Ch 23
Viewers 59

အခန်း (၂၃)

တုဇယ်ချန်းသည် တက်ကြွစွာဖြင့် ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများ စလုပ်သည်။

သို့သော် ထိုတက်ကြွမှုသည် နာကျင်မှုကြောင့် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ခြေထောက်များ ခံစားမှု ပြန်ရလာသည်နှင့်အမျှ အရိုးကျိုးသည့် ဒဏ်ရာများက အလွန် နာကျင်လာသည်။

မူးယစ်ဆေး ဖြတ်တဲ့ လူတွေ ဘာလို့ စိတ်မခိုင်ကြလဲ ဆိုတာ သူ နားလည်သွားပြီ။ တကယ် နာလွန်းတယ်။

ငယ်ငယ်က အကြီးမားဆုံး ဒဏ်ရာ ဆိုလို့ ချော်လဲပြီး ပွန်းပဲ့တာလောက်ပဲ ရှိဖူးတဲ့ သူ့အဖို့ အခု ခံစားနေရတာက အရိုးကို ဆောက်နဲ့ ထွင်းနေသလို နာကျင်လွန်းလှသည်။ အဲဒီအချိန်တွေမှာ လက်လျှော့လိုက်ချင်စိတ်တွေ ပေါ်လာပြီး ဒီအတိုင်း လေဖြတ်နေရင် ကောင်းသားလို့ တွေးမိသည်။

ကံကောင်းသည်မှာ ရှန်ယို့ယောင်က သူ့ဘေးနားတွင် ရှိနေသည်။ ဟုတ်သည်... တစ်ညလောက် နားပြီးနောက် သူမသည် မျက်နှာ ဖူးရောင်နေသည်မှ လွဲ၍ ကျန်းမာနေသည်။ ဆရာဝန်ကလည်း ပြင်းပြင်းထန်ထန် မလှုပ်ရှားရင် ရပြီဟု ပြောသည်။

ဒီလောက် သေးသွယ်တဲ့ ခန္ဓာကိုယ်ထဲမှာ ဒီလောက်ကြီးမားတဲ့ ဇွဲသတ္တိတွေ ဘယ်လိုများ ကိန်းအောင်းနေပါလိမ့်။

တုဇယ်ချန်းသည် ရှန်ယို့ယောင်၏ လက်ကို ကိုင်ထားရင်း သူမ မနေ့က သူ့ကို ဘယ်လိုများ မတ်တတ်ရပ်အောင် လုပ်ခဲ့သလဲ ဆိုတာ မေးချင်နေသည်။

သို့သော် မှန်ထဲတွင် သူ့ပုံစံကို မြင်လိုက်ရသောအခါ လန့်သွားသည်။ မျက်နှာက နီရဲနေပြီး သွေးကြောများ ထောင်ထကာ သွားဖြီးနေသော ပုံစံက ရုပ်ဆိုးလွန်းလှသည်။ အနုပညာလောက၏ နံပါတ်တစ် အချောအလှ ဆိုသူက ဒီလိုပုံစံ ဖြစ်နေသည်။

ရှန်ယို့ယောင်က သူ့ကို ကြည့်နေမှန်း သတိရသွားပြီး မျက်နှာထားကို ချက်ချင်း ပြင်လိုက်သည်။ နောင်တစ်ချိန်တွင် နာမည်ကြီးလာမည့် သူ့၏ မျက်နှာထား ထိန်းချုပ်နိုင်စွမ်းသည် ဒီအချိန်က စတင်ခဲ့ခြင်း ဖြစ်သည်။

ရှန်ယို့ယောင်က ချွေးတွေ ရွှဲနေသည့်ကြားမှ အပြုံးမပျက်ဘဲ နေနိုင်သော သူ့ကို ကြည့်ပြီး ချီးကျူးလိုက်သည်။

"တကယ်ကို အရိုးမာတာပဲ... တော်လိုက်တာ"

"မင်းကမှ တကယ့် အရိုးမာတာပါ..."

တကယ်တမ်းတွင် တုဇယ်ချန်းသည် နာကျင်လွန်း၍ ငိုချင်နေပြီ ဖြစ်သည်။ အာရုံလွှဲရန်အတွက် သူမအကြောင်းကို မေးမြန်းလိုက်သည်။

"အဲဒီနေ့တုန်းက မင်း ဘယ်လိုများ တောင့်ခံနိုင်ခဲ့တာလဲ။ ငါ့ဒဏ်ရာထက် ပိုနာမှာ သေချာတယ်"

ထိုအကြောင်းကို ပြောမိမှ အရေးကြီးဆုံး မေးခွန်းကို သတိရသွားသည်။

"ပြီးတော့... အဲဒီနေရာကို မင်း ဘယ်လိုသိတာလဲ။ ပြီးတော့ အရမ်း ကျွမ်းကျင်နေသလိုပဲ... အရင်က ထိုးဖူးလား"

ထိုးဖူးတာပေါ့။ သို့သော် ပိုက်ဆံအတွက် မဟုတ်ဘဲ စိတ်ဓာတ်ခွန်အား တည်ဆောက်ရန်အတွက် ဖြစ်သည်။ သာမန် ပါရမီသာ ရှိသော သူမသည် လက်ဝှေ့လောကတွင် နေရာတစ်နေရာ ရရှိရန်အတွက် မယိမ်းယိုင်သော ဇွဲလုံ့လကိုသာ အားကိုးခဲ့ရသည်။

လက်ဝှေ့လောကတွင် သူမ၏ အမည်ဝှက်မှာ ဖီးနစ်ဖြစ်သည်။ သူမကို လုံးဝ လဲကျသွားအောင် မလုပ်နိုင်သရွေ့ သူမသည် အမြဲတမ်း ပြန်လည် မတ်တတ်ရပ်လာစမြဲ ဖြစ်သည်။

သို့သော် ဤအကြောင်းများကို ထုတ်ပြော၍ မဖြစ်။ ရှန်ယို့ယောင် ခေတ္တ တုံ့ဆိုင်းသွားပြီးမှ ဖြေလိုက်သည်။

"ဆင်းရဲလို့လေ... ရိုက်ကူးရေး အလုပ် မရရင် ပိုက်ဆံရအောင် တစ်ပွဲလောက် ဝင်ထိုးမလို့ စဉ်းစားထားတာ"

ဒါကတော့ အမှန်ပင်။ ထို့ကြောင့် သူမ၏ အတွေ့အကြုံကို အသုံးချပြီး မြေအောက် လက်ဝှေ့ရုံ တည်နေရာကို လျင်မြန်စွာ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။ သရုပ်ဆောင် ပညာ သင်ယူရန် အချိန်ပို လိုချင်သဖြင့် ငွေမြန်မြန်ရသော မြေအောက် လက်ဝှေ့ပွဲက သူမအတွက် အသင့်တော်ဆုံး ဖြစ်ခဲ့သည်။ တစ်ပွဲလောက် ထိုးရုံနှင့် လုံလောက်ပြီဟု တွက်ဆခဲ့သော်လည်း မထင်မှတ်ဘဲ တုဇယ်ချန်းအတွက် အရင် သုံးလိုက်ရခြင်း ဖြစ်သည်။

တုဇယ်ချန်းက ဒေါသထွက်သွားသည်။

"အဲဒီနေရာက ဘယ်လောက် အန္တရာယ် များလဲ မင်း သိရဲ့လား။ သေရေးရှင်ရေးတောင် အာမ မခံတဲ့ နေရာမျိုးနော်"

ရှန်ယို့ယောင်က နှုတ်ခမ်းကို စေ့ထားလိုက်သည်။ သူမ သိတာပေါ့။ သို့သော် ထိုနေရာတွင် အသက်နှင့်ရင်းပြီး ထိုးသတ်နေကြသူ အများစုမှာ ဘဝ၏ အကျပ်အတည်းကြောင့် ဖြစ်သည်။ သူမကတော့ တုဇယ်ချန်း၏ ဇနီးဟူသော ခေါင်းစဉ် တပ်ထားသဖြင့် ပြဿနာ မတက်ချင်သော လက်ဝှေ့ရုံပိုင်ရှင်များက သူမအပေါ် လွန်လွန်ကျွံကျွံ လုပ်ရဲမည် မဟုတ်။ အနည်းဆုံးတော့ သူမနှင့် သူမ၏ ပြိုင်ဘက်ကို စိတ်ကြွဆေး သုံးခွင့် ပြုမည် မဟုတ်ပေ။

"မင်း အရင်က မြေအောက် လက်ဝှေ့ ထိုးဖူးလား"

တုဇယ်ချန်းသည် ဟန်ပြသာ ဖြစ်သော်လည်း သူ့ဇနီးသည် အကြောင်းကို သိထားသင့်သည်ဟု ယူဆလိုက်သည်။

အကြိမ်ပေါင်းများစွာ ထိုးဖူးသည်။ မြေအောက် လက်ဝှေ့ရုံ ဆိုသည်မှာ အရည်အချင်း အမြန်ဆုံး တိုးတက်စေသော နေရာဖြစ်သည်။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသော ကြောက်ရွံ့မှုက လူတစ်ယောက်၏ အကန့်အသတ်များကို ကျော်ဖြတ်နိုင်စေသည်။ ထို့ကြောင့် တုဇယ်ချန်းက လက်လျှော့လိုက်ပြီဟု ပြောသောအခါ သူမ ဦးဆုံး ပြေးမြင်မိသည်က ထိုနေရာပင်။ သေမင်းနှင့် မျက်နှာချင်းဆိုင် တွေ့ရချိန်မှာတောင် လက်လျှော့ရဲသေးလား ဆိုတာ စမ်းသပ်ချင်ခဲ့သည်။

"မင်း မိဘတွေက ဂရုမစိုက်ဘူးလား"

"ကျွန်မက မိဘမဲ့ပါ"

ရှန်ယို့ယောင်က ပြန်ဖြေလိုက်သည်။ ဝတ္ထုထဲတွင် ထိုမျှသာ ဖော်ပြထားပြီး အခြား အကြောင်းအရာများ မပါရှိပေ။ တုဇယ်ချန်းက ဆက်ပြောရန် စောင့်မျှော်နေသဖြင့် သူမ ဆက်ပြီး လိမ်လိုက်ရသည်။

"ငယ်ငယ်တုန်းက ပိုက်ဆံ ရှာဖို့အတွက် မြေအောက် လက်ဝှေ့ရုံမှာ အလုပ်လုပ်ဖူးတယ်"

"ခေါင်းလောင်း ကိုင်တဲ့ ကောင်မလေးလား"

တုဇယ်ချန်းက ဇာတ်လမ်း ဆက်ပေးလိုက်သည်။

ရှန်ယို့ယောင်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

"နောက်ပိုင်းကျတော့ သရုပ်ဆောင် လုပ်ချင်လို့ ပိုက်ဆံလိုတာနဲ့ ဝင်ထိုးဖြစ်သွားတာ"

ပထမဆုံးအကြိမ် လိမ်ညာပြောဆိုရခြင်း ဖြစ်သဖြင့် သူမသည် တုဇယ်ချန်း၏ မျက်လုံးများကို မကြည့်ရဲပေ။

တုဇယ်ချန်းကမူ သူမသည် အတိတ်က ဆိုးရွားသော အဖြစ်အပျက်များကို ပြန်သတိရပြီး စိတ်မကောင်း ဖြစ်နေသည်ဟု ထင်မှတ်သွားသည်။ သူမ ပြောပြသည်က ပေါ့ပါးသယောင် ရှိသော်လည်း ဘယ်လောက်တောင် ပင်ပန်းဆင်းရဲခဲ့ရမလဲ ဆိုတာ မတွေးရဲစရာပင်။ သူ့ရင်ထဲတွင် သနားကြင်နာစိတ်များ ပြည့်နှက်လာပြီး သူမကို ဖက်ထားလိုက်မိသည်။

"အရာအားလုံး ပြီးသွားပါပြီ... နောက်ဆိုရင် ကိုယ် ရှိတယ်"

"နောက်ဆိုရင် ကိုယ် ရှိတယ်" ဟူသော စကားကို ပြောလိုက်သည့် ခဏတွင် တုဇယ်ချန်းသည် တာဝန်ယူမှုဟူသော အဓိပ္ပာယ်ကို နက်ရှိုင်းစွာ နားလည်လိုက်သည်။

သူမကို ပေါ့ပါးလွတ်လပ်စွာ ရှင်သန်စေချင်သည်။ အန္တရာယ်များသော ကြိုးဝိုင်းပေါ်သို့ နောက်ထပ် ဘယ်တော့မှ မရောက်စေချင်တော့။ ထိုသို့ ဖြစ်လာစေရန်အတွက် သူသည် သူမ ဘဝ၏ တစ်စိတ်တစ်ပိုင်းကို တာဝန်ယူထမ်းဆောင်ရမည်။ ထို့ကြောင့် သူ ပိုမို သန်မာလာဖို့ လိုအပ်သည်။

ဒါကြောင့်... ခြေထောက်က နာကျင်မှုလောက်ကတော့ ပြောပလောက်တဲ့ ကိစ္စ မဟုတ်တော့ဘူး။ နည်းနည်းလေးမှ မနာတော့ဘူး။

ထိုသို့ တင်းခံနိုင်သည်မှာ တစ်ရက်သာ ကြာလိုက်သည်။ တုဇယ်ချန်း၏ အကိုက်အခဲပျောက်ဆေးလေးသည် မကြာခင် ပြန်သွားရတော့မည်။ ဒါရိုက်တာဟူ ထံမှ ဖုန်းဝင်လာပြီး ရှန်ယို့ယောင်ကို ရိုက်ကွင်း ပြန်လာရန် ခေါ်လေသည်။

အဘိုးထန် ကွယ်လွန်ခြင်းနှင့် တုဇယ်ချန်း မတော်တဆမှု ဖြစ်ပွားခြင်း သတင်းများက နေရာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်ရာ ရိုက်ကွင်းမှ လူများလည်း သိရှိကြသည်။ ဒါရိုက်တာဟူသည် သူမကို စာနာသဖြင့် သူမ၏ ဇာတ်ဝင်ခန်းများကို နောက်ဆုံး အချိန်ထိ ရွှေ့ဆိုင်းပေးထားခဲ့သည်။ ယခုတော့ ထပ်ရွှေ့၍ မရတော့။ အရန် ဇာတ်ကောင်လေး တစ်နေရာအတွက်နှင့် ရိုက်ကူးရေး ဘတ်ဂျက်ကို ထပ်တိုးပေးရန် မဖြစ်နိုင်တော့ပေ။

ရှန်ယို့ယောင်က သဘောတူလိုက်သည်။ ဖုန်းချပြီးနောက် တုဇယ်ချန်းကို လှည့်ကြည့်ကာ မှာကြားလိုက်သည်။

"နောက်ထပ် အလိမ်မခံရစေနဲ့နော်"

ဒီရက်ပိုင်းအတွင်း တုဟုန်ရိနှင့် အတွင်းရေးမှူးယန်တို့သည် အမွေကိစ္စနှင့် သားဖြစ်သူအတွက် လမ်းခင်းသည့် ကိစ္စများဖြင့် အလုပ်ရှုပ်နေကြသဖြင့် တုဇယ်ချန်းကို လာမကြည့်နိုင်ကြ။ သူမ မရှိခိုက် တုဇယ်ချန်း ထပ်ပြီး ထောင်ချောက်မိသွားမှာကို စိုးရိမ်မိသည်။

တုဇယ်ချန်းက ခါးသီးသော အတိတ်ကို ပြန်သတိရသွားသည့် ပုံစံဖြင့် ဖြေလိုက်သည်။

"တစ်ခါလောက် အသည်းကွဲရင် လုံလောက်ပါပြီ။ ငါ စိတ်ပူတာက မင်း ထပ်ပြီး အသက်နဲ့ရင်းမှာကိုပဲ။ ပြောစမ်းပါဦး... မင်း တုံးနေတာလား။ ငါသာ မတ်တတ်မရပ်နိုင်ခဲ့ရင် မင်း တကယ်ကြီး စင်ပေါ်မှာ အသေခံတော့မလို့လား"

ရှန်ယို့ယောင် ပြုံးလိုက်သည်။ သူမ တကယ် အသေခံမည် မဟုတ်။ တစ်ချက်က သူမသည် မြေအောက် လက်ဝှေ့ပွဲ အတွေ့အကြုံ များသူ ဖြစ်သည်။ နောက်တစ်ချက်က သူမ၏ နောက်ခံ အသိုင်းအဝိုင်း ဖြစ်သည်။ ရှကျွင်းချီတို့၏ မျိုးရိုးဂုဏ်ဒြပ်ကို လက်ဝှေ့ရုံ ပိုင်ရှင်က အစကတည်းက သိထားပြီး ဖြစ်ရာ သူမကို တကယ်တမ်း ဒုက္ခရောက်အောင် လုပ်ရဲမည် မဟုတ်ပေ။

သို့သော် ဒေါသထွက်နေသော တုဇယ်ချန်းကို ကြည့်ပြီး အမှန်တိုင်း မပြောပြတော့ရန် ဆုံးဖြတ်လိုက်သည်။

ရိုးသားတဲ့ လူတွေမှာလည်း ဉာဏ်နီဉာဏ်နက် ရှိတတ်တာပဲလေ။

"ဒါနဲ့... ဒဏ်ရာက သက်သာရဲ့လား"

ရှန်ယို့ယောင်က မျက်နှာကို စမ်းကြည့်လိုက်သည်။

"မျက်နှာက နည်းနည်း ညိုမည်းပြီး ဖူးရောင်နေတာကလွဲရင် အဆင်ပြေပါတယ်။ ဆေးမှန်မှန် လိမ်းရင် နောက်နှစ်ရက်လောက်ဆို ရှုတင် ပြန်ဆင်းလို့ ရပါပြီ"

တုဇယ်ချန်း သူမကို သံသယ ဖြစ်သွားသည်။

"ဘယ်သူက မင်းမျက်နှာ အကြောင်း မေးနေလို့လဲ"

"ခန္ဓာကိုယ်ကလည်း အဆင်ပြေပါတယ်"

သူမက ပြောရင်း လက်သီးနှစ်ချက်လောက် ထိုးပြလိုက်သည်။ သူ မယုံမှာ စိုးလို့ သက်သေပြလိုက်ခြင်း ဖြစ်သည်။

တုဇယ်ချန်းသည် ချိုင်းထောက်ကို အားပြုရင်း သူ့ရှေ့တွင် တက်ကြွစွာ လှုပ်ရှားနေသော သူမကို ကြည့်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။

"မင်းက လာကြွားနေတာလား"

ရှန်ယို့ယောင် ချက်ချင်း ငြိမ်ကျသွားပြီး မတ်မတ်ရပ်လိုက်သည်။

သူမ ထွက်သွားလျှင် စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်သဖြင့် တုဇယ်ချန်း အကြံတစ်ခု ရလိုက်သည်။

ရှန်ယို့ယောင်သည် ကင်မရာ ချိန်နေသော တုဇယ်ချန်းကို ကြည့်ပြီး နားမလည်စွာ မေးလိုက်သည်။

"ဘာလုပ်မလို့လဲ"

တုဇယ်ချန်းက ကင်မရာကို သူမဘက် လှည့်လိုက်သည်။

"လာ... ငါ့ကို အားပေးစကားလေး နည်းနည်းလောက် ပြောပေး။ မင်း မရှိတဲ့အချိန် ငါ ဒါကို ကြည့်ပြီး အားမွေးမလို့"

ရှန်ယို့ယောင် ရယ်ချင်သွားသည်။

"အဲဒီလောက်ထိ လိုလို့လား"

"လိုတာပေါ့... ဘာလို့ မလိုရမှာလဲ"

တုဇယ်ချန်းက အတင်း တိုက်တွန်းလိုက်သည်။

"တစ်ယောက်ယောက်က တိုက်တွန်းနေမှ ငါက ကြိုးစားချင်စိတ် ရှိမှာ။ မဟုတ်ရင် ဆက်မလုပ်နိုင်ဘဲ နေလိမ့်မယ်"

ရှန်ယို့ယောင် ကင်မရာကို အကြာကြီး စိုက်ကြည့်နေပြီးမှ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"ကျွန်မ မပြောတတ်ဘူး"

သူမက အမှန်အတိုင်း ဝန်ခံလိုက်ခြင်း ဖြစ်သော်လည်း မျက်မှောင်ကြုတ်ပြီး မျက်လုံးမှိတ်ကာ ညည်းတွားလိုက်ပုံလေးက ချစ်စရာ ကောင်းနေသည်။ တုဇယ်ချန်း ရင်ခုန်သွားသော်လည်း ဟန်မပျက် ပြောလိုက်သည်။

"သရုပ်ဆောင်နေတယ်လို့ သဘောထားလိုက်ပေါ့။ ကင်မရာ ရှေ့ရောက်ရင် ဒီလိုပဲ လုပ်နေမှာလား"

အလုပ်သဘော ပြောလိုက်မှ ရှန်ယို့ယောင် လေးနက်သွားသည်။ ကိုယ်နေဟန်ထား ပြင်လိုက်ပြီး လည်ချောင်းရှင်းကာ ကင်မရာကို ကြည့်လိုက်သည်။

"တုဇယ်ချန်း... ကြိုးစားပါ"

သူမက လေးနက်စွာ ပြောလိုက်သည်။

တုဇယ်ချန်း စောင့်နေသော်လည်း ဘာဆက်မှ မကြားရတော့။

"ဒါပဲလား"

ရှန်ယို့ယောင်က မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ပြန်ကြည့်လိုက်သည်။ ဒါပဲလေ... ဘာလိုသေးလို့လဲဟု မေးနေသယောင်။

ထို့နောက် တုဇယ်ချန်း၏ မျက်နှာထားကို ကြည့်ပြီး သူမ၏ စွမ်းဆောင်ရည် မကောင်းမှန်း သဘောပေါက်သွားသည်။ ခေါင်းကို ကုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။

"တိုလွန်းသွားလား... ဒါဆို ကျွန်မ ရှင့်ကို အားပေးနေမယ် ဆိုတာလေး ထပ်ထည့်လိုက်မယ်လေ... ရမလား"

"မရပါဘူး"

တုဇယ်ချန်း သူမအတွက် စိတ်ပူလာသည်။

"နောက်ဆို အင်တာဗျူးတွေ ဖြေရင် ဘယ်လို လုပ်မလဲ"

အလုပ်အကိုင် တိုးတက်ရေးနှင့် ဆိုင်နေသဖြင့် ရှန်ယို့ယောင် အလေးအနက် စဉ်းစားခန်း ဝင်သွားပြန်သည်။

သူမ၏ အခက်တွေ့နေသော ပုံစံလေးသည် မကြာသေးမီက ရေပန်းစားနေသော ကြောင်ပေါက်လေး meme နှင့် တူနေသည်။ သူစိမ်းနေရာတွင် ပစ်ထားခံရပြီး ကြောက်လန့်တကြား ဘေးဘီဝဲယာ ကြည့်နေသည့် ပုံစံမျိုး၊ ကြည်လင်သော မျက်ဝန်းလေးများက အကူအညီ တောင်းနေသလို၊ သနားစရာ ကောင်းနေသလို ဖြစ်နေသည်။

တုဇယ်ချန်း အသည်းယားသွားပြီး သူမကို ဆက်ပြီး အခက်မတွေ့စေလိုတော့။

"ကဲ... ငါ ပြောတဲ့အတိုင်း လိုက်ပြော။ 'တုဇယ်ချန်း... ကြိုးစားပါ... ရှင် လုပ်နိုင်မှာပါ... ကျွန်မ ရှင့်ကို စောင့်ကြည့်နေမယ်... ရှင် မတ်တတ်ရပ်နိုင်ရင် ကျွန်မတို့ အတူတူ သရုပ်ဆောင်ကြမယ်... ခရီးတွေ အတူတူ သွားကြမယ်'..."

"နေဦး... နေဦး... ရှည်လွန်းတယ်"

ရှန်ယို့ယောင် အမြန် တားလိုက်သည်။

"အားပေးရုံပဲ မဟုတ်ဘူးလား... တိုတိုလေးပဲ ထားပါ"

တုဇယ်ချန်း ခဏ ရပ်သွားသည်။

"ကောင်းပြီလေ... မင်းက ချစ်စရာ ကောင်းနေတာကိုး"

သူ့ထုံးစံအတိုင်း နောက်ပြောင်လိုက်မှန်း သိသော်လည်း ရှန်ယို့ယောင် မျက်နှာ ရဲသွားသည်။

"ဘာလို့ ဒီလောက် ရှက်တတ်ရတာလဲ"

တုဇယ်ချန်း နှုတ်ခမ်းကို သပ်လိုက်သည်။

"'တုဇယ်ချန်း ကြိုးစားပါ... ရှင် လုပ်နိုင်ပါတယ်... ကျွန်မ ရှင့်ကို အမြဲ ကြည့်နေမှာပါ... ချစ်တယ်နော်... မွမွ' ဒီလောက်ဆို ရပြီ"

သူမက ကန့်ကွက်ချင်နေသည်ကို မြင်တော့ တုဇယ်ချန်း မျက်လုံး ပြူးပြလိုက်သည်။

"ဒီလောက် လျှော့ပေးထားတာတောင် မရဘူးလား"

ပုံမှန်အချိန်တွင် ရှန်ယို့ယောင်သည် သဘောကောင်းပြီး အနည်းငယ် ကြောက်တတ်သဖြင့် သူ မကျေနပ်သည်ကို မြင်တော့ ခေါင်းညိတ် လက်ခံလိုက်သည်။

သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကင်မရာကို ကြည့်လိုက်သည်။

"တုဇယ်ချန်း... ကြိုးစားပါ... ရှင် လုပ်နိုင်ပါတယ်... ကျွန်မ ရှင့်ကို အမြဲ ကြည့်နေမှာပါ..."

ပြောရင်းဆိုရင်း နောက်ဆုံး စာသားကို ပြောမထွက်တော့။ မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ရှက်ရွံ့စွာ ရယ်မောလိုက်မိသည်။ သူမ၏ ရယ်သံတွင် ရှက်စိတ်နှင့် မတတ်သာသည့် သဘောများ ရောပြွမ်းနေသည်။

တုဇယ်ချန်းသည် သူမကို ဆွဲဖက်လိုက်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။ သူမ အနေဖြင့် ရှက်စိတ်ကို ကျော်ဖြတ်ရသည်မှာ မလွယ်ကူသလို၊ သူ့အနေဖြင့်လည်း စိတ်ဆန္ဒကို ထိန်းချုပ်ရသည်မှာ မလွယ်ကူလှပေ။

နောက်ဆုံးတွင် ဗီဒီယိုဖိုင် ထွက်လာသည်။ "ချစ်တယ်နော်... မွမွ" ဆိုသည့် စာသားကို ပြောသည့်အခါ အာ... ရှင်က သိပ်နှောင့်ယှက်တာပဲဟု ပြောနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် တုဇယ်ချန်းကမူ သဘောကျလွန်း၍ တစ်နေကုန် ဖွင့်ကြည့်ချင်နေသည်။