Chapter 4
Viewers 59

Chapter ( 4 )

ပေါ်ယီမင်က ခေါင်းကို မနည်းပင့်ကာ ယခုအခါ ခံတံတိုင်းကြီးတစ်ခုပမာ မတ်တတ်ရပ်နေသော သူ့ဖေဖေကြီးကို ဝေခွဲမရစွာ စိုက်ကြည့်နေမိသည်။ မလျှော့သော ဇွဲဖြင့် သူ လှမ်းအော်ဆဲ “ဖေဖေကြီး ဘာလုပ်မလို့လဲ? မြန်မြန် သူတို့ကို လွှတ်ခိုင်းလိုက်ပါဦး!”

ဝမ်ချီရှူးကလည်း ထိုအမျိုးသား၏ ကျယ်ပြန့်လှသော ကျောပြင်ကြီးကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ ထိုစဉ် ပေါ်ထင်ယွမ်က သူ့အင်္ကျီကို ဘေးသို့ ပစ်ချလိုက်ပြီး သားဖြစ်သူအနားသို့ ကိုယ်ကို ပိုမိုကိုင်းညွှတ်လိုက်သည်။ အခြားလူများ၏ အမြင်တွင်မူ ထိုထည်ဝါလှသော အမျိုးသားကြီးမှာ ခိုးကိုးရာမဲ့နေသော သားကောင်ငယ်လေးကို အုပ်မိုးထားသည့် ရက်စက်လှသော သားရဲကြီးတစ်ကောင်နှင့်ပင် တူလှတော့သည်။

“ယီမင်” သူက တိုးတိုးလေး ဆိုသည်။

“မင်း ခုနက ပြောလိုက်တဲ့ စကားကို နောက်တစ်ခေါက် ပြန်ပြောကြည့်စမ်း”

ထိုစကားတစ်ခွန်းက ဝမ်ချီရှူးနှင့် ပေါ်ယီမင်တို့မှအပ ကျန်ရှိနေသော လူတိုင်းကို စူးရှလှသော အန္တရာယ်ရိပ်ခြေတို့ကို ခံစားရစေသဖြင့် လူတိုင်း၏ အကြည့်များက သားအဖနှစ်ယောက်ထံသို့ စုပြုံရောက်ရှိသွားကြသည်။

“ဗျာ?”

ပေါ်ယီမင်သည် ပါးနပ်သော်လည်း ရိုးအလှပြီး ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူ ဖြစ်သည်။ သူက မွေးရာပါ တည်တံ့လှသော သူ့ဖေဖေ၏ မျက်နှာကို ကြည့်ကာ ဘာမျှမသိနားမလည်သော အပြစ်ကင်းစင်သည့် အမူအရာလေး ပြုလုပ်ပြနေမိသည်။

ထိုစကားလုံးများနောက်က သိမ်မွေ့လှသော ခြိမ်းခြောက်မှုကို လုံးဝရိပ်မိပုံမပေါ်ပေ။

အန်ကယ်ရွှီ၏ မျက်ခုံးများ တဆတ်ဆတ် တုန်သွားရသည်။ သူက သခင်လေး၏ ဆင်ခြင်တုံတရားမဲ့စွာ ပြောလိုက်သော စကားကို ပြန်လည်သတိရသွားခြင်း ဖြစ်သည်။

" ဖေဖေလေး အပြင်မှာ တခြားသားတစ်ယောက် ရှိနေတာ သေချာတယ်!”

သူ သခင်ကြီး၏ တုံ့ပြန်မှုကို ခန့်မှန်းရန် အကြည့်ကို ပင့်လိုက်ချိန်မှာပင် ထိုအမျိုးသားကြီးက နို့အိုးလက်ကိုင်တွင် ပတ်ထားသော အဖြူရောင်ပုဝါစကို ဆွဲခါပစ်လိုက်ပြီး အိုးကို တင်းတင်းဆုပ်ကိုင်လျက် အပေါ်သို့ မြှင့်တင်လိုက်သည်ကို မြင်တွေ့လိုက်ရတော့သည်။

“အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

စူးရှလှသော အော်ဟစ်သံကြီးက သူတို့၏ နားစည်များကို ထိုးဖောက်သွားသဖြင့် နားအူသော ဝေဒနာကို ခံစားနေရပြီးသားဖြစ်သော ဝမ်ချီရှူးမှာ မျက်နှာလေး ရှုံ့မဲ့သွားကာ ဆိုဖာပေါ်သို့ ပြန်လည်မှီချလိုက်ရတော့သည်။

“ဒုတိယသခင်လေး?!” အန်တီကျုံးက သူ့ကို ထိန်းမတ်ပေးရန် အပြေးအလွှား လာရှာသည်။

“ဟင့်အင်း ကျွန်တော် အဆင်ပြေပါတယ်” ဝမ်ချီရှူးက စိတ်ကို တည်ငြိမ်အောင် အသက်ကို ရှူလိုက်သော်လည်း သူ၏ ဖြူဖျော့သော မျက်နှာကမူ မသက်မသာဖြစ်မှုကို ဖော်ပြနေဆဲပင်။

ပေါ်ထင်ယွမ်က အိုးအသေးလေးကို ဘေးသို့ ပစ်ချလိုက်ပြီး အန်ကယ်ရွှီကို ချက်ချင်း အမိန့်ပေးလိုက်သည်။ “ဆရာဝန်ကို ဖုန်းခေါ်လိုက်စမ်း”

ပြောပြီးသည်နှင့် သူ လှည့်ကာ ကိုယ်ကိုကိုင်းပြီး ဝမ်ချီရှူးကို လက်တစ်ဖက်တည်းဖြင့် သာသာယာယာ ပွေ့ချီလိုက်တော့သည်။

ဝမ်ချီရှူးမှာ သူ၏ရင်ခွင်ထဲသို့ ရောက်ရှိသွားရပြီး သူ၏ပါးပြင်လေးမှာလည်း သဘာဝအတိုင်း ပေါ်ထင်ယွမ်၏ ပါးပြင်နှင့် အသာအယာ ထိကပ်သွားရသည်။

အရပ် ၁၉၀ စင်တီမီတာ ရှိသော ပေါ်ထင်ယွမ်တွင် ရှည်လျားပြီး သန်မာလှသော လက်မောင်းကြီးများ ရှိကြပြီး ဝမ်ချီရှူးမှာမူ အရပ်ရှည်သော်လည်း ဝါးပင်ပမာ သွယ်လျနုနယ်လှသည်။ လက်မောင်းတစ်ဖက်က ဝမ်ချီရှူး၏ ဒူးဆစ်အောက်သို့ ပင့်ချီထားပြီး ကျန်ကျယ်ပြန့်သော လက်ဖဝါးတစ်ဖက်ကမူ သူ့နံဘေးကို အုပ်မိုးလျက် ပုခုံးကို ခိုင်မာစွာ ထိန်းကိုင်ပေးထားလေသည်။

ဝမ်ချီရှူး၏ ဆံနွယ်နက်ရှည်ကြီးများမှာ ပိုးသားပမာ လျှံကျနေပြီး ပေါ်ထင်ယွမ်၏ အနက်ရောင်ရှပ်အင်္ကျီနှင့် ရောထွေးလျက် သူ၏ သန်မာလှသော လက်မောင်းကြီးများပေါ်တွင် ဝဲကျနေတော့သည်။

သူ့ကို လုံခြုံစွာ ပွေ့ပိုက်လျက် ပေါ်ထင်ယွမ်က အပေါ်ထပ် လှေကားထစ်များဆီသို့ တက်လှမ်းခဲ့သည်။ သူ၏ ခြေလှမ်းများမှာ ဘယ်လောက်တောင် တည်ငြိမ်သလဲဆိုလျှင် ဝမ်ချီရှူးအနေဖြင့် လှုပ်ခါမှုကို လုံးဝမခံစားရဘဲ သူ၏ မြန်ဆန်နေသော နှလုံးခုန်သံများပင် ထူးဆန်းစွာ ငြိမ်သက်သွားရတော့သည်။

ဧည့်ခန်းထဲရှိ လူတိုင်းကတော့ အကြည့်ကို အောက်သို့သာ ချထားကြသည်။ သခင်ကြီးနှင့် သခင်လေးဝမ်တို့ အတူတူရှိသည့် အချိန်တိုင်း သူတို့သည် အမြဲတမ်း ဤကဲ့သို့ နီးကပ်စွာ ပွေ့ဖက်ထားတတ်ကြသည်။ သူတို့အနေဖြင့် ဒါကို ကျင့်သားရနေသင့်ပြီ ဖြစ်သော်လည်း ထို မြင်ကွင်း၏ ပြင်းထန်လှသော အလှတရား သက်ရောက်မှုက သူတို့ကို “စည်းကမ်းစောင့်ထိန်းရန် မျက်စိကို အောက်ချ၊ စိတ်ကို ငြိမ်အောင်ထား” ရန် အမြဲတမ်း ဖိအားပေးနေဆဲပင်။

ဆိုဖာပေါ်တွင်မူ ပေါ်ယီမင်တစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။ မျက်ရည်များနှင့် နှပ်ချေးများ မျက်နှာအနှံ့ ပေကျံနေပြီး မျက်နှာလေးမှာလည်း သနားစရာကောင်းလောက်အောင် ရှုံ့မဲ့နေ၏။ မွေးကတည်းက သဲသဲလှုပ် အလိုလိုက်ခံခဲ့ရတာ ဘယ်သူက သူ့ကို လက်ဖျားနဲ့တောင် တို့ဝံ့ခဲ့ဖူးလို့လဲ? ဒီနေ့မှာတော့ သူ တကယ့် ဒုက္ခအစစ်အမှန်ကို ကြုံတွေ့ခဲ့ရပြီ တင်ပါးကို ကောင်းကောင်း ဆုံးမခြင်း ခံလိုက်ရတာပဲ။

အန်ကယ်ရွှီနှင့် အိမ်စေများက အနားသို့ အပြေးအလွှား လာကြပြီး စောင်ကို ဖယ်ရှားပေးကာ ချော့မော့ကြရှာသည်။ “သခင်လေး မငိုပါနဲ့တော့ဗျာ။ သခင်ကြီးက ဆရာဝန် ခေါ်ခိုင်းလိုက်ပြီ။ မကြာခင် သက်သာသွားမှာပါ”

လှေကားကွေ့ဆီမှနေ၍ ပေါ်ထင်ယွမ်၏ နက်ရှိုင်းလှသော အသံကြီး ဟိန်းထွက်လာခဲ့သည်။ “ငါ ဆရာဝန် ခေါ်ခိုင်းတာ မင်းတို့သခင်အတွက်”

တည်ငြိမ်လှသော အန်ကယ်ရွှီပင်လျှင် မအောင့်နိုင်တော့ဘဲ လွှတ်ခနဲ ထွက်သွားမိသည်။

“ဗျာ?”

ထိုစကားအပြီးတွင်မူ ပေါ်ယီမင်၏ ရှိုက်သံများကြားမှ ပိုမိုကျယ်လောင်လှသော ငိုသံကြီး ထွက်ပေါ်လာတော့သည်။

“အားးးးးးးးးးးးးးးးးးးးးးးး!!!”

........

အပေါ်ထပ် အိပ်ခန်းတွင်း၌ ပေါ်ထင်ယွမ်သည် ဝမ်ချီရှူးကို ကုတင်ထက်သို့ အသာအယာ ပွတ်သပ်ချပေးပြီးနောက် စောင်ကို သေသေချာချာ ခြုံပေးလိုက်သည်။

သူ၏သွယ်လျပြီး ကြီးမားလှသော လက်ဖဝါးကြီးက နက်မှောင်ထူထဲသော ဆံနွယ်ရှည်များကို သပ်တင်ပေးနေစဉ် မျက်မှန်နောက်က မြကျောက်ရတနာပမာ တောက်ပနေသည့် စိမ်းစိုသော မျက်ဝန်းအစုံကမူ ဝမ်ချီရှူး၏ နီမြန်းနေသော မျက်ဝန်းထောင့်စွန်းများပေါ်တွင် စွဲငြိလျက် ကျန်ရစ်နေခဲ့၏။

“ရင်ဘတ်က အောင့်နေသေးလား?”

ဝမ်ချီရှူးက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်ရင်း “ဟင့်အင်း မအောင့်တော့ဘူး” ဟု ဆိုသည်။

သူ့နှလုံးခုန်သံက ပုံမှန်အတိုင်း တည်ငြိမ်သွားပြီ ဖြစ်သော်လည်း မူရင်းဝတ္ထုထဲက ဖော်ပြချက်များကို ပြန်လည်တွေးတောမိလိုက်ချိန်တွင်မူ တစ်ကိုယ်လုံး တောင့်တင်းသွားရပြီး မျက်နှာအမူအရာမှာလဲ ခဏမျှ အေးခဲသွားရတော့သည်။

ထိုစာအုပ်ထဲတွင် ဝမ်ချီရှူး နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီးနောက် ရောဂါဝေဒနာအခံ ရှိနေခဲ့သော ပေါ်ထင်ယွမ်သည် ဤအမှန်တရားကို ဘယ်လိုမှ လက်မခံနိုင်ခဲ့ပေ။ အစပိုင်းတွင် သူသည် ဘယ်သူ့ကိုမျှ ဝမ်ချီရှူး၏ ရုပ်အလောင်းနားသို့ အကပ်မခံခဲ့ဘဲ အရူးအမူး ကာကွယ်နေခဲ့သည်။

ဝမ်နှင့် ပေါ် မိသားစုနှစ်ဖက်လုံးက အကြိမ်ကြိမ် အပတ်တကုတ် စီစဉ်ပေးခဲ့ကြ၍သာ ဝမ်ချီရှူး၏ ရုပ်အလောင်းကို နောက်ဆုံး၌ သင်္ဂြိုဟ်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။

ထိုနေ့ညမှာပင် ပေါ်ထင်ယွမ်သည် ပြာအိုးကို ပွေ့ပိုက်လျက် သူတို့နှစ်ဦး မင်္ဂလာပွဲ ဆင်နွှဲခဲ့ဖူးသည့် ပြင်သစ်နိုင်ငံရှိ အိမ်ရာကြီးဆီသို့ တစ်ယောက်တည်း ပြန်သွားခဲ့ပြီး မိမိကိုယ်ကိုယ် ကမ္ဘာကြီးနှင့် ဖြတ်တောက်ကာ အမှောင်ထုထဲတွင် ပိတ်လှောင်ထားခဲ့တော့သည်။

သူ့ရဲ့ ကိုယ်ပိုင်သားအရင်းဖြစ်တဲ့ ပေါ်ယီမင်ကိုတောင်မှ အနားသို့ အကပ်မခံဘဲ အဝေးသို့ တွန်းပို့ထားခဲ့သည်။

နောက်ထပ် နှစ်နှစ်တာ ကာလပတ်လုံး ပေါ်ထင်ယွမ်သည် ပြင်းထန်သော စိတ်ကွဲဝေဒနာ ကို ခံစားခဲ့ရပြီး ဝမ်ချီရှူးသည် သေဆုံးမသွားဘဲ အသက်ရှင်လျက် ရှိနေဆဲဟူသော စိတ်ကူးယဉ် ထင်ယောင်ထင်မှားမှုများထဲတွင်သာ ရှင်သန်နေခဲ့ရှာသည်။

အသိစိတ် ခဏမျှ ပြန်လည်ကြည်လင်လာသည့် နေ့တစ်နေ့တွင်မူ သူသည် အိမ်ရာကြီး၏ ပန်းခြံထဲတွင် ဂူသင်္ချိုင်းတစ်ခုကို ကိုယ်တိုင်တူးဆွကာ ခေါင်းတလားကို မြှုပ်နှံပြီး ပြာအိုးကို ရင်ခွင်ထဲ တင်းတင်းပွေ့လျက် လဲလျောင်းနေခဲ့သည်။

ပေါ်ယီမင်သည် ထိုနေ့တွင် တစ်ခုခု မှားယွင်းနေမှန်း ရိပ်စားမိ၍ အပြေးအလွှား လိုက်လာခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ရပြီ သူ့ရှေ့မှောက်တွင်ပင် ဖေဖေကြီးက မိမိကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်သွားသည်ကို ကြေကွဲစရာ မြင်တွေ့လိုက်ရတော့သည်။

ဝမ်ချီရှူးသည် ထိုမျှ ကြေကွဲစရာကောင်းလှသော မြင်ကွင်းများကို ဆက်၍ မတွေးဝံ့တော့ပေ။ သူ၏ စိတ်ခံစားမှုများမှာ ဝမ်းနည်းပူဆွေးမှုများကြောင့် ခဏမျှ ဆွံ့အသွားရရှာသည်။

သူသည် နီမြန်းနေသော မျက်ဝန်းအစုံကို ဖြည်းဖြည်းချင်း ပင့်တင်ကာ သူ့ရှေ့မှောက်က အမျိုးသားသည် တကယ်ပဲ အသက်ရှင်လျက်၊ ဘေးကင်းစွာ ရှိနေသေးကြောင်း အတည်ပြုသည့်အလား တစ်ချက်ကြည့်လိုက်ပြီးမှ မျက်တောင်ပြန်ချလိုက်မိသည်။

သူ့၏ ထူထဲလှသော မျက်တောင်နှစ်ထပ်လိုင်းများမှာ တရုတ်ရိုးရာ ယပ်တောင်တစ်ချပ်၏ အနားသတ် အလှအပများပမာ ထင်ရှားနေပြီး၊ ကြည့်လိုက်သည့် အကြိမ်တိုင်းတွင် လိပ်ပြာတောင်ပံခတ်သကဲ့သို့ တုန်ယင်နေတတ်သည်။

ပေါ်ထင်ယွမ်က သူ၏ စိတ်ခံစားမှု သိမ်မွေ့စွာ ပြောင်းလဲသွားခြင်းကို သတိပြုမိသော်လည်း အကြောင်းရင်းကိုမူ ကောက်ချက်မချနိုင်ရှာပေ။

ဝမ်ချီရှူးသည် နှုတ်ခမ်းကို အသာဟလိုက်မိသော်လည်း ဘယ်ကနေ စတင်ပြောရမှန်း မသိတော့ပေ။

သူတို့နှစ်ဦး အတူတူ ပေါင်းသင်းလာခဲ့တာ ဆယ်စုနှစ်တစ်ခုပင် ရှိခဲ့ပြီဖြစ်သော်ငြား သူသည် ပေါ်ထင်ယွမ်ကို တကယ့်ကို အပြည့်အဝ နားမလည်ခဲ့သေးချေ။ သူတို့နှစ်ဦးကြားတွင် အမြဲတမ်း ဖြတ်ကျော်၍မရနိုင်သော ပိတ်ဆို့နေသည့် မြူခိုးထူထူကြီးတစ်ခု ခြားနားနေခဲ့သကဲ့သို့ပင်။

ယခင်ကမူ သူသည် စိတ်ခံစားမှု မြူခိုးများထဲတွင်သာ ပိတ်မိနေခဲ့သဖြင့် အရာအားလုံးကို ရှင်းလင်းစွာ မတွေးတောနိုင်ခဲ့ပေ။ ယခုမှသာ အရာအားလုံးကို သူ သဘောပေါက်သွားတော့သည်။

မူရင်းစာရေးဆရာက ပေါ်ယီမင်၏ စရိုက်လက္ခဏာကို ပုံဖော်ရန်အတွက်သာ သူ့မိဘတွေရဲ့ ဇာတ်ကြောင်းကို စာကြောင်းအနည်းငယ်ဖြင့် စုတ်ချက်ကြမ်းကြမ်း ခြစ်ရုံမျှသာ ရေးသားခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က ဒီဇာတ်လမ်းရဲ့ ဗီလိန်မိသားစု မဟုတ်ပါလား။ စာဖတ်သူတွေက သူတို့ရဲ့ နေ့စဉ်ဘဝ အသေးစိတ်ကို ဘယ်လိုလုပ် စိတ်ဝင်စားကြပါ့မလဲ။

ဝမ်ချီရှူးက မျက်တောင်ချကာ အတွေးကမ္ဘာထဲ နစ်ဝင်နေစဉ် သူ၏ ရှည်လျားလှသော မျက်တောင်စိပ်စိပ်လေးများက ဖြတ်သန်းသွားသည့် အရိပ်ကလေးများပမာ ပြစ်မျိုးမှဲ့မထင် ဖြူစင်သော ပါးပြင်ထက်တွင် ဖီးနစ်ငှက်၏ တောင်ပံကလေးများကဲ့သို့ ယိမ်းနွဲ့နေရှာသည်။ ထိုအလှတရားက မြင်ရသူကို အသည်းယားပြီး နမ်းရှုပ်ချင်စိတ် ပေါက်ဖွားလာစေလောက်သည်။

ပေါ်ထင်ယွမ်သည် ယနေ့တွင် ဝမ်ချီရှူးတစ်ယောက် ပုံမှန်နှင့်မတူဘဲ စိတ်လှုပ်ရှားနေပြီး ခန္ဓာကိုယ်ထဲတွင်လည်း ထူးဆန်းသော သက်ဝင်လှုပ်ရှားမှု အရှိန်အဝါသစ်တစ်ခု ကိန်းအောင်းနေသည်ကို အာရုံရလိုက်သည်။