14
Viewers 108

အခန်း (၁၄) ပထမကမ္ဘာ


ဆုန်ကျူယောင်သည် ကျောင်းစူပါမားကတ်သို့ ထွက်သွားခဲ့သည်။ ကျောင်းစားသောက်ဆိုင်သည် ဈေးကြီးလွန်းပြီး သူမ၏လက်ရှိငွေနှင့် ဝယ်ယူနိုင်ခြင်းမရှိသောကြောင့် စူပါမားကတ်တွင် ဟင်းသီးဟင်းရွက်အချို့ ဝယ်ယူခဲ့သည်။ မင်ရှု့ အိပ်ရာ နိုးသောအခါ ကောင်းကင်သည် ရောင်စုံတိမ်တိုက်များဖြင့် တောက်ပနေပြီး နေမင်းကြီးသည် တိမ်တိုက်များအနောက်တွင် တစ်ဝက်ခန့် ပုန်းအောင်းနေသည်။ အစားအစာရနံ့များ လေထဲတွင် ပျံ့လွင့်နေပြီး မီးဖိုချောင်မှ လှုပ်ရှားမှုများနှင့် ဆူညံသံများက သူမ၏အာရုံကို ဖမ်းစားသွားသည်။ မင်ရှု့သည် ခေတ္တမျှ ဇဝေဇဝါဖြစ်နေပြီး သူမသည် ပြင်ပကမ္ဘာရှိ သူမ​၏ နွေးထွေးသောအိမ်တွင် ရှိနေသည်ဟု ထင်မှတ်ခဲ့သည်။ ယမန်နေ့​၏ အဖြစ်အပျက်များသည် အိပ်မက်တစ်ခုကဲ့သို့ပင်။


အသံကြားရာသို့ လိုက်သွားသောအခါ မင်ရှု့သည် ဆံပင်ကို သပ်ရပ်စွာ ချည်နှောင်ပြီး ပေါ့ပါးသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဆုန်ကျူယောင်ကို မြင်လိုက်ရသည်။ မီးဖိုပေါ်ရှိအိုးသည် ပွက်ပွက်ဆူကာ အငွေ့တထောင်းထောင်းထနေပြီး စည်းချက်ညီညီ ခေါက်သံဖြင့် ဆုန်ကျူယောင်သည် မုန်လာဥနီများကို လှီးဖြတ်နေသည်။ ဘေးမှကြည့်လျှင် သူမသည် အလွန်လှပပြီး နူးညံ့သိမ်မွေ့လှသည်။ တစ်ချိန်တည်းမှာပင် ဆုန်ဝမ်ဝမ်လေးသည် သူမ၏ ချည်သားဖိနပ်အပါးပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး နားရွက်နောက်ဘက်ကို ကုတ်ခြစ်နေသည်။


"နိုးပြီလား။ နေလို့ကောင်းရဲ့လား" ဆုန်ကျူယောင်က သူမကို လှည့်ကြည့်လိုက်သည်။


မင်ရှု့က ခေါင်းညိတ်ပြလိုက်သည်။

"ဧည့်ခန်းထဲသွားပြီး တီဗီခဏကြည့်နေလေ" ဆုန်ကျူယောင်က အကြံပြုလိုက်သည်။


မင်ရှု့က အသံတိုးတိုးဖြင့် "အင်း" ဟု ပြန်ဖြေလိုက်သည်။ သူမ၏မျက်လုံးများ အနည်းငယ်နီရဲနေပြီး ဆုန်ကျူယောင်၏ နွေးထွေးပြီး ဖော်ရွေသော အမူအရာသည် သူမအား မိသားစုဝင်တစ်ဦးနှင့်အတူ ရှိနေသကဲ့သို့ ခံစားရစေသည်။ ဤခံစားချက်သည် အသက် ၁၄ နှစ်အရွယ်ကတည်းက မိသားစုနှင့် ဝေးကွာပြီး မြို့တော်တွင် တစ်ယောက်တည်း နေထိုင်နေရသော သူမ၏နှလုံးသားကို တုန်လှုပ်စေသည်။ မင်ရှု့ သံသယဝင်လာမိသည်။ ဆုန်ကျူယောင်သည် အခြေအနေကို အခွင့်ကောင်းယူ၍ ကာမဂုဏ်ကြောင့် အခြားလူများကို လိင်ပိုင်းဆိုင်ရာ စော်ကားမည့်သူမျိုးနှင့် မတူညီပေ။ မသိနိုင်သော အခြေအနေအချို့ ရှိနေလိမ့်မည်ဟု သံသယဝင်သော်လည်း အစီအစဉ်ပေါ်တွင် သူမ၏အမြင်ကို ဖော်ပြ၍မရကြောင်း သူမ သိနေသည်။ ဆုန်ကျူယောင်ကို စီရင်ချက်ချခြင်းသည် ပရိသတ်၏အလုပ်ဖြစ်ပြီး ၎င်းတို့ကဲ့သို့ လက်တွေ့ဘဝ NPC များအနေဖြင့် ပရိသတ်၏အမြင်များကို လွှမ်းမိုးရန် အရည်အချင်းပေ။


မင်ရှု့သည် ဧည့်ခန်းထဲတွင် ခဏရပ်နေပြီး မီးဖိုချောင်တွင် အလုပ်များနေသော ဆုန်ကျူယောင်ကို ခိုးကြည့်လိုက်သည်။ ပြီးနောက် သူမသည် ဆုန်ကျူယောင်၏ အိပ်ခန်းထဲသို့ အလျင်အမြန် ဝင်သွားသည်။ အိပ်ခန်းသည် ပရိဘောဂ အနည်းငယ်သာရှိပြီး သပ်ရပ်စွာ ခင်းကျင်းထားသော အိပ်ရာနှင့် ဗီရိုထဲတွင် အဝတ်အစားအနည်းငယ်သာရှိသည်။ ဆုန်ကျူယောင်က လူအများနောက်ကွယ်တွင် မကောင်းမှုတစ်ခုခု ပြုလုပ်ခဲ့ကြောင်း သက်သေပြနိုင်သည့် သဲလွန်စများကို မင်ရှု့ ရှာဖွေလိုက်သည်။ ဘာမှ မတွေ့နိုင်ဘူးဟု သူမ ထင်မှတ်နေစဉ် ဆုန်ကျူယောင်၏ ခေါင်းအုံးကို ကောက်ယူလိုက်​၏။ အံ့အားသင့်စရာကောင်းသည်မှာ ဓာတ်ပုံ အထပ်လိုက်ကြီး သူမ အရှေ့တွင် ပေါ်လာသည်။


ဓာတ်ပုံများကို ကောက်ယူကြည့်လိုက်သောအခါ ကောင်လေးတစ်ယောက်​၏ ပုံများဖြစ်ကြောင်း မင်ရှု့ သဘောပေါက်သွားသည်။ သူသည် အရပ်ရှည်သော်လည်း ခေါင်းငုံ့ပြီး ခါးကိုင်းနေတတ်သူဖြစ်သည်။ သူ့ပတ်ဝန်းကျင်က လေထုသည် တခြားနေရာများထက် ပိုမို အေးစက်နေပြီး လူအများက သူ့ကို မသိစိတ်ကနေ ရှောင်ဖယ်သွားချင်လောက်အောင် စိတ်ဓာတ်ကျနေပုံပေါ်သည်။ ဓာတ်ပုံများထဲတွင် လမ်းလျှောက်နေပုံ၊ ကော်ဖီဆိုင်တွင် စာဖတ်နေပုံနှင့် အခန်းထဲတွင် စားသောက်နေခြင်းကို ထောင့်အမျိုးမျိုးကနေ ရိုက်ကူးထားကြောင်း တွေ့ရနိုင်သည်။ ဤသည်မှာ တိတ်တဆိတ် ခိုးရိုက်ထားခြင်းဖြစ်ကြောင်း သိသာလွန်းလှသည်။


'ဘာကြီးလဲ... ဆုန်ကျူယောင်က ဒီပုံတွေကို တိတ်တိတ်လေး ခိုးရိုက်ထားတာလား။ ဒီလူကရော ဘယ်သူလဲ' မင်ရှု့ ဇဝေဇဝါဖြစ်သွားသည်။


[အား... တောအုပ်လေးနားက တစ်ယောက်ပဲ!]


[ဆုန်ကျူယောင်က အရမ်းထူးဆန်းတာပဲ၊ သူ ဘာလုပ်နေတာလဲ?]


[ဒီလူက ဘယ်သူလဲ။ ဆုန်ကျူယောင်က သူ့ကို သတ်ဖို့ ကြိုးစားနေတာလား။ သူက ဆုန်ကျူယောင် ရွေးချယ်ထားတဲ့ ပစ်မှတ်လား]


[အရမ်းကြောက်စရာကောင်းတာပဲ၊ သူ့ကိုကြည့်တော့ အပြင်ပန်းမှာ လုံးဝပုံမှန်ပဲကို၊ ဘာလို့ လူတွေကို တိတ်တိတ်လေး လိုက်ချောင်းပြီး ဓာတ်ပုံရိုက်နေတာလဲ]


[ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့... နင် လူသတ်ခဲ့တဲ့ နောက်ကွယ်မှာ အကြောင်းပြချက်ကောင်းတစ်ခုရှိနေတယ်လို့ ငါတကယ် ယုံကြည်ချင်တယ်၊ ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့နော် TwT]


[ဆုန်ကျူယောင်က သူ့ကိုသတ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးဆိုတာကို ငါ့မှာရှိသမျှ ပိုင်ဆိုင်မှုအကုန်လုံးနဲ့ လောင်းကြေးထပ်တယ်!]


“စီနီယာ…”

လီကျောက်၏အသံ အပြင်ဘက်မှ ထွက်ပေါ်လာသဖြင့် မင်ရှု့ အလန့်တကြားဖြစ်သွားသည်။ သူမသည် ဓာတ်ပုံများကို ခေါင်းအုံးအောက်သို့ အမြန်ပြန်ထည့်ပြီး အခန်းအပြင်သို့ ထွက်လာခဲ့သည်။


[မိုက်မဲလိုက်တာ။ ဓာတ်ပုံတွေကို အစီအစဉ်အတိုင်း ပြန်မထားရသေးဘူးလေ!]


ဆုန်ကျူယောင်သည် မင်ရှု့​၏ အပြုအမူများကို သတိမထားမိဘဲ မီးဖိုချောင်ထဲတွင် ညစာအတွက် ဟင်းချိုနှင့် ဟင်းသီးဟင်းရွက်ကြော်များကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေသည်။ ထို့နောက် ၎င်းတို့သုံးဦး စားပွဲဝိုင်းတွင် စုဝေးကာ စားသောက်လိုက်ကြသည်။


“အရသာရှိလား” ဆုန်ကျူယောင်က မေးလိုက်သည်။


“အရမ်းအရသာရှိတာပဲ!” လီကျောက်က အားတက်သရော ဖြေလိုက်သည်။ ဆုန်ကျူယောင်က ၎င်းတို့အတွက် ကိုယ်တိုင်ချက်ပြုတ်ပေးလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သဖြင့် လီကျောက်၏ နားရွက်ကလေးများ နီရဲကာ ပျော်ရွှင်နေရှာသည်။ စံပြပုဂ္ဂိုလ်၏ တိုက်ခန်းတွင် အိပ်ခွင့်ရရုံသာမကဘဲ သူမချက်ကျွေးသည့် အစားအစာကို မြည်းစမ်းခွင့်ရခဲ့ခြင်းကို သူမ မယုံကြည်နိုင်ဖြစ်နေရသည်။


မင်ရှု့ကမူ စိတ်ထဲတွင် ဓာတ်ပုံများအကြောင်းကိုသာ တွေးနေမိသဖြင့် တုံ့ပြန်မှု အနည်းငယ် နှေးကွေးနေခဲ့သည်။ သို့သော် ဆုန်ကျူယောင်ကတော့ မင်ရှု့ကို တင်းနစ်ကွင်းဖြစ်ရပ်ကြောင့် စိတ်ဓာတ်ကျနေသည်ဟု ယူဆကာ နားလည်ပေးပြီး နှစ်သိမ့်ပေးခဲ့သည်။ ညဘက်တွင် ဆုန်ကျူယောင်သည် လသာဆောင်၌ စာကျက်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ စာတမ်းရေးခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များထံမှ ရရှိသည့် စမ်းသပ်ချက်အချက်အလက်များကို ခွဲမ်းစိတ်ဖြာခြင်းများဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ သူမသည် တစ်ခါတစ်ရံတွင် မှန်ဘီလူးကို ကောက်ယူကာ လမ်းတစ်ဖက်က တိုက်ခန်းကို လှမ်းကြည့်တတ်သည်။ လီကျောက်က တစ်ခါတစ်ရံ မေးခွန်းများမေးလာလျှင် ဆုန်ကျူယောင်က စိတ်ရှည်လက်ရှည် ရှင်းပြပေးပြီး လေ့ကျင့်ခန်းများကိုလည်း သင်ပေးလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ လီကျောက်သည် လသာဆောင်တွင် သူမနှင့်အတူထိုင်ကာ အိမ်စာလုပ်ရခြင်းကို သက်တောင့်သက်သာ ရှိလာခဲ့သည်။


လီကျောက်သည် ဆုန်ကျူယောင်တစ်ယောက် မှန်ဘီလူးနှင့် ဘာတွေကြည့်နေသည်ကို သိချင်စိတ် ပြင်းပြနေသော်လည်း မမေးရဲခဲ့ပေ။ ဤမြင်ကွင်းကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များ ဆွံ့အသွားကြသည်။ ဆုန်ကျူယောင်၏ ပရိသတ်တစ်ယောက်ဖြစ်သော်လည်း လီကျောက်သည် ဆုန်ကျူယောင်က မှန်ဘီလူးသုံးပြီး တခြားလူများကို လိုက်ချောင်းနေနိုင်သည်ဟု အနည်ငယ်မျှ မစဉ်းစားမိဘဲ အိမ်စာထဲတွင်သာ နစ်မျောနေခဲ့သည်။ ဆုန်ကျူယောင်ကမူ အမှန်တကယ် ပွင့်ပွင့်လင်းလင်း ချောင်းကြည့်နေခဲ့ခြင်းဖြစ်သည်။ သူမသည် ဘာကိုမှ မကြောက်ရွံ့ခြင်းသော်လည်းကောင်း အမှန်တကယ် ဖြူစင်ခြင်းသော်လည်းကောင်း မည်သူမျှ မသိကြပေ။ သို့သော် သူမသည် ယောက်ျားလေးအဆောင်ဘက်ကို ချောင်းကြည့်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသည်။


ဇဝေဇဝါဖြစ်နေသော ပရိသတ်များသည် စိတ်ထဲတွင် ပဋိပက္ခများ ခံစားနေရသည်။ ၎င်းတို့သည် ဆုန်ကျူယောင်ကို ချစ်သော်လည်း သူမ၏ လုပ်ရပ်များကြောင့်လည်း စိုးရိမ်နေကြသည်။ နှစ်ယောက်သား အလုပ်ရှုပ်နေချိန်တွင် မင်ရှု့က ၎င်းတို့အနားသို့ မကပ်ရဲဘဲ ရေချိုးခန်းထဲတွင် ပုန်းနေခဲ့သည်။ သူမသည် ယနေ့ မြင်တွေ့ခဲ့ရသမျှကို ပရိသတ်အတွက် ခွဲခြမ်းစိတ်ဖြာပြချင်ယောင်ဆောင်နေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူမကို အပျင်းတက်သော ကောလိပ်ကျောင်းသားအဖြစ် ဖော်ထုတ်ခံရမည်ကို သူမ အလွန်ကြောက်နေသည်။ ဖျော်ဖြေရေးလောကတွင် အိုင်ဒေါအများစုသည် ပျမ်းမျှပညာရေးအဆင့်သာ ရှိတတ်ကြသဖြင့် ပရိသတ်အရှေ့တွင် ပညာရေးအကြောင်း ထုတ်ဖော်ပြောဆိုရမည်ကို သူမ ရှက်ရွံ့နေမိသည်။


နောက်ဆုံးတွင် ကြည့်ရှုသူအများအပြား စောင့်မျှော်နေသည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။ ဆုန်ကျူယောင်သည် သူမ၏ အခန်းထဲသို့ ပြန်ဝင်ကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။ သူမ အိပ်ရာပေါ်လှဲလိုက်ပြီး ခေါင်းအုံးအောက်မှ ဓာတ်ပုံများကို ထုတ်ယူလိုက်သောအခါ ခေတ္တရပ်တန့်သွားသည်။


[သူ သိသွားပြီ!!!]


[နည်းနည်းတော့ ကြောက်စရာကောင်းသား... မင်ရှု့ ဒုက္ခရောက်တော့မှာလား]


[သူ့လျှို့ဝှက်ချက်တွေကို နောက်ဆုံးတော့ ဖော်ထုတ်တော့မှာလား]


[စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ၊ မျှော်လင့်နေမိပြီ]


ဆုန်ကျူယောင်သည် တံခါးဘက်သို့ လှမ်းကြည့်လိုက်ပြီး ခဏမျှ ဇဝေဇဝါဖြစ်သွားသည်။ သို့သော် သူမသည်  မကြာမီ ခေါင်းအုံးကို မှီကာ လက်ထဲရှိ ဓာတ်ပုံများကို နူးညံ့သိမ်မွေ့သော အမူအရာဖြင့် အာရုံစိုက်ကာ လှန်လှောကြည့်ရင်း စိတ်အေးလက်အေး အနားယူနေသည်။ သူမ၏ နှုတ်ခမ်းများတွင်လည်း အပြုံးတစ်ခု ရှိနေသည်။


[သူ့မျက်လုံးတွေက တစ်ယောက်ယောက်ကို သတ်ချင်နေတဲ့ပုံပေါက်လို့လား။ အဲဒီလိုပြောတဲ့သူတွေက မျက်ကန်းတွေ ဖြစ်ရမယ်]


[ပြောရခက်သား၊ စိတ်ရောဂါသည်တစ်ယောက်ရဲ့ အတွေးအခေါ်က ဘယ်လိုရှိမလဲဆိုတာ ဘယ်သူသိမှာလဲ]


ဆုန်ကျူယောင်သည် မီးပိတ်၍ မအိပ်ခင်အထိ ဓာတ်ပုံများကို ကြည့်ရင်း အချိန်အတော်ကြာအောင် ကုန်ဆုံးခဲ့သည်။ နောက်တစ်နေ့တွင် သူမသည် မင်ရှု့အပေါ် ယခင်ကကဲ့သို့ ပုံမှန်အတိုင်း ဆက်ဆံခဲ့သည်။


“အရမ်း အရသာရှိတဲ့ မနက်စာတွေ လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်နော်၊ လီကျောက်” ဆုန်ကျူယောင်က အပြုံးဖြင့် တူများကို ချလိုက်သည်။


“ငါလည်း ကျေးဇူးတင်ပါတယ်” မင်ရှု့က ထိုသို့ပြောရင်း အနည်းငယ် ရှက်သွားမိသည်။ မနေ့ညက ဆုန်ကျူယောင်က ၎င်းတို့အတွက် ညစာချက်ပေးခဲ့သလို လီကျောက်သည်လည်း မနက်စာပြင်ရန် စောစောထနေချိန်တွင် သူမက ဝက်တစ်ကောင်ကဲ့သို့ ကောင်းကောင်းကြီး အိပ်ပျော်နေသောကြောင့် အလွန်ရှက်ရွံ့နေမိသည်။ နှိုင်းယှဉ်ကြည့်လျှင် သူမသည် အလွန်ရိုင်းစိုင်းသည်ဟု ခံစားနေရသည်။


“မင်းတို့နှစ်ယောက်လုံး အဆောင်မှာပဲ နေကြဦးနော်၊ အစ်မ ကျောင်းအုပ်ကြီးဆီ ခဏသွားဦးမယ်” ဆုန်ကျူယောင်က ပြောလိုက်သည်။


သို့သော် လီကျောက်က ခေါင်းခါပြကာ ငြင်းဆိုလိုက်သည်။ 

“ဒီနေ့ လပတ်စာမေးပွဲရှိတယ်၊ လွတ်သွားလို့မရဘူး” 


အမှတ်ကောင်းကောင်းမရလျှင် ပညာသင်ဆု အပြည့်အဝရနိုင်မည် မဟုတ်ပေ။ ဤကျောင်းတွင် အတန်းတက်ရမည်ကို အလွန်ကြောက်နေသော မင်ရှု့သည် သူမ၏ ကြောက်ရွံ့မှုကို အံတုကာ လီကျောက်နောက်သို့ အတန်းထဲအထိ လိုက်သွားခဲ့ရသည်။ ယခုအခါ ဆုန်ကျူယောင်သည် ကျင်းခယ့်အကယ်ဒမီတွင် နာမည်ကြီးနေပြီဖြစ်ကာ တစ်ကျောင်းလုံးက သူမအကြောင်း ပြောနေကြသည်။ သူမသည် ကျင်းယောင်ကို ပြောင်ပြောင်တင်းတင်း ရန်ဆွလိုက်ခြင်းပင်။ သူမသည် အစပိုင်းတွင် ကျောင်းအုပ်ကြီး၏ ဖိတ်ကြားချက်အရ ကျောင်းတွင် ခေတ္တတည်းခိုသည့် ဧည့်သည်တစ်ဦးသာဖြစ်ပြီး ကျောင်းသားမဟုတ်သဖြင့် လူတိုင်းက သူမကို ကြိုက်သလို ဝေဖန်နိုင်ကြသည်။ သို့သော် ကျောင်း၏ ဧကရာဇ်ကို စော်ကားလိုက်ခြင်းသည် လုံးဝကွဲပြားခြားနားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့သည်။ ဆုန်ကျူယောင်သည် အချိန်မရွေး ထွက်သွားနိုင်သော်လည်း ကျန်ရှိသည့် ကျောင်းသားများကမူ ဤကျောင်းတွင် ဆက်လက်ပညာသင်ကြားကြရဦးမည် မဟုတ်လေသလော။


ထို့ကြောင့် ဆုန်ကျူယောင်သည် အဆောင်မှ ကျောင်းအုပ်ကြီးရုံးခန်းသို့ သွားရာလမ်းတစ်လျှောက်တွင် တွေ့သမျှ ကျောင်းသားတိုင်းက သူမကို ယခင်ကနှင့်မတူသော အကြည့်များဖြင့် ကြည့်နေကြကြောင်း သတိပြုမိလိုက်သည်။ ဆုန်ကျူယောင်ကတော့ ထိုအချက်ကို သိပ်ပြီး ဂရုမစိုက်ပေ။ ကျောင်းအုပ်ကြီးသည် သူမ ရောက်လာရသည့် အကြောင်းရင်းကို သိရှိထားသဖြင့် အနည်းငယ် စိတ်ညစ်နေပုံရသည်။ အထူးသဖြင့် သူ့စားပွဲပေါ်တွင် ကျောင်းသားသမဂ္ဂ၏ ဤဒုတိယနှစ်ဝက်အတွက် အစီအစဉ်များ ရှိနေသောကြောင့်ပင်။


“ကျောင်းကို ပြုပြင်ပြောင်းလဲပြီး အထူးဝင်ခွင့်ရကျောင်းသားတွေကို ကောင်းကောင်းဆက်ဆံမယ်လို့ ဆရာကြီး ကတိပေးထားတယ်လေ” ဆုန်ကျူယောင်က ပြောလိုက်သည်။


“အဲဒါကတော့... ဆရာတို့ကျောင်းက အထူးဝင်ခွင့်ရကျောင်းသားတွေက တခြားအထက်တန်းလွှာ ကျောင်းတွေထက်တောင် ပိုကောင်းတဲ့ အခွင့်အရေးတွေ ရကြတာမဟုတ်လား။ ဝင်ကြေးဆုကြေးတွေ၊ ပညာသင်ကြေးနဲ့ အထွေထွေကြေး ကင်းလွတ်ခွင့်တွေအပြင် ပညာသင်ဆုတွေပါ ရကြတာပဲ...” ကျောင်းအုပ်ကြီးက ကျောင်း၏ လုပ်ဆောင်ချက်များကို ကာကွယ်ပြောဆိုရန် ကြိုးစားလိုက်သည်။


“ပိုက်ဆံအနည်းငယ် ရတာကလွဲရင် အထူးဝင်ခွင့်ကျောင်းသား အများစုက အစိုးရကျောင်းတွေမှာတောင် ဒီလိုအခွင့်အရေးမျိုး ရနိုင်ပါတယ်။ သူတို့က အစိုးရကျောင်းတွေမှာဆို သူငယ်ချင်းကောင်းတွေ၊ ဆရာတွေရဲ့ ဦးစားပေးမှုတွေကို ရနိုင်ပြီး ဒီမှာလို အထင်သေးခံရပြီး အနိုင်ကျင့်ခံရမယ့်အစား အတန်းဖော်တွေရဲ့ လေးစားတာကိုတောင် ခံရမှာ။ ကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့ ဒါကို ဘယ်လိုများ မျက်ကွယ်ပြုထားနိုင်တာလဲ ဆရာကြီး။ သူတို့က ကျောင်းရဲ့အဆင့်အတန်းကို မြှင့်တင်ပေးခဲ့တဲ့ ကျောင်းရဲ့ သူရဲကောင်းတွေပါ”


ဝေဖန်ခံလိုက်ရသောအခါ ကျောင်းအုပ်ကြီး ပို၍ စိုးရိမ်လာသည်။ ကျင်းယွီသာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဟုတ်ပါက သူသည် ကျောင်းသားသမဂ္ဂ၏ ကိစ္စရပ်များကို ဝင်စွက်ဖက်ရဲပေလိမ့်မည်။ သို့သော် ကျင်းယွီကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသူကို သူ သိနေသဖြင့် ဘာမှမလုပ်ရဲပေ။


“ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူးလေ ဒေါက်တာဆုန်။ ဒါကြောင့် ဝင်မစွက်ဖက်ပါနဲ့...” ကျောင်းအုပ်ကြီးက ဆုန်ကျူယောင်ကို ပြန်ပြောလိုက်သည်။


“ကျွန်မ ဒီအခြေအနေတွေကို မမြင်ခဲ့ရင်တော့ တစ်မျိုးပေါ့၊ ဒါပေမယ့် အခုတော့ မြင်နေရပြီလေ။ မြင်လျက်နဲ့ ဘယ်လိုလုပ် မမြင်ချင်ယောင်ဆောင်ရမှာလဲ” ထို့အပြင် သူမသည် လီကျောက်ကို ကူညီခဲ့ပြီးပြီဖြစ်သည်။ 


အကယ်၍ သူမသာ ယခုရပ်လိုက်လျှင် ထိုမိန်းကလေးသည် မည်သို့သော လက်စားချေမှုမျိုးနှင့် ရင်ဆိုင်ရမည်နည်း။ လူတစ်ယောက်ကို ချောက်ထဲကနေ ဆွဲထုတ်ပေးပြီးမှ မိမိလက်နှင့်ပင် ချောက်ထဲသို့ ပြန်တွန်းပို့ခြင်းသည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံးအရာဖြစ်ပေလိမ့်မည်။


“အဲဒီကျောင်းသားတွေက ကျောင်းသားသမဂ္ဂရဲ့ စကားကိုပဲ နားထောင်ကြတာ။ အထူးဝင်ခွင့်ရကျောင်းသားတွေကို တကယ်ကူညီချင်ရင် ကျောင်းသားသမဂ္ဂကိုပဲ သွားပြောသင့်တယ်” ကျောင်းအုပ်ကြီးက လက်လျှော့လိုက်သည့် ပုံစံဖြင့် ပြောလိုက်သည်။ သူသည် ဆုန်ကျူယောင်ကို ကျောင်းတွင်နေထိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းကို နောင်တရနေမိသည်။ သူမဘက်မှ ဤမျှ ဝင်စွက်ဖက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ယခုမူ သူ အကျပ်ရိုက်နေရပြီဖြစ်သည်။


[ဒီလိုဆရာမျိုးက ကျောင်းအုပ်ကြီးဖြစ်ဖို့ ထိုက်တန်သေးလို့လား!]


[ဒီလို တာဝန်မဲ့တဲ့သူတွေကြောင့် အနာဂတ်မျိုးဆက်သစ်တွေ အများကြီး ပျက်စီးကုန်တာ]


[ငါ တကယ် ဒေါသထွက်လာပြီ]


[ဆုန်ကျူယောင် သူ့ဘဏ်ကတ်ကို သွားမဖျက်သိမ်းသေးတာကို စိုးရိမ်နေတာ ငါတစ်ယောက်တည်းလား။ ပိုက်ဆံတွေ ထပ်ဝင်လာပြီး အသိမ်းခံရရင် ဘယ်လိုလုပ်မလဲ]

......

မင်ရှု့သည် လီကျောက် အနောက်တွင် အလိုအလျောက် ပုန်းအောင်းနေမိသည်။ မနေ့က တင်းနစ်ကွင်းဖြစ်ရပ်ကြောင့် ကျောင်းဝင်းထဲတွင် ၎င်းတို့ နာမည်ကြီးနေကြသည်။ လမ်းလျှောက်နေစဉ် ကျောင်းသားများက မကောင်းသော အကြည့်များဖြင့် ကြည့်နေကြသော်လည်း အံ့သြစရာကောင်းသည်မှာ မည်သူမျှ ပြဿနာရှာရန် အနားသို့ မချဉ်းကပ်လာကြခြင်းပင်။ ၎င်းတို့သည် အေးစက်စက်အကြည့်များဖြင့်သာ ကြည့်နေကြသည်။


“အခု ဘာတွေဖြစ်နေတာလဲ။ အထူးဝင်ခွင့်ရကျောင်းသားတွေ မဟာမိတ်ဖွဲ့ထားတာလား"


“ကျင်းယောင်နဲ့ ကျင်းယွီက ဘာပြောမလဲဆိုတာ စောင့်ကြည့်ရမှာပဲ"


“သူတို့က အရူးတွေလား။ အခြေအနေကို မသိကြဘူးပဲ။ ဆုန်ကျူယောင်က ဒီမှာတက်နေတဲ့ ကျောင်းသူမှ မဟုတ်တာ။ ကျင်းယောင်ကို ရန်ဆွပြီး ဒီကနေထွက်သွားရင် သူတို့ ဘာလုပ်ကြမလဲ"


“ဘယ်သူသိမှာလဲ......”


စိတ်အနှောင့်အယှက်ဖြစ်စရာ တီးတိုးစကားသံများ ဆက်တိုက်ကြားနေရသဖြင့် လီကျောက်က ခေါင်းငုံ့ထားပြီး မင်ရှု့သည်လည်း ထိုသို့ လိုက်ပါသွားသည်။ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က ၎င်းတို့အရှေ့မှ ဖြတ်လျှောက်သွားသဖြင့် မင်ရှု့သည် ကျောင်းဘောင်းဘီ အနက်ရောင်ဝတ်ထားသည့် ခြေထောက်နှစ်ချောင်းကို မြင်လိုက်ရသည်။ သူမ မော့ကြည့်လိုက်သောအခါ ဖြူဖျော့ဖျော့ ဘေးတိုက် မျက်နှာကို မြင်လိုက်ရသည်။


...ဓာတ်ပုံထဲက ကောင်လေးပဲ!!!


ထိုကောင်လေးသည် အခန်း ၁၁ ဆီသို့ ဝင်သွားသည်ကို ကြည့်ရင်း မင်ရှု့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဆုန်ကျူယောင်သည် မနေ့က အဆောက်အအုံ၏ ဤအထပ်၌ ပေါ်လာပြီး လီကျောက်ကို ကယ်တင်ခဲ့ခြင်းကို သူမ ရုတ်တရက် သတိရသွားသည်။ ထိုစဉ်က သူမ မေ့နေခဲ့သော်လည်း ယခုမူ ဆုန်ကျူယောင်သည် ဤကောင်လေးကြောင့်သာ ဤနေရာသို့ ရောက်လာခြင်းဖြစ်နိုင်သည်ဟု သူမ သဘောပေါက်သွားသည်။


“ဘာဖြစ်လို့လဲ မင်ရှု့” မင်ရှု့က လမ်းလျှောက်နေရင်း ရုတ်တရက် ရပ်သွားကြောင်း သတိထားမိသွားသဖြင့် လီကျောက်က လှမ်းခေါ်လိုက်သည်။


“ခုနက ဖြတ်သွားတဲ့လူက ဘယ်သူလဲဆိုတာ နင်သိလား” မင်ရှု့က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။


“ဘယ်သူလဲ” လီကျောက်က လှမ်းကြည့်လိုက်သည်။


“အနောက်တံခါးကနေ အခန်း ၁၁ ထဲ ဝင်သွားတဲ့ တစ်ယောက်လေ!” မင်ရှု့က ပြောလိုက်သည်။


လီကျောက်က ပါးကိုကုတ်ခြစ်၍ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“အို... သူလား။ သိတယ်လေ”


တိုက်ရိုက်ထုတ်လွှင့်မှုမှ စကားပြောခန်းတစ်ခုလုံးသည် ဆုန်ကျူယောင် စောင့်ကြည့်နေသည့် ကောင်လေးအကြောင်း သိချင်စိတ်ဖြင့် စိတ်လှုပ်ရှားနေကြသည်။ နောက်ဆုံးတွင် ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်တော့မည်ဖြစ်သည်။