အခန်း (၁၂) ပထမကမ္ဘာ
ပြင်ပကမ္ဘာရှိ ထုတ်လုပ်ရေးအဖွဲ့ဝင်များ ဂနာမငြိမ်ဖြစ်နေကြသည်။ စတူဒီယိုခန်းမအတွင်းရှိ ဝန်ထမ်းများသည်လည်း အလုပ်ရှုပ်၍ ပျာယာခတ်နေရာမှ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်လာကြသည်။ ယခုအခါ ၎င်းတို့သည် ဆုန်ကျူယောင်နှင့် မင်ရှု့တို့၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို စိတ်မကောင်းခြင်းများစွာဖြင့် ကြည့်ရှုနေကြတော့သည်။
[အား... မရတော့ဘူးဟာ၊ ဆုန်ကျူယောင်က အရမ်းမိုက်တာပဲ!]
[... ဟိုကိုက်လိုက်တဲ့အခန်းလေးက... အိုင်ဒေါဒရမ်မာတွေထဲကလို အရသာမျိုးပဲ!]
[ကျင်းယောင်က တကယ့်လူယုတ်မာပဲ၊ သွားသေလိုက်စမ်း။ ဒီလောက်ရွံစရာကောင်းတဲ့လူမျိုးရှိသေးတာလား။ ငါ့ကို တကယ်ဒေါသထွက်အောင်လုပ်နေတာပဲ။ ညီမလေးဆုန်၊ သူ့ကို ကောင်းကောင်းပညာပေးလိုက်စမ်းပါ]
[ကျင်းယောင်က ဆုန်ကျူယောင်ကို ကြိုက်သွားတော့မှာလား။ သူ ကြိုက်သွားတော့မှာလား။ ကြိုက်သွားတော့မှာလားလို့]
[ကျောင်းတွင်းအချစ်ဇာတ်လမ်းလေးရဲ့ အငွေ့အသက်က တကယ့်ကို ဆွဲဆောင်မှုရှိတာပဲ!]
[ဆုန်ကျူယောင်က လူသတ်သမားလေ!]
[သူက တကယ် လူသတ်သမားဖြစ်နေရင်တောင် တခြားကွယ်ဝှက်ထားတဲ့ အကြောင်းရင်းတွေရှိနေနိုင်တယ် မဟုတ်လား။ အခုထိတော့ နင်တို့ပြောနေတဲ့ သူ့ရဲ့မျက်နှာအစစ်အမှန်ဆိုတာကြီးကို မတွေ့ရသေးဘူးနော်]
[သူရဲ့ အခုလက်ရှိ မိသားစုနောက်ခံနဲ့တောင် ဒီလောက်အေးအေးချမ်းချမ်းနဲ့ တရားမျှတအောင် နေနိုင်သေးတာပဲ။ အသည်းအသန်ဖြစ်နေတဲ့ အချိန်လေးတစ်ခုမှာ ရုတ်တရက်ကြီး လူတစ်ယောက်ကို မုဒိမ်းကျင့်ချင်စိတ် ပေါက်သွားတယ်ဆိုတာက ယုတ္တိရှိပါ့မလား။ သူ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆိုရင် ဒါမျိုးလုပ်ပါ့မလား။ သူက အရမ်းလှတော့ ဘယ်လိုအမျိုးသားမျိုးကိုမဆို ရွေးချယ်နိုင်ခွင့် ရှိတာပဲကို]
[လူတစ်ယောက်ရဲ့ မျက်နှာကို သိနိုင်ပေမယ့် စိတ်ကိုတော့ မသိနိုင်ဘူးလေ။ အနုပညာရှင်တွေထက်တောင် ပိုချောပြီး နူးညံ့ပျော့ပျောင်းတဲ့ ပုံစံရှိတဲ့ ဟိုနစ်နာသူ ကောင်လးကို မြင်ရရင် တချို့အမျိုးသမီးတွေရဲ့ တိရစ္ဆာန်စိတ်က နိုးကြားလာနိုင်တာ မထူးဆန်းပါဘူး]
[ဘာတွေဖြစ်နေတာလဲ။ ဒါတွေက အွန်လိုင်းက ပိုက်ဆံပေးခိုင်းထားတဲ့သူတွေရဲ့ မှတ်ချက်တွေလား။ လူသတ်သမားမှာ ဘာလျှို့ဝှက်နောက်ခံများ ရှိနေလို့လဲ။ မဟုတ်ရင် ဘာလို့ လူသတ်သမားဘက်ကနေ ကာကွယ်ပြောပေးနေကြတာလဲ?]
[......]
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များ၊ လူမှုကွန်ရက်စာမျက်နှာများ၊ အဖွဲ့လိုက် စကားပြောခန်းများနှင့် အခြားသော အွန်လိုင်းဆက်သွယ်ရေးနေရာများတွင် ဆွေးနွေးမှုများဖြင့် ဆူညံပွက်လောရိုက်နေသည်။ ဆုန်ကျူယောင်က တင်းနစ်ခြင်းတောင်းကို ကန်လိုက်သည့် အချိန်မှစ၍ စိတ်လှုပ်ရှားမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့ဝင်များ မမြင်ချင်ဆုံး အရာများ ဖြစ်လာခဲ့ပြီဖြစ်သည်။ လူအချို့သည် ဆုန်ကျူယောင်ဘက်မှ စတင်၍ ကာကွယ်ပြောဆိုလာကြခြင်းပင်။ ဤအသံများ အားနည်းနေသေးသော်လည်း ပထမအကြိမ် ထုတ်လွှင့်မှု စတင်ခါစ၌ပင် ဤသို့ဖြစ်လာခြင်းက စိုးရိမ်စရာကောင်းလှသည်။
ထျန်းရှန်သည် အခြေအနေ၏ လေးနက်မှုကို သတိပြုမိလိုက်သည်။ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့သည်မှာ နှစ်ရက်ပင် မပြည့်သေးသော်လည်း ပရိသတ်များ၏ နှလုံးသားကို ဆုန်ကျူယောင်က လှုပ်ခတ်နေပြီဖြစ်သည်။ ဤအရာအားလုံးမှာ ဆုန်ကျူယောင်သည် ၎င်းတို့၏ ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်။ လူ့သဘာဝအရ သန်မာသူကို အားကျတတ်ကြရာ၊ ယခုအခါ ဆုန်ကျူယောင်သည် သန်မာသူတစ်ဦးကဲ့သို့ တောက်ပနေသည်။ သို့သော် သူမ၏ ရိုးရှင်းသော အမူအရာများကြောင့် ချဉ်းကပ်ရခက်သည့် အေးစက်စက် အလှမ်းကွာသော ခံစားချက်မျိုးကို မပေးစွမ်းသဖြင့် လူအများက သူမကို အမှန်တကယ် လူသားတစ်ယောက်ကဲ့သို့ ခံစားသိရှိလာကြသည်။
သူက အရမ်းကို ပြည့်စုံလွန်းနေတယ်။
ဤအတိုင်းသာ ဆက်သွားနေပါက ပထမအပိုင်းအပြီးတွင် သူမ၌ ပရိသတ်မည်မျှအထိ ရရှိလာမည်ကို မတွေးရဲစရာပင်။ အစီအစဉ်၏ ခေါင်းဆောင်ဒါရိုက်တာ တန်းဝေသည် မျက်နှာပျက်ပျက်ဖြင့် အခန်းထဲသို့ ဝင်လာသည်။ ထျန်းရှန်၏ မှတ်ချက်ကို ကြားလိုက်ရသောအခါ သူ၏မျက်နှာအမူအရာ ပို၍ပင် ဆိုးရွားသွားသည်။
"တစ်ယောက်ပြီးတစ်ယောက် ဘာတွေစိုးရိမ်နေကြမှန်း မသိဘူး။ ဒါက ပထမဆုံးအပိုင်းပဲ ရှိသေးတယ်ဆိုတာ မင်းတို့လည်း သိတာပဲ။ ငါတို့မှာ စုစုပေါင်း ရှစ်ပိုင်းရှိတာလေ။ ပထမအစီအစဉ်မှာ သူ ကောင်းကောင်းလုပ်နိုင်တော့ရော ဘာဖြစ်လဲ။ ငါတို့ထိန်းချုပ်မှုအောက်ကနေ သူလွတ်နိုင်ပါ့မလား။ သူ့ကို အောက်ဆုံးထိ ပစ်ချဖို့ အခွင့်အရေးတွေ အများကြီး ရှိသေးတယ်။ ငါက ဒီအစီအစဉ်ရဲ့ ခေါင်းဆောင်ဒါရိုက်တာပဲ။ ငါ ဒါရိုက်တာလုပ်လာတာ ဘယ်လောက်ကြာပြီလဲ။ ငါက မင်းတို့ရဲ့ အကြံပေးချက်တွေကို လိုမယ်ထင်လို့လား?!"
တန်းဝေက ထျန်းရှန်ကို ဆူပူကြိမ်းမောင်းပြီး သူ၏ဒေါသအားလုံးကို ပုံချလိုက်သည်။ မကြာသေးမီကပင် သူဌေးကတော်ဟော့က ဆုန်ကျူယောင်သည် ကမ္ဘာအတုထဲတွင် မည်သို့ကြောင့် ကောင်းမွန်စွာ နေထိုင်နေရသနည်းဟု သူ့ကို ဖုန်းဆက်ကာ ကြိမ်းမောင်းခဲ့သေးသည်။ တန်းဝေသည် လုပ်ငန်းနယ်ပယ်တွင် ထင်ရှားသော ဒါရိုက်တာတစ်ဦးဖြစ်ပြီး အနုပညာဆုရ မင်းသား၊ မင်းသမီးများပင် သူ၏အစီအစဉ်တွင် ပါဝင်ခွင့်ရရန် သူ့ကို ဖော်လံဖားကြရသည်။ သို့သော် ယခုမူ သူသည် ခြေဆုံးခေါင်းဆုံး ကြိမ်းမောင်းခံလိုက်ရသည်။ ဟော့မိသားစုသာ ရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ဦးမဟုတ်ပါက သူသည် ဖုန်းကို သူဌေးကတော်ဟော့၏ မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်မိပေလိမ့်မည်။ ယခုပြန်လာသောအခါ လက်ထောက်ဒါရိုက်တာ၏ ထောက်ပြမှုကြောင့် သူ၏ မာန်မာန ထိခိုက်သွားသည်။
"ဒါရိုက်တာကြီး၊ ကျွန်တော်ပြောချင်တာက... ပြစ်ဒဏ်ကျခံနေရပြီး ပြစ်တင်ရှုတ်ချခံနေရမယ့် လူသတ်သမားတစ်ယောက်က အခုတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာအတုထဲမှာ နာမည်ကြီးပြီး လွတ်လွတ်လပ်လပ်နဲ့ အချစ်ခံနေရတာက... ဒါက လက်ခံနိုင်စရာ မဟုတ်ဘူးလေ..."
နစ်နာသူတွေရဲ့ မိသားစုတွေက ဒါကို မြင်ရင် ဘယ်လောက် စိတ်မကောင်းဖြစ်လိုက်မလဲ။
"အရာအားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတယ်။ ပြောဆိုသံတွေ၊ လူကြိုက်များတာတွေ၊ အားပေးမှုနှုန်းတွေအားလုံးက ပထမအစီအစဉ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ မင်းက ဘာကို မကျေနပ်တာလဲ။ သူ ဂုဏ်ယူနေပလေ့စေ၊ အမြင့်ဆုံးကို ရောက်လေ၊ ပြုတ်ကျရင် ပိုနာလေပဲ၊ ဒါကို မင်း သိလား။ နားလည်လား။ မကျေနပ်ရင် ထွက်သွားလိုက်!"
တန်းဝေ၏ ဒေါသကြီးလှပုံသည် နာမည်ကြီးလှသည်။ အထူးသဖြင့် တရားစီရင်ရာနေ့ရက်များ လက်တွေ့ရှိုး၏ ဒါရိုက်တာဖြစ်လာပြီးနောက်ပိုင်း သူ၏ကျော်ကြားမှုနှင့်အတူ ဒေါသသည်လည်း ပိုမိုကြီးထွားလာခဲ့သည်။ စတူဒီယိုခန်းမတစ်ခုလုံး နေရခက်သော တိတ်ဆိတ်မှုအတွင်းသို့ ကျရောက်သွားခဲ့သည်။ ထျန်းရှန်သည် မချိပြုံးဖြင့် သူ၏နေရာသို့ ပြန်သွားပြီး ဘာမှထပ်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးက အနားသို့လာကာ တိုးတိုးလေး နှစ်သိမ့်လိုက်သည်။
"စိတ်ထဲမထားပါနဲ့၊ သူက အသက်ကြီးလာလို့ပါ"
"အင်း။ လူကြီးမင်းကေဘက်မှာရော အခြေအနေ ဘယ်လိုလဲ?" ဆုန်ကျူယောင်၏ အတိတ်မှ ကြီးလေးသော အားနည်းချက်တစ်ခုခုကို အမြန်ဆုံး ရှာတွေ့နိုင်ရန်သာ ထျန်းရှန် မျှော်လင့်နိုင်တော့သည်။ အခြေအနေများသည် တန်းဝေ ထင်သလောက် မရိုးရှင်းကြောင်းနှင့် ဤအတိုင်းသာ ဆက်သွားနေပါက ပို၍ အန္တရာယ်ရှိလာနိုင်သည်ဟု သူ ခံစားနေရသည်။
"လောလောဆယ်တော့ ဘာမှမရသေးဘူး" ဖန်သားပြင်ပေါ်တွင် အရာအားလုံး ပေါ်နေသော်လည်း ကမ္ဘာအတုသည် ရှုပ်ထွေးလှသော ဒေတာအမြောက်အမြားဖြင့် ဖွဲ့စည်းထားသဖြင့် ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲလှသည်။ သတ်မှတ်ထားသော မြင်ကွင်းတစ်ခုကို ပြန်လည်ရှာဖွေရန်အတွက် ကုဒ်ပေါင်းမြောက်မြားစွာကို ဖြတ်ကျော်ရပြီးမှ ပုံရိပ် သို့မဟုတ် အသံအဖြစ် ပြန်လည်စုစည်းရခြင်းဖြစ်သည်။ ၎င်းသည် မလွယ်ကူလှသော အလုပ်ဖြစ်သည်။
သူသည် ထိုသို့တွေးရင်း မအောင့်အည်းနိုင်ဘဲ ရေရွတ်လိုက်မိသည်။
"ငါတို့အရှင်မင်းကြီးက တော်တော် အစွမ်းထက်တာပဲ"
......
မင်ရှု့ ဒဏ်ရာရသွားလိမ့်မည်ဟု ထန်းခိုင် မျှော်လင့်ထားသော်လည်း ဤမျှ ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤအရာသည် ကမ္ဘာအတုဖြစ်နေသော်လည်း သတိထားရန် လိုအပ်ပုံရသည်။ ဆုန်ကျူယောင်၏ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများ ရှိနေသဖြင့် သူမနှင့် အနီးကပ် ထိတွေ့ခွင့်ရရန် အခွင့်အရေးတစ်ခုဖြစ်လာခဲ့သည်။ ထန်းခိုင်၏ ရည်ရွယ်ချက်ကို မင်ရှု့ သိမြင်လိုက်ရပြီး စိတ်မအေးသလိုဖြစ်မိသော်လည်း ဘာလုပ်ရမည်ကို မသေချာပေ။ နောက်ဆုံးတွင် ၎င်းတို့သည် ဆုန်ကျူယောင်ကို စမ်းသပ်ရန်နှင့် ဒုက္ခပေးရန် ဤနေရာသို့ ရောက်နေကြခြင်း မဟုတ်လေသလော။
ထန်းခိုင်က မင်ရှု့၏ ဒဏ်ရာများကို ဆေးထည့်ပေးနေစဉ် ဆုန်ကျူယောင်က ပြတင်းပေါက်အနားသို့ လျှောက်သွားပြီး လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ သူမ၏ အကြည့်များသည် အပြင်ဘက် ရှုခင်းပေါ်တွင် ဝဲပျံနေရင်း ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏ လှပသော မျက်ဝန်းများသည် တစ်ဖန် ထူးခြားသော တောက်ပမှုများဖြင့် ဝင်းလက်လာပြန်သည်။ ပရိသတ်များ၏ အာရုံစိုက်မှုသည် ပင်မကင်မရာဆီသို့ လျင်မြန်စွာ ကူးပြောင်းသွားရာ ဘောလုံးကွင်းနှင့် ဘောလုံးကစားနေသော ယောက်ျားလေးတစ်စုကို တွေ့လိုက်ရသည်။ ကွင်းအနီးတွင် သစ်တောအုပ်လေးရှိပြီး အချို့ကျောင်းသားများသည် သစ်သားကုလားထိုင်များပေါ်တွင် အနားယူနေကြသည်။ ဆုန်ကျူယောင်၏ အကြည့်များသည် စာဖတ်နေသော ကောင်လေးတစ်ယောက်ပေါ်တွင် စူးစိုက်နေသည်။
[သူ ဘာကို ကြည့်နေတာလဲ?]
[ကောင်လေးတစ်ယောက်ကို ကြည့်နေတာနဲ့ တူတယ်?]
[ဟာ... ငါ မျက်စိမှုန်နေတာလား။ စောစောက သူ့ကို ငါမမြင်လိုက်မိဘူး!]
[ဒါ ကျောင်းပွဲတော်အပြီး ဆုန်ကျူယောင် သူ့အဆောင်ခန်းက မှန်ပြောင်းနဲ့ ချောင်းကြည့်နေတဲ့ လူများလား?]
[ဆုန်ကျူယောင်က သူ့ကို ဘာလို့ ကြည့်နေရတာလဲ?]
[သူ့ကြည့်ရတာ မှုန်ကုပ်ကုပ်နဲ့... လူကြားထဲမှာရှိနေတယ်လို့တောင် မထင်ရဘူး။ ဆုန်ကျူယောင်က သူ့ကို စိတ်ဝင်စားစရာ အကြောင်းမရှိပါဘူး]
ပရိသတ်များ မည်သို့ ခန့်မှန်းနေကြပါစေ၊ ဆုန်ကျူယောင်၏ အကြည့်များသည် သာမန်ကာလျှံကာ အသွင်အပြင်နှင့် မှိုင်တွေနေသော ထိုကောင်လေးပေါ်တွင်သာ စွဲမြဲနေဆဲဖြစ်သည်။ မင်ရှု့ကို ဆေးထည့်ပေးပြီးနောက် ထန်းခိုင်သည် ဆုန်ကျူယောင်ဘက်သို့ အာရုံပြောင်းလိုက်သည်။ သူမသည် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ လက်ကလေးဖြင့် မေးကိုထောက်လျက် အပြင်ဘက်သို့ ငေးကြည့်နေသည်။ သူမသည် ညနေခင်း နေရောင်ခြည်အောက်တွင် နေပူဆာလုံနေသကဲ့သို့ပင်။ သူမ၏ ဘေးတိုက်ပုံရိပ်သည် နူးညံ့လှသော ရွှေရောင်လေးများဖြင့် ပေါ်လွင်နေသည်။ ရှည်လျားသော မျက်တောင်များ၊ မြင့်မားသော နှာတံလေး၊ နီမြန်းပြီး ထင်ရှားသော နှုတ်ခမ်းလွှာများနှင့် ပယင်းရောင် မျက်ဝန်းလေးများသည် အလင်းအောက်တွင် တလက်လက် တောက်ပနေသည်။ သူမသည် အပြင်ဘက် မြင်ကွင်းတွင် နစ်မျောနေလေသည်။ ဆုန်ကျူယောင်သည် အပြင်က ရှုခင်းကို ကြည့်ရင်း ငေးမောနေသော်လည်း သူမကိုယ်တိုင်သည်လည်း အခြားတစ်ယောက်၏ မျက်လုံးထဲတွင် လှပသော ရှုခင်းတစ်ခုဖြစ်နေသည်ကို မသိရှာပေ။
"ဘာတွေ ကြည့်နေတာလဲ?" ထန်းခိုင်က ဆေးပုလင်းကို ကိုင်ကာ သူမအနားသို့ ချဉ်းကပ်လာသည်။
ဆုန်ကျူယောင်က သူမ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းပြီး ခေါင်းခါပြလိုက်သည်။
"ဆရာ ဆေးထည့်ပေးမယ်လေ။ မစိုးရိမ်ပါနဲ့၊ အမာရွတ် မကျန်စေရပါဘူး" ထန်းခိုင်က သူမအနားသို့ လျှောက်သွားပြီး သူမ၏မေးစေ့ကို ကိုင်ကာ ဆေးထည့်ပေးရန် ကိုင်းညွတ်လိုက်သည်။
မင်ရှု့၏ အမြင်တွင်တော့ ဤအတွဲ၏ မြင်ကွင်းသည် အမှန်တကယ် မျက်စိပသာဒဖြစ်လှသည်။ နှစ်ယောက်လုံး အလွန်ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိကာ အထက်တန်းကျသော ပုံစံရှိကြသည်။ အရပ်ရှည်ရှည်နှင့် အမျိုးသားက ဂွမ်းတံကို ဆေးထဲနှစ်ကာ မိန်းကလေး၏ မျက်နှာပေါ်ရှိ ဒဏ်ရာများတွင် ညင်သာစွာ တို့ပေးနေသည်။ ၎င်းတို့၏ မျက်လုံးများ ခဏခဏ အကြည့်ချင်း ဆုံသွားကြရာ၊ အနီးကပ် ရှိနေမှုကြောင့် ၎င်းတို့ကြားတွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခု လောင်ကျွမ်းနေသကဲ့သို့ပင်။
လီကျောက်သည် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်ကာ နားရွက်လေးများ နီမြန်းနေရှာသည်။ ထန်းခိုင်သည် ဤမြင်ကွင်းကို အကြိမ်ကြိမ် လေ့ကျင့်ထားပြီးဖြစ်သည်။ သူသည် ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိသော လူကြီးလူကောင်းတစ်ဦးဖြစ်သည်။ စောစောက မင်ရှု့ကို ဆေးထည့်ပေးစဉ်ကပင် မင်ရှု့သည် ရှက်သွေးဖြာခဲ့ရသည်။ သူ၏ သေချာစီစဉ်ထားသော အကြည့်များဖြင့် လူပျိုလှည့်မှုအောက်တွင် မည်သည့်အမျိုးသမီးမဆို ရင်ခုန်သွားရမည်မှာ အသေအချာပင်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ အမျိုးသမီးပရိသတ်များသည်လည်း စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်နေကြပြီဖြစ်သည်။ ဆုန်ကျူယောင်၏ ရှုထောင့်မှ ကြည့်နေသူများသည်လည်း ရင်ခုန်လွန်းသဖြင့် ခြေချောင်းလေးများပင် ကွေးနေကြတော့သည်။
သို့သော်လည်း ဇာတ်လမ်း၏ ပင်မဇာတ်ကောင် ဆုန်ကျူယောင်၏ အသားအရေသည် အနည်းငယ်မျှပင် နီမြန်းမလာခဲ့ပေ။ သူမ၏ အကြည့်သည်လည်း ရှောင်လွှဲခြင်းမရှိဘဲ သူ့အကြည့်ကို တည့်တည့်ရင်ဆိုင်နေသည်။ သူမ၏ ကြည်လင်ပြီး အပြစ်ကင်းစင်သော မျက်ဝန်းများသည် ဆောင်းဦးရာသီ၏ ရေကန်ကြီးကဲ့သို့ပင် စူးစမ်းလိုစိတ်နှင့် သဘာဝအတိုင်း ဆွဲဆောင်မှုရှိနေကာ အလိုအလျောက်ပင် ပို၍ညှို့ယူနိုင်စွမ်းရှိနေသည်။ မသိမသာ ဆွဲဆောင်နိုင်ခြင်းကသာ အသေအချာဆုံး အကျိုးသက်ရောက်မှု ရှိစေသည်။
ဒုန်း... ဒုန်း…
တစ်ဖက်တွင် ထန်းခိုင်သည် မျက်လုံးချင်း ဆုံမှုကို ဆက်မထိန်းထားနိုင်ဘဲ အရင်ဆုံး အကြည့်လွှဲလိုက်ရသည်။ သူသည် အနေရခက်စွာဖြင့် ခေါင်းကို လွှဲလိုက်ပြီး လက်ဖမိုးဖြင့် မျက်နှာကို ကွယ်ကာ ချောင်းဟန့်လိုက်သည်။
တောက်... နှမြောစရာပဲ။
"ဒေါက်တာထန်းခိုင်" ရုတ်တရက် ဆုန်ကျူယောင်က စကားစပြောလိုက်သည်။
"ဟင်?" ထန်းခိုင်က ချက်ချင်းပင် ဆွဲဆောင်မှုရှိသော ပုံစံသို့ ပြန်ပြောင်းကာ အသံကို ဩဇာရှိရှိဖြင့် တုံ့ပြန်လိုက်သည်။
"ဒေါက်တာ အိမ်ထောင်ကျပြီလား။ ကလေးတွေရော ရှိလား?"
ထိုမေးခွန်းကြီး ပေါ်ထွက်လာသောအခါ ထန်းခိုင်၏ မျက်နှာအမူအရာ အေးခဲသွားပြီး မင်ရှု့သည်လည်း စိတ်ထဲမှ "သေပြီ" ဟု ရေရွတ်မိလိုက်သည်။ ယခု သူ ဘာလုပ်သင့်သနည်း။ ထန်းခိုင်က ငြင်းလိုက်သင့်သလော။ ၎င်းတို့၏ တာဝန်သည် ဆုန်ကျူယောင်ကို ဒုက္ခပေးရန် ဖြစ်သော်လည်း ၎င်းတို့ကိုယ်တိုင် ဗီလိန်နေရာမှ ပါဝင်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်။ သို့မှသာ ပရိသတ်သည် ၎င်းတို့အပေါ် အမြင်မစောင်းမည်ဖြစ်သည်။ ဇာတ်ကောင်သည် သရုပ်ဆောင်များကဲ့သို့ အရေးမပါသော်လည်း ဇာတ်ကောင်ကို မုန်းတီးရာမှ သရုပ်ဆောင်ကိုပင် မုန်းတီးသွားတတ်သည့် လူများစွာ ရှိနေသေးသည် မဟုတ်လေသလော။ ထန်းခိုင်က ငြင်းဆိုလိုက်လျှင် စမ်းသပ်မှုက အောင်မြင်ပါဦးမည်လား။ လက်ရှိတွင် ဆုန်ကျူယောင်သည် ထန်းခိုင်အပေါ် မည်သည့် အချစ်စိတ်မျှ ရှိပုံမရပေ။ အကယ်၍ သူသာ အိမ်ထောင်ရှိပြီး ကလေးရှိခြင်းကို သူမ သိသွားပါက သူမ ချက်ချင်းပင် အလှမ်းဝေးသွားမည်ဖြစ်ပြီး လုံးဝ သွေးဆောင်ခံရမည် မဟုတ်တော့ပေ။
ဆုန်ကျူယောင်သည် ယုတ်မာပြီး ကိုယ်ကျင့်တရားမရှိသော လူတစ်ယောက် ဖြစ်ရမည်ဟု လူတိုင်း တွေးထားကြသည်။ မူလက မင်ရှု့သည်လည်း ဆုန်ကျူယောင်ကို ထိုသို့သောသူဟု ယုံကြည်ခဲ့ပြီး ကမ္ဘာအတုထဲ မဝင်ခင်ကတည်းက ဤအမြင်ကို စွဲကိုင်ထားခဲ့သည်။ သို့သော် ယခုမူ ဆုန်ကျူယောင်အပေါ် သူမ၏ အမြင်များ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ ဆုန်ကျူယောင်သည် ထန်းခိုင်ကို ကြည့်ကာ အဖြေကို စောင့်နေဆဲပင်။ ထန်းခိုင်သည် တကယ့် ဧကရာဇ်အဆင့် သရုပ်ဆောင်တစ်ဦး ပီသလှသည်။ သူသည် ချက်ချင်းပင် စိတ်တည်ငြိမ်သွားပြီး ပြန်မေးလိုက်သည်။
"ရုတ်တရက်ကြီး ဘာလို့ ဒီလိုမေးတာလဲ?"
ထိုအခါ ဆုန်ကျူယောင်က ပြုံးပြီး ပြောလိုက်သည်။
"ကျွန်မရဲ့ စိတ်ထဲမှာရှိတဲ့ ဖခင်တစ်ယောက်ရဲ့ ပုံရိပ်က ဒေါက်တာထန်းခိုင်နဲ့ တထပ်တည်း ကျနေလို့ပါ"
ထန်းခိုင်၏ မျက်နှာအမူအရာ တစ်ဖန် အေးခဲသွားပြန်သည်။
"ဖ-ဖခင်တဲ့လား?!"
"ဟုတ်တယ်၊ ကျွန်မ စိတ်ကူးထဲက ဖခင်ပုံရိပ်နဲ့ ဒေါက်တာက တကယ့်ကို ကွက်တိပဲ"
"pftt..!" မင်ရှု့သည် ပါးစပ်ကို ပိတ်လိုက်ရသည် "ဆောရီး၊ ရယ်စရာတစ်ခုကို သတိရသွားလို့ပါ"
[... ဟားဟားဟားဟားဟား...]
[ဟားဟားဟား...]
[ထန်းခိုင်ရဲ့ မျက်နှာပေးကို ကြည့်ဦး၊ ဒီလိုဖြစ်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဟားဟားဟားဟား]
[ငါက မင်းကို လူပျိုလှည့်ချင်တာ၊ မင်းက ငါ့ကို အဖေတစ်ယောက်လို သဘောထားနေတာတဲ့လား၊ ဟားဟားဟားဟား]
မှတ်ချက်များတွင် ရယ်မောသံများဖြင့် ပြည့်နှက်သွားတော့သည်။ ထန်းခိုင် စိတ်ပျက်သွားသဖြင့် ဆက်လက်လူပျိုလှည့်လိုစိတ် မရှိတော့ပေ။ သူသည် ဟန်လုပ်ပြုံးကာ ဆုန်ကျူယောင်ကို ဆေးထည့်ပေးပြီးနောက် ၎င်းတို့ သုံးယောက်ကို ကျောင်းဆေးခန်းမှ လိုက်ပို့လိုက်တော့သည်။ ၎င်းတို့ ထွက်လာစဉ် ဆုန်ကျူယောင်က တောအုပ်လေးဆီသို့ တမင်တကာ ပတ်သွားကာ စူးစမ်းသော မျက်လုံးများဖြင့် တစ်စုံတစ်ယောက်ကို ရှာဖွေနေသော်လည်း သူမ ရှာနေသောလူသည် ထိုနေရာတွင် မရှိတော့ပေ။ မင်ရှု့က တောအုပ်လေးဘက်သို့ လှည့်ကြည့်လိုက်သည်။ 'ဘယ်သူ့ကို ရှာနေတာလဲ' ဟု သူမ မေးချင်သော်လည်း ၎င်းတို့၏ ဆက်ဆံရေးသည် ဤကဲ့သို့သော ကိစ္စများ ဆွေးနွေးနိုင်လောက်အောင် မရင်းနှီးသေးပေ။
"မင်ရှု့၊ လီကျောက်၊ ဒီည ငါ့အဆောင်မှာပဲ လာအိပ်ကြပါလား" ဆုန်ကျူယောင်က ဖိတ်ခေါ်လိုက်သည်။
၎င်းတို့ နှစ်ယောက်လုံး ခဏမျှ ကြောင်အသွားသော်လည်း ယနေ့ ဖြစ်ရပ်ကြောင့် အဆောင်သို့ ပြန်လျှင် တစ်ခုခုဖြစ်လာမည်ကို ဆုန်ကျူယောင်က စိုးရိမ်နေခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်ကြသည်။ ထို့ကြောင့် သူမက ၎င်းတို့အား သူမ၏အဆောင်တွင် အိပ်ရန် ပြောနေခြင်းဖြစ်သည်။ မင်ရှု့ ခေါင်းညိတ်လိုက်သည်။ သူမ စိတ်ထဲတွင် ဆုန်ကျူယောင်သည် တကယ်ကို နူးညံ့ပြီး ကြင်နာတတ်သူပဲဟု တွေးမိကာ စိတ်လှုပ်ရှားသွားသည်။
အား... မင်ရှု့၊ သတိထားစမ်း။ နင် သူ့အပေါ် စိတ်မယိုင်သွားနဲ့။ သူက လူသတ်သမား ဟ။ နင်က ဒီကို တာဝန်နဲ့ လာတဲ့ အိုင်ဒေါတစ်ယောက်ပဲ။ ဒါက ဆုန်ကျူယောင်မှာ ပရိသတ်တွေ စိတ်ဝင်စားလောက်မယ့် သံသယဖြစ်ဖွယ် အချက်တွေ ရှိမရှိ စုံစမ်းဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပဲ။
ဆုန်ကျူယောင်က သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းကာ မျက်လွှာချလိုက်သည်။
'ငါ ဘယ်သူ့ကို ရှာနေတာလဲ သိချင်ကြတယ် ဟုတ်လား။ နင်တို့ကို အလွယ်တကူတော့ သိခွင့်မပေးနိုင်ဘူး၊ အဲဒါက ငါ့ရဲ့ လျှို့ဝှက်လက်နက်ပဲလေ'