" ချစ်သူက အစစ်ဟု ယုံကြည်နေသ၍ "_ အခန်း ၂၀
Viewers 923


အဖွဲ့ခေါင်းဆောင်ဟောင်း သတ်မှတ်ထားခဲ့သည့် စည်းကမ်းချက်များကို ဖုတုန်းယွင်က တစ်ခုချင်းစီ ပြင်ဆင်လိုက်ပြီးနောက်တွင်မူ စာပြင်ဌာနသည် အခြားဌာနများနည်းတူ လွတ်လပ်ပေါ့ပါးသော လုပ်ငန်းခွင်အသွင်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။


 ရုံးခန်းအတွင်း မနက်စာ စားသောက်ခွင့် ရလာသည့်အပြင် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပုံမှန်စကားပြောဆို ဆက်ဆံမှုများကိုလည်း မည်သူမျှ စောင့်ကြည့်နှောင့်ယှက်ခြင်း မရှိတော့ပေ။


ရက်ပိုင်းမျှအတွင်းမှာပင် ရုံးခန်းတစ်ခုလုံး ဆူဆူညံညံနှင့် သက်ဝင်လှုပ်ရှားလာခဲ့သည်။


ဖုတုန်းယွင်သည် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာစားရင်း ရင်းရင်းနှီးနှီး စကားစမြည်ပြောလေ့ရှိရာ ထိုနေ့တွင်မူ ကျန်းရှောင်ရို့နှင့် အလှည့်ကြုံလေသည်။ 


ဤချောမောလှပသော မိန်းကလေးသည် ရုံးစရောက်ကတည်းက လူအများ၏ စိတ်ဝင်စားမှုကို မည်မျှအထိ ဆွဲဆောင်ခဲ့သည်ကို သူမ ကောင်းစွာသိရှိထား၏။ 


ရက်အနည်းငယ်မျှ လက်တွဲလုပ်ကိုင်ပြီးနောက်တွင်မူ အတိတ်က ထွက်ပေါ်ခဲ့သော ကောလာဟလအများစုမှာ ချဲ့ကားထားခြင်းသာဖြစ်ကြောင်း ဖုတုန်းယွင် သဘောပေါက်လာခဲ့သည်။ ကျန်းရှောင်ရို့သည် အမှန်တကယ် လှပသော်လည်း မာနမကြီးသလို၊ ထက်မြက်သော်လည်း ဝင့်ဝါခြင်းမရှိပေ။ သူမတွင်လည်း သမီးရွယ်တူတစ်ဦး ရှိနေ၍လားမသိ၊ ဖုတုန်းယွင်သည် ကျန်းရှောင်ရို့အပေါ် အထူးပင် ကြင်နာယုယမိသည်။


"တကယ်တော့ တို့နှစ်ယောက်လုံးရဲ့ ရာထူးတိုးစာက တစ်ရက်တည်း ထွက်လာတာ။ ဒါပေမဲ့ အားလုံးက တို့အပေါ်ပဲ အာရုံရောက်နေကြလို့ ညည်းကို သေချာဂုဏ်မပြုလိုက်ရဘူး ဖြစ်သွားတယ်"


"ကျေးဇူးတင်ပါတယ် အဖွဲ့ခေါင်းဆောင်"


ပထမဆုံး ရက်ရက်ပိုင်းက ကျန်းရှောင်ရို့တစ်ယောက် ဤသတင်းကိုပင် မယုံနိုင်ဘဲ ရှိခဲ့သည်။


 သူမ၏ ပထမဆုံး အာရုံခံစားမှုမှာ လုမိသားစုက နောက်ကွယ်ကနေ ကူညီပေးခဲ့ခြင်း ဖြစ်လိမ့်မည်ဟူ၍သာ။


သူမသည် လုယုံကျန်းကို မသိမသာ စမ်းသပ်ကြည့်ရာ သူ ဘာမှမသိကြောင်း တွေ့ရသဖြင့် ထျန်းရှောင်အော်ကို ဌာနတွင်း အခြေအနေအား စုံစမ်းခိုင်းခဲ့ရသည်။ 


ထိုအခါမှသာ အထက်လူကြီးများ ချမှတ်ထားသည့် "လူငယ်စီမံကိန်း" အရ သူမ ရာထူးတိုးမြှင့်ခံရခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ စာပြင်အဖွဲ့၏ လစ်လပ်နေရာအတွက် သူတို့ဌာနကို ဦးစားပေးပေးခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် အသက်နှင့် လုပ်သက်သက်တမ်း ပြည့်မီသူမှာလည်း သူမတစ်ဦးတည်းသာ ရှိခဲ့သည်။


"ဒါတွေက ညည်းရဲ့ ကြိုးစားမှုနဲ့ ထိုက်တန်လို့ ရခဲ့တာပါ။ ညည်းရဲ့ စာပြင်မှတ်တမ်းတွေနဲ့ လုပ်ငန်းခွင် လုပ်ဆောင်ချက်တွေကို တို့ ကျပန်းစစ်ဆေးကြည့်ပြီးပြီ၊ အားလုံးက စံပြပဲ" ဖုတုန်းယွင်၏ မျက်နှာထက်တွင် နူးညံ့အေးချမ်းသော အပြုံးတစ်ခု ထင်ဟပ်လာပြီး "ငါ့သမီးလေးသာ ညည်းလို လူတတ်လေးဖြစ်ရင် ဘယ်လောက်ကောင်းမလဲ" ဟု ညည်းတွားလိုက်သည်။


သူမက မိန်းကလေးငယ်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်း "နောက်နောင် လုပ်ငန်းခွင်ထဲမှာ တို့တွေ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီကြတာပေါ့" ဟု ဆိုလိုက်သည်။


ဖုတုန်းယွင်သည် လုပ်ငန်းခွင်ထဲသို့ အသစ်စက်စက် ခြေချလာသည့် ကျောင်းပြီးစကလေး မဟုတ်တော့ပေ။ ဤမျှ အချိန်ကိုက် လှပလွန်းသော ကံကောင်းခြင်းမျိုးက ကောင်းကင်ကနေ ဒီအတိုင်း ခြေရင်းသို့ ပြုတ်ကျလာလိမ့်မည်ဟု သူမ မယုံကြည်။ ဌာနက သူမ၏ ရာထူးတိုးကိုသာ အတိအလင်း ကြေညာပြီး ကျန်းရှောင်ရို့၏ အတည်ပြုချက်ကို လျှို့ဝှက်ထားခဲ့ခြင်းကပင် မရိုးသားသောအငွေ့အသက်ကို သူမ အာရုံရစေသည်။


ကျန်းရှောင်ရို့ကို သတ်မှတ်ချိန်ထက် စောစီးစွာ ရာထူးတိုးပေးခြင်းက လုပ်ထုံးလုပ်နည်းကို ကျော်လွန်နေသည်မှာ အမှန်ပင်။ သို့ဆိုလျှင် သူမကို အဘယ်ကြောင့် လူအများ၏ အာရုံစိုက်ရာ ဗဟိုချက်မသို့ တွန်းပို့ထားသနည်း။


အဖြေက တစ်ခုတည်းသာ ရှိသည်။ ကျန်းရှောင်ရို့ကို ကာကွယ်ရန်အတွက် ဖြစ်၏။


သူမအတွက်မူ ကျန်းရှောင်ရို့တစ်ဦး လုပ်ငန်းခွင်တွင် စိတ်အေးချမ်းသာစွာဖြင့် ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရေးသည်သာ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မည့် အကောင်းဆုံး ကုထုံးဖြစ်ပေလိမ့်မည်။


"ကျေးဇူးတင်ပါတယ် အဖွဲ့ခေါင်းဆောင်။ သမီး သေချာပေါက် ကြိုးစားပါ့မယ်" ကျန်းရှောင်ရို့၏ မျက်ဝန်းအစုံသည် စိတ်အားထက်သန်မှုတို့ဖြင့် တောက်ပနေတော့သည်။


ပို၍ ဝမ်းသာစရာကောင်းသည်မှာ နေ့လယ်ခင်းတွင် ရှောင်းယုကျွမ်း ရောက်လာပြီး သူမအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ရရှိခဲ့ပြီဖြစ်ကြောင်း လာရောက်ပြောပြခြင်းပင်။


"ရှောင်ရို့... ရပ်ကွက်ရုံးက ငါ့ကို ဘယ်နေရာမှာ အလုပ်ဆင်းဖို့ အကြောင်းကြားတယ်လို့ ထင်လဲ။ ခန့်မှန်းကြည့်စမ်း" ရှောင်းယုကျွမ်းသည် ရင်ခုန်စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာတစ်ခုလုံး ဝင်းပနေရှာသည်။


"ငါက ဘယ်လိုလုပ် သိမှာလဲ။ ဟန်မဆောင်ဘဲ မြန်မြန်ပြောစမ်းပါ!"


ရှောင်းယုကျွမ်း၏ မျက်ဝန်းများက ပျော်ရွှင်မှုကြောင့် အရောင်တောက်နေပြီး စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ "ငါ ပြောပြမယ်၊ ငါ့ကို ရွှန်ထိုက်ရုပ်ရှင်ရုံမှာ အလုပ်ဆင်းဖို့ အကြောင်းကြားစာ ပို့လိုက်တာ!"


"ရွှန်ထိုက်ရုပ်ရှင်ရုံ" ဟူသော အမည်က ကျန်းရှောင်ရို့ကို စိတ်မသက်မသာ ဖြစ်သွားစေသော်လည်း သူငယ်ချင်းဖြစ်သူ အလုပ်ရသွားသည့်အတွက်မူ လှိုက်လှိုက်လှဲလှဲပင် ဝမ်းသာမိပါသည်။


ကျန်းရှောင်ရို့၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်လျှင် ရှောင်းယုကျွမ်းက သူမ၏ ပါးပြင်လေးကို အသာအယာ ဆိတ်ဆွဲလိုက်ရင်း "နောက်ထပ် သတင်းကောင်းတစ်ခု ကြားချင်သေးလား။ ဒီနေ့ ငါ သွားပြီး အလုပ်လျှောက်လွှာ တင်တဲ့အချိန်မှာ ချန်ချန်းရဲ့ အလုပ်ထွက်စာကို မြင်ခဲ့ရတယ်။ ဒါကြောင့် နင် ငါ့ဆီလာရင် သူ့ကို တွေ့ရမလားဆိုပြီး စိတ်ပူစရာ မလိုတော့ဘူး"


ချန်ချန်းက အလုပ်ထွက်သွားပြီ ဟုတ်လား ။ 


"ဟုတ်တယ်၊ ကြားရသလောက်တော့ အတွင်းပိုင်း အရေးယူရှင်းလင်းမှု တစ်ခုကြောင့်တဲ့။ သူ့မိသားစုက ပြည်ပအဖွဲ့အစည်းတွေနဲ့ မရိုးမသား ဆက်သွယ်လုပ်ကိုင်နေတာကို စုံစမ်းစစ်ဆေးမိလို့လေ။ အသေးစိတ်တော့ ငါလည်း သေချာမသိဘူး၊ ဒါပေမဲ့ စွဲချက်က တော်တော်ပြင်းထန်တယ်လို့ ပြောကြတယ်။ သူတစ်ယောက်တည်း တင်မဟုတ်ဘူး၊ သူ့အမေနဲ့ အဖေပါ အမှုထဲ ပါသွားတာ။ ဟူး... သနားစရာပဲ၊ သံမဏိပြတင်းပေါက် တိုက်ခန်းကိုတောင် ဆက်မနေရတော့ဘဲ အသိမ်းခံလိုက်ရတယ်။ အခု တစ်မိသားစုလုံး သူ့အဖိုး ချန်ထားခဲ့တဲ့ တဲအိုပျက်ထဲ ပြောင်းသွားကြရပြီ။ ဒါကြောင့် သူ နင့်ကို လာနှောင့်ယှက်မှာကို လုံးဝ စိုးရိမ်စရာ မလိုတော့ဘူးနော်!"


မကြာသေးမီက ချန်ချန်းတစ်ယောက် အဘယ်ကြောင့် ပျောက်ခြင်းမလှ ပျောက်နေရသလဲဆိုသည်ကို ယခုမှပင် သဘောပေါက်သွားတော့သည်။


ကျန်းရှောင်ရို့၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု တိုးဝှေ့ဝင်ရောက်လာသည်။ မိမိအတွက် အကျိုးရှိစေမည့် ကံကောင်းခြင်းများစွာသည် အချိန်တိုအတွင်း တစ်ပြိုင်နက်တည်း ကျရောက်လာသကဲ့သို့ ခံစားရပြီး အရာအားလုံးက တိုက်ဆိုင်လွန်းနေသည် မဟုတ်ပါလား။


သူမသည် ရှုပ်ထွေးနောက်ကျိနေသော စိတ်အစုံဖြင့် အိမ်သို့ ပြန်လာခဲ့ပြီး ညနေခင်းတွင် ကျန်းထန်းလေးနှင့်အတူ စာကြည့်နေစဉ် စိတ်မပါ့တပါ ဖြစ်နေခဲ့သည်။


ထုံအလှသော ကျန်းထန်းလေးပင်လျှင် အခြေအနေတစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသွားသည်။ သူသည် လွန်ခဲ့သော နာရီဝက်ခန့်ကတည်းက သူမ တွေးတောနေသည့် လေ့ကျင့်ခန်းစာအုပ်ကို လှမ်းဆွဲယူလိုက်ရင်း "အစ်မ... ဒီပုစ္ဆာကို တွေးနေတာ နာရီဝက်နီးပါး ရှိနေပြီ။ ခက်လွန်းရင်လည်း နောက်တစ်ခုကိုပဲ ကျော်လုပ်လိုက်ပါတော့။ ဟော... ဒါက ဘာလို့ မတွက်နိုင်ရတာလဲ၊ မနေ့ကတင် ဒီလိုပုံစံတူတစ်ခုကို အစ်မ မှန်အောင် တွက်ခဲ့သေးတယ် မဟုတ်လား!"


"...ငါ နည်းနည်း မေ့သွားလို့ပါ" ကျန်းရှောင်ရို့က မျက်လုံးချင်း မဆုံဘဲ ခပ်သွက်သွက် ငြင်းလိုက်သည်။


ကျန်းထန်းလေးကတော့ ကြိုးတစ်ချောင်းလို လျှော့တိလျှော့ရဲနှင့် တွေးချင်ရာတွေးကာ "ဟော... အစ်မ၊ ဒါနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက အစ်ကိုလုကို မတွေ့မိပါလား။ မနေ့ညက သန်းခေါင်ယံကြီး ငါ နိုးလာတော့ သူ့အိမ်တံခါး ဂျောက်ခနဲ ပိတ်သံ ကြားလိုက်ရတယ်။ သူ တကယ်ပဲ အဲ့ဒီလောက်တောင် အလုပ်များနေတာလား။ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ရတာလား မသိဘူး၊ အဲ့ဒီလောက် အလုပ်ဆင်းရရင် အချိန်ပိုကြေးရော အများကြီး ရရဲ့လား..."


ကျန်းထန်းလေး၏ စက်သေနတ်ပစ်သလို ဆက်တိုက်မေးခွန်းများကြောင့် သူမ၏ မျက်ခုံးအစုံ တွန့်ချိုးသွားရသည်။


နောက်ဆုံးအကြိမ်က အိမ်လိုက်ပို့ရင်း ရင်ဖွင့်စကား ပြောခဲ့ပြီးကတည်းက သူမသည် သူ့ကို မနက်ခင်းနှစ်ကြိမ်သာ တွေ့ခဲ့ရသည်။ သူသည် သူမကို လမ်းထောင့်တွင်တင် ထားခဲ့ရုံမကဘဲ လုပ်ငန်းခွင် တံခါးဝအထိ လိုက်ပို့ပေးကာ၊ သူမ အထဲဝင်သွားသည်အထိ စောင့်ကြည့်ပြီးမှ လုံခြုံရေးဝန်ထမ်းကို စီးကရက်တစ်ဘူးပေးကာ စကားအနည်းငယ် ဆိုပြီးမှ ထွက်ခွာသွားလေ့ရှိသည်။


သို့သော် ထိုမျှမှတစ်ပါး သူတို့နှစ်ဦး စကားသေချာပြောရန် အချိန်မရခဲ့ကြချေ။


လုယုံကျန်းက သူမကို အလုပ်ကိစ္စအချို့ဖြင့် အလုပ်ရှုပ်နေကြောင်း၊ ပြီးသွားလျှင် အနားယူပြီး သူမ၏ အင်္ဂလိပ်စာကို ကူညီသင်ပေးမည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။


သူမက ကျန်းထန်းလေးကို "သူ အလုပ်များနေလို့ပါ" ဟု ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။


မောင်နှမနှစ်ဦး၏ တိုးတိုးတိတ်တိတ် စကားဆိုသံသည် အိမ်ထဲရှိ ဖခင်ဖြစ်သူ ကျန်း၏ မကျေနပ်မှုကို နှိုးဆွလိုက်ပုံရကာ "နင်တို့နှစ်ယောက် မြန်မြန် အပေါ်တက်ပြီး အိပ်ကြတော့။ မီးထွန်းထားရတာ လျှပ်စစ်ခမကုန်ဘူး အောက်မေ့နေလား" ဟု အော်ဟစ်လိုက်လေသည်။


"သိပါပြီ အဖေ!" ကျန်းထန်းလေးသည် ဘေးလွတ်ရာသို့ ပြေးရသကဲ့သို့ ဝမ်းသာအားရ အော်ထူးလိုက်ပြီး သူ၏ စာအုပ်များကို ခပ်သွက်သွက် သိမ်းဆည်းလိုက်ကာ "အစ်မ... အစ်မလည်း မြန်မြန်တက်ခဲ့တော့နော်!"


သိမ်းဆည်းပြီးသည်နှင့် သူသည် အပေါ်ထပ်သို့ ခြေသံပြင်းပြင်းဖြင့် ပြေးတက်သွားတော့သည်။


 ကျန်းရှောင်ရို့ကမူ နှေးကွေးစွာ ကျန်ရစ်ခဲ့ပြီး အိမ်ရှေ့တံခါးဆီသို့ လျှောက်သွားမိသည်။ တံခါးအက်ကွဲကြောင်းမှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်ရာ အချိန်မှာ ရှစ်နာရီခွဲကျော်နေပြီဖြစ်သော်လည်း လုယုံကျန်း၏ ပြတင်းပေါက်မှာမူ မှောင်မည်းနေဆဲ ဖြစ်၏။


လွန်ခဲ့သော နှစ်နာရီခန့်က လုယုံကျန်းသည် လုပေါ်ရှီနှင့်အတူ လျန်ကျန်းမြို့ရှိ မွေးနေ့ပွဲတစ်ခုသို့ လိုက်ပါသွားခဲ့ပြီး ထိုနေရာတွင် မွေးနေ့ဆုတောင်းရန် ရောက်ရှိနေသော ဟောက်ယွမ်ရှင်းနှင့် ဆုံတွေ့ခဲ့သည်။


ယုမိသားစုသည် လူသိနည်းသော ရိုးရှင်းသည့် ဘဝပုံစံကို နှစ်သက်သဖြင့် မွေးနေ့ပွဲကို ကျန့်ကော်လမ်းရှိ "စုန်းဟွာတောင်" နိုင်ငံပိုင် စားသောက်ဆိုင်တွင်သာ ကျင်းပခဲ့သည်။


 ကျယ်ဝန်းသော သီးသန့်အခန်းသည် ယခင်ရွှေခေတ်ကာလများကကဲ့သို့ ခမ်းနားတောက်ပခြင်း မရှိတော့သော်လည်း ခန့်ညားထည်ဝါမှု အရှိန်အဝါကတော့ ရှိနေဆဲပင် ဖြစ်သည်။


ယုမိသားစုနှင့် လုမိသားစုသည် မျိုးဆက်ပေါင်းများစွာ ရင်းနှီးခဲ့ကြသော မိတ်ဆွေဟောင်းများ ဖြစ်ကြ၏။ အခုအခါ မိမိတို့၏ လုပ်ငန်းခွင် အသီးသီးသို့ ပြန်လည်ရောက်ရှိလာကြချိန်တွင် သူတို့သည် ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ကြရင်း ရက်စက်လှသော အချိန်ကာလ၏ ရွေ့လျားမှုကို ရင်ဖွင့်ကာ ဘဝ၏ ကြံ့ခိုင်မှုကို ချီးကျူးနေကြသည်။


ဟောက်ယွမ်ရှင်း ရောက်ရှိလာချိန်တွင် လူအုပ်ကြားထဲ၌ ခေါင်းကို ကုတ်ကာ မိမိအနားသို့ တိုးကပ်ရန် ကြိုးစားနေသော လူငယ်တစ်ဦးကို ချက်ချင်း သတိပြုမိလိုက်သည်။

 ထိုလူငယ်သည် မွေးနေ့ရှင် ဖြစ်သူ ယုလျန်ကျန်းနှင့် စစ်တုဘုရင်ကစားနည်း ကစားနေခြင်းဖြစ်ပြီး ဘေးပတ်ပတ်လည်ရှိ ရင်းနှီးသော မျက်နှာများကလည်း ပွဲကို စိတ်ဝင်တစား ဝိုင်းဝန်းကြည့်ရှုရင်း အကြံဉာဏ်ပေးနေကြသည်။


"ဝေဖန်သူတွေ ပြောတာတော့ လုရဲ့ မြေးဖြစ်သူက အဘိုးယုကို အလျှော့ပေးနေတာတဲ့!" တစ်ယောက်က နောက်ပြောင်လိုက်သည်။


"ဘယ်သူက အလျှော့ပေးတယ်လို့ ပြောတာလဲ။ ဟမ်? ဒါက သိသိသာသာကို လက်ရည်တူ ကစားနေတာပါ... ဖူး--"


"အဘိုးယုရဲ့ စစ်တုရင်ပညာက တကယ့်ကို နက်နဲလှပါတယ်။ ကျွန်တော်ကတော့ လူငယ်ပီပီ သတ္တိကို အရင်းပြုပြီး ကျားနှုတ်ခမ်းမွေးကို သွားဆွဲမိသလို ကစားနေရတာပါ။ နောက်တစ်ခါဆိုရင်တော့ အဘိုးယုရဲ့ ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ခံရမလား မသိဘူး"


လုယုံကျန်း၏ ရုပ်ရည်သွင်ပြင်မှာ ထူးခြားထင်ရှားလွန်းလှသဖြင့် လူအုပ်ကြားထဲတွင် အလွယ်တကူပင် ပေါ်လွင်နေသည်။


ဟောက်ယွမ်ရှင်းသည် ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။


သူသည် တံခါးဝတွင် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးမှ အတွင်းသို့ ခြေလှမ်းလှမ်းခဲ့သည်။ 


လမ်းတစ်လျှောက်တွင် လူအများအပြားက သူ့ကို နှုတ်ဆက်စကားဆိုကြသဖြင့် ပြန်လည်တုံ့ပြန်နေရသော်လည်း သူ၏ မျက်ဝန်းများကမူ ထိုလူငယ်အပေါ်၌သာ တည်ရှိနေပြီး လွန်ခဲ့သော ရက်ပိုင်းက ပေရှန်လမ်းတွင် သူတို့ ပြောဆိုခဲ့ကြသော စကားများထဲ၌ အမှားအယွင်း တစ်စုံတစ်ရာ ပါသွားခဲ့သလားဟူ၍ စတင် တွေးတောနေမိသည်။


သူ အံ့ဩသွားရသည်မှာ သူ ဘာမှမပြောရသေးခင်မှာပင် လုယုံကျန်းက သူ၏ ချောမောသော မျက်နှာကို မော့ကာ ပြုံးလျက် "ဒါရိုက်တာဟောက်... တစ်ခေါက်ပြန်ဆုံရတာ ဝမ်းသာပါတယ်" ဟု နှုတ်ဆက်လိုက်ခြင်းပင်။ 


"တစ်ခေါက်ပြန်ဆုံရတာ" ဟူသော စကားလုံးက ယခင်က သူတို့ တွေ့ဆုံခဲ့ခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ဖြစ်ကြောင်း ပွင့်လင်းစွာ ဝန်ခံလိုက်ခြင်း ဖြစ်သည်။


လုပေါ်ရှီက ထိုနှစ်ဦးကို ကြည့်ရင်း "မင်းတို့နှစ်ယောက်က ဘယ်တုန်းကတည်းက သိနေကြတာလဲ" ဟု ကြားဖြတ်မေးလိုက်သည်။


လုပေါ်ရှီသည် ဝါရင့်အရှိန်အဝါရှိသူ ဖြစ်သည့်အတွက် ဟောက်ယွမ်ရှင်းက ရိုသေသမှုဖြင့် အနားသို့ တိုးကပ်ကာ နှုတ်ဆက်လိုက်သည်။


 ထို့နောက်မှ လုယုံကျန်းဘက်သို့ လှည့်ကာ ပြုံးလျက် "ဒီလူငယ်လေးက လုဘိုရဲ့ သားဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး" ဟု ဆိုသည်။


လုယုံကျန်းက စကားဝိုင်းကို သဘာဝကျကျ လွှဲပြောင်းယူလိုက်ရင်း "ဒါဆိုရင်တော့ ကျွန်တော်ကပဲ မျက်နှာပြောင်တိုက်ပြီး အစ်ကိုဟောက်လို့ ခေါ်ပါရစေ။ အစ်ကိုဟောက်... ဒီနေ့ ဆုံရတာ တကယ့်ကို ကံကောင်းခြင်း လက်ဆောင်ပါပဲ"


သူက စကားပြောရင်း လက်ချောင်းများကို မသိမသာ လှုပ်ရှားပြလိုက်ရာ ထိုအပြုအမူ၏ နက်နဲသော အဓိပ္ပာယ်ကို ဟောက်ယွမ်ရှင်းတစ်ဦးတည်းသာ နားလည်နိုင်ပေလိမ့်မည်။


ယုလျန်ကျန်း၏ မွေးနေ့ပွဲသည် ရိုးရာဓလေ့အတိုင်း အစားအသောက်များကို တိုက်ရိုက် သုံးဆောင်ကြရင်း စားပွဲဝိုင်းတွင် အတိတ်ဟောင်း နှောင်းဖြစ်များကို ပြောဆိုကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။


ဟောက်ယွမ်ရှင်း၏ အလှည့် ရောက်သောအခါ သူသည် မိမိ၏ မျက်စောင်းထိုးတွင် ထိုင်နေသော လုယုံကျန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် လှပစွာ ထုပ်ပိုးထားသော သေတ္တာဘူးလေးကို ယူကာ မွေးနေ့ရှင်ထံသို့ လက်နှစ်ဖက်ဖြင့် စနစ်တကျ ကမ်းပေးလိုက်ရင်း "ဦးလေးယု... ဒါက ကျွန်တော် ဦးလေးအတွက် ယူလာတဲ့ ယွန်းထည်ဘူးလေးပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါဦး"


ယုလျန်ကျန်း၏ ဘိုးဘွားများသည် နက်နဲသော ပညာတတ်မျိုးရိုးမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ သူသည် စစ်ပွဲကြောင့်သာ လက်နက်စွဲကိုင်ခဲ့ရသော်လည်း ပညာအခြေခံကတော့ ခိုင်မာဆဲဖြစ်ရာ ယုမိသားစုတွင် ရိုင်းစိုင်းသူဟူ၍ မရှိခဲ့ပေ။


သေတ္တာဘူးကို ဖွင့်လှစ်ကာ အတွင်းရှိ ယွန်းထည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများ ဝင်းပသွားတော့သည် "ဒါ... ဒါက တကယ့် အဖိုးတန်ပစ္စည်းပဲ! ကြံ့ရေယွန်းထည် မဟုတ်လား။ ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး!"


"ကျွန်တော်ကတော့ ယွန်းထည်အကြောင်း သိပ်နားမလည်ပါဘူး" ဟု ဟောက်ယွမ်ရှင်းက ပြန်ဖြေလိုက်ရင်း "ဆိုင်တစ်ဆိုင်မှာ တွေ့လို့ ဝယ်လာခဲ့တာပါ။ အတုလို့ပဲ ထင်ထားခဲ့တာ၊ ဘူးပေါ်က မင်္ဂလာရှိတဲ့ ပန်းပုံစံလေးတွေက လှလို့ ဦးလေး အပန်းဖြေကြည့်ဖို့ ယူလာခဲ့တာပါ"


ယုလျန်ကျန်းက ထိုအရာ၏ တန်ဖိုးကို သိရှိသွားသည်ကို မြင်ရသောအခါ ဟောက်ယွမ်ရှင်း၏ ရင်ထဲတွင် သက်ပြင်းချနိုင်တော့သည်။ သူသည် လုယုံကျန်းကို မကြည့်ဘဲမနေနိုင်တော့ဘဲ "မင်းက တကယ်ပဲ အမြင်ရှိတာပဲ" ဟု စိတ်ထဲက တွေးမိသည်။


သူက မိမိ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သိရှိရုံမက ပေရှန်လမ်းသို့ အဘယ်ကြောင့် ရောက်နေရသလဲဆိုသည်ကိုပါ နားလည်နေပုံရသည်။


လုယုံကျန်းထံမှ "ခြောက်လိုင်း နည်းစနစ်" နှင့် ပတ်သက်ပြီး လမ်းညွှန်မှု ခံယူချင်ခဲ့သည့် မိမိ၏ ဆန္ဒကို ပြန်လည်တွေးတောမိရင်း ဟောက်ယွမ်ရှင်းတစ်ယောက် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။


ဧည့်သည်များကို အကဲခတ်ကြည့်ရာ ရောက်ရှိနေသူအားလုံးမှာ ရာထူးအရှိန်အဝါ ကြီးမားသူများ ဖြစ်ကြပြီး သူ၏ လက်ဆောင်ထက် ပိုမိုအဖိုးတန်သော အရာများ ရှိနေသော်လည်း သူ၏ "ကြံ့ရေယွန်းထည်ဘူး" မှာမူ သံသယဖြစ်ဖွယ်မရှိဘဲ အထူးခြားဆုံး ဖြစ်နေခဲ့သည်။


ယုလျန်ကျန်းသည် ထိုဘူးလေးကို အတန်ကြာအောင် ပွတ်သပ်ရင်း အတွေးကမ္ဘာထဲသို့ နစ်မြောနေပြီးမှ ဟောက်ယွမ်ရှင်းကို တစ်ချက်ကြည့်ကာ အားလုံးကို အစားအသောက် သုံးဆောင်ကြရန် အချက်ပြလိုက်တော့သည်။


ဝိုင်အနည်းငယ် သောက်သုံးပြီးနောက်တွင် စားပွဲဝိုင်း၏ အငွေ့အသက်မှာ ပိုမို သက်ဝင်လှုပ်ရှားလာခဲ့သည်။ ယုလျန်ကျန်းသည် ဟောက်ယွမ်ရှင်းနှင့် မျက်လုံးချင်း ဆုံလိုက်ပြီးနောက် နှစ်ဦးသား သီးသန့်အခန်းပြင်ပရှိ စားသောက်ဆိုင်ရှေ့ ဥယျာဉ်ငယ်ဆီသို့ ထွက်လာခဲ့ကြသည်။


"ယွမ်ရှင်း ..." ယုလျန်ကျန်းက ဆိုသည် "ဒီနေ့ လူတွေ သိပ်များလွန်းလို့ ငါ စကားအများကြီး မပြောချင်ဘူး။ မင်းက ဒါဟာ ကြံ့ရေယွန်းထည်မှန်း သိရုံတင်မကဘဲ အစစ်အမှန်ဖြစ်မှန်းပါ သိနေတာပဲ။ ငါ့ကို ဒါကို လက်ခံခိုင်းတာက ငါ့ကို အမှားတစ်ခု လုပ်ခိုင်းနေတာပဲ!"


"ဦးလေးယု! ကျွန်တော် အခုပြောတာ အမှန်တွေပါ။ ကျွန်တော် တကယ်ပဲ ဆိုင်ခန်းလေးတစ်ခုမှာ ဝယ်ခဲ့တာ၊ ဈေးလည်း မကြီးပါဘူး... ဆယ်ဂဏန်းလောက်ပဲ ပေးခဲ့ရတာ။ ဦးလေးမယုံရင် လုဘိုရဲ့ သားကို မေးကြည့်ပါ၊ သူလည်း အဲ့ဒီအချိန်တုန်းက ရှိနေတာ"


ယုလျန်ကျန်းသည် တုံ့ဆိုင်းမနေဘဲ လုယုံကျန်းကို လှမ်းခေါ်လိုက်ကာ လိုရင်းသို့ တိုက်ရိုက် ဖြတ်ပြောလိုက်သည် "ဒီပစ္စည်းရဲ့ နောက်ကွယ်က အမှန်တရားက ဘာလဲ။ ပြောစမ်း!"


လုယုံကျန်းက မျက်မှောင်အသာကြုတ်ရင်း ဟောက်ယွမ်ရှင်း၏ မျက်နှာပျက်နေသော အမူအရာကို ကြည့်ကာ အခြေအနေကို ကောင်းစွာ သဘောပေါက်လိုက်သည် "အဲ့ဒါက အစစ်နဲ့ အတု ရောနှောနေတဲ့ ဆိုင်ခန်းအသေးလေးတစ်ခုပါ။ ကျွန်တော်က အဲ့ဒီမှာ ခွက်တစ်စုံ ဝယ်ခဲ့ပြီး အစ်ကိုဟောက်ကတော့ ဒီဘူးကို ရွေးခဲ့တာ။ ဒါက တကယ်ပဲ အစစ်အမှန် ဖြစ်နေလို့လားခင်ဗျာ"


ဤပြန်လည်ဖြေကြားချက်က သူတို့နှစ်ဦးလုံး ထိုယွန်းထည်ဘူး၏ အစစ်အမှန်ကို မသိရှိခဲ့ကြသလို၊ ကံကောင်းခြင်းကလည်း တစ်ဦးတည်းအတွက် သီးသန့်မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်။


"မင်းဝယ်ခဲ့တဲ့ ခွက်တွေကို ငါ့ကို ပြပါဦး" ယုလျန်ကျန်းက အလွယ်တကူ လှည့်စား၍ မရသော အမူအရာဖြင့် ဆိုသည်။


သို့သော် လုယုံကျန်းကတော့ တည်ငြိမ်စွာဖြင့်ပင် "ကျွန်တော် ကျွန်တော့်ရဲ့ ချစ်သူကို ပေးလိုက်ပါပြီ၊ အဲဒါက ကျွန်တော်တို့ရဲ့ ကတိသစ္စာပြု အမှတ်တရပစ္စည်းလေးပါ။ အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် ကျွန်တော့်ချစ်သူက အစစ်လို့ ယုံကြည်နေသရွေ့ အရေးမကြီးပါဘူး"


ဤမျှအထိ မျက်နှာပြောင်တိုက်တတ်မှုက ယုလျန်ကျန်းကိုပင် စကားအသွားအလာ ပျောက်ဆုံးသွားစေတော့သည်။ နောက်ဆုံးတွင်မူ သူသည် ယွန်းထည်ဘူးကို လက်ခံလိုက်ရတော့၏။ လုယုံကျန်းကို ပြန်လွှတ်ပြီးနောက်တွင် သူသည် တည်ငြိမ်သော အမူအရာကို ပြန်လည်ထိန်းသိမ်းကာ "ကဲ... ပြောစမ်းပါဦး။ မင်း ငါ့ဆီက ဘာအကူအညီ လိုချင်လို့လဲ"


ဟောက်ယွမ်ရှင်းသည် မိမိ၏ အံ့ဩမှုကို မဖုံးကွယ်နိုင်တော့ပေ။


"ဘာလဲ... မင်းက ငါ့ကို လှည့်စားနိုင်မယ် ထင်နေတာလား။ ပြီးခဲ့တဲ့ အခေါက်က မင်း ငါ့ဆီလာတာ တစ်ခုခု လိုချင်လို့ မဟုတ်ဘူးလား"


ဟောက်ယွမ်ရှင်းသည် လုယုံကျန်းက ယုလျန်ကျန်းကို ကိုင်တွယ်ဖြေရှင်းသွားသည့် နည်းဗျူဟာတစ်ခုလုံးကို စိတ်ထဲကနေ ပြန်လည်သုံးသပ်မိသည်။ တွေးမိလေလေ ထိုလူငယ်သည် ပိုမို၍ နက်နဲဆန်းကြယ်လွန်းသည်ဟု ခံစားရလေလေပင်။


လုယုံကျန်းသည် သူတို့နှစ်ဦး၏ တင်းမာမှုကို တစ်ချက်ကြည့်ရုံမျှဖြင့် ရိပ်မိကာ မျက်လုံးချင်းပင် မလွှဲဘဲ ပြီးပြည့်စုံစွာ တုံ့ပြန်သွားခဲ့ပြီး လုံးဝ အေးဆေးတည်ငြိမ်နေခဲ့သည်။


လုယုံကျန်း၏ အသက်အရွယ်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် "ခြောက်လိုင်း နည်းစနစ်" က ပေးစွမ်းသော စွမ်းရည်မှတစ်ပါး ဤမျှအထိ တည်ငြိမ်ရင့်ကျက်နိုင်သည့် အခြားအကြောင်းပြချက်ကို ဟောက်ယွမ်ရှင်း ရှာမတွေ့တော့ပေ။


မိမိအနေဖြင့် လုယုံကျန်းကဲ့သို့ သဘာဝကျကျ စကားမဆိုနိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် ယုလျန်ကျန်း၏ ရှေ့မှောက်တွင် ပွင့်လင်းစွာပင် ပြောချင်ရာကို ဆိုလိုက်တော့သည် "ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့အဖွဲ့ကို အကြောင်းအရာတစ်ခု ပေးထားပါတယ်... အဲ့ဒါကတော့ အေနိုင်ငံ (Country A) ရဲ့ ကိုကာကိုလာ (Coca-Cola) စီမံကိန်းပါ။ ကျွန်တော်တို့တွေ မြို့တော်နဲ့အတူ ယှဉ်ပြိုင်သင့်သလား။ ဦးလေးယုရဲ့ အမြင်ကို ကြားချင်ပါတယ်"


ယုလျန်ကျန်းသည် သူ့ကို အတန်ကြာ စိုက်ကြည့်နေပြီးမှ တည်ငြိမ်စွာ မေးလိုက်သည် "မင်းရဲ့ အမြင်ကကော ဘာလဲ"


ဟောက်ယွမ်ရှင်းသည် သူ၏ လက်ထဲ၌ "ရနံ့" ဟူသော စာလုံး ထွင်းထုထားသည့် ပလတ်စတစ် တိုကင်ပြားလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ သူသည် သတ္တိကို မွေးကာ ပြန်လည်ဖြေကြားလိုက်သည် "ကျွန်တော်ကတော့ ယှဉ်ပြိုင်သင့်တယ်လို့ ထင်ပါတယ်"


သူသည် ဟောင်ကောင် တွင် အေနိုင်ငံမှ ကိုကာကိုလာ၏ ပြည်တွင်း ထုတ်လုပ်ပိုင်ခွင့်နှင့် အရောင်းပိုင်ခွင့်ကို ရရှိရန်အတွက် ကြိုးစားအားထုတ်သင့်သည်ဟု ယုံကြည်နေခဲ့သည်။


ထိုတိုကင်ပြားလေးမှာ လုယုံကျန်း မထွက်ခွာမီ သူနှင့် လက်ဆွဲနှုတ်ဆက်စဉ်က ချန်ထားခဲ့သော ပစ္စည်းလေးပင် ဖြစ်တော့သတည်း။


..... ..... ....... ...... ...... ........ ... ..... ..


စာရေးသူ၏ မှတ်ချက်။ ။ စိတ်ဝင်စားစရာ အချက်အလက်တစ်ခုကို မျှဝေလိုပါသည်။ ကိုကာကိုလာသည် တရုတ်စျေးကွက်သို့ ၁၉၂၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သော်လည်း ၁၉၄၈ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထို့နောက် ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ဟောင်ကောင်မှတစ်ဆင့် ပေကျင်းနှင့် ကွမ်ကျိုးမြို့များသို့ ပထမဆုံးအသုတ်အနေဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ကာ ၁၉၇၉ ခုနှစ်တွင် ပေကျင်းမြို့၌ ၎င်း၏ ထုတ်လုပ်မှုလိုင်းကို စတင် တည်ထောင်နိုင်ခဲ့သည်။