အခန်း (၂၂)
သူတို့အနေဖြင့် ရှန်ယို့ယောင်က ဒီအကြောင်းကို ဘယ်လိုသိသလဲ ဆိုတာ နားမလည်ကြသော်လည်း သူမ၏ စကားတစ်ခွန်းက အားလုံးကို အားတက်သွားစေသည်မှာ အမှန်ပင်။ အထူးသဖြင့် တုဇယ်ချန်း... သူသည် ဒုက္ခကို ကြိတ်မှိတ်ခံရန် ပြင်ဆင်ထားသော်လည်း ယခုအခါတွင် သူသည် ခေါင်းငုံ့ခံစရာ မလိုရုံသာမက ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ရှန်ယို့ယောင်သာ သူ့ကို အမှောင်ထုထဲမှ ဆွဲထုတ်မပေးခဲ့လျှင် အခြေအနေများ မည်မျှ ဆိုးရွားသွားမည်ကို သူ တွေးတောင် မတွေးရဲတော့။
သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ယို့ယောင်"
ရှန်ယို့ယောင် ပြုံးလိုက်သည်။
"ကြိုးစားထားနော်... ရှင် ပြောခဲ့တဲ့ စကားကို မှတ်မိသေးတယ် မလား။ 'ငါက အရိုးမာတယ်' ဆိုတာလေ... အခု လက်တွေ့ပြရမဲ့ အချိန် ရောက်ပြီ"
သူမ၏ မျက်နှာသည် ဖူးရောင်နေပြီး ကြည့်ရဆိုးနေသော်လည်း တုဇယ်ချန်း စိတ်ထဲတွင် သူမကို နမ်းချင်စိတ် ပေါက်သွားသည်။ ရေခဲအိတ်ကို တဘက်ဖြင့် ပတ်ကာ သူမ၏ နှုတ်ခမ်းထောင့်မှ ဒဏ်ရာကို ဖိကပ်ပေးရင်း လေးနက်စွာ ကတိပေးလိုက်သည်။
"ငါ သက်သေပြပါ့မယ်"
သူ့လေသံ ထူးခြားနေသည်ဟု ရှန်ယို့ယောင် ခံစားရသော်လည်း အလေးအနက် မတွေးမိ။ သူ့ကို သတိပေးပြီးနောက် ဆက်လက် အနားယူနေလိုက်သည်။
ချီကောင်းရီကတော့ တစ်ခုခုကို ရိပ်မိလိုက်သဖြင့် မျက်စပစ်ပြနေသည်။
တုဇယ်ချန်းက ပြုံးလိုက်ပြီး ရှန်ယို့ယောင်၏ မျက်နှာပေါ်သို့ ကျရောက်နေသော အကြည့်များက အလွန် နူးညံ့သိမ်မွေ့သွားသည်။ သူ သက်သေပြရမည်။ ကိုယ့်ကိုယ်ကိုယ် အတွက်သာမက သူမနှင့် ထိုက်တန်သူ တစ်ယောက် ဖြစ်လာစေရန်အတွက်လည်း သူ ကြိုးစားရမည်။
ဒီအကြောင်း တွေးမိတော့ ရယ်ချင်စိတ် ပေါက်သွားသည်။ တစ်ချိန်က ဘဝင်မြင့်ခဲ့သော သူသည် တစ်နေ့တွင် မိမိကိုယ်ကို နှိမ့်ချပြီး တစ်စုံတစ်ယောက်နှင့် ထိုက်တန်အောင် ကြိုးစားချင်စိတ် ပေါက်လာလိမ့်မည်ဟု ထင်မထားခဲ့မိ။ ထိုသို့ နှိမ့်ချရခြင်းကိုပင် ပျော်ရွှင်နေမိသည်။
ဆေးရုံသို့ ပြန်ရောက်သောအခါ ညနေစောင်းနေပြီဖြစ်သည်။ ချီကောင်းရီက ရှန်ယို့ယောင် ကုသမှု ခံယူရာသို့ လိုက်ပါ စောင့်ရှောက်ပေးရန် တာဝန်ယူလိုက်သည်။ သူက သူမ၏ ပရိသတ် ဖြစ်နေပြီလေ။
ဆရာဝန် တွန်းခေါ်သွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း တုဇယ်ချန်းသည် နေကောင်းချင်စိတ် ပိုပြင်းပြလာသည်။ မဟုတ်လျှင် သူမဘေးနားတွင် နေခွင့်တောင် ရမည် မဟုတ်။
အခန်းသို့ ပြန်ရောက်သောအခါ အလောတကြီး ရောက်လာသော ကျူးယန်လင်နှင့် တိုးသည်။ သူသည် စုတ်ပြတ်သတ်နေသော လူအုပ်ကြီးကို ကြည့်ပြီး အံ့သြနေသည်။ တုဇယ်ချန်းသည် အဝတ်အစား မသပ်မရပ်၊ ဆံပင်ဖရိုဖရဲနှင့် ဖြစ်နေသလို ရှကျွင်းချီတို့လည်း စစ်ပွဲမှ ပြန်လာသူများကဲ့သို့ ဖြစ်နေသည်။
"သူ့ကို ကြည့်မရလို့ ဝိုင်းထိုးလာကြတာလား"
တုဇယ်ချန်းက ရယ်မောလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို ရိုက်ချင်နေတာ ကြာပြီ မလား။ သူတို့က ခင်ဗျား ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တယ်လို့ သဘောထားလိုက်လေ"
သူ့စကားကြောင့် ကျူးယန်လင် လန့်သွားသည်။
"မင်း... သတိပြန်ဝင်လာပြီလား"
ပါးစပ်ကသာ မေးလိုက်သော်လည်း မျက်နှာတွင် ဝမ်းသာမှုနှင့် စိတ်သက်သာရာ ရမှုများ ပေါ်လွင်နေသည်။
တုဇယ်ချန်းက ကိုယ်ကို ကိုင်းပြီး သူ့ကို ဖက်လိုက်သည်။
"တောင်းပန်ပါတယ် အစ်ကိုကျူး... ခင်ဗျားကို စိတ်ပူစေမိပြီ"
ကျူးယန်လင်က နှာသံပါပါဖြင့် ပြန်ဆဲလိုက်သည်။
"မင်းကတော့လေ... ဘယ်တော့မှ စိတ်ချရတယ် မရှိဘူး"
"ဒါနဲ့... ဘာကိစ္စ ရှိလို့ ရောက်လာတာလဲ"
"ရှန်ယို့ယောင်ကို လာရှာတာ"
ကျူးယန်လင်က ပြောလိုက်သည်။
"သူ ဘယ်သွားလဲ... ဖုန်းဆက်တာလည်း မကိုင်ဘူး"
အားလုံး တိတ်ဆိတ်သွားကြသည်။ သူမ မြေအောက် လက်ဝှေ့ပွဲ သွားထိုးတယ်လို့ ပြောပြရင် ယုံပါ့မလား မသိ။
"ဘာဖြစ်လို့လဲ... သူ ခဏနေ ပြန်ရောက်လာလိမ့်မယ်။ ကျွန်တော့်ကို ပြောထားခဲ့လေ... ပြန်ပြောပြပေးမယ်"
"ဒါရိုက်တာဟူက ဖုန်းဆက်လာတယ်။ ကုမ္ပဏီက ရှန်ယို့ယောင်ကို လူစားလဲချင်နေတယ်တဲ့။ သူ့သဘောထား လာမေးတာ"
"ဘာ..."
တုဇယ်ချန်း ဒေါသထွက်သွားသည်။
"အဲဒီလောက် ဇာတ်ရုပ်သေးသေးလေးကိုတောင် ဒီလို လုပ်ရသလား။ ဒါမှမဟုတ် အွန်လိုင်းက သတင်းတွေကြောင့် ဒါရိုက်တာက မကြိုက်တာလား"
ပုံမှန်အားဖြင့် မူးယစ်ဆေး၊ အိမ်တွင်းအကြမ်းဖက်မှု စသည့် ကြီးလေးသော ပြစ်မှုများ မဟုတ်လျှင် ဒါရိုက်တာများသည် ကောလာဟလများကို ဂရုမစိုက်ဘဲ သရုပ်ဆောင် အရည်အချင်းကိုသာ ဦးစားပေးလေ့ ရှိသည်။
"အဲဒီလို ဆိုရင်တော့ ကျွန်တော် ကိုယ်တိုင် ဖုန်းဆက် ရှင်းပြလိုက်မယ်။ ဇာတ်ကား ရုံတင်တဲ့ အချိန်ကျရင် အားလုံး ရှင်းသွားမှာပါ"
"ဒါရိုက်တာဟူရဲ့ ပြဿနာ မဟုတ်ဘူး"
ကျူးယန်လင် ရှင်းပြသည်။
"သူက ယို့ယောင်ကို သဘောကျတယ်။ ပါရမီရှိတယ် ဆိုပြီး ဆက်သုံးချင်နေတာ။ ကုမ္ပဏီကမှ အတင်း လဲချင်နေတာ"
"အတွင်းရေးမှူးယန်လား"
တုဇယ်ချန်းက ရယ်ချင်သွားသည်။
"ဒီလောက် ဇာတ်ရုပ် သေးသေးလေးကိုတောင် လိုက်နှောင့်ယှက်နေတာ... စိတ်သဘောထား သေးသိမ်လိုက်တာ"
"သူတင် မကဘူး"
ကျူးယန်လင် စကားမဆက်ဘဲ ရပ်လိုက်သည်။
"ဘယ်သူ ရှိသေးလို့လဲ"
တုဇယ်ချန်း မေးလိုက်သည်။
"ပြောသာ ပြောပါဗျာ... ကျွန်တော့်အဖေမှာ တရားမဝင် သားရှိတယ် ဆိုတာတောင် လက်ခံနိုင်သေးတာပဲ... ဘာလာလာ မမှုတော့ပါဘူး"
"မင်း ရုတ်တရက်ကြီး ရင့်ကျက်သွားတော့ ငါ နည်းနည်း စိမ်းနေသလိုပဲ"
ကျူးယန်လင်က ပြုံးလိုက်ပြီး ဆက်ပြောသည်။
"ဖန်ရွှယ်ယင်းက ယင်းဟောင် ကုမ္ပဏီနဲ့ စာချုပ်ချုပ်တော့မယ်"
ကြိုတင် ပြင်ဆင်ထားသည့်တိုင် တုဇယ်ချန်း အံ့သြသွားသည်။
"အတွင်းရေးမှူးယန်ရဲ့ အကြံလား"
"သူ တွက်ချက်တာ ကောင်းသားပဲ"
ရှကျွင်းချီက ဝင်ပြောလိုက်သည်။
"သခင်လေးတု ဖိနှိပ်ထားတဲ့သူကို မင်း ကားတိုက်မှု ဖြစ်ပြီးတာနဲ့ ချက်ချင်း ကုမ္ပဏီသွင်းလိုက်တာက... မင်း တကယ်ပဲ အာဏာပြခဲ့တယ် ဆိုတာကို သက်သေပြလိုက်သလိုပဲ။ ပြီးတော့ မင်း နေရာမရှိတော့ဘူး ဆိုတဲ့ သဘောကိုလည်း ပြလိုက်တာပဲ။ ကုမ္ပဏီထဲက လူတွေလည်း ဘယ်ဘက်ပါရမလဲ ဆိုတာ ရွေးချယ်စရာ ဖြစ်သွားပြီပေါ့"
မယုံနိုင် ဖြစ်နေသော ဖန်ရှောင်ဖုန်းက ပြောလိုက်သည်။
"အခုမှပဲ ငါ ယုံတော့တယ်။ ဒါက ဇယ်ချန်း မျက်နှာကို ဗြောင်ရိုက်လိုက်တာပဲ။ ဥက္ကဋ္ဌကလည်း မတားဘူးပေါ့"
ကျူးယန်လင်က အကြံပေးလိုက်သည်။
"ငါ့သဘော ပြောရရင်... ယို့ယောင်က သရုပ်ဆောင် ဆက်လုပ်ချင်တယ် ဆိုရင် စာချုပ်ဖျက်လိုက်တာ ပိုကောင်းမယ်။ ယင်းဟောင်မှာ ဆက်နေရင် တက်လမ်း မရှိတော့ဘူး။ တခြား ကုမ္ပဏီ ပြောင်းတာ ပိုကောင်းလိမ့်မယ်"
တုဇယ်ချန်းက ရုတ်တရက် မေးလိုက်သည်။
"အစ်ကိုကျူး... သူတို့ ခင်ဗျားကိုရော ဖိနှိပ်နေကြလား"
ကျူးယန်လင် ကြောင်သွားပြီး ရယ်မောလိုက်သည်။
"မင်းက ငါ့အတွက်တောင် စဉ်းစားပေးတတ်နေပြီ... နေအနောက်အရပ်က ထွက်တော့မယ် ထင်တယ်"
"တောင်းပန်ပါတယ် အစ်ကိုကျူး... နောက်ဆို မဖြစ်စေရပါဘူး"
"ဘာလဲ... မင်းက မင်းသား ဆက်လုပ်ဦးမလို့လား"
ကျူးယန်လင်က အံ့သြသွားသည်။ သူ့အခြေအနေနှင့် စိတ်ဓာတ်ကျနေမှုအရ အနုပညာလောကကို စွန့်ခွာတော့မည်ဟု ထင်ထားခဲ့သည်။
သူ့အတွေးကို ရိပ်မိပြီး တုဇယ်ချန်း ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်တော့်ခြေထောက် ပြန်ကောင်းလာမှာပါ။ မကောင်းရင်တောင် ဒုက္ခိတ နေရာကနေ သရုပ်ဆောင်လို့ ရတာပဲ"
ဒီတစ်ခါတော့ ကျူးယန်လင် တကယ် လန့်သွားသည်။ သူ့စိတ်ဓာတ် ပြောင်းလဲမှုက ကြီးမားလွန်းသည်။
"ပြီးတော့... ကျွန်တော်က ဘာလို့ ခေါင်းငုံ့ပြီး ထွက်သွားရမှာလဲ"
တုဇယ်ချန်း၏ မျက်ဝန်းထဲတွင် တိုက်ပွဲဝင်လိုစိတ်များ တောက်လောင်နေသည်။
"ဒီသခင်လေး ထွက်သွားရင်တောင် အောင်မြင်မှု သရဖူ ဆောင်းပြီးမှ ထွက်သွားမှာ။ အတွင်းရေးမှူးယန်က ကျွန်တော့်ကို ဖိနှိပ်ချင်တယ် ဟုတ်လား... ကျွန်တော်က ပိုပြီး အောင်မြင်အောင်၊ ပိုပြီး ကျော်ကြားအောင် နေပြလိုက်မယ်။ သူ့သား ဘယ်တော့မှ လိုက်မမီနိုင်တဲ့ နေရာထိ ရောက်အောင် သွားပြီး သူ့ကို ရင်ကွဲသေအောင် လုပ်ပစ်မယ်"
ဒီစကားကမှ သခင်လေးတု စစ်စစ်ပဲ။ ကျူးယန်လင်က ပခုံးကို ပုတ်လိုက်သည်။
"ဒါဆိုရင်လည်း မြန်မြန် သက်သာအောင် လုပ်။ ကျန်တာတွေ ငါ ကြည့်ရှင်းပေးမယ်"
"အစ်ကိုကျူး... ခင်ဗျား ကိုယ်ပိုင် စတူဒီယို ထောင်ဖို့ စဉ်းစားဖူးလား"
တုဇယ်ချန်း မေးလိုက်သည်။
"မင်းကလည်း... တွေးချင်ရာ တွေးတာပဲ"
ကျူးယန်လင်က ရယ်မောလိုက်သည်။
"ကုမ္ပဏီထဲမှာ ဆိုရင် မျက်နှာနာစရာ ရှိသေးတယ်။ စတူဒီယို အသေးလေး ထောင်လိုက်ရင် သူတို့ ဖိနှိပ်ဖို့ ပိုလွယ်သွားမှာပေါ့"
တုဇယ်ချန်းသည် ဆက်မပြောတော့ပေ။ အခြေအနေ တည်ငြိမ်မှ သေချာ တိုင်ပင်တော့မည်။
"ယို့ယောင် ကိစ္စကို ဒါရိုက်တာဟူနဲ့ ညှိနှိုင်းလိုက်ပါ။ သူက သရုပ်ဆောင်ရတာ ကြိုက်တယ်... ဆက်ရိုက်စေချင်တယ်"
"အင်း... ငါ ကြိုးစားကြည့်ပါ့မယ်။ ပြဿနာ မရှိလောက်ပါဘူး။ ဒါရိုက်တာက သဘောကျနေမှတော့ ကုမ္ပဏီက ဘာမှ မပြောသာဘူးလေ။ ဒါပေမဲ့ ဒီကားပြီးရင် သူ့ကို သေချာပေါက် မြေမြှုပ်ပစ်တော့မှာ။ အဲဒါကြောင့် စာချုပ် ဖျက်ဖို့ ပြောတာ။ သူက ငါ့နာမည်နဲ့ ချုပ်ထားတာ ဆိုတော့ စာချုပ်ဖျက်ကြေးက မနည်းဘူး"
"ရပါတယ်... ကျွန်တော် သိပြီ။ ကျွန်တော် နည်းလမ်း ရှာလိုက်ပါ့မယ်။ လောလောဆယ် ဒီကားကို ပြီးအောင် ရိုက်ခိုင်းလိုက်ပါ"
ကျူးယန်လင် ပြန်သွားပြီးနောက် သူငယ်ချင်းများလည်း နှုတ်ဆက်ကာ ပြန်သွားကြသည်။ တုဇယ်ချန်းသည် ရှောင်းမင်ကျန့် အကူအညီဖြင့် ရေချိုး၊ အဝတ်အစားလဲပြီးချိန်တွင် ဦးလေးပိုင်က မိခင်ဖြစ်သူကို ဝှီးချဲဖြင့် တွန်းလာသည်ကို တွေ့လိုက်ရသည်။
ထန်ရွှမ်သည် သားဖြစ်သူ၏ မျက်နှာတွင် အသက်ဝင်နေသည်ကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားသည်။
"သား... ဘယ်တွေ သွားနေတာလဲ"
တုဇယ်ချန်းသည် တစ်လအတွင်း ပိန်ချုံးသွားသော မိခင်ကို သေချာ ကြည့်လိုက်မိသည်။ ရင်ထဲ မကောင်း ဖြစ်သွားပြီး ဖက်လိုက်မိသည်။
"အမေ... တောင်းပန်ပါတယ်ဗျာ... သားကြောင့် အမေ စိတ်ဆင်းရဲရပြီ"
ထန်ရွှမ်က ဝှီးချဲပေါ်မှ အတင်းထကာ သားကို ပြန်ဖက်လိုက်သည်။
"သား ကျန်းမာရင် ပြီးတာပါပဲ... သား စိတ်ဓာတ် ပြန်တက်လာရင် အမေ ဘာမဆို လုပ်ပေးနိုင်ပါတယ်"
"ဒါဆို အမေ ကျန်းမာအောင် နေရမယ်နော်"
တုဇယ်ချန်းက သူမကို မော့ကြည့်ပြီး ပြောလိုက်သည်။
"အမေ... သား ဒီနေ့ မတ်တတ်ရပ်နိုင်ခဲ့တယ်... သားခြေထောက်တွေ ခံစားမှု ရှိနေပြီ။ သေချာပေါက် ပြန်ကောင်းလာမှာ"
"တကယ်လား သား"
ထန်ရွှမ်က ဝမ်းသာလွန်း၍ မျက်ရည်ကျလာသည်။
"ကောင်းလိုက်တာ... ဘုရားသခင် မစတာပဲ"
တုဇယ်ချန်းက သူမ မျက်ရည်များကို သုတ်ပေးလိုက်သည်။
"ဒါကြောင့် အမေ ကျန်းမာအောင် နေနော်။ ဆေးရုံက မြန်မြန်ဆင်းပြီး သားကို အရိုးပြုတ်ရည် ချက်တိုက်ဦးလေ"
"အင်း... အင်း... အမေ မြန်မြန်ဆင်းပြီး ချက်တိုက်မယ်နော်"
ထန်ရွှမ် စိတ်သက်သာရာ ရသွားပြီး မျက်နှာလေး လန်းဆန်းလာသည်။
တုဇယ်ချန်း သူမကို အခန်းပြန်ပို့ပေးပြီး အိပ်ပျော်သွားသည်အထိ စောင့်နေလိုက်သည်။
ဦးလေးပိုင်က ပြုံးပြီး ပြောသည်။
"သခင်မလေး အိပ်ပျော်သွားတာ ကြာပြီ"
"တောင်းပန်ပါတယ် ဦးလေးပိုင်... ကျွန်တော်ကြောင့် အားလုံး စိတ်ပူရပြီ"
"သခင်လေး ပြန်နိုးထလာတာ မြင်ရတော့ ဝမ်းသာပါတယ်။ နောက်ဖြစ်မဲ့ ကိစ္စတွေကို စိတ်မပူနဲ့... သခင်ကြီးက အားလုံး စီစဉ်ထားပြီးပြီ"
အဘိုးအကြောင်း ပြောမိတော့ တုဇယ်ချန်း မျက်ရည်ဝဲလာသည်။
"ကျွန်တော် မိုက်မဲလွန်းလို့ အဘိုး ဒုက္ခရောက်ရတာ။ နောက်ဆုံးခရီးတောင် မပို့လိုက်ရဘူး"
ဦးလေးပိုင်က နှစ်သိမ့်လိုက်သည်။
"သခင်လေး အပြစ် မဟုတ်ပါဘူး။ သခင်ကြီးက ကျန်းမာရေး မကောင်းတာ ကြာပါပြီ။ သူ ကိုယ်တိုင်လည်း သိပါတယ်။ အိပ်ရင်းနဲ့ပဲ ငြိမ်းချမ်းစွာ ထွက်ခွာသွားတာပါ... ကောင်းမွန်တဲ့ ထွက်ခွာခြင်းပါပဲ"
တုဇယ်ချန်းက အံ့သြသွားသည်။
"အတွင်းရေးမှူးယန် လုပ်တာ မဟုတ်ဘူးလား"
ဦးလေးပိုင် ခေါင်းခါလိုက်သည်။
"သခင်ကြီးက သားအမိ နှစ်ယောက်ကို စိတ်မချ ဖြစ်ခဲ့ပေမဲ့ ငြိမ်းချမ်းစွာပဲ ဆုံးပါးသွားတာပါ။ နှလုံးရောဂါ ဖောက်တာ မဟုတ်ပါဘူး"
"ဒါဆို အတွင်းရေးမှူးယန်က..."
ဦးလေးပိုင်က အေးစက်စွာ ပြုံးလိုက်သည်။
"သူက အခွင့်ကောင်း ယူချင်တာလေ... ဘာလို့ သူ့ဆန္ဒကို မဖြည့်ဆည်းပေးရမှာလဲ။ သူက သခင်ကြီး ရုတ်တရက် ဆုံးသွားတော့ တာဝန်ယူရမှာ ကြောက်ပြီး သခင်လေးကို လွှဲချတာ။ သူ လွတ်မယ် ထင်နေလား"
"သခင်ကြီးက ဒီကိစ္စကို သခင်လေး သိသွားမယ်လို့ မထင်ထားခဲ့ဘူး။ ထာဝရ ဖုံးကွယ်ထားဖို့ ရည်ရွယ်ခဲ့တာ"
ဦးလေးပိုင် သက်ပြင်းချလိုက်သည်။ ကံတရားက ဆန်းကြယ်လှသည်။ သူကိုယ်တိုင်လည်း ရှောင်းမင်ကျန့် ပြောပြမှ အကြောင်းစုံ သိရခြင်း ဖြစ်သည်။ အတွင်းရေးမှူးယန်က အခွင့်ကောင်းယူပြီး တိုက်ခိုက်လိမ့်မည်မှန်း ကြိုသိခဲ့လျှင် ကာကွယ်ပေးထားမိမှာ အမှန်ပင်။
တုဇယ်ချန်း ပြန်စဉ်းစားကြည့်မိသည်။ သူ့ကိုယ်သူ အရှုံးပေးပြီး နေခဲ့တာ ရယ်စရာ ကောင်းလိုက်တာ။ လူအများကြီးက သူ့အတွက် တိုက်ပွဲဝင်ပေးနေတာကို သူက ကမ္ဘာပျက်ပြီ ထင်ပြီး လက်မြှောက် အရှုံးပေးနေခဲ့မိတယ်။
"အခု အမှန်တရားကို သိပြီဆိုတော့ သခင်လေး ဘာဆက်လုပ်မလဲ"
ဦးလေးပိုင်က မေးလိုက်သည်။
"အမေ့ကို ခေါ်ပြီး တုအိမ်တော်က ထွက်သွားမယ်။ တုဟုန်ရိနဲ့ ဘာမှ မပတ်သက်ချင်တော့ဘူး"
သူတို့ မိသားစု ၃ ယောက် ပျော်ပျော်ရွှင်ရွှင် နေချင်ကြတယ် ဆိုရင်လည်း နေပါစေတော့။ သူ စိတ်မဝင်စားတော့။
"အမေ့ကိုတော့ ကျန်းမာရေး ကောင်းလာမှ အမှန်အတိုင်း ပြောပြမယ်။ အတွင်းရေးမှူးယန်က ယုတ်မာလွန်းတော့ အမေက ကြိုတင်ကာကွယ်မှု မရှိရင် ခံရလိမ့်မယ်"
ဦးလေးပိုင်က ခေါင်းညိတ်လိုက်သည်။
"သခင်လေး သဘောပါပဲ။ သခင်ကြီးရဲ့ သေတမ်းစာကို ၄ လ ကြာမှ ဖွင့်ဖတ်ရမယ်။ အဲဒီအချိန်ကျမှ သခင်လေး လိုချင်တာ တောင်းဆိုလို့ ရတယ်"
"၄ လ"
တုဇယ်ချန်း မျက်ခုံးပင့်လိုက်သည်။
"ဘာလို့ ၄ လ ကြာမှလဲ"
ဦးလေးပိုင်က ရှင်းပြလိုက်သည်။
"၄ လ ကြာရင် မိတ်ဆွေတု၊ ရန်သူစစ်တွေ ပေါ်လာမှာပေါ့။ တုဟုန်ရိရဲ့ လူတွေ၊ မျက်နှာလိုမျက်နှာရ လုပ်သူတွေ၊ ဒုက္ခရောက်တုန်း နင်းချမဲ့သူတွေ အကုန်လုံး အရောင်ပေါ်လာလိမ့်မယ်"
အဲဒီကျမှ ကျန်ရစ်တဲ့သူတွေက မိတ်ဆွေစစ်တွေပေါ့။
အဘိုးထန်က သမီးနှင့် မြေးအတွက် သေချာ စဉ်းစားပေးခဲ့ခြင်း ဖြစ်သည်။ သေတမ်းစာ ချက်ချင်း ဖွင့်လိုက်လျှင် မျှော်လင့်ချက် ပျက်သွားမည့် တုဟုန်ရိက ရူးမိုက်သော အလုပ်များ လုပ်လာနိုင်သည်။ ထို့ကြောင့် အန္တရာယ်ကင်းမည့် နည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
တုဇယ်ချန်းသည် အဘိုး၏ မေတ္တာကို ခံစားရသလို ဉာဏ်ကြီးမှုကိုလည်း လေးစားမိသည်။
"နေပါဦး..."
တုဇယ်ချန်း မေးလိုက်သည်။
"သူတို့က သေတမ်းစာ အကြောင်း မသိဘဲနဲ့ ဘာလို့ ဒီလောက် ရဲတင်းနေကြတာလဲ။ အဘိုးက ကျွန်တော့်ကို အမွေအများကြီး ပေးခဲ့မှာကို မကြောက်ကြဘူးလား"
ဦးလေးပိုင်က လျှို့ဝှက်သော အပြုံးဖြင့် ပြုံးလိုက်သည်။
"၄ လ နေမှ အတည်ပြုမယ်လို့ပဲ ပြောတာလေ... ကြိုပြီး စုံစမ်းလို့ မရဘူးလို့မှ မပြောတာ"
တုဇယ်ချန်း စိတ်ဝင်စားသွားသည်။
"ဒါဆို သေတမ်းစာထဲမှာ ဘာပါလဲ"
"ထန်လုပ်ငန်းစုကို ထိန်းချုပ်နိုင်ဖို့အတွက် တုဟုန်ရိကို ၄၅%၊ သခင်လေးနဲ့ သခင်မလေးကို ၅% စီ ပေးထားတယ်။ ကျန်တဲ့ ပိုင်ဆိုင်မှုတွေနဲ့ ငွေသားတွေ အကုန်လုံးကို သခင်လေးနဲ့ သခင်မလေးကို ခွဲပေးထားတယ်"
တုဟုန်ရိသည် ကမ္ဘာကျော် ဖခင်ကောင်း၊ ခင်ပွန်းကောင်း တစ်ယောက်သာ ဆိုလျှင် ဒီခွဲဝေမှုက အလွန် မျှတသည်။
တုဟုန်ရိကို အများဆုံး ပေးထားခြင်းက ကုမ္ပဏီကို ထိန်းချုပ်နိုင်စေရန် ဖြစ်ပြီး နောင်တစ်ချိန်တွင် တုဇယ်ချန်း လက်ထဲသို့ ကုမ္ပဏီ ပြန်ရောက်လာစေရန် အာမခံချက် ပေးထားခြင်း ဖြစ်သည်။
ထို့ကြောင့် တုဟုန်ရိ စုံစမ်းသိရှိသွားလျှင် သံသယ ဖြစ်စရာ မရှိပေ။ ပြီးခဲ့သည့် နှစ်များအတွင်း အဘိုးထန်က လုပ်ပိုင်ခွင့် အချို့ကို လွှဲပြောင်းပေးခဲ့သည် မဟုတ်လား။
သူ့အစီအစဉ်ကို ဘယ်သူမှ မသိဘူးလို့ ထင်ပြီး ဒီ ၄၅% ရရင် ကုမ္ပဏီက သူ့လက်ထဲ ရောက်ပြီလို့ တွက်ထားပုံရသည်။ ထန်ရွှမ်နဲ့ တုဇယ်ချန်း လက်ထဲက ၁၀% ကို လှည့်ဖြားပြီး ယူလိုက်ရင် ရပြီဟု တွက်ထားလိမ့်မည်။
ပိုပြီး ရက်စက်ချင်ရင် အတွင်းရေးမှူးယန်လို သတ်ပစ်လိုက်ရင် အကုန်လုံးကို တရားဝင် ဆက်ခံခွင့် ရသွားမှာပေါ့။
"တုဟုန်ရိက သတိကြီးတယ်"
မဟုတ်ရင် ဒီလောက်နှစ်တွေ အကြာကြီး လူတွေကို လှည့်စားထားနိုင်မှာ မဟုတ်ဘူး။
"၄၅% ရထားပြီးပြီ ဆိုတော့ ၁၀% အတွက်နဲ့ လူသတ်မဲ့ အန္တရာယ်ကို ယူမှာ မဟုတ်ဘူး"
"အတွင်းရေးမှူးယန်ရဲ့ အပြုအမူတွေကို ကြည့်ရတာ... မင်းအမေကိုတော့ လှည့်ဖြားပြီး ယူမယ်၊ မင်းကိုကျတော့ ခြိမ်းခြောက်ပြီး ယူမဲ့ပုံပဲ"
တုဇယ်ချန်းက တွေးလိုက်သည်။ သူသာ စိတ်ဓာတ်ကျပြီး ဘဝကို အရှုံးပေးနေမယ် ဆိုရင် အဲဒီ ၅% ကို အလွယ်တကူ ပေးလိုက်မိမှာ သေချာသည်။
တုဟုန်ရိက သူတို့ကို ကောင်းကောင်း သိသည်။ ဒါပေမဲ့ သူ ဒီလောက်မြန်မြန် ပြန်ထလာမယ် ဆိုတာကိုတော့ ထင်ထားမှာ မဟုတ်ဘူး။
စိတ်ကူး တစ်ခု ရသွားသည်။ သူ့ကို ဖိအားပေးချင်တယ် ဟုတ်လား... အိမ်မက်ပဲ မက်နေလိုက်။ တုဇယ်ချန်းက ဘယ်သူ့စကားမှ နားထောင်မဲ့ကောင် မဟုတ်ဘူး။
ဒါပေမဲ့ အဲဒါ မတိုင်ခင် ကျန်းမာအောင် နေမှ ဖြစ်မယ်။
…