ဘီလူးဖြူစုန်းမ၏ သားပေါက်သည် သီးခြားကမ္ဘာမှ သတ္တဝါတစ်ကောင်မျှသာ ဖြစ်သော်လည်း ယွမ် ၄ သိန်းအထိ ပေါက်ဈေးရှိနေသည်။
ထိုဈေးနှုန်းမှာလည်း ထပ်မံမြင့်တက်သွားရန် အလားအလာများ ရှိနေသေး၏။
ဘီလူးဖြူစုန်းမ၏ သားပေါက်သည် အဘယ်ကြောင့် ဤမျှအထိ ဈေးနှုန်းကြီးမြင့်နေရသနည်း။
ထို့အပြင် ဘီလူးဖြူစုန်းမ၏ သားပေါက်ကို ဝယ်ယူရန် ငွေပုံအော သုံးစွဲလိုက်သည့်တိုင် ၎င်းကို ကြယ်တာရာအိမ်မွေးတိရစ္ဆာန်အဖြစ် ပေါင်းစပ်ရရှိနိုင်ခြေမှာ အလွန်နည်းပါးလှ၏။
၎င်းမှာ ကြယ်တာရာ ပုတီးစေ့ ရယူသကဲ့သို့ပင် တစ်ကြိမ်တည်းဖြင့်သာ ဆုံးဖြတ်ရသည့် လုပ်ငန်းစဉ်မျိုး ဖြစ်သည်။
သို့ဆိုလျှင် ဘီလူးဖြူစုန်းမ သားပေါက်အတွက် ဤမျှအထိ ငွေကုန်ကြေးကျ ခံရခြင်း၏ အဓိကအချက်မှာ အဘယ်နည်း။
ထိုလူများတွင် သုံးစွဲရန် ငွေကြေးများ အလွန်အမင်း ပိုလျှံနေ၍လော။
အမှန်စင်စစ်တွင်မူ ကျန်းရှောင်၏ အတွေးမှာ လုံးဝမှားယွင်းနေပေသည်။
ယွမ် ၄ သိန်းဟူသော ပမာဏသည် ဈေးမကြီးသည့်အပြင် အလွန်ပင် သင့်တင့်
လျောက်ပတ်သော ဈေးနှုန်းတစ်ခုသာ။
ဘီလူးဖြူစုန်းမ၏ သားပေါက်ကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပါက ၎င်းကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပြီး ဘီလူးဖြူအုပ်စုကြီးတစ်ခုလုံးကို ဦးဆောင်ခိုင်းနိုင်သည်။
ထိုအခါ ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်သည် ဆီးနှင်းတောပြင်ကြီးအပေါ် အချုပ်အခြာအာဏာ သက်ရောက်နိုင်မည်။
၎င်းမှာ ဘီလူးဖြူစုန်းမနှင့် သာမန်ဘီလူးဖြူကောင်များကြားရှိ မွေးရာပါ ကွာခြားချက်၏ ရလဒ်ပင် ဖြစ်သည်။
ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်များအနေဖြင့် ဖြူကောင်များသည် ပိုင်ရှင်ကို လုံခြုံမှုပေးနိုင်သကဲ့သို့ မရေမတွက်နိုင်သော စည်းစိမ်ဥစ္စာများကိုလည်း သယ်ဆောင်လာပေးနိုင်သည်။
နိုင်ငံတစ်ခုအတွက်မူ ဘီလူးဖြူစုန်းမ၏ တန်ဖိုးသည် ပို၍ပင် ကြီးမားလှပေ၏။
ဘီလူးဖြူစုန်းမကို ရရှိထားပါက အာဏာပိုင်များအနေဖြင့် ဆီးနှင်းတောပြင်ရှိ သတ္တဝါများ၏ အရေအတွက်ကို စိတ်ကြိုက်ပြောင်းလဲ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
၎င်းအပြင် ဘီလူးဖြူအုပ်စုများကို အသုံးချ၍ စည်းကမ်းထိန်းသိမ်းရေးတွင်ဖြစ်စေ၊ အထူးအသေခံတပ်ဖွဲ့များအဖြစ်ဖြစ်စေ အသုံးပြုနိုင်သည်။
တစ်နည်းအားဖြင့်ဆိုသော် ထိန်းချုပ်ရန် ခက်ခဲသော ဆီးနှင်းတောပြင်ကို မိမိတို့လက်အောက်သို့ သွတ်သွင်းလိုက်ခြင်းပင် ဖြစ်၏။
ဤသို့ဆိုလျှင် ဘီဘူးဖြူစုန်းမ သားပေါက်အတွက် ယွမ် ၄ သိန်းဟူသော ဈေးနှုန်းသည် အနည်းငယ် နည်းပါးနေသည်ဟုပင် ထင်မှတ်ရသည်။
သို့သော် အင်အားကြီးမားသော မျိုးနွယ်စုဂုဏ်သတ္တိများ ရှိပါလျက်နှင့် အဘယ်ကြောင့် ဤမျှဈေးနည်းနေရသနည်း။
အကြောင်းမှာ အထက်ပါ ယူဆချက်အားလုံးသည် ပြီးပြည့်စုံသော အခြေအနေနှင့် ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်၏ အောင်မြင်စွာ ကြီးထွားလာမှုကိုသာ အခြေခံ၍ တွက်ချက်ထားခြင်းကြောင့် ဖြစ်သည်။
လက်တွေ့တွင်မူ ဘီလူးဖြူစုန်းမများသည် ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူရန် မသင့်တော်ပေ။
၎င်းတို့သည် ဉာဏ်ရည်နိမ့်ပါးပြီး အမိန့်ကို နာခံလေ့မရှိကြပေ။
၎င်းတို့ကို ကြယ်တာရာ နေရာထဲတွင် ထည့်သွင်းထားနိုင်သော်လည်း လက်တွေ့တွင် ယဉ်ပါးအောင် ပြုလုပ်ရန်မှာမူ အလွန်ပင် ခက်ခဲလှ၏။
ဘီလူးဖြူစုန်းမတို့၏ မွေးရာပါ စရိုက်များကြောင့် ရမ္မက်ကြီးခြင်း၊ သွေးဆာခြင်းနှင့် သတ်ဖြတ်ခြင်းကို စွဲလမ်းခြင်းတို့က ဖုံးလွှမ်းထားတတ်သည်။
၎င်းတို့သည် သဘာဝအရပင် ကြမ်းတမ်းရက်စက်ပြီး ဒေါသကြီးသော သတ္တဝါများ ဖြစ်ကြသည်။
ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်ဖြစ်လာနိုင်သည့် အခြားကမ္ဘာမှ သတ္တဝါအများစုမှာ သဘာဝအရ သစ္စာရှိကြသူများ ဖြစ်ကြသည်။
သစ္စာမရှိလျှင်ပင် အနည်းဆုံးအားဖြင့် ယဉ်ပါးကြသူများ သို့မဟုတ် ဉာဏ်ရည်မြင့်မားသူများ ဖြစ်ကြသည်။
သို့သော် ဘီလူးဖြူစုန်းမတို့မှာမူ ထိုကဲ့သို့သော လက္ခဏာများ မရှိကြသည့်အပြင် ပို၍ပင် ရက်စက်ကြမ်းကြုတ်ကြသေး၏။
ထို့အပြင် ၎င်းတို့ကို ယဉ်ပါးအောင် သင်ယူနိုင်မှုနှုန်းမှာလည်း အလွန်ပင် နည်းပါးလှသည်။
ထို့ကြောင့်ပင် ဘီလူးဖြူစုန်းမ သားပေါက်၏ ဈေးနှုန်းသည် ယွမ် ၄ သိန်းသာ ဖြစ်နေရခြင်းဖြစ်သည်။
သားပေါက်ကို ဝယ်ယူပြီးပါက ပထမဆုံး အခက်အခဲမှာ အောင်မြင်စွာ ပေါင်းစပ်နိုင်ရန်ဖြစ်ပြီး ဒုတိယ အခက်အခဲမှာမူ ယဉ်ပါးအောင် လေ့ကျင့်ပေးရန်။
ထိုဈေးနှုန်းပေး၍ ဝယ်ယူသည့်သူမှာ မိမိ၏ အရည်အချင်းအပေါ် အတော်ပင် ယုံကြည်မှု ရှိပုံရသည်။
သီအိုရီအရမူ ဘီလူးဖြူစုန်းမများကို ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူရန် မသင့်တော်သကဲ့သို့၊ ၎င်းတို့၏ ရက်စက်သော ဗီဇကို ဖယ်ရှားပြီး ဘီလူးဖြူများကို နှိမ်နင်းနိုင်စွမ်းကို ထိန်းသိမ်းထားရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ဝယ်ယူသူက ထိုသားပေါက်နှင့် မည်သို့ပြုလုပ်
မည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
တကယ်တမ်း ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူမည်ဆိုပါက သူ့ကို မည်သည့်အရာက ဤမျှအထိ ယုံကြည်မှု ပေးထားပါသနည်း။
ကျန်းရှောင်ကိုယ်တိုင်လည်း သေချာမသိသော်လည်း တစ်စုံတစ်ယောက်ကတော့ ကံထူးသွားပြီဖြစ်ကြောင်း သူသိရှိလိုက်သည်။
ထိုသူမှာ အခြားသူမဟုတ်၊ ထိုနေ့က ဆီးနှင်းတောပြင်တွင် သူတို့တွေ့ဆုံခဲ့သည့် နိုးထသူအမျိုးသားပင် ဖြစ်သည်။
ထိုအမျိုးသားက ဘီလူးဖြူစုန်းမ သားပေါက်ကို အဘယ်ကြောင့် အသေအလဲ ဖက်တွယ်ထားခဲ့သနည်းဆိုသည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။
အသင်းဖော်များလည်း သေဆုံးကုန်ပြီဖြစ်ရာ ကျန်ရှိနေသည့် အရာမှ အကျိုးအမြတ် အများဆုံးရအောင် ယူရန် သူဆုံးဖြတ်လိုက်ခြင်းဖြစ်
မည်ဟု ကျန်းရှောင် တွက်ဆလိုက်၏။
ကျန်းရှောင်သည်လည်း နောင်တစ်ချိန်တွင် သူရွေးချယ်ရမည့် လမ်းကြောင်းကို ပိုမိုနားလည်လာခဲ့သည်။
သူ ပို၍ သန်မာလာသောအခါ သီးခြားကမ္ဘာမှ သတ္တဝါငယ်များကို ဖမ်းဆီး၍ ဝင်ငွေအများအပြား ရှာဖွေနိုင်မည်။
သို့သော် ဘီလူးဖြူစုန်းမ သားပေါက်က ဤမျှဈေးကောင်းရနေပါလျက်နှင့် အာဏာပိုင်များက အဘယ်ကြောင့် အစွမ်းထက်သူများကို စေလွှတ်၍ မွေးမြူရေး မလုပ်ကြသနည်း။
အခြားသူများလည်း သူ့ကဲ့သို့ပင် တွေးတောမိကြမည်ဟု ကျန်းရှောင် ခံစားရသည်။
တစ်စုံတစ်ရာသော အခက်အခဲများကြောင့် လုပ်ဆောင်၍ မရခြင်းများ ရှိနေသလော။
ကျောင်းသားများ ပျော်ပျော်ပါးပါး ဆွေးနွေးနေကြစဉ်မှာပင် ဟန်ကျန်းရွှယ်ကလည်း ထိုသတင်းကို သတိထားမိသွားသည်။
သူမသည် ကျန်းရှောင်ထံသို့ WeChat မှတစ်ဆင့် စာတစ်စောင် ပေးပို့လိုက်၏။
ကျန်းရှောင် သူ၏ WeChat app ကို ဖျက်
လိုက်ပြီးကတည်းက သူတို့နှစ်ဦး စာဖြင့် ဆက်
သွယ်ခြင်း မရှိသလောက်ပင်။
သူတို့ တွေ့ဆုံရန် အချိန်တစ်ခု သတ်မှတ်လိုက်ကြသည်။
ပြိုင်ပွဲမတိုင်မီညတွင် ကျန်းရှောင်သည် Grade 12 တတိယနှစ် ကွင်းပြင်အောက်ရှိ ဘတ်စကက်ဘောကွင်းတွင် ဟန်ကျန်းရွှယ်ကို လိမ္မာယဉ်ကျေးစွာ စောင့်ဆိုင်းနေခဲ့သည်။
ကျန်းပင် အထက်တန်းကျောင်းသည် အထူးချွန်ဆုံး ကျောင်းတစ်ကျောင်း ဖြစ်ရခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
အနည်းဆုံးအားဖြင့် ကျောင်း၏ အခြေခံ အဆောက်အအုံများမှာ အလွန်ပင် ကောင်းမွန်လှ၏။
Grade 12 ကျောင်းသားများ၏ စာသင်ဆောင်မှာ သီးသန့်ဖြစ်ပြီး တောနက် ထဲတွင် တည်ရှိသကဲ့သို့ သီးခြားဖြစ်နေသည်။
စာသင်ဆောင်ရှေ့တွင် ရေပန်းတစ်ခုရှိပြီး ၎င်းအောက်ရှိ ကွင်းပြင်မှာ ဘတ်စကက်ဘောကွင်း ရှစ်ကွင်းစာမျှ ကျယ်ဝန်းသည်။
သို့သော် ဘောလုံးကွင်းမှာမူ Grade 10 နှင့် Grade 11 အဆောင်များဘက်တွင် ရှိသဖြင့် ဤနေရာတွင် မရှိပေ။
ည ၈ နာရီ ၁၅ မိနစ်တွင် Grade 12 အဆောင်မှ ကျောင်းတက်ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
တီးလုံးမှာ ရင်းနှီးနေသော 'Dream Wedding' ဖြစ်သည်။
၎င်းမှာ ကျောင်းဆင်းချိန် မဟုတ်ဘဲ အတန်းတစ်ချိန် ပြီးဆုံးကြောင်း အချက်ပေးသည့် ခေါင်းလောင်းသာ။
Grade 12 ကျောင်းသားများသည် ညပိုင်းတွင် နှစ်ချိန်ဆက်တိုက် တက်ရပြီး ကြားထဲတွင် ၁၅ မိနစ် နားချိန်ရသည်။
အတန်းပြီးသော်လည်း ညပိုင်း ကိုယ်တိုင်လေ့လာရသည့် အချိန်များကို ဆက်လက်တက်ကြရသေးသည်။
ကျောင်းသည် ည ၁၀ နာရီမှသာ တကယ်တမ်း ဆင်းခြင်း ဖြစ်သည်။
စာသင်ဆောင်မှ မီးများကို ၁၁ နာရီခွဲတွင် ပိတ်မည်ဖြစ်ရာ ကျောင်းသားအများအပြားသည် ထိုအချိန်အထိ လေ့ကျင့်နေကြဦးမည်။
အိမ်ပြန်ရောက်သည့်တိုင် ည ၁ နာရီ၊ ၂ နာရီအထိ စာလုပ်၊ လေ့ကျင့်ခန်းလုပ်ကြဦးမည်။
နောက်တစ်နေ့ မနက် ၆ နာရီ ၄၅ မိနစ်တွင် ပထမဆုံး အတန်းစမည်ဖြစ်ရာ တွေးကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းလှ၏။
အဆောင်နေကျောင်းသားများအတွက် မနက်စာ မစားလျှင်ပင် ၆ နာရီ ၂၀ မိနစ်မှာ နောက်ဆုံးထား နိုးရမည့် အချိန်ပင် ဖြစ်သည်။
အပြင်မှ လာတက်ရသူများမှာမူ ဤထက်ပင် ပို၍ စောစော နိုးရပေဦးမည်။
ဤကျောင်းသားတစ်သိုက်မှာ တကယ့်ကို ကြိုးစားလွန်းကြသူများ ဖြစ်သည်။
ကြက်ထက်စောနိုးပြီး ကြက်ထက်နောက်ကျမှ အိပ်ကြသူများ ဖြစ်သည်။
ဟန်ကျန်းရွှယ် မရောက်လာမီမှာပင် ဘတ်စကက်ဘော ကိုင်ဆောင်ထားသော ကောင်လေးအချို့ ကွင်းထဲသို့ ပြေးဝင်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။
'၁၅ မိနစ်ပဲ နားရတာကို ဒီကလေးတွေက စာသင်ဆောင်ကနေ ဒီအထိ ပြေးလာကြတာလား'
'ကစားဖိုရော ဘယ်နှမိနစ်လောက် အချိန်ရမှာမို့လို့လဲ'
ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းရှောင်သည် Grade 12 ကျောင်းသားများအပေါ် အမြင်သစ်
တစ်ခု ရရှိသွားသည်။
၎င်းတို့သည် အတန်းပြီးချိန်တွင် အားအင်များ ပိုမိုပြည့်ဝနေကြခြင်း။
ကျန်းရှောင် ခေတ္တကြည့်ရှုနေမိရာ ၎င်းတို့သည် ဘတ်စကက်ဘောကို အမှန်တကယ် ဝါသနာပါရုံမျှမက နည်းစနစ်များလည်း အလွန်ကောင်းမွန်ကြသည်ကို တွေ့ရသည်။
အထူးသဖြင့် နောက်တန်းမှ ခံစစ်ကစားသမားမှာ မျောက်တစ်ကောင်ထက်ပင် ပိုမိုလျင်မြန် ဖြတ်လတ်လှသည်။
"ဟေ့ကောင်...ကြယ်တာရာ စွမ်းအား မသုံးနဲ့၊ မညစ်နဲ့"
"မင်း နောက်တစ်ခါ ထပ်လုပ်ရင် ငါ ခြင်းတောင်းကို ဆွဲဖြုတ်ပစ်မှာနော်" ဟု အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်က အော်ဟစ်လိုက်သည်။
"သူ့ဘာသာ စိတ်ကောက်ပါစေကွာ"
"စောစောက ဆရာ အပြစ်ပေးတာ ခံရတုန်းကတောင် ငိုတော့မလို ဖြစ်နေတာ" ဟု သာယာညင်သာသော အသံတစ်ခုက တုံ့ပြန်လိုက်သည်။
ကျန်းရှောင် လှည့်ကြည့်လိုက်သောအခါ မီးဖြူရောင်အောက်တွင် အရပ်ရှည်ပြီး ဗလတောင့်တောင့် ကောင်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။
သူ၏ အသံမှာ ညင်သာပြီး သန့်ပြန့်ခန့်ညားသည့်အပြင် ဆံပင်မှာ အနက်ရောင်အတို လှိုင်းတွန့်လေးများ ဖြစ်သည်။
'ချောလည်းချော၊ အရပ်လည်းရှည်၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း လန်းလိုက်တာ'
'ငါတို့လို သာမန်လူတွေအတွက် နေရာလေးတောင် မချန်ပေးချင်ဘူးလား'
"သူက ဘယ်နေရာရောက်ရောက် အမြဲတမ်း အထင်ပေါ်ဆုံး ဖြစ်နေမှာပဲ" ဟု ဟန်ကျန်းရွှယ်က ကျန်းရှောင်၏ နောက်မှ ပြောလိုက်သည်။
ကျန်းရှောင် အံ့ဩသွားပြီး ထိုကောင်လေးကို သေသေချာချာ စိုက်ကြည့်ရင်း မေးလိုက်၏။
"ကျွန်တော့်ရဲ့ အချစ်ပြိုင်ဘက် ပေါ်လာပြီလား"
ဟန်ကျန်းရွှယ်က ကျန်းရှောင်၏ ကတုံးတုံးထားသော ခေါင်းကို ပွတ်လိုက်သည်။
ဆံပင်တိုတိုလေးများမှာ ကိုင်တွယ်ရသည်မှာ တော်တော်ပင် ကောင်းလှ၏။
"သူက ငါ့အသင်းဖော် လီဝေယီ ပါ"
"ငါတို့ကြားမှာ ဘာမှမရှိပါဘူး"
ကျန်းရှောင် သက်ပြင်းချလိုက်ပြီး "မမ အပူတပြင်း ရှင်းပြနေတာကို တွေ့ရတော့ ကျွန်တော် စိတ်အေးသွားပါပြီ"
"မမ နှလုံးသားထဲမှာ ကျွန်တော့်အတွက် နေရာလေး ရှိသေးပုံပဲ"
ဟန်ကျန်းရွှယ် ခေတ္တတိတ်ဆိတ်သွားပြီးနောက် အေးအေးဆေးဆေးပင် ပြန်မေးလိုက်သည်။
"နင် ခြေထောက်တစ်ဖက် ကျိုးပြီးမှ ပြန်သွားချင်တာလား"
ကျန်းရှောင် တုန်လှုပ်သွားပြီး စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။
"မမ အသင်းဖော်တွေနဲ့ ကြိုပြီး ရင်းနှီးအောင် လုပ်ခိုင်းမလို့လား"
"မဟုတ်ဘူး၊ ဒီနေ့ သားပေါက် အရောင်းအဝယ်သတင်းကို ငါတွေ့လိုက်လို့"
ဟန်ကျန်းရွှယ်က ကျန်းရှောင်ဘက်သို့ လှည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
"အခု ငါမေးမယ့် မေးခွန်းတွေကို သေချာဖြေပေးပါ"
"ကောင်းပါပြီ"
ကျန်းရှောင် ခေါင်းငြိမ့်ပြလိုက်သည်။
ဟန်ကျန်းရွှယ်က တိုးတိုးလေး မေးလိုက်သည်။
"နင် ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်တွေကို ပေါင်းစပ်နိုင်စွမ်းကလည်း ၁၀၀ ရာခိုင်နှုန်းပဲလား"
"ပြီးတော့ နင်ပေါင်းစပ်လိုက်တဲ့ ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်တွေက နင့်ရဲ့ အရည်အသွေး ကို မြှင့်တင်ပေးနိုင်သလား"
ကျန်းရှောင် ဆွံ့အသွားသည်။
ထိုမေးခွန်းကို သူ တစ်ခါမျှ မစဉ်းစားခဲ့ဖူးချေ။
"ကျွန်တော် တစ်ခါမှ မစမ်းဖူးသေးတော့ မသိဘူး" ဟု ကျန်းရှောင်က အမှန်အတိုင်း ဖြေလိုက်သည်။
"အိုကေ"
ဟန်ကျန်းရွှယ်က ခေါင်းငြိမ့်ပြလိုက်သော်လည်း အနည်းငယ် စိတ်ပျက်သွားပုံရ၏။
ထို့နောက် သူမ စကားလမ်းကြောင်း ပြောင်းလိုက်ပြန်သည်။
"မနက်ဖြန် ပြိုင်ပွဲအတွက် နင် ယုံကြည်ချက် ရှိရဲ့လား"
"မဲခွဲတာတွေ ပြီးပြီ"
"ငါတို့က အုပ်စု A မှာ၊ ပထမအဆင့်မှာ အတန်း ၇ နဲ့ တွေ့မယ်"
"အတန်း ၄ ရဲ့ အုပ်စုထဲမှာ ထိပ်တန်းလူ နှစ်ယောက် ရှိနေပေမယ့် အဲဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး"
"နင့်ရဲ့ နောက်ဆုံးပြိုင်ဘက်က အတန်း ၁ လား"
ဟန်ကျန်းရွှယ်က မေးလိုက်သော်လည်း သူမ၏ အသံမှာ အဖြေကို သိပြီးသားကဲ့သို့ပင်။
"ဟုတ်တယ်၊ သူတို့က အုပ်စု B မှာဆိုတော့ ဗိုလ်လုပွဲကျမှ တွေ့မှာ"
"ဒါနဲ့ မမ ကောင်းကျွင်းချန်အကြောင်း ကြားဖူးလား" ဟု ကျန်းရှောင်က မေးလိုက်သည်။
"ဟင်"
ကျန်းရှောင်က ဆက်ပြောသည်။
"မမ အသင်းက ကောင်းကျွင်းဝိန် ရဲ့ ညီလေ၊ သူက အတန်း ၁ က"
ဟန်ကျန်းရွှယ် မျက်မှောင်ကြုတ်သွားသည်။
ကောင်းကျွင်းဝိန်တို့ မိသားစုမှာ တော်တော်ပင် ချမ်းသာသဖြင့် ကောင်းကျွင်းချန်တွင် ကြယ်တာရာ အတတ်ပညာများစွာ ရှိလိမ့်မည်ဟု သူမ ခန့်မှန်းမိသည်။
ကြယ်မှုန်အဆင့်တွင် ကြယ်တာရာ အတတ်ပညာ ၄ ခုသာ ပိုင်ဆိုင်နိုင်သော်လည်း အတတ်ပညာများ၏ အရည်အသွေးမှာမူ အလွန်မြင့်မားနေနိုင်သည်။
"အဲဒါ နင့်ကိစ္စပဲ"
ဟန်ကျန်းရွှယ်က လီဝေယီကို လှမ်းခေါ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ငါတို့ တတ်နိုင်သမျှတော့ လုပ်ပေးထားပြီးပြီ၊ သူ့မိသားစု၊ ရှယန်ရဲ့ မိသားစုနဲ့ ငါတို့အားလုံး ကျောင်းအုပ်ကြီးနဲ့ အကြိမ်ကြိမ် ဆွေးနွေးထားကြတယ်"
"နင့်ရဲ့ စွမ်းဆောင်ရည်ကို ငါတို့အားလုံး စောင့်
ကြည့်နေကြတာ"
ထိုအချိန်တွင် ဘတ်စကက်ဘော ကစားနေသော အရပ်ရှည်ရှည် ကောင်လေးက သူတို့ဆီ လျှောက်လာပြီး ဖော်ဖော်ရွေရွေ နှုတ်ဆက်
လိုက်၏။
"ဟဲလို ကျန်းရှောင်ဖီ"
ကျန်းရှောင်သည် ၁.၈၇ မီတာ အရပ်ရှိသော ချောမောသည့် ကောင်လေးကို ကြည့်ပြီးနောက် ဟန်ကျန်းရွှယ်ဘက်သို့ လှည့်လိုက်သည်။
"သူက ဒီလောက်ချောတာကို မမက ဘယ်လိုစိတ်နဲ့ သူ့ကို အရှေ့ဆုံးမှာ ထားပြီး ဟို ကြောက်စရာကောင်းတဲ့ သတ္တဝါတွေနဲ့ ရင်ဆိုင်ခိုင်းရတာလဲ"
"ငါ့တာဝန်က အသင်းရဲ့ ရှေ့ဆုံးမှာ ရှိနေဖို့ပါ"
"စည်းမျဉ်း နိုးထသူ နဲ့ ဆေးဘက်ဆိုင်ရာ နိုးထသူတွေကို ကာကွယ်ပေးရတာဟာ ငါ့အတွက် ဂုဏ်ယူစရာပဲ"
လီဝေယီက ရှေ့သို့ ကိုင်းလိုက်ပြီး ကျန်းရှောင်၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။
"နောက်ပြီး ငါလည်း အနောက်မှာ မနေချင်ပါဘူး၊ ဘာလို့လဲ
ဆိုတော့ ရှယန်က ဟိုသတ္တဝါတွေထက် အများကြီး ပိုကြောက်ဖို့ ကောင်းလို့လေ"
ကျန်းရှောင် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ဟန်ကျန်းရွှယ်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော် သူ့ကို သဘောကျသွားပြီ"
ဟန်ကျန်းရွှယ် ဆွံ့အသွားပြီး လီဝေယီမှာမူ ဘာမှမပြောဘဲ ပြုံးနေခဲ့သည်။