CHAPTRE 3
Viewers 16

အခန်း ၃  အတားအဆီး

 

ဝမ်ယဲ့ ပင်မခြံဝင်းမှ ဟမ့်ဝူခြံဝင်းသို့ ပြန်ရောက်လာချိန်တွင် ယွင်ကျီက သူမကို တံခါးဝတွင် စောင့်ကြိုနေခဲ့သည်။ ဝမ်ယဲ့ကို တွေ့လိုက်ရချိန်တွင် သူမက ချက်ချင်း နှုတ်ဆက်ကာ ဂရုတစိုက် မေးမြန်းလိုက်သည်။

 

"သခင်မလေးတရေးတမော အိပ်ချင်သေးလား?"

 

ယခုက ချန်ရှီအချိန်ဖြစ်ကာ ပုံမှန်​အားဖြင့်​ ဝမ်ယဲ့ အိပ်ယာမှ နိုးလေ့ရှိသည့်အချိန် ​ဖြစ်​သည်။ ဝမ်ယဲ့က   ခေါင်းညိတ်ပြလိုက်ကာ မျက်လုံးတစ်ဝက်ပိတ်ထားရင်း တဝါးဝါး သမ်းဝေနေသေးသည်။

 

"အင်း၊ ငါ နည်းနည်း အိပ်ချင်နေသေးတယ်"

(T/N: ချန်ရှီ- မနက် ၇ နာရီမှ ၉ နာရီအထိ)

ယွင်ကျီက ဝမ်ယဲ့အနားသို့ တိုးလာပြီး သူမ၏ပေါ်ရုံအင်္ကျီကို ဖယ်ရှားပေးရန် ကူညီပေးနေရင်း ထပ်မေးလိုက်သည်။

 

"သခင်မက သခင်မလေးကို အပြစ်ပေးခဲ့တာလား?"

 

ဝမ်ယဲ့က သူမ၏မျက်ခွံများကို ပျင်းတိပျင်းတွဲ ပင့်တင်လိုက်ပြီး လေးတွဲတွဲအသံဖြင့် ပြန်ဖြေလိုက်သည်။

 

"ငါ ဘာမှ အမှားမလုပ်ခဲ့ဘူးလေ၊ အမေက ဘာလို့ ငါ့ကို အပြစ်ပေးမှာလဲ?"

 

ဝမ်ယဲ့ မှန်တင်ခုံရှေ့သို့ ဝင်ထိုင်လိုက်ချိန်တွင် ယွင်ကျီက သူမဆံပင်ပေါ်မှ ဆံထိုးများကို ဖြုတ်ကာ သူမ၏ဆံပင်များကို ပြန်ရှင်းပေးနေခဲ့သည်။

 

တကယ်တော့ အမေက ငါ့ရဲ့အိမ်ထောင်ရေးကို စိတ်ပူနေပြီး အဲ့အကြောင်း ပြောခဲ့တာပါ

 

ယွင်ကျီ၏လက်များက ခေတ္တ တုံ့ဆိုင်းသွားပြီး အနည်းငယ် စိုးရိမ်နေသော လေသံဖြင့် ပြန်မေးလာခဲ့သည်။

 

"သခင်မက ဒီတစ်ခါ ဘယ်မိသားစုကို ရွေးချယ်ထားတာလဲ"

 

ဝမ်ယဲ့၏အတိတ်မှ အဖြစ်အပျက်များကို အများဆုံးသိထားသူက ထောင်ကျီ ဖြစ်ပြီး ယွင်ကျီကတော့ အနည်းငယ်သာ သိထားခဲ့သည်။ ဥပမာအားဖြင့် တိုင်းပြည်၏ဝမ်းနည်းခြင်းကာလတွင်  ကိုယ်လုပ်တော်ကို ကိုယ်ဝန်ရစေခဲ့သည့် လျိုမိသားစုမှ သခင်လေးနှင့် အိမ်ထောင်ရေး ပျက်ပြားရန် ဝမ်ယဲ့ ပြုလုပ်ခဲ့သည့် တစ်ချို့အကြောင်းအရာများကို အရာရာကို အလေးအနက်ထားတတ်သည့် ယွင်ကျီထံမှ ဖုံးကွယ်ထားနိုင်ခဲ့ခြင်း မရှိပေ

 

ယွင်ကျီက  ဝမ်ယဲ့ လျိုမိသားစုမှ သခင်လေးကဲ့သို့သော နောက်ထပ်တစ်ယောက်နှင့်တွေ့ဆုံမည်ကို စိုးရိမ်နေခဲ့သည်။

 

ဝမ်ယဲ့က မှန်ထဲမှ ဝိုင်းစက်နေပြီး နူးညံ့သိမ်မွေ့ပုံပေါ်နေသည့် ငယ်ရွယ်နုပျိုသော သူမ၏မျက်နှာကို ပြန်ငုံ့ကြည့်လိုက်သည်။

 

ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ရေးသင်္ချိုင်းထဲကို ၀င်ရမှာက ဘယ်လိုတောင် ဖြုန်းတီးပစ်မှုကြီးလဲ

 

အခုထိတော့ ဘာမှ မဆုံးဖြတ်ရသေးဘူး”

 

ထိုစကားကို ပြောပြီးနောက် ဝမ်ယဲ့က သက်ပြင်းချလိုက်ကာ ထပ်ပြောပြလိုက်သည်။

 

“အမေက လူကောင်းတစ်ချို့ ရှာပြီး ငါ့ကို ရွေးခွင့်ပေးမယ်တဲ့

 

ထောင်ကျီက လက်ဖက်ရည်ဗန်းကို ကိုင်ကာ ဝင်လာရင်း ဝမ်ယဲ့၏စကားကို ကြားသွားကာ ချက်ချင်း ရယ်မောလိုက်သည်။

 

"သခင်မလေး၊ ခင်ပွန်း ရွေးချယ်တာက ဧကရာဇ်မင်းမြတ် မောင်းမမိဿံတွေ ‌ရွေးချယ်တာနဲ့ တူနေပြီ!"

 

ဝမ်ယဲ့က ထောင်ကျီကို အကြည့်တစ်ချက်ကြည့်ပြီး သူမ၏တောင့်တင်းနေသည့် ပုခုံးများကို ခပ်ဖြည်းဖြည်း ဖြေလျှော့လိုက်သည်။

 

"ဟုတ်တာပေါ့.... အချိန်တန်ရင် ငါကိုယ်တော် ချစ်ရတဲ့ ထောင်ကုန်းကုန်းက သူတို့ကို သေချာစိစစ်ဖို့ ကူညီပေးရလိမ့်မယ်"

 

ထောင်ကျီက လင်ဗန်းကို ချလိုက်ပြီး ရှက်ကြောက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

 

"သခင်မလေးက ဒီအစေခံကို နောက်တစ်ကြိမ် လှည့်စားနေပြန်ပြီ!"

 

ယွင်ကျီကလည်း သူမ၏နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးနေရင်း ထောင်ကျီဘက်သို့ လှည့်ကာ လှမ်းမေးလိုက်သည်။

 

"နင့်ကို ဘယ်သူက မစဉ်းစားဘဲ ပြောခိုင်းလို့လဲ?"

 

ဒီခြံဝင်းထဲမှာ သူတို့ရဲ့သခင်မလေး ဘယ်သူကမှ အနိုင်ယူလို့ မရဘူး။ ဒါပေမယ့် နှစ်တွေကြာပြီးတာတောင် ထောင်ကျီက အခုထိ သင်ခန်းစာ မသင်နိုင်သေးဘူး

 

ထောင်ကျီက နှာမှုတ်လိုက်ပြီး ဝမ်ယဲ့အတွက် လက်ဖက်ရည်တစ်ခွက်ကို ငဲ့ပေးပြီး သူမဆီသို့ လှမ်းပေးလိုက်သည်

 

"ဒါပေမယ့် သခင်မလေး.... ဒီတစ်ခါတော့ သခင်မက သခင်မလေးအတွက် ခင်ပွန်းတစ်ယောက်ရှာပေးဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်"

 

နှစ်များတစ်လျှောက် ဝမ်ယဲ့ထံမှ နှစ်ပေါင်းများစွာ ဦးနှောက်ဆေးခံထားခဲ့ရသော ထောင်ကျီက ယခုအချိန်တွင် အမျိုးသမီးများ မဖြစ်မနေ လက်ထပ်ရမည်ကို မကြိုက်တော့ပေ။

 

ဝမ်ယဲ့က သူမ၏ခေါင်းကို ငုံ့လိုက်ပြီး ချိုမြမြ လက်ဖက်ရည်ကို တစ်ငုံ ငုံလိုက်သည်။ နံနက်ခင်းတွင် သူမ န်းန်းစေမည့် အရသာပြင်းပြင်း အရံဟင်းပွဲ အနည်းငယ်ကို စားခဲ့ပြီး ယခုအခါ ရေငတ်နေသည်ဟု ခံစားနေရသည်။

 

လက်ဖက်ရည်သောက်ပြီးသည်နှင့် သူမက ပေါ့ပေါ့ပါးပါး ထပ်ပြောလိုက်သည်။

 

ကဲ...နောက်ဆုံးတော့ အချိန်ကျလာပြီ”

 

ထောင်ကျီက ဘာမှ နားမလည်နိုင်ဘဲ ပြန်မေးလိုက်သည်။

 

"ဘာကို အချိန်ကျတာလဲ?"

 

သူမစကားသံ ဆုံးသွားသည်နှင့် အပြင်ဘက်မှ အလျင်မြန် လျှောက်လှမ်းလာနေသည့် ခြေသံများကို ကြားလိုက်ရသည်။

 

ဝမ်ယဲ့ တစ်ရေးတစ်မော  အိပ်ချင်နေသော်လည်း တံခါးဝတွင် ပုံသဏ္ဍာန်တစ်ခု ပေါ်လာပြီး ဝမ်ယဲ့အတွက်တော့ တွေးကြည့်ရန်ပင် မလိုဘဲ ရောက်လာသူက ကိုယ်လုပ်တော်ချန်းဖြစ်မှန်း သူမ သိနိုင်သည်

 

ဝမ်မိသားစု၏အိမ်တော် ခြံဝင်းကြီးသုံးခုကို တိုးချဲ့ဆောက်လုပ်ထားပြီး မြို့တော်မှ အခြားအရာရှိများ၏အိမ်တော်များထက် ပိုမိုကျယ်ဝန်းသည်။ ထို့ကြောင့် ဝမ်မိသားစုမှ မိန်းမပျိုလေးများ အသက်ဆယ်နှစ်ကျော်လာလျှင် သူမတို့ နေထိုင်ရန် ကိုယ်ပိုင်ဝင်းငယ်လေးတစ်ခုစီ ပေးလေ့ရှိသည်။

 

တရားဝင်ကလေးများကတော့ ခြွင်းချက်ဖြစ်ပြီး များသောအားဖြင့် သူတို့၏အနာဂတ်ခြံဝင်းများကို သူတို့၏ပထမဆုံးမွေးနေ့မတိုင်မီ ဆုံးဖြတ်လေ့ရှိကြသည်။

သူမ အသက်ဆယ်နှစ်မပြည့်မီတွင် ဝမ်ယဲ့က  ရှီးစွေ့ခြံဝင်းတွင် ကိုယ်လုပ်တော်ချန်းနှင့်အတူ နေထိုင်ခဲ့သည်။ သူမ အသက်ဆယ်နှစ်ကျော်မှ  ဟမ့်ဝူခြံဝင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ဤနေရာတွင် ဆယ်နှစ်ကြာနေထိုင်ခဲ့ပြီး ဖြစ်သည်။

 

ဝမ်ယဲ့က သက်ပြင်းချလိုက်ပြီး ယွင်ကျီနှင့် ထောင်ကျီကို  လက်ဟန်ပြကာ ထွက်သွားခိုင်းလိုက်သည်။

 

ယွင်ကျီက အပြင်သို့ မထွက်ခင် ကိုယ်လုပ်တော်ချန်းအတွက် ထိုင်ခုံပုလေးကို ကုတင်ဘေးသို့ ရွှေ့ပေးပြီးမှ အပြင်သို့ ထွက်သွားကာ တံခါးကို သေသေချာချာ ပြန်ပိတ်ပေးသွာခဲ့သည်

 

ကိုယ်လုပ်တော်ချန်းက ထိုင်ပင်မထိုင်နိုင်သေးဘဲ  စိုးရိမ်တကြီးဖြင့် အလောတကြီး လှမ်းမေးလိုက်သည်။

 

"သခင်မက ဘာပြောလိုက်လဲ"

 

သူမ၏တောက်ပသော မျက်လုံးများက ဝမ်ယဲ့ကိုသာ စိုက်ကြည့်နေပြီး ဝမ်ယဲ့ ပေါ့တိပေါ့ပျက် ပြန်မဖြေစေရန် သတိအနေအထားဖြင့် စောင့်ကြည့်နေခဲ့သည်။

 

"ယိနျန်းရဲ့ဆန္ဒအတိုင်းပါပဲ"

 

ဝမ်ယဲ့က သူမ တကယ်အိပ်ငိုက်နေပြီ ဖြစ်သောကြောင့် သွယ်ဝိုက်မနေဘဲ  ချက်ချင်း ပြန်ဖြေလိုက်သည်။ သူမက  သူမ၏သမ်းဝေနေသောပါးစပ်ကို လက်ဖြင့် ဖုံးအုပ်ကာ ပြန်ဖြေလိုက်သည်။

 

"မေက လာမယ့်ရက်တွေမှာ သမီးအတွက် သင့်တော်မယ့်လူတစ်ချို့ရွေးပေးမယ်လို့ ပြောလိုက်တယ်"

 

ကိုယ်လုပ်တော်ချန်း၏မျက်လုံးများမှ မျက်ရည်များ ချက်ချင်း ဝဲတက်လာပြီး သူမက "ကောင်းလိုက်တာ" ဟု အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြောနေ‌သေးသည်။ ထို့နောက် ဝမ်ယဲ့ နူးညံ့ပျော့ပျောင်းသောဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးနေရင်း တိုးတိုးလေး ရေရွတ်နေပြန်သည်။

 

"မျက်စိတစ်မှိတ်အတွင်းမှာ နင်လည်း အများကြီး ကြီးပြင်းလာခဲ့ပြီ"

 

ဝမ်ယဲ့ကတော့ တည်တည်ငြိမ်ငြိမ်သာ တုံ့ပြန်လိုက်သည်။

 

"ဟုတ်ကဲ့၊ ဒီနှစ်တွေတစ်လျှောက်လုံး ယိနျန်းရဲ့စောင့်ရှောက်ပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်"

 

ယခခု သူမ အေးအေးဆေးဆေး တုံ့ပြန်နိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ဝမ်ယဲ့ အိမ်ထောင်ရေး ကမ်းလှမ်းမှု သုံးကြိမ် ပျက်ကွက်ခဲ့ပြီးနောက် ကိုယ်လုပ်တော်ချန်းက လစဉ်သုံးကြိမ်မှ ငါးကြိမ်အထိ သူမထံသို့ ရောက်လာကာ ငြီးငြူလေ့ရှိသည်။

 

အချိန်ကြာလာသည်နှင့်အမျှ ဝမ်ယဲ့က သူမ၏ငြီးငြူမှုများကို ထုံကျင်လာခဲ့ပြီး မည်သည့်တုံ့ပြန်မှုကိုမျှ မပြနိုင်တော့ပေ။

 

ကိုယ်လုပ်တော်ချန်းက သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။

 

"မင်းက ငါ့ရဲ့သမီးပါ၊ မင်းကို စောင့်ရှောက်ပေးဖို့က ငါ့ရဲ့တာဝန်ပဲ"

 

တစ်ရေးတစ်မော  အိပ်စက်ခါနီးတွင် နှောက်ယှက်ခံလိုက်ရသည့် ဝမ်ယဲ့ကတော့ စိတ်ထဲမှ သက်ပြင်း အကြိမ်ကြိမ် ချနေခဲ့သည်။ ပိတ်လုနီးနီးဖြစ်နေပြီဖြစ်သော သူမ၏ မျက်လုံးများက ယခုအခါ ပြန်ပြူးကျယ်လာပြီး အိပ်ချင်စိတ်ပင် ပျောက်သွားရသည်။ သူမ၏အမြင်အာရုံတွင် ရွှမ်းစိုပြီး အပြစ်ကင်းစင်သော မျက်လုံးများသာ ရှိနေတော့သည်။

 

ဝမ်ယဲ့က သူမအတွက် အလွန်ပျော်ရွှင်ပေးနေသော ကိုယ်လုပ်တော်ချန်းကို ကြည့်ကာ သူမ၏ အိပ်ငိုက်နေသော မျက်လုံးများက ပြန်ကြည်လင်လာပြီး  ရုတ်တရက် မေးလိုက်သည်

 

"တကယ်လို့ သမီး လက်ထပ်ပြီးသွားရင် ယိနျန်း ဟမ့်ဝူခြံဝင်းကို လာတာနဲ့  စကားပြောဖို့ ပန်းပင်တွေပဲ ရှိတော့မှာနော်ယိနျန်း အဲ့ဒါကို ခံနိုင်ရည် ရှိပါ့မလား"

 

ကိုယ်လုပ်တော်ချန်း၏မျက်လုံးများက ခဏတာ မှိုင်းဝေသွားပြီး ထိုမျက်လုံးများတွင် ရိုးသားမှုမှ လွဲ၍ အခြားအရာ မရှိပေ။

 

"မင်းရဲ့ညီမလေး ရှိသေးတယ်လေ။ နောက်ပြီး သခင်မက ငါတို့အပေါ် အမြဲတမ်း ကြင်နာတယ်။ မင်း အိမ်ထောင်ကျပြီး သုံးရက်ကြာရင်  အိမ်ပြန်လာရဦးမှာပဲ၊ အဲအချိန်မှာ ငါတို့ ဆုံနိုင်လိမ့်မယ်။ နောင်မှာ မိသားစုနှစ်စုကြား လည်ပတ်မှုတွေနဲ့ ပွဲလမ်းသဘင်တွေအတွက် ဖိတ်ကြားမှုတွေ ရှိနေဦးမှာပဲ။ မင်းခင်ပွန်းရဲ့ မိသားစုမှာ မင်း အဆင်ပြေနေသရွေ့ အရာရာကို ငါ ကျေနပ်နိုင်ပါတယ်"

 

ဝမ်ယဲ့ပင် ရှက်သွားရပြီး ဘာပြောရမှန်း မသိဖြစ်သွားခဲ့ရသည်။

 

ဝမ်ယဲ့က အသက်နှစ်ဆယ့်ရှစ်နှစ် သို့မဟုတ် နှစ်ဆယ့်ကိုးနှစ်မျှသာ ရှိပုံပေါက်နေသော ကိုယ်လုပ်တော်ချန်းကို ငေးကြည့်ရင်း "လူမစွမ်း နတ်မ" ဟူသော စကားက တစ်ချို့လူများအတွက် မှန်ကန်မှုရှိကြောင်း သူမ၏စိတ်ထဲမှ တွေးနေခဲ့သည်

 

ထို့နောက် ဝမ်ယဲ့က  ကိုယ်လုပ်တော်ချန်း ဝမ်ရန်ကို ကိုယ်ဝန်မဆောင်မီ အကြောင်းများကို ပြန်တွေးနေမိသည်။ ထိုစဥ်က သူမ၏ဒုတိယအစ်ကို အနည်းငယ်ကြီးပြင်းလာပြီ ဖြစ်ကာ သူ့၏အဆင့်များက အောက်ခြေတွင် ရှိနေပြီး  ဝမ်သခင်ကြီးနှင့် သခင်မရှန်းကို ခေါင်းကိုက်စေခဲ့သည်။

 

ဝမ်သခင်ကြီး၏မျိုးဆက်တွင် ညီအစ်ကို အနည်းငယ်မျှသာ ရှိခဲ့ပြီး ပညာသင်ကြားခြင်းကို ဂရုမစိုက်သော တရားဝင်ညီငယ်တစ်ဦးသာ ရှိခဲ့သည်။ သူက ယခု စူးကျိုးရှိ ဘိုးဘွားအိမ်တော်တွင် ဆက်လက်နေထိုင်ကာ မိသားစု၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲနေပြီး ဝမ်မိသားစု၏ မိသားစုခွဲ ဆွေမျိုးများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသူ ဖြစ်သည်။

 

ထို့ကြောင့် သူ့သားများ၏အလှည့်သို့ ရောက်လာချိန်တွင် သခင်ကြီးဝမ်က သူ့သားနှစ်ဦးစလုံးကို မင်းမှုထမ်းအရာရှိများ ဖြစ်စေချင်ပြီး ညီအစ်ကိုအချင်းချင်း တစ်ယောက်ကို တစ်ယောက် ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း သူ့၏ဒုတိယသားက ဤမျှလောက် တုံးအညံ့ဖျင်းသူ ဖြစ်လိမ့်မည်ဟု မည်သူမျှ ကြိုမတွေးထားခဲ့ပေ

 

သူတို့၏ဒုတိယသားကို ဆုံးမရန် အကြိမ်ကြိမ် ကြိုးစားပြီးနောက်တွင် သူတို့၏ဒုတိယသားက အမှန်တကယ် မျှော်လင့်ချက်ကင်းမဲ့နေကြောင်း သခင်ကြီးဝမ် သဘောပေါက်သွားခဲ့ပြီး တရားဝင်သား ဖြစ်စေ၊ အခြားသားတစ်ယောက်ဖြစ်စေ ထပ်ယူရန် သခင်မရှန်းနှင့် ဆွေးနွေးခဲ့သည်။

 

ထိုအချိန်တွင် သခင်မရှန်းကလည်း သူမတို့၏ဒုတိယသားအပေါ် အလွန်စိတ်ပျက်နေပြီး သခင်ကြီးဝမ်၏အကြံပြုချက်ကို သဘောတူခဲ့သော်လည်း သူမက သားအကြီးဆုံးအတွက် လက်တွဲဖော်ရှာပေးရန် အလုပ်များနေပြီး အခြားကလေးတစ်ဦးကို ပြုစုပျိုးထောင်ရန် ခွန်အားမရှိတော့ပေ။

 

သခင်မရှန်းက သခင်ကြီးဝမ်အပေါ် လေးနက်သည့် ခံစားချက်မျိုး ရှိ မရှိကို မသိနိုင်ပေမယ့် သူမ နောက်တစ်ကြိမ် အိမ်ထောင်ထပ်ပြုရမည်လျှင်ပင် သခင်မရှန်းက သခင်ကြီးဝမ်ကိုသာ ရွေးချယ်လိမ့်မည်ဟု ဝမ်ယဲ့ ခန့်မှန်းမိသည်

 

ခြားမိသားစုများနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံးအနေဖြင့် သခင်ကြီးဝမ်က သခင်မရှန်း၏ ထင်မြင်ယူဆချက်များကို လေးစားပေးခဲ့ပြီး ကိုယ်လုပ်တော်များကို ဦးစားပေးခြင်းမျိုး မရှိခဲ့ပေ။ သူက ကိုယ်လုပ်တော်များ၏ အလှအပနှင့် ဆွဲဆောင်မှုအတွက် အသိတရား ဆုံးရှုံးသွားသည့်သူလည်း မဟုတ်ခဲ့ပေ

 

ထို့အပြင် သူက မျက်နှာသာရရန် ယှဉ်ပြိုင်တတ်သည့် မောင်းမမိဿံများကိုပင် နှစ်သက်သူ ဖြစ်သည်

 

ယခုကဲ့သို့ ရှေးကျသောခေတ်ကာလကြောင့် သူ့ထံတွင် ယောက်ျားများတွင် ရှိတက်သည့် မဟာဖိုဝါဒတချို့ ရှိကောင်းရှိနိုင်သော်လည်း သူက ကန့်သတ်ချက်အတွင်းတွင်သာ ရှိနေပြီး သူမတို့၏ဖခင်က ရှန်ကျင်းမြို့တော်၏ ထိပ်တန်း ‌ယောကျာ်းကောင်းငါးဦးစာရင်းတွင် ပါဝင်နိုင်သည်ဟု ဝမ်ယဲ့က သတ်မှတ်ထားခဲ့သည်

 

ထိုစဥ်က သခင်မရှန်းက သူမ နောက်ထပ် ကလေးမလိုချင်သောကြောင့် ဝမ်သခင်ကြီး နောက်ထပ် ကိုယ်လုပ်တော်ယူရန် အကြံပြုခဲ့သည်။  အံ့အားသင့်စရာအကောင်းဆုံးက ဝမ်သခင်ကြီးက ကိုယ်လုပ်တော် ထပ်ယူရန်  ငြင်းဆိုခဲ့ခြင်းပင်

 

ထိုအချိန်တွင် အခြားကိုယ်လုပ်တော်တစ်ယောက်ဖြစ်သည့် ကိုယ်လုပ်တော်ပိုင် အသက်ရှင်နေဆဲ ဖြစ်သည်။ သူမကို သတိထားစရာ ဥပမာတစ်ခုအနေဖြင့် သတ်မှတ်ထားသည့် သခင်ကြီးဝမ်က အိမ်တွင်းရေး မငြိမ်မသက် မဖြစ်စေချင်သောကြောင့် လက်ရှိမောင်းမမိဿံနှစ်ယောက်ကြားမှ တစ်ယောက်ကိုသာ ရွေးချယ်ခဲ့သည်။

 

ထို့ကြောင့် သိပ်မကြာခင်မှာပင် ကိုယ်လုပ်တော်ချန်း ကိုယ်ဝန်ရှိလာခဲ့ပြီး ဆယ်လအကြာတွင် သူတို့ရဲ့ပဉ္စမမြောက်သမီးလေးကို မွေးဖွားခဲ့သည်

 

အစပိုင်းတွင် ဝမ်သခင်ကြီး အနည်းငယ် စိတ်ပျက်သွားခဲ့သော်လည်း သူ့သမီးအငယ်ဆုံးလေးကို  မွေးဖွားပြီးနောက် သိပ်မကြာမီမှာပင် သူတို့၏ဒုတိယသားက စိတ်ဓာတ်ပြန်လည်တက်ကြွလာခဲ့သည်။ သူ၏ အာရုံစူးစိုက်မှုက တော်ဝင်စာမေးပွဲများမှ ကိုယ်ခံပညာဘက်သို့ ကူးပြောင်းသွားသော်လည်း အနည်းဆုံးတော့ သူ၏ ပြသနာရှာတတ်သောစရိုက်ကို ဖယ်ရှားလိုက်သည်။

 

ရှေးခေတ်လူများက အယူသီးသူများ ဖြစ်ကြသည်။ အငယ်ဆုံးသမီးက ဝမ်သခင်ကြီးနှင့်ဆင်တူပြီး ပညာသင်ကြားရာမှာ ထူးချွန်သူ ဖြစ်သည်။ သူမ စာပေများ စတင်သင်ကြားပြီး မကြာခင်မှာပင် သူမ၏အရည်အချင်းက ပိုတိုးတက်လာကာ အိမ်တော်၏အလားအလာအရှိဆုံး သားအကြီးဆုံးဖြစ်သည့် ဝမ်ချုံအန်းနှင့် နှိုင်းယှဥ်ခံနေရပြီ ဖြစ်သည်

 

ဆရာများ ပြောလေ့ရှိသည့်စကားမှာ သူမ မိန်းကလေးအဖြစ် မွေးဖွားလာသည်က စိတ်မကောင်းစရာဟုပင်။

 

သခင်မရှန်းက သူမတို့၏ ဒုတိယသား ရုတ်တရက် ပြောင်းလဲသွားခြင်းမှာ ဝမ်ရန်၏လွှမ်းမိုးမှုကြောင့်ဟု အနည်းငယ် ယုံကြည်ထားခဲ့သည်။ ထို့အပြင် အချိန်များ ကုန်ဆုံးလာပြီး  အသက်ပိုကြီးလာကြသော်လည်း ကိုယ်လုပ်တော်ချန်း၏စိတ်က ဆယ်ကျော်သက်အရွယ်ကကဲ့သို့ ရိုးရိုးရှင်းရှင်းနှင့် အယုံလွယ်နေဆဲဖြစ်သည်။

 

ကိုယ်လုပ်တော်ချန်းကဲ့သို့ နာခံတတ်ပြီး တာဝန်ကျေပွန်သော ကိုယ်လုပ်တော်အတွက် သခင်မရှန်းက အတော်လေး သည်းခံပေးခဲ့သည်။

 

တစ်ခုတည်းသော မကျေနပ်ဖွယ် ခလုပ်ခသင်းဖြစ်နေသည့် အတားအဆီးက ဝမ်ယဲ့ကိုယ်တိုင်သာ ဖြစ်သည်။

 

ဤအချက်ကို တွေးတောမိချိန်တွင် လွန်ခဲ့သည့်နှစ်အနည်းငယ်က သူမ လွတ်လပ်မှုများစွာ ရရှိခဲ့ကြောင်း ဝမ်ယဲ့ သဘောပေါက်သွားခဲ့သည်။ သခင်မရှန်းထိုသက်ညှာမှုများက သူမ၏ ညီမငယ်နှင့် ကိုယ်လုပ်တော်ချန်းတို့ကြောင့် ဖြစ်နိုင်ချေရှိသည်ကိုလည်း သူမ နားလည်လိုက်ရသည်

 

အင်း၊ ကောင်းပြီလေ.... ငါ  နောက်ဆိုရင် ညီမလေးအခန်းထဲက မုန့်တွေ သွားခိုးတာကို လျော့မှပဲ၊ ပြီးတော့ ယိနျန်းကိုလည်း ခဏခဏ မလိမ့်တပတ် မလုပ်တော့ဘူး။

 

မည်သို့ပင်ဖြစ်စေ ထိုသူများက သူမ၏သွေးသားရင်း မိသားစု၀င်များ ဖြစ်နေသောကြောင့် ဝမ်ယဲ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး မွေးမိခင်ကို  ထပ်မော့ကြည့်လိုက်သည်။

 

ယခုအခါတွင်  ကိုယ်လုပ်တော်ချန်းကတော့ သခင်မရှန်း သူမအတွက် ဆောင်ကြည်းပေးမည့် အနာဂတ်မြေးများအတွက် အဝတ်အထည်နှင့် ဖိနပ်များပြုလုပ်ရန် အထည်ကောင်းများကို သိမ်းဆည်းဖို့ စီစဥ်နေပြီ ဖြစ်သည်

 

ဝမ်ယဲ့ကတော့ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

 

‘ယိနျန်းကို ဒီလိုမျိုးတွေ ဆက်စီမံဖို့ ခွင့်မပြုနိုင်တော့ဘူး၊ အဲ့လိုမှမဟုတ်ရင် ငါ့ကို လက်ထပ်ဖို့ ဖိအားပေးရုံတင်မကဘဲ ကလေးယူဖို့ပါ တိုက်တွန်းလာလိမ့်မယ်

 

"ယိနျန်း၊ ညီမလေး ကျောင်းသွားပြီလား?"

 

ဝမ်ယဲ့က ကိုယ်လုပ်တော်ချန်း၏ စိတ်ကူးများကို လျင်မြန် ဟန့်တားလိုက်ပြီး ညီမငယ်လေးဆီသို့ စကားလမ်းကြောင်း ပြောင်းပေးလိုက်သည်။

 

နောက်ဆုံးတွင် ကိုယ်လုပ်တော်ချန်းက သူမ၏အတွေးများကို ရပ်လိုက်သည်။

 

"ဒီနေ့ နင့်ညီမလေး အားလပ်ရက် ရတယ်လေင် မေ့သွားပြန်ပြီလား? ဒါပေမယ့် သူ့ဆရာမက နည်းနည်း စည်းကမ်းတင်းကျပ်တော့ အိမ်စာတွေ မပါဘဲ အိပ်ပြန်ခွင့် မပြုလိုက်ဘူး"

 

သူမတို့ မိသားစုစုတွင် စာသင်ခန်း ဖွင့်ထားသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီး ယခုအချိန်တွင် ဝမ်ချန်ဝမ်ရန်နှင့် သခင်မရှန်း အစ်ကိုအကြီးဆုံး မိသားစုမှ မြေးအကြီးဆုံးနှင့် ဒုတိယမြေးတို့သာ စာပေသင်ကြားနေခဲ့သည်။

 

ကိုယ်လုပ်တော်ချန်း နေထိုင်သည့် ရှီးစွေ့ခြံဝင်းမှ ကျောင်းသို့ လမ်းလျှောက်ရန် ရှီးချန်တစ်ဝက်ခန့် အချိန်ယူခဲ့ရပြီး ဝမ်ယဲ့ငယ်ငယ်က ရှီးစွေ့ခြံဝင်းတွင် နေထိုင်ခဲ့ရသောကြောင့် သူမ မနက်တိုင်း မော့ရှီတွင် အိပ်ရာထခဲ့ရသည်။ ထိုအရာက သူမ ဘယ်တော့မှ ပြန်မသွားချင်တော့သည့် အမှတ်တရတစ်ခုသာ ဖြစ်သည်

 

ကံကောင်းထောက်မစွာဖြင့် အစကတည်းက သူမကို "ဉာဏ်ထိုင်းသူ" ဟု ယူဆခဲ့ကြသည်။ အိမ်တော်ရှိ အခြားမိန်းမငယ်လေးနှစ်ဦး တစ်ရှီးချန်အတွင်း လေ့လာနိုင်ခဲ့သည့် တူညီသောသင်ခန်းစာများကို သူမက သုံးရက်ကြာမှ ဖြေဆိုနိုင်ခဲ့သည်။ တဖြည်းဖြည်းနှင့် သခင်ကြီးဝမ်က သူအပေါ် ဘာမျှော်လင့်ချက်မှ မထားတော့ဘဲ သခင်မရှန်းကလည်း ဝမ်မိသားစုသမီးတစ်ယောက်အဖြစ် အကျင့်စာရိတ္တကောင်းနေသရွေ့ လက်ခံပေးခံကာ သူမကို အနှောင့်အယှက် မပေးခဲ့ပေ။ ထိုအချိန်မှစ၍ သူမ၏ဘဝက အသာယာကြီး သာယာသွားတော့သည်။

 

ဤအခိုက်အတန့်တွင် ဝမ်ယဲ့က မျက်တောင်တစ်ချက်ခတ်ကာ သူမ အမှန်အတိုင်း ပြောသင့်လားဟု တွေးနေမိသည်။

 

 

ကိုယ်လုပ်တော်ချန်းက သူမ၏အမူအရာကို မြင်သွားပြီး သူမ၏နဖူးကို လှမ်းပုတ်ကာ ကူကယ်ရာမဲ့နေဟန်ဖြင့် ထပ်ပြောလာခဲ့သည်။

 

"မင်းသာ မင်းညီမလေးရဲ့ တစ်ဝက်လောက် သိတဝ်ရင် ယိနျန်းက မင်းအတွက် ဒီလောက်စိတ်ပူနေမှာ မဟုတ်ဘူး"

 

တခါတရံတွင် ကိုယ်လုပ်တော်ချန်းက  ထိုနှစ်ယောက် အဘယ်ကြောင့် ညီအစ်မများ ဖြစ်လာကြသည်ကို တွေးတောနေမိသည်။

 

‘နှစ်ယောက်စလုံးက ဘာလို့ အစွန်းရောက်နေကြတာလဲ?’

 

တစ်ယောက်က သူမရဲ့ရုပ်ရည်ကို အမွေဆက်ခံပြီး စာဖတ်ဖို့ တွေးလိုက်တာနဲ့ ခေါင်းကိုက်နေပြီ

 

‘နောက်သမီးတစ်ယောက်ကတော့ ပြည့်စုံလွန်းတာကြောင့် ဘာမှပြောစရာ မရှိပေမယ့် သူမရဲ့ ရုပ်ရည်နဲ့ ဆင်တူတာ တစ်နေရာတောင် မရှိဘူး

 

ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

 

"ကျွန်မ မနေ့က ညတဝက်အထိ စာဖတ်ခဲ့တယ်"

 

ကိုယ်လုပ်တော်ချန်းက သူမနားကိုပင် သူမ မယုံနိုင်လောက်အောင် အံ့သြထိတ်လန့်သွားဟန်ဖြင့် မေးလာပြန်သည်။

 

 "တကယ်လား?"

 

ဝမ်ယဲ့က ရိုးသားလွန်းပုံရသည့် မျက်ဝန်းလေးများကို ဖော်ပြရင်း ပြန်ဖြေလိုက်သည်။

 

"တကယ်ပါယိနျန်း မယုံရင် ယွင်ကျီကို မေးကြည့်ပါလား"

 

သူမ တကယ်ပဲ ညတစ်ဝက်လောက် စာဖတ်ခဲ့တာပါ

 

ကိုယ်လုပ်တော်ချန်းက အမှန်တကယ် ယုံကြည်လုနီးနီး ဖြစ်နေခဲ့သည်ဝမ်ယဲ့က  ထောင်ကျီကို မေးခိုင်းလျှင် သခင်နှင့် အစေခံနှစ်ယောက်စလုံးက ကြိုတင် ဇာတ်တိုက်ထားသည်ဟု သံသယဖြစ်စရာ ရှိ‌နေသေးသည်

 

သို့သော် ထိုမိန်းကလေး ယွင်ကျီက ထိုကဲ့သို့ကိစ္စများကို ဘယ်သောအခါမှ မလိမ်ညာခဲ့ပေ

ညတစ်ဝက်အထိ စာဖတ်ပြီး မနက်အစောကြီး အိပ်ရာထခဲ့ရသည့် သူမ၏သမီးအတွက် စိတ်မကောင်းဖြစ်သွားသော ကိုယ်လုပ်တော်ချန်းက ဝမ်ယဲ့၏အခန်းထဲတွင် ကြာကြာမနေနိုင်ဘဲ ပြန်ရန် ပြင်လိုက်သည်

 

ပထမဆုံးအကြိမ်အဖြစ် သူမ အမြဲတမ်း ဆူပူလေ့ရှိသော ဝမ်ယဲ့၏ "အိပ်မက်မှု" ကို သူမကန့်ကွက်တော့ပေ။ ယင်းအစား သူမက ထောင်ကျီ၏တာဝန်ကိုပင် ကျေကျေနပ်နပ်ကြီး လွှဲယူကာ ဝမ်ယဲ့အတွက် အိပ်ယာ၏ကန့်လန့်ကာများကို သူမကိုယ်တိုင် ဆွဲချပေးလိုက်သည်။

 

ဝမ်ယဲ့က သူမ၏နူးညံ့သော အိပ်ယာပေါ်သို့ ကျေကျေနပ်နပ် လှဲချလိုက်ပြီး သူမ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။

 

နောက်ဆုံးတော့ ငါ အိပ်ရေးဝဝ အိပ်စက်နိုင်ပြီ

 

ဝမ်ယဲ့ကို ကောင်းကောင်း ဂရုစိုက်ရန် ထောင်ကျီကို ညွှန်ကြားပြီးနောက် ကိုယ်လုပ်တော်ချန်းက ထိုအိပ်ခန်းမှ ပြန်ထွက်သွားခဲ့သည်။ ခြံဝင်းအတွင်းရှိ မီးဖိုချောင်ငယ်လေးကို ဖြတ်သွားသွားရင်း မီးဖိုချောင်ထဲတွင် နေ့လည်စာ ပြင်ဆင်မှုများအတွက် ညွှန်ကြားနေသည့် ယွင်ကျီကို သူမ သတိပြုမိသွားခဲ့သည်။

 

ကိုယ်လုပ်တော်ချန်းက ခဏလောက်စဉ်းစားနေပြီးမှ မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်သည်

ဟမ့်ဝူခြံဝင်းတွင် ဝမ်ယဲ့၏ကိုယ်ပိုင်အစေခံ ယွင်ကျီနှင့် ထောင်ကျီတို့အပြင် ထမင်းချက်တစ်ဦးနှင့် အခြားအစေခံ သုံးဦး ရှိနေသေးသည်။ ဤသည်မှာ ဝမ်မိသားစုမှ သမီးများအတွက် စံသတ်မှတ်ချက် ဖြစ်သည်။

 

ယွင်ကျီက ကိုယ်လုပ်တော်ချန်းကို မြင်သွားပြီး လှမ်းမေးလိုက်သည်။

 

"ချန်းယိနျန်း၊ ကျွန်မကို တခုခု ခိုင်းစရာ ရှိလို့ပါလားရှင့်"

 

ကိုယ်လုပ်တော်ချန်းက နွေးထွေးစွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

 

"မင်းတို့ရဲ့သခင်မလေးက ညတစ်ဝက်လုံး စာဖတ်ခဲ့တယ်လို့ ပြောတယ်။ ဒီနေ့နေ့လည်စာမှာ ခိုသားစွပ်ပြုတ် ထည့်လိုက်နော်။ ကုန်ကျစရိတ်ကို ရှီးစွေ့ ခြံဝင်းကနေ ကျခံပေးမယ်"

 

အိမ်တော်၏ သက်တမ်းရင့် ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သည့် ကိုယ်လုပ်တော်ချန်းက လစဉ်  ငွေဆယ်လျန် ရရှိပြီး များသောအားဖြင့် သူမက ထိုငွေကို သူမ၏သမီးနှစ်ယောက်အတွက် သုံးစွဲလေ့ရှိသည်။ သူမ သုံးစွဲ၍ ကျန်ရစ်သည့်ငွေများကိုလည်း သမီးလေးများ၏ အနာဂတ် ခန်း၀င်ပစ္စည်းအတွက် သိမ်းဆည်းထားခဲ့သည်။

 

ယွင်ကျီက ကိုယ်လုပ်တော်ချန်း၏ ရည်ရွယ်ချက်များကို နားလည်နိုင်ပြီး ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားသည်။

 

"ချန်းယိနျန်း၊ စတုတ္တသခင်မလေး ညဥ့်နက်တဲ့အထိ အဲ့ဒီစာအုပ်တွေ ဖတ်တာကို ယိနျန်းက သဘောတူတယ်လား?"

 

ကိုယ်လုပ်တော်ချန်းက ယွင်ကျီစကားထဲမှ ထူးဆန်းသောအသုံးအနှုန်းကို နားမလည်ဘဲ နောက်ဆုံးတွင် ဝမ်ယဲ့ လုံ့လဝီရိယ ရှိလာသောကြောင့် သူမ ဝမ်းသာနေခဲ့သည်။

 

နောက်ကျနေပြီဖြစ်သော်လည်း အနည်းဆုံးတော့ သူမက ဖခင်ဖြစ်သူ၏ စာပေလေ့လာနိုင်မှုကို အနည်းငယ် အမွေဆက်ခံနိုင်မည့် အရိပ်အမြွက်များ ရှိလာပြီ ဖြစ်သည်။

 

ကိုယ်လုပ်တော်ချန်းက ထပ်ပြောနေပြန်သည်။

 

 "ယွင်ကျီ၊ မင်းရဲ့သခင်မလေးကို ပိုဂရုစိုက်ပေးရမယ်နော်။ စာဖတ်တာက ကောင်းတယ်၊ ဒါပေမယ့် တစ်ညလုံး မအိပ်ဘဲတော့ စာမဖတ်သင့်ဘူး"

 

ယွင်ကျီတစ်ယောက် လုံးဝ တိတ်ဆိတ်သွားတော့သည်။

 

စာအုပ်၏မျက်နှာဖုံးတွင် "လေးစောင်တွဲ" နှင့် "ဂန္တဝင်စာတမ်းငါးခု" ဟု ရေးထိုးထားသည့် စာအုပ်များ ပြည့်နှက်နေသော သူမတို့ သခင်မလေး၏ အခန်းထဲမှ စာအုပ်စင်ကို ပြန်တွေးရင်း ယွင်ကျီတစ်ယောက် ကိုယ်လုပ်တော်ချန်း၏ ဂုဏ်ယူဝံ့ကြွားသော်လည်း စိုးရိမ်နေသော စကားသံကို နားထောင်နေရုံသာ တက်နိုင်တော့သည်

 

သူမ ပြောချင်တာကတော့..... ယိနျန်းရေ.... ယိနျန်း ထပ်ပြီး အလိမ်ခံလာရပြန်ပြီ။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟