Chapter 9
Viewers 67

Chapter ( 9 )

ကားပေါ်တွင် ဆူညံသံများဖြင့် ပြည့်နှက်နေသော်လည်း ယိရွှယ်အတွက်မူ အရာအားလုံးရှုပ်ထွေးနေသလို ခံစားနေရလေသည်။


လူတို့၏စကားပြောသံများနှင့် သရဲတစ္ဆေတို့၏ ညည်းညူသံများမှာရောထွေးပြီး သူမ၏နားထဲတွင် တဝီဝီမြည်နေ၏။


ကားပေါ်မှ ဆင်းချိန်တွင် လူအုပ်ကြီး၏ တွန်းတိုက်မှုကြောင့် သူမ အပြင်သို့ လွင့်ထွက်မတတ် ဖြစ်သွားရသည်။


ယိရွှယ် ကားပေါ်မှဆင်းလိုက်သည်နှင့်

တစ်ယောက်ယောက် သူမကို လှမ်းခေါ်တာကို ကြားလိုက်ရ၏။ သူမလှည့်ကြည့်လိုက်တော့ အစောပိုင်းက သူမအား ဘတ်စ်ကားအပေါက်ဝတွင် ရပ်မနေဖို့ ပြောခဲ့သော လူငယ်လေးကို တွေ့လိုက်ရသည်။


သူ့သူငယ်ချင်းများကရှေ့သို့ တွန်းပို့နေကြပြီး မျက်နှာလေးက ရဲတတ်လျက်ပင် သူ့ WeChat ID ကို သတ္တိမွေးပြီးတောင်းဖို့ ကြိုးစားနေ၏။


ဖုန်းထဲတွင် QQ နှင့် Snake ဂိမ်းသာ

ရှိသော ယိရွှယ်က ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်၏။


“ငါ WeChat မသုံးဘူး”


ဒီခေတ်မှာ WeChat မသုံးတဲ့လူ ရှိသေးလို့လား?


လူငယ်လေးကသူမ၏အဖြေကြောင့် သိသိသာသာ စိတ်ပျက်သွားပြီး ဒါဟာ ငြင်းပယ်ခံလိုက်ရသည်ဟု နားလည်သွားကာ ဆက်ပြီးမတောင်းဆိုတော့ပေ။


သူကယဉ်ကျေးစွာဖြင့် “နှောင့်ယှက််မိတာ တောင်းပန်ပါတယ်” ဟု ပြောပြီး သူ့အဖွဲ့ဆီကို ပြန်သွားလေသည်။


သူတို့ထွက်သွားပြီးနောက် ယိရွှယ်ပါ ထွက်ခွာရန် ပြင်လိုက်သော်လည်း ဘတ်စ်ကားမှတ်တိုင် ဆိုင်းဘုတ်ကို ကြည့်ရင်း ခေတ္တမျှ ရပ်တန့်သွားမိသည်။


စောစောက သူမစီးလာသည့် ဘတ်စ်ကားမှာ လူ့လောကနှင့် ဝိညာဉ်လောက နှစ်ခုလုံးကို ဆက်သွယ်ထားခြင်း ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွား၏။


ထို့ကြောင့်လည်း ကားပေါ်တွင် လူရော တစ္ဆေပါ ရောနှောနေခြင်း ဖြစ်လိမ့်မည်။ ကားပေါ်က အခြေအနေကို သဘောပေါက်သွားသော်လည်း စောစောက ဝိညာဉ်အုပ်စု ဝန်းရံထားခြင်း ခံနေရသည့် အရိပ်မည်းကြီး၏အကြောင်းကိုမူ သူမ စဉ်းစားမရသေးပေ။


ကားပေါ်မှ ဆင်းလာကြသူများကြောင့် ပတ်ဝန်းကျင်မှာ ပြန်လည်စည်ကားလာပြန်သည်။ ထိုစဉ် ယိရွှယ်သည် အေးစိမ့်သော လေအေးတစ်ခု တိုးဝှေ့လာသည်ကို ခံစားလိုက်ရ၏။


ထိုအေးစိမ့်မှုမှာ သူမ၏ ဘေးနားသို့ ရောက်လာသကဲ့သို့ ပို၍ ပြင်းထန်လာခဲ့သည်။


သူမ အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်မိရာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မျက်နှာတစ်ခုနှင့် တည့်တည့်တိုးတော့သည်။


ထိုသူမှာ ကားပေါ်တွင် သူမအနားသို့ ချဉ်းကပ်လာခဲ့သည့် ကားအက်စီးဒင့်ဖြစ်ထားသော တစ္ဆေပင် ဖြစ်ကာ သူက သူမကို စိုက်ကြည့်နေလေ၏။


သွေးသံရဲရဲနှင့် ကြေမွနေသော မျက်နှာကြီးက ယိရွှယ်ကို တည့်တည့်ကြည့်နေသဖြင့် သူမ၏ အမူအရာမှာ တောင့်ခဲသွားပြီး လက်သီးကို တင်းတင်းဆုပ်ထားမိသည်။


အကယ်၍ သူမသာ အခု တုံ့ပြန်လိုက်ပါက ဘေးပတ်ဝန်းကျင်က လူများက သူမကို အရူးဟု ထင်ကြပေလိမ့်မည်။


ယိရွှယ်သည် သူမ၏ သရုပ်ဆောင်စွမ်းရည်အားလုံးကိုထုတ်သုံးကာ ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး ရှေ့သို့သာ ဆက်လျှောက်သွားလိုက်သည်။


သို့သော်လည်း ထိုသရဲက သူမကို အလွယ်တကူ လွှတ်မပေးပေ။ သူက ပို၍ နီးကပ်စွာ ချဉ်းကပ်လာပြီး မေးလိုက်သည်။


“မင်း ခုနက ငါ့ကို ခဏခဏကြည့်နေတာ။ မင်း ငါ့ကို မြင်ရလို့လား”


ယိရွှယ်: “...”


(နေပါဦး... သူတို့တွေ ကားပေါ်မှာ သောင်းကျန်းနေတာကို ငါက နှစ်ခါပဲ ကြည့်တာတောင် များနေပြီလို့ ပြောရမယ်)


သရဲ၏ အေးစိမ့်သော အသက်ရှူသံမှာ ယိရွှယ်၏ အသားအရေနှင့် စင်တီမီတာ အနည်းငယ်သာ ကွာဝေးတော့သည်။


ယိရွှယ်ကဆံပင်ကို ပေါ့ပေါ့ပါးပါး ပြင်လိုက်ကာတစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။


“ဘာလို့ ပိုအေးလာသလို ခံစားနေရတာလဲ”


ထိုအခါ သူမမှာ ပတ်ဝန်းကျင်တွင် ဘာဖြစ်နေမှန်း မသိသည့် သာမန်လူစစ်စစ်တစ်ယောက်ကဲ့သို့ပင်။


ထိုစကားကို ကြားသော သရဲသည် သံသယဝင်သွားပြီး သူ့အကြည့်ကို ရုပ်သိမ်းလိုက်ကာ “ဒါက တိုက်ဆိုင်တာလား?”


သူ ဘာပြောပြော ယိရွှယ်ကတော့ မကြားချင်ယောင်ဆောင်နေမြဲပင်။


သရဲက သူမကို နောက်ထပ် အကြိမ်အနည်းငယ် စမ်းသပ်ကြည့်သေးသော်လည်း ယိရွှယ်ဆီမှ ဘာတုံ့ပြန်မှုမှ မရပေ။ ပုံမှန်ဆိုလျှင် သူ့မျက်နှာကို မြင်ရသူတိုင်း ထိတ်လန့်တကြား သတိလစ်သွားမည်ဟု ယူဆလိုက်သောကြောင့် သူတဖြည်းဖြည်း စိတ်လျှော့သွားပြီး သူမနောက်သို့ တကောက်ကောက်လိုက်ရင်း သီချင်း စဆိုတော့သည်။


"ယို... ယို... ကြည့်စမ်း! ကျယ်ပြောလှတဲ့ မိုးကုပ်စက်ဝိုင်းကြီးအောက်က ငါ့ရဲ့ အချစ်... "


Phoenix Legend သီချင်းကို အဲ့လောက် ကီးကြောင်အောင် ဘယ်သူဆိုနိုင်သေးလဲ?


သရဲ၏သီချင်းဆိုသံကြောင့် ယိရွှယ် မျက်နှာမှာ ဖြူဖျော့သွားပြီး စိတ်သောကရောက်သွားခဲ့သည်။


သူမ ရှေ့သို့ကြည့်ကာ သက်ပြင်းအရှည်ကြီး ချရင်းသာ ဆက်လျှောက်နေမိလေ၏။


သီချင်းဆိုလို့ကောင်းနေဆဲ သရဲမှာ သူတို့ မြို့လယ်ခေါင်မှ တဖြည်းဖြည်း ဝေးသွားပြီး လူသူကင်းမဲ့သော လမ်းမတစ်ခုသို့ ရောက်သွားသည်ကို သတိမထားမိလိုက်ပေ။


သရဲသည် သူ၏ ဖျော်ဖြေမှုလေးထဲသို့ နစ်မြောနေစဉ်တွင် မြို့၏ ပုံမှန် ဆူညံသံများ တိတ်သွားသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။


မော့ကြည့်လိုက်သောအခါ ယိရွှယ်သည် လမ်းကြားတစ်ခုထဲသို့ ဦးတည်နေသည်ကို တွေ့လိုက်ရလေသည်။ သူ မအော်ဘဲ မနေနိုင်တော့ “ဟေ့! မိန်းကလေးတစ်ယောက်ထဲ အဲ့လို လူမရှိတဲ့နေရာကို လျှောက်သွားတာ မလုံခြုံဘူးနော်”


ထိုစဥ် ယိရွှယ်မှာ လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး လှည့်ကာ သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။


“…? ”


သရဲမှာ ဇဝေဇဝါဖြင့် မျက်တောင်ခတ်နေမိသည်။


(သူမက ငါ့ကို မမြင်ရဘူး မဟုတ်လား?)


ခဏနေစမ်းပါဦး။ သူ ရုတ်တရက် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော

လူသတ်လိုစိတ်ကို ခံစားလိုက်ရသည်။


ယိရွှယ်သည် သူ့ကို စိုက်ကြည့်နေပြီး နှုတ်ခမ်းက အေးစက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။


ခဏအကြာတွင်... ကားအက်စီးဒင့် သရဲမှာ နဂိုကပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မျက်နှာမှာ အခုတော့ ပိုဆိုးရွားသွားပြီး နံရံဘက်သို့ မျက်နှာမူကာ သူ့ဘဝကို သူ ပြန်လည် ဆန်းစစ်နေရရှာသည်။


အားနည်းပြီး အကူအညီမဲ့သလို ခံစားနေရသောကြောင့် သူ ညည်းညူလိုက်မိ၏။


“မင်းက သရဲကိုတောင် ဘယ်လိုများလှည့်စားနိုင်ရတာလဲ?”


သူ၏ ကောင်းနေသေးသော မျက်လုံးတစ်ဖက်မှာ လက်သီးချက်ကြောင့် ပန်ဒါမျက်ကွင်း ဖြစ်နေလေပြီ။


သူ စိုးရိမ်တကြီးဖြင့် မျက်လုံးကို ထုတ်ယူကာ စစ်ဆေးကြည့်ပြီးနောက် ရောင်ရမ်းနေရုံသာဖြစ်

သဖြင့် ပြန်ထည့်လိုက်သည်။


'တော်သေးတာပေါ့. လုံးဝအကုန်ပျက်စီးသွားတာမဟုတ်လို့'


သရဲမှာ ဒဏ်ရာတွေကို သက်သာအောင် ဟိုပွတ်ဒီပွတ်လုပ်ရင်း သူ၏ ပန်ဒါမျက်လုံးကို ပွေ့ဖက်ကာ ဝမ်းနည်းပက်လက် ဖြစ်နေစဥ် ခြေသံတိုးတိုးလေးချဉ်းကပ်လာတာကို ရုတ်တရက် ကြားလိုက်ရလေသည်။


ထိုသရဲက ဖြည်းဖြည်းချင်းမော့ကြည့်လိုက်ရာ ခုနက သရဲကိုတောင် လှည့်စားခဲ့သော ထို လှပသည့် မိန်းကလေးက သူ့အား စူးစူးရဲရဲ စိုက်ကြည့်ပြီး အတည်ပေါက်မေးလိုက်လေ၏။


“ရှင့်ဆီမှာ ပိုက်ဆံ ရှိလား?”


ထပ်အရိုက်ခံရမှာ ကြောက်သဖြင့် အားနည်းစွာ ပြန်ဖြေလိုက်ရသည်။


“ကျဲကျဲ..တစ္ဆေသုံးတဲ့ စက္ကူပိုက်ဆံဆိုရင်ရော

ရမလားဟင်''


တိုင်းယိဘုရားကျောင်းတွင် အမြဲလိုလို လူစည်ကားနေတတ်လေသည်။လူအများစုမှာ မြို့တစ်ဖက်ခြမ်းရှိ ရွမ်ကျန်းဘုရားကျောင်းသို့ သွားမည့်အစား မြို့လယ်ခေါင်ရှိ တိုင်ယိဘုရားကျောင်းသို့သာ အမွှေးတိုင် လာထွန်းလေ့ရှိကြ၏။


ထိုနေ့တွင် ကျန်းအဖိုးအိုနှင့် သူ၏ ဇနီးသည်မှာ ပုံမှန်အတိုင်းပင် အမွှေးတိုင်လာပူဇော်ပြီး အလှူခံငွေသေတ္တာထဲသို့ အကြွေစေ့အချို့ ထည့်လိုက်ကြသည်။ထိုနောက် သူတို့သည် တာအိုဘုန်းကြီးက သူတို့အတွက် ပွဲလုပ်ပေးရန်အတွက် မည်သည့်အချိန် အားမလဲဆိုသည်ကို မေးရန် စီစဉ်ထားကြလေသည်။


မှတ်တမ်းတာဝန်ခံ တာအိုဘုန်းကြီးငယ်က မော့ကြည့်ပြီးပြောလိုက်၏။


“ကျွန်တော့် ဂိုဏ်းတူဦးလေးနဲ့ ရှစ်ရှုံးတို့

အားလုံး ရက်ချိန်းပြည့်နေပီ။ ခဏလောက်တော့ စောင့်ရလိမ့်မယ်”


အဖိုးအိုကစိတ်ပျက်သွားသော်လည်း တာအိုဘုန်းကြီးငယ်ထံမှ “အဘိုး၊ VIP ကတ် လျှောက်ချင်လား?” ဟု မေးသံ ကြားလိုက်ရသည်။


အဖိုးအို မဖြေခင်မှာပင် သူ၏ ဇနီးက နားမလည်နိုင်စွာ မေးလိုက်သည်။ "အခုခေတ် ဘုရားကျောင်းတွေမှာ VIP စနစ်တွေတောင် ရှိနေပြီလား"


လူငယ် တာအိုဘုန်းကြီးငယ်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပြုံးလိုက်ပြီး “အင်း…အဲ့လိုပြောလို့ရပါတယ်”


တာအိုဘုန်းကြီး အကြံပြုသည့်အတွက် အဘိုးအိုနှင့် အဘွားအိုတို့က တိုင်ပင်ပြီး ကတ်လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ အထူးသဖြင့် သူတို့သည် ဘုရားကျောင်းကို မကြာခဏ လာလေ့ရှိသောအတွက်ကြောင့် ဖြစ်သည်။


သို့သော် သူတို့ VIP ကတ် ရပြီး ကတ်ပေါ်မှ နာမည်ကို မြင်လိုက်သောအခါ အယူသီးသော ကျန်းအဖိုးအိုတောင် အံ့ဩသွားရကာ သူ မမေးပဲမနေနိုင်တော့ပေ။


“အမ်… တာအိုကိုယ်တော်လေး၊ နာမည် မှားရေးထားတာလား”


ကတ်ပေါ်တွင် “ရွမ်ကျန်းဘုရားကျောင်း” ဟု ရေးထားခဲ့သည်။


“မမှားပါဘူး”


တာအိုဘုန်းကြီးငယ်က မျက်လုံးချင်း မဆုံမိအောင်ရှောင်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။


“သူတို့က ကျွန်တော်တို့ရဲ့ မိတ်ဖက်ဘုရားကျောင်းပါ”


ကျန်းအဖိုးအို: ???


'ခဏနေပါဦး၊ မင်း ငါတို့ကို လာနောက်နေတာလား? တိုင်းယိဘုရားကျောင်းနဲ့ ရွမ်ကျန်းဘုရားကျောင်းက ပြိုင်ဘက်တွေ မဟုတ်ဘူးလား? ဘယ်လိုလုပ် ရုတ်တရက် မိတ်ဖက်တွေ ဖြစ်သွားတာလဲ?တိုင်ယီဘုရားကျောင်းက ရန်သူ့နယ်မြေကို ထိုးဖောက်နေတာလား?'


သက်ကြီးရွယ်အိုစုံတွဲ၏ မယုံကြည်နိုင်သော အကြည့်ကို မြင်သောအခါ တာအိုဘုန်းကြီးငယ်မှာ အကူအညီမဲ့သလို ခံစားလိုက်ရသည်။ အထက်က အမိန့်ဖြစ်သောကြောင့် သူ ဘာမှမတတ်နိုင်ပေ။


ဒီနေ့အတွင်းမှာတင် ဒီလိုအမေးခံရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ ဒီအတိုင်းသာဆို တိုင်းယိဘုရားကျောင်းရဲ့ နာမည်ပျက်တော့မည်။


နောက်ဆုံးတွင် ဝါရင့်တာအိုဘုန်းကြီးတစ်ပါးထွက်လာပြီး ထိုသက်ကြီးစုံတွဲကို အားလုံး ရှင်းပြပြီးမှသာ တိုင်ယိဘုရားကျောင်းသည် ရွမ်ကျန်းဘုရားကျောင်းနှင့် တကယ်ပင် မဟာမိတ်ဖွဲ့ထားကြောင်း ယုံကြည်သွားကာ ထိုစုံတွဲမှာပြန်သွားလေ၏။


ရန့်ဟွာမောက်က သက်ကြီးစုံတွဲထွက်သွားတာ

ကို ကြည့်နေစဉ် တာအိုဘုန်းကြီးငယ်မှာ လုံးဝ စိတ်ဓာတ်ကျနေသည်ကို တွေ့လိုက်ရသည်။


သူ့အား နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။“ဟေ့၊ စိတ်မပူပါနဲ့။ မင်းတို့လို လူငယ်တွေအတွက်တော့ ဒီလို ခက်ခဲတဲ့နေ့ရက်တွေဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ”


ထိုစကားကြောင့် တာအိုဘုန်းကြီးငယ်ကစိတ်သက်သာရာရသွားပြီး စိတ်လျော့သွားသော်လည်း သူ ဆက်ပြောတာကို ကြားလိုက်ရသည်။


“ပြီးတော့ မင်းမှာ ရှေ့ဆက်ပြီး အဲ့လို နေ့ရက်တွေအများကြီး ကြုံရဦးမှာပဲ”


တာအိုဘုန်းကြီးငယ်: “...”


တစ်ဖက်တွင် ရွမ်ကျန်းဘုရားကျောင်းမှာ ရှုကျိုး မရှိခိုက် ကျန်အဖွဲ့ဝင်နှစ်ယောက်သည် ယိရွှယ် ပုလင်းတစ်လုံးနှင့် ဝင်လာတာကို တွေ့လိုက်ရလေ၏။


သူမ အဓိက ခန်းမကို ရောက်သောအခါ ပုလင်းကို ဖွင့်လိုက်ပြီး တစ်ခုခုကို ထွက်ခွင့် ပေးလိုက်သည်။


ပိုင်လုက စိတ်ဝင်စားစွာဖြင့် ထိုအရာဘာလဲဆိုတာကို ကြည့်ရန် အနားကပ်သွားလိုက်၏။ သို့သော် ထိုအရာက ခေါင်းကို မော့လိုက်သောအခါ ပိုင်လု နှလုံးရောဂါ ရလုနီးပါး ဖြစ်သွားပြီး ယိရွှယ်နောက်မှာ အမြန်ပုန်းလိုက်ကာ ထအော်တော့သည်။


“ဒါ ဘာကောင်ကြီးတုန်း?! ကားတိုက်ခံထားရတဲ့ ပုံကြီးနဲ့!”


ကားအက်စီးဒင့်မှ သရဲမှာ ဖြည်းဖြည်းချင်း စက္ကူတစ်ရွက်ဖြင့် သူ့မျက်နှာကို ဖုံးလိုက်ရရှာသည်။


တကယ်ကြီးလား? တာအိုဘုရားကျောင်းနဲ့ ဘုန်းကြီးတွေ၊ နတ်ဆရာတွေက သရဲကို ကြောက်နေကြတယ်ပေါ့?


အထူးသဖြင့် ခုနက သူ့အား ပျော့ခွေသွားအောင် ရိုက်နှက်ခဲ့သော ထိုလှပသည့် မိန်းကလေးဆို ပိုဆိုးပေသည်။


သူ့မျက်နှာကို ကြောက်စရာကောင်းတယ်ဟုပြောသည့်အပြင်၊ သူ့ဆီက ပိုက်ဆံတောင်းပြီး သူ့မျက်နှာကို တစ်ခုခုနဲ့ ဖုံးခိုင်းကာ ပုလင်းထဲ ထည့်ခဲ့လိုက်သေးသည်။


သူမအတိအကျ ပြောခဲ့တာကတော့ “ဒါဆို ရှင် မြို့ရဲ့ အလှအပကို ဖျက်ဆီးမိမှာ မဟုတ်တော့ဘူး”


ဘာလဲဟ? သရဲတွေမှာ ဂုဏ်သိက္ခာ မရှိရတော့ဘူးလား?


သို့သော်လည်း သူမ၏ စွမ်းအားအောက်တွင် ထိုသရဲမှာ မျက်ရည်လည်ရုံမှအပ ဘာမှမတတ်နိုင်ရှာပေ။


၎င်းကို မြင်သောအခါ ဘုရားကျောင်း ဆရာတော်ပိုင်က မမေးဘဲ မနေနိုင်တော့ပေ။


" ရှစ်မေ့... ဒါက ဘာလဲ"


ယိရွှယ်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်၏။


"ယာယီ အလုပ်သမားလေ"