Chapter 7
Viewers 62

Chapter ( 7 )


သူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် အိမ်အကူတစ်ဦး ဝင်လာပြီး ပြောလာခဲ့သည်။ "သခင်...... သခင်ကြီးက စာကြည့်ခန်းထဲမှာ ရှိနေပြီး လာခဲ့ပါအုံးတဲ့။ အရေးကြီးတဲ့ကိစ္စတစ်ခု ရှိလို့ပါတဲ့"


"ကောင်းပါပြီ" ဝမ်ချီရှူးသည် မနေ့ညက သူတို့ပြောခဲ့သော စကားကို သတိရသွားခဲ့သည်။


ပေါ်ထင်ယွမ်သည် အမြဲတမ်း ကတိတည်သူဖြစ်ရာ တစ်စုံတစ်ခု အဆင်ပြေသွားပြီ ဖြစ်ရမည်။


ဝမ်ချီရှူး မတ်တတ်ရပ်လိုက်စဉ် သူ၏ နက်မှောင်သော ဆံပင်များက ပုခုံးပေါ်သို့ ဝဲကျလာခဲ့သည်။


ထိုကြောင့် ခေါင်းကို အနည်းငယ် နောက်သို့ စောင်းကာ ကျောက်စိမ်းစာအိတ်ဖောက်တံကို ဆံထိုးအဖြစ် အသုံးပြု၍ သူ၏ ဆံနွယ်ရှည်များကို ပေါ့ပေါ့ပါးပါး ထုံးဖွဲ့လိုက်သည်။


မထွက်ခွာမီ သူသည် သစ်သီးပန်းကန်ကို စာပွဲပေါ်တင်ကာ ပေါ်ယီမင်ကို ပြောလိုက်၏။


"နောက်ထပ် ဆယ့်ငါးမိနစ်လောက်ပဲ လိုတော့တယ် အောင့်ခံလိုက်ပါဦး"


"ဟုတ်ကဲ့! "


ပေါ်ယီမင်က ဆက်လုပ်မည့်ပုံစံဖြင့် စုတ်တံကို မြှောက်ကာ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ့အဖေ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူသည် စုတ်တံကို ချပစ်လိုက်ပြီး အခြားတံခါးတစ်ခုမှတစ်ဆင့် လစ်ထွက်သွားတော့၏။


သူသည် ဘိုးဘိုးရွှီကို သွားရှာပြီး မေးလိုက်သည်။ "ဘိုးဘိုးရွှီ... ဖေဖေလေး ဘာဖြစ်နေတာလဲ"


"ဘာကိုဆိုလိုတာလဲ သခင်လေး"


အန်ကယ်ရွှီသည် မီးဖိုချောင်ထဲမှ ထွက်လာပြီး သူ့လက်ချောင်းများပေါ်ရှိ မင်ကွက်များကို သတိပြုမိသောအခါ သုတ်ရန်အတွက် သန့်ရှင်းသော လက်ကိုင်ပုဝါအဖြူတစ်ထည်ကို ထုတ်လိုက်သည်။


သူသည် တစ်ချိန်က ပေါ်မိသားစု၏ သခင်ကြီးဟောင်းထံတွင် အမှုထမ်းခဲ့ဖူးပြီး ပေါ်ထင်ယွမ် အိမ်ထောင်ပြုပြီးနောက် သူ့ကို ပြုစုစောင့်ရှောက်ရန် ပြောင်းရွှေ့တာဝန်ပေးခြင်း ခံခဲ့ရလေသည်။


သူသည် ပေါ်ယီမင်ကို မွေးကင်းစကလေးဘဝကတည်းက ကြီးပြင်းလာသည်အထိ စောင့်ရှောက်ခဲ့သူ ဖြစ်ကာ သူ့တွင် အိမ်ထောင်နှင့် သားသမီးလည်း မရှိသဖြင့် ထိုကောင်လေးကို မိသားစုဝင်ကဲ့သို့ သဘောထားလေသည်။


ပေါ်ယီမင်သည် မည်သို့ဖော်ပြရမှန်းမသိသော်လည်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။ "ဖေဖေကြီးက ဘာလို့ ဒီနေ့ ကုမ္ပဏီမသွားတာလဲ။ သူ အလုပ်မအားဘူး မဟုတ်လား။"


"သေချာတာပေါ့ကွာ.. အလုပ်များတာပေါ့"


အန်ကယ်ရွှီက သခင်ကြီး၏ စာကြည့်ခန်းဘက်သို့ ညွှန်ပြလိုက်သည်။ "အဲလ်ဘတ်က စာရွက်စာတမ်းတွေ အများကြီး ယူသွားတယ်"


သူက ပေါ်ထင်ယွမ်၏ လက်ထောက် အဲလ်ဘတ်ကို ဆိုလိုခြင်းဖြစ်သည်။


အဲလ်ဘတ်တွင် တရုတ်အမည်ရှိသော်လည်း အန်ကယ်ရွှီကတော့ သူ့ကို အင်္ဂလိပ်အမည်ဖြင့်သာ ခေါ်ရတာကို ပိုနှစ်သက်လေသည်။


"စာရွက်စာတမ်းတွေ အများကြီး" ဆိုသည့် စကားက ပေါ်ယီမင်၏ နားထဲသို့ ရောက်သွားသည့်အချိန်၌ သူ့စိတ်ထဲတွင်မူ "ကွာရှင်းပြတ်စဲခြင်း စာချုပ်များ"၊  "ပိုင်ဆိုင်မှု ခွဲဝေခြင်း သဘောတူညီချက်များ"၊ "ကလေးအုပ်ထိန်းမှုဆိုင်ရာ စီစဉ်မှုများ" ဟု ချက်ချင်းပင် အဓိပ္ပာယ်ကောက်ယူလိုက်သည်။


ထိုလူငယ်လေးသည် ဆတ်ခနဲ မတ်တတ်ရပ်လိုက်သဖြင့် အန်ကယ်ရွှီပင် လန့်သွားရခဲ့၏။


သူသည် သက်ကြီးရွယ်အိုကို တွဲပေးလိုက်ရင်း "ကျွန်တော် အပေါ်တက်တော့မယ်!" ဟု ပြောပြီးနောက် အပေါ်သို့ ပြေးတက်သွားတော့သည်။


တစ်နေ့တွင် သူ ဖျော်ဖြေပွဲကျင်းပသည့်အခါ သူ့အဖေနှစ်ယောက်စလုံးသည် ရှေ့ဆုံးတန်းရှိ VIP ထိုင်ခုံများတွင် ဘေးချင်းယှဉ်လျက် အသေအချာ ထိုင်နေရမည်ဖြစ်သည်။


( T /N : ယီမင်လေးရဲ့ ကြီးမားလှတဲ့ ရည်မှန်းချက်ကြီးပါ။ )


..........


ဝမ်ချီရှူးသည် စာကြည့်ခန်းထဲသို့ ဝင်လိုက်သောအခါ အသံနှစ်သံဖြင့် အင်္ဂလိပ်လို စကားပြောနေသံကို ကြားလိုက်ရသည်။


မည်သည့်ဘာသာစကားဖြင့် ပြောသည်ဖြစ်စေ ပေါ်ထင်ယွမ်၏ သြဇာညောင်းပြီး နက်ရှိုင်းသော အသံက အမြဲတမ်း အမိန့်ပေးနိုင်စွမ်းရှိပြီး ချက်ချင်း မှတ်မိနိုင်လေသည်။


အခြားအသံမှာ သူ၏လက်ထောက် အဲလ်ဘတ်၏အသံ ဖြစ်သည်။


ဝမ်ချီရှူး မှတ်မိသလောက်ဆိုလျှင် အဲလ်ဘတ်သည် ဥရောပတွင် ရှိစဉ်ကတည်းက ပေါ်ထင်ယွမ်နှင့်အတူ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပေါ်မိသားစု လုပ်ငန်းစုသို့ ဝင်ရောက်ရန် သူ့နောက်မှ တရုတ်နိုင်ငံသို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။


ဝမ်ချီရှူး ပေါ်လာသောအခါ ထိုနှစ်ဦးသည် သူတို့၏ ဆွေးနွေးမှုကို ခေတ္တရပ်လိုက်ကြသည်။


ပေါ်ထင်ယွမ်၏ အေးစက်သော မြစိမ်းရောင် မျက်ဝန်းများက သူ့မျက်မှန်နောက်ကွယ်မှနေ၍ ဝမ်ချီရှူးကို ဝေ့ကြည့်လိုက်သည်။


ပုံမှန်အားဖြင့် ဖားလျားချထားတတ်သော ဝမ်ချီရှူး၏ ဆံနွယ်ရှည်များသည် ယနေ့တွင် ထူးထူးခြားခြား ဆံထုံးအဖြစ် ထုံးဖွဲ့ထားရာ သူ၏ သွယ်လျပြီး နှင်းကဲ့သို့ ဖြူစင်သော လည်ပင်းကို ပေါ်လွင်စေပြီး သူ၏နူးညံ့သော နှင်းဆီဖူးကဲ့သို့ နှုတ်ခမ်းများကို ပိုမိုထင်ရှားစေလေသည်။


ပေါ်ထင်ယွမ်သည် မတ်တတ်ရပ်လိုက်ပြီး အဲလ်ဘတ်ကို ဆိုဖာဆီသို့ သွားရန် အမူအရာပြလိုက်သည်။


သူ အနားသို့ ချဉ်းကပ်လာစဉ် ဝမ်ချီရှူး၏ ဆံထုံးတွင် စောင်း၍ ထိုးထားသော ဆံထိုးကို သေသေချာချာ ကြည့်လိုက်သည်။


သူသည် ပုံသဏ္ဌာန်ကို အာရုံစိုက်ကြည့်လိုက်ရာ ၎င်းသည် လွန်ခဲ့သော နှစ်နှစ်က သူရွေးချယ်ခဲ့သည့် ဟော့တန်ကျောက်စိမ်း (Hetian jade) စာညှပ် ဖြစ်နေသည်မှာ အမှန်ပင်။


ထိုစဉ်က လေလံကုမ္ပဏီက စာရင်းစာအုပ်တစ်အုပ် ပေးပို့ခဲ့ပြီး သူက ဝမ်ချီရှူးအတွက် ပစ္စည်းအနည်းငယ်ကို ရွေးချယ်ပေးခဲ့သည်။


ထိုအချိန်က ဝမ်ချီရှူးသည် ဂရုမစိုက်ဟန်ဖြင့် အန်တီကျုံးကို သိမ်းဆည်းထားရန်သာ ပြောခဲ့လေသည်။ ဝမ်ချီရှူး ထိုင်လိုက်သည်နှင့် ပေါ်ထင်ယွမ်က သူ့ကျောအောက်သို့ ခါးမှီခေါင်းအုံးတစ်ခုကို လျှောသွင်းပေးလိုက်သည်။


လက်ထောက်အဲလ်ဘတ်သည်လည်း စားပွဲမှ လျှောက်လာပြီး ဆိုဖာရှေ့ရှိ ကော်ဖီစားပွဲပေါ်တွင် တက်ဘလက်တစ်ခုကို ချထားပေးလိုက်၏။


သူသည် နုနယ်သော်လည်း မင်းစိုးရာဇာ အသွင်အပြင်ရှိသော ထိုအမျိုးသားကို ပြုံးပြလိုက်သည်။ "မစ္စတာဝမ်... ဒီနေ့ ကြည့်ရတာ နေကောင်းပုံ ရတယ်"


သူသည် ဝမ်ချီရှူးနှင့် စတင်တွေ့ဆုံခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဝမ်ချီရှူးသည် အချိန်နှင့် လောကီရေးရာများ၏ မညှိုးနွမ်းစေဘဲ ကမ္ဘာလောကနှင့် ကင်းကွာကာ တည်ရှိနေသည့် နတ်သက်ကြွေသူတစ်ဦးကဲ့သို့ မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။


ဝမ်ချီရှူးက အနည်းငယ် ပြုံးပြလိုက်ကာ "ဟုတ်ကဲ့... ဒီနောက်ပိုင်း ကျွန်တော် ပိုပြီး အားအင်ပြည့်လာသလိုပဲ"


သူသည် ပေါ်ထင်ယွမ်ဘက်သို့ လှည့်ကြည့်ကာ "ဒါ မနေ့ညက ကျွန်တော်တို့ ပြောခဲ့တဲ့ ကိစ္စအကြောင်းလား" ဟု မေးလိုက်သည်။


"အင်း" ပေါ်ထင်ယွမ်က တက်ဘလက်ကို ကောက်ကိုင်ပြီး သူ့အတွက် ဖိုင်များကို ဖွင့်ပေးလိုက်သည်။


ဝမ်ချီရှူးသည် မျက်စိရှင်သူဖြစ်ရာ စနစ်တကျ ပြင်ဆင်ထားသော အစီအစဉ် အချက်အလက်များကို သတိပြုမိပြီးဖြစ်သည်။သူ၏ ဘယ်ဘက်ပုခုံးသည် ပေါ်ထင်ယွမ်နှင့် နီးကပ်နေပြီး မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များနှင့် စာသားများကို အာရုံစိုက်နေခဲ့သည်။


ပေါ်ထင်ယွမ်က မူလက ကမ်းပေးရန် ရည်ရွယ်ထားသော တက်ဘလက်သည် ဝမ်ချီရှူး၏ ရှေ့တွင်သာ ရှိနေပြီး သူ၏ ညာဘက်လက်မောင်းက ဝမ်ချီရှူးကို ပေါ့ပေါ့ပါးပါး ဖက်ထားသလို ဖြစ်နေခဲ့သည်။


အရပ်ရှည်ပြီး ပုခုံးကျယ်သောကြောင့် ထိုအမူအရာက သူသည် နုနယ်သော ဝမ်ချီရှူးကို လုံးဝ လွှမ်းခြုံထားသကဲ့သို့ ခံစားရစေသည်။


ဤအချက်အလက်များကို သတိမပြုမိဘဲ ဝမ်ချီရှူးက အံ့သြတကြီး မေးလိုက်၏။ "အခုခေတ်မှာ ကလေးတွေအတွက် သင့်တော်တဲ့ အစီအစဉ်တွေ ဒီလောက်တောင် များနေတာလား"


အဲလ်ဘတ်က ရှင်းပြသည်။ "ဟုတ်ကဲ့။ ရုပ်မြင်သံကြားလိုင်းတွေနဲ့ အွန်လိုင်းပလတ်ဖောင်းတိုင်းက ကြည့်ရှုနှုန်း (ratings) ရဖို့အတွက် လက်တွေ့ဘဝရိုက်ကူးရေး ရှိုးတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို တောက်လျှောက် ထုတ်လွှင့်နေကြတာ။ ကျွန်တော် ထပ်ခါတလဲလဲ ဖြစ်နေတဲ့ အစီအစဉ်တွေနဲ့ ထုတ်လုပ်မှု အရည်အသွေး ညံ့တာတွေကို ဖယ်ထုတ်ထားပြီးပါပြီ"


"ကောင်းပြီ... ကျွန်တော် တစ်ချက်လောက် ကြည့်လိုက်ဦးမယ်" ဝမ်ချီရှူးသည် "လူငယ်သီချင်းဆိုပြိုင်ပွဲ" ကဏ္ဍကို ကျော်ဖြတ်လိုက်သည်။


ရိုးရိုးသားသားပြောရလျှင် သူတို့၏ ပြဿနာရှာတတ်သော ကောင်လေးကို သီချင်းဆိုခိုင်းခြင်းက ဒိုင်လူကြီးများနှင့် ပရိသတ်များအတွက် ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်လိမ့်မည်ဟု သူထင်သည်။


လူငယ် အားကစားပြိုင်ပွဲအချို့က ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပေမယ့် ငါတို့ကောင်လေးက အဲဒါကို သဘောကျမှာ မဟုတ်ဘူး။


အဲလ်ဘတ်က ဆက်ပြောသည်။ " တင်းကျပ်တဲ့ သတ်မှတ်ချက်တွေမရှိတဲ့ အနုပညာကုမ္ပဏီတွေရဲ့ သင်တန်းသား အစီအစဉ်တွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် သူ ရွေးချယ်ခံရရင် သခင်လေးရဲ့ ကျောင်းပညာရေးကို တိုက်ရိုက်ထိခိုက်နိုင်တယ်။ ဒါကြောင့် ကျွန်တော် အဲဒါတွေကို ထည့်မတွက်ထားဘူး"


"မှန်တယ်... ကျောင်းပညာရေးကို မထိခိုက်စေရဘူး"


ဝမ်ချီရှူးက ခေါင်းညိတ်လိုက်ရင်း "မိဘနှင့်ကလေး ဖျော်ဖြေရေးအစီအစဉ်" ကဏ္ဍသို့ လက်ချောင်းများကို ရွှေ့လိုက်သည်။


"မိသားစု ရှိုးတွေလည်း ရှိတာပဲလား"


သူ ပိုကြည့်လေ ပို၍ စိတ်ဝင်စားလာလေ ဖြစ်သည်။ "မိသားစု ခရီးသွားအစီအစဉ်... ဒါကတော့ ငါ တကယ် ပျော်နိုင်မယ့်အရာပဲ"


အဲလ်ဘတ်က ရှင်းပြရန် ပြင်နေစဉ် ပေါ်ထင်ယွမ်က အချက်ပြလိုက်သဖြင့် အဲလ်ဘတ်သည် တိတ်ဆိတ်စွာ မတ်တတ်ရပ်လိုက်ပြီး စာကြည့်ခန်းထဲမှ ထွက်ခွာသွားလိုက်သည်။