13
Viewers 135

အခန်း (၁၃) ပထမကမ္ဘာ


ဆုန်ကျူယောင်သည် သူမ၏ တိုက်ခန်းသို့ မပြန်မီ တိရစ္ဆာန်ဆေးခန်းနှင့် ကပ်လျက်ရှိသော အိမ်မွေးတိရစ္ဆာန် ပစ္စည်းအရောင်းဆိုင်သို့ ဝင်လိုက်သည်။ သူမ နေထိုင်သော အဆောင်ရှိ ကျောင်းသားအများစုသည် အိမ်မွေးတိရစ္ဆာန် မွေးမြူကြသဖြင့် ထိုဆိုင်တွင် ပစ္စည်းအစုံအလင် ရှိနေခြင်းဖြစ်သည်။ ကြောင်ပိုင်ရှင်အသစ်စက်စက်ဖြစ်လာသော ဆုန်ကျူယောင်သည် မနေ့ကမှ ကြောင်စာနှင့် သဲအိမ်ကို အလောတကြီး ဝယ်ယူထားရသဖြင့် ယခုအခါ လိုအပ်သည့် အခြားပစ္စည်းများကို ရှာဖွေနေခြင်းဖြစ်သည်။


"သုတေသနဌာနကို ပြန်တဲ့အခါကျရင် ပြောင်းရွှေ့ရတာ အလုပ်မရှုပ်အောင် လိုအပ်တာလေးတွေပဲ ဝယ်သွားရမယ်" သူမ စိတ်ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ဆိုင်အပြင်ဘက်မှ စောင့်ကြည့်နေသော မင်ရှု့နှင့် လီကျောက်တို့၏ အမြင်တွင်မူ ဆုန်ကျူယောင်သည် မုန့်မျိုးစုံ၊ စည်သွတ်ဘူးများနှင့် ကြောင်ကစားစရာများကို ခြင်းတောင်းအပြည့် ထည့်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ကြောင်လေး၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း အထင်အရှားပင်။


"ဒါတွေက များလွန်းမနေဘူးလား" လီကျောက်သည် စည်သွတ်ဘူးများ၏ ဈေးနှုန်းကို ကြည့်ရင်း မျက်စိကျိန်းသွားသည်။ သာမန်လူတန်းစားတစ်ဦးဖြစ်သည့် သူမအတွက် ဤကဲ့သို့သော သူဌေးကျောင်းရှိ ပစ္စည်းများ၏ ဈေးနှုန်းသည် နားမလည်နိုင်စရာပင်။


ဆုန်ကျူယောင်ကမူ စိတ်မကောင်းသလို အမူအရာဖြင့် ပြောလိုက်သည်။

"ဆုန်ဝမ်ဝမ်လေးကို တွေ့လိုက်တာနဲ့ အရမ်းချစ်ဖို့ကောင်းနေလို့ အကုန်လုံး ဝယ်ပေးချင်မိတာ..."


"ဆုန်ဝမ်ဝမ်... အဲ့ဒါစီနီယာ ပေးထားတဲ့ နာမည်လား" မင်ရှု့က မေးလိုက်ရာ ဆုန်ကျူယောင်က ပြန်ဖြေသည်။


"ဟုတ်တယ်၊ နာမည်လေးက ချစ်စရာမကောင်းဘူးလား"


"စုစုပေါင်း ၄၂၁၀.၉ ယွမ် ကျပါတယ်ရှင့်" ငွေကိုင်ဝန်ထမ်းက ပြုံးရွှင်စွာ ပြောလိုက်သည်။ ဆုန်ကျူယောင်သည် ငွေပေးချေရန် ဖုန်းကို ထုတ်ယူပြီးနောက် ရုတ်တရက် တုံ့ဆိုင်းသွားသည်။ သူမ၏ ပါးပြင်များ အနည်းငယ် နီမြန်းသွားပြီး ရှက်ရွံ့သော အမူအရာဖြင့် "စိတ်မရှိပါနဲ့၊ ကျွန်မ ဒါဟာတွေပဲ ယူတော့မယ်" ဟု ပြောကာ ပစ္စည်းအချို့ကို ပြန်ထုတ်လိုက်ပြီးမှ ငွေပေးချေလိုက်သည်။


မင်ရှု့သည် ထိုအပြုအမူကို ကြည့်ပြီး ဆုန်ကျူယောင်တွင် ငွေအလုံအလောက် မရှိဘူးလားဟု တွေးမိသွားသည်။ သို့သော် ဆုန်ကျူယောင်သည် ငယ်စဉ်ကတည်းက နာမည်ကြီးခဲ့သူဖြစ်ပြီး ဆုကြေးငွေနှင့် ပညာသင်ဆုများစွာ ရရှိထားသူဖြစ်ရာ သူမတွင် ငွေကြေးချမ်းသာသင့်သည် မဟုတ်လေသလော။


တစ်ဖက်တွင်လည်း ထန်းခိုင်သည် "အဖေ" ဟု ခေါ်ခံရသည့် ဒဏ်ရာမှ မသက်သာသေးမီ ကျောင်းသားသမဂ္ဂသို့ ဖိတ်ခေါ်ခံလိုက်ရသည်။ သူသည် ဆေးသေတ္တာကို ကိုင်ဆောင်ကာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌရုံးခန်း တံခါးကို ခေါက်လိုက်သည်။ အတွင်းရေးမှူးမလေးနှင့် ဆင်တူသော မိန်းကလေးတစ်ဦးက တံခါးဖွင့်ပေးကာ သူ့ကို အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။ ရုံးခန်း​၏အတွင်းပိုင်းသည် ချမ်းသာကြွယ်ဝသော မိသားစုတစ်ခု၏ ဧည့်ခန်းကြီးနှင့် ပိုတူနေသည့် ခမ်းနားထည်ဝါလှသော အပြင်အဆင်ကြောင့် သူ အံ့အားသင့်သွားသည်။ လှပလွန်းသော အနီရင့်ရောင် ကော်ဇောပေါ်တွင် ရုပ်ချင်းဆင်တူသော်လည်း အရှိန်အဝါချင်း ဆန့်ကျင်ဘက်ဖြစ်သော မင်းစိုးရာဇာ အသွင်အပြင်နှင့် လူငယ်နှစ်ဦးကို တွေ့လိုက်ရသည်။ တစ်ဦးမှာ ထိုင်နေပြီး ကျန်တစ်ဦးက မတ်တပ်ရပ်နေကာ ၎င်းတို့နှစ်ဦးစလုံးက သူ့ထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။


"သူ့လက်က ဒဏ်ရာကို ကြည့်ပေးလိုက်ပါ" မတ်တပ်ရပ်နေသူက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ သူသည် ကျင်းယွီဖြစ်သည်။ ကျင်းယောင်သည် သူ၏လက်မမှ ကိုက်ရာကို ကြည့်ရင်း အသည်းယားလာသည်။

"ယုန်ကိုက်တာလောက်ကိုများ..."


"အဲ့ဒါကြောင့်မို့လို့ မင်းကို ကာကွယ်ဆေး ထိုးခိုင်းနေတာပေါ့" ကျင်းယွီက တုံ့ပြန်လိုက်သည်။ ဤလူငယ်နှစ်ဦးသည် ကျောင်းတွင်သာမကဘဲ ကျောင်းပြင်ပတွင်ပင် ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကြသည်။ ထန်းခိုင်သည် ၎င်းတို့၏ အရှိန်အဝါကြောင့် စကားတစ်ခွန်းမှ မဆိုဘဲ ကျင်းယောင်၏ ဒဏ်ရာကို ဆေးထည့်ပေးလိုက်သည်။


ရုပ်ဖြောင့်လွန်းသော ထိုလူငယ်နှစ်ဦး ပေါ်လာခြင်းကြောင့် မကြာသေးမီက သိသိသာသာ ကျဆင်းသွားခဲ့သည့် ထန်းခိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှု​၏ ကြည့်ရှုသူအရေအတွက် ရုတ်တရက် ပြန်လည်မြင့်တက်လာခဲ့သည်။ ကျင်းယောင်၏ လက်မမှ ဒဏ်ရာကို မြင်လိုက်ရသောအခါ ထန်းခိုင် အံ့အားသင့်သွားသည်။ သွေးတိတ်သွားပြီ ဖြစ်သော်လည်း ဆုန်ကျူယောင် ကိုက်ထားခဲ့သည့် သွားရာသည် အတော်ပင် နက်ရှိုင်းလှပြီး ဤဒဏ်ရာသည် တစ်သက်လုံး ထင်ကျန်နေပေလိမ့်မည်။ ဒဏ်ရာရထားသော်လည်း ကျင်းယောင်သည် ထန်းခိုင်ကို ဆေးကုသခိုင်းနေစဉ် စိတ်မရှည်သလို အမူအရာဖြင့် ပါးကို လက်နှင့်ထောက်ကာ တစ်နေရာသို့ ငေးကြည့်နေသည်။


"အဲဒီမိန်းမကို... နောက်တစ်ခါ ပြန်တွေ့လို့ကတော့..." ဟု သူ တိုးတိုးလေး ရေရွတ်လိုက်သည်။


[သူ ဆုန်ကျူယောင်အကြောင်း တွေးနေတာပဲ! ငါ သိသားပဲ!]


[ဒီဘက်ကို အမြန်ပြေးလာရတာ တန်သွားပြီ။ အိုင်ဒေါဇာတ်လမ်းဆန်တဲ့ အငွေ့အသက်တွေက ပိုတောင် ပြင်းထန်လာသေးတယ်။ ဒါက ဇာတ်ညွှန်းအတိုင်း ရိုက်ထားတဲ့ ကားမဟုတ်ဘဲ 'တကယ်' ဖြစ်နေတာဆိုတော့ ပိုတောင် စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ!]


[ငါက တရားခံကို ညှဉ်းပန်းနှိပ်စက်ပြီး စမ်းသပ်တာကို လာကြည့်တာလေ၊ စင်ဒရဲလား ကျောင်းတော်သူ အချစ်ကား ကြည့်ဖို့ လာတာမဟုတ်ဘူး!]


[အား... ကျင်းယွီက ငါ့အကြိုက်ပဲ။ အဲဒီလို ယဉ်ကျေးပြူငှာသလိုနဲ့ ရက်စက်မယ့်ပုံစံလေးကို သဘောကျတာ။ သူက လုံးဝ ငါ့အကြိုက်ပဲ!]


"ထင်ထားတဲ့အတိုင်းပဲ၊ အထူးဝင်ခွင့်ရကျောင်းသားတွေဆိုတာ ငါတို့ကျောင်းရဲ့ ကြွက်ချေးတွေ၊ သူတို့ အကုန်လုံးကို ရှင်းပစ်ရမယ်" ကျင်းယွီက ပြောလိုက်သည်။


"ဥက္ကဋ္ဌ၊ အထူးဝင်ခွင့်တွေကို ဖျက်သိမ်းလိုက်ရင် ကျောင်းဝင်ခွင့်နှုန်းက ဘယ်လိုဖြစ်သွားမှာလဲ" အတွင်းရေးမှူးက မေးမြန်းသည်။


"ရဲတပ်ဖွဲ့က ရဲခွေးတွေကို ရွေးချယ်တဲ့အခါပဲဖြစ်ဖြစ် လူမှုအဖွဲ့အစည်းက လမ်းပြခွေးတွေနဲ့ တခြားအလုပ်လုပ်မယ့် ခွေးတွေကို လေ့ကျင့်ပေးဖို့ ရွေးတဲ့အခါမှာ အဲဒီခွေးရဲ့ မျိုးရိုးအဆက်ဆက်မှာ လူကိုကိုက်တာ၊ ဒဏ်ရာရအောင်လုပ်တာ ဒါမှမဟုတ် ရူးသွပ်တာမျိုး ရှိမရှိကို စစ်ဆေးကြတယ်။ ဘာလို့လဲဆိုတော့ ဘယ်လိုညံ့ဖျင်းတဲ့ အပြုအမူမျိုးမဆို မျိုးရိုးဗီဇကနေ ဆင်းသက်လာမို့လို့ပဲ။ ဒီကျောင်းမှာရှိတဲ့ အထူးဝင်ခွင့်ရ ကျောင်းသားတွေကလွဲရင် ကျန်တဲ့မိသားစုတိုင်းက သွေးနှောမရှိဖို့ စစ်ထုတ်တာကို အတိုင်းအတာတစ်ခုအထိ ပြုလုပ်ထားပြီးသား။ အကောင်းဆုံး ဗီဇတွေကို စုစည်းပြီး ညံ့ဖျင်းတဲ့ ဗီဇတွေကို ဖယ်ရှားထားကြတာ။ အဆင့်မြင့် ဗီဇတွေရှိတဲ့ လူချမ်းသာမိသားစုရဲ့ ကလေးတွေက စနစ်တကျ လေ့ကျင့်ပေးမှုအောက်မှာ သာမန်အထူးဝင်ခွင့်ရ ကျောင်းသားတွေထက် ညံ့ဖျင်းသွားလိမ့်မယ်လို့ မင်းထင်လို့လား?" ကျင်းယွီ၏ လေသံသည် တည်ငြိမ်နေသော်လည်း သူ၏စကားလုံးများမှာ အလွန်ပင် မာနထောင်လွှားနေသည်။


"နားလည်ပါပြီ။ ကျွန်မ မှားသွားပါတယ်။ ချက်ချင်း စီစဉ်လိုက်ပါ့မယ်" အတွင်းရေးမှူးက ပြန်ဖြေကာ ထွက်ခွာသွားသည်။


ထန်းခိုင်တစ်ယောက် ကြောင်အသွားသည်။ ၎င်းတို့သည် အမှန်တကယ် အလွန်အမင်း မောက်မာလွန်းလှသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် လက်တွေ့ကမ္ဘာတွင်လည်း ဤကဲ့သို့သော မင်းစိုးရာဇာ စိတ်ဓာတ်မျိုးရှိသူများ အတော်အတန် ရှိပေလိမ့်မည်။ ကျင်းယွီသည် အထူးဝင်ခွင့်ရ ကျောင်းသားများကို ဖယ်ရှားရန် ရည်ရွယ်ထားသောကြောင့် ဤကျောင်းတွင် မကြာမီ မုန်တိုင်းတစ်ခု စတင်တိုက်ခတ်တော့မည်ဟု ထန်းခိုင် ခံစားလိုက်ရသည်။

---

ဆုန်ကျူယောင် အိမ်ပြန်ရောက်သောအခါ ဆုန်ဝမ်ဝမ်လေးက ဝမ်းသာအားရ ကြိုဆိုနေသည်။ ဆုန်ကျူယောင်သည် အောက်ငုံ့ကာ ကြောင်လေးကို ပွေ့ချီပြီးနောက် ၎င်းတို့နှစ်ဦးသား တစ်ဦးကိုတစ်ဦး ချစ်ခင်ကြည်နူးစွာဖြင့် ပွတ်သီးပွတ်သပ် လုပ်နေကြသည်။


"နှစ်ယောက်လုံး နားတော့နော်" ဆုန်ကျူယောင်က ဆိုသည်။ ထိုနေ့တွင် မိန်းကလေးနှစ်ဦးစလုံး စိတ်သောကများကို အလူးအလဲ ခံစားခဲ့ရသည်။ ၎င်းတို့သည် အနားယူရန်အတွက် အားလပ်သည့် အခန်းတစ်ခုထဲသို့ ဝင်သွားကြသည်။


ဆုန်ကျူယောင်သည် ဆုန်ဝမ်ဝမ်လေးကို ရင်ခွင်ထဲပိုက်ကာ ဧည့်ခန်းတွင် ထိုင်နေရင်း သူမ၏ အိတ်ထဲကို နှိုက်ကြည့်လိုက်သည်။ ထို့နောက် ၁၀၀ တန် တစ်ရွက်၊ ၁၀ တန် နှစ်ရွက်နှင့် အကြွေစေ့ သုံးစေ့ကို ထုတ်ယူလိုက်သည်။ လက်ထဲရှိ ၁၂၃ ယွမ်ကို စိုက်ကြည့်ရင်း ဆုန်ကျူယောင်သည် သူမ၏ နောက်ဆုံးပိုင်ဆိုင်မှုလေးကို ဆုပ်ကိုင်ထားရသလိုမျိုး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။


ထိုစဉ် စားပွဲပေါ်ရှိ သူမ၏လက်ကိုင်ဖုန်း တုန်ခါလာပြီး မျက်နှာပြင်ပေါ်တွင် "ထီးကလေး" ဟု အမည်ပေးထားသော ဖုန်းနံပါတ်တစ်ခု ပေါ်လာသဖြင့် လှမ်းယူလိုက်သည်။


"မမယွီလင်း"


ဒေါသတကြီး အော်ဟစ်နေသော အမျိုးသမီးတစ်ဦး၏ လေသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

"နင် ပြီးခဲ့တဲ့ အပတ်မှ ၁၈ နှစ် ပြည့်ထားတာ မဟုတ်ဘူးလား။ ဘဏ်ကတ်ကို အသစ်မလဲသေးတဲ့အပြင် အိမ်ထောင်စုစာရင်း ပြောင်းဖို့ရော ဘာလို့မလုပ်သေးတာလဲ။ မနေ့ကမှ ဝင်တဲ့ နင့်လစာတွေ အကုန်လုံး ပါသွားပြီဆိုတာကို နင် သိလား?"


"မေ့သွားလို့ပါ......"


ရွမ်ယွီလင်း၏ အသံမှာ ပို၍ပင် ကျယ်လောင်လာသည်။

"နင် ငါ့ကို ဒေါသထွက်အောင် လုပ်နေတာလား။မနေ့ကမှ သုတေသနဌာနကနေ နင့်ကို လစာပေးထားတယ်ဆိုတာ ငါသတိရပြီး သွားကြည့်ပေးလို့ပေါ့။ မဟုတ်ရင် နောက်လစာတွေပါ အကုန်ပါကုန်တော့မှာ နင်မသိဘူးလား?"


"စိတ်မဆိုးပါနဲ့ မမရယ်။ နောက်နှစ်ရက်နေရင် အဲ့ဒါတွေကို သွားလုပ်လိုက်ပါ့မယ် ဟုတ်ပြီလား?"


"နှစ်ရက် ဟုတ်လား။ မနက်ဖြန်ပဲ သွားလိုက်တော့။ မြန်မြန်ပြီးသွားအောင် ငါ့အစ်ကိုကို သက်ဆိုင်ရာလူတွေနဲ့ စကားပြောခိုင်းထားလိုက်မယ်" ရွမ်ယွီလင်း၏ လေသံသည် အနည်းငယ် ပျော့ပြောင်းသွားသည်။


"အင်း အင်း၊ အကိုကျားချီကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး"

ဖုန်းချလိုက်ပြီးနောက် ဆုန်ကျူယောင်သည် ကလေးတစ်ယောက်လို လျှာလေးထုတ်လိုက်ပြီး သူမ၏ အီးမေးလ်ထဲမှ ဘဏ်အကြောင်းကြားစာကို နှိပ်ကြည့်လိုက်သည်။ သူမ၏ ဘဏ်အကောင့်ထဲတွင် ၀.၀၃ ယွမ်သာ ကျန်တော့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ အွန်လိုင်းပိုက်ဆံအိတ်ထဲတွင် ယွမ်အနည်းငယ် ရှိနေသေးသဖြင့် ကြောင်စာတစ်ဗူး ဝယ်နိုင်ခဲ့ခြင်းဖြစ်သည်။


ဆုန်ကျူယောင်သည် ခဏတိတ်ဆိတ်စွာ ငေးကြည့်နေပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

"ကျောင်းအုပ်ကြီး ဖိတ်ခေါ်တာကို လက်ခံပြီး ကျောင်းမှာ နေခဲ့လို့ တော်သေးတာပေါ့၊ မဟုတ်ရင် လမ်းပေါ်မှာ အိပ်နေရတော့မလို့”


[ဆုန်ကျူယောင်ရဲ့ ပိုက်ဆံတွေကို လျို့ယန်က ယူထားတာ ဖြစ်နိုင်မလား?]


[ဆုန်ကျူယောင်က အခုမှ အရွယ်ရောက်တာဆိုတော့ ၁၈ နှစ်မပြည့်ခင်အထိ သူ့ပိုက်ဆံတွေကို အုပ်ထိန်းသူက ကိုင်ထားတာဖြစ်မှာပေါ့ ဟုတ်တယ်မလား?]


[ဒါဆို ဆုန်ကျူယောင်က လျို့ယန်ကို သတ်ခဲ့တာလည်း မဟုတ်သလို အစဖျောက်ခဲ့တာလည်း မဟုတ်တဲ့အပြင် လျို့ယန်ကပဲ ဆုန်ကျူယောင်ရဲ့ ပိုက်ဆံတွေ အကုန်ယူသွားလို့ သူစားဖို့တောင် မရှိတော့တာပေါ့?]


[ဒီဖုန်းတစ်ကောလ်တည်းနဲ့တင် လူသတ်သမားကို အပြစ်မရှိဘူးလို့ ထင်နေကြတာလား။ ဖုန်းထဲက လူက ဘယ်သူမှန်းတောင် မသိတာ။ လျို့ယန်ရဲ့ ပျော့ညံ့တဲ့ အကျင့်စရိုက်နဲ့ဆို ဒီလောက်အထိ လုပ်နိုင်ပါ့မလား]


[ထီကုမ္ပဏီက လောင်းကြေးအသစ် ဖွင့်လိုက်ပြီဟေ့၊ ဆုန်ကျူယောင်ရဲ့ ပိုက်ဆံကို ယူသွားတာ လျို့ယန် ဟုတ်မဟုတ်။ ငါကတော့ ကြိုပြီး လောင်းထားလိုက်ပြီ!]


[ယွီလင်းဆိုတော့ ရွမ်ယွီလင်းလား။ အောင်နိုင် ကျွန်ုပ်ဆိုတဲ့ အစီအစဉ်မှာ ဆုန်ကျူယောင်နဲ့ ပြိုင်ခဲ့တဲ့ ပါးစပ်သရမ်းတဲ့ တစ်ယောက်လား?]


ထန်းခိုင်သည် ဆုန်ကျူယောင် စိန်ခေါ်သူအဖြစ် ပထမဆုံး ပါဝင်ခဲ့သည့် 'အောင်နိုင်သူ ကျွန်ုပ်' အပိုင်းကို ယခင်က ကြည့်ရှုဖူးသည်။ ထိုအချိန်က ရွမ်ယွီလင်းသည် အလွန်အမင်း မာနကြီးပြီး ရိုင်းစိုင်းလွန်းသဖြင့် ကြည့်ရှုသူအားလုံး၏ ဘုံရန်သူ ဖြစ်ခဲ့သည်။ အသက် ၁၀ နှစ်အရွယ်သာရှိသေးသည့် ဆုန်ကျူယောင်က သူမကို အနိုင်ယူလိုက်သည့် အချိန်မှာ လက်တွေ့ကမ္ဘာမှ ပရိသတ်များပင် အလွန် စိတ်လှုပ်ရှားခဲ့ကြသည်။ ထိုစဉ်က ရွမ်ယွီလင်းကို ဖြတ်လျှောက် ဇာတ်ကောင်တစ်ဦးဟုသာ ထင်ခဲ့ကြသော်လည်း ယခုအခါ သူမသည် ဆုန်ကျူယောင်နှင့် အလွန်ခင်မင်သည့် ဆက်ဆံရေး ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အားလုံး အံ့အားသင့်နေကြသည်။


[အား... ငါ အရမ်းသိချင်နေပြီ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆုန်ကျူယောင် ဘာတွေ ကြုံတွေ့ခဲ့ရတာလဲ?]


[ဆုန်ကျူယောင်ရဲ့ ကြီးပြင်းလာတဲ့ ဘဝက ဒဏ္ဍာရီတစ်ခုလိုပဲလို့ ငါ ခံစားရတယ်]


[ရွမ်ယွီလင်းလို လူစားမျိုးနဲ့ သူငယ်ချင်းဖြစ်နေတယ်ဆိုကတည်းက ဆုန်ကျူယောင်ကလည်း လူကောင်းတစ်ယောက် ဖြစ်ချင်မှ ဖြစ်မှာ။ ရွမ်ယွီလင်းက NPC တော်တော်များများရဲ့ အမုန်းခံလူလေ]


[......]