" အနာဂတ်ဆီသို့ အတူတူ " _ Final
Viewers 926


“တခြားနေရာကို ပြောင်းရမယ် ဟုတ်လား။ ဟိုင်ရှီမှာ မဟုတ်ဘူးပေါ့။”


ကျန်းရှောင်ရို့သည် ကျေးလက်တောရွာတွေမှာ နေခဲ့ဖူးပြီး အစုတ်ချာဆုံး ပတ်ဝန်းကျင်မျိုးမှာပင် ကြံ့ကြံ့ခံ နေထိုင်ခဲ့ဖူးသူမို့ ဟိုင်ရှီမြို့ကနေ ထွက်ခွာရမည့်အရေးကို စိတ်ပိုင်းဆိုင်ရာအရ အလွန်အမင်း ဝန်ထုပ်ဝန်ပိုး ဖြစ်မနေခဲ့ပေ။


 သို့သော်လည်း ယခုအချိန်တွင် အလုပ်အကိုင်က အသားကျစပြုနေပြီ ဖြစ်သလို ချစ်သူပါ ရနေပြီဖြစ်ရာ ဤမြို့ကြီးမှ ရုတ်တရက် ခွာရမည်ဆိုသည့် အသိကြောင့် ရင်ထဲတွင် အလုံးစုံ အဆင်သင့်မဖြစ်သေးသလို ခံစားလိုက်ရသည်။


“ဟုတ်တယ်... မင်းဘက်က အဆင်ပြေတယ်ဆိုရင် ကိုယ်တို့နှစ်ယောက် ရှေ့ဆက်မယ့်အရေးကို အတူတူ ထည့်တွက်ပြီး စဉ်းစားပေးမယ်။ တကယ်လို့ မင်းမသွားချင်ဘူးဆိုရင်လည်း ကိုယ်တို့ ဟိုင်ရှီမှာပဲ ဆက်နေလို့ ရပါတယ်” ဟု လုယုံကျန်းက သူမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။


 သူ့မျက်ဝန်းထဲတွင် သူတို့နှစ်ဦး အတူတူ ဖြတ်သန်းရမည့် အနာဂတ်ပုံရိပ်များ ထင်ဟပ်နေ၏။


“ဒါဆိုလည်း... ရှေ့ဆက် ဘာအခွင့်အရေးတွေ ကြုံလာဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့” ကျန်းရှောင်ရို့က ဝေခွဲမရသည့် လေသံဖြင့် တုံ့ပြန်လိုက်သည်။


အမှန်တော့ သူမသည် အဆင့်မြင့်ပညာ ဆက်လက်သင်ကြားရန် ယခင်က သိပ်မတွေးမိခဲ့ဖူးချေ။ သို့သော် လုယုံကျန်းနှင့် လက်တွဲမိပြီးနောက်ပိုင်းတွင်မူ သူ့အနားသို့ ပိုမိုတိုးကပ်နိုင်ရန်နှင့် မိမိကိုယ်ကိုယ် ပိုမိုထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်လာစေရန် မသိစိတ်က အလိုအလျောက် ဆန္ဒပြင်းပြလာခဲ့သည်။ တက္ကသိုလ်တက်ခြင်းမှတစ်ပါး မိမိဘာသာ အားကိုးရပ်တည်နိုင်မည့် အခြားသော အရည်အချင်းမျိုးကိုလည်း သူမ မစဉ်းစားတတ်ခဲ့ပေ။


သူမ၏ ဝေဝါးဝါး “သဘောတူညီမှု” လေးကြောင့်ပင် လုယုံကျန်းသည် ဟောက်ယွမ်ရှင်းနှင့် ပူးပေါင်းလုပ်ကိုင်မည့် အခွင့်အရေးကို လက်မလွှတ်တမ်း ခိုင်ခိုင်မာမာ ဆုပ်ကိုင်လိုက်ပြီး ဟိုင်ရှီတွင် စက်ရုံတည်ထောင်မည့် စီမံကိန်းကြီးထဲသို့ အင်တိုက်အားတိုက် ပါဝင်ပတ်သက်သွားခဲ့တော့သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် လပေါင်းများစွာ ကုန်လွန်သွားခဲ့လေပြီ။


အေ နိုင်ငံမှ ကိုလာကုမ္ပဏီသည် ဟိုင်ရှီမြို့ဆင်ခြေဖုံးတွင် စက်ရုံလာရောက်တည်ထောင် ရင်းနှီးမြှုပ်နှံတော့မည်ဟူသော သတင်းကို ရေဒီယိုမှ ကြေညာလိုက်သည့်အချိန်၌ နှစ်ပေါင်းများစွာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခဲ့သည့် ရာစုနှစ်ချီ သက်တမ်းရှိ ကျန်းမိသားစုဆီသို့လည်း အလွန်ဝမ်းမြောက်စရာ သတင်းကောင်းကြီးတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ 


ထိုသတင်းမှာ ကျန်းမိခင်ကြီး လုပ်ငန်းခွင်ဌာန၏ အိမ်ရာခွဲတမ်း တိုက်ခန်းတစ်ခန်း ရရှိသွားခြင်းပင် ဖြစ်သည်။ တိုက်ခန်းအသစ်က မြို့ထဲနှင့် အနည်းငယ် လှမ်းသော်လည်း အသစ်စက်စက် ဆောက်လုပ်ထားသည့် တိုက်သစ်ကြီး မဟုတ်ပါလော။


ကျန်းဖခင်ကြီးကမူ မကျေမနပ်ဖြင့် အော်ဟစ်လေတော့သည်။ “ငါက မင်းရဲ့ ရာထူးနေရာကို လင်ရှုမေကို လွှဲပေးစေချင်တာ။ အခုတော့ ကြည့်စမ်း။ မင်းလို အဘွားကြီးက အဆင့်အတန်း တက်သွားပေမယ့် ဘာအသုံးကျမှာလဲ။ မင်း နောက်ထပ် ဘယ်နှစ်နှစ်လောက် လုပ်နိုင်ဦးမှာမို့လို့လဲ။ သားအကြီးရဲ့ မိန်းမအတွက် နေရာဖယ်ပေးလိုက်တာကမှ ပိုတန်ဦးမယ်။”


လင်ရှုမေသည် သူမ၏ ယောက္ခမဖြစ်သူကို အားနာစိတ်ဖြင့် ခိုးကြည့်လိုက်ပြီး “အဖေ... သမီးလည်း အခု တရားဝင် ရာထူးတိုးသွားပြီရှင့်” ဟု ပြောလိုက်သည်။


သူမက ထိုသို့ပြောရင်း မိမိ၏ ယောင်းမဖြစ်သူကို ကျေးဇူးတင်ရှိလှသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။ သူမအနေဖြင့် အတွင်းရေးအသေးစိတ်ကို သိပ်မသိလှသော်လည်း ယခုတစ်ကြိမ် ရာထူးတိုးရန် ရွေးချယ်ခံရခြင်းမှာ မိမိ၏ ကြိုးစားအားထုတ်မှုအပြင် ယောင်းမရဲ့ သက်ဆိုင်သူဖြစ်သူ၏ သြဇာအာဏာနောက်ခံ အရှိန်အဝါကြောင့် ရရှိလာသည့် ပိုလျှံရာထူးနေရာတစ်ခု ဖြစ်ကြောင်းကိုမူ ရိပ်မိနေသည်။


 မည်သို့သိသနည်းဟု မမေးပါနှင့်။ ဌာနအကြီးအကဲက သူမကို လုယုံကျန်းနှင့် သိသလားဟု တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ အကြိမ်ကြိမ် လာရောက်မေးမြန်းခဲ့ဖူးသောကြောင့် ဖြစ်သည်။


မှန်ပေသည်။ ထိုလုယုံကျန်းဆိုသည်မှာ လက်ရှိ စက်ရုံစီမံကိန်းတွင် အလွန်ရေပန်းစားနေသည့် သူ ဖြစ်သည်။ သူသည် ဌာနတွင်းမှ အထူးရွေးချယ်တင်မြှောက်ခံထားရသည့် ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦးဖြစ်ပြီး အေ နိုင်ငံမှ အမှတ်တံဆိပ် ကိုယ်စားလှယ်များနှင့် ဟောင်ကောင် ရှိ ဖြန့်ချိရေးကိုယ်စားလှယ်များအကြား ညှိနှိုင်းပေါင်းစပ်ပေးရသည့် တာဝန်ကို ယူထားရသူ ဖြစ်သည်။


ဤစီမံကိန်းကြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဟောင်ကောင်ဘက်မှ မူဝါဒများနှင့် စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီမှု လမ်းကြောင်းများကို ရှင်းလင်းပေးခဲ့ရုံသာမက ကြားခံညှိနှိုင်းပေးသူ၏ ပံ့ပိုးကူညီမှုကလည်း အလွန်တရာ အရေးပါခဲ့သည်ဟု ဆိုရမည်။


စက်ရုံကြီး တည်ထောင်ပြီးနောက် ဖြစ်ပေါ်လာသည့် မြောက်မြားစွာသော အလုပ်အကိုင် အခွင့်အရေးများသည် လုပ်ငန်းတူ အသိုင်းအဝိုင်းကြားတွင် လုယက်ချင်စရာ ဆုလာဘ်ကြီးတစ်ခု ဖြစ်လာခဲ့သည်။


 ဤစက်ရုံသို့ ဝင်ရောက်လုပ်ကိုင်ခွင့်ရပြီး အနောက်တိုင်း၏ အဆင့်မြင့် စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်မှု ပညာရပ်များကို လေ့လာခွင့်ရခြင်းက မိမိ၏ ကိုယ်ရေးရာဇဝင်ကို ရွှေရည်စိမ်လိုက်သကဲ့သို့ ဂုဏ်တက်စေမည့် အခွင့်အရေး မဟုတ်ပါလော။


ကျန်းဖခင်ကြီးခမျာ မာန်စွယ်ကျိုးသွားပြီး ဆင်ခြေပေးရန် အခွင့်အလမ်း မရှိတော့ပေ။


 သူသည် အိမ်ပြောင်းရန် ကူညီပေးဖို့ ရောက်နေကြသည့် သားသမီးများကို ငေးကြည့်မိသည်။ သားအကြီးက ရာထူးတိုးသွားပြီ၊ ချွေးမကလည်း အလုပ်ရာထူး ခိုင်မာသွားပြီ၊ သားအငယ်ဆုံးကလည်း အဆက်အသွယ်ကောင်းများ၏ အကူအညီကြောင့် မြို့ထဲရှိ အကောင်းဆုံး အထက်တန်းကျောင်းသို့ တက်ခွင့်ရသွားခဲ့ပြီ။ စာပေထုတ်ဝေရေးဌာနတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် သမီးဖြစ်သူကိုမူ ပြောနေစရာပင် မလိုတော့ချေ။


မိမိကိုယ်တိုင်သာ မည်သည့်တိုးတက်မှုမျှ မရှိဘဲ ရပ်တန့်နေချိန်တွင် မိသားစုတစ်စုလုံးမှာမူ မိမိတို့မသိလိုက်ဘဲ အရှိန်အဟုန်ဖြင့် အဆင်ပြေ တိုးတက်နေခဲ့ကြပြီ ဖြစ်သည်။


အိမ်ရာခွဲတမ်း ရရှိပြီးနောက်ပိုင်း စကားပြောဆိုရာတွင် ပိုမိုတွန်းလှန်ဝံ့လာသည့် ကျန်းမိခင်ကြီးက ဝင်ပြောလိုက်သည်။ “ရှင် ကိုယ့်ကိုယ်ကိုယ် နောက်ကောက်ကျကျန်ခဲ့ပြီလို့ တွေးပြီး စိတ်ဆင်းရဲနေမယ့်အစား အခုလို ဖြစ်သွားတာကိုပဲ ဝမ်းသာသင့်ပါတယ်။ ရှင့်ရဲ့ ကံဇာတာက မကောင်းဘူးလို့ ပြောလို့ရမလား။ ပြီးခဲ့တဲ့အပတ်က ညဂျူတီမှာ ကုန်ကြမ်းတွေ အများကြီး ပျက်စီးသွားတုန်းကသာ ကင်းလှည့်အဖွဲ့က စောစောစီးစီး မတွေ့မိရင် ရှင် အခုအချိန် အလုပ်ပြုတ်နေလောက်ပြီ။” သူမက အသံကို နှိမ့်၍ ဆက်ပြောသည်။ “တခြားလူတွေက ရှင့်ရဲ့ နောက်ခံအဆက်အသွယ်က ရှောင်းလုလေးမှန်း မသိကြရင် ရှာရှာဖွေဖွေနဲ့ ရှင့်ကို အလုပ်က ထုတ်ပစ်တာ ဒါမှမဟုတ် သက်ပြည့်အငြိမ်းစား စောစောပေးပစ်တာ ကြာလှရောပေါ့။ ဒါကြောင့် စိတ်ကို အေးအေးထားပြီး ကျွန်မနဲ့တူတူ အိမ်အသစ်ကိုပဲ လိုက်ခဲ့စမ်းပါ။”


ကျန်းမိခင်ကြီးသည် ယခင်က ဤမျှအထိ မတွေးမိခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ခေါင်းမော့ရင်ကော့ ရပ်တည်နိုင်ရခြင်းက မည်မျှအထိ စိတ်ချမ်းမြေ့စရာကောင်းကြောင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။ 


ကျန်းဖခင်ကြီး၏ သြဇာအာဏာ လျော့ပါးသွားပြီးနောက်ပိုင်း သူမသည်ပင် မိသားစု၏ ပင်မဒေါက်တိုင်ကြီး ဖြစ်လာခဲ့တော့သည်။


“ငါတို့က ပြောင်းသွားကြပြီ။ ဒါပေမဲ့ ဒီမှာ မောင်နှမ နှစ်ယောက်တည်း ကျန်ခဲ့မှာ မဟုတ်လား။ အဲဒါက ဘယ်လိုလုပ် သင့်တော်မှာလဲ။”


 ကျန်းဖခင်ကြီး၏ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး လည်ပင်းကြောကြီးများ ထောင်လာကာ “အခုခေတ်မှာ အပျိုနဲ့လူပျိုက မျက်နှာချင်းဆိုင် အခန်းတွေမှာ အတူနေကြမယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ဘူး” ဟု ကန့်ကွက်လေသည်။


“ဘယ်သူက မောင်နှမနှစ်ယောက်တည်းလို့ ပြောလဲ၊ သားလည်း အိမ်မှာ ရှိနေတာပဲဥစ္စာ။” ကျန်းထန်းလေးက အော်ပြောလိုက်ပြီး “အစ်ကိုလုက အဖေထင်သလို လူစားမျိုး မဟုတ်ပါဘူး။ အစ်ကိုလုက သားရဲ့ အစ်မကို အလေးအနက်ဆုံး သဘောထားပြီး အမြဲတမ်း ရိုရိုသေသေ ဆက်ဆံတာပါ” ဟု ဆိုသည်။


သူတို့ မောင်နှမတစ်သိုက် ခိုးကြည့်မိသည့် အကြိမ်တိုင်းတွင် ထိုနှစ်ဦးမှာ အလွန် ချစ်ခင်ကြင်နာတတ်ကြောင်း တွေ့ရသော်လည်း အစ်ကိုလုသည် အမြဲတမ်း စည်းစနစ်ကျနကာ လူကြီးလူကောင်းဆန်စွာ နေထိုင်တတ်သည်။


သူ့ကို အသက်ငယ်သေးသည်ဟု မထင်ပါနှင့်၊ သိသင့်သိထိုက်သည်များကိုမူ သူ အကုန်နားလည်သည်။ ကျောင်းက သူငယ်ချင်းများဆီကနေ ယောက်ဖလောင်း အချို့သည် မင်္ဂလာမဆောင်ရသေးခင်မှာပင် မိမိတို့၏ အစ်မဖြစ်သူများအပေါ် အခွင့်အရေးယူရန် မည်သို့မည်ပုံ အလောတကြီး ကြိုးစားတတ်ကြကြောင်း ပုံပြင်ပေါင်းများစွာကို သူ ကြားဖူးထားပြီးသား ဖြစ်သည်။


ထို့ကြောင့် သူသည် မိမိ၏ အနာဂတ် ယောက်ဖလောင်းအပေါ် အလွန်အမင်း လေးစားကြည်ညိုမိပါသည်။


မိသားစုဝင်များ အလုပ်ရှုပ်နေကြစဉ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။


ကျန်းရှောင်ရို့ တံခါးဖွင့်လိုက်သောအခါ လုယုံကျန်းနှင့် သူ၏ မိသားစုဝင် သုံးဦးတို့ ရှေ့တွင် မတ်တတ်ရပ်နေသည်ကို ချက်ချင်း မြင်လိုက်ရသည်။ လုပေါ်ရှီက ရှေ့သို့ တစ်လှမ်းတိုးလာကာ “ရှောင်ရို့... မင်းရဲ့ အဖေနဲ့ အမေကို အလုပ်တွေ ခဏရပ်ခိုင်းလိုက်ပါဦး။ ကားက လမ်းကြားထဲမှာ ရပ်ထားပြီးပြီ။ လူအချို့လည်း လိုက်လာကြတယ်၊ ခဏနေရင် အကုန်လုံး သယ်ပေးကြလိမ့်မယ်” ဟု ဆိုသည်။


“ဦးလေးလု... အဲလိုကြီးအထိတော့ ဘယ်လိုလုပ်...” သူမ အားနာသွားပြီး လုယုံကျန်းကို ငြင်းပယ်ခိုင်းရန် မျက်ရိပ်ပြလိုက်မိသည်။


သူမက သူ့ကို အကူအညီပေးရန်သာ လာခိုင်းခဲ့ခြင်း ဖြစ်သော်လည်း အခုတော့ သူက မိဘနှစ်ပါးလုံးကိုပါ ခေါ်လာခဲ့သည် မဟုတ်ပါလော။


လုယုံကျန်းက သူမ၏ မျက်ဝန်းများကို အမိအရ ဖမ်းဆုပ်လိုက်ပြီး စိတ်ချစေရန် အမူအရာ ပြလိုက်သည်။ သို့သော်လည်း အိမ်ထဲသို့ ဝင်လာကာ “ဦးလေးကျန်း၊ အန်တီကျန်း... အလုပ်တွေ အများကြီး မလုပ်ကြပါနဲ့တော့။ ကျွန်တော် ဆုန့်ယွမ် ဟိုတယ်မှာ ဝိုင်းတစ်ခု ကြိုတင်မှာထားပါတယ်။ ဒီနေ့ထက် ကောင်းတဲ့ရက် မရှိတော့ဘူး၊ ကျွန်တော်တို့ မိသားစုနှစ်စုလုံးလည်း အားနေကြတာနဲ့ အတူတူ ထမင်းတစ်နုတ်လောက် စားကြရအောင်လားခင်ဗျာ” ဟု ပြောလိုက်သည်။


သူက ကျန်းမိသားစုဝင်များ အားနာ၍ တွန့်ဆုတ်နေသည်ကို မြင်သောအခါ “အားနာနေစရာမလိုပါဘူး၊ ရိုးရိုးရှင်းရှင်း မိသားစု ထမင်းဝိုင်းလေးပါပဲ” ဟု ထပ်လောင်း ပြောကြားလိုက်သည်။


ကျန်းဖခင်ကြီးကမူ စိတ်လက်ပေါ့ပါး ရွှင်လန်းသွားပြီး “ဒါဆိုရင်လည်း သွားကြတာပေါ့။ ကျေးဇူးတင်ပါတယ်ကွာ၊ ဦးလေးတို့ အားမနာတော့ဘူး” ဟု ပြန်ပြောလေသည်။


အိမ်ပြောင်းရာတွင် ကူညီပေးမည့်သူ ရှိနေခြင်းကပင် အလွန်ကောင်းမွန်သော အရာ မဟုတ်ပါလော။


ထို့အပြင် သူသည် ဆုန့်ယွမ်ဟိုတယ်တွင် သွားရောက်စားသောက်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဈေးနှုန်းက အလွန်ကြီးလွန်းလှသဖြင့် မစားဖြစ်ခဲ့ပေ။


ကျန်းရှောင်ရို့ကမူ မတတ်နိုင်သည့်အဆုံး သက်ပြင်းချကာ အဝတ်အစား လဲရန် အပေါ်ထပ်သို့ တက်သွားခဲ့တော့သည်။


ထိုအချိန်တွင် ကျန်းထန်းချောင်နှင့် သူ၏ဇနီးဖြစ်သူတို့သည် အိမ်ပြောင်းရာတွင် ကူညီရန် အထူးယူဆောင်လာသည့် အဝတ်ဟောင်းများကို ချွတ်ကာ ဧည့်သည်ဝတ်စုံများသို့ ပြန်လည်လဲလှယ်လိုက်ကြသည်။ ကျန်းမိသားစုဝင် အားလုံးလည်း အဝတ်အစားများ အသီးသီး လဲလှယ်ပြီးနောက် မကြာမီမှာပင် လူစုကြီးသည် ဆုန့်ယွမ်ဟိုတယ်ဆီသို့ ဦးတည်ထွက်ခွာခဲ့ကြလေသည်။


ကျန်းရှောင်ရို့နှင့် လုယုံကျန်းတို့ကမူ လူအုပ်ကြီး၏ အနောက်ဆုံးကနေ လိုက်ပါလာခဲ့ကြသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် သူ၏လက်ကို ဆွဲကိုင်ထားမိရာ လုယုံကျန်းက သူမ၏ လက်ဖဝါးလေးကို မိမိ၏ လက်ဖဝါးကြီးဖြင့် တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်ပေးလိုက်သည်။ 


သူက အသံကို နှိမ့်ကာ “ကိုယ် မင်းကို ပြီးခဲ့တဲ့အပတ်က မေးခဲ့တဲ့ မေးခွန်းကို မှတ်မိသေးလား” ဟု မေးလိုက်သည်။

“ဘာမေးခွန်းလဲ။”


သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမကို ငုံ့ကြည့်ကာ “ကိုယ် မင်းကို အဆင့်မြင့်ပညာ ဆက်သင်ဖို့ တခြားအခွင့်အရေးတွေ ရှိတယ်လို့ ပြောခဲ့ဖူးတယ်လေ၊ ဒါပေမဲ့ နေရာပြောင်းရလိမ့်မယ်လို့ ပြောတော့ မင်းက အခွင့်အရေး ကြုံလာမှ ကြည့်ရအောင်လို့ ပြောခဲ့တယ် မဟုတ်လား” ဟု ဆိုသည်။


“အခုတော့ ဟောင်ကောင် ဖက်ရှင်အဖွဲ့အစည်း (Hong Kong Fashion Institute) မှာ အခွင့်အရေးတစ်ခု ရှိနေပြီ။ အင်္ဂလိပ်စာ စာမေးပွဲကို အောင်မြင်ပြီး ဝတ်စုံဒီဇိုင်းတစ်ခု တင်ပြနိုင်ရင် တက်ခွင့်ရပြီ။ စာသင်နှစ်က လေးနှစ်ကြာမှာ ဖြစ်ပြီး ဘွဲ့နှစ်ခု တစ်ပြိုင်တည်း ရလိမ့်မယ်။ မင်း စမ်းကြည့်ချင်လား။”


မျှော်လင့်ထားသည့်အတိုင်းပင် ကျန်းရှောင်ရို့၏ မျက်ဝန်းအစုံ တောက်ပသွားသည်ကို သူ မြင်လိုက်ရသည်။ “တကယ်ကြီးလား။”


“တကယ်ပေါ့... မင်းဘက်က အဆင်ပြေတယ်ဆိုရင် ဒီကိစ္စကို ကိုယ် အကုန် စီစဉ်ပေးမယ်” ဟု လုယုံကျန်းက ပြောရင်း သူမ၏ လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။


လူအုပ်ကြီးသည် ဆုန့်ယွမ်ဟိုတယ်၏ သီးသန့်အခန်းထဲသို့ တဖွဲဖွဲ ဝင်ရောက်လာခဲ့ကြသည်။ အခန်းထဲသို့ ရောက်ရှိသွားချိန်တွင် ကျန်းမိသားစုဝင်များသည် ဧည့်သည်ဝတ်စုံများ လဲလှယ်လာခဲ့ကြသော်လည်း အနည်းငယ်တော့ စိမ်းသက်ကာ အားနာနေကြဆဲ ဖြစ်သည်။


မြစ်ကမ်းနားဘက်သို့ မျက်နှာမူထားသည့် အခန်းဝတွင် စားပွဲထိုးတစ်ဦးက မတ်တတ်ရပ် စောင့်ဆိုင်းနေပြီး ဝိုင်းအလယ်ရှိ စားပွဲကြီးပေါ်တွင်မူ ရွှေရောင်တောက်ပနေသော စားပွဲခင်းကြီးနှင့်အတူ ဖျော်ရည်များနှင့် အမြည်းပန်းကန်များကို အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။


ကျန်းထန်းချောင်က မျက်မှောင်ကြုတ်ကာ “‌ေရှာင်းလု... ဒါက အရမ်းကို အကုန်အကျများလွန်းပါတယ်” ဟု ပြောလိုက်သည်။


ယနေ့ ထမင်းဝိုင်းသည် အနည်းဆုံး ယွမ်နှစ်ရာခန့် ကုန်ကျနိုင်ချေ ရှိနေသဖြင့် သူ အလွန်အမင်း အားနာမိသည်။ မိမိဇနီး၏ အလုပ်အကိုင်ကလည်း လုမိသားစုနှင့် အနည်းနှင့်အများ ပတ်သက်နေသည်ဖြစ်ရာ မိမိ၏ ညီမငယ်လေးကို အိမ်ထောင်ရေးကိစ္စ စဉ်းစားသည့်အခါ ဤကဲ့သို့သော ကျေးဇူးတရားများကို ထည့်တွက်ပြီး မိမိ၏ စိတ်ရင်းအစစ်အမှန်နှင့် ဆန့်ကျင်ဘက် ဆုံးဖြတ်ချက်မျိုး မချစေချင်ပေ။


ကျန်းမိခင်ကြီးသည်လည်း လင်ရှုမေနှင့် စိုးရိမ်တကြီး ကြည့်လိုက်ကြပြီးနောက် “ဟုတ်ပါတယ်ကွယ်... ဒါမျိုးကို ငါတို့က ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ” ဟု ထပ်ဆင့်ပြောလေသည်။


ဘာမျှ သိပ်နားမလည်သေးသည့် ကျန်းထန်းလေးကမူ စိတ်လှုပ်ရှားစွာဖြင့် လုယုံကျန်းအနားသို့ တိုးကပ်လာကာ “အစ်ကိုလု... ဒီနေရာက တကယ့်ကို မိုက်တာပဲဗျာ။ ဒီကနေ ကြည့်ရင် ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းတံခါးဝကြီးကိုတောင် လှမ်းမြင်ရတယ်” ဟု အော်ဟစ်ပြောဆိုနေတော့သည်။


“တကယ်ကို ကောင်းတာပဲ။” ကျန်းဖခင်ကြီးတစ်ဦးတည်းသာလျှင် မည်သည့်အပူအပင်မျှမရှိဘဲ ပျော်ရွှင်မြူးထူးနေသည့် မျက်နှာဖြင့် “ဒါက ဆုန့်ယွမ်ဟိုတယ်ရဲ့ အကောင်းဆုံး သီးသန့်အခန်းပဲ။ ရှောင်းလုက ငါတို့ကို ကမ္ဘာသစ်တစ်ခုဆီ ခေါ်ဆောင်လာပေးတာပဲ” ဟု ဆိုလေသည်။


“ဒါတွေကို စိတ်ထဲမထားပါနဲ့၊ ရိုးရိုးရှင်းရှင်း ထမင်းဝိုင်းလေးပါပဲ။” လုပေါ်ရှီနှင့် ချင်ယိကျွင်းတို့က ကျန်းမိသားစုဝင်များကို ရင်းရင်းနှီးနှီးပင် အသီးသီး နေရာချပေးလိုက်ပြီးနောက် မိမိတို့၏ သားဖြစ်သူကို မသိမသာ လှမ်းကြည့်လိုက်ကြသည်။


စားပွဲထိုးသည် သူတို့မှာယူထားသည့် ဟင်းလျာများကို တစ်ပန်းကန်ပြီးတစ်ပန်းကန် လာရောက်ချပေးတော့သည်။ လုယုံကျန်းက လူတိုင်းအတွက် ဖျော်ရည်များ လိုက်လံငှည့်ပေးပြီးနောက် ဖန်ခွက်ကို မြှောက်ကာ “အန်တီကျန်းရဲ့ အငြိမ်းစား ယူခါနီး ရာထူးတိုးတာနဲ့ အိမ်အသစ်ရတဲ့အတွက် အောင်ပွဲခံ ကြိုဆိုပါတယ်ဗျာ” ဟု ဆိုကာ ဂုဏ်ပြုလိုက်သည်။


“အို... အားလုံးပဲ ကျေးဇူးတင်ပါတယ်ကွယ်။” ကျန်းမိခင်ကြီးသည် ဖျော်ရည်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ သူမအနေဖြင့် လူအများ၏ အာရုံစိုက်မှုကို ခံရသည့် အလယ်ဗဟိုချက်မ ဖြစ်နေရသည်ကို ယခုတိုင် အသားမကျသေးချေ။


တစ်ဝိုင်းလုံးကို ဂုဏ်ပြုသောက်သုံးပြီးနောက် လုယုံကျန်းသည် စားပွဲဝိုင်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး စားပွဲအောက်ကနေ ကျန်းရှောင်ရို့၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ “ဒီနေ့က အန်တီကျန်းရဲ့ အိမ်သစ်တက်ပွဲကို ဂုဏ်ပြုရုံတင်မကဘဲ ကျွန်တော့်အနေနဲ့ ဦးလေးကျန်းနဲ့ အန်တီကျန်းတို့ကို တိုင်ပင်ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုလည်း ရှိပါတယ်ခင်ဗျာ။”


သူက ကျန်းရှောင်ရို့ကို လေးနက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

“အလုပ်ကိစ္စကြောင့် ကျွန်တော် ဟောင်ကောင်မှာ နှစ်အနည်းငယ်လောက် သွားရောက် တာဝန်ထမ်းဆောင်ရဖို့ ရှိပါတယ်။ အဲဒါကြောင့် ရှောင်ရို့အတွက် အဲဒီမှာ ကျောင်းတစ်ကျောင်း ရှာထားပေးပါတယ်၊ သူမကို ကျွန်တော်နဲ့အတူ လိုက်ခဲ့စေချင်ပါတယ်။ ကျွန်တော် အလုပ်လုပ်နေတဲ့ အချိန်မှာ သူမက ပညာသင်ကြားနိုင်ပါတယ် ခင်ဗျာ။”


ယခုတလော စက်ရုံကြီးများ တည်ထောင်လာခြင်းနှင့် ရေဒီယိုမှ ဟောင်ကောင် ခေတ်ပေါ်တေးဂီတများ ခေတ်စားလာခြင်းတို့ကြောင့် ကျန်းမိသားစုသည် ဟောင်ကောင်ဆိုသည့် အမည်နှင့် မစိမ်းကြပေ။ ထိုမြို့သည် သွေးဆောင်ဖြားယောင်းမှုများနှင့် စည်းစိမ်ချမ်းသာများ ပြည့်နှက်နေသည့် ခေတ်မီမြို့ကြီးတစ်မြို့ ဖြစ်ကြောင်းကိုလည်း သူတို့ သိရှိကြသည်။


သို့သော် ဟောင်ကောင်မှာ သွားရောက် အခြေချ တိုးတက်ရမည် ဟုတ်လား။


ထိုကဲ့သို့သော အခြေအနေမျိုးကို သူတို့တစ်ခါမျှ မတွေးဝံ့ခဲ့ဖူးချေ။


ခဏမျှအတွင်း ကျန်းမိသားစုဝင်များ၏ မျက်နှာပေါ်တွင် အမူအရာမျိုးစုံ ဖြတ်သန်းသွားခဲ့သည်။ ကျန်းဖခင်ကြီး၏ မျက်နှာတွင်မူ ပြုံးဖြဲဖြဲ အမူအရာ ပေါ်လာပြီး “ဒါက အခွင့်အရေးကောင်းကြီးပဲ။ နိုင်ငံခြားမှာ ပညာတော်သင် သွားရသလိုမျိုးပေါ့” ဟု ဝင်ပြောသည်။


ကျန်းမိခင်ကြီးနှင့် လင်ရှုမေတို့ကမူ ခံစားချက်မျိုးစုံ ရောပြွမ်းနေသည့် မျက်ဝန်းများဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး ကျန်းထန်းချောင်က မျက်မှောင်ကြုတ်ကာ “ဒါက မင်းအတွက် အခွင့်အရေးကောင်း ဖြစ်နိုင်ပေမယ့် ရှောင်ရို့အတွက်တော့ အတူတူပဲလို့ ပြောလို့မရဘူး။ သူမက ဒီရာထူးနေရာ ရဖို့အတွက် အများကြီး ကြိုးစားခဲ့ရတာ၊ အခုလိုကြီး အလွယ်တကူ စွန့်လွှတ်လိုက်ရမယ်ဆိုရင် နှမြောစရာကြီး။ ဒါ့အပြင် ဟောင်ကောင်မှာက ကုန်ဈေးနှုန်းတွေ အကုန်ကြီးတယ်လို့ ကြားဖူးတယ်။ ငါတို့မိသားစု အခြေအနေနဲ့က သူမကို အဲဒီမှာ ပညာသင်ဖို့ မထောက်ပံ့နိုင်ဘူး၊ မင်းအပေါ်မှာပဲ အကုန်ပုံချထားဖို့ကလည်း မသင့်တော်ဘူးလေ။ အဓိပ္ပာယ်မရှိရာ ကျလိမ့်မယ်။”


ကျန်းထန်းချောင်၏ စကားများသည် ကျန်းရှောင်ရို့၏ ရင်ထဲက အတွေးများနှင့် ထပ်တူကျနေသဖြင့် သူမ၏ မျက်ဝန်းအစုံတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။


ကျန်းရှောင်ရို့သည် လုယုံကျန်း၏ စိတ်ကူးကို ကောင်းကောင်းနားလည်သည်။ အတိတ်ဘဝက သံယောဇဉ် အနှောင်အဖွဲ့များကြောင့် သူမသည်လည်း ယခုဘဝတွင် သူနှင့်အတူ လက်တွဲကာ ဘဝကို ဖြတ်သန်းချင်သည်မှာ အမှန်ပင်။


 သို့သော်လည်း သူမ၏ ရှေးရိုးစွဲဆန်သော မိသားစုက ဤအခြေအနေကို လက်ခံနိုင်ပါ့မလား။


“အစ်ကိုကြီး ပြောတာ မှန်ပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော် ဒီနေ့ ရှောင်ရို့ကို တရားဝင် လက်ထပ်ခွင့် တောင်းချင်တာပါ” ဟု လုယုံကျန်းက ဆိုလိုက်သည်။


 ထိုစကားကို ပြောပြီးနောက် သူသည် မှင်တက်မိသွားပြီး အမူအရာ မထိန်းနိုင်ကြတော့သည့် ကျန်းမိသားစုဝင်များကို ဂရုမစိုက်တော့ဘဲ မိမိ၏ မိဘများက ဤအခြေအနေကို ကောင်းကောင်း ထိန်းသိမ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားလိုက်သည်။


သူသည် နေရာမှ ထရပ်လိုက်ပြီး အိတ်ကပ်ထဲမှ လက်စွပ်ဘူးလေးကို ထုတ်ကာ ကျန်းရှောင်ရို့၏ ရှေ့တွင် ဒူးထောက်၍ သူမ၏ လက်ကလေးကို ဆွဲကိုင်လိုက်တော့သည်။


သူမ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည့် ထိုအပြုအမူလေးကြောင့် သူတို့နှစ်ဦးစလုံး၏ ရင်ထဲတွင် အတိတ်ဘဝက အမှတ်တရများ အလိုအလျောက် ရောပြွမ်း ထင်ဟပ်လာခဲ့ကြသည်။


သူမ၏ လက်ကို သူ အကြိမ်ပေါင်းမြောက်မြားစွာ ဆုပ်ကိုင်ဖူးခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ခံစားချက်ချင်း လုံးဝ ကွဲပြားခြားနားနေခဲ့ပြီ ဖြစ်သည်။


လုယုံကျန်းသည် သူမ၏ လက်ကလေးကို အတန်ကြာအောင် ငေးစိုက်ကြည့်နေပြီးမှ ခေါင်းမော့ကာ “ရှောင်ရို့... ကိုယ့်ကို လက်ထပ်နိုင်မလား” ဟု မေးလိုက်သည်။


သူမ၏ လက်ကို ဆုပ်ကိုင်ထားသည့် သူ၏ လက်ဖဝါးကြီးများမှာ အနည်းငယ် တုန်ရင်နေပြီး စကားပြောနေသည့် အချိန်တွင် သူ မည်မျှအထိ စိတ်လှုပ်ရှားနေရကြောင်း မည်သူမျှ မသိနိုင်ချေ။


သူတို့နှစ်ဦး ဆုပ်ကိုင်ထားကြသည့် လက်ဖဝါးကြားတွင် မကြာမီမှာပင် ချွေးစေးများ ထွက်ပေါ်လာခဲ့သည်။ မည်သူ့လက်ဖဝါးက ပို၍ စိုစွတ်နေသနည်းဆိုသည်ကိုမူ သူတို့မသိကြတော့ဘဲ သူတို့အကြားက နွေးထွေးမှုသည်သာ ရင်ထဲကို အေးချမ်းစေကြောင်း သိရှိနေကြသည်။


ချင်ယိကျွင်းက စားပွဲပေါ်ရှိ ရွှေထည်သုံးမျိုး၊ အောင်သွယ်ပစ္စည်းများနှင့် ရှောင်ရို့ နှစ်သက်ရာ ဝယ်ယူနိုင်ရန် ပြင်ဆင်ပေးထားသည့် ပိတ်စလက်မှတ်များ၊ နိုင်ငံခြားသုံး လက်မှတ်များ ပါဝင်သော အနီရောင် ကတ္တီပါအိတ်ကို ကျန်းမိခင်ကြီး၏ ရှေ့သို့ တိုးပေးလိုက်ရင်း “ခမည်းခမက်တို့ရေ... ဒါက ကျွန်မတို့ဘက်က ပြင်ဆင်လာတဲ့ လက်ဆောင်တွေပါရှင်” ဟု ပြောလိုက်သည်။


“အို... အားလုံးပဲ... အားနာစရာကြီး ကွယ်...” ကျန်းမိခင်ကြီးခမျာ မည်သို့လုပ်ရမည်ကို မသိဘဲ ဖြစ်နေစဉ် ကျန်းဖခင်ကြီးကမူ ထိုပစ္စည်းများကို သူမ၏ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်ရင်း “ယူလိုက်ပါ! ငါအစကတည်းက သူတို့နှစ်ယောက်က ကောင်းကင်က ဖန်ဆင်းပေးလိုက်တဲ့ စုံတွဲမှန်း သိသားပဲ!” ဟု ပြုံးဖြဲဖြဲဖြင့် ဆိုလေသည်။


သို့သော် ထိုနှစ်ဦးစလုံးကမူ ဤအသံများကို မကြားရတော့ချေ။


လုယုံကျန်းသည် လက်စွပ်ကို ကိုင်ထားရင်း ကျန်းရှောင်ရို့ကို စိုက်ကြည့်နေမိရာ သူမ၏ ပါးပြင်နှစ်ဖက်မှာ အရုဏ်ဦး အလင်းရောင်ကဲ့သို့ နီမြန်းနေသည်ကို မြင်လိုက်ရသည်။


ကျန်းထန်းလေး၏ ရုတ်တရက် ထွက်ပေါ်လာသည့် လက်ခုပ်သံများနှင့်အတူ သူသည် လက်စွပ်လေးကို သူမ၏ လက်သူကြွယ်ပေါ်သို့ ပြတ်ပြတ်သားသားပင် စွပ်ပေးလိုက်တော့သည်။


သူ နေရာမှ ထရပ်လိုက်ချိန်တွင် သူမတစ်ဦးတည်းသာကြားနိုင်မည့် လေသံတိုးတိုးလေးဖြင့် ကပ်ပြောလိုက်သည်မှာ—

“ဒီဘဝမှာတော့... ကိုယ်တို့နှစ်ယောက် ဘယ်တော့မှ လွဲချော်ခွင့်ရမှာ မဟုတ်တော့ဘူး။”


(ပင်မဇာတ်လမ်း ပြီးဆုံးပါပြီ)