Chapter 1
Viewers 71

Chapter  ( 1 )


“ပေါ်ယီမင်လိုမျိုး လိုချင်တာကို အဓမ္မလုယူတတ်ပြီး ဘာမဆိုလုပ်ဝံ့တဲ့ ရက်စက်ယုတ်မာတဲ့ အမှိုက်ကောင်မျိုး ဖြစ်လာအောင်လို့ မွေးမြူခဲ့တဲ့ မိဘတွေကရော လူကောင်းတွေ ဖြစ်နိုင်မှာတဲ့လဲ?”


“ပေါ်ယီမင်က မွေးကတည်းက ဗီဇယုတ်လာတာ။ မိဘတွေက သူ့ကို ဒီကမ္ဘာထဲ မွေးထုတ်ပေးခဲ့ပြီး စနစ်တကျ မသွန်သင်နိုင်ခဲ့ဘူး။ လူ့အဖွဲ့အစည်းရဲ့ အရှက်ရစရာ အမည်းစက်ပဲ!”


ကုတင်ထက်တွင် ဆံပင်ရှည်များနှင့် ရုပ်ရည်ချောမောလှပသော လူငယ်တစ်ဦးသည် မျက်လုံးများကို တင်းတင်းပိတ်လျက် လဲလျောင်းနေရှာလေသည်။ ပိတ်ထားသော မျက်ခွံအောက်တွင် သူ၏မျက်လုံးများက ပျာပျာသလဲ လှုပ်ရှားနေပြီး မျက်ဝန်းထောင့်စွန်းတို့တွင်မူ မျက်ရည်စများဖြင့် စိုစွတ်နေ၏။


သူသည် ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းလွှာကို အသာဟဟကာ စိတ်ထဲက ထွက်ပေါ်နေသော ထိုအသံများကို တီးတိုးတုံ့ပြန်နေမိသည်။


“မဟုတ်ဘူး ယီမင်က… သူ မွေးကတည်းက ဆိုးတာမဟုတ်ပါဘူး”


နာတာရှည်ဖျားနာမှုကြောင့် အားအင်ချို့နဲ့နေသော သူ၏အသံမှာ သစ်သားကို လွှဖြင့်တိုက်နေသကဲ့သို့ အက်ရှရှ ဖြစ်နေရှာသည်။


ထိုစဉ် ကန့်လန့်ကာကို ပင့်ကာ အခန်းထဲသို့ လှမ်းဝင်လာသော အန်တီကျုံးသည် ဤမြင်ကွင်းကို မြင်လျှင်မြင်ချင်း ဝမ်ချီရှူး၏ လက်မောင်းကို အပြေးအလွှား လာရောက်ထိန်းကိုင်ပေးလိုက်ရင်း “ဒုတိယသခင် ဒုတိယသခင်?” ဟု ခေါ်လိုက်သည်။


ဝမ်ချီရှူးတစ်ယောက် လန့်ဖျတ်ကာ လဲကျလုနီးပါး ဖြစ်သွားပြီးမှ မျက်လုံးများကို ရုတ်ခြည်း ဖွင့်လိုက်မိသည်။ စိုးရိမ်ထိတ်လန့်မှုနှင့် ဝေဝေဝါးဝါး ဖြစ်မှုတို့ကြောင့် သူ၏ ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှူ ပြင်းထန်နေတော့၏။


သူ၏ ပုခုံးစွန်းမှတစ်ဆင့် မှင်ရည်ကဲ့သို့ နက်မှောင်လှသော ဆံနွယ်ရှည်များမှာ ကုတင်ထက်သို့ ရေတံခွန်ပမာမ လျှံကျနေပြီး မွေးရာပါ နှလုံးရောဂါအခံ ရှိခြင်းကြောင့် စိတ်လှုပ်ရှားမှု ဒဏ်ကို မခံနိုင်ရှာသဖြင့် သူ၏မျက်နှာလေးမှာ လူသေကဲ့သို့ ဖြူဆွတ်သွားရရှာသည်။


အန်တီကျုံးက စောင်ပေါ်မှတစ်ဆင့် သူ့ရင်ဘတ်ကို အသာအယာ ပွတ်သပ်ပေးရင်း ချော့မော့သည့် လေသံဖြင့် “အသက်ကို ဖြည်းဖြည်းရှူပါ သခင်လေး စိုးရိမ်စရာမရှိတော့ဘူးနော်” ဟု ဆိုရှာသည်။


တဖြည်းဖြည်းချင်းပင် ဝမ်ချီရှူး၏ အသက်ရှူသံများ ပုံမှန်ပြန်ဖြစ်လာခဲ့သည်။


သို့သော်ငြား အရှေ့တိုင်းဆန်သော ရှေးဟောင်းအလှတရားတို့ ကိန်းအောင်းနေသည့် သူ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းအစုံတွင်မူ အိပ်မက်ဆိုး၏ ခြောက်လှန့်မှုရိပ်ခြေတို့က ကျန်ရှိနေဆဲပင်။


အန်တီကျုံး၏ မျက်နှာကို မှတ်မိသွားသည့်အခါမှသာ သူသည် သွေးမရှိသလို ဖြူလျော်နေသော နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်မိသည်။


သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသည့် အိပ်မက်ဆိုး၏ ထိတ်လန့်ခြောက်ခြားဖွယ်ရာ အနက်ရှိုင်းဆုံး အမှန်တရားကို ဘယ်လိုမှ စတင်ရှင်းပြ၍ ရနိုင်မည် မဟုတ်ပေ။


ထိုအိပ်မက်ထဲတွင် သူနှင့် ခင်ပွန်းဖြစ်သူ ပေါ်ထင်ယွမ်တို့ ပိုးမွေးသလို မွေးမြူခဲ့သည့် သားဖြစ်သူ ပေါ်ယီမင်သည် ဇာတ်အိမ်အလွန်အကျွံ ဆွဲထားသော အသည်းခွဲဝတ္ထုတစ်အုပ်၏ သွေးအေးရက်စက်ပြီး လှည့်ကွက်များလှသော ဗီလိန်တစ်ယောက် ဖြစ်လာခဲ့သည်။


သူတို့၏ အလိုလိုက်လွန်းခြင်းက ပေါ်ယီမင်ကို ခေါင်းမာပြီး စိတ်ရိုင်းဝင်သော ကလေးတစ်ဦးအဖြစ် ကြီးပြင်းလာစေခဲ့သည်။


အသက်နှစ်ဆယ်ကျော် အရွယ်သို့ ရောက်သောအခါ ပေါ်ယီမင်သည် ဇာတ်လိုက်ကို နှိပ်စက်ညှဉ်းပန်းကာ ထိုဇာတ်လိုက်ကို သူ၏ နှလုံးသားထဲက အဖြူရောင်လမင်းလေး၏ ကိုယ်ပွားအစားထိုးအဖြစ်သာ သဘောထားသည့် လူမိုက်တစ်ယောက် ဖြစ်လာခဲ့သည်။


အဆုံးတွင်မူ ပေါ်ယီမင်သည် ထိုဇာတ်လိုက်မင်းသား၏ ချေမှုန်းခြင်းကို ခံရကာ အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။


မိသားစုအရေးနှင့် ပတ်သက်၍မူ ဝမ်ချီရှူးသည် ပေါ်ယီမင် အသက်တစ်ဆယ့်နှစ်နှစ် အရွယ်တွင်ပင် နှလုံးရပ်ကာ ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည်။


ယခုမူ သူ၏ အသက်ရှူသံများ ပြင်းထန်နေဆဲဖြစ်ကာ နှလုံးခုန်သံ တဒိန်းဒိန်းနှင့်အတူ သွေးခဲများ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စီးဆင်းလာသလို ခံစားရသည်။


ထုံကျင်နေသော လက်ခြေများထံသို့ အသိအာရုံများ ပြန်လည်ဝင်ရောက်လာပြီး ရင်ဘတ်ကို ဖိနှိပ်ထားသည့် အလေးချိန်ကြီးကလည်း အနည်းငယ် လျော့ပါးသွားသလို ရှိတော့သည်။


သူ၏စိတ်အာရုံမှာ ရေဆေးထားသည့် ဖန်သားပြင်ကဲ့သို့ ကြည်လင်လာခဲ့၏။


ဝမ်ချီရှူးက တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။ “အန်တီကျုံး ယီမင်က ဒီနှစ်ဆို အသက်ဘယ်လောက် ရှိပြီလဲ?”


“ကိုးနှစ်လေ… ဒုတိယသခင်ရဲ့ မေးစရာလား”


အန်တီကျုံး ခဏမျှ ကြောင်အသွားရသည်။ မကြာသေးခင်ကတင် သခင်လေးရဲ့ မွေးနေ့ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြတာ မဟုတ်ပါလား။


ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ချီရှူးသည် မျက်ခွံကို အသာချလိုက်မိသည်။ အချိန်ရှိသေးတယ် မှီသေးတယ်။


ဒေါက်....ဒေါက်.... ဒေါက်


“အန်တီကျုံး?”


တံခါးခေါက်သံနှင့်အတူ ကြောက်ရွံ့တုန်လှုပ်နေသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။


ပေါ်မိသားစု၏ အိမ်စေမိန်းကလေးငယ်တစ်ဦးက အခန်းထဲသို့ ခေါင်းလေးပြူကာ ချောင်းကြည့်လာခြင်းပင်။


ဝမ်ချီရှူးက သူ၏ အကြည့်ကို အခန်းဝဆီသို့ ပို့လိုက်သည်။


သခင်လေးဝမ်၏ အကြည့်နှင့် ဆုံမိသည်တွင် မိန်းကလေးမှာ ချက်ချင်းပင် ခေါင်းငုံ့သွားတော့၏။ သူမ ပေါ်မိသားစုအိမ်တော်သို့ ရောက်ရှိကတည်းက စည်းကမ်းချက်များပြားလှသော ဤအိပ်ခန်းထဲသို့ တစ်ခါမျှ ခြေမချဖူးခဲ့ပေ။


အခန်းတွင်း၌မူ တရုတ်ရိုးရာ အလှဆင်လိုင်းများက ရှေးဟောင်းပန်းချီကားတစ်ချပ်ကဲ့သို့ ဝန်းရံထားပြီး နားနေကုတင်ထက်တွင် မှီတင်းနေသော ဆံပင်ရှည်နှင့် ကောင်းကင်ဘုံက နတ်သားပမာ အလှတရားပိုင်ရှင်ကို ပိုမိုပေါ်လွင်စေခဲ့သည်။ ဆံပင်ရှည်ခြင်းက လူတစ်ယောက်၏ သက်စောင့်အားအင်ကို စုပ်ယူ၍ ကြီးထွားရသည်ဟူသော အယူအဆ ရှိကြသည်။


သခင်လေးဝမ်၏ နုနယ်လှသော ကျန်းမာရေးနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ သူ၏ ဆံနွယ်များမှာ သဘာဝထက် ထူးကဲစွာ ထူထဲနက်မှောင်ပြီး တောက်ပနေသည်မှာ တကယ့်ကို ရှားရှားပါးပါး အလှတရားပင်။


နားနေကုတင် ဘေးတွင်မူ အန်တီကျုံးက ကိုယ်ကိုညွှတ်ကာ ပါးလွှာသော စောင်ကလေးကို သူ့ပုခုံးပေါ်အထိ ဂရုတစိုက် ခြုံပေးလိုက်ရင်း “ဒုတိယသခင် ဆက်ပြီး နားနေပါဦး။ ကျွန်မ အပြင်မှာ ဘာဖြစ်လဲဆိုတာ သွားကြည့်လိုက်ပါဦးမယ်”


ဝမ်ချီရှူးက အနည်းငယ်စိမ်းသက်နေသော ထိုအိမ်စေမိန်းကလေး၏ မျက်နှာကို အားနည်းသော အကြည့်ဖြင့် စိုက်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ? ငါ့ကို ပြောပြပါ”


ပေါ်အိမ်တော်ရှိ လူတိုင်းသည် ဝမ်ချီရှူး၏ ကျန်းမာရေးကို ပထမဦးစားပေး ထားကြသဖြင့် မည်သည့် စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စအသေးအမွှားကိုမျှ သူ့နားထဲ အရောက်မခံကြပေ။


အိမ်စေမိန်းကလေးမှာလည်း သဘာဝအတိုင်း မပြောဝံ့သဖြင့် မျက်လုံးပြာပြာဖြင့် အန်တီကျုံးထံမှ အချက်ပြမှုကိုသာ စိုးရိမ်တကြီး ကြည့်နေရှာသည်။ ဝမ်ချီရှူး ကြီးပြင်းလာသည်အထိ စောင့်ရှောက်ခဲ့သော အန်တီကျုံးမှာမူ သူ့ကို မိမိမျက်ကြည်လွှာကဲ့သို့ တန်ဖိုးထားချစ်မြတ်နိုးသူ ဖြစ်သည်။


“အိမ်တွင်းရေး ကိစ္စအသေးအမွှားလေးပါ ဒုတိယသခင်ရယ်။ ကျွန်မ ရှင်းလိုက်ပါ့မယ်။ ဒုတိယသခင်လေးကတော့ နားနေပါဦး”


သူ့အသက်ရှူသံက ဖျော့တော့နေသော်ငြား ဝမ်ချီရှူး၏ သဘောထားက အံ့ဩစရာကောင်းလောက်အောင် ပြတ်သားနေခဲ့သည်။ “အန်တီကျုံး ကျွန်တော် သိချင်တယ်”


အခြားရွေးချယ်စရာမရှိတော့သဖြင့် အန်တီကျုံးက အိမ်စေမိန်းကလေးကို ရှေ့တိုးလာရန် အချက်ပြလိုက်ရတော့သည်။ မိန်းကလေးက ရင်သပ်ရှုမောဖွယ် လှပသော်လည်း ဖန်သားပြင်ကဲ့သို့ ကျိုးပဲ့လွယ်လှသော သခင်လေးဝမ်ကို ခိုးကြည့်လိုက်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ရှင်းပြရှာသည်။  “ဟို သခင်လေး သူ... သူက ဖျော်ဖြေရေး အရည်အချင်းပြိုင်ပွဲကို သွားချင်လို့ဆိုပြီး”


“အဟွတ်....အဟွတ်”


သူမ စကားမဆုံးမီမှာပင် ဝမ်ချီရှူးမှာ ထိန်းမနိုင်သိမ်းမရ ချောင်းဆိုးတော့သည်။ သူ၏ နှလုံးမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် တဒိန်းဒိန်း လှုပ်ခတ်သွားရ၏။


အိပ်မက်ထဲက “မွေးရုံမွေးပြီး မသွန်သင်ဘူး” နှင့် “မွေးကတည်းက ဗီဇယုတ်တယ်” ဆိုသည့် စကားစုများက သူ၏ သွေးကြောများကို အေးစက်သွားစေသည်။ အိမ်စေမိန်းကလေး ထိတ်လန့်သွားကာ “သခင် စိတ်မဆိုးပါနဲ့ စိတ်ကို လျှော့ပါဦး” ဟု ချော့ရရှာသည်။ ပေါ်အိမ်တော်ရှိ လူတိုင်းက ဝမ်ချီရှူးကို “သခင်” ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။


ချောင်းအနည်းငယ် ဆိုးပြီးနောက်တွင်မူ ဝမ်ချီရှူး၏ မျက်နှာထက်၌ ထူးဆန်းစွာ သွေးရောင်အနည်းငယ် ပြန်လည်လွှမ်းမိုးလာပြီး မျက်ဝန်းများမှာလည်း ရေကြည်စများဖြင့် တောက်ပလာသည်။ သူ စောင်ကို ဖယ်လိုက်ပြီး “ငါ ကိုယ်တိုင် သွားကြည့်မယ်”


အန်တီကျုံး မတားမြစ်နိုင်ခင်မှာပင် သူက အန်တီ၏ လက်မောင်းကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး ဒေသသုံးစကားဖြင့် နှစ်သိမ့်လိုက်သည်။


“အန်တီကျုံး ရပါတယ်၊ စိုးရိမ်မနေပါနဲ့”


အန်တီကျုံးလည်း ဘာမှ ထပ်မပြောတော့ဘဲ ဒုတိယသခင်လေးကို ဂရုတစိုက် တွဲထူပေးလိုက်တော့သည်။


နားလည်တတ်သော အိမ်စေမိန်းကလေးကလည်း ပါးလွှာသော စောင်ခြုံထည်ကို အမြန်ယူကာ သခင်လေးဝမ်၏ ပုခုံးပေါ်သို့ အသာအယာ တင်ပေးရှာသည်။


ဝမ်ချီရှူးက စောင်ကို အနားသို့ ဆွဲကပ်လိုက်ရင်း “ကျေးဇူးပဲ” ဟု ဆိုလိုက်သည်။မိန်းကလေးမှာ သူ့၏ နူးညံ့လှသော လေသံကြောင့် ရင်ထဲတွင် နွေးထွေးသွားကာ ခေါင်းလေးငုံ့ထားရှာ၏။


အန်တီကျုံးက သူ့မျက်နှာပေါ်သို့ ဝဲကျနေသော ဆံနွယ်နက်အချို့ကို ဖယ်ရှားပေးပြီးနောက် တွဲဖက်လျက် အပြင်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းခဲ့ကြသည်။


ထိုစဉ် အောက်ထပ် ဧည့်ခန်းဆီမှ အော်ဟစ်ဆူညံသံများနှင့် အော်သံများ ပရမ်းပတာ ရောထွေးထွက်ပေါ်လာတော့သည်။ ဖြည်းဖြည်းချင်း လျှောက်နေသော ဝမ်ချီရှူးသည် ထိုဆူညံသံ၏ သဘောသဘာဝကို ရိပ်စားမိသွားသည့်အခါ မျက်မှောင်ကြုတ်လိုက်မိပြီး ဧည့်ခန်းကို အပေါ်စီးမှ မြင်ရသည့် စင်္ကြံဆီသို့ ခြေလှမ်းများကို မြှင့်လိုက်တော့သည်။


အလွန်အမင်း ခမ်းနားထည်ဝါစွာ အလှဆင်ထားသော တရုတ်ရိုးရာ ဧည့်ခန်းမကြီးထဲတွင်မူ မျောက်ငယ်လေးတစ်ကောင်ပမာ ကလေးငယ်တစ်ဦးသည် စတုရန်းပုံစံ နိမ့်ဝင်နေသော တရုတ်ရိုးရာ ဆိုဖာခုံတန်းများပေါ်တွင် အထက်အောက် ခုန်ပေါက်ပြေးလွှားနေလေသည်။


လက်ထဲတွင် အနက်ရောင် ရီမုကွန်ထရိုးတစ်ခုကို မိုက်ကရိုဖုန်းသဖွယ် ကိုင်ဆောင်ထားပြီး မန္တန်တစ်ခု ရွတ်ဆိုနေသကဲ့သို့ မရပ်မနား အော်ဟစ်မြည်တမ်းကာ ဆူညံသံများကို ထုတ်လွှတ်နေ၏။