7
Viewers 128

အခန်း (၇) ပထမကမ္ဘာ


တရားစီရင်ရာနေ့ရက်များ အစီအစဉ်ကို လူကြိုက်များရခြင်းမှာ လူတို့သည် ၎င်းတို့၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော စိတ်အာရုံကို နှိုးဆွရန်အတွက် တကယ့်အစစ်အမှန်၊ အမှောင်ဖုံးပြီး သွေးထွက်သံယိုဖြစ်ရပ်များကို တောင့်တကြသောကြောင့်သာမကဘဲ ၎င်းတို့၏ တရားမျှတမှုအပေါ် စွဲကိုင်ထားသည့် စိတ်ဓာတ်ကြောင့်လည်း ဖြစ်သည်။ ရာဇဝတ်သားများကို ထောင်ချခြင်း သို့မဟုတ် ကွပ်မျက်ခြင်းသည် ရိုးစင်းလွန်းပြီး ထိုပြစ်ဒဏ်များသည် နစ်နာသူမိသားစုများ၏ နာကျင်မှုကို သက်သာစေရန် မလုံလောက်ဘူးဟု လူတို့က တစ်ခါတစ်ရံ ခံစားရတတ်သည်။


ဤအစီအစဉ်ကို မကြည့်သူများပင် ရာဇဝတ်သားတစ်ယောက်သည် ဤအစီအစဉ်တွင် ဒုက္ခမျိုးစုံနှင့် နှိပ်စက်မှုကို ခံစားနေရသည်ဟု တွေးမိသောအခါ စိတ်ကျေနပ်မှုကို ခံစားရတတ်သည်။ မည်သည့်တရားခံမျှ အပြစ်ကင်းစင်သည်ဟု ၎င်းတို့ လုံးဝမယုံကြည်ကြပေ။ အမှန်တကယ်ပင်၊ ယခင်အစီအစဉ်များတွင်လည်း အစီအစဉ်၏ စမ်းသပ်မှုများကို မည်သည့်တရားခံမျှ မကျော်ဖြတ်နိုင်ခဲ့ဘဲ နောက်ဆုံးတွင် ၎င်းတို့၏ ရုပ်ဆိုးညစ်ပတ်သော အမှန်တရားများ ပေါ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခု တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်တွင် လူသတ်သမား ဆုန်ကျူယောင်သည် မည်သည့်ဒုက္ခမျှ မခံစားရသည့်အပြင် အတိတ်တွင် ကောင်းမွန်သော ဘဝတစ်ခုကိုပင် ပိုင်ဆိုင်ထားပုံရသည်။ ဤအတွေးသည် ကြည့်ရှုသူများကို အလွန်ဒေါသထွက်စေသည်။


သို့သော်လည်း ဆုန်ကျူယောင်ကမူ ဤအချက်ကို တွေးမိပြီး အလွန်ပျော်ရွှင်နေသည်။ သူမသည် ဤဗုံးကို ပစ်ချလိုက်ကတည်းက ဤကဲ့သို့သော ရလဒ်မျိုးကို လိုချင်ခဲ့ခြင်း မဟုတ်လေသလော။ ကြည့်ရှုသူများသည် တရားခံများ၏ သနားစရာကောင်းသော အသွင်အပြင်ကိုသာ မြင်တွေ့နေကျဖြစ်ပြီး ယခုကဲ့သို့ တောက်ပကျော့ရှင်းနေသော တရားခံမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ သူမသည် ၎င်းတို့၏ စိတ်ခံစားချက်များကို နှိုးဆွပေးရပေလိမ့်မည်။ ဒေါသဖြစ်စေ၊ ရွံရှာခြင်းဖြစ်စေ၊ စူးစမ်းချင်စိတ်ဖြစ်စေ တစ်ခုခုဖြစ်အောင် ပြုလုပ်မှသာ ၎င်းတို့က သူမကို စိတ်ဝင်စားလာမည်ဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းတို့ ငြီးငွေ့သွားကြပေလိမ့်မည်။ ဤသည်မှာ ၎င်းတို့ကို သူမအကြောင်း နားလည်စေရန်နှင့် သူမ၏ အနိမ့်အမြင့်အတက်အကျများတွင် ၎င်းတို့ကို စိတ်ခံစားချက်အရ ပါဝင်လာစေရန် အခွင့်အရေးဖြစ်သည်။ မဟုတ်လျှင် သူမသည်လည်း ယခင်တရားခံများကဲ့သို့ ၎င်းတို့အတွက် ဖျော်ဖြေရေးကိရိယာတစ်ခုသာ ဖြစ်နေပေလိမ့်မည်။


'ငါ့ကို စောင့်ကြည့်နေလိုက်စမ်းပါ'

......


ဆုန်ကျူယောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူအရေအတွက်သည် အချိန်တိုအတွင်း သန်း ၂၀၀ မှ သန်း ၅၀၀ အထိ ထိုးတက်သွားပြီး ဆက်လက်မြင့်တက်နေဆဲပင်။ ဤသို့သော ကြည့်ရှုမှုနှုန်းမျိုးသည် အစီအစဉ်ကို အသစ်အဆန်းအဖြစ် စတင်စိတ်ဝင်စားခဲ့ကြသည့် ပထမဆုံးရှိုးတွင်သာ တွေ့မြင်ခဲ့ရဖူးသည်။ သူဌေးကတော်ဟော့သည် အလွန်ဒေါသထွက်နေပြီး အစီအစဉ်အဖွဲ့မှ တန်းဝေကို ဖုန်းဆက်ဆူပူရန်နှင့် ကိစ္စများကို မည်သို့ ကိုင်တွယ်နေသနည်းဟု မေးမြန်းရန် ပြင်ဆင်နေသော်လည်း စုရှင်းက ကြားဖြတ်တားဆီးလိုက်သည်။


"အန်တီ... စိတ်မပူပါနဲ့။ မှတ်ချက်တွေကို ကြည့်လိုက်ပါဦး၊ အခု ပရိသတ်တွေက အန်တီထက်တောင် ပိုပြီး ဒေါသထွက်နေကြတာ။ ဒီမိန်းမက ကမ္ဘာအတုထဲမှာ ဘာတွေလုပ်ခဲ့သလဲဆိုတာ သူတို့ မသိကြသေးပေမယ့် အစီအစဉ်အဖွဲ့ကတော့ မကြာခင် တစ်ခုခုလုပ်တော့မှာပါ။ သူ့ကို ဒီအတိုင်း ကြာကြာလွှတ်ထားမှာ မဟုတ်ပါဘူး။ အခု သူ သာယာနေပေမယ့် ခဏနေ ဘာတတ်နိုင်မှာမို့လို့လဲ။ ဘယ်ပရိသတ်ကမှ သူ့ကို တရားမျှတမှုအတွက် မဲပေးကြမှာ မဟုတ်ဘူး။ သူ အဲဒီထဲမှာ ပိုပြီး စွမ်းဆောင်ပြနိုင်လေ၊ အပြင်လောကမှာ နာမည် ပိုပျက်လာလေပဲ..."


သူဌေးကတော်ဟော့သည် စိတ်အေးသွားသည်။

"သူ အဲဒီထဲ ရယ်နေတာကို မြင်ရတာတော့ ငါ့ရင်ထဲ မခံစားနိုင်လွန်းလို့ပါ။ ငါ့ရဲ့ အဖိုးတန်သားလေးကို နာကျင်အောင်လုပ်ခဲ့တဲ့ အဲဒီမိန်းမကို လည်ပင်းညှစ်ပြီး သတ်ပစ်ချင်တယ်..."


စုရှင်းက သူမကို အမြန်ချော့လိုက်သော်လည်း ရှေ့မှ ဖန်သားပြင်ကို ကြည့်နေစဉ် သူမ၏ နှလုံးသား ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် အစီအစဉ်အဖွဲ့နှင့် အဆက်အသွယ်ရှိသဖြင့် ဇာတ်ညွှန်းကို ကြိုတင်ဖတ်ရှု့ခွင့်ရထားသူ ဖြစ်သည်။ ဤမိန်းကလေး ဖြတ်သန်းခဲ့ရသည့် မိသားစုနောက်ခံနှင့် ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ်ကောင်းပြီး အဆင့်တိုင်းတွင် ပိုမိုဆိုးရွားလာမည့် ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်သည်။ မည်သူမဆို ရူးသွပ်သွားနိုင်သည့် အခြေအနေမျိုးတွင် သူမသည် မည်သို့ ရုန်းထွက်ပြီး ယခုကဲ့သို့သော လူမျိုးဖြစ်လာသနည်းဟု စုရှင်း အံ့သြနေမိသည်။ ဤသည်မှာ ယခုအချိန်တွင် လူတိုင်း သိချင်နေကြသော အဖြေတစ်ခုဖြစ်သည်။


"ဒါရိုက်တာ... ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ?" မင်ရှု့သည် အမျိုးသမီးအိမ်သာထဲသို့ ပြေးဝင်ကာ အစီအစဉ်အဖွဲ့ကို တိုးတိုးလေး မေးလိုက်သည်။ ဘေးခန်းမှ အမျိုးသားအိမ်သာထဲတွင်လည်း ထန်းခိုင်က ညွှန်ကြားချက်ကို စောင့်နေသည်။


ခဏအကြာတွင် လက်ထောက်ဒါရိုက်တာထျန်းရှန်က တုံ့ပြန်လာသည်။

"အခက်အခဲအဆင့် မြင့်သွားပေမယ့် မင်းတို့ရဲ့ အလုပ်ကတော့ အရင်အတိုင်းပါပဲ"


ခင်မင်မှုရယူခြင်းနှင့် ဆွဲဆောင်ခြင်းစသည့် လွယ်ကူလှသည်ဟု ထင်မှတ်ထားသော တာဝန်များသည် ရုတ်တရက် လွယ်ကူသောအဆင့်မှ ခက်ခဲသောအဆင့်သို့ ပြောင်းလဲသွားခဲ့သည်။ မင်ရှု့သည် အသက်ကို ပြင်းပြင်းရှူပြီး ပရိသတ်များ နှစ်သက်သော သူမ၏ တက်ကြွသည့် အပြုံးကို ပြန်လည်ဆင်မြန်းလိုက်သည်။


"ဝါး၊ အခက်အခဲအဆင့် မြင့်သွားတော့ ဒီစိန်ခေါ်မှုကို ပိုပြီး လုပ်ချင်စိတ်တောင် ပေါက်လာပြီ!" ထိုသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ 'သူက ဒီကျောင်းက ဘွဲ့ရသွားပြီဆိုတော့ ငါက သူ့နားကို ဘယ်လိုကပ်ပြီး သူငယ်ချင်းဖြစ်အောင် ဘယ်လိုလုပ်ရလဲ။ ရူးစရာပဲ!' ဟု တွေးနေမိသည်။


ထန်းခိုင်ကမူ အိမ်သာထဲမှ မထွက်မီ အကြံတစ်ခုရသွားသည်။ သူသည် ကျောင်းဆေးခန်းသို့ အမြန်သွားကာ ကွန်ပျူတာကို ဖွင့်ပြီး ရှာဖွေရေးအင်ဂျင်တွင် "ဆုန်ကျူယောင်" ဟု ရိုက်ထည့်လိုက်သည်။ ဆုန်ကျူယောင်နှင့် ပတ်သက်သည့် အချက်အလက်များ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ပေါ်လာသည်။ သူမသည် နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး အွန်လိုင်းစွယ်စုံကျမ်းတွင် သူမ၏ ဘဝမှတ်တမ်းအသေးစိတ်ကို သူ တွေ့ရှိသွားသည်။


"မြန်မြန်... ထန်းခိုင်ဆီ မြင်ကွင်း ပြောင်းလိုက်!" အပြင်လောကတွင် ထုတ်လုပ်ရေးအဖွဲ့နှင့် ပရိသတ်များသည် ထန်းခိုင် ကွန်ပျူတာရှေ့တွင် ငုံ့ကြည့်နေခြင်းကို လိုက်ကြည့်နေကြသည်။


ဆုန်ကျူယောင် - နိုင်ငံတော်၏ အချစ်တော်၊ ကျော်ကြားသော ပါရမီရှင်၊ ထူးချွန်သော သင်္ချာပညာရှင်၊ အိုလံပစ်ဆုရရှိသည့်အဖွဲ့၏ အငယ်ဆုံးအဖွဲ့ဝင်…


ဘွဲ့ထူး ဂုဏ်ထူးများ တန်းစီနေသည်ကို မြင်ရသောအခါ ထုတ်လုပ်ရေးအဖွဲ့ မယုံကြည်နိုင်ဖြစ်သွားကြသည်။ ဤသည်မှာ ၎င်းတို့ စီစဉ်ထားသော ဘဝလမ်းကြောင်း မဟုတ်ပေ။ ၎င်းတို့ မျှော်လင့်ထားသည်မှာ ဒုက္ခရောက်နေသော သူဆင်းရဲမလေးဖြစ်သော်လည်း ယခုတွေ့နေရသူသည် ဘဝ၏ အောင်မြင်သူကြီးဖြစ်နေသည်။ လူတိုင်း သူမ၏ ဘဝဇာတ်ကြောင်း အကျဉ်းချုပ်ကို ဆက်လက်ဖတ်ရှုလိုက်ကြသည်။


ဘဝအတွေ့အကြုံ: ဆုန်ကျူယောင်သည် အသက် ၁၀ နှစ်အရွယ်တွင် ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး စုဆောင်းငွေလည်း မရှိခဲ့ပေ။ သူမနှင့် မိခင်ဖြစ်သူ ရပ်တည်နိုင်ရန်အတွက် "အောင်နိုင်သူ ကျွန်ုပ်" ဟုခေါ်သော ပဟေဠိဖြေဆိုသည့် အစီအစဉ်တွင် ပါဝင်ခဲ့သည်။ သူမသည် ပါဝင်ယှဉ်ပြိုင်သူအားလုံးကို အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ဖြင့် အနိုင်ယူကာ အစီအစဉ်တစ်ခုလုံးအတွက် အမြဲတမ်းပြိုင်ပွဲဝင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ သူမသည် မေးခွန်းအားလုံးကို ၁၀၀ ရာခိုင်နှုန်း မှန်ကန်အောင် ဖြေဆိုနိုင်သည်အထိ စံချိန်တင်ခဲ့ပြီး ထိုအစီအစဉ်၏ ချန်ပီယံအဖြစ်နှင့် တစ်နိုင်ငံလုံး၏ အချစ်တော်အဖြစ် ကျော်ကြားလာခဲ့သည်။ ထို့နောက် ကျင်းခယ့်အကယ်ဒမီသို့ တက်ရောက်ခဲ့ပြီး တစ်နှစ်အတွင်း အတန်းကျော်ကာ အဆင့်မြင့်တက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့သည်…


အကဲဖြတ်ချက်: ဆုန်ကျူယောင်၏ ဆိုးရွားသော ကလေးဘဝသည် သူမကို စောစီးစွာ ရင့်ကျက်စေခဲ့သော်လည်း အခက်အခဲများကို ရင်ဆိုင်ရာတွင် သူမ၏ ကြံ့ခိုင်မှုသည် မှတ်သားလောက်သည်။ သူမ၏ အောင်မြင်မှုများသည် ရသင့်ရထိုက်သော အရာများဖြစ်ပြီး ဤကဲ့သို့သော အရည်အချင်းရှိသူ တစ်ဦးသည် သီအိုရီအရ မည်သည့်အခါမျှ ရှုံးနိမ့်နိုင်မည်မဟုတ်ပေ။


ဤအချက်အလက်များကြောင့် ဆုန်ကျူယောင်သည် အဘယ်ကြောင့် ယခုကဲ့သို့ လူမျိုးဖြစ်လာသည်ကို ၎င်းတို့ အရိပ်အမြွက် သိရှိသွားကြသည်။ သူမသည် ငရဲခန်း၏ ပထမအဆင့်ပြီးနောက် လမ်းကြောင်းလွဲသွားပြီး ပြိုင်ပွဲဝင်ခြင်းဖြင့် ဆုကြေးငွေများရရှိကာ NPC များ၏ ချစ်ခင်မှုကို ရရှိခဲ့ပုံရသည်။


[ဟား... ဒီတရားခံက တကယ်ကြီး လန်းလွန်းမနေဘူးလား]


[သူက ထောင်မကျခင်တုန်းကလည်း မြို့တော်တက္ကသိုလ်မှာ ဘွဲ့နှစ်ခုတပြိုင်တည်းယူနေတဲ့ ထိပ်တန်းကျောင်းသူလေ]


[IQ မြင့်တဲ့ ရာဇဝတ်သားလား?]


[ဒီလောက် အရည်အချင်းရှိရင် အပြင်လောကမှာ ဘာလို့ အလုပ်ကောင်းကောင်းမလုပ်တာလဲ။ ဉာဏ်ကောင်းတာက သူ့ရဲ့ စိတ်ဝေဒနာနဲ့ ကာမရမ္မက်ကြီးတာကို ဖုံးကွယ်လို့မရပါဘူး]


[IQ ဘယ်လောက်မြင့်မြင့်၊ ကလေးတစ်ယောက်ကို ဖြားယောင်းလို့မရတာနဲ့ သတ်ပစ်ခဲ့တဲ့ အချက်ကတော့ မပြောင်းလဲဘူး။ ဒီအောင်မြင်မှုရဲ့ နောက်ကွယ်မှာ တခြားလူတွေ မမြင်နိုင်တဲ့ အမှောင်ဘက်ခြမ်းရှိနေမှာ။ ဒီလိုလူမျိုးက လူ့ပတ်ဝန်းကျင်အတွက် ပိုတောင် အန္တရာယ်ရှိသေးတယ်။ အချိန်ကပဲ သက်သေပြလိမ့်မယ်]


[သိုးရေခြုံထားတဲ့ ဝံပုလွေရဲ့ အရောင်အစစ် ပေါ်လာမှာကို စောင့်နေမယ်!]


[သွားသေလိုက်စမ်း လူသတ်သမား]


အစီအစဉ်အဖွဲ့မှ ဝန်ထမ်းများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပညာရှင်အဖွဲ့သည်လည်း စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ မှတ်ဉာဏ်များကို ဖုံးကွယ်ထားသော တရားခံကို ကမ္ဘာအတုထဲသို့ ပစ်ထည့်လိုက်သောအခါ ၎င်းတို့၏ ပင်ကိုယ်စရိုက်သည် ထင်ဟပ်လာတတ်သည်။ သို့သော် ၎င်းတို့သည် သူမကို သာမန်မိန်းကလေးတစ်ဦးဟု ထင်မှတ်ထားသည့်အတွက် သူမ၏ ဉာဏ်ရည်နှင့် ထူးခြားသော စရိုက်ကို လျှော့တွက်မိခဲ့ကြသည်။

......


တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီး မကြာမီပင် ဤအစီအစဉ်သည် အင်တာနက်ပေါ်တွင် နံပါတ်တစ် လူပြောအများဆုံး အကြောင်းအရာဖြစ်လာသည်။


လော့ချောင်သည် ဖုန်းကြည့်နေရင်း ကား အနောက်ခန်းတွင် ထိုင်နေသော ဟော့စန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဟေ့... ဒါက ဟိုအရူးကောင် ဟော့ဟိုင်ကို သတ်သွားတဲ့ မိန်းကလေး မဟုတ်လား။ သူ့ကို မင်း ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်ကြည့်နေမှာလား"


ဟော့စန်းကမူ ပေါင်ပေါ်မှ စာရွက်စာတမ်းများကိုသာ အာရုံစိုက်နေပြီး မော့မကြည့်ဘဲ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

"မအားဘူး"


"ဟုတ်သားပဲ၊ မင်းက မနှစ်က ဝန်ကြီးအဖွဲ့ စာမေးပွဲအတွက် ပြင်ဆင်နေတာကို။ မင်းလို တည်ငြိမ်တဲ့လူမျိုးဆိုရင်တောင် ငါတို့ရဲ့ ရက်စက်လှတဲ့ အရှင်မင်းကြီးနဲ့ တွေ့ရဖို့ စိတ်လှုပ်ရှားနေတာဆိုတော့ ဒီအပြစ်ကင်းတဲ့ မိန်းကလေးကို ဂရုစိုက်ဖို့ အချိန်မရှိဘူးပေါ့။ သူ့ဓာတ်ပုံတောင် မကြည့်ဖြစ်ဘူး ထင်တယ်" လော့ချောင်က ဆိုသည်။


သူသည် ပြတင်းပေါက်အပြင်ဘက်မှ နန်းတော်၏ ကျောက်ဆောင်မျှော်စင်ကို ကြည့်ရင်း ဆက်ပြောလိုက်သည်။

"သူ ဒီလောက်လှမှန်းသာ သိရင် တစ်နည်းနည်းနဲ့ ဝင်ပါပြီး သူ့ကို ကယ်ပေးလိုက်ပါတယ်။ ဒါပေမယ့် အခုတော့ နောက်ကျသွားပြီ။ ထောင်ထဲရောက်နေပြီလေ။ အရှင်မင်းကြီးက တရားစီရင်ရေးကို စိန်ခေါ်ပြီး ဒီအစီအစဉ်နဲ့ ပြစ်ဒဏ်လျှော့ဖို့ ကြိုးစားတဲ့ ရာဇဝတ်သားတွေကို အမုန်းဆုံးပဲ..."


ဟော့စန်း : "မင်း ကြောက်နေလို့ပါ"


လော့ချောင်က ရယ်မောကာ "နောက်တာပါ ကွ။ ငါက အရည်အချင်းရှိတဲ့သူပဲ၊ ရိုးရှင်းတဲ့ ဒုတိယအအမှုစစ်ဆေးမှုလောက်ကို ဘာကိစ္စ ကြောက်ရမှာလဲ?" ဟု ပြန်ပြောသော်လည်း မျက်လုံးထဲတွင်မူ စိတ်လှုပ်ရှားမှုများ ရှိနေသည်။


"မင်း ကြောက်ရင် စကားတွေ အများကြီး ပြောတတ်တယ်" ဟော့စန်းက ဆက်ပြောလိုက်သည်။


လော့ချောင်က တိုးတိုးလေး ညည်းတွားလိုက်သည်။

"အရှင်မင်းကြီးနဲ့ တွေ့ရတာကို ဘယ်သူက မကြောက်ဘဲ နေမှာလဲ။ ပြီးရင် ငါတို့ကို လူတွေ့စစ်ဆေးဦးမှာ..."


သူ့တွင် စိုးရိမ်ထိတ်လန့်မှုများ ရှိနေသော်လည်း လော့ချောင်၏ မျက်ဝန်းများထဲတွင်မူ ပြင်းပြသော အလိုဆန္ဒအရိပ်အမြွက်များ တောက်ပလျက်ရှိသည်။

......


ကမ္ဘာအတုအတွင်း၌။

ဆုန်ကျူယောင်​၏ မိန့်ခွန်းအဆုံးသတ်တွင် ခန်းမကြီးအတွင်း လက်ခုပ်သံများ ဟိန်းထွက်သွားသည်။ ကျင်းခယ့်အကယ်ဒမီ၏ နှစ် ၂၀၀ ပြည့်ပွဲဖြစ်သဖြင့် ကျောင်းသားများသည်လည်း ဈေးဆိုင်လေးများ ဖွင့်ကာ အလုပ်ရှုပ်နေကြသည်။ မင်ရှု့နှင့် ထန်းခိုင်တို့သည် လူအုပ်ထဲတွင် ရောထွေးကာ ဆုန်ကျူယောင်နောက်သို့ လိုက်ပြီး စကားပြောရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း ဆုန်ကျူယောင်၏ ဘေးတွင် ကျောင်းအုပ်ကြီးနှင့် ကျောင်း​၏ အထက်လူကြီးများရှိနေသဖြင့် သူမအနားကပ်ရန် မလွယ်ကူပေ။


"ပထမသုတေသနတွေ ပြီးသွားပြီလို့ ကြားတယ် အခု အနားယူတော့မှာလား?" ကျောင်းအုပ်ကြီးက မေးလိုက်သည်။


ဆုန်ကျူယောင်သည် လူအုပ်ထဲသို့ အာရုံပျံ့လွင့်စွာ ဝေ့ဝဲကြည့်နေရင်း ဖြေလိုက်သည်။

"ဟုတ်ကဲ့"


"ဒါဆို ကျောင်းမှာပဲ အနားယူပါလား။ ဒီက အဆောင်တွေက ဟိုတယ်တွေနဲ့ သိပ်မခြားနားပါဘူး။ ရှုခင်းလည်း လှပြီး အစားအသောက်နဲ့ နေထိုင်ရေးလည်း အဆင်ပြေတယ်လေ..." ကျောင်းအုပ်ကြီးက အကြံပြုလိုက်သည်။


"အင်း... ဒါလည်း မဆိုးပါဘူး" ဆုန်ကျူယောင်၏ အကြည့်များသည် တစ်စုံတစ်ယောက်ကို လိုက်ရှာနေဆဲဖြစ်သည်။


"သူ ဘာကို ရှာနေတာလဲ?"


"ငါလည်း သိချင်တယ် အဓိကချန်နယ်ဘက် ပြောင်းကြည့်ရအောင်" ကြည့်ရှုသူများက သိချင်နေကြသည်။


ကျောင်းအုပ်ကြီးက ဆက်ပြီး စည်းရုံးရေးဆင်းလိုက်သည်။

"ကျင်းခယ့်အကယ်ဒမီက ကျောင်းကောင်းတစ်ခု ဆိုပေမယ့် အခုနောက်ပိုင်း ကျောင်းသားဦးရေ နည်းလာတယ်။ စိန့်မေရီကျောင်းက ထောက်ပံ့ကြေးတွေ ကြော်ငြာတွေနဲ့ ကျောင်းသားအသစ်တွေကို ဆွဲဆောင်နေတာ... တကယ်လို့ ဒေါက်တာဆုန်သာ ဒီမှာခဏလောက်နေပြီး အားတဲ့အချိန် ကျောင်းသားတွေကို စာသင်ပေးနိုင်မယ်ဆိုရင် မိဘတွေကလည်း သဘောကျကြမှာ..."


စိန့်မေရီအကယ်ဒမီသည် ကျင်းခယ့်အကယ်ဒမီ၏ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်ပြီး ကျောင်းအုပ်ကြီး နှစ်ဦးစလုံးသည်လည်း ပြင်းထန်သော ပြိုင်ဘက်ဟောင်းများဖြစ်ကြသည့်အတွက် မည်သူကမျှ အရှုံးမပေးလိုကြပေ။ နိုင်ငံတော်၏ အချစ်တော်ဖြစ်သည့် ဆုန်ကျူယောင်သည် မိဘများကြားတွင် အလွန်နာမည်ကျော်ကြားသူ ဖြစ်သည်။ အကယ်၍ သူမသာ ဤကျောင်း၌ ခေတ္တနေထိုင်ပေးမည်ဆိုလျှင် ကျောင်းအတွက် သက်ရှိထင်ရှား ကြော်ငြာတစ်ခု ဖြစ်လာပေလိမ့်မည်။ ဆုန်ကျူယောင်က သင်ကြားပေးမည်ဟု မိဘများ ကြားသိသွားပါက၊ ၎င်းတို့၏ ကလေးများကို ကျင်းခယ့်အကယ်ဒမီသို့ ချက်ချင်းပင် ကျောင်းပြောင်းပေးကြလိမ့်မည်ဟု ကျောင်းအုပ်ကြီးက စိတ်ကူးယဉ်နေမိသည်။


ထိုအချိန် ဆုန်ကျူယောင်၏ တစ်စုံတစ်ယောက်ကို လိုက်ရှာနေသော အကြည့်များ ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏ မျက်ဝန်းများသည် သူမ၏ အသည်းကျော်ကို မြင်တွေ့လိုက်ရသော မိန်းကလေးတစ်ဦးကဲ့သို့ ဝင်းလက်တောက်ပသွားသည်။ သူမ၏ မျက်ဝန်းအစုံမှ ထွက်ပေါ်လာသော အလင်းရောင်သည် ကြည်လင်သန့်စင်လွန်းလှသဖြင့် လူတို့၏ နှလုံးသားကို လှုပ်ခတ်စေကာ သူမ၏ ပုံမှန်အမူအရာနှင့် လုံးဝကွဲပြားခြားနားနေသည်။

"ကောင်းပါပြီ" သူမက ကျောင်းအုပ်ကြီးဘက်သို့ လှည့်ကာ ပြန်ဖြေလိုက်သည်။