Chapter 3
Viewers 74


Chapter ( 3 )


သက်တော်စောင့်များအနေဖြင့် အခြားရွေးချယ်စရာမရှိတော့သဖြင့် စိတ်ကိုတင်းကာ အပေါ်ထပ်သို့ တက်လှမ်းခဲ့ကြတော့သည်။


ပေါ်ယီမင်က အော်ဟစ်ငိုယိုလျက် ဒုတိယထပ်သို့ ပြေးတော့သည်။ ထိုကလေးဆိုးမှာ တကယ့်ကို သွက်လက်လှပြီး ရူးသွပ်နေသော ယုန်တစ်ကောင်ပမာ ပြေးလွှားနေ၏။ အလိုလိုက်ခံရကာ ကြီးပြင်းလာသူပီပီ ဘာကိုမျှ ကြောက်ရွံ့ခြင်းမရှိပေ။


သို့သော် သက်တော်စောင့် လေးယောက်မှာမူ မြင့်မားထည်ဝါပြီး ကျွမ်းကျင်လှသော လူဗလကြီးများ ဖြစ်ကြသဖြင့် လင်းယုန်က စာကလေးကို ဖမ်းသကဲ့သို့ပင် မကြာခင်မှာပင် ထိုလူမိုက်ခဲလေးကို ဖမ်းမိသွားတော့သည်။


သူတို့သည် သခင်လေးကို မတော်တဆ ထိခိုက်မိမည် စိုးသဖြင့် တိုက်ရိုက်လက်ဖြင့် မကိုင်ရဲကြပေ။ ထိုအထဲက တစ်ယောက်က ပါးနပ်စွာဖြင့် ဆိုဖာခြုံစောင်ကိုယူကာ သခင်လေး၏ ရုန်းကန်နေသော လက်ခြေများကို ပတ်ပတ်လည် ပတ်ပြီး ပိုးတုံးလုံးပမာ ထုပ်ပိုးလျက် အောက်ထပ်သို့ ပွေ့ချလာခဲ့သည်။


ကိုးနှစ်အရွယ် ပေါ်ယီမင်သည် ရူးမတတ် ရုန်းကန်ရင်း မျက်နှာကျက်ကို ကြည့်ကာ အော်ဟစ်နေတော့သည်။ “ကျွန်တော်က ပေါ်မိသားစုရဲ့ အနာဂတ်အမွေခံဗျ! သူခိုးမဟုတ်ဘူး!”


ထိုကလေးဆိုးကို ဆိုဖာပေါ်တွင် ဖိထားသဖြင့် မရုန်းနိုင်တော့ဘဲ အော်ဟစ်လေတော့သည်။ “ကယ်ကြပါဦး! ဘွားဘွားကျုံး ! ဘိုးဘိုးရွှီ! ကျွန်တော့်ကို ကယ်ပါဦး!”


အန်တီကျုံး မကြည့်ရက်တော့သဖြင့် ကိုယ်ကိုညွှတ်ကာ စကားပြောရန် ပြင်လိုက်သည်။သို့သော် ဝမ်ချီရှူးက အကြည့်ကို ပင့်လိုက်ပြီး လိပ်တစ်ကောင်ပမာ တရွေ့ရွေ့ လျှောက်လာသော အိမ်တော်ထိန်းကို ကြည့်ကာ အေးအေးလူလူ မေးလိုက်သည်။


“အန်ကယ်ရွှီ အန်ကယ်ခြေထောက်တွေ ဘာဖြစ်လို့လဲ? ရုတ်တရက် လမ်းမလျှောက်နိုင်တော့တာလား?”


“ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်ကြီး။ အဆစ်အမြစ်ရောင်တာ ခဏထတာပါ အခု အဆင်ပြေသွားပါပြီ” အန်ကယ်ရွှီတစ်ယောက် ဟန်မပျက် လမ်းပြန်လျှောက်ကာ ရှေ့သို့တိုးပြီး နို့အိုးလေးကို ကမ်းပေးလိုက်ရတော့သည်။


အန်တီကျုံးကလည်း အိုးအနားတွင် သန့်ရှင်းသော အဖြူရောင်အဝတ်စတစ်ခုကို အမြန်ပတ်ပေးရှာသည်။ ဝမ်ချီရှူးက အိုးလက်ကိုင်ကို ယူလိုက်ပြီး အဖြူရောင် ကြွေအိုးအသေးလေးကို ငုံ့ကြည့်လိုက်သည်။ သူ မအောင့်နိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် နောက်တစ်ကြိမ် တိုးတိုးလေး ရယ်မိသွားပြန်၏။


ဤနို့အိုးလေး၏ အောက်ခြေ ပြားပြားလေးမှာ သူ့လက်ဖဝါးခန့်သာ ရှိလေသည်။ လူကြီးတစ်ယောက်၏ လက်သီးပင် ထိုအိုးဝထဲသို့ ဝင်ဆံ့နိုင်မည်မဟုတ်ပေ။


“ဘိုးဘိုးရွှီ!”


ပေါ်ယီမင်က သူ့ရဲ့ ကယ်တင်ရှင်ကို မြင်လိုက်ရသဖြင့် ရူးမတတ် ရုန်းကန်တော့သည်။ သို့သော် အဖြူရောင်စောင်ကြီးနှင့် ထုပ်ထားသဖြင့် ပိုးအိမ်ထဲက ရုန်းကန်နေသော ပိုးတုံးလုံးတစ်ကောင်ပမာသာ ဖြစ်နေ၏။


“မြန်မြန် ကျွန်တော့် ဖေဖေကြီးကို ဖုန်းခေါ်ပေး! ဖေဖေလေး ရူးသွားပြီ!”


အန်ကယ်ရွှီက နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် သခင်လေးဝမ်က သူ့ကို အကြည့်တစ်ချက်ဖြင့် လှမ်းတားလိုက်သည်။ ထိုမျက်ဝန်းများမှာ ထူးခြားစွာ နက်ရှိုင်းနက်မှောင်နေပြီး မွေးရာပါ မြင့်မြတ်သော ဂုဏ်သရေရှိ အလှတရားတို့ ကိန်းအောင်းနေလေသည်။ အမြဲတမ်း ဖျားနာမှုကြောင့် မှေးမှိန်နေတတ်သော်လည်း ယခုမူ ဓားသွားကဲ့သို့ ထက်မြက်တောက်ပနေ၏။


အန်ကယ်ရွှီ မလှုပ်ဝံ့တော့ဘဲ စိတ်ရှည်စွာဖြင့်သာ ဖျောင်းဖျရတော့သည်။ “သခင်လေး ဖျော်ဖြေရေးလောကက ဘာကောင်းလို့လဲဗျာ? စာကိုပဲ အာရုံစိုက်ပါ။ သခင်ကြီးက သခင်လေးကို သိပ်ချစ်တာ တကယ်ရိုက်မှာ မဟုတ်ပါဘူး။ တောင်းပန်လိုက်ရင် အဆင်ပြေသွားမှာပါ”


သူက မျက်ရိပ်ပြကာ သခင်လေးကို အလျှော့ပေးစကားပြောရန် အချက်ပြလိုက်သည်။


သို့သော် ပေါ်ယီမင်က ထို “အကြံဉာဏ်” ကို ရရှိလိုက်သော်လည်း လျစ်လျူရှုရန်သာ ရွေးချယ်လိုက်သည်။  “မရဘူး! ဒါက ကျွန်တော့်ရဲ့ ဝါသနာ!”


ဝမ်ချီရှူးက အိုးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သက်တော်စောင့်များကို “သူ့ကို ငြိမ်အောင်ချုပ်ထားစမ်း” ဟု ဆိုလိုက်သည်။ သက်တော်စောင့်များမှာ ချွေးပြန်လျက် စောင်အပေါ်မှတစ်ဆင့် သခင်လေး၏ ခြေထောက်များကို ဖိထားကြရ၏။


ပေါ်ယီမင်တစ်ယောက် ပြင်းပြင်းထန်ထန် ရုန်းကန်နေသော်လည်း သူ့ဖေဖေလေးရှိရာဘက်သို့ ခြေဦးမလှည့်မိအောင်တော့ သတိထားနေရှာသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က နွေရာသီ မွန်းလွဲပိုင်းတစ်ခုတွင် သူ မတော်တဆ သူ့ဖေဖေလေး၏ လက်မောင်းကို လက်ဖဝါးဖြင့် ရိုက်မိခဲ့ဖူးသည်။ ထိုအခါ ထိုဖြူစင်လှသော အရေပြားထက်တွင် လက်ဗွေရာလေးတစ်ခုချင်းစီအထိ ထင်ဟပ်လျက် နီရဲသော လက်ဝါးရာကြီး ချက်ချင်း ထင်ကျန်ရစ်ခဲ့တော့၏။


ထိုစဉ်က လူကြီးတစ်ယောက်မျှ သူ့ကို မဆူပူခဲ့ကြသော်လည်း ထိုဖြစ်ရပ်က သူ့စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။ ထိုနေ့မှစ၍ သူသည် သူ့ဖေဖေလေးကို ထိခိုက်မိမည့် အရာမှန်သမျှကို ဗီဇအတိုင်း ရှောင်ရှားခဲ့ခြင်း ဖြစ်သည်။


အိုးကို လွှဲမရိုက်မီ ဝမ်ချီရှူးသည် အသက်ကို ပြင်းပြင်းရှူကာ ခန္ဓာကိုယ် ဟန်ချက်ညီအောင် ခဏစောင့်လိုက်ပြီးမှ ပေါ်ယီမင်၏ တင်ပါးကို အသာအယာ တစ်ချက် ပုတ်လိုက်သည်။


“အား နာတယ် နာတယ်!”


ပေါ်ယီမင်သည် အိုးက တင်ပါးပေါ်မကျခင်ကတည်းက လူသတ်ခံရတော့မည့်အတိုင်း အော်ဟစ်နေခဲ့ပြီ ဖြစ်သည်။ အိုးကျလာသည့်အခါ မနာသော်ငြားလည်း ရှက်စိတ်ကတော့ အတိုင်းအဆမရှိပေ။ ပေါ်မိသားစုရဲ့ သခင်လေးဖြစ်တဲ့ သူက ဒီလို အရှက်ခွဲခံရမှုကို ဘယ်လိုလုပ် ခံနိုင်မှာလဲ။ သူ့ဖေဖေလေးဆီက ဆိုရင်တောင်မှပေါ့! သူ ပိုပြီး ရုန်းကန်တော့သည်။


ဧည့်ခန်းမကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားတော့သည်။ ဘယ်သူမှ မယုံကြည်နိုင်ကြပေ အမြဲတမ်း အလိုလိုက်လှသော သခင်လေးဝမ်က ဒီနေ့မှာတော့ သူ့ရဲ့ အဖိုးတန်သားလေးကို တကယ် ဆုံးမနေခဲ့ပြီ။


ထိုစဉ် တစ်စုံတစ်ယောက်က တိုးတိုးလေး လာရောက်အကြောင်းကြားလာသည်။ “သခင်ကြီး....သခင်ကြီး ပြန်ရောက်ပါပြီ”


“သခင်ကြီး” ဆိုသည်မှာ ပေါ်မိသားစု၏ အိမ်ထောင်ဦးစီး ‘ပေါ်ထင်ယွမ်’ ကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။


အရပ်ရှည်ပြီး ပုခုံးကျယ်လှသော အမျိုးသားတစ်ဦးသည် အေးစက်လှသော အရှိန်အဝါများကို ဖြာထွက်လျက် အခန်းထဲသို့ လှမ်းဝင်လာခဲ့၏။ သူကတော့ ပေါ်ယီမင်၏ ဖေဖေကြီး ပေါ်ထင်ယွမ်ပင် ဖြစ်သည်။


ကပြားတစ်ဦးဖြစ်သည့်အတိုင်း ပေါ်ထင်ယွမ်၏ ရုပ်ရည်သွင်ပြင်မှာ သားဖြစ်သူ ပေါ်ယီမင်ထက်ပင် ပိုမိုထက်မြက် ပေါ်လွင်လှသည်။ သူ၏ မျက်နှာတည်ဆောက်ပုံက ပိုမိုစူးရှပြီး ခန္ဓာကိုယ်ထည်ကလဲ အဆမတန် မြင့်မားထွားကျိုင်းလှသည်။ အထူးခြားဆုံးကတော့ သူ၏ မြကဲ့သို့ စိမ်းစိုနေသော မျက်ဝန်းအစုံပင်။


မြင့်မားသော နှာတံပေါ်တွင် ပင့်တင်ထားသည့် ဘောင်မဲ့မျက်မှန်က ထိုမျက်မှန်နောက်က နက်ရှိုင်း လျှို့ဝှက်ဆန်းပြားလှသော အကြည့်များကို ပိုမိုထင်ရှားစေကာ သူ့ကို အစဉ်အမြဲ အေးစက်၊ စူးရှပြီး ခန့်မှန်းရခက်သော အရှိန်အဝါမျိုး ပေးစွမ်းထားလေသည်။


ထိုအခိုက်အတန့်တွင် ပေါ်ထင်ယွမ်၏ စူးရှလှသော အကြည့်ထဲ၌ ထင်ဟပ်နေသည်က အမြဲတမ်း ဖျားနာနေတတ်သော ဝမ်ချီရှူးသည် အိုးအသေးလေးကိုကိုင်ကာ သူတို့သား၏ တင်ပါးကို လွှဲရိုက်နေသည့် မြင်ကွင်းပင်။


ဝမ်ချီရှူး၏ ဆံနွယ်နက်များက ရေတံခွန်ပမာ ဝဲကျနေပြီး နားထင်စပ်တို့တွင် ချွေးစက်ကလေးများ တောက်ပနေကာ တုန်ရီနေသော လက်ကတော့ အိုးကို ကိုင်ထားဆဲ ဖြစ်သည်။


ပေါ်ယီမင်က နေရောင်ကို နောက်ခံပြုလျက် တောင်ကြီးတစ်လုံးပမာ မတ်တတ်ရပ်နေသော သူ့ဖေဖေကြီးကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်ကာ ကယ်တင်ရှင်ကို တွေ့လိုက်ရသလို ငိုယိုအော်ဟစ်တော့သည်။ “ဖေဖေကြီး! မြန်မြန်လုပ်ပါ။ ဖေဖေလေး ရူးသွားပြီး ကျွန်တော့်ကို ရိုက်နေတယ်! သူ အပြင်မှာ တခြားသားတစ်ယောက် ရှိနေတာ သေချာတယ်။ အား ဝါး နာတယ်!”


ဒယ်အိုးရိုက်ချက်က နောက်တစ်ကြိမ် ကျရောက်သွားပြန်သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ပေါ်ထင်ယွမ်၏ ထူထဲသော မျက်ခုံးအစုံက မကျေမနပ် တွန့်ကွေးသွားခဲ့သည်။ သူက အနားသို့ အပြေးအလွှား လှမ်းလျှောက်လာပြီး ဝမ်ချီရှူးကို ထိန်းမတ်ပေးလိုက်၏။


သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ရည်နှင့် အေးစက်လှသော အမူအရာတို့နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ သူ့လေသံက ထူးဆန်းစွာ နူးညံ့နေခဲ့သည်။  “ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အပင်ပန်းခံနေတာလဲ?”


သူ လွတ်မြောက်ပြီဟု ထင်မှတ်ကာ ပေါ်ယီမင်က အပေါ်သို့ လူးလဲထရန် ပြင်သည်။ သက်တော်စောင့်ကလည်း လက်ကို လွှတ်ပေးရန် ပြင်လိုက်၏။


သို့သော် ပေါ်ထင်ယွမ်က အေးစက်စက် ဖြတ်ပြောလိုက်သည်။ “သခင်လေးကို ငြိမ်အောင်ချုပ်ထားစမ်း”


ပင်လယ်ထဲသို့ ရေခဲတောင်ကြီးတစ်လုံး ပြုတ်ကျသွားသကဲ့သို့ လေးလံပြီး အေးစက်လှသော ထိုစကားလေးလုံးကြောင့် သက်တော်စောင့်မှာ ဗီဇအတိုင်း လက်ကို ပိုမိုတင်းကြပ်စွာ ဖိထားမိတော့သည်။


“အား နာတယ် ! ” ပေါ်ယီမင်တစ်ယောက် သနားစရာကောင်းလောက်အောင် အော်ရှာသည်။


ပေါ်ထင်ယွမ်က ဝမ်ချီရှူးကို ဆိုဖာပေါ်တွင် အသာအယာ ထိုင်စေပြီးနောက် ရေနွေးနွေးတစ်ခွက်ကိုယူကာ သူ၏ ခြောက်သွေ့သော်လည်း နူးညံ့လှသော နှုတ်ခမ်းလွှာထံသို့ ကမ်းပေးလိုက်သည်။ “ရေလေး နည်းနည်းသောက်လိုက်ဦး”


ဝမ်ချီရှူးတစ်ယောက် မူးဝေနောက်ကျိမှုများကြောင့် မျက်စိထဲ ဝေဝါးနေပြီး ပေါ်ထင်ယွမ်၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရတော့ပေ။ သူ ခံစားရသည်က သူ့ကို ဝန်းရံထားသည့် သန်မာပြီး အေးစက်လှသော အရှိန်အဝါကြီးတစ်ခုကိုသာ ဖြစ်သည်။ သူ နောက်သို့မဆုတ်ဘဲ ပေါ်ထင်ယွမ်၏ ဖြူစင်သွယ်လျသော လက်မှတစ်ဆင့် ရေခွက်၏ တစ်ဝက်ခန့်ကို သောက်လိုက်ရှာသည်။


မျက်မှန်မှန်ဘီလူးနောက်ကနေ ပေါ်ထင်ယွမ်သည် ရေနွေးကို စုပ်ယူနေသော သူ၏ နှုတ်ခမ်းအစုံ အနည်းငယ် ပွင့်ဟသွားသည်ကို စိုက်ကြည့်နေမိသည်။ သူ့၏ ပါးလွှာသော နှုတ်ခမ်းလေးမှာ တဖြည်းဖြည်း ချောမွတ်စိုစွတ်လာပြီး နူးညံ့သော ပန်းရောင်လေးအဖြစ် ပြောင်းလဲသွား၏။


ရေသောက်ပြီးနောက် ဝမ်ချီရှူးက ခေါင်းကို အသာလွှဲလိုက်သဖြင့် ဆံနွယ်နက်အချို့က သူ့နားရွက်ဘေးတွင် ဝဲကျသွားသည်။ ပေါ်ထင်ယွမ်က ရေခွက်ကို အိမ်စေမိန်းကလေးထံ ကမ်းပေးလိုက်ပြီး လက်ကိုဆန့်ကာ ဝမ်ချီရှူး၏ နားနောက်သို့ ဆံနွယ်များကို သေသပ်စွာ သပ်တင်ပေးလိုက်သည်။ ထို့နောက် ကျောဘက်တွင် မှီရန် ခေါင်းအုံးအဝိုင်းလေးတစ်ခုကိုပါ အသာအယာ ခုပေးလိုက်သေး၏။


ဤသို့ နူးညံ့လှသော အပြုအမူများ ပြီးဆုံးသွားသည့် နောက်တွင်မှ သူသည် သားဖြစ်သူဘက်သို့ လှည့်ကာ ဝတ်စုံအပေါ်အင်္ကျီကို ချွတ်လိုက်ရင်း ငုံ့ကြည့်လိုက်သည်။ အင်္ကျီအောက်တွင်မူ အနက်ရောင် ကြယ်သီးတပ် ရှပ်အင်္ကျီတစ်ထည် ပေါ်ထွက်လာ၏။