Chapter 7
Viewers 55

Chapter ( 7 )


ကျီကိုင်ယိ၏ မျက်နှာသည် ဖြူနီရောင်တလှည့်စီ ပြောင်းသွားခဲ့သည်။


ဘုရားကျောင်းများကြားမှ အငြင်းပွားမှုမှာ ရဲများထံရောက်သွားပါက တာအိုအသိုင်းအဝန်းတစ်ခုလုံးက ယင်းအကြောင်းကို မကြာမီ ကြားသိရတော့မည်ဖြစ်သည်။ ထိုအချိန်တွင် တိုင်းယိဘုရားကျောင်း၏ ဂုဏ်သတင်းသည် ပြိုပျက်သွားနိုင်ပြီး ဘုရားကျောင်းကို လုံးလုံးပိတ်ပစ်လိုက်ရပေလိမ့်မည်။


ဒါကို သဘောပေါက်သောအခါ သူသည် ထိပ်တိုက်ရင်ဆိုင်ဖို့ စိတ်ကူးကို အလျင်အမြန် စွန့်လွှတ်လိုက်ပြီး “မင်းတို့ ဘာလိုချင်တာလဲ!?!” ဟု ဒေါသတကြီးဖြင့် ထပြောလိုက်သည်။


ယိရွှယ်က စိတ်ရှည်ရှည်ဖြင့် ပြန်ပြောလိုက်ကာ “နင့်ကို ပြောပြီးပြီ—VIP ကတ်ထုတ်ပေးလို့”


ကျီကိုင်ယိသည် အံကြိတ်ကာ “ကောင်းပြီ၊ ဒါပေမယ့် မင်းငါ့သားကို အရင်ပြန်ပြောင်းပေးရမယ်”


ယိရွှယ်သည် မျက်လုံးလှိမ့်လိုက်ပြီး “ငါ့ကို တုံးအတယ် ထင်နေတာလား? သူ့ကို ပုံမှန် ပြန်ပြောင်းပေးပြီး ဒီတံခါးကနေ ထွက်သွားရင် နင့်စကားကို ဆက်ထိန်းထားမှာလား? ပိုင်လု၊ စာချုပ်ထုတ်လိုက်”


ပိုင်လု စာချုပ်ကို အမြန်ထုတ်လိုက်သည်။


ကျီကိုင်ယိသည် စာရွက်စာတမ်းကို တစ်ချက်ကြည့်လိုက်သည်။ တိုင်းယိဘုရားကျောင်းနှင့် ရွမ်ကျန်းဘုရားကျောင်းတို့သည် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်လာကြပြီး ၎င်းတို့၏ လူမှုကွန်ရက်များကို ထိုအချိန်မှစ၍ မျှဝေမည်ဟု အခြေခံအားဖြင့် ဖော်ပြထား၏။


သူတို့ ဘယ်လောက်ပြင်ဆင်ထားသလဲ ဆိုသည်ကို ကြည့်ရင်းဖြင့် ရွမ်ကျန်းဘုရားကျောင်းက ဒါကို တလျှောက်လုံး စီစဉ်ခဲ့ခြင်းကို ကျီကိုင်ယိ သဘောပေါက်သွားရသည်။


သို့သော် အခုတော့ သူ့တွင် ရွေးချယ်စရာ မရှိတော့ပါ။ ယိရွှယ်သည် ရဲကိုဖုန်းဆက်နိုင်မှန်း သိသောကြောင့် သူ့အမူအရာ ပြောင်းသွားခဲ့ပြီး ရှေ့ထွက်ပြီး သူ့နာမည်ကို ပွင့်လင်းစွာ ရေးထိုးလိုက်၏။


“အဲ့လောက်ဆိုရပြီလား?” ကျီကိုင်ယိ အံ့ကြိတ်ရင်းမေးလိုက်သည်။


ထိုနောက် ယိရွယ်သည် သူမ၏ကျောပိုးအိတ်ကို ဖွင့်ပြီး မှတ်စုစာအုပ်ကို ဆွဲထုတ်ကာ တစ်စုံတစ်ခုကို စစ်ဆေးနေသည်ကို သူ ကြည့်နေခဲ့ရသည်။


“ကောင်းပြီ”


ယိရွှယ်က သူ့ဆရာ၏မှတ်စုများကို ပြန်သိမ်းလိုက်ပြီး “ပိုင်လု၊ ဆီအိုးနဲ့ ဆွဲကြိုးချသရဲရဲ့ လျှာတစ်ပိုင်းကိုယူပြီး သူ့ကို သောက်ခိုင်းလိုက်”


“ဟုတ်ပြီ!” ပိုင်လု တက်ကြွစွာ ပြေးထွက်သွားသည်။


“ကျုပ်နာမည်က ကျီအန်းပါ”


“ရပြီ ကျီအန်း” ယိရွှယ် စာချုပ်ကိုကြည့်ရင်း အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။


ကျီအန်း : “…” နာကြည်းမှုတွေ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။


ပိုင်လုသည် ဆီအိုးဖြင့် ပြန်လာပြီး ရည်ရွယ်ချက်ရှိရှိ မရှိရှိ ကျီအန်း၏ မျက်နှာရှေ့တွင် ဖန်ဘူးထဲသို့ ဆွဲထားသော တစ္ဆေလျှာကို ထည့်တာ သေချာအောင်လုပ်ပြလိုက်သည်။


အပေါ်မှ အဆီပြန်သောအလွှာနှင့် လျှာသည် ရံဖန်ရံခါ ပွက်ပွက်ထလာသည်ကို မြင်လိုက်ရသဖြင့် ကျီအန်း၏ မျက်နှာသည် ပျို့အန်စိတ်နှင့်အတူ ဖျော့တော့သွားရ၏။


“ဒီဆေးက သေချာရဲ့လား?” သူ မယုံင်္သကာဖြင့် မေးလိုက်မိသည်။


“ငါ မင်းကို ဖြေရှင်းချက်ပေးခဲ့ပြီးပြီ။ ယုံချင် မယုံချင် ငါ ဂရုမစိုက်ဘူး။ မင်းဒီလိုနေချင်ရင် ဆုတောင်းလေ” ဟု ယိရွှယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


“သောက်လိုက်” ကျီကိုင်ယိသည် အေးတိအေးစက် အမိန့်ပေးလိုက်၏။


ထိုအခါ ကျီအန်းသည် ရွေးချယ်စရာမရှိတာ့ဘဲ နှာခေါင်းကို ပိတ်ကာ ဆိုးရွားသောဖျော်ရည်ကို သောက်လိုက်ရလေသည်။ခဏအကြာတွင် သူ၏လျှာသည် ပုံမှန်အရွယ်အစားသို့ ပြန်ရောက်သွားခဲ့၏။ကျီအန်းသည် သူ့မျက်နှာကို ကိုင်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။


ကိစ္စပြေလည်သွားသောအခါ ရွမ်ကျန်းဘုရားကျောင်းအဖွဲ့သည် သူတို့ပြန်သွားကြသည်ကို ကြည့်နေခဲ့ကြသည်။


“နေစမ်းပါဦး”


ကျီအန်း ရုတ်တရက် တစ်စုံတစ်ခု မှားနေသလို ခံစားလိုက်ရပြီး မေးလိုက်သည်။ “ငါ့ရဲ့ ကြိုးဆွဲချသရဲကကော မင်း သူ့ကို ပြန်မပေးဘူးလား?”


“သေချာတာပေါ့”


ယိရွှယ်က ရွှင်မြူးစွာ ခေါင်းညိတ်လိုက်သည်။


“ဒါပေမယ့် အဲဒါက နင့်ကို ပိုကုန်ကျစေလိမ့်မယ်”


“ဘာ?!”


...….....


တိုင်းယိဘုရားကျောင်းကလူတွေသည် ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ သူတို့ရဲ့ ဂုဏ်သိက္ခာကိုတော့ ငဲ့ကွက်ကြသေးကာ ရွေးနှုတ်ကြေးနဲ့ ဆေးဖိုးပေးဖို့ ကတိပေးထားတဲ့အတိုင်း သိပ်မကြာခင်မှာပဲ ငွေသားတွေ သယ်လာကြ၏။


တိုင်းယိဘုရားကျောင်းမှ တာအိုပညာရှင်လူငယ်လေးက သေတ္တာတစ်လုံးကို မကျေမချမ်းနဲ့ သယ်လာရင်း တိုးတိုးလေး ရေရွတ်နေမိသည်။


"ဒါ နှစ်ရက်စာ အလှူခံရလာတဲ့ ပိုက်ဆံတွေပဲ"


ဒါကိုမြင်တော့ ပိုင်လုက မနေနိုင်စွာ မှတ်ချက်ချလိုက်သည်။


"ဝိုး... သူတို့က ငါတို့ကို ငွေသားတွေနဲ့ လာစော်ကားနေတာပေါ့လေ! ချက်လက်မှတ် မရေးပေးချင်ရင်တောင် အနည်းဆုံး WeChat ကနေ ပို့ပေးလို့ရတာပဲကို"


ယိရွှယ်ကတော့ ထိုသေတ္တာကို စိုက်ကြည့်နေမိ၏။ သူမအတွက်တော့ ဒါက သာမန်သေတ္တာတစ်လုံး မဟုတ်ဘဲ ထောင့်ပေါင်းစုံကနေ ချမ်းသာကြွယ်ဝခြင်းရဲ့ မွှေးရနံ့တွေ သင်းပျံ့နေသယောင်ပင်။


သူမ မအောင့်နိုင်တော့ဘဲ သက်ပြင်းချကာ ပြောလိုက်မိသည်။


"ဖြစ်နိုင်ရင် နေ့တိုင်း ဒီလိုမျိုး အရှက်ခွဲခံချင်လိုက်တာ"


ဘယ်သူကများ ပိုက်ဆံတွေ အရမ်းပိုလျံနေတယ်လို့ သဘောထားမှာလဲ။


ပိုင်လုကလည်း သူမပြောတာ အလွန်ကောင်းတဲ့အချက်လို့ ယူဆပြီး ခေါင်းညိတ်ထောက်ခံလိုက်သည်။


"လူတော်ချင်း စိတ်ကူးတူတယ်ဆိုတာ ဒါမျိုးပေါ့"


ယိရွှယ်က သေတ္တာကို အသေအချာကြည့်ရင်း မေးလိုက်သည်။


"ဒီထဲမှာ ဘယ်လောက်ရှိမယ် ထင်သလဲ"


ပိုင်လုက ရိုးရိုးသားသားခေါင်းခါပြလိုက်ရင်း "မသိဘူးလေ"


ခဏအကြာမှာတော့ သူတို့နှစ်ယောက်လုံး တစ်ခုခုကို ပြိုင်တူတွေးမိသွားသလိုမျိုး ရှုကျိုးဘက်ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့ရဲ့ အကြည့်တွေကြောင့် ရှုကျိုး အံ့အားသင့်သွားပြီး တုံ့ဆိုင်းစွာဖြင့် "ဟို... ပေါက်ဈေးအတိုင်းပဲ ဖြစ်မယ်ထင်တာပဲ''


"ဪ... ပေါက်ဈေးပေါ့"


ပိုင်လုက နားလည်သလိုမျိုး ခေါင်းညိတ်ပြလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် "ဒါနဲ့ ပေါက်ဈေးက ဘယ်လောက်လဲဟင်"


"..."

ရှူကျိုး ဆွံ့အသွားရပြီး  ခဏတန့်သွားပြီးမှ ရှင်းပြလိုက်သည်။


"ပုံမှန်ဆိုရင်တော့ တစ်သိန်းနဲ့ နှစ်သိန်းကြားပေါ့"


သူတို့ထင်တာ ဟုတ်မဟုတ် အတည်ပြုဖို့ ယိရွှယ်က သေတ္တာကို ဖွင့်ကြည့်လိုက်သည်။ အတွင်းထဲက အစီအရီရှိနေတဲ့ အနီရောင် ငွေစက္ကူအထပ်လိုက်ကို မြင်လိုက်ရတဲ့အခါ သူမ အဲ့ဒီပိုက်ဆံပုံထဲ ခုန်ဆင်းပြီး လူးလှိမ့်ပစ်ချင်တဲ့ စိတ်တွေ တားမရအောင် ဖြစ်ပေါ်လာမိသည်။


ယိရွှယ်တစ်ယောက် သူမဘဝမှာ ဒီလောက်များတဲ့ ငွေသားတွေကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ပိုင်လုရဲ့ မျက်လုံးတွေကလည်း တောက်ပသွားပြီး သေတ္တာဆီ အပြေးအလွှား သွားလိုက်ကာ လက်နှစ်ဖက်ကို အားတက်သရော ပွတ်သပ်ရင်း ပိုက်ဆံတွေကို စတင်ရေတွက်တော့၏။


"ဒါက ဂိုဏ်းတူ ဒေါ်လေးအတွက်တစ်ရွက်၊ ဒါက ငါ့အတွက်။ ဒါက ရှစ်ရှုံးအတွက်တစ်ရွက်၊ ဒါက ငါ့အတွက်တစ်ရွက်။ ဒါက အဖေ့အတွက်တစ်ရွက်၊ ဒါက ငါ့အတွက်။ ဒါက ဒေါ်လေးအတွက် တစ်ရွက်၊ ဒါက ငါ့အတွက်..."


ယိရွှယ်မှာ သူ့ အပြုအမူတွေကို ကြည့်ပြီး နှုတ်ခမ်းများတွန့်သွားရသည်။ သူမက ရှုကျိုးဘက်လှည့်ပြီး အမိန့်ပေးလိုက်၏။


"တူလေး... သူ့ကို ဆော်လိုက်စမ်း"


ရှုကျိုး၏ မျက်လုံးထဲမှာလည်း အန္တရာယ် အရိပ်အယောင်များ အနည်းငယ် ပြည့်နေခဲ့ပြီး နွေးထွေးစွာ ပြုံးပြလိုက်သည်။


"ကျွန်တော်လည်း အဲ့ဒီလိုပဲ စဥ်းစားနေတာ"


ဒုက္ခပေးတော့မယ့် အပြုံးမျိုးနဲ့ သူတို့နှစ်ယောက် နီးကပ်လာတာကို မြင်တော့ ပိုင်လုရုတ်တရက် ကြောက်လန့်လာပြီး အော်ဟစ်တော့၏။


"ဟေ့ ဟေ့ ဟေ့! ငါက နောက်နေတာပါ! အားးး! အဖေ... ကယ်ပါဦး!"


"ဘာတွေ ဖြစ်နေကြတာလဲ!"


ဆူညံသံများကြောင့် ကျောင်းထိုင်ဆရာတော် နောက်ဖေးကနေ ပြေးထွက်လာခဲ့သည်။ထိုနောက် ခန်းမထဲက အခြေအနေကို မြင်လိုက်ရတဲ့အခါ သူ ခဏတာမျှ တောင့်တင်းသွားလေ၏။


ယိရွှယ်က ပိုင်လုရဲ့ အင်္ကျီကော်လာကနေ အလွယ်တကူ ဆွဲမထားတာဖြစ်ပြီး၊ ပိုင်လုကတော့ ကူရာကယ်ရာမဲ့စွာသနားစဖွယ် ပုံစံမျိုးနဲ့ သူ့အဖေဆီလှည့်ကြည့်ကာ အကူအညီတောင်းနေခဲ့သည်။


"အဖေ... အဖေက ဘာမှမလုပ်ဘဲ ဒီတိုင်း နေလို့မဖြစ်ဘူးလေ? သူတို့ကျွန်တော့်ကို အနိုင်ကျင့်နေတာကို ဒီတိုင်း ကြည့်နေတော့မှာလား?"


ကျောင်းထိုင်ဆရာတော်က တရားမျှတစွာပဲ ပြန်ဖြေပေးရှာသည်။


"ဒါပေါ့... မကြည့်ပါဘူး!"


ပိုင်လု သက်ပြင်းချရုံရှိသေး သူ့အဖေက မျက်လုံးကို လက်နဲ့အုပ်လိုက်ပြီး ထပ်ပြောလိုက်သည်။


"ငါ မျက်လုံးမှိတ်ထားလိုက်မယ်"


''ရှစ်မေ့နဲ့ တပည့်တို့ရေ... ငါ ဘာမှမမြင်ဘူးနော်၊ ဆက်လုပ်ကြ"


ပိုင်လု: "..."


ဒါ ငါ့အဖေ အစစ်မှ ဟုတ်ရဲ့လား။


ယိရွှယ်က ချိုသာစွာပြုံးလိုက်ပြီး "ကဲ... နင့်မှာ ဘာလှည့်ကွက်တွေ ကျန်သေးလဲ ကြည့်ရအောင်။ စိတ်ကြိုက်သာ အော်ချင်သလောက်..အော်..ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး"


ပိုင်လုက ချက်ချင်းပဲ ဒရမ်မာခင်းလိုက်ကာ လက်တွေခြေတွေ ခါယမ်းပြီး အော်ဟစ်တော့သည်။


"ငါ့လည်ချောင်းလေးကို ကယ်ကြပါဦး! QAQ"


"ဖူးးး!"


ရယ်ချင်စိတ်ကို အတင်းအောင့်ထားတဲ့ ရှုကျိုးတစ်ယောက်နောက်ဆုံးမှာ မအောင့်နိုင်တော့ဘဲ

အကျယ်ကြီး ရယ်မောလိုက်မိသည်။


စနောက်လို့ ပြီးသွားတဲ့နောက် ပိုက်ဆံခွဲဝေသည့်ပိုမို အရေးကြီးတဲ့ကိစ္စကို ဆက်လုပ်ကြသည်။ မျိုးဆက်သစ်လူငယ်တွေ ရှာဖွေထားတဲ့ ငွေများဖြစ်တာကြောင့် ကျောင်းထိုင်ဆရာတော်ပိုင်က သူ့ဝေစုကို မယူဘဲ သူတို့ဘာသာ ခွဲယူဖို့ ချန်ထားပေးခဲ့လေ၏။


ပိုင်လုနှင့် ရှုကျိုးကလည်း အများကြီးမယူဘဲ အများစုကို ယိရွှယ်ကိုသာ ပေးလိုက်ကြသည်။


ယိရွှယ်က ပိုက်ဆံကို အကြိမ်ကြိမ် ရေတွက်ပြီး ခဏလောက် စဉ်းစားလိုက်ပြီးနောက် တစ်ဝက်ကို ထုတ်ယူကာ ကျောင်းထိုင်ဆရာတော်ကို ကမ်းပေးလိုက်သည်။


ထိုအပြုအမူကြောင့် ပိုင်ပေကျန်းမှာ မျက်ရည်ကျမတတ် စိတ်လှုပ်ရှားသွားရ၏။ သူ ဘာမှမပြောရသေးခင်မှာပဲ ယိရွှယ်က ခန်းမဆောင်ဘက်ကို လှည့်ကြည့်ရင်း လေးနက်တဲ့လေသံနဲ့ ပြောလိုက်သည်။


"ရှစ်ရှုံး.. ဒီပိုက်ဆံကိုယူပြီး နတ်ဘုရားရုပ်တုတွေကိုပြုပြင်တဲ့နေရာမှာ သုံးလိုက်ပါ"


ဒီကျောင်းတိုက်အတွင်းရှိ 'စန်းချင်း' (Three Purities) ရုပ်တုတွေက သနားစဖွယ်အခြေအနေ ဖြစ်နေတာကို သူမ အမြဲ သတိထားမိနေခြင်း ဖြစ်သည်။


ကျောင်းထိုင်ဆရာတော်မှာ အံ့သြတကြီးဖြင့်မျက်တောင်ခက်လိုက်ရင်း "ဟမ်?"


သူမ အကြည့်နောက်ကိုလိုက်၍ခန်းမထဲက ရုပ်တုတွေကို ကြည့်လိုက်တဲ့အခါ စန်းချင်းရုပ်တုတွေပေါ်က ရွှေရောင်ဆေးတွေက အတော်လေး ကွာကျနေပြီဆိုတာ သူ သတိထားမိသွားခဲ့သည်။

.

ယခင်ကျောင်းထိုင်ဆရာတော်မှာ ရွှေစင်ရုပ်တုအစစ်တွေ သွန်းလုပ်ဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ကြည့်ကောင်းအောင် ရွှေဆေးပဲ

သုတ်ထားခဲ့တာပင်။


နှစ်တွေကြာလာပြီး ပွတ်တိုက်မှုတွေရှိလာတဲ့အခါ ရုပ်တုတွေက အရောင်အဝါ ဖျော့တော့ပြီးဝမ်းနည်းစရာကောင်းလောက်အောင် မှိန်ဖျလာခဲ့သည်။


ရှုကျိုးသာ ပုံမှန်သန့်ရှင်းရေး မလုပ်ဘူးဆိုရင် အခုလောက်ဆို ပင့်ကူအိမ်တွေတောင် ဖွဲ့နေနိုင်လောက်၏။အမွှေးတိုင်ကပ်လှူရှင်တွေ နည်းပါးနေတာ မဆန်းပေ။ကျောင်းတိုက်က ဝေးလံတဲ့နေရာမှာ ရှိနေရုံတင်မက ပျက်စီးယိုယွင်းနေပြီဖြစ်သည်။


ကျောင်းထိုင်ဆရာတော်က သူ့နဖူးသူ ရိုက်လိုက်ရင်း "ဟုတ်သားပဲ ရုပ်တုတွေကို ပြန်မွမ်းမံဖို့

ပိုက်ဆံစုဖို့တွေးနေတာ ကြာပြီ။ ဒါပေမယ့်ငါတို့က အရမ်းဆင်းရဲနေတော့ မလုပ်ဖြစ်ခဲ့ဘူး"


ကျောင်းတော်ထဲက နတ်ဘုရားတွေကို ယိရွှယ်က ထည့်တွေးပေးတာကို မြင်တော့ သူက ကျေးဇူးတင်စွာနဲ့ ပိုက်ဆံကို လက်ခံယူလိုက်၏။


"ကျေးဇူးတင်ပါတယ် ရှစ်မေ့"


နောက်ဆုံးမှာတော့ ရုပ်တုတွေကို ပြုပြင်နိုင်တော့မယ်ဆိုတဲ့ အတွေးကြောင့် ကျောင်းထိုင်ဆရာတော် ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။ သူက ယိရွှယ်ပေးတဲ့ ပိုက်ဆံထုပ်ကို ယူပြီး သိမ်းဖို့ လုပ်လိုက်စဉ်... "ဟင်"


တချက်မှလှုပ်မသွားပေ။ ဆရာတော်ပိုင်နဲ့ သူ့ရှစ်မေ့တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။သူမရဲ့ တွန့်တိုနေတဲ့ပုံစံကို မြင်တော့ သူက "ဒါမှမဟုတ် ရှစ်မေ့ပဲ ပြန်သိမ်းထားလိုက်မလား" လို့တောင် လွှတ်ခနဲ ပြောမိတော့မလို ဖြစ်သွားလေ၏။


ခဏလောက် တုံ့ဆိုင်းနေပြီးမှ ယိရွှယ်က ပိုက်ဆံကို မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ပြီး ပိုင်ပေကျန်းကို အပ်လိုက်သည်။


တစ်ဖက်မှာလည်း ပိုင်လုကတော့ သူ့ဝေစုထဲကို ပိုက်ဆံတစ်ရွက် တိုးလာတိုင်း ဝမ်းသာအားရ ရေတွက်နေဆဲဖြစ်ပြီး၊ ယိရွှယ်ကတော့ လှည့်ထွက်ကာ သူမအခန်းထဲ ဝင်သွား၏။


သူမ ပြန်ထွက်လာတဲ့အခါမှာတော့ လှပတဲ့ ကြိုးကြာပုံတွေ ထိုးထားတဲ့ လွင့်မျောနေသောအဖြူရောင် ဂါဝန်လေးကို လဲလှယ်ဝတ်ဆင်ထားပြီး သူမရဲ့ ဆံပင်ရှည်တွေက ကျောပြင်ထက်မှာ ဝဲကျနေပြီး ကြည့်ရတာ နတ်သမီးတစ်ပါးကဲ့သို့မြင့်မြတ်ပြီး အေးစက်စက် အလှတရားမျိုးကို ပိုင်ဆိုင်ထားလေသည်။


ယိရွှယ်က သူမရဲ့ ကျောပိုးအိတ် ဇစ်ကို ပိတ်လိုက်ပြီး ရွမ်ကျန်းကျောင်းတော်ကလူတွေကိုကြည့်ကာ နှုတ်ဆက်လိုက်သည်။


"ကျွန်မ အပြင်သွားဦးမယ်"


''ရှစ်မေ့၊ ဘယ်ကိုသွားမလို့လဲ"


ကျောင်းထိုင်ဆရာတော်က မေးလိုက်၏။


"မင်းရဲ့တူလေးကို အဖော်လိုက်ခိုင်းလိုက်ရမလား"


ဘာပဲဖြစ်ဖြစ် သူမက ဒီဒေသကို ရောက်တာ

မကြာသေးတာကြောင့်ပတ်ဝန်းကျင်ကို ကျွမ်းကျင်ဦးမှာ မဟုတ်ပေ။ ယိရွှယ်က ပြုံးပြလိုက်ပြီး သူမရဲ့အပြုံးက ကြည်လင်တောက်ပနေကာ အနည်းငယ် ပျော်ရွှင်နေပုံလည်း ရသည်။


"မလိုပါဘူး၊ ကျွန်မမှာ GPS ရှိတယ်"


"ကျွန်မ ဆရာ့ဆီ ငွေနည်းနည်းလောက်

သွားပို့မလို့"


ဒီပိုက်ဆံပမာဏက လမ်းတွေပြင်ဖို့ လုံလောက်ပါ့မလား မသေချာပေမယ့် အနည်းဆုံးတော့ ရွာအတွက် အုတ်ခဲအများကြီး ဝယ်ပေးလို့ရနိုင်ပေသည်။


ထိုသို့ တွေးလိုက်တော့ သူမရဲ့ စိတ်အခြေအနေက ပြန်ပေါ့ပါးသွားရ၏။ ဘယ်သူမှ ပြန်မပြောနိုင်ခင်မှာပဲ သူမက ကျောင်းတော်ထဲကနေ ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ ထွက်ခွာသွားပြီ ဖြစ်သည်။


ဆရာတော်ပိုင်က သက်ပြင်းချရင်း "တချို့လူတွေကျတော့ အသက် ၁၈ နှစ်နဲ့တင် အိမ်ကို ပိုက်ဆံပြန်ပို့နေပြီ။ တချို့ကျတော့လည်း..."


သူက ပိုက်ဆံရေတွက်လို့ မဝသေးတဲ့ ပိုင်လုကို ကြည့်ပြီး ခေါင်းကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်သည်။


"မင်းကတော့ ၂၂ နှစ်ရှိပြီ၊ အခုထိ သူများလုပ်စာအလကားစားနေတုန်းပဲ!"


"အုချ်!"