အခန်း ၄ ပွဲတက်ရောက်ခြင်း
ဝမ်ယဲ့အတွက် သင့်လျော်သောခင်ပွန်းတစ်ယောက် ရှာဖွေပေးမည့်ဟု ကိုယ်လုပ်တော်ချန်းကို
ကတိပေးထားခဲ့သည့်
သခင်မရှန်းက သူမ၏ကတိကို
ဘယ်သောအခါမှ
ပစ်ပယ်မထားခဲ့ပေ။
သူမ၏ဒုတိယသား မင်္ဂလာဆောင်ပြီး
ဆယ်ရက်အကြာတွင်
တိုက်ဆိုင်စွာဖြင့် ယုံချန်းမှူးမတ်အိမ်တော်က
ဧည့်ခံပွဲတစ်ခု ကျင်းပခဲ့ပြီး သခင်မရှန်းက သူမ၏ချွေးမနှစ်ယောက်ကို
ထိုပွဲသို့
ခေါ်ဆောင်သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း
ဝမ်ယဲ့ကို အတူခေါ်ဆောင်သွားသည်ကတော့ မေးနေစရာပင် မလိုတော့ပေ။
စုစုပေါင်း
မြင်းရထားသုံးစီး ရှိပြီး ပထမရထားလုံးက နောက်မှ
နှစ်စီးထက် ပိုကျယ်ဝန်းသည်။
ထိုရထားလုံးတွင် သခင်မရှန်း၊ သခင်မရှန်း၏ချွေးမများနှင့် ဝမ်ယဲ့တို့အတူ ထိုင်နေကြသည်။
အလယ်ရထားလုံးတွင် ပွဲအခမ်းအနားအတွက်
လက်ဆောင်များနှင့် သခင်မရှန်းက သူမ၏ မြေးလေးများနှင့် တခြားကလေးများအတွက် ပြင်ဆင်ထားသည့်
ပစ္စည်းများကို
သယ်ဆောင်လာကာ နောက်ဆုံးရထားလုံးကို အစေခံများနှင့်
ကျေးကျွန်တစ်စုအတွက် နေရာပေးထားခဲ့သည်။
ဝမ်ယဲ့က
ရထားလုံးပေါ်တွင် မတ်မတ်ထိုင်နေပြီး
သူမတစ်ယောက်တည်း သခင်မရှန်း၏ ညာဘက်တွင် ထိုင်နေရပြီး ချွေးမနှစ်ယောက်က
ယောက္ခမကို
မျက်နှာမူထားကြသည်။
သူမတို့ သွားနေသည့် ယုံချန်းမှူးမတ်အိမ်တော်က
တခြားမိသားစု မဟုတ်ဘဲ ဝမ်ယဲ့၏အကြီးဆုံး တရားဝင်အစ်မဖြစ်သည့် ဝမ်ယွီဝန်၏ခင်ပွန်းသည်ဘက်မှ
မိသားစု ဖြစ်သည်။
အိမ်ထောင်သက် ရှစ်နှစ်အတွင်း သူမက ယခင်က ကလေးနည်းပါးသည့်
ယုံချန်းမှူးမတ်အိမ်တော်အတွက် ယောက်ျားလေးသုံးဦးနှင့် မိန်းကလေးတစ်ဦး
မွေးဖွားပေးခဲ့သည်။ စိတ်ဝင်စားစရာကောင်းသည်က
သူမ၏သားဦးက
ယောကျာ်းလေး၊ မိန်းခလေး အမွှာတစ်စုံများဖြစ်ပြီး သခင်မရှန်း၏
ခေတ်အခါကို ပြန်လည်ရရှိစေခဲ့သည့် ကောင်းချီးတစ်ခု
ဖြစ်သည်။
ဤခေတ်တွင်
ယောကျာ်းလေး၊ မိန်းခလေး အမွှာတစ်စုံ မွေးဖွားခြင်းက ကံကြမ္မာကောင်းကို ကိုယ်စားပြုသည်။
လက်ရှိ
ယုံချန်းမှူးမတ်၏မိခင်ဖြစ်သော
သခင်မကြီးကျိက အသက်ရှင်လျက်ရှိနေသေးပြီး
ဤမြေးချွေးမကို လုံးဝ ကျေနပ်နေခဲ့သည်။
သခင်မကြီးကျိ၏ မျက်နှာသာပေးမှုကြောင့်
ဤအိမ်တော်ထဲတွင် ယုံချန်းမှူးမတ်ကတော်မှ
လွဲ၍
ဝမ်ယွီဝန်ကို မည်သူမျှ
မကျော်လွှားနိုင်ကြပေ။
ထိုသို့သော
ယုံကြည်မှုကို
ရထားသည့်တိုင် ဝမ်ယွိဝန်က မည်သည့်အခါမျှ
မောက်မာစွာ ပြုမူခြင်း မရှိဘဲ လူကြီးသူမများအပေါ် တာဝန်ကျေပြီး
နှိမ့်ချတတ်ကာ သူမ၏လက်အောက်ခံများကိုလည်း ကျိုးကြောင်းဆီလျော်စွာ
အုပ်ချုပ်ခဲ့သောကြောင့် မှူးမတ်၏ကိုယ်လုပ်တော်များနှင့်မောင်းမမိဿံများအပါအဝင် လူတိုင်းက
သူမကို
လေးစားကြပြီး
မည်သူကမျှ သူမ၏စည်းမျဉ်းများကို မကျော်ဖြတ်ရဲကြပေ။
သူမနှင့်
မှူးမတ်ကတော်တို့ကြားရှိ
သမီးယောက္ခမ ဆက်ဆံရေးကလည်း ညီညွတ်လွန်းသောကြောင့် ရှန်ကျင်းမြို့ရှိ အိမ်ထောင်ရှင်အမျိုးသမီးတော်တော်များများ
မနာလိုလေးစားအားကျရသည့်
ဖြစ်တည်မှုတစ်ခုသာ ဖြစ်နေလေသည်။
ဝမ်ယွီဝန်က
ဝမ်ယဲ့ထက် နှစ်အနည်းငယ် အသက်ပိုကြီးပြီး သူမ အိမ်ထောင်ကျနေသည်မှာ ကြာနေပြီဖြစ်သည်။
ထို့ကြောင့် ဝမ်ယဲ့က အစ်မဖြစ်သူ ဝမ်ယွီဝန်၏အိမ်ထောင်ရေးအကြောင်းကို
များများစားစား မသိတော့ပေ။ သို့သော်လည်း သခင်မရှန်း၏အမြင်နှင့်
ပြန်ပြောသည့်စကားများအရ
ထိုတရားဝင်အစ်မကြီးက ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပုံရသည်။
‘အင်း.... အဲဒါက အဓိပ္ပာယ်ရှိတယ်လေ။ ဝမ်ယွီဝန်လို အဆင်းရော
အချင်းပါ ပြီးပြည့်စုံတဲ့
မိန်းခလေးတစ်ယောက်က သူမ ဘယ်နေရာကိုပဲရောက်ရောက်
ဆိုးရွားတဲ့ဘဝမျိုးကို ပိုင်ဆိုင်ရမှာ မဟုတ်ဘူးပေါ့။’
‘အစ်မကြီးနေရာမှာ
ငါ ဆိုရင်တော့..... ထားလိုက်ပါတော့လေ.... အတိတ်ဘဝတုန်းက ဆိုရင်
ကြိုးစားချင်စိတ်တွေ ရှိကောင်းရှိနိုင်ပေမယ့်
ဒီဘဝမှာတော့ ငါက ငါးဆားနယ်တစ်ကောင်ပဲ ဖြစ်ချင်တော့တယ်။ ငါ
အသက်ရှင်နေသေးကြောင်း
တခြားလူတွေကို
ပြဖို့ ရံဖန်ရံခါ
အပြင်ထွက်ပြလိုက်ရင်ကို
လုံလောက်နေပါပြီဟယ်။’
အိမ်တော်နှစ်ခုက တော်တော်အလှမ်းဝေးသောကြောင့်
ခရီးတစ်ဝက်တွင်
ဝမ်ယဲ့
အနည်းငယ်
ငိုက်မျဉ်းလာတော့သည်။ သို့သော်
ရထားလုံးပေါ်တွင် သူမ တစ်ယောက်တည်း
မဟုတ်သည်ကို
သိနေသောကြောင့် သူမကိုယ်သူမ သတိပေးကာ
လက်သီးကို ဆုပ်ရင်း မတ်မတ်ပြန်ထိုင်လိုက်သော်လည်း
သူမ၏ တောက်ပနေတတ်သည့်မျက်လုံးလေးများက ယခုအချိန်တွင် အနည်းငယ် မှုန်မှိုင်းနေသည်။
သခင်မရှန်း၏မျက်လုံးများက
မှုန်ကုပ်သွားပြီး သူမအား တစ်ချက်ကြည့်လိုက်သည်ကို ဝမ်ယဲ့
ချက်ခြင်း
ခံစားလိုက်ရသည်။ ထို့ကြောင့်
သူမက သူမ၏ပခုံးကို ဆန့်တန်းထားရင်း သခင်မရှန်းကို ပြန်ကြည့်ရန် သူမ၏ခေါင်းလေးကို အနည်းငယ်
စောင်းထားသည်။
"အမေ"
သခင်မရှန်း
: "......"
အချိန်အတော်ကြာ
စဉ်းစားပြီးနောက် သခင်မရှန်းက
ဝမ်ယဲ့ကို အကြံဉာဏ်တစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။
“ငါတို့
သိပ်မကြာခင် ရောက်တော့မယ်၊ မင်းရဲ့အမူအကျင့်တွေကို
သတိထားဦး”
ထိုစကားကို
ကြားလိုက်ချိန်တွင်
ဝမ်ယဲ့က
နာနာခံခံ
ခေါင်းညိတ်လိုက်သည်။
"ဒီသမီးက အမေပြောတာကို စိတ်ထဲမှာ
မှတ်သားထားပါ့မယ်"
မမျှော်လင့်ဘဲ
သူမ ခေတ္တခဏ ငိုက်မျဥ်းသွားမိသော်လည်း သခင်မရှန်းက သူမကို အံသြဖွယ် ဖမ်းမိသွားခဲ့သည်။
ထိုအချိန်တွင်
အကြီးဆုံးယောင်းမဖြစ်သည့် ယန်ရှီက ဝင်ပြောလာခဲ့သည်။
"အမေ၊
စိတ်မပူပါနဲ့၊ ကျွန်မတို့ ညီမလေးကို
စောင့်ရှောက်ပေးပါ့မယ်"
သခင်မရှန်း၏စိုးရိမ်မှုက ဝမ်ယဲ့၏အိမ်ထောင်ရေး
ဖြစ်နေသည်ကို ယန်ရှီလည်း
ရိပ်စားမိနေခဲ့သည်။
ယုံချန်းမှူးမတ်အိမ်တော်မှ ကျင်းပသော
ပန်းပွဲတော်က
ပေါ့ပေါ့ပါးပါးပွဲ
မဟုတ်ပေ။ ယုံချန်းမှူးမတ်ထံတွင်
ခက်ခဲသော သားသမီးကံရှိပြီး သားတစ်ယောက်နှင့် သမီးများစွာ ရှိနေခဲ့သည်။ လက်ရှိတွင်
အခြားသမီးများက အိမ်ထောင်ကျသွားပြီးဖြစ်သော်လည်
မှူးမတ်ကတော်မှ
မွေးဖွားသည့်
ကိုးယောက်မြောက်သမီးကတော့
ယခုမှ အိမ်ထောင်ပြုရမည့်အချိန်သို့ ရောက်လာခြင်း ဖြစ်သည်။
ယနေ့
ပန်းကြည့်ပွဲက ထိုတရားဝင်သမီးအငယ်ဆုံးလေးအတွက်
စီစဉ်ကျင်းပခြင်း ဖြစ်ပြီး သမီးပျိုလေးများရှိသည့် အမျိုးကောင်းသမီးများသာ မှူးမတ်အိမ်တော်သို့ ပန်းများ
လာရောက်ကြည့်ရှူခံစားရန်
ဖိတ်ကြားခံခဲ့ရခြင်း
ဖြစ်သည်။
အခြေအနေကို
နားမလည်သေးသည့်
လျိုရှီကလည်း
ဝင်ပြောနေပြန်သည်။
"တကယ်တော့ စတုတ္ထညီမလေးက ရုပ်ရည်
ချောမောသလို စိတ်ထားကလည်း
ဖြူစင်ပါတယ်။
အမေ
အရမ်း စိတ်ပူနေစရာ
မလိုလောက်ပါဘူး"
သူမက
ဤကိုယ်လုပ်မွေးယောင်းမလေးအကြောင်း သိပ်မသိသေးပေ။ သူမ အိမ်ထောင်ကျပြီး
ဆယ်ရက်ကျော်အတောအတွင်း ဤကောင်မလေးက သူမ၏မိခင်အိမ်မှ အချင်းချင်း
ပြိုင်ဆိုင်နေတတ်သော သူမ၏ကိုယ်လုပ်တော်ဖွားညီအစ်မများထက် ပိုကောင်းသည်ဟုသာ
သူမ တွေးထားခဲ့သည်။
သခင်မရှန်းကတော့
အခြေအနေကို သေသေချာချာ မသိသေးသည့် ချွေးမနှစ်ယောက်၏ တုံ့ပြန်မှုကို
ပြန်ဖြေရှင်းရန်
မကြိုးစားတော့ဘဲ သူမတို့ကို တုံ့ပြန်သည့်အနေဖြင့် ‘အမ်း’ဟုသာ
တုံ့ပြန်လိုက်သည်။
‘ဝမ်ယဲ့ရဲ့စိတ်နေစိတ်ထားကို
သိတဲ့သူ နည်းပါးလေလေ
ပိုကောင်းလေလေပဲ၊ သူမ ဒီချွေးမတွေကို ဝမ်ရန်အကြောင်း ပြောပြရမယ်ဆိုရင်တောင်
ဝမ်ယဲ့ကို
အရင် လက်ထပ်ပေးပြီးမှပဲ
ပြောပြနိုင်လိမ့်မယ်။’
သခင်မရှန်းက
မည်သူ့ကိုမျှ မပြောပြနိုင်သည့် သူမ၏အတွေးများကို နိဂုံးချုပ်လိုက်ပြီး သူမ၏မျက်လုံးများကို
နောက်တစ်ကြိမ်
ပြန်ပင့်တင်ကာ
ဝမ်ယဲ့ကို
တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။
ဝမ်ယဲ့က သူမ၏အကြည့်များပြီး ရိုးသားပြီး နူးညံ့သည့် ရှက်ပြုံးလေးများဖြင့်
ချက်ချင်း တုံ့ပြန်လာခဲ့သည်။
သခင်မရှန်း
: "......"
နောက်ဆုံးတွင်
ရထားလုံးက
ယုံချန်းမှူးမတ်၏အိမ်တော်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ အရှေ့မှ
ရထားလုံး လုံးဝ ရပ်တန့်သွားပြီးနောက် နောက်ရထားလုံးပေါ်မှ အစေအပါးများက ချက်ချင်း ဆင်းလာပြီး ရှေ့ရထားလုံးဆီသို့
အလျင်အမြန် ရောက်လာကြသည်။
သခင်မရှန်းနှင့် သူမ၏မိသားစုဝင်များက
အစေခံများ၏ အကူအညီဖြင့် ရထားလုံးပေါ်မှ ဆင်းလာကြပြီး ဝမ်ယဲ့က နောက်ဆုံးမှ
ဆင်းလာသူ
ဖြစ်သည်။
သူမက
နာခံမှုရှိသော
အပြုအမူဖြင့် ခေါင်းကို ငုံ့ထားကာ ယဉ်ကျေးသိမ်မွေ့ပြီး နူးညံ့ညင်သာသည့် အထင်ကြီးဖွယ်
အသွင်အပြင်လေးကို ဖော်ပြနေခဲ့သည်။ ယွင်ကျီကလည်း သူမဘေးနား၌ ရိုရိုသေသေ
ရပ်နေခဲ့သည်။
ယခုကဲ့သို့
စုဝေးပွဲမျိုးတွင်
ဝမ်ယဲ့က ပိုပြီး
ယုံကြည်စိတ်ချရသည့်
ယွင်ကျီကိုသာ သူမနှင့်အတူ
ခေါ်လာလေ့ရှိသည်။
ဝမ်မိသားစုက
ယုံချန်းမှူးမတ်အိမ်တော်မှ အမွေဆက်ခံသူ၏ဇနီးသည်ဘက်မှ မိသားစု
ဖြစ်သောကြောင့် သူမတို့၏ ရောက်ရှိသွားသည်နှင့် ရှန်းသခင်မကို နွေးနွေးထွေးထွေး
ကြိုဆိုခဲ့ကြသည်။
ယုံချန်းမှူးမတ်၏ဇနီးသည်ကိုယ်တိုင်
သခင်မရှန်းကို ထွက်ကြိုခဲ့ပြီး သာကြောင်းမာကြောင်း စကားများကို ပေါ့ပေါ့ပါးပါး
ပျော်ပျော်ရွှင်ရွှင် ဖလှယ်ပြီးနောက် သူမက လူတိုင်းကို
အိမ်တော်ထဲသို့ ဖိတ်ခေါ်လာခဲ့သည်။
သူမတို့ လမ်းလျှောက်လာနေရင်း ယုံချန်းမှူးမတ်၏ဇနီးက
ရှင်းပြလာခဲ့သည်။
"တကယ်တော့ ဝန်အာလည်း
ထွက်ကြိုဖို့ ပြင်ဆင်နေခဲ့တာ၊ ဒါပေမယ့် ငါတို့ရဲ့ ယွိအာက ရုတ်တရက်
ငိုလိုက်တော့
ငါတို့
ဘာမှ
မတတ်နိုင်တော့ဘူး"
ယွိအာက
ခြောက်လသာရှိသေးသော
ယုံချန်းမှူးမတ်ကတော်၏အငယ်ဆုံးမြေးလေး ဖြစ်သည်။
သခင်မရှန်းက ယုံချန်းမှူးမတ်ကတော်၏လက်ခုံကို ညင်သာစွာ
ပွတ်သပ်ပေးရင်း
ပြန်ပြောလိုက်သည်။
“ယွိအာက ကလေးပဲ
ရှိသေးတာလေ၊ သူ့အမေကို
တွယ်ကပ်ချင်နေတာ
မထူးဆန်းပါဘူး၊ နောက်ပြီး ကျွန်မတို့တွေက သူစိမ်းတွေမှ မဟုတ်တာ။ သခင်မကိုယ်တိုင်
ကျွန်မတို့ကို
ထွက်ကြိုဆိုဖို့
မလိုပါဘူး။ နောက်တစ်ခါဆို
အိမ်ထိန်းတစ်ယောက်လောက် လွှတ်လိုက်ရင် ရပါပြီ"
သခင်မရှန်း၏
စစ်မှန်ပုံရသော ထောက်ထားစာနာသည့် စကားလုံးများက ယုံချန်းမှူးမတ်ကတော်၏မျက်နှာတွင်
ပို၍ စစ်မှန်သော အပြုံးများ ဖြစ်ပေါ်လာစေခဲ့သည်။
နှစ်ယောက်သား
စကားစမြည်ပြောရင်း
ရယ်မောကာ
အိမ်တော်ထဲသို့ ၀င်လာခဲ့ကြသည်။
ယုံချန်းမှူးမတ်၏အိမ်တော်နှင့်
ခမည်းခမက်ဆက်ဆံရေးရှိသော သခင်မရှန်းက အခြားသူများထက် စော၍ ရောက်လာခဲ့ဖြင်း
ဖြစ်သည်။
ထို့ကြောင့် ယုံချန်းမှူးမတ်၏ဇနီးက သူမတို့ကို သူမ၏ချွေးမနေထိုင်သည့်
ဝင်းထဲသို့ အရင်
ခေါ်သွားခဲ့သည်။
ဝမ်ယွီဝန်က သူမ၏သားလေးကို
ချော့မော့ပြီးနောက်
သူ့ကို စောင့်ကြည့်ရန် နို့ထိန်းထံသို့ အပ်ထားလိုက်သည်။ သူမက သူမ၏အဝတ်အစားများ
သပ်သပ်ရပ်ရပ်
ဖြစ်အောင် အမြန် ပြန်ပြင်ဆင်လိုက်ပြီး သခင်မရှန်းနှင့် သူမ၏မိသားစုဝင်များကို
နှုတ်ဆက်ရန်
ထွက်လာခဲ့သည်။
သူမ
ပင်မဝန်းထဲမှ ထွက်လာစဉ်တွင်
ယောက္ခမဖြစ်သူက
ဧည့်သည်များကို
ဦးဆောင်ကာ
သူမခြံဝန်းသို့ လာနေသည်ကို တွေ့လိုက်ရသည်။
ဝမ်ယွီဝန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု
ဖြစ်ပေါ်လာပြီး
သူမ၏ခြေလှမ်းများကို
ပိုမြန်လာလေသည်။ သူမက
ရှေ့သို့လှမ်းလာကာ ယုံချန်းမှူးမတ်ကတော်၏ လက်မောင်းကို
ဆုပ်ကိုင်ကာ ကူတွဲပေးလိုက်ပြီးမှ ချစ်ခင်ရင်းနှီးသည့်
အမူအရာဖြင့် သိမ်မွေ့စွာ ကျေးဇူးတင်လိုက်သည်။
“ချွေးမအတွက် ဒုက္ခခံပေးလို့ အမေ့ကို ကျေးဇူးတင်ပါတယ်၊ အမေ”
သူမ၏အမေနှင့် ယောက္ခမနှစ်ယောက်စလုံး
ရှိနေသော်လည်း ဝမ်ယွီဝန်က သူမ၏ယောက္ခမကို ပို၍ ရင်းနှီးသလို
ဆက်ဆံနေလေသည်။
ဝမ်ယဲ့က
သူမ၏မျက်ခုံးများကို
တိတ်တိတ်လေး ပင့်တင်ကာ ခိုးကြည့်လိုက်ပြီး
ယုံချန်းမှူးမတ်၏ဇနီးသည်က ချွေးမဖြစ်သူ၏အမူအရာကို သဘောကျနေကြောင်း သိသာနေသည်။
သခင်မရှန်း၏အမူအရာကတော့
သိသိသာသာ ပြောင်းလဲသွားခြင်း မရှိပေ။ သူမ ရောက်လာသည့်အချိန်ထက်
အနည်းငယ်
ပိုနူးညံ့လာပြီး စစ်မှန်သောအသွင်အပြင်ဖြစ်လာခဲ့သည်။
ယနေ့ပွဲက သူတို့မိသားစုထဲမှ တစ်ဦးတည်းသောသမီးအတွက်
ရည်ရွယ်ကျင်းပခြင်း
ဖြစ်သောကြောင့် တစ်ခုပြီး တစ်ခု
အလုပ်ရှုပ်နေသော ယုံချန်းမှူးမတ်၏ဇနီးသည်က ချွေးမ၏ခြံဝင်းတွင်
အကြာကြီး မနေတော့ပေ။ သို့သော် သူမက ဝမ်ယွီဝန်၏လက်ကို ညင်သာစွာ
ပွတ်သပ်ပေးနေရင်း
ချစ်ခင်မှုများ ပြည့်နေသော မျက်လုံးများဖြင့်
နူးနူးညံ့ညံ့
ပြောလာပြန်သည်။
"ဟုတ်ပါပြီ၊ အခုလိုမျိုး
မင်းရဲ့အမေ မင်းဆီကို အလည်လာဖို့က မလွယ်ဘူးနော်၊ အမေ့ကို ကောင်းကောင်း
ဧည့်ခံလိုက်ဦး”
ဝမ်ယွီဝန်က နာနာခံခံ
တုံ့ပြန်လိုက်သည်။
"ဝန်အာ နားလည်ပါပြီ"
သခင်မရှန်းကလည်း
ဝင်ပြောလိုက်သည်။
"သခင်မ၊ သခင်မ သွားစရာရှိတာသွားပါ။ ဝမ်ဝမ် ဒီမှာ ရှိနေတာပဲ"
ယုံချန်းမှူးမတ်၏ဇနီးက ခဏလောက် စဉ်းစားနေပြီး ထပ်မံငြင်းဆိုခြင်း
မပြုတော့ဘဲ
နှုတ်ဆက်လိုက်သည်။
"ဒါဆို ဧည့်သည်တွေ ရောက်လာရင် ဝန်အာကနေတဆင့်
အကြောင်းကြားပေးပါ့မယ်"
သခင်မရှန်းက အပြုံးဖြင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။
နောက်ပိုင်းတွင်
ယုံချန်းမှူးမတ်၏ဇနီးက
အထိန်းတော်များ၊ အစေခံများနှင့်အတူ
သူမ၏သားနှင့်ချွေးမ၏
ခြံဝင်းမှ
ပြန်ထွက်ခွာသွားခဲ့သည်။
ယောက္ခမနှင့် ကျေးကျွန်များ ထွက်သွားပြီးနောက်
ဝမ်ယွီဝန်က သခင်မရှန်းကို “အမေ”ဟု ချက်ချင်း လှမ်းခေါ်လိုက်သည်။
သခင်မရှန်းကလည်း
သမီးဖြစ်သူ၏လက်လေးကို ဆွဲကာ
ညင်ညင်သာသာ မေးမြန်းလိုက်သည်။
"ယွိအာ အိပ်ပျော်သွားပြီလား?"
ဝမ်ယွီဝန်က
မိခင်ဖြစ်သူ၏ရှေ့တွင်
သူမ၏ဟန်ဆောင်မှုကို ဖယ်ရှားလိုက်ပြီး အမှန်တကယ် ပင်ပန်းနွမ်းနယ်နေပုံလေးဖြင့်
ဝန်ခံလာခဲ့သည်။
"ယွိအာက တခြားသူတွေထက် နည်းနည်း
ပိုဆိုးနေပုံရတယ်"
သခင်မရှန်းက သမီးဖြစ်သူ၏လက်ကို
ဖွဖွလေး
ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"ကလေးတွေက
ဒီလိုပါပဲ၊
ငယ်သေးလို့ပါ"
ဝမ်ယွီဝန်က မိခင်ဖြစ်သူကို
ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ဘေးနားမှ သူများကို နှုတ်ဆက်လိုက်သည်။
"အကြီးဆုံးယောင်းမ၊ ဒုတိယယောင်းမ၊ စတုတ္ထညီမလေး"
ယန်ရှီနှင့် လျိုရှီတို့က
တညီတညွတ်တည်း
တုံ့ပြန်လိုက်ကြသည်။
“ဆက်ခံသူကတော်”
(T/n: ဒီနားလေးမှာ နည်းနည်းလေး ပြောပြချင်ပါတယ်၊
ယုံချန်းမှူးမတ်ဆိုတာက သူတို့ဆီမှာ ဆိုရင် နယ်စား/မြို့စားဘွဲ့ရထားတဲ့သူတွေပါ၊
ဒီမှာက မြို့စားလား၊ နယ်စားလားသေချာ မပြောသေးတော့ မှူးမတ်လို့ပဲ သုံးနေတာပါ၊
သူတို့ရဲ့ဓလေ့အရ မြို့စားတွေ နယ်စားတွေက သူတို့ရဲ့ဘွဲ့နဲ့ သူတို့အပိုင်စားရတဲ့
နယ်မြေကို သူတို့ရဲ့သားတွေထဲက တစ်ယာက်ကို အမွေပေးခွင့်ရှိပါတယ်၊ အများအားဖြင့်တော့
သားအကြီးကို ရွေးကြတာပါ၊ ရွေးပြီးရင် ဧကရာဇ်ကို လျောက်တင်ရပြီး ဧကရာဇ်က အတည်ပြုပေးလိုက်ရင် အဲ့သားက သူ့အဖေ
သေရင် သူ့အဖေရဲ့ဘွဲ့ကို ဆက်ခံပြီး မြို့စားနယ်စား ဖြစ်လာတာပါ၊ သူတို့မှာက
ရှီးဇီလို့ ခေါ်ပြီး E-tran က crown prince လို့ သုံးပါတယ်၊ တို့ကတော့ ဆက်ဆံသူလို့ပဲ
သုံးမယ်နော်၊ ဒီစာအုပ်မှာက MCဝမ်ယဲ့ရဲ့ တရားဝင်အစ်မကြီးက
ယုံချန်းမှူးမတ်ရဲ့သားနဲ့ လက်ထပ်ထားတာပါ။ ယုံချန်းမှူးမတ်မှာက
တရားဝင်သားတစ်ယောက်ပဲ ရှိတော့ ဝမ်ယွိဝန်ရဲ့ယောကျာ်းက မှူးမတ်ဘွဲ့ကို ဆက်ခံရမှာပါ)
ဝမ်ယဲ့ကလည်း အသံတိုးတိုးလေးဖြင့် သံယောင်လိုက်ကာ
နှုတ်ဆက်လိုက်သည်။
ဝမ်ယွီဝန်၏
ယုံချန်းမှူးမတ်အိမ်တော်သို့
လက်ထပ်ဝင်ရောက်ခဲ့ပြီး သူမ၏အဆင့်အတန်းက
မြင့်မားသည်ဟု ယူဆနိုင်သည်။ လက်ရှိတွင်
ယုံချန်းမှူးမတ်နှင့်
သူ၏သား
နှစ်ဦးစလုံးက နန်းတွင်း၌ အရေးကြီးသော ရာထူးများကို ထမ်းဆောင်နေကြပြီး
ယုံချန်းမှူးမတ်အိမ်တော်မှ
ဆက်ခံသူ၏ဇနီးဖြစ်သည့် သူမ၏ သြဇာအာဏာကလည်း ပေါ့ပါးခြင်း
မရှိဘဲ
အတော်အတန် လေးနက်နေလေသည်။
ထို့ကြောင့်
ယန်ရှီနှင့် လျိုရှီတို့
သူမကို ထိုသို့ခေါ်ဝေါ်နှုတ်ဆက်ခြင်းက သင့်လျော်လှပေသည်။
ဝမ်ယွီဝန်က
သခင်မရှန်းကို
သူမကိုယ်တိုင်
တွဲခေါ်ကာ အခန်းထဲသို့
ဝင်စေခဲ့သည်။ ယောင်းမနှစ်ယောက်၏နှုတ်ဆက်သံကို
ကြားလိုက်ရချိန်တွင်
သူက
ခပ်တိုးတိုး
ရယ်မောလိုက်ပြီး သူမတို့ကို လှမ်းပြောလိုက်သည်။
"ဒီမှာ
အပြင်လူ မရှိပါဘူး၊ အကြီးဆုံးယောင်းမနဲ့
ဒုတိယယောင်းမ.... မင်းတို့ အရမ်း
ယဥ်ကျေးနေဖို့ မလိုပါဘူး"
သခင်မရှန်းကလည်း ဝင်ပြောလိုက်သည်။
"ဟုတ်တယ်၊
ဝန်အာ ပြောတာကို
နားထောင်လိုက်ကြ"
ယောက္ခမဖြစ်သူ၏ညွှန်ကြားသံကို နားထောင်ပြီးနောက် ယန်ရှီနှင့် လျိုရှီတို့က သူမတို့၏အခေါ်အဝေါ်ကို “ယောင်းမလေး/ယောင်းမကြီး” ဟူ ပြောင်းလဲလိုက်ကြသည်။
(t/n; အကြီးဆုံးသားက ဝမ်ယွိဝန်ထက်
ကြီးပြီး ဒုတိယသားက ငယ်ပုံရတယ်)
သူမတို့ ထိုသို့
ခေါ်ဝေါ်သုံးဆွဲလိုက်သောကြောင့် သူမတို့ကြားတွင် ပိုရင်းနှီးသွားလို ဖြစ်သွားစေပြီး ဝမ်ယွီဝန်က ပို၍ ကျေနပ်သွားခဲ့သည်။
ထို့နောက် သူမက အမြဲတမ်း
ထင်ထင်ပေါ်ပေါ်
မနေတတ်သည့် ဝမ်ယဲ့ထံသို့
အာရုံရောက်သွားပြန်သည်။ သူမ ဝမ်ယဲ့ကို သေသေချာချာ
ကြည့်နေပြီးမှ "ငါတို့
နောက်ဆုံးတွေ့ခဲ့တာ တော်တော်တောင် ကြာနေပြီ၊ စတုတ္ထညီမလေး၊ နင်က ပိုတောင်လှလာသေးတယ်"
ဝမ်ယဲ့က ရှေ့သို့
ငုံလိုက်ပြီး ယဉ်ယဉ်ကျေးကျေး
ပြန်ဖြေလိုက်သည်။
"အကြီးဆုံးအစ်မရဲ့ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင့်"
သူမက
နှိမ့်ချလွန်းခြင်းမရှိသလို မောက်မာခြင်းလည်း
မရှိဘဲ သူမ၏ပုံစံလေးအတိုင်း ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။
ဝမ်ယဲ့၏
မပြောင်းလဲသော
အမူအရာကိုသာ တွေ့လိုက်ရသောကြောင့်
ဝမ်ယွီဝန်က
သူမ၏အကြည့်များကို ပြန်ရုတ်လိုက်ပြီး
အားလုံးကို
ထိုင်စေကာ သခင်မရှန်းနှင့် စကားစမြည် ပြောနေခဲ့သည်။
သူမတို့
စကားစမြည်ပြောနေစဉ်အတွင်း ဝမ်ယွီဝန်က
သူမ၏သမီးကို သွားခေါ်ရန် အစေခံတစ်ဦးအား စေလွှတ်လိုက်သည်။ ယုံချန်းမှူးမတ်အိမ်တော်တွင် သူမ၏ယောက္ခမမှ
မွေးခဲ့သည့် တရားဝင်သမီး
ရှောင်ကျို့မှ လွဲ၍ အခြားသော ကိုယ်လုပ်တော်ဖွားကလေးများက အာရုံစူးစိုက်မှု
သိပ်မရရှိကြပေ။ ကံကောင်းထောက်မစွာဖြင့် ဝမ်ယွီဝန်က သူမ၏အကြီးဆုံးသားနှင့်အတူ သမီးလေးတစ်ယောက်ကိုပါ
တပြိုင်တည်း မွေးဖွားနိုင်ခဲ့သည်။
အမြွှာများက
ကောင်းချီးပေးခံသူများ ဖြစ်သောကြောင့် ဝမ်ယွီဝန်၏သမီးဖြစ်သူကလည်း ချစ်ခြင်းမေတ္တာများနှင့် အခွင့်ထူးများ ရရှိခဲ့သည်။
သခင်မရှန်းကလည်း
သူမ၏
တစ်ဦးတည်းသော မြေးမလေးကိုလည်း အလွန်ချစ်မြတ်နိုးသောကြောင့်
သူမ၏မြေးမလေးကို တွေ့သည်နှင့် ပေးနိုင်ရန်
ကြိုတင်ပြင်ဆင်ထားသည့် လက်ဆောင်သေတ္တာတစ်လုံးကို ယူလာပေးရန်
အထိန်းတော်ဟန်ကို တောင်းဆိုလိုက်သည်။
မိခင်ဖြစ်သူ၏အပြုအမူကို
မြင်လိုက်ရချိန်တွင် ဝမ်ယွီဝန်က အားတုံ့အားနာ ဖြစ်သွားဟန်ဖြင့်
ပြောလာခဲ့သည်။
"အမေ၊ ဒီနေ့က
ရှုအာရဲ့မွေးနေ့ မဟုတ်ဘူး၊
ဒီလက်ဆောင်တွေက နည်းနည်း များလွန်းနေပြီ"
သခင်မရှန်းက
သူမ၏သိမ်မွေ့သောမြေးမလေးကိ
ပွေ့ဖက်ထားရင်း ပြန်ပြောလိုက်သည်။ "ဒါတွေအားလုံးကို အမေ
တစ်ယောက်တည်း ပေးတာ မဟုတ်ဘူး၊ မင်းရဲ့ယောင်းမနှစ်ယောက်နဲ့ စတုတ္ထညီမလေးပေးတဲ့
လက်ဆောင်တွေလည်း ပါတယ်"
သစ်သားသေတ္တာကို
ဖွင့်လိုက်သည်နှင့်
အလွှာပေါင်းများစွာ
ထွက်ပေါ်လာပြီး အပေါ်ဆုံးအလွှာတွင်
လက်ရာမြောက်သော နွေရာသီဝတ်စုံများစွာ ရှိနေလေသည်။ ၎င်းတို့က
လင်းရှုအာအတွက်
သီးသန့်ပြင်ဆင်ထားမှန်း
သိသာထင်ရှားနေသည်။
ထိုဝတ်စုံများအပြင် အရည်အသွေးကောင်းသည့်
ကျောက်စိမ်းဖြူ ဆွဲပြားလေးတစ်ခုလည်း ရှိနေသေးသည်။ သခင်မရှန်းက ထိုဆွဲပြားအကြောင်း ရှင်းပြနေသည်။
"ဒါက
ရှုအာအတွက်
ဖူချင်းဘုရားကျောင်းကနေ အမေ တောင်းလာတဲ့
ငြိမ်းချမ်းခြင်းအဆောင် ကျောက်စိမ်းဆွဲပြားပဲ၊ ဒါကို ဆရာတော်ရွှမ်ချင်းကိုယ်တိုင်
ချီးမြှင့်ခဲ့တာ"
သူမ ထံတွင် သမီးအရင်းတစ်ယောက်သာ
ရှိပြီး သူမ၏သမီးနှင့်
အလွန်ဆင်သော မြေးမလေးတစ်ယောက်
ရှိနေသောကြောင့် သခင်မရှန်းက သူမ၏မြေးမလေးအတွက် အမြဲတွေးတောပြီး
ချစ်မဝ ဖြစ်နေတတ်သည်။
သူမက
မြေးမလေး၏ဦးခေါင်းနှစ်ဖက်ပေါ်မှ ဆံထုံးသေးသေးလေးများကို ပွတ်သပ်ပေးနေရင်း ချစ်မြတ်နိုးမှုအပြည့်ဖြင့်
မေးလိုက်သည်။
"ရှုအာ ကြိုက်လား?"
လင်းရှုအာ
သခင်မရှန်းကို
ချစ်စဖွယ်ပြန်ကြည့်ကာ
ပွေ့ဖက်လိုက်ရင်း
ပြန်ဖြေလိုက်သည်။
"ရှုအာ
အရမ်း ကြိုက်တယ်။
ဖွားဖွားက
အရမ်းကြင်နာတတ်တယ်"
အောက်အလွှာတွင်
အလွန်လှပသော
ဆံပင်အဆင်တန်ဆာ နှစ်စုံပါရှိပြီး ယန်ရှီက
အပြုံးလေးဖြင့် ဝင်ပြောလိုက်သည်။
"ကျွန်မနဲ့
ရှုအာရဲ့
ဒုတိယအဒေါ်က အမေလောက် သေသေချာချာ မစဉ်းစားနိုင်ခဲ့ကြဘူး။ ဒီဆံထိုးလေးနှစ်စုံက နောင်မှာ
ရှုအာ လှလှပပ ဆင်မြန်းနိုင်ဖို့ ရည်ရွယ်ပြီး ပေးတဲ့လက်ဆောင်လေးတွေပါ"
လျိုရှီက "ရှုအာက အရမ်းလိမ္မာရေးခြားရှိတယ်။
ကျွန်မ
ရှုအာဆီက ကံကြမ္မာကောင်းတချို့ကို ဝေမျှနိုင်ဖို့ မျှော်လင့်နေမိတယ်"
(t/n: ရှုအာလို ကလေးလေး လိုချင်တယ်
လို့ပြောတာပါ)
ထိုသို့ ပြောပြီးနောက် သူမက ရှက်ရွံ့သွားဟန်ဖြင့်
မျက်နှာလေး နီရဲသွားပြန်သည်။
ဝမ်ယွီဝန်က ပြုံးလိုက်ပြီး သမီးဖြစ်သူကို
သင်ပြပေးလိုက်သည်။
"ရှုအာ၊ သမီးရဲ့အဒေါ်နှစ်ယောက်ကို
ကျေးဇူးတင်စကား
ပြောလိုက်ပါဦး"
မိခင်ဖြစ်သူ၏စကားကို ကြားလိုက်ချိန်တွင်
လင်းရှုအာက သခင်မရှန်း၏ရင်ခွင်ထဲမှ ထွက်သွားပြီး ယန်ရှီနှင့် လျိုရှီကို
မျိုးဆက်အငယ်တစ်ဦး၏
သင့်တော်သော အမူအရာအတိုင်း အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက
နူးညံ့သောအသံလေးဖြင့်
ချိုချိုသာသာ ကျေးဇူးတင်နေခဲ့သည်။
"အကြီးဆုံးအဒေါ်နဲ့ ဒုတိယအဒေါ်ကို ကျေးဇူးတင်ပါတယ်ရှင့်”
သူမ၏သားများကို
သူမ၏ယောက္ခများနှင့် ခင်ပွန်းဖြစ်သူက
ချစ်ခင်မြတ်နိုးကာ
အရိပ်တကြည့်ကြည့် ပြုစုစောင့်ရှောက်ပေးနေသောကြောင့်
ဝမ်ယွီဝန်က
သူမ၏သမီးလေးကို အနည်းငယ်ပို၍
မျက်နှာသာပေးခဲ့သည်။
သူမက သူမ၏သမီးလေး ကျင့်ဝတ်နှင့်အညီ နှုတ်ဆက်နေပုံကို
ကြည့်နေကာ ကြင်နာမှုအပြည့်ဖြင့်
ပြုံးနေခဲ့သည်။
သမီးမရှိသော
ယန်ရှီက
ယခုအချိန်တွင်
သူမ၏သားများထက် သာလွန်ကောင်းမွန်နေသည့် ယဉ်ကျေးသိမ်မွေ့မှုသော လင်းရှုအာကို
ကြည့်နေခဲ့ပြီး သူမ၏မျက်ဝန်းတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်လာပြန်သည်။
"အဲ့လောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။
နောင်မှာ
ရှုအာ လိုချင်တာ တစ်ခုခုရှိရင် ဒီအဒေါ်တွေကို ပြောလို့
ရတယ်နော်"
သူမဘေးမှ
လျိုရှီကလည်း ခေါင်းညိတ်ပြကာ သူမ သဘောတူကြောင်း
ထောက်ခံလိုက်သည်။
နောက်ဆုံးအလွှာတွင်
သခင်မရှန်း၏စဉ်းစားတွေးခေါ်ထားသောလက်ဆောင်များ၊ ယန်ရှီနှင့် လျိုရှီတို့၏ချမ်းသာကြွယ်ဝသောလက်ဆောင်များနှင့်နှိုင်းယှဉ်လျှင်
အလွန်ရိုးရှင်းနေသည့်
ဝမ်ယဲ့၏လက်ဆောင်
ပါရှိသည်။
ဤလက်ဆောင်ကို
သခင်မရှန်းသာ
တကြိမ်မြင်ဖူးခဲ့သောကြောင့် သူမမှ လွဲ၍ ကျန်လူများအားလုံး သေတ္တာထဲတွင်ရှိသောအရာကို
မြင်သွားပြီး
အံ့အားသင့်နေကြသည်။
ထိုလက်ဆောင်က
အရုပ်များနှင့်တူသော
သစ်သားပစ္စည်းလေးများ ဖြစ်သည်။ လက်ဖဝါးခန့် အရှည်ရှိသော သစ်သားအရုပ်လေးများ၊
သေးငယ်သော ၀တ်စုံလေးများ၊ စားပွဲနှင့်
ကုလားထိုင်များ၊ မီးဖိုချောင်သုံးပစ္စည်းနှင့် ဆင်တူသည့် သစ်သားအပိုင်းအစလေးများ၊ ဗီရိုငယ်လေးများနှင့် သစ်သားခုတင်ငယ်များပင် ပါဝင်နေလေသည်။
ဝမ်ယွီဝန်က
မေးလာခဲ့၏။
"စတုတ္ထညီမ၊ အဲဒါတွေက ဘာတွေလဲ"
ပထမဆုံးမြင်လိုက်ရချိန်တွင်
သူမ၏စတုတ္ထညီမက နားမလည်နိုင်သော
ပစ္စည်းအချို့ကို ရည်ရွယ်ချက်ရှိရှိ ပေးပို့ခဲ့သည်ဟု သူမ ထင်သွားခဲ့သော်လည်း
ခဏအကြာတွင် ၎င်းက
မဖြစ်နိုင်ကြောင်း
သူမ သိလိုက်သည်။
‘စတုတ္ထညီမက
ရှုပ်ထွေးအောင် လုပ်ချင်တယ်ဆိုရင်တောင် သူမရဲ့အမေက
လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။’
‘ဒီပစ္စည်းတွေ ဝမ်အိမ်တော်ကနေ ထွက်လာပြီး ဒီနေရာကို ရောက်လာပြီ
ဆိုမှတော့ သူမရဲ့အမေက ဒါတွေကို မြင်ဖူးပြီး လက်ခံလိုက်တယ်ဆိုတာ
သိသာနေတယ်လေ။’
ဝမ်ယဲ့က အပြုံးလေးဖြင့်
ရှင်းပြလိုက်သည်။
"ဒါတွေက
ကျွန်မ
ကိုယ်တိုင်လုပ်ထားတဲ့ အရုပ်လေးတွေပါ"
ကံကောင်းစွာဖြင့်
သူမ၏အတိတ်ဘဝတွင် ထူးခြားဆန်းကြယ်သော စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦး
ပိုင်ဆိုင်ခဲ့သည့် ဝမ်ယဲ့က သစ်သားလက်မှုပညာကို ကျွမ်းကျင်ခဲ့သည်။
မထင်မှတ်ပဲ
ထိုအရာက
ဤဘဝတွင် သူမအတွက် အကျိုးရှိလာခဲ့သည်။
သူမက ထိုအရာများကို
အပျင်းပြေ ဖန်တီးထားခဲ့ခြင်းဖြစ်သော်လည်း သူမ
ထိုအရုပ်လေးများကို လုပ်ပြီးပြီးချင်း သခင်မရှန်းက ယုံချန်းမှူးမတ်အိမ်တော်တွင် ဧည့်ခံပွဲတက်မည့်အကြောင်း အသိပေးခဲ့သည်။
သူမထံတွင်
လက်ဆောင်ပေးရန် ထိုက်တန်သည့် အရာတစ်ခုမှ
မရှိသည့်အတွက် ဝမ်ယဲ့က အတော်လေး သင့်လျော်သည့် 'ကစားစရာအိမ်' သစ်သားအရုပ်လေးများကို လက်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့သည်။
‘အရေးအကြီးဆုံးအချက်ကတော့
ကုန်ကျစရိတ်
သက်သာတယ်လေ။’
အခြားသူများ၏
စူးစမ်းမှုအောက်တွင်
ဝမ်ယဲ့က
အရုပ်လေးများအား မည်သို့
ကစားရမည်ကို သရုပ်ပြခဲ့သည်။
သူမက
သစ်သားအရုပ်လေးကို
ကုလားထိုင်သေးသေးလေးပေါ်တွင် ထိုင်စေခြင်း၊ ကုတင်ပေါ်တွင် လှဲလျောင်းစေခြင်း၊ စားပွဲတွင်
ထိုင်ကာ စာရေးနေစေခြင်း
စသည်ဖြင့် အမျိုးမျိုး
ပြုလုပ်ပြခဲ့သည်။
ထိုသစ်သားအရုပ်လေးကို ချောမွေ့စွာ
ပွတ်တိုက်ထားပြီး မျက်နှာလေးကိုပင် ချစ်စရာအမူအရာဖြစ်အောင် ထွင်းထုထားခဲ့သည်။
မျက်လုံးနေရာလေးများကိုလည်း ပေါ်လွင်အောင်
ဆေးခြယ်ထားပြီး အရုပ်လေး၏နှုတ်ခမ်းသေးသေးလေးများကိုပင်
နှုတ်ခမ်းနီ
ရေးခြယ်ပေးထားခဲသည်။
"တော်တော်
စိတ်ဝင်စားဖို့ ကောင်းတယ်"
ဝမ်ယွီဝန်က ခဏလောက်လိုက်ကြည့်နေရုံဖြင့်
နားလည်သွားကာ မှတ်ချက်ပေးလိုက်သည်။
ထို့နောက်
သူမက သူမမိခင်၏ရင်ခွင်ထဲတွင်
ပွေ့ဖက်ခံထားရသော သူမ၏သမီးလေးကို
တစ်ချက်လှမ်းကြည့်လိုက်သည်။
သူမ
သမီးလေး၏မျက်လုံးလေးများက တောက်ပနေပြီး
ဝမ်ယဲ့၏လက်ထဲရှိ အရုပ်များကို
သေသေချာချာ စိုက်ကြည့်နေကာ သူမ ၎င်းကို အလွန်နှစ်သက်မှန်း
သိသာနေသည်။
ဝမ်ယွီဝန်တစ်ယောက်
မပြုံးဘဲ မနေနိုင်တော့ဘဲ သူမ၏ညီမလေးက သူမတို့ အမေပြောသလို အမှန်တကယ် ထူးခြားကြောင်း
နားလည်လိုက်ရသည်။
🌟🌟🌟🌟🌟 Thank you
for always being my greatest supporter. 🌟🌟🌟🌟🌟