Chapter 2
Viewers 70

Chapter ( 2 )


သဘာဝအတိုင်းပင် ဤသက်ဝင်လှုပ်ရှားနေသော “မျောက်ဖျော်ဖြေပွဲ” တွင် ပရိသတ်အပြည့်အစုံ ရှိနေလေသည်။ သုံးတန်းခွဲမျှ ရှိသော ပရိသတ်များမှာ အိမ်တော်ထိန်း၊ အိမ်စေများ၊ ဒရိုင်ဘာနှင့် သက်တော်စောင့်များ ဖြစ်ကြသည်။ ထိုသို့ သောင်းကျန်းကာ ဆူညံအော်ဟစ်နေသော အန္တရာယ်ကောင်လေးမှာ တခြားသူမဟုတ် စာအုပ်ထဲက အနာဂတ်တွင် ရူးသွပ်ရက်စက်မည့် ဗီလိန်ကြီး ‘ပေါ်ယီမင်’ ပင် ဖြစ်တော့သည်။


ဝမ်ချီရှူးသည် ထိုလူမိုက်ခဲလေး၏ အောင်ပွဲခံ သောင်းကျန်းမှုကို ကြည့်ရင်း လက်ရန်းကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ သူ့ရင်ဘတ်ထဲမှ အောင့်တောင့်တောင့် ဝေဒနာက နောက်တစ်ကြိမ် ပြန်လည်လှုပ်ခတ်လာပြန်၏။


မူရင်းစာရေးဆရာကတော့ လူတစ်ယောက်ကို ဗီလိန်အဖြစ် လွယ်လွယ်ကူကူ သတ်မှတ်ပေးခဲ့တာပဲ။ ဒါပေမဲ့ ဗီလိန်ရဲ့မိဘဖြစ်ရတဲ့ သူ့မှာတော့ ထိုဝန်ထုပ်ဝန်ပိုးက အဆမတန် လေးလံလွန်းလှသည်။


ဝမ်ချီရှူးသည် စင်္ကြံလမ်းအဆုံးရှိ ရှေးဟောင်းစတိုင် ဓာတ်လှေကားဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းဝင်ရောက်လိုက်သည်။ ဓာတ်လှေကားက အနှေးပြကွက်အတိုင်း အောက်သို့ သက်ဆင်းသွား၏။


နေဝင်ရိုးရီ မွန်းလွဲပိုင်း နေရောင်ခြည်က အနက်ရောင် သံပန်းကွက်များကြားမှတစ်ဆင့် ဖြာကျလာပြီး ဝမ်ချီရှူး၏ ပြစ်မျိုးမှဲ့မထင် ကြွေထည်ကဲ့သို့ ဖြူစင်သော မျက်နှာထက်တွင် အရိပ်အယောင် အပိုင်းအစများကို ထင်ဟပ်စေခဲ့သည်။ ဤလှုပ်ရှားမှုက ပထမထပ်ရှိ လူများ၏ အာရုံကို ဖမ်းစားလိုက်သည်။


ဓာတ်လှေကားတံခါး ပွင့်သွားချိန်တွင် ဝမ်ချီရှူးသည် အန်တီကျုံး၏ တွဲထူမှုဖြင့် ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ သူ၏ ဖြူဖျော့သော မျက်နှာထက်တွင် မျက်မှောင်အနည်းငယ် တွန့်ကွေးနေ၏။ သခင်ဝမ်ကို တွေ့ရခဲလှသော လူအချို့မှာမူ ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ဝင်ခန်းထဲ ဝင်လာသကဲ့သို့ ခဏမျှ ငေးမောအံ့ဩသွားကြရသည်။


ပေါ်မိသားစု၏ အိမ်တော်ထိန်းကြီး အန်ကယ်ရွှီက အံ့ဩတကြီး ရေရွတ်လိုက်၏။ “သခင် နိုးပြီလားဗျာ?”


ထိုအခါမှ ပေါ်ယီမင်သည် သူ့ဖေဖေလေး ရောက်ရှိလာခြင်းကို သတိပြုမိတော့သည်။ ကော်ဖီစားပွဲပေါ်သို့ လတ်လတ်ဆတ်ဆတ် ခုန်တက်လိုက်ပြီးကာမှ သူက သွားဖြဲပြကာ လှမ်းအော်လိုက်၏။  “ဖေဖေလေး ! ကျွန်တော့်ရဲ့ရက်ပ်အသစ်က မိုက်တယ်မလား? (နားမလည်နိုင်သော အော်ဟစ်သံများ)”


ပေါ်ယီမင်သည် တရုတ်-ပြင်သစ် ကပြားဖြစ်သော သူ့ဖေဖေကြီးထံမှ မျိုးရိုးဗီဇအချို့နှင့် ဝမ်ချီရှူး၏ အရှေ့တိုင်းဗီဇတို့ ပေါင်းစပ်ထားသဖြင့် မွေးကတည်းက ဆံပင်နက်နှင့် ပယင်းရောင်မျက်ဝန်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။


ငယ်စဉ်ကတော့ သူသည် အလွန်အမင်း ချစ်စရာကောင်းသော ကလေးငယ်တစ်ဦး ဖြစ်ခဲ့သည်။ ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ အခုလို သောင်းကျန်းတဲ့ ကလေးဆိုးလေး ဖြစ်လာလိမ့်မယ်လို့။


ဝမ်ချီရှူးသည် ထိုကိုးနှစ်အရွယ် လူမိုက်ခဲလေးကို ကြည့်ရန် ခေါင်းကို အနည်းငယ် မော့လိုက်ရသည်။ သူ၏ မျက်ခုံးအစုံက အနည်းငယ် တွန့်ကွေးနေပြီး သတိမထားမိဘဲ စိုးရိမ်စိတ်အရိပ်အယောင်များ ပေါ်လွင်နေ၏။


သူ့ဖေဖေလေးက သူ့ကိုကြည့်ဖို့ ခေါင်းမော့နေရမှန်း သတိပြုမိသွားသည့်အခါ ပေါ်ယီမင်က လိမ္မာသလိုလိုဖြင့် အောက်သို့ ခုန်ဆင်းပေးရှာသည်။  “ ဖေဖေလေး ? ကျွ‌န်တော် ဖျော်ဖြေရေးလောကထဲ ဝင်ချင်တယ်! လူတွေပြောတာတော့ ကျွန်တော့်မျက်နှာနဲ့ဆို ပေါက်ကွဲသွားမှာတဲ့!”


သူ့ဖေဖေလေးက သူ့ကို ဘယ်တုန်းကမှ “ဟင့်အင်း” ဟု မငြင်းဆန်ဖူးသဖြင့် သူသည် ပွဲဦးထွက်ဖို့ သေချာနေပြီဟူသော လေသံမျိုးဖြင့် ရဲရဲကြီး ပြောနေခြင်း ဖြစ်သည်။


“ဘာလဲ?”


ဝမ်ချီရှူးသည် ဒီနေ့ ကြုံတွေ့ရသည့် ရှုပ်ထွေးမှုများကြောင့် စိတ်မတည်မငြိမ် ဖြစ်နေရသည့်အပြင် အတွေးများကလည်း ကယောက်ကယက် ဖြစ်နေသဖြင့် ဤစကားကို ကြားလိုက်ရချိန်တွင် ခဏမျှ မှင်တက်သွားရသည်။


“ကျွန်တော် ဖျော်ဖြေရေး အစီအစဉ်တစ်ခုအတွက် လူရွေးပွဲ သွားပြိုင်ချင်လို့! ကျွန်တော့်အတန်းဖော် ပြောတာတော့ အသက် ၉ နှစ်ကနေ ၁၅ နှစ် အတွင်း ကလေးသင်တန်းသားတွေကို ရှာနေတဲ့ ကုမ္ပဏီတစ်ခု ရှိတယ်တဲ့!”


ပြောပြီးသည်နှင့် သဘာဝအတိုင်းပင် ဆိုဖာပေါ်သို့ ပြန်လည်ခုန်တက်သွားပြန်သည်။ အိမ်တော်ထိန်းရွှီမှာ ဘယ်လောက်တောင် ထိတ်လန့်သွားလဲဆိုလျှင် ရှေးခေတ် နန်းတွင်းထဲက မိန်းမစိုးတစ်ယောက်ကဲ့သို့ တစ်တုန်တုန်တစ်ယင်ယင်ဖြင့် သူ့ကို ဖမ်းရန် အပြေးအလွှား သွားရှာသည်။


“ဘုရားရေ! သခင်လေး မပြုတ်ကျစေနဲ့ဦး!”


အိမ်စေမိန်းကလေးများကလည်း ရင်ထဲ တထိတ်ထိတ် ဖြစ်နေကြသည်။ ဤနှင်းဆီသစ်သား လက်ဖက်ရည်စားပွဲမှာ ပေါ်မိသားစု၏ သခင်ကြီးအိုက ပေးအပ်ထားသော မင်္ဂလာလက်ဖွဲ့ မဟုတ်ပါလား။ ဇိမ်ခံ တရုတ်ရိုးရာ ကုလားထိုင်၊ စားပွဲနှင့် ဆိုဖာခုံတန်း အစုံလိုက်ကြီးတစ်ခုလုံးမှာ တစ်ခုချင်းစီကို တန်ဖိုးဖြတ်၍ မရနိုင်ပေ။


သူ၏ ရိုင်းစိုင်းသော အပြုအမူများကို မြင်လိုက်ရချိန်တွင် ဝမ်ချီရှူးသည် သူ့ကို တားဆီးရန် ပထမဦးဆုံးအကြိမ်အဖြစ် ပြတ်သားသော လေသံဖြင့် အမိန့်ပေးလိုက်သည်။ “ပေါ်ယီမင် အခုချက်ချင်း ဆင်းခဲ့!”


အန်တီကျုံးနှင့် အန်ကယ်ရွှီတို့သည် သူ၏ လေသံကို ကြားလိုက်ရသဖြင့် အံ့ဩတကြီး မျက်လုံးချင်း ဆုံမိသွားကြသည်။


ပေါ်ယီမင်ကမူ ဘာကိုမျှ ဂရုမစိုက်ဟန်ဖြင့် သူ လတ်လတ်ဆတ်ဆတ် သင်ယူထားသော ကကွက်များကို ပြသရင်း ခါးကို လှုပ်ခါပြနေလေသည်။ “ဖေဖေလေး အရင်ပြောဦး ကျွန်တော် ကတာ လှလား?”


သူ့အနာဂတ်၏ “အတင်းအဓမ္မ သိမ်းပိုက်ခြင်း”၊ “အကျဉ်းချခြင်းနှင့် ကြေကွဲဖွယ် အချစ်ဇာတ်လမ်း” စသည့် အတွေးများကတင် ဝမ်ချီရှူးကို ထိုကလေး၏ ဦးနှောက်ထဲသို့ ပြစ်မှုဆိုင်ရာ ဥပဒေစာအုပ်ကြီးတစ်ခုလုံး သွတ်သွင်းပေးချင်စိတ် ပေါက်သွားစေခဲ့သည်။


သူ့နှလုံးတုန်ခြင်းကို ထိန်းချုပ်ရင်း နူးညံ့စွာ ဆိုလိုက်သည်။ “ယီမင် မင်းအသက်အရွယ်က စာသင်တာကိုပဲ အာရုံစိုက်ရမယ့် အရွယ်လေ”


ပေါ်ယီမင်၏ မျက်လုံးများ တဖြည်းဖြည်း ကျယ်ပြန့်သွားသည်။ “ဖေဖေလေး ဖေဖေလေးက ကျွန်တော့်ကို အားမပေးဘူးပေါ့?”


သူ ခြေဆောင့်လိုက်သော်လည်း ခိုင်ခံ့ပြီး တန်ဖိုးကြီးလှသော ဆိုဖာကြီးမှာ လှုပ်ပင်မလှုပ်ပေ။ သူ့ဖေဖေလေး၏ လှပသော မျက်နှာထက်က ပြတ်သားသော အမူအရာကလဲ တုန်လှုပ်မသွားခဲ့ပါ။


ထိုအခါ ဒေါသတကြီးဖြင့် သူ အော်ဟစ်လေတော့သည်။


“ကျွန်တော် ဂရုမစိုက်ဘူး! ကျွန်တော် အိုင်ဒေါရွေးချယ်ပွဲကို သွားမှာ!”


ဆူညံသံကို ကြားရသဖြင့် အန်ကယ်ရွှီက အိမ်စေများ၊ ဒရိုင်ဘာများနှင့် သက်တော်စောင့်များကို လူစုခွဲရန် အချက်ပြလိုက်သည်။


ပေါ်ယီမင်ကမူ တရုတ်ရိုးရာ ဆိုဖာများကြားတွင် ခုန်ပေါက်နေဆဲပင်။  “ကျွန်တော်က ထိပ်တန်း အိုင်ဒေါတစ်ယောက် ဖြစ်လာမှာ! ဖေဖေလေး ကျွန်တော့်ကို မတားနဲ့! ဘယ်သူမှ တားလို့မရဘူး!”


ဝမ်ချီရှူးတစ်ယောက် မောဟိုက်လာပြီး ရင်ဘတ်ထဲကလည်း နောက်တစ်ကြိမ် ပြန်လည်အောင့်တက်လာသည်။ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သော်လည်း အဆင်ပြေမည့် အရာဝတ္ထုကို မတွေ့သဖြင့် သူ အမိန့်ပေးလိုက်ရတော့၏။


“အန်ကယ်ရွှီ ဒယ်အိုးတစ်လုံးရယ်၊ သက်တော်စောင့် နှစ်ယောက်ရယ် ခေါ်လိုက်စမ်း”


သူ၏ ဖီးနစ်မျက်ဝန်းများက ထိုစည်းကမ်းမဲ့ပြီး လွန်ကဲစွာ သောင်းကျန်းနေသော ကလေးဆိုးလေးကို စိုက်ကြည့်လိုက်ပြီးနောက် ထပ်ဖြည့်လိုက်သည်။ “လေးယောက် လုပ်လိုက်ပါ”


ဆိုဖာထက်တွင် မတ်တတ်ရပ်နေသော ပေါ်ယီမင်သည် အမြဲတမ်း သူ့အလိုကို လိုက်တတ်သည့် ဖေဖေလေးကို မယုံကြည်နိုင်စွာ ငုံ့ကြည့်မိသည်။  “ဖေဖေလေး? ဖေဖေလေး မှားနေပြီ ကျွန်တော်က အိုင်ဒေါပြိုင်ပွဲ သွားမှာ၊ ရန်ပွဲသွားတာ မဟုတ်ဘူး။ သက်တော်စောင့်တွေ မလိုပါဘူး!”


“ဗျာ?”


အန်ကယ်ရွှီသည် မတ်တတ်ရပ်ရန်ပင် မရေမရာ ဖြစ်နေပြီး အသက်ရှူရ ခက်ခဲနေရှာသော သခင်လေးဝမ်ကို စိုက်ကြည့်ရင်း သူ နားကြားမှားတာလားဟု တွေးမိသည်။ ငါ အိပ်မက်မက်နေတာလား?


“သွားယူခဲ့”


ဝမ်ချီရှူးက ငြင်းပယ်ရန် အခွင့်အရေးမရှိသော လေသံဖြင့် အသက်ကို ပြင်းပြင်းရှူရင်း ဆိုလိုက်သည်။


“အခုချက်ချင်း သွားယူပါ့မယ် သခင်!”


အန်ကယ်ရွှီတစ်ယောက် စိတ်ထဲ ကယောက်ကယက်ဖြစ်လျက် ဝေးကွာလှသော မီးဖိုချောင်ဆီသို့ အပြေးအလွှား သွားရတော့သည်။


ဘယ်တုန်းကတည်းက သခင်ဝမ်က သခင်လေးကို ရိုက်ချင်သွားရတာလဲ?


အိမ်စေမိန်းကလေးတစ်ယောက်က သူ့နောက်သို့ လိုက်လာပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။  “အိုးအသေးလေးပဲ ယူလိုက်ပါ အန်ကယ်ရွှီ။ ကျွန်မထင်တာတော့ သခင်က တကယ်ရိုက်မယ့် ပုံမပေါ်ပါဘူး”


ပေါ်မိသားစုတွင် ကလေးကို ရိုက်နှက်ဆုံးမသည့် ရိုးရာမရှိပေ။ ထို့ထက်မက ကျန်းမာရေး ချို့တဲ့လွန်းခြင်းကြောင့် ဝမ်ချီရှူးသည် သူ့၏ တစ်ဦးတည်းသော သားကို အမြဲတမ်း သည်းသည်းလှုပ် အလိုလိုက်ခဲ့ပြီး ဘယ်တုန်းကမျှ ဆူပူကြိမ်းမောင်းခြင်း၊ လက်ပါခြင်းမျိုး လုံးဝမရှိခဲ့ဖူးပေ။ အိမ်တော်ထိန်းကြီးက ဒါကို အသိဆုံးပင်။


သို့သော် သူ စိုးရိမ်သည်က တခြားအရာဖြစ်သဖြင့် သက်ပြင်းချလိုက်သည်။ “သခင်က လေးတဲ့အိုးကို မနိုင်လောက်ဘူး”


“ဒါလည်း ဟုတ်တာပဲ”


အိမ်စေမိန်းကလေးက ပိုသွက်သဖြင့် မီးဖိုချောင်ထဲသို့ အရင်ဝင်ကာ ရှိသမျှအထဲတွင် အသေးဆုံးဖြစ်သော နို့အိုးအသေးလေးကို ကမ်းပေးလိုက်သည်။


ဧည့်ခန်းထဲတွင်မူ ထိုလူမိုက်ခဲလေးသည် သူ့ဖေဖေလေး တကယ် အရေးယူတော့မည်ကို သိရှိသွားသဖြင့် အပေါ်ထပ်သို့ လျှပ်စီးပမာ ပြေးတက်သွားခဲ့ပြီ ဖြစ်သည်။


" ဖေဖေလေး? ဖေဖေလေး ကျွန်တော့်ကို တကယ်ရိုက်မလို့လား? ကျွန်တော်က ဖေဖေ့ရဲ့ တစ်ဦးတည်းသော သားလေးလေ! ကျွန်တော်က အရမ်းချစ်ဖို့ကောင်းတာကို!”


ချစ်ဖို့ကောင်းတယ်? ဝမ်ချီရှူးတစ်ယောက် စိတ်ပျက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားရသည်။ ပေါ်ယီမင်သည် မွေးကတည်းက ရွှေလင်ဗန်းဖြင့် အချင်းဆေးကာ ဝမ်မိသားစုနှင့် ပေါ်မိသားစု နှစ်ဖက်လုံးရှိ လူကြီးများ၏ အလိုလိုက်ခြင်း၊ အချစ်ခံရခြင်းတို့ကို ရရှိခဲ့သူ ဖြစ်သည်။ သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲရုံတင်မက အတ္တအလွန်ကြီးသည့် အဆင့်ပင် ဖြစ်နေပေပြီ။


သူသည် အားနည်းလှသော လက်ကို မြှောက်ကာ ကလေးဆိုးလေးကို ညွှန်ပြရင်း သက်တော်စောင့်လေးယောက်ကို ဆိုလိုက်သည်။ “သူ့ကို ငြိမ်အောင် ချုပ်ပေးထားလို့ ရမလား?”


သက်တော်စောင့်များက မရေမရာ မျက်လုံးချင်း ဆုံမိကြသည်။ ဝမ်ချီရှူးက သူ၏ ရှည်လျားသော ဖီးနစ်မျက်ဝန်းများကို မှေးစိုက်လိုက်ပြီး “ငါ မင်းတို့ကို အမိန့်ပေးလို့ မရဘူးလား?”


ဝတ်စုံအပြည့်နှင့် သက်တော်စောင့်ခေါင်းဆောင်က တုံ့ဆိုင်းနေပြီး ကိုးနှစ်အရွယ် သခင်လေးကို တစ်ချက်ကြည့်ကာ အိုးတိုးအမ်းတိုးဖြင့် “သခင်  ဒါက”


ဝမ်ချီရှူးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “တစ်ခုခုဖြစ်ရင် ငါ တာဝန်ယူတယ်”


ပြောပြီးသည်နှင့် မအောင့်နိုင်တော့သကဲ့သို့ သူ၏ ဖြူဖျော့သော မျက်နှာကို အသာလွှဲကာ နှုတ်ခမ်းကို လက်ဖြင့်အုပ်လျက် တိုးတိုးလေး ချောင်းဆိုးလိုက်ရှာသည်။