Chapter 2
Viewers 73

Chapter ( 2 )

ယိရွှယ်သည် ပိုင်လု၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်သောအခါ အဖျော့ရောင် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် မှော်အင်းကွက် အနည်းငယ်ကို ကိုင်ထားသည့် လူငယ်တာအိုဘုန်းတော်ကြီးတစ်ပါးကို မြင်လိုက်ရသည်။ ထိုလူငယ် တာအိုဘုန်းတော်ကြီး၏ ညာဘက်လက်တွင် သွေးနီရောင်အစွန်းအထင်း အနည်းငယ်ပေနေလေသည်။ သူ ဝင်လာသောအခါ ပိုင်လု၏ စိတ်အားထက်သန်သော အကြည့်ကို သတိပြုမိသွားပြီး ခဏတာ ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူသည် နွေးထွေးစွာ ပြုံးလိုက်ပြီး ယိရွယ်ဘက်သို့ လှည့်ကာ "ဒါ ဘယ်သူများလဲ?"


ဘုရားကျောင်းဆရာက သူမကို မိတ်ဆက်ပေးလိုက်သည်။ "ငါ အရင်က ပြောခဲ့သလိုပဲ လေ့ကျင့်ဖို့ ငါတို့နဲ့ ပူးပေါင်းမယ့် တပည့်တစ်ယောက် ရောက်လာလိမ့်မယ်။ ဒါက ယိရွှယ်... ငါ့ရဲ့..."


သူ၏ စကားမဆုံးခင် လူငယ် တာအိုဘုန်းတော်ကြီး ရှုကျိုးက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြုံးကာ "အာ၊ ညီမငယ်လေး ယိရွယ်။ ကျွန်တော် ရှုကျိုးပါ။ ကျွန်တော့်ကို အစ်ကိုကြီးလို့ ခေါ်လို့ရပါတယ်" ဟု ပြောလိုက်သည်။


ရှုကျိုး စကားပြောပြီးသည်နှင့် ပိုင်လုနှင့် ယိရွှယ် နှစ်ဦးစလုံးသည် သူတို့၏ မျက်လုံးများတွင် တူညီသော သနားကရုဏာအကြည့်ဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။ ပိုင်လု၏ မျက်နှာတွင်ပင် တစ်စုံတစ်ခုသော ရယ်စရာမြင်ကွင်းကို စောင့်ကြည့်နေသည့်ဟန်ဖြင့် ဝမ်းသာအားရသည့် အရိပ်အယောင်ပင် သန်းနေခဲ့သည်။


ရှုကျိုး: "......?" ငါမရှိတုန်း ဘာတွေ ဖြစ်ခဲ့တာလဲ?


နောက်တစ်စက္ကန့်တွင် အားနည်းဟန်ဆောင်နေခဲ့သော ဘုရားကျောင်းဆရာသည် ရုတ်တရက် ခုန်ထလာပြီး ရှုကျိုးကို အဆက်မပြတ် ပါးရိုက်တော့သည်။


" ညီမလေးလို့ ခေါ်ရဲတယ် ဟုတ်လား? မင်း ငါ့ကို အနိုင်ယူဖို့ ကြိုးစားနေတာလား—သူက ငါ့ရဲ့ ညီမငယ်—မင်းရဲ့ အဒေါ်အရင်း! ကဲ 'အဒေါ် ယိရွှယ်' လို့ ခေါ်စမ်း!"


ယိရွှယ်သည် သူမ၏ ရယ်မောသံကို မထိန်းနိုင်တော့ပေ။


ဘုရားကျောင်းဆရာ၏ ပြင်းထန်သော အကြည့်အောက်တွင် ရှုကျိုးနှင့် ပိုင်လု နှစ်ဦးစလုံးသည် မလိုလိုလားလားပင် တညီတညွတ်တည်း ခေါ်လိုက်ရသည်။


"အဒေါ် ယိရွှယ်..."


ပိုင်လုသည် ရှုကျိုးဘေးသို့ တိုးကပ်သွားပြီး အတွေ့အကြုံရှိသူတစ်ဦး၏ လေသံဖြင့် တိုးတိုးလေး ကပ်ပြောလိုက်သည်။


"အဲ့ဒါက ငါ အစောပိုင်းက ခံခဲ့ရတဲ့ ပုံစံပဲ"


ရှုကျိုးကလည်း တိုးတိုးလေး ပြန်ပြောလိုက်သည်။ "ဒါဆို ဘာလို့ ငါ့ကို သတိမပေးတာလဲ?"


ပိုင်လုသည် လည်ချောင်းရှင်းလိုက်ပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရကာ ရှုကျိုးကို မကြည့်တော့ဘဲ ပတ်ဝန်းကျင်ကိုသာ ကြည့်နေတော့သည်။


ရှုကျိုး: …....


ငါ နားလည်ပြီ။


သူတို့၏ တီးတိုးပြောဆိုနေမှုကို သတိပြုမိသော ဘုရားကျောင်းဆရာသည် ၎င်းတို့နှစ်ဦးကို သတိပေးသည့်အနေဖြင့် မျက်စောင်းထိုးလိုက်သည်။ ထိုနှစ်ဦးသည် နောက်တစ်ကြိမ် အရိုက်ခံရမည်ကို ကြောက်ရွံ့သဖြင့် ချက်ချင်း ကိုယ်ကို မတ်မတ်ထားလိုက်ကြပြီး နောက်ထပ် စကားပြောရန် မရဲတော့ပေ။


ယိရွှယ်သည် တင်းမာမှုကို လျှော့ချရန် ပြုံးလိုက်ပြီး "ဒါ သူတို့ရဲ့ အပြစ်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ကျွန်မ ဆရာနဲ့ အပြင်သွားတိုင်း လူတွေက သူ့ကို ကျွန်မရဲ့အဘိုးလို့ မကြာခဏ မှားခေါ်ကြတယ်"


ပိုင်လုက အလျင်အမြန် ဝင်ပြောလိုက်သည်။ "ဟုတ်တာပေါ့! အဒေါ် ယိရွယ်က ကျွန်တော့်ထက် အများကြီး ငယ်ပုံပေါက်တယ်။ ဆယ့်ခြောက်နှစ် ဒါမှမဟုတ် ဆယ့်ခုနစ်နှစ်လောက်ပဲ ရှိဦးမယ်—အရွယ်မရောက်သေးဘူးပေါ့"


ယိရွှယ်၏ အပြုံးသည် ခဏတာ တောင့်တင်းသွားပြီး သူမသည် တည်ငြိမ်စွာ စကားလုံးတစ်လုံးချင်း ခွဲ၍ "ကျွန်မ အသက် ဆယ့်ရှစ်နှစ် အရွယ်ရောက်ပြီးသားပါ"


အတိတ်ကာလတွင် ယိရွှယ်သည် သူမကိုယ်တိုင် ရပ်တည်နိုင်ရန် ကြိုးစားခဲ့စဉ် လူအများက သူမ၏အရည်အချင်းများကို သံသယဝင်ခဲ့ကြသည်။ အချို့သူများသည် သူမ အလွန်ငယ်ရွယ်သောကြောင့် ကလေးအလုပ်သမားအဖြစ် စွပ်စွဲခံရမည်ကိုပင် ကြောက်ရွံ့သဖြင့် သူမကို ငှားရမ်းရန်ပင် ဝန်လေးခဲ့ကြသည်။


ပိုင်လုသည် အံ့ဩတကြီးဖြင့် "ခဏလေးဦး၊ ခင်ဗျားက အရွယ်ရောက်ပြီးသားလား? ကျွန်တော်က ခင်ဗျား အသက် ဆယ့်ခြောက်နှစ်လို့ ထင်နေတာ"


ယိရွှယ်သည် သက်ပြင်းရှည်ချလိုက်ပြီး နောက်ထပ် ရှင်းပြရန် စိတ်လျှော့လိုက်သည်။ ထိုအစား သူမသည် ဘုရားကျောင်းဆရာဘက်သို့လှည့်ကာ "အစ်ကိုကြီး၊ ရှင် သူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်သင့်တယ် ထင်တယ်"


ပိုင်လု: "..."


ဘုရားကျောင်းဆရာသည် ရယ်သံကို မထိန်းနိုင်ဘဲ တခွိခွိရယ်နေသော်လည်း အချိန်လွန်နေပြီဖြစ်ကြောင်း သိသောကြောင့် ဝင်ပြောရန် ဆုံးဖြတ်လိုက်သည်။ "ကဲ ပိုင်လု၊ ရှုကျိုး၊ ယိရွှယ်ကို သူ့အိတ်တွေ သွားချပေးလိုက်ကြ" ဟု အမိန့်ပေးလိုက်သည်။


"ဟုတ်ကဲ့" ဟု ပိုင်လုက ပြန်ပြောလိုက်ပြီးနောက် သူသည် မြွေရေခွံအိတ်ကို ကောက်ယူရန် ပြင်လိုက်သော်လည်း ရှုကျိုးက ဝင်ပြောလိုက်သည်။


"ညီလေး၊ ငါ လုပ်လိုက်မယ်"


ပိုင်လုသည် သူ၏အစောပိုင်း ရုန်းကန်ခဲ့ရပုံကို ပြန်လည်ခံစားနေရသကဲ့သို့ စိတ်ရင်းမှန်ဖြင့် သတိပေးလိုက်သည်။


"ဒါ တကယ် လေးတယ်နော်၊ အစ်ကိုကြီး ဂရုစိုက်ဦး"


ရှုကျိုးသည် ထိုစိုးရိမ်မှုကို လျစ်လျူရှုရန် ပြင်လိုက်သော်လည်း အိတ်ကို ကိုင်လိုက်သည်နှင့် သူသည် ယိမ်းယိုင်သွားခဲ့သည်။ သူသည် ကိုယ်ကို ထိန်းလိုက်ပြီး သက်ပြင်းရှည်ချကာ "ဒါ... တော်တော်လေး လေးတာပဲ"


ပိုင်လုက ယိရွှယ်၏ ကျောပိုးအိတ်ကို ကူသယ်ပေးလိုက်ပြီး သူမကတော့ သူမ၏ အနက်ရောင်ထီးကိုသာ ကိုင်ထားလေသည်။ထို‌နောက် ရှုကျိုးက နောက်မှ လိုက်လာပြီး သူတို့က ဧည့်သည်ခန်းများဘက်သို့ ဦးတည်သွားလိုက်ကြသည်။


ရွမ်ကျန်းဘုရားကျောင်းသည် ကြီးမားသော်လည်း အနည်းငယ် ဟောင်းနွမ်းပြီး မှိန်ဖျော့သော အသွင်အပြင်ရှိပေသည်။ အမိုးကြွေပြားများသည် ဟောင်းနွမ်းနေပြီး အဆောင်အတွင်းရှိ ရုပ်တုများသည်လည်း အတော်လေး ပျက်စီးနေလေသည်။ သို့သော် ရုပ်တုများရှေ့တွင် လှူဒါန်းထားသော လတ်ဆတ်သည့် သစ်သီးများက ဘုရားဖူးလာသူများသည် ထိုနေရာကို ဂရုတစိုက် ဆက်ဆံနေကြောင်း ပြသနေခဲ့သည်။


အဓိကခန်းမတွင် သူတို့သည် သုံးပါးသော စင်ကြယ်သူများဖြစ်သည့် ယွမ်ရှီထျန်းကျွင်း၊ လင်ပေါထျန်းကျွင်းနှင့် တောက်တေထျန်းကျွင်းတို့ကို ပူဇော်ကိုးကွယ်ကြသည်။


ယိရွှယ်သည် သူမ၏ ထီးကို သိမ်းဆည်းလိုက်ပြီးနောက် အဆောင်အတွင်းသို့ ဝင်သွားလိုက်သည်။ သူမသည် ရုပ်တုများရှေ့တွင် ရိုရိုသေသေ ဦးညွှတ်ကာ အမွှေးတိုင် သုံးတိုင်ကို ထွန်းညှိပူဇော်ခဲ့သည်။ ထို့နောက် သူမသည် အပြင်သို့ ပြန်ထွက်လာပြီး သူမ၏ ထီးကို ပြန်ဖွင့်လိုက်သည်။


သူမ၏ ထီးဖွင့်လိုက်သည်ကို မြင်သောအခါ ပိုင်လုသည် အံ့ဩတကြီးဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "မာစတာ ယိရွှယ်... အင်း... အခု နေရောင်လည်း မရှိပါဘူး။ ဘာလို့ ထီးကို ဆက်ကိုင်ထားတာလဲ?"


ဘုရားကျောင်းသည် ကြီးမားသော်လည်း ခေါင်မိုး၏အရိပ်နှင့် ဝါးပင်အချို့၏ အရိပ်မှလွဲ၍ နေရောင်ကို ကာကွယ်ရန် အခြားဘာမျှ မရှိပေ။ သို့သော် ထိုအချိန်တွင် နေရောင်သည် မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။


ထီးကို တင်းတင်းဆုပ်ကိုင်ထားရင်း ယိရွှယ်သည် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "မကြာခင် မိုးရွာတော့မယ်"


ပိုင်လုသည် ရယ်လိုက်ပြီး "ဟာ၊ ခင်ဗျား မသိဘူးထင်တယ်! ဟိုင်ချန်းမြို့မှာ ရက်ပေါင်းများစွာ မိုးမရွာဘူး၊ ဒါကြောင့် ဒီလောက် ပူနေတာ—"


သူ၏ စကားမဆုံးခင်မှာပင် အနက်ရောင် တိမ်တိုက်များ အလျင်အမြန် စုရုံးလာပြီး ကောင်းကင်သည် မည်းမှောင်သွားကာ မိုးခြိမ်းသံများ ဆူညံလာခဲ့သည်။ထိုနောက် ရုတ်တရက် မိုးသည်းထန်စွာ ရွာချလာတော့သည်။


ယိရွှယ်သည် သူမ၏ထီးကြောင့် လုံးဝ ခြောက်သွေ့နေပြီး ရှုကျိုးသည် မည်းမှောင်နေသော တိမ်တိုက်များကို သတိပြုမိသောကြောင့် မြွေရေခွံအိတ်ကို အလျင်အမြန် ဆွဲယူကာ ယိရွှယ်၏ အကြီးစား အနက်ရောင်ထီးအောက်တွင် ဝင်ရပ်လိုက်သည်။


ပိုင်လုမှာမူ ရေနစ်မြုပ်သွားသော ကြွက်တစ်ကောင်ကဲ့သို့ စိုရွှဲနေတော့သည်။


"ဝိုး! မာစတာ....အဒေါ် ယိရွှယ်၊ ခင်ဗျား အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်တာလား?"  ပိုင်လုသည် ခဏတာမျှ အံ့အားသင့်သွားပြီးမှ ယိရွှယိကို ရုတ်တရက် ပြောင်းလဲသွားသော လေးစားကြည်ညိုသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် ထီးအောက်သို့ တိုးဝင်ကာ သူမကို ကောင်းကင်ဘုံမှ သတ္တဝါတစ်ဦးကို ကြည့်နေသကဲ့သို့ စိုက်ကြည့်နေခဲ့သည်။


"ခင်ဗျား ကျွန်တော့်ကို ဘယ်တော့ ချမ်းသာလာမယ်ဆိုတာ ပြောပြနိုင်မလား? ကျွန်တော် ဒီဘဝမှာ အချစ်နဲ့ကော တွေ့နိုင်ပါ့မလား?"


ယိရွှယ်သည် သူ့ကို အံ့ဩတကြီး ကြည့်လိုက်ပြီး "အပြင်မထွက်ခင် မိုးလေဝသ ခန့်မှန်းချက်ကို မကြည့်ဘူးလား?"


ပိုင်လုသည် အံ့အားသင့်သွားပြီး "ဟင်?"


ယိရွှယ်သည် သူမ၏ဖုန်းကို ထုတ်ယူကာ မိုးလေဝသအက်ပ်ကို ပြသလိုက်သည်။ ထိုအက်ပ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်မှာ "နေသာရာမှ မိုးသည်းထန်စွာ ရွာသွန်းမည်၊ နေ့လယ် ၂ နာရီတွင် မိုးရေချိန် အများဆုံး ရွာသွန်းနိုင်သည်" ဟု ဖော်ပြထားသည်။


ပိုင်လုသည် သူမ၏အကြည့်နှင့် ဆုံမိသောအခါ သူမ၏အကြည့်က "ဒီလောက်တောင် သတိမရှိတဲ့လူ ရှိနိုင်ပါ့မလား?"


သူသည် မိမိကိုယ်ကို မိုက်မဲသည်ဟုထင်ကာ ယိရွှယ်တွင် ကောင်းကင်မာစတာ လက်မှတ်ပင် မရှိသေးသောကြောင့် သူမသည် ကံကြမ္မာကို မည်သို့မျှ မဟောနိုင်ဟု တွေးလိုက်သည်။ သို့သော် ၎င်းသည် သူ၏အပြစ်မဟုတ်ပေ။ မိုးလေဝသ ခန့်မှန်းချက်သည် မကြာခဏ မှားတတ်သောကြောင့် ယခုတစ်ကြိမ်တွင် တိကျလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။


သူ၏စိတ်ဓာတ်သည် ပို၍ပင် ကျဆင်းသွားတော့သည်။


ဘာလို့ ငါက အမြဲတမ်း အောက်ကျနောက်ကျ ဖြစ်နေရတာလဲ?


သူ၏ စိတ်ဓာတ်ကျနေသည်ကို မြင်သော ယိရွှယ်သည် သူ့ကို သနားစိတ်ဝင်သွားမိသည်။ထိုကြောင့် သူမသည် သူ့မျက်နှာကို ဂရုတစိုက် ကြည့်လိုက်သည်။


မျက်နှာဖတ်ခြင်း အတတ်ပညာကို သူမ အပြည့်အဝ မကျွမ်းကျင်သေးသော်လည်း ပိုင်လု၏ ကံဆိုးမှုမှာ လျစ်လျူရှု၍ မရနိုင်လောက်အောင် ထင်ရှားနေပေသည်။ သူမက "မင်းရဲ့ နဖူးက မည်းနေတယ်—ဒီနေ့ ကံမကောင်းတာတွေ ကြုံရနိုင်တယ်"


တာအိုဘုရားကျောင်းသည် သုံးပါးသော စင်ကြယ်သူများ၏ ကာကွယ်မှု ရှိသော်လည်း ပိုင်လု၏ကံဆိုးသော အငွေ့အသက်သည် အလွန်ပြင်းထန်သောကြောင့် သူ အပြင်သို့ ထွက်သွားသည်နှင့် ဘုရားကျောင်း၏ အုပ်ထိန်းသူများပင် သူ့ကို ကာကွယ်နိုင်မည်မဟုတ်ဟု သူမ စိုးရိမ်ခဲ့သည်။


ပိုင်လုက ရယ်မောကာ ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ "ဒါက နေ့တိုင်း ဖြစ်နေကျ မဟုတ်ဘူးလား? ကျွန်တော့်အဖေက ကျွန်တော့်ကို အမြဲ ရိုက်နှက်နေတာပဲ—ဒါကြောင့် ဒါကို ကံဆိုးမှုလို့ သတ်မှတ်လို့ရတာပေါ့"


ယိရွှယ်: "... သတိထားပါ"


သူမ ဖုန်းကို သိမ်းလိုက်သောအခါ ပိုင်လုသည် ယိရွှယ် အသုံးပြုနေသော ဖုန်းအမျိုးအစားကို သတိပြုမိသွားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သော အလွန်ဟောင်းနွမ်းသည့် Nokia ဖုန်းတစ်လုံး ဖြစ်သည်။


သူ မေးမြန်းခြင်းကို မခံနိုင်တော့ဘဲ "သခင် အဒေါ်၊ ဘာလို့ အခုထိ အဲ့လောက် ဖုန်းအဟောင်းကြီးကို သုံးနေတာလဲ?"


သူ့စိတ်ထဲတွင် "သူမရဲ့ ဆရာက ဖုန်းအသစ်တောင် ဝယ်မပေးနိုင်လောက်အောင် တကယ်ပဲ နှမြောတာလား?"


ပိုင်လု၏ မေးခွန်းသည် ရိုးသားသော်လည်း ယိရွှယ်၏ နာကျင်သော အကြောင်းအရာတစ်ခုကို ထိမိသွားခဲ့သည်။ သူမ သက်ပြင်းချကာ "တောင်ပေါ်လမ်းတွေက ပြုပြင်ဖို့ ခက်ခဲတယ်"


သူမ ရှာဖွေထားသော ငွေအများစုသည် ရွာလမ်းများကို ထိန်းသိမ်းရန်အတွက် သုံးစွဲခဲ့ရသောကြောင့် သူမသည် သူမ၏ ဖုန်းအဟောင်းဖြင့်သာ ကျေနပ်ခဲ့ရသည်။ သို့သော် ယခု…


သူမသည် သူမ တည်းခိုမည့်နေရာကို ပတ်ကြည့်လိုက်ပြီး "လမ်းတွေကို ပြုပြင်ရုံတင် မကဘူး၊ ဒီဘုရားကျောင်းကို ပြုပြင်ဖို့အတွက်လည်း ငွေစုရဦးမယ်" ဟု တွေးလိုက်သည်။


သူမ၏ ငွေရှာဖွေရန် ရည်မှန်းချက်သည် ရေရှည်စီမံကိန်းတစ်ခု ဖြစ်ပုံရသည်။ပိုင်လုသည် သူမကို နက်ရှိုင်းသော သနားစိတ်ဖြင့် ကြည့်လိုက်သည်။ သူမ ဘယ်လိုနေရာမျိုးမှာ နေခဲ့တာလဲ? တောင်ပေါ်ဒေသထက်ပင် ဝေးလံခေါင်သီပုံရသည်။ သူမ တကယ်ပဲ လမ်းတွေကို ကိုယ်တိုင် ပြုပြင်ဖို့ ငွေရှာရတာလား?


ရှုကျိုးသည် သူမ၏ပစ္စည်းများကို သယ်ဆောင်လာပြီး လမ်းတစ်လျှောက် သိပ်စကားမပြောခဲ့သော်လည်း သူတို့ ရောက်ရှိသောအခါ "ရောက်ပြီ" ဟု ပြောလိုက်သည်။


ဧည့်သည်ခန်းကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ဘုရားကျောင်းဆရာသည် ယိရွှယ်၏ ဆရာထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ အခန်းများကို သန့်ရှင်းပြီး အဆင်သင့်ဖြစ်စေရန် ချက်ချင်း အမိန့်ပေးခဲ့သည်။


ယိရွှယ်ကို အတွင်းသို့ ပို့ဆောင်ပြီးနောက် ပိုင်လုနှင့် ရှုကျိုး နှစ်ဦးစလုံး မနေခဲ့ကြပေ။


“မာစတာ အဒေါ် ယိရွယ်၊ ဘာများ လိုအပ်ရင် ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် ခေါ်လို့ရပါတယ်" ဟု ရှုကျိုးက ယဉ်ကျေးစွာ ပြောလိုက်သည်။


"မာစတာ အဒေါ်" ဟု ခေါ်ဝေါ်ရန် အနည်းငယ် အနေရခက်နေသော ပိုင်လုနှင့် မတူဘဲ ရှုကျိုးမှာမူ ပြဿနာမရှိပေ။


ယိရွှယ်ကို နေရာချထားပြီးနောက် ပိုင်လုသည် သူ ခြံဝင်းကို သန့်ရှင်းရေး မပြီးသေးကြောင်း သတိရသွားသည်။


သူသည် ဘုရားကျောင်းအပြင်ဘက်ကို သန့်ရှင်းရေးလုပ်ရန် တာဝန်ရှိပြီး အကယ်၍ ညစ်ပတ်နေပါက သူ့အဖေက သူ့ကို သေချာပေါက် ရိုက်နှက်လိမ့်မည်။


ထိုအတွေးဖြင့် သူသည် ရှုကျိုးကို အလျင်အမြန် နှုတ်ဆက်လိုက်ပြီး ခြံဝင်းကို သန့်ရှင်းရေးလုပ်ရန် အလျင်အမြန် ထွက်သွားခဲ့သည်။