက်လှသော အသံနေအထားက နက်ရှိုင်းလှသော ရေကန်ကြီးထဲက အေးစက်စက် ရေအောက်စီးကြောင်းတစ်ခုကဲ့သို့ပင်။


အတိတ်ကာလတုန်းက ပေါ်ထင်ယွမ် စကားပြောသည့် အကြိမ်တိုင်းတွင် သူ့ကို အမြဲတမ်း အေးစက်စက်နိုင်လှသည်။ လျစ်လျူရှုထားသည် သို့မဟုတ် စိတ်မရှည်ဖြစ်နေသည်ဟူသော အထင်အမြင်မျိုးကိုသာ ပေးစွမ်းခဲ့သည်။ ပြဿနာက ပေါ်ထင်ယွမ်ကလည်း ဘယ်တုန်းကမှ သူ့ကိုယ်သူ ပြန်လည်ရှင်းပြလေ့မရှိခြင်းပင်။


တစ်ဖက်တွင်မူ ဝမ်ချီရှူးကလည်း ပေါ်ထင်ယွမ်၏ ဂရုစိုက်မှုမှန်သမျှကို မျက်စိကန်းနေသကဲ့သို့ လျစ်လျူရှုခဲ့သည်။ သူတို့ပြောပြောနေကြတဲ့ “လက်ထပ်ပြီးမှ ချစ်ကြသည်” ဆိုတာက တကယ်တော့ “မျက်စိကန်းသူနဲ့ လူအတို့ရဲ့ အိမ်ထောင်ရေး” မျှသာ ဖြစ်ခဲ့ရသည်။


ဝမ်ချီရှူးက စိတ်ထဲကနေ တိတ်တဆိတ် သရော်လိုက်မိသည်။ လူအတစ်ယောက်နဲ့ မျက်စိကန်းသူတစ်ယောက် ပေါင်းဖက်ရတာ ဘယ်သူကများ ‘နတ်ဖက်တဲ့ စုံတွဲ’ လို့ မခေါ်ဘဲ နေမှာလဲ?


ပေါ်ထင်ယွမ်သည် ဝမ်ချီရှူး၏ မျက်ခုံးအစုံ အနည်းငယ် တွန့်ကွေးသွားပြီး စိတ်ထဲတွင် တစ်ခုခုကို ရုန်းကန်နေရပြန်သည်ကို သတိပြုမိလိုက်သဖြင့် သူကိုယ်တိုင်လည်း မသိမသာ မျက်မှောင်ကြုတ်လိုက်မိတော့သည်။


.............


အိပ်ခန်း၏ အပြင်ဘက်တွင်မူ မျောက်ငယ်လေးပမာ ဖြစ်နေသော ကလေးငယ်တစ်ဦးသည် သူ၏တင်ပါးလေးကို အပြားလိုက် လက်ဖြင့်အုပ်ကာ တံခါးဘောင်ကို မှီလျက် ဇာတ်နာပြကာ တိုးတိုးလေး ညည်းတွားနေရှာသည်။ “ဘွားဘွားကျုံး ဖေဖေလေး အဆင်ပြေရဲ့လားဟင်? အန်ကယ်ချန်တို့ကရော ဘာလို့ အခုထိ ရောက်မလာသေးတာလဲ?”


အန်ကယ်ချန်ဆိုသည်မှာ အိမ်သို့ အမြဲတမ်း လာရောက်ပြသလေ့ရှိသော အနောက်တိုင်း ဆရာဝန်ကြီး ဖြစ်ပြီး သူ့အပြင် လင်းမျိုးရိုးရှိသည့် တရုတ်ရိုးရာ တိုင်းရင်းဆေးဆရာဝန်ကြီးတစ်ဦးလည်း အမြဲတမ်း အတူတူ လိုက်ပါလာတတ်သည်။


ပေါ်မိသားစု၏ အိမ်ရာကြီးမှာ မြို့လယ်ခေါင်တွင် တည်ရှိပြီး နိုင်ငံ၏ အကောင်းဆုံး နှလုံးအထူးကု ဆေးရုံကြီးနှင့် ပေါ်မိသားစု ပိုင်ဆိုင်သော ပုဂ္ဂလိက ဆေးရုံကြီးတို့နှင့် ၃ ကီလိုမီတာမှ ၅ ကီလိုမီတာခန့်သာ ကွာဝေးလှသည်။ ထို့ကြောင့် ဆရာဝန်များနှင့် သူတို့၏ လက်ထောက်များမှာ ဆေးရုံကနေ ထွက်လာလျှင် အိမ်သို့ရောက်ရန် အချိန်အများကြီး ပေးစရာမလိုပေ။


ပေါ်ယီမင် စကားပြောလို့ ပြီးရုံမျှရှိသေး ဆရာဝန်ကြီး နှစ်ဦးမှာ အိမ်တော်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။


အန်ကယ်ရွှီက ရှေ့သို့တိုးကာ မေးလိုက်သည်။ “သခင်လေး ဆရာဝန်ကြီးလင်းကို သခင်လေးရဲ့ ခန္ဓာကိုယ်ကိုပါ တစ်ခါတည်း စစ်ဆေးခိုင်းလိုက်ရမလား”


ပေါ်ယီမင်က ထိတ်လန့်တကြား မျက်စောင်းထိုးလိုက်ပြီး ဒါကို လျှို့ဝှက်ထားရန် မျက်ရိပ်ပြလိုက်သည်။ သူက တံခါးကို ပိုမိုတွန်းဖွင့်လိုက်ရင်း “အန်ကယ်တို့ မြန်မြန်သွားပြီး ကျွန်တော့် ဖေဖေလေးကို စစ်ဆေးပေးပါဦး။ သူက ကျွန်တော် စိတ်ဆိုးအောင် လုပ်လိုက်မိလို့ သတိမေ့သွားတာ” ဟု ဆိုသည်။


ကုတင်ကြီးထက်တွင်မူ သတိပြန်လည်ကာ သက်သာနေပြီဖြစ်သော ဝမ်ချီရှူးက တည်ငြိမ်စွာ လှမ်းပြောလိုက်သည်။ “ဖေဖေ သတိမမေ့သွားပါဘူး”


“အိုး!”


ပေါ်ယီမင်သည် သူ့ရဲ့ နာကျင်နေဆဲဖြစ်တဲ့ တင်ပါးလေးကို သတိရလျက် သူ့ဖေဖေကြီး ရှိရာဘက်ကို ကွင်းရှောင်ပြီး ကုတင်၏ အခြားတစ်ဖက်ဆီသို့ အပြေးအလွှားသွားကာ သူ့ဖေဖေလေး၏လက်ကို လှမ်းဆုပ်ကိုင်လိုက်တော့သည်။


ဆရာဝန်ကြီး နှစ်ဦးသည် ပေါ်အိမ်တော်သို့ ခဏခဏ လာရောက်ဖူးကြသော်လည်း ဤအိပ်ခန်းထဲသို့ ဝင်ရောက်လိုက်ပြီး ထိုနုနယ်အားနည်းသော်လည်း ရင်သပ်ရှုမောဖွယ် လှပလွန်းလှသော လူငယ်လေးကို မြင်တွေ့လိုက်ရသည့် အကြိမ်တိုင်းတွင် အခြားကမ္ဘာတစ်ခုထဲသို့ ခြေချလိုက်ရသလို ခံစားရသဖြင့် သူတို့၏ ခြေလှမ်းများနှင့် အသံများမှာ သတိမထားမိဘဲ နူးညံ့သွားရစမြဲ ဖြစ်သည်။


ကုတင်ဘေးတွင်မူ အနက်ရောင် ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသော ပေါ်ထင်ယွမ်သည် မတ်တတ်ရပ်နေပြီး သူ၏ အေးစက်လှသော အကြည့်များက ဆရာဝန်များ၏ ရင်ထဲတွင် ဖိအားများကို ပိုမိုကြီးထွားလာစေခဲ့သည်။


သူတို့သည် ဝမ်ချီရှူး၏ ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးပေးကြသည် ပထမဦးစွာ အနောက်တိုင်းဆရာဝန်က နားကြပ်ဖြင့် စစ်ဆေးပြီး ထို့နောက်တွင် တရုတ်တိုင်းရင်းဆေးဆရာဝန်က သွေးခုန်နှုန်းကို စမ်းသပ်လေသည်။


ဝမ်ချီရှူးက သူ ခံစားရသည့် ရောဂါလက္ခဏာများကို တိကျစွာ ပြောပြရှာသည်။ နှလုံးခုန် မြန်ဆန်ခြင်း၊ မျက်စိထဲ ခဏမျှ မှောင်မိုက်သွားခြင်းနှင့် နားအူခြင်း စသည်တို့ ဖြစ်သည်။


ငယ်စဉ်ကတည်းက ဆရာဝန်များနှင့် ရင်းနှီးလာခဲ့သူပီပီ သူသည် မသက်မသာဖြစ်မှု မှန်သမျှကို ချက်ချင်း အစီရင်ခံလေ့ရှိသည်။


ပေါ်ထင်ယွမ်ကလည်း ထိုစကားများကို ဘေးကနေ စူးစူးစိုက်စိုက် နားထောင်နေပြီး စကားတစ်ခွန်းမျှ ဝင်မပြောပေ။


ဆရာဝန်ကြီး နှစ်ဦးလုံးက စိုးရိမ်စရာ အကြီးအကျယ် မရှိကြောင်း ဆိုကြသည်။


ဆေးဆရာလင်းက “ပြီးခဲ့တဲ့တစ်ခေါက်က သခင်လေးဝမ်ကို ကျွန်တော် အကြံပြုခဲ့သလိုပေါ့။ တစ်ခါတရံ ထိုက်ချိိ ကစားပေးတာမျိုးနဲ့ အိမ်ဝန်းထဲမှာ လမ်းလျှောက်ပေးတာမျိုးက ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်”


အတိတ်ကာလတုန်းကမူ ဝမ်ချီရှူးသည် မိမိကိုယ်ကိုယ် လက်လျှော့ထားတတ်ပြီး ကိုယ်လက်လှုပ်ရှားမှုများကို လျစ်လျူရှုထားခဲ့သည်။ ယခုမူ သူက လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။


“ကောင်းပါပြီ”


ထိုအခိုက်အတန့်တွင် သူ၏ ဖီးနစ်မျက်ဝန်းများထဲ၌ အသက်ဝင်လှုပ်ရှားမှု အရှိန်အဝါသစ်တစ်ခု ဖြာထွက်လာသည်ကို အခန်းထဲရှိ လူတိုင်းနီးပါး သတိပြုမိလိုက်ကြသည်။ ဆရာဝန်ကြီး နှစ်ဦးမှာ မျက်လုံးချင်း ဆုံမိသွားကြပြီး အံ့ဩခြင်းနှင့်အတူ စိတ်လှုပ်ရှားသွားကြရသည်။ဘယ်အရာကိုမျှ စိတ်မဝင်စားသလို နေတတ်သော သခင်လေးဝမ်သည် ယခုအခါ အသက်ရှင်လိုစိတ် ပြင်းပြပြတ်သားနေသည် မဟုတ်ပါလား။ ဒါက တကယ့်ကို ရှားရှားပါးပါး မြင်တွေ့ရတဲ့ ကိစ္စပင်။


မထွက်ခွာမီ ဆေးဆရာလင်းက ထပ်မံသတိပေးရှာသည်။ “ဒုတိယသခင်လေး နေ့စဉ်ဘဝမှာ စိတ်ကို တည်ငြိမ်အောင် ထားပါ။ တစ်ခုခုဖြစ်လာရင် အရင်ဆုံး အသက်ကို ပြင်းပြင်းရှူပြီး စိတ်ကို အေးအေးဆေးဆေးပဲ လွှတ်ထားလိုက်ပါ”


ဝမ်ချီရှူးက ခေါင်းညိတ်ပြသည်။ “ဒီနေ့ကတော့ အခြေအနေချင်း မတူလို့ပါ။ နောက်တစ်ခါ ဒါမျိုးမဖြစ်စေရပါဘူး”


ဆရာဝန်များနှင့် သူတို့၏ လက်ထောက်များ အိပ်ခန်းထဲကနေ အရင်ဆုံး ထွက်ခွာသွားကြတော့သည်။ အခန်းထဲတွင်မူ သူတို့မိသားစု သုံးယောက်သာ ကျန်ရှိတော့၏။


ဝမ်ချီရှူးသည် သူ့ရဲ့ လက်ဝဲဘက်က ကလေးငယ်ကို လှည့်ကြည့်လိုက်သည်။ မူရင်းဇာတ်လမ်းထဲက ဖော်ပြချက်များနှင့် ဤကလေးငယ်သည် တင်ပါးနာကျင်နေသည့် ကြားကပင် သူ့ကို စိုးရိမ်တကြီး လာရောက်ကြည့်ရှုနေသည့် အဖြစ်ကို ပြန်လည်တွေးတောမိလိုက်ချိန်တွင် သူ၏ နှလုံးသားမှာ ပိုမိုနူးညံ့သွားရပြန်သည်။


“ယီမင် တင်ပါးနာနေသေးလား?”


သူ ကူထိုင်ရန်ပြင်လိုက်သော်လည်း ပေါ်ထင်ယွမ်နှင့် သားဖြစ်သူ နှစ်ဦးလုံးက တစ်ပြိုင်နက်တည်း တားဆီးလိုက်ကြသည်။ ပေါ်ထင်ယွမ်က သူ့ပုခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်ရင်း နောက်သို့ ပြန်လည်လဲလျောင်းနေရန် အမိန့်ပေးသည့် လေသံမျိုးဖြင့် ဆိုလိုက်သည်။ “ငြိမ်ငြိမ်နေစမ်း”


ပေါ်ယီမင်ကလည်း သူ့ဖေဖေလေး၏ သွယ်လျသော လက်မောင်းကို အသာအယာ ပုတ်ပေးရင်း “တင်ပါးက မနာတော့ပါဘူး ဖေဖေလေးရဲ့ စိုးရိမ်မနေနဲ့နော်” ဟု ဆိုရှာသည်။


ခုနက အရိုက်ခံရပြီးနောက်တွင် သူ သေသေချာချာ စဉ်းစားခန်း ဝင်ခဲ့ပြီးမှ သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ ဖျော်ဖြေရေးလောကထဲ ဝင်သွားခဲ့ပြီး သူ့ဖေဖေလေးက ကျန်းမာရေးမကောင်းလို့ သူ သီချင်းဆို၊ ကတာတွေကို လာမကြည့်နိုင်ဘူးဆိုရင် ဒါတွေက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ?!


ဒါပေမဲ့လည်း ထိုကလေးငယ်သည် မျက်လုံးကို ပင့်ကာ သူ့ရှေ့မှောက်က စည်းကမ်းကြီးပြီး ခန့်ညားထည်ဝါလှသော ဖေဖေကြီးကို ခိုးကြည့်လိုက်သေးသည်။


ဒီနေ့ညကျရင်တော့ ဒိုင်ယာရီစာအုပ်ထဲမှာ ဖေဖေကြီး သူ့ကို ရိုက်တဲ့အကြောင်းကို သေချာပေါက် ကလောင်စွမ်းပြပြီး ရေးဦးမည်!


သူ့သား၏ လိမ္မာလှသော စကားများကို ကြားရသဖြင့် ဝမ်ချီရှူးတစ်ယောက် ရင်ထဲတွင် အတိုင်းအဆမရှိ နှစ်သိမ့်မှု ရရှိသွားကာ မေးလိုက်သည်။ “ဒါဆို သား ဖျော်ဖြေရေးလောကထဲ မဝင်တော့ဘူးပေါ့ ဟုတ်လား?”


ပေါ်ယီမင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူ့ဖေဖေလေး၏ နူးညံ့လှသော အကြည့်အောက်တွင် တိတ်တဆိတ် ခေါင်းငုံ့သွားကာ တိုးညှင်းသော လေသံဖြင့် မရေမရာ ရေရွတ်ရှာသည်။ “ဟင့်အင်း ကျွန်တော် အစီအစဉ်ထဲကို သွားပြိုင်ချင်သေးတယ်”


ဒီလို ခေါင်းမာတဲ့ ဗီဇတွေက ကမ္ဘာမြေရဲ့ ဘယ်နေရာကနေ ထွက်ပေါ်လာရတာလဲ? သေချာပေါက် ပေါ်ထင်ယွမ်ဆီကနေ အမွေရလာတာပဲ ဖြစ်ရမည်။


မအောင့်နိုင်တော့သဖြင့် ဝမ်ချီရှူးသည် ကုတင်ဘေးက အမျိုးသားကို စောင်းငဲ့ကြည့်လိုက်မိသည်။


ပေါ်ထင်ယွမ် စကားမပြောနိုင်ခင်မှာပင် ပေါ်ယီမင်က ပါးကလေးကို ဖောင်းလိုက်ပြီး “အောင်း ! ” ဟု အော်ကာ သူ့ဖေဖေလေး၏ ရင်ခွင်ထဲသို့ ပစ်ဝင်တော့သည်။ သူသည် အတင်းတိုးဝှေ့ဖက်တွယ်ထားရင်း ချွဲနွဲ့သည့် လေသံဖြင့် အော်ဟစ်လေသည်။  “မေမေ~~ မေမေ~~”


ပေါ်ယီမင်တစ်ယောက် စတင်ပြီး လူမှန်းသိတတ်စ စကားပြောတတ်စ အရွယ်တုန်းက သူ့ရဲ့ ဖေဖေနှစ်ယောက်ကို ကွဲကွဲပြားပြား မခွဲခြားတတ်ခဲ့ပေ။ ခေတ္တမျှသော ကာလတစ်ခုအထိ သူသည် ဆံပင်ရှည်ရှည်နှင့် နူးညံ့လှသော အသက်ငယ်သည့် ဖေဖေလေးကို မေမေဟု ချစ်စနိုး ခေါ်ဝေါ်ခဲ့ဖူးလေသည်။