Chapter ( 8 )
ပိုင်လုက နာကျင်မှုကြောင့် သူ့ခေါင်းကို ပြန်ပွတ်ရင်း မျက်နှာက ရှုံ့မဲ့သွားခဲ့ရသည်။ ' ငါက ဘာလို့ အလကားနေရင်း ကြားညပ်ပြီး အဆူခံနေရတာလဲ' ဟု သူ့ဘာသာ တိုးတိုးလေး ညည်းညူရင်း နောက်ပြောင်ချင်တဲ့အပြုံးနဲ့ မော့ကြည့်ကာ ပြောလိုက်လေသည်။
"အဖေ... ကျွန်တော့်ဆီမှာ ပိုက်ဆံက ဂဏန်းပြည့်ဖို့ တစ်ရွက်ပဲ လိုတော့တာ။ အဖေ နည်းနည်းလောက် ကူညီလို့ မရဘူးလား"
"တစ်ပြားမှ မရဘူး!"
ပိုင်ပေကျန်းက အေးစက်စွာ ငြင်းဆိုလိုက်လေ၏။ ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးဆိုတာ သိတော့ ပိုင်လုက ရှူကျိုးဆီကို အကူအညီတောင်းတဲ့အကြည့်နဲ့ လှည့်ကြည့်လိုက်ပြန်သည်။
ဒါပေမဲ့ တည်ငြိမ်ရင့်ကျက်တဲ့ စီနီယာအစ်ကိုကြီး ရှစ်ရှုံးကတော့ ပိုင်လုဘက်ကို ကျောခိုင်းလိုက်ပြီး ငွေတွေကို တင်းတင်းဆုပ်ကိုင်ကာ အိမ်မျက်နှာကြက်ကို မော့ကြည့်လိုက်သည်။
"ဟင်း... ဒီနေ့ ရာသီဥတုက တော်တော်သာယာတာပဲနော်"
ပိုင်လု : "..."
'မင်းသာ မျက်နှာကြက်ကို ဖောက်ပြီး နေမင်းကြီးကို မြင်နေရတယ်ဆိုရင် ငါ့ခေါင်းကို ဖြတ်ပေးလိုက်မယ်' ဟု ပိုင်လု တွေးနေမိသည်။
ယိရွှယ်က ဤဒေသနဲ့ မရင်းနှီးပေမယ့်လည်း GPS အကူအညီနဲ့ ဘဏ်ကို အမြန်ပဲ ရှာတွေ့သွားခဲ့သည်။
သူမ စောစောရောက်သွားတာဖြစ်ပြီး လူလည်း သိပ်မများတာကြောင့် ငွေလွှဲခြင်းလုပ်ငန်းစဉ်ကို အမြန်ဆုံး အပြီးသတ်နိုင်ခဲ့သည်။
ထို့နောက် ယိရွှယ်သည် သူမ၏ဆရာ ယိယန်ယွမ်ကို ဖုန်းခေါ်လိုက်သည်။
“ရှစ်ဖူ ကျွန်မ အခုပဲ ငွေလွှဲလိုက်ပြီမို့
အကောင့်ကို စစ်ဆေးဖို့ မမေ့နဲ့နော်”
ယိယန်ယွမ်က သက်ပြင်းတစ်ချက်ချကာ “အားရွှယ်၊ ရှစ်ဖူ မင်းကို ပြောပြီးသားပဲ။ မင်းကိုယ်တိုင်အတွက်ပဲ သိမ်းထားသင့်တယ်။ ရှစ်ဖူဆီ ပို့ပေးစရာ မလိုဘူး”
သူသည် နောက်မှ သူမထံသို့ ထိုငွေတွေကို လျှို့ဝှက်စွာ ပြန်လွှဲပေးရန် စီစဉ်နေသော်လည်း ယိရွှယ်က သူ၏ရည်ရွယ်ချက်ကို ရိပ်မိသွားပြီး
“ပြန်ပို့ဖို့ စိတ်မကူးနဲ့နော်၊ မဟုတ်ရင် ကျွန်မ ဒီကို ပြန်လာပြီး အဲ့ဒါကို ထပ်ရှင်းရလိမ့်မယ်။ ရှစ်ဖူ ကျွန်မကို နေပူကြီးထဲမှာ ဟိုပြေးဒီပြေးမလုပ်ခိုင်းချင်ဘူး မဟုတ်လား?” ဟု အလျင်အမြန် ပြောလိုက်သည်။
သူမ၏ စကားသံအဆုံးနားတွင် သူမ၏ အသံက နူးညံ့ပြီး သနားစရာကောင်းနေလေသည်။
သူမတွင် မိုဘိုင်းဘဏ်စနစ်မပါသော Nokia ဖုန်းသာ ရှိသောကြောင့် ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းသာ ပြုလုပ်နိုင်ပေသည်။
“အဟမ်း!”
ယိယန်ယွမ်က ချောင်းဟန့်ကာ “ကောင်းပြီလေ၊ ငါ ပြန်မပို့တော့ဘူး” ဟု ကတိပေးလိုက်သည်။
သို့သော်လည်း သူမ ကျောင်းပိတ်ရက် အိမ်ပြန်လာသည့်အခါ ကျောပိုးအိတ်ထဲသို့ ပိုက်ဆံများ ခိုးထည့်ပေးရန် သူကတော့ တိတ်တဆိတ် စီစဉ်နေဆဲပင်။
ယိယန်ယွမ်က နောက်ထပ် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ယိရွှယ်က သူ ထပ်ပြီးဆူပူမှာကို ကြောက်သောကြောင့် ဖုန်းကို အလျင်အမြန် ချလိုက်သည်။
မကြာမီ ဘဏ်မှ ငွေလွှဲဝင်ကြောင်း အကြောင်းကြားစာ ရရှိခဲ့ပြီး သုညများစွာကို သူမြင်သောအခါ အံ့အားသင့်သွားလေ၏။
“ဒီကလေးမ ဘဏ်ဓားပြတိုက်လာတာလား?”
တစ်နည်းအားဖြင့် ပြောရလျှင် သူခန့်မှန်းတာ မမှားလှပေ။ ဘဏ်ဓားပြတိုက်တာနှင့် သိပ်တော့ ကွာခြားလှသည်တော့မဟုတ်။
ယိရွှယ် လွှဲလိုက်သော ပိုက်ဆံကြောင့် သူမ၏ ဆရာမှာ အလွန်အံ့အားသင့်သွားပြီး ဖုန်းပြန်ဆက်လာရာ သူမက ထိုပိုက်ဆံများမှာ တရားဝင် ရှာဖွေထားခြင်းဖြစ်ကြောင်း အာမခံလိုက်ရလေသည်။
ယိယန်ယွမ်သည် သူမ မသမာသော ကိစ္စတစ်ခုခုတွင် ပါဝင်ပတ်သက်နေမည်ကို စိုးရိမ်ခြင်းမရှိပေ။သူမ၏ စရိုက်ကို သူ ကောင်းစွာ သိလေ၏။သို့သော် သူမ လိမ်လည်ခံရမည်ကိုတော့ စိုးရိမ်နေမိသည်။
ယိရွှယ်က “ရှစ်ဖူ မယုံရင် ကိုယ်တိုင်ဗေဒင်တွက်ကြည့်လို့ရတယ်” ဟု အမြန် ထပ်ဖြည့်ပြောလိုက်ရသည်။
ဖုန်း၏ အခြားတစ်ဖက်တွင် တိတ်ဆိတ်သွားပြီးနောက် ယိယန်ယွမ်သည် ရုတ်တရက် သဘောပေါက်သွားကာ “ဪ ဟုတ်သားပဲ၊ သတိပေးတဲ့အတွက် ကျေးဇူး”
“ရှစ်ဖူ...!” ယိရွှယ်သည် မကျေမနပ်ဖြင့် အော်လိုက်မိသည်။
ယိယန်ယွမ်က ရယ်မောလိုက်ပြီး " ရှစ်ဖူက မင်းကို စနေတာပါ”
ခဏအကြာတွင် ယိရွှယ်သည် သူမ၏ဆရာ့ဘက်မှ တစ်စုံတစ်ယောက်က သူ့ကို အရေးတကြီး ခေါ်နေသံကို ကြားလိုက်ရသည်။
သူမ အံ့အားသင့်သွားပြီး “ရှစ်ဖူ တစ်ခုခု ဖြစ်နေတာလား?”
ယိယန်ယွမ် : “အားရွှယ်၊ နောက်မှ ပြောကြတာပေါ့။ တစ်ယောက်ယောက်က ငါ့ကို ပစ္စည်း ပို့ဖို့ ခေါ်နေတယ်”
ယိရွှယ်: “???”
သူမ စိတ်မကောင်းဖြစ်သွားမိသည်။
(ငါတို့တွေ ဒီလောက်တောင် ဆင်းရဲသွားကြတာလား?ရှစ်ဖူခမျာ ပါဆယ်လိုက်ပို့ပြီး အသက်မွေးနေရတဲ့အထိ ဖြစ်နေပြီပေါ့...)
သူမ၏ အစောပိုင်း ပျော်ရွှင်မှုက ပျောက်ကွယ်သွားပြီး ပိုမိုများပြားသော ငွေရှာရန် ပြင်းပြသော ဆန္ဒဖြင့် အစားထိုးခံလိုက်ရသည်။
“ဆရာ၊ စိတ်မပူပါနဲ့။ ကျွန်မ ပိုက်ဆံများများရအောင် ကြိုးစားပြီး လုပ်ပါ့မယ်” ထိုစကားနှင့်အတူ သူမ ဖုန်းချလိုက်သည်။
ယိယန်ယွမ်မှာမူ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့၏။
'စောစောကတင် စကားပြောပြီးတာကို၊ အပင်ပန်းမခံဖို့ ဆရာက အကြံပေးနေတာကို သူက အခု ပိုက်ဆံထပ်ရှာဖို့ ပြောနေပြန်ပြီ...'
သူ့အဖော်က သူ့ကို “မြန်မြန်လုပ်၊ ဂိမ်းစတော့မယ်!” ဟု တိုက်တွန်းလိုက်သည်။
“လာပြီ၊ လာပြီ!” နောက်ထပ် စဉ်းစားရန် အချိန်မရှိသောကြောင့် သူ အလျင်အမြန် ပြန်ဖြေလိုက်၏။
သူငယ်ချင်းဟောင်းတစ်စုမှာ ၎င်းတို့၏ ဖုန်းများကို ဖွင့်ကာ PlayerUnknown’s Battlegrounds(PUBG) gameသို့ ဝင်ရောက်ပြီး “ပစ္စည်းပို့ခြင်း”ခရီးစဥ်ကို စတင်ခဲ့ကြသည်။
ထိုအချိန်မှစ၍ ဂိမ်းမြေပုံထဲတွင် လေထီးဆင်းဆင်းချင်း အသတ်ခံရမည့် ကစားသမားသစ် အနည်းငယ် ထပ်တိုးလာလေ၏။
ယိရွှယ်သည် ဖုန်းကို သိမ်းလိုက်ပြီး သူမ၏ စိတ်မှာအတွေးများဖြင့် လေးလံနေမိသည်။
'ကျန်းနတ်ဆရာရဲ့ မျိုးဆက်က ဒီလောက်အထိ ကျဆင်းသွားရတယ်ပေါ့။ ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူးထင်တယ်'
ယိရွှယ်သည် ဘတ်စ်ကားမှတ်တိုင်သို့ လျှောက်သွားကာ သူမ၏ ကျောပိုးအိတ်မှ အကြွေစေ့နှစ်ပြား ထုတ်ယူပြီး ဘတ်စ်ကားဖြင့် ကျောင်းတော်သို့ ပြန်ရန် ပြင်လိုက်သည်။
ခဏစောင့်ပြီးနောက် ဘတ်စ်ကားက နောက်ဆုံးတွင် ရောက်လာခဲ့သည်။ သူမအကြွေစေ့များကို ထည့်ကာ ဘတ်စ်ကားပေါ်သို့ တက်လိုက်သော်လည်း အထဲ၌ သူမမြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။
သရဲတစ်ကောင်၊ သရဲနှစ်ကောင်… သရဲတွေ အများကြီးပဲ။
သူတို့ထဲတွင် တစ်ကောင်သည် မျက်နှာတစ်ခုလုံးပြာနှမ်းနေပြီး နှာခေါင်း၊ ပါးစပ်၊ မျက်လုံး စသည့် အပေါက်ခုနစ်ပေါက်လုံးမှ သွေးများစီးကျနေကာ ယိရွှယ်ကို တည့်တည့် စိုက်ကြည့်နေလေသည်။
ယိရွှယ်သည် စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲရင်း လက်သီးကို တင်းတင်းဆုပ်ထားပြီး ထိုသရဲကို ထိုးချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။ သို့သော် ဘတ်စ်ကားပေါ်တွင် လူများ ရှိနေသောကြောင့် သူမကိုယ်သူမ ထိန်းထားလိုက်၏။
သူမနောက်မှ တစ်ယောက်က စိတ်မရှည်စွာ ဖြင့် “တက်မှာလား မတက်ဘူးလား? နောက်မှာ တန်းစီနေကြတယ်"
ယိရွှယ်သည် လှည့်ကာ အားနာသော အပြုံးဖြင့် “တောင်းပန်ပါတယ်ရှင့်” ဟု ပြောလိုက်သည်။
စောစောက စိတ်တိုနေသော လူငယ်လေးမှာ သူမ၏ မျက်နှာကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မျက်နှာရဲတက်သွားပြီး အသံမှာ နူးညံ့ပျော့ပြောင်းသွားတော့သည်။
"ရပါတယ်... ရပါတယ်။ ကျွန်တော်တို့လည်း သိပ်မလောပါဘူး"
သူ ထိုသို့ပြောသော်လည်း ယိရွှယ်သည် တံခါးဝတွင် ကြာကြာရပ်မနေခဲ့ပေ။ သူမသည် ဘတ်စ်ကားထဲရှိကြောက်စရာကောင်းသော သရဲများကို လျစ်လျူရှုကာ ကြက်သီးထခြင်းကို တိုက်ဖျက်ပြီး ဘတ်စ်ကား၏ အတွင်းပိုင်းသို့ လျှောက်သွားခဲ့သည်။
ထိုနောက် သရဲတစ်ကောင်၏အော်ဟစ်သံကို သူမ ကြားလိုက်ရသည်။
“မတိုးနဲ့လေဟ ဒီမှာ နောက်ထပ် သရဲတွေအတွက်နေရာ မရှိတော့ဘူး!”
သူမနောက်မှ ခရီးသည်တစ်ဦးကတစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ဒီနေ့ ၃၆ ဒီဂရီ စင်တီဂရိတ်တောင် ရှိတာမဟုတ်ဘူးလား? ဘတ်စ်ကားက ဘာလို့ ဒီလောက် အေးစက်နေတာလဲ? အဲကွန်းကလည်း ဒီလောက် အေးနေစရာ အကြောင်းမရှိပါဘူး”
သူတို့မှာ ရေခဲသေတ္တာထဲတွင် ရောက်နေသကဲ့သို့ပင်။ သူ့ဘေးတွင် ပုံပျက်ပန်းပျက်နီးပါး ဖြစ်နေသော သရဲတစ်ကောင်က “ဒီဘက်မှာ သရဲတွေ ပြည့်နေပြီ၊ နောက်ဘက်ကို သွားကြစမ်းပါ” ဟု ညည်းညူနေလေသည်။
ယိရွှယ်ကလွတ်နေသော ခုံတစ်ခုကို ရှာတွေ့ပြီး ထိုင်လိုက်သည်။ သူမ အနည်းငယ်
စိတ်လျှော့လိုက်စဥ်မှာပင် နောက်ထပ် သရဲတစ်ကောင်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရ၏။
ထိုတစ်ကောင်သည် ကားအက်စီးဒင့် ဖြစ်ထားသည့် ဝိညာဉ်ဖြစ်ပြီး ၎င်း၏ ပုံပန်းသဏ္ဍာန်သည် မှတ်မိနိုင်စရာမရှိအောင် ပျက်စီးနေပေသည်။ မျက်လုံးများသာ မပျက်စီးဘဲ ကျန်နေပြီး ထိုမျက်လုံးများက ယိရွှယ်ကို ပြူးပြူးကြီး
စိုက်ကြည့်နေလေ၏။
“!!!”
ယိရွှယ်သည် ထိုသရဲ၏ ကြောက်မက်ဖွယ် ပုံပန်းသဏ္ဍာန်ကြောင့် ထိုနေရာတွင်ပင် နှင်ထုတ်ပစ်ချင်စိတ် ပေါက်သွားရသည်။အကယ်၍သာ ဘတ်စ်ကားပေါ် မဟုတ်လျှင် ထိုသရဲမှာ အကြိမ်ပေါင်း ရာနှင့်ချီ၍ အနှင်ခံရပြီးလောက်ပြီ။
မတော်တဆမှုမှသရဲက ဘေးရှိသရဲကို လှည့်ပြောလိုက်သည်။
" ငါ့မိသားစုဆီ အိပ်မက်ပေးရဦးမယ်။ အဲဒီ မိန်းကလေးလို လှတဲ့အရာတစ်ခုခု ငါ့အတွက် မီးရှို့ပေးဖို့ ပြောရမယ်"
“အဲဒါက နည်းနည်း ခက်လိမ့်မယ်ဟ”
သရဲနှစ်ကောင် စကားပြောနေစဉ် ၎င်းတို့သည် ယိရွှယ်အနီးသို့ တဖြည်းဖြည်း တိုးကပ်လာပြီး တစ်ကောင်က မျက်နှာကို အုပ်ကာ သက်ပြင်းချရင်း “သူမက အရမ်းလှတာပဲ။ ငါ နတ်သမီးလေးကို ကြည့်နေရသလိုတောင် ခံစားရတယ်!”
ယိရွှယ်သည် လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း တည်ငြိမ်အောင် ဟန်ဆောင်ထားရလေသည်။ သူမ သူတို့ကို နှင်ထုတ်ချင်သည့် စိတ်ကို ထိန်းချုပ်ကာ ကားမူးသယောင်ဖြင့် နားထင်ကို ပွတ်ရင်း အပြင်ဘက် ရှုခင်းကိုသာ ကြည့်နေလိုက်တော့သည်။
သို့သော် အပြင်ဘက်တွင် သူမ မြင်တွေ့လိုက်ရသည့်အရာက သူမကို ပိုအံ့အားသင့်စေခဲ့သည်။
ရှေ့တည့်တည့်တွင် နက်မှောင်သော အရိပ်ကြီးတစ်ခုသည် မရေမတွက်နိုင်သော သရဲများနှင့် ရစ်ပတ်နေပြီး ယိရွှယ်သည် ထိုကဲ့သို့သော ကျိန်စာသင့် ကံကြမ္မာကို တစ်ခါမှ မမြင်ဖူးပေ။ သို့သော် ထိုအမှောင်ထုအတွင်း၌ ကံကောင်းခြင်း၏ ရွှေရောင်အလင်းတန်းလည်း ရှိနေသေးပေ၏။
သရဲတွေ အများကြီးပဲ။
ယိရွှယ်သည် ၎င်းတို့ကို ရေတွက်ချင်စိတ်ကို မထိန်းနိုင်ဘဲ စတင်ရေတွက်လိုက်သော်လည်း မည်သို့ပင် ကြိုးစားစေကာမူ အားလုံးကို ရေတွက်နိုင်ခြင်း မရှိပေ။
ဒီမှာ ဘာလို့ သရဲတွေ ဒီလောက် များနေရတာလဲ? မြို့ကြီးပြကြီးဆိုတာ ဒီလိုမျိုးလား?
သူမ အဖြေကို မရှာဖွေနိုင်ခင်မှာပင် ဘတ်စ်ကားသည် စတင်ရွေ့လျားနေပြီဖြစ်သည်။
ဘတ်စ်ကား၏ အရှိန်ကြောင့် လူများနှင့် သရဲများ နှစ်ဦးစလုံး အော်ဟစ်ကြတော့သည်။
ယိရွှယ်သည် မျက်နှာတည်တည်ဖြင့် နားများကို ပိတ်ထားလိုက်ရသည်။
ခပ်လှမ်းလှမ်းတွင်.......
ယုချီသည် သူ့လက်ထောက်၏ အကူအညီဖြင့် ကားပေါ်သို့ တက်လာခဲ့သည်။ သူ၏ မျက်နှာမှာဖြူဖျော့နေပြီးလက်ကိုင်ပုဝါထဲသို့ ညင်သာစွာ ချောင်းဆိုးလိုက်ရာ သွေးစအချို့ ပါလာသော်လည်း ဂရုမစိုက်နိုင်ပေ။
ရုတ်တရက် သူသည် တစ်စုံတစ်ခုကို ခံစားမိသကဲ့သို့ အလိုလို ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး နှလုံးမှာ အရူးအမူးပြင်းထန်စွာ ခုန်လာခဲ့သည်။
ယုချီသည် ကားထဲသို့ ဝင်လာရင်း ခေတ္တရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ထူးခြားမှုကို မတွေ့ရပေ။
ပုံမှန် မြင်တွေ့နေကျ ယာဉ်ကြောပိတ်ဆို့မှုများကိုသာ မြင်တွေ့နေရလေသည်။
“ဆရာ၊ နေကောင်းရဲ့လား?” သူ၏ တုံ့ဆိုင်းမှုကို သတိပြုမိသော သူ၏ လက်ထောက်က စိုးရိမ်တကြီး မေးလာခဲ့သည်။
“ဘာမှမဖြစ်ပါဘူး” ယုချီသည် ကားထဲတွင် ထိုင်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
“မောင်းတော့"