Chapter 3
Viewers 56

Chapter ( 3 )

ရှုကျိုးသည် အခြားတစ်ဖက်တွင် ဘုရားကျောင်းဆရာ၏ အခန်းသို့ ပြန်သွားလိုက်သည်။


နဖူးတွင် မျက်နှာသုတ်ပဝါတင်ထားသော ဘုရားကျောင်းဆရာသည် ပင်ပန်းစွာဖြင့် "မင်းရဲ့ မာစတာအဒေါ်ကို နေရာချထားဖို့ ကူညီခဲ့ရဲ့လား?"


ရှုကျိုး ခေါင်းညိတ်ပြသည်။


ထို့နောက် ဘုရားကျောင်းဆရာက "ဒီနေ့ အခြေအနေ ဘယ်လိုလဲ?"


အမျိုးမျိုးသော တာအိုဘုရားကျောင်းများသည် ရံဖန်ရံခါ အဖွဲ့အစည်းဆိုင်ရာပွဲများကို ကျင်းပလေ့ရှိပြီး တစ်ခါတစ်ရံ သတင်းများကို မျှဝေတတ်ကြသည်။ ရွမ်ကျန်းဘုရားကျောင်းသည် သိပ်မကျော်ကြားတာကြောင့် ဖိတ်ကြားလွှာများကို ရှားရှားပါးပါးသာ လက်ခံရရှိသော်လည်း ယနေ့သည် ထူးခြားသောနေ့ဖြစ်သည်။ ဘုရားကျောင်းဆရာသည် မတက်ရောက်နိုင်သောကြောင့် ရှုကျိုးကို သူ့နေရာတွင် စေလွှတ်ခဲ့လေသည်။


ရှုကျိုး၏မျက်နှာသည် တည်တည်ကြည်ကြည် ဖြစ်သွားပြီး "ဆရာ၊ မစ္စတာယုရဲ့ အခြေအနေက မကောင်းဘူး"


ထိုအတောအတွင်း တံမြက်စည်းကို ကိုင်ထားသော ပိုင်လုသည် စိတ်မပါ့တပါ့ဖြင့် သန့်ရှင်းရေးလုပ်နေခဲ့သည်။


အကြောင်းတစ်ခုခုကြောင့် ဘုရားကျောင်းသည် ယနေ့ အထူးတိတ်ဆိတ်နေ၏။ ပုံမှန်အားဖြင့် အနည်းဆုံး ယုံကြည်သူတစ်ဦး သို့မဟုတ် နှစ်ဦးသည် အမွှေးတိုင် လှူဒါန်းရန် ရောက်လာတတ်သည်။


"ဟင်?"


ပိုင်လုသည် တစ်စုံတစ်ခုကို မတော်တဆ နင်းမိသွားပြီး အောက်ကို ငုံ့ကြည့်လိုက်သောအခါ လှူဖွယ်ပစ္စည်းတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ မည်သူက ထိုနေရာတွင် ထားခဲ့သည်ကို သူ မသိပေ။


သူသည် ထိုအရာကို ကောက်ယူပြီး ၎င်း၏နေရာတွင် ပြန်ထားလိုက်ကာ အနည်းငယ် ရှုပ်ထွေးသွားရသည်။ ဘုရားကျောင်းအပြင်ဘက်တွင် မည်သူက လှူဒါန်းမှုများ ပြုလုပ်နေမည်နည်း။


ပိုင်လု စိတ်ရှုပ်ထွေးနေစဉ် ရုတ်တရက် အသံနက်ကြီးတစ်ခုကို ကြားလိုက်ရသည်။ အပေါ်ကို ကြည့်လိုက်သောအခါ အမိုးပေါ်မှ ကျလာသော ကျောက်တုံးကြီးတစ်ခုသည် သူ့ဆီသို့ တည့်တည့် ဦးတည်နေသည်ကို တွေ့လိုက်ရ၏။


" သေစမ်း!"


ပိုင်လုသည် အချိန်မီ ရှောင်တိမ်းလိုက်စဉ် ကျိန်ဆဲလိုက်သည်။ သို့သော် ကျောက်တုံးကို ရှောင်လိုက်ရင်း သူသည် ကျောက်စရစ်ခဲအချို့ကိုနင်းမိကာ မျက်နှာနှင့် လဲကျသွားပြန်လေသည်။


သူ ထလာသောအခါ နှာခေါင်းတွင် နွေးထွေးသော ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး သုတ်လိုက်သောအခါ သူ၏လက်သည် သွေးများဖြင့် ပေကျံနေလေသည်။


ထိုအချိန်တွင် သူသည် ယိရွယ်၏ အစောပိုင်း စကားများကို ပြန်သတိရသွားမိသည်။


သွေးထွက်သံယိုဖြစ်ခြင်း... ကောင်းပြီ၊ ဒါက သွေးထွက်သံယိုဖြစ်ခြင်းပဲ!


ဒါ တကယ်ဖြစ်လာတာပဲ!


ယိရွှယ် အပြင်သို့ထွက်လာသောအခါ နေဝင်သွားပြီဖြစ်သည်။ သူမသည် ဘုရားကျောင်းအပြင်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်အောက်သို့ လျှောက်သွားလိုက်ပြီး သူမ၏ဆရာကို ဖုန်းခေါ်ကာ ဘေးကင်းစွာ ရောက်ရှိကြောင်း အကြောင်းကြားလိုက်သည်။


ဘုရားကျောင်းသည် ဝေးလံခေါင်သီသောဒေသတွင် တည်ရှိသော်လည်း ၎င်း၏ ဖုန်းရွှေသည် အလွန်ကောင်းမွန်၏—လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်သည် ဘုရားကျောင်းကို အများဆုံး ထိမှန်သောကြောင့် ယန်စွမ်းအင် ပြည့်ဝသော နေရာတစ်ခု ဖြစ်သည်။


ဖုန်း၏အခြားတစ်ဖက်တွင် မကြာမီပင် အသက်ကြီးသူ၏ ရွှင်လန်းသောအသံ ပေါ်လာသော်လည်း ယိရွှယ် စကားများများ မပြောနိုင်ခင်မှာပဲ သူမ၏မျက်နှာပေါ်သို့ ရေစက်အနည်းငယ်ကျလာပြီး မိုးရွာတော့မည့်ပုံပေါ်သည်။


ယိရွှယ်သည် အံ့ဩတကြီး မော့ကြည့်လိုက်သည်။ မိုးလေဝသခန့်မှန်းချက်တွင် မိုးရွာခြင်း ရပ်တန့်သွားပြီဟု ဖော်ပြထားတယ်မလား။ ဘာလို့ နောက်တစ်ကြိမ် မိုးရွာနေတာလဲ?


ခေါင်းကို မော့လိုက်သောအခါ သူမ၏အထက်ရှိ သစ်ပင်ပေါ်တွင် ကြိုးဆွဲချ သေဆုံးနေသော သရဲတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်းသည် ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးနှင့်တူပြီး လျှာရှည်ကြီးတစ်ခုကို ထုတ်ထားကာ သူမကိုကြည့်ပြီး ရယ်မောနေလေသည်။ တံတွေးများသည် သူမ၏ မျက်နှာပေါ်သို့ စီးကျနေ၏။


"ဘာ—"


ယိရွှယ် လန့်သွားသဖြင့် ထိုသရဲသည် ပို၍ပင် ရက်စက်စွာပြုံးကာ သူမကို ပို၍ လန့်စရာကောင်းအောင် ပြင်ဆင်နေလေသည်။


သူမ၏ လန့်သွားသောအသံကို ကြားသော သူမရဲ့ဆရာက "ဘာဖြစ်တာလဲ အားရွှယ်?"


"ဘာမှမဟုတ်ပါဘူး။ သရဲလေးတစ်ကောင်ပါ" ဟု ယိရွှယ်က ပြန်ဖြေလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ အေးစက်စွာ ပြုံးလိုက်သည်။


"ဆရာ.....ကျွန်မ နောက်မှပြန်ခေါ်ပါ့မယ်။ ကျွန်မ အဲ့ကောင်လေးကို အမှုန့်ဖြစ်အောင် လုပ်ပစ်ရအုံးမယ်"


ထိုသရဲငယ်လေးသည် သူတို့၏ စကားပြောဆိုမှုကို ဂရုမစိုက်ဘဲ ၎င်း၏လျှာကို ပို၍ပင် ရှည်ရှည်ထုတ်ကာ တစ်စုံတစ်ခုကို ဆွဲယူရန် ကြိုးစားနေခဲ့သည်။


သို့သော် ၎င်း မရလိုက်ပါ။


ယိရွှယ်သည် ထိုသရဲ၏လျှာကို ဆွဲယူကာ တင်းကျပ်သော ကြိုးကွင်းတစ်ခုအဖြစ် ချည်လိုက်သည်။


ထိုသရဲသည် ၎င်း၏ ချည်ထားသောလျှာကိုကြည့်ကာ အလိုလို ငိုချင်သော်လည်း မငိုနိုင်ခဲ့ပေ။ သနားစရာကောင်းလောက်အောင် တိုးညည်းရုံသာ တတ်နိုင်တော့သည်။


ယိရွှယ်သည် ထိုသရဲနှင့် ၎င်း၏လျှာနှစ်ခုလုံးကို ကြိုးကွင်းတစ်ခုအဖြစ် ချည်လိုက်ပြီးနောက် ပုလင်းတစ်ခုထဲသို့ ထည့်လိုက်သည်။


ဘာလို့ ဘုရားကျောင်းထဲမှာ သရဲတွေရှိနေရတာလဲ?


သူမသည် စိတ်ထဲတွင် အေးစက်စွာ တွေးလိုက်သည်။ ငါ့ကို သေလုမတတ် လန့်သွားစေခဲ့တယ်။


ပိုင်လုသည် ယိရွှယ်ကို ညစာစားရန် လာခေါ်သောအခါ သူမသည် ပုလင်းနှင့် ဆက်လက် ဆော့ကစားနေဆဲဖြစ်သည်။ ကြိုးဆွဲချသရဲသည် လွတ်မြောက်ရန် အသည်းအသန် ကြိုးစားသော်လည်း ကြိုးစားတိုင်း အတွင်းသို့ ပြန်တွန်းပို့ခံနေရသည်။ ၎င်းသည် စိတ်ပျက်လက်ပျက်ဖြင့် တိုးညည်းနေသော်လည်း ယိရွှယ်မှလွဲ၍ မည်သူမျှ မကြားနိုင်ပေ။


တံခါးခေါက်သံကိုကြားသော ယိရွှယ်သည် ပုလင်းကို သူမ၏နောက်တွင် ဖုံးကွယ်ကာ တံခါးဖွင့်လိုက်သည်။


ပိုင်လုသည် သူမကို လေးစားကြည်ညိုဖွယ် နတ်ဘုရားတစ်ပါးကို ကြည့်နေသကဲ့သို့ ကြည့်ကာ စိတ်ရင်းမှန်ဖြင့် "မာစတာအဒေါ်၊ ညစာ အဆင်သင့်ဖြစ်ပါပြီ"


ယိရွှယ် ခေါင်းညိတ်ပြသည်။ "ကောင်းပြီလေ၊ ကျွန်မ လာခဲ့မယ်"


သူမကို အကြောင်းကြားပြီးနောက် ပိုင်လုသည် ထွက်သွားရန် ပြင်လိုက်သော်လည်း ရုတ်တရက် ပြန်လှည့်လာပြီး စိတ်အားထက်သန်စွာ "မာစတာ အဒေါ်၊ အရာအားလုံး ခင်ဗျား စိတ်တိုင်းကျဖြစ်ရဲ့လား? ဘာများ ပြင်ဆင်စရာ လိုသေးလဲ?"


ယိရွှယ်သည် ထိုသရဲကို ၎င်း၏လျှာကို အသုံးပြု၍ အဖုံးကိုပိတ်ကာ ပုလင်းထဲသို့ ပြန်ထည့်လိုက်ပြီး သက်ပြင်းချကာ "သရဲတွေ အရမ်းများလွန်းတယ်" ဟု ပြောလိုက်သည်။


ပိုင်လုသည် အံ့ဩတကြီးဖြင့် "ဟင်???" ဟု ပြောလိုက်သည်။


ဘုရားကျောင်းထဲမှာ သရဲတွေရှိနေရင် အပြင်မှာ ဘယ်လောက် များမယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါဦး!


ယိရွှယ် နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။


သရဲတွေ အရမ်းများလွန်းတယ်။


သူမသည် သရဲများကို တကယ်ကြောက်ရွံ့တတ်၏။


..............


ဘုရားကျောင်းတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်အတွက် သေးငယ်သော လယ်ကွက်များကို အသုံးပြုကြသည်။


ပိုင်လု ဖြတ်သွားစဉ်တွင် သူစားရန် ခရမ်းချဉ်သီးအနည်းငယ်ကို ခူးဆွတ်လိုက်ပြီး ၎င်းတို့ကိုကိုက်ကာ အားလုံးကို ညစာစားရန် ခေါ်လိုက်သည်။


ယိရွှယ်ရောက်လာတော့ သူတို့စားပွဲမှာထိုင်နေကြပြီဖြစ်သည်။


ပိုင်လုက ညစာကို ဟင်းသုံးမျိုးနှင့် စွပ်ပြုတ်ချက်ထား၏။


မည်သူမှ သူတို့၏တူများကို မထိရသေးပါ။ ရှုကျိုးသည် နတ်ဘုရားရုပ်တုရှေ့တွင် ပူဇော်ရန် လတ်ဆတ်သော သစ်သီးများကို ရွေးနေလေသည်။


ဘုရားကျောင်းဆရာသည် ဘိုင်ကျို (အရက်ဖြူ) တစ်ခွက်ကို လောင်းချလိုက်ပြီး စားပွဲပေါ်ရှိ အစားအသောက်များကို စူးစူးစိုက်စိုက်ကြည့်ကာ အသားတစ်ခြမ်းကို ကောက်ယူ၍ နှစ်ကိုက်ကိုက်လိုက်ပြီးနောက် အထင်အမြင်သေးသော အကြည့်ဖြင့် ချက်ချင်းပင် ချလိုက်သည်။


“ဆိုးလိုက်တဲ့ဟင်း မင်းအဘိုးကိုကျွေးရင်တောင် သူသေရာကနေ ဒေါသထွက်လွန်းလို့ ပြန်ထလာလိမ့်မယ်”


သူ့နောက်က စကားစမြည်ကိုကြားတော့ ရှုကျိုး က တခစ်ခစ်ရယ်လိုက်ပြီး သားအဖနှစ်ယောက် ထပ်တွေ့ကြပြန်ပြီဆိုတာကို သိလိုက်ရသည်။


ပိုင်လုက “ဒါက ဆေးဘက်ဆိုင်ရာ အံ့ဖွယ်တစ်ခု မဟုတ်ဘူးလား? သေလွန်သူတွေကိုတောင် အသက်ပြန်ရှင်စေနိုင်တယ်လေ!”


ဘုရားကျောင်းဆရာက သူ့ကို စူးရှသောအကြည့်တစ်ချက်ပစ်လိုက်၍ “ဒါကို ချီးကျူးတယ်လို့ ထင်နေတာလား။ မင်းရဲ့ဟင်းအရသာက ဝက်စာနဲ့တူတယ်လို့ ငါပြောချင်တာ!”


ယိရွှယ်သည် ညှင်သာစွာ ချောင်းဆိုးလိုက်ပြီး သူမ၏ပါးစပ်ကိုအုပ်ကာ ရယ်သံကို တိုးတိတ်စေရန် လုပ်လိုက်သည်။


ဘုရားကျောင်းဆရာသည်လည်း သူ့စကားလုံးများထဲရှိ ပြဿနာကို ရုတ်တရက် ရိပ်မိသွား၏။ ဝက်စာသည် ဝက်များအတွက်ဖြစ်သည်။ သို့သော် ထိုအစားစာကို စားဖူးသူမှာ သူတစ်ဦးတည်းသာဖြစ်သည်။ ဆိုတော့ ဒါသူ့ကိုယ်သူ စော်ကားတာ မဟုတ်ဘူးလား။


ရှက်ရွံ့စိတ်ဖြင့် လည်ချောင်းရှင်း၍ အလျင်အမြန် အရက်တစ်ခွက်ငှဲ့ကာ တစ်ကျိုက်တည်းဖြင့် သောက်ချလိုက်သည်။


ရှုကျိုးသည် အသီးအနှံများ ပူဇော်ပြီးသည်နှင့် ထိုင်ရာသို့ ပြန်သွားခဲ့သည်။ စွပ်ပြုတ်ကို ဘယ်သူမှမထိလို့ သူ့အကိုလေးအတွက် မျက်နှာသာရစေရန် ဆုံးဖြတ်ပြီး တစ်ငုံသောက်လိုက်သည်။


ဒါပေမယ့် သူ့လည်ချောင်းထဲ အရည်တွေစီးလာတော့ သူ့အမူအရာက ချက်ချင်းပြောင်းသွားလေသည်။သူသည် အပြုံးကို မထိန်းနိုင်ဘဲ “အဟမ်း အကိုလေး အခုကစပြီး ငါပဲ ဟင်းချက်ရင် ပိုကောင်းမယ်ထင်တယ်” ဟု ထပ်ပြောလိုက်သည်။


ရွမ်ကျန်းဘုရားကျောင်းမှာ လူသုံးယောက်သာ… ရှိသည်။ အကြီးတန်းဆရာကြီးပိုင်ကို ဟင်းချက်ခွင့်မပြုတော့သဖြင့် နေ့စဥ်အစားအစာတွေကို ရှုကျိုးနဲ့ ပိုင်လုတို့က ပြင်ဆင်ပေးကြ၍ အချိန်အများစု၌ ရှုကျိုး ချက်ပြုတ်ပေမယ့် ဒီနေ့သူအပြင်ထွက်သွား၍ ပိုင်လုရဲ့အလှည့်ဖြစ်သွား၏။


ဘယ်လိုပဲဖြစ်ဖြစ် ပိုင်လုရဲ့လက်ရာက သိပ်မကောင်းလှပေ။


သာမာန်အားဖြင့် သူတို့သည် တတ်နိုင်သမျှ စားသောက်နေကြသည့် အမျိုးသားသုံးဦးသာ လုပ်လေ့ရှိသည်။သို့သော် ယခု သူတို့အလယ်တွင် အမျိုးသမီးငယ်တစ်ဦး ရှိနေသဖြင့် ထိုကဲ့သို့ ဆိုးရွားသော အစားအစာများကို သူမ စားနိုင်မယ်ဟု သူတို့မမျှော်လင့်နိုင်ပါ။


ပိုင်လုက နည်းနည်းထပ်စားပြီးတော့ ဘာမှားနေလဲဆိုတာ နားမလည်နိုင်သေးကာ “အဲ့လောက်ဆိုးလို့လား?”ဟု ရေရွတ်လိုက်သည်။


ထိုနောက် သူသည် အတည်ပြုချက်တစ်ခုခု ရရှိရန် မျှော်လင့်ချက်ဖြင့် ယိရွှယ်ကို ကြည့်လိုက်သည်။


ယိရွှယ်သည် သူမ၏ တူချောင်းများကို အေးဆေးတည်ငြိမ်စွာ ချလိုက်ပြီးပြုံးကာ “မင်းရဲ့လက်ရာက ကောင်းပါတယ်။ နောက်တစ်ခါသာ ထပ်မလုပ်မိစေနဲ့”


“Pfft” ဒီတစ်ကြိမ်မှာတော့ ရှုကျိုးက သူ့ရယ်ချင်စိတ်ကိုတောင် မထိန်းနိုင်ခဲ့တော့ပေ။


ယခုအခါ ပိုင်လုသည် သူ၏ စံပြပုဂ္ဂိုလ်အသစ်၏ ရက်စက်သော ရိုးသားမှုကြောင့် အသည်းကွဲကာ နှုတ်ဆိတ်သွားပြီး လုံးလုံး ရှုံးနိမ့်သွားသည်ဟု ခံစားနေရသည်။


ယိရွှယ်သည် ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်သည်။ ဩဂုတ်လဆန်းပိုင်းဖြစ်၍ စက်တင်ဘာလဆန်းတွင် ကျောင်းပြန်တက်ရန် လိုအပ်သည်။ သူမသည် လောလောဆယ်တွင် ဘုရားကျောင်း၌ လေ့ကျင့်နေသောကြောင့် ဘုရားကျောင်းဆရာအား သူမ၏အချိန်ဇယားနှင့် ပတ်သက်၍ အကြောင်းကြားရန် သင့်လျော်ပေသည်။


“အကိုကြီး၊ စက်တင်ဘာမှာ ကျောင်းစတက်ရမှာဆိုတော့ ဘုရားကျောင်းမှာ သိပ်မနေနိုင်တော့ဘူး”


ဘုရားကျောင်းဆရာလည်း အနည်းငယ် ထိတ်လန့်သွားသည်။ “ကျောင်းတက်နေတုန်းလား?”


ထို့နောက် သူ့အသက်အရွယ်ကို သိလိုက်သည်နှင့် ခေါင်းညိတ်လိုက်သည်။ ယိရွှယ်သည် ငယ်ရွယ်သေးသည်မို့ သဘာဝအတိုင်း သူမ၏ပညာကို ဆက်လက်သင်ယူရမှာပင်။


သူတို့ဖုန်းထဲတွင် စကားပြောတုန်း သူ့ဆရာက ဒီလိုပြောခဲ့သည်။ ယိရွှယ်သည် ဟိုင်ချန်းတွင် တက္ကသိုလ်တက်နေပြီး တစ်ဖက်တွင် လေ့ကျင့်နေသည်လို့ပင်။သို့သော် ထိုအချိန်တွင် ဘုရားကျောင်းဆရာသည် ဤအသေးစိတ်အချက်ကို သိပ်ဂရုမစိုက်ခဲ့ပေ။


“ကျောင်းဝင်းပြင်ပ အိမ်ရာတွေ စီစဉ်ပေးဖို့ အကူအညီလိုသေးလား?”


ဟိုင်ချန်းတက္ကသိုလ်က သိပ်မဝေးပေမယ့် သွားရေးလာရေးက အဆင်မပြေသဖြင့် သူ မေးလိုက်သည်။


သို့သော် ပိုင်လုသည် ကြားဖြတ်ရန်အခွင့်အရေးကို ဆုပ်ကိုင်ထားပြီး သူ၏လူမှုရေးစွမ်းအင်ကို အပြည့်အဝပြန်လည်ရရှိလာခဲ့သည်။


“ကျွန်တော် အမြဲတမ်း ထူးဆန်းနေတာ တွေ့ရတယ်။ ကောင်းကင်ဘုံက မာစတာတစ်ယောက်က ဘာကြောင့် တက္ကသိုလ်တက်ဖို့ လိုအပ်တာလဲ အဖေ။ ဒါက လူတွေ ‘ပါဝင်ပတ်သက်မှု’ လို့ ခေါ်တဲ့အရာ မဟုတ်လား?”


ပိုင်လု၏အနှောင့်အယှက်ကြောင့် တစ်ချိန်က လေးနက်သော စကားဝိုင်းသည် ဟာသအလှည့်အပြောင်းတစ်ခုသို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။


သူ့သား၏ ဘဝင်လေဟပ်နေသောအမူအရာကြောင့် စိတ်ရှုပ်သွားသော ဘုရားကျောင်းဆရာသည် ခေါင်းကိုမရိုက်ရန် မနေနိုင်တော့ဘဲ ရိုက်ချလိုက်တော့သည်။ “ကဲ မင်းတော်စမ်း! အခုခေတ်ဘုန်းကြီးတွေတောင် ဘွဲ့လွန်ဘွဲ့တွေ လိုအပ်တယ်ဆိုတာ မင်းသိလား? မင်းသာ ငါ့သားမဟုတ်ရင် မင်းရဲ့ နှစ်နှစ်ကောလိပ်ဘွဲ့နဲ့ တာအိုဘုန်းကြီးဖြစ်ဖို့ အရည်အချင်းတောင်ရှိမှာ မဟုတ်ဘူး!”


ပိုင်လုက မကျေမနပ်ဖြစ်ပြီး နှုတ်ဆိတ်နေပေမယ့် သူပြန်မဖြေခင် ရှုကျိုးက “ကောင်းပြီ ကောင်းပြီ… ဆရာ၊ မနက်ဖြန်အတွက် ဒါကို သိမ်းဆည်းကြရအောင်”


ပိုင်လု: “ကျေးဇူးအများကြီးတင်ပါတယ်…”


ရှုကျိုးသည် သူတို့၏ စိတ်ပေါ့ပါးသောအော်ဟစ်သံကြောင့် ရယ်မောကာ ခေါင်းယမ်းလိုက်သည်။


“ကျောင်းပိတ်ရက်တွေမှာ အိပ်ဆောင်မှာနေပြီး တနင်္ဂနွေ ပိတ်ရက်တွေမှာ ဘုရားကျောင်းကို ပြန်လာပါ့မယ်”


သို့သော် သူမတွေးနေမိသည်မှာ ဘုရားကျောင်း သည် ဆင်းရဲလွန်းလှသည်။ တစ်နေ့လျှင် လူတစ်ဦးကို အစားအသောက် ထောက်ပံ့ပေးခြင်းသည် ပိုဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မည်။ သူမ၏ အကြီးများရဲ့ ပြဿနာများကို ရှောင်ရှားရန် သူမသည် အချိန်ပိုင်းအလုပ်များကို ဆက်လက်လုပ်ဆောင်ရပေမည်။