5
Viewers 110

အခန်း (၅) ပထမကမ္ဘာ


“ကြယ်အိမ်မက်ဖျော်ဖြေရေးရဲ့ ကြယ်စုစက်ရုံကနေ ထုတ်လုပ်တင်ဆက်တဲ့ တရားစီရင်ရာနေ့ရက်များ အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အစီအစဉ်မှာတုန်းကတော့ တရားခံ လီရှန်းက အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဇနီးဖြစ်သူကို သတ်ဖြတ်မှုနဲ့ ပြစ်ဒဏ်စီရင်ခံခဲ့ရပါတယ်။ ဇနီးဖြစ်သူက သူ့ကို အမြဲတမ်း နှိမ့်ချစော်ကားလွန်းလို့ သိက္ခာထိခိုက်သွားလို့ ဒေါသအလျောက် မှားမိသွားတာဖြစ်ကြောင်း ဆင်ခြေပေးခဲ့ပြီး တရားရုံးက ချမှတ်တဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကိုလည်း ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သူပါ”


“ဒီစစ်ဆေးမှုထဲမှာတော့ ကျွန်တော်တို့က သူ့ကို သဘောကောင်းတဲ့ ဇနီးတစ်ယောက်နဲ့ အောင်မြင်တဲ့ အလုပ်အကိုင်မျိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ ဖောက်ပြန်တာ၊ မိန်းကလေးငယ်လေးတွေနဲ့ ပွေရှုပ်တာ၊ ဇနီးဖြစ်သူကို အိုမင်းရင့်ရော်တယ်ဆိုပြီး အပြစ်တင်တာတွေ စတဲ့ သူ့ရဲ့ပင်ကိုယ်ဗီဇဆိုးတွေကိုပဲ ထုတ်ပြခဲ့ပါတယ်။ စီးပွားရေး ကျဆင်းလာတဲ့အခါလည်း ဇနီးဖြစ်သူကို ကိုယ်ထိလက်ရောက် နှိပ်စက်ခဲ့ပါသေးတယ်။ ဇနီးဖြစ်သူက ကွာရှင်းပြီး ကလေးတွေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်တောင် သူက မရှက်မကြောက်ဘဲ ထပ်တလဲလဲ သွားရောက်နှောင့်ယှက်နေခဲ့တာပါ”


ည ၈ နာရီ တိတိတွင် ကြည့်ရှုသူ တစ်ဘီလီယံကျော် စောင့်မျှော်နေသော သုံးလကြာ ဟိုလိုဂရပ်ဖစ် လက်တွေ့ရှိုးပွဲဖြစ်သည့် တရားစီရင်ရာနေ့ရက်များ စတင်လာခဲ့သည်။ တရားမျှတမှုနှင့် စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာများ ပါဝင်သည့် အဖွင့်ဗီဒီယိုနှင့်အတူ အစီအစဉ်တင်ဆက်သူ၏ ရင်းနှီးကျွမ်းဝင်သော အသံသည် ယခင်အပိုင်းကို ပြန်လည်အနှစ်ချုပ် ပြောကြားနေသည်။


[လီရှန်းရဲ့ အပိုင်းကတော့ တကယ့် ဒေါသထွက်စရာပဲ။ ဒီလိုလူမျိုးက တရားရုံးစီရင်ချက်ကိုတောင် ငြင်းဆန်ရဲသေးတယ်။ တစ်သက်တစ်ကျွန်းတင် မကဘူး၊ သေဒဏ်ပါ ပေးသင့်တာ!]


[ဟုတ်ပါ့။ ငါ့နတ်ဘုရားမလေး အနှိပ်စက်ခံရတာ မြင်ရတော့ မျက်ရည်တောင် ဝဲမိတယ်။ သရုပ်ဆောင်နေတာမို့လို့ တော်သေးတာပေါ့]


[နောက်ဆုံးတော့ အိုလန်က သူ့ကို ကွာရှင်းပြီး ကိုယ်ပိုင်စီးပွားရေး ထောင်နိုင်ခဲ့သလို သူ့ကို တန်ဖိုးထားတဲ့သူနဲ့လည်း ဆုံခဲ့လို့သာပေါ့။ အရမ်းရဲရင့်တာပဲ။ ဒီလိုလူယုတ်မာမျိုး ခံစားရတာကို ကြည့်ရတာ တကယ် စိတ်ကျေနပ်စရာပဲဟေ့!]


[အိုလန်ရဲ့ သရုပ်ဆောင်ချက်တွေက အံ့မခန်းပဲ။ ငါတော့ သူ့ပရိသတ် ဖြစ်သွားပြီ!]


အိုလန်သည် ယခင်စစ်ဆေးမှုတွင် လီရှန်း၏ နူးညံ့သိမ်မွေ့သော ဇနီးအဖြစ် သရုပ်ဆောင်ခဲ့သည့် မင်းသမီးဖြစ်သည်။ သူမသည် အိမ်ထောင်ကျပြီးနောက် အနုပညာလောကတွင် နာမည်ကျော်ကြားမှု အနည်းငယ် ကျဆင်းနေခဲ့သော်လည်း ဤအစီအစဉ်တွင် သဘာဝကျလှသော သရုပ်ဆောင်ချက်များကြောင့် ပြန်လည်ရေပန်းစားလာခဲ့သည်။ ပရိသတ်များက သူမ၏ သရုပ်ဆောင်မှုကို စစ်မှန်သည်ဟုပင် ထင်မှတ်သွားကြပြီး ဆုတံဆိပ်များစွာ ရရှိခဲ့သည့်အပြင် နာမည်ကြီးဒါရိုက်တာ စွန်းယင်၏ ရုပ်ရှင်တွင် သရုပ်ဆောင်ရန်ပင် ဖိတ်ခေါ်ခံခဲ့ရသည်။


ဤအစီအစဉ်သည် သရုပ်ဆောင်များ၏ အရည်အချင်းကို စစ်ဆေးသည့် စမ်းသပ်ချက်တစ်ခု ဖြစ်လာပြီး အရည်အချင်းရှိသူများသာ ပါဝင်ရဲကြကာ ပါဝင်သူတိုင်းသည်လည်း နာမည်ကျော်လာကြသည်။ လူအများသည် ၎င်းတို့၏ မှတ်ဉာဏ်အတုဟု ခေါ်သည့် အဆင့်မြင့် ဆက်သွယ်ရေး ကိရိယာများမှတစ်ဆင့် အစီအစဉ်ကို ကြည့်ရှုရင်း မှတ်ချက်များ အပြိုင်အဆိုင် ပေးနေကြသည်။ တစ်မိနစ်အတွင်း မှတ်ချက်ပေါင်း ထောင်ချီမြင့်တက်လာခြင်းက ဤအစီအစဉ်၏ လူကြိုက်များမှုကို သက်သေပြနေသည်။ အကျဉ်းချုပ် ပြန်လည်တင်ဆက်မှု ပြီးဆုံးသွားသောအခါ ပရိသတ်များသည် နောက်ထပ်စစ်ဆေးမည့် တရားခံအကြောင်းကို နားထောင်ရန် ငြိမ်သက်သွားကြသည်။


“...ဒီအစီအစဉ်မှာ စီရင်ချက်ချမယ့် တရားခံကတော့ အသက် ၂၂ နှစ်အရွယ် ဆုန်ကျူယောင်ပဲ ဖြစ်ပါတယ်။ သူက ကျူရှင်ဆရာမအဖြစ် အလုပ်လုပ်နေစဉ် အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို မြှူဆွယ်ခဲ့ကြောင်း တရားလိုဘက်က အတည်ပြုထားပါတယ်။ ကောင်လေးကို မြှူဆွယ်လို့မရတဲ့အခါ ဒေါသထွက်ပြီး လှေကားပေါ်ကနေ တွန်းချခဲ့တာကြောင့် ကောင်လေး သေဆုံးသွားခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ တရားသူကြီးက သူ့ကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် သူကတော့ အဲဒီဆယ်ကျော်သက် ကောင်လေးက သူကို အဓမ္မကျင့်ဖို့ ကြိုးစားလို့ တွန်းချခဲ့တာပါလို့ အခိုင်အမာ ငြင်းဆိုနေပါတယ်”


အစီအစဉ်တင်ဆက်သူက ပခုံးတွန့်ပြကာ ဝမ်းနည်းဟန်ဆောင်ရင်း ဆက်ပြောလိုက်သည်။

“သေဆုံးသူရဲ့ မိသားစုဝင်တွေ ပြောကြားချက်အရတော့ သေဆုံးသူမှာ သက်တူရွယ်တူ ချစ်သူမိန်းကလေးတစ်ယောက် ရှိပြီးသားဖြစ်သလို သူတို့နှစ်ယောက်က မိသားစုချင်းလည်း တူညီပြီး ဂုဏ်သရေရှိတဲ့ အသိုင်းအဝိုင်းကပါပဲ”


တရားစီရင်ရာနေ့ရက်များဟု အမည်တပ်ထားသော်လည်း လူထုသည် ယခင်အစီအစဉ်များ၏ အတွေ့အကြုံကြောင့် တရားခံများအပေါ် မယုံကြည်မှုနှင့် ရွံရှာမှုများ ရှိနေကြသည်။ ထို့ကြောင့် တင်ဆက်သူက စကားလုံးများဖြင့် လမ်းကြောင်းပေးနေကြောင်း ထင်ရှားနေသော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။ တရားခံကို မိတ်ဆက်ပေးပြီးနောက် ပါဝင်မည့် အနုပညာရှင်နှစ်ဦးကို မိတ်ဆက်ပေးရမည့် အချိန်ဖြစ်သည်။ ဆုန်ကျူယောင်အတွက်မူ ဤသည်မှာ အမှန်တကယ် စစ်ဆေးမှုဖြစ်ပြီး စိုးရိမ်တကြီး ရင်ဆိုင်နေရသော်လည်း ပါဝင်မည့် အနုပညာရှင်များအတွက်မူ ၎င်းတို့၏ သရုပ်ဆောင်အရည်အချင်းများ ပြသရမည့် ဖျော်ဖြေပွဲတစ်ခုမျှသာ ဖြစ်သည်။


အစီအစဉ်တင်ဆက်သူက အနုပညာရှင်နှစ်ဦးကို အင်တာဗျူးပြီးနောက် ကြေညာလိုက်သည်။

“လူကြီးမင်းများခင်ဗျာ၊ အခုဆိုရင် သရုပ်ဆောင်တွေ နေရာယူနေကြပြီဖြစ်လို့ တရားစီရင်ရာနေ့ရက်များ အစီအစဉ် စတင်ပါတော့မယ်။ ကြည့်ရှုနေကြတဲ့ ပရိသတ်ကြီးအနေနဲ့လည်း လူသတ်သမား ဆုန်ကျူယောင်ရဲ့ အမှုက မမျှတမှုတွေရှိမလားဆိုတာကို သေချာစောင့်ကြည့်ပေးကြပါဦး။ အခုတော့ စက္ကန့် ၁၂၀ကြာတဲ့ ကြော်ငြာလေး ခဏကြည့်ရှုပြီးတဲ့နောက် စတင်ကြပါမယ်!”


ကြော်ငြာစတင်သည်နှင့် ပရိသတ်များလည်း မုန့်နှင့် ဖျော်ရည်များ သွားယူကြ၊ အိမ်သာသွားကြနှင့် အလုပ်ရှုပ်သွားကြသည်။ ကြော်ငြာအပြီးတွင် တရားစီရင်ရာနေ့ရက်များ၏ အစီအစဉ်သစ်အတွက် အပိုင်း ၁ စတင်လေသည်။


ခမ်းနားသော ဗီလာကြီးတစ်ခုအတွင်း တင့်တယ်လှသော အမျိုးသမီးတစ်ဦးသည် တီဗီကို ကြည့်ရင်း ဒေါသဖြင့် ပေါက်ကွဲနေသည်။ ဘေးမှ မျက်လုံးများ နီမြန်းနေသော မိန်းကလေးငယ်က နှစ်သိမ့်ပေးနေသည်။

“အန်တီ စိတ်အေးအေးထားပါ၊ အဲဒီမိန်းမ အပြစ်ပေးခံရပါမှာ။ သမီး အစီအစဉ်အဖွဲ့နဲ့ ပြောထားပြီးသား၊ သူနာမည်ပျက်ပြီး နောက်ဆုံး ဇီဝဖန်ပေါင်းချောင်ထဲမှာပဲ သေသွားစေရမယ်”


“အောက်တန်းစားမ၊ ငါ့သားကို သတ်ထားပြီးတော့ အခုထိ သူ့ရဲ့ တန်ဖိုးမရှိတဲ့ အသက်နဲ့ ငါ့ကို စိတ်ရှုပ်အောင် လုပ်နေတုန်းပဲ။ သူ့ကို တစ်စစီ မွှန်းပစ်လိုက်ချင်တာ!” ထိုအမျိုးသမီးက အံကြိတ်ကာ ကျိန်ဆဲနေသည်။ သူမသည် ဆုန်ကျူယောင်ကို ထောင်ထဲတွင် အစုတ်ပြတ်ဆုံးနည်းဖြင့် နှိပ်စက်သတ်ဖြတ်ရန် စီစဉ်ထားခဲ့သော်လည်း ဆုန်ကျူယောင်က လက်တွေ့ရှိုးတွင် ပါဝင်ရန် သဘောတူညီချက် လက်မှတ်ထိုးလိုက်သောကြောင့် အစီအစဉ်များ ပျက်သွားခဲ့ရသည်။ ဆုန်ကျူယောင်သည် ကျားတွင်းမှ နဂါးတွင်းထဲသို့ ပြောင်းသွားခြင်းသာဖြစ်သော်လည်း သူမ အသက်ရှည်နေသေးကြောင်း တွေးမိတိုင်း ထိုအမျိုးသမီး အလွန်ဒေါသထွက်နေဆဲပင်။


အပေါ်ထပ်မှ ခြေသံများ ကြားလိုက်ရပြီး ဝတ်စုံပြည့်ဖြင့် ခန့်ညားသော အမျိုးသားတစ်ဦး ဆင်းလာသည်။ မိန်းကလေးငယ်က ချက်ချင်းမတ်တပ်ရပ်လိုက်သည်။

“ဟော့စန်း၊ အဲဒီမိန်းမရဲ့ စစ်ဆေးမှု စတော့မယ်၊ အတူတူ ကြည့်မလားဟင်?”


“မကြည့်တော့ဘူး” ဟော့စန်းက သူ့ညီ၏ သေဆုံးမှုနှင့် လူသတ်သမား၏ အပြစ်ပေးခံရမှုများ သူနှင့် ဘာမှမဆိုင်သကဲ့သို့ အေးစက်သောလေသံဖြင့် ပြောပြီး​နောက် အပြင်သို့ ထွက်သွားသည်။


မိန်းကလေးငယ်က သူ့နောက်ကျောကို ကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ အစီအစဉ်စတင်သည်နှင့် သူမသည် တီဗီရှေ့တွင် ထိုင်ကာ အခြားကြည့်ရှုသူများ၏ တုံ့ပြန်မှုကို သိရအောင် မှတ်ချက်များကိုပင် ဖွင့်ကြည့်လိုက်သည်။ ဤသို့ကြည့်ရခြင်းက ပို၍ စိတ်လှုပ်ရှားစရာကောင်းပေလိမ့်မည်။ ထုံးစံအတိုင်း ဖန်သားပြင်ပေါ်တွင် အလင်းပွင့်လာပြီး အမှောင်ခန်းငယ်ဟု ခေါ်သော နေရာတွင် စုဝေးနေကြသည့် အနုပညာရှင်များကို ပရိသတ်များ စတင်မြင်တွေ့လိုက်ရသည်။ မှတ်ချက် ရေးသားရာ နေရာတွင်တော့ ၎င်းတို့ချစ်ခင်ရသည့် အိုင်ဒေါများအတွက် အလံများဝှေ့ယမ်းကာ အားပေးအော်ဟစ်နေကြသည့် ပရိသတ်များ၏ မှတ်ချက်များ ချက်ချင်းဆိုသလို ပေါ်ထွက်လာသည်။


အမှောင်ခန်းငယ်အတွင်းရှိ စားပွဲတစ်ခုတွင် သရုပ်ဆောင်နှစ်ဦး ထိုင်နေကြပြီး ကတ်ပြားများကို စတင်ဖတ်ရှုနေကြသည်။ ဤကတ်ပြားများသည် ဒါရိုက်တာအဖွဲ့က ဆုန်ကျူယောင်အတွက် သတ်မှတ်ပေးထားသည့် မိသားစုနောက်ခံအကြောင်းအရာများဖြစ်သည်။

“ဒီစစ်ဆေးမှုမှာ ဆုန်ကျူယောင်က ကျေးလက်တောရွာမှာ မွေးဖွားတဲ့လူ။ ဖခင်က လက်သမားတစ်ယောက်ဖြစ်ပြီး မိခင်ကတော့ လှပပေမယ့် အားနွဲ့ပြီး အရည်အချင်းမရှိသူတစ်ယောက်ပေါ့။ သူ့အသက်ဆယ်နှစ်အရွယ် ဖခင်ဖြစ်သူက မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့လို့ သားအမိနှစ်ယောက်တည်း ရုန်းကန်ခဲ့ကြရတယ်။ နှစ်အနည်းငယ်ကြာတော့ မိခင်ဖြစ်သူကို သူဌေးတစ်ဦးက ထောက်ပံ့ပြီး အပျော်မယားအဖြစ် ထားတယ်။ ဒါကြောင့်လည်း ဆုန်ကျူယောင်က ကောင်းကောင်း ဝတ်စားနိုင်ပြီး ကျောင်းကောင်းကောင်း တက်နိုင်လာတယ်။ ဒါပေမယ့် အဲဒီသူဌေးကြီးရဲ့ ဇနီးက သူတို့သားအမိရဲ့ ဖြစ်တည်မှုကို သိသွားသလို သူဌေးကြီးရဲ့ ကလေးနှစ်ယောက်ကလည်း သူနဲ့ ကျောင်းတစ်ကျောင်းတည်း တက်နေရတာ…” ရုပ်ရှင်လောကမှ သုံးနှစ်ကြာ ပျောက်ကွယ်နေပြီးနောက် ယခု လက်တွေ့ရှိုးဖြင့် တစ်ကျော့ပြန်လာသည့် သရုပ်ဆောင် ထန်းခိုင်က ဖတ်ပြနေသည်။


ဤအပိုင်းတွင် ဆုန်ကျူယောင်၏ အခြေခံနောက်ကြောင်းကို နားလည်ပြီးနောက် ၎င်းတို့ သရုပ်ဆောင်ရမည့် အခန်းကဏ္ဍများကို မိတ်ဆက်ရန် အချိန်ကျလာသည်။ ကမ္ဘာအတုအတွင်းရှိ NPC များအားလုံးတွင် ကိုယ်ပိုင်အပြုအမူနှင့် ယုတ္တိဗေဒဆိုင်ရာ စနစ်များ ရှိကြပြီး လူသားအစစ်များကဲ့သို့ တုံ့ပြန်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့ကို ဒါရိုက်တာအဖွဲ့က စိတ်ကြိုက်ထိန်းချုပ်၍မရသောကြောင့် အခြေအနေပေါ် မူတည်၍ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်သည့် NPC အစစ်အမှန်များ လိုအပ်ခြင်း ဖြစ်သည်။


တရားခံများကို ထိန်းချုပ်၍မရသောကြောင့် NPC အစစ်အမှန်များကို သုံးခြင်းတော့ မဟုတ်ပေ။ အမှန်တကယ်တွင် အစီအစဉ်စတင်ကတည်းက တရားခံအားလုံး အစီအစဉ်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီးသားဖြစ်သည်။ အပြုအမူဆိုင်ရာ စိတ်ပညာနှင့် ယုတ္တိဗေဒကျွမ်းကျင်သူများက တရားခံများ၏ နောက်ခံအကြောင်းအရာနှင့် နောက်ဆုံးရင်ဆိုင်ရမည့် ရလဒ်များကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။ NPC အစစ်အမှန်များကို ထည့်သွင်းရခြင်းသည် အစီအစဉ်ကို ပိုမိုစိတ်ဝင်စားစရာကောင်းစေရန်နှင့် လူကြိုက်များစေရန်အတွက်သာ ဖြစ်သည်။


“ကျွန်တော့်ရဲ့ အခန်းကဏ္ဍကတော့ ကျင်းခယ့်အကယ်ဒမီက အသစ်ခန့်လိုက်တဲ့ ဆရာဝန်တစ်ယောက်ပေါ့။ အိမ်ထောင်ရှိပြီး တစ်နှစ်မပြည့်သေးတဲ့ သမီးလေးတစ်ယောက် ရှိတယ်။ ကျွန်တော့်ရဲ့ တာဝန်က တရားခံကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေပေးဖို့ဖြစ်ပြီး နောက်ဆုံးပန်းတိုင်ကတော့… တရားခံကို မြှူဆွယ်ပြီး ကျွန်တော့်ကို ချစ်မိသွားအောင် လုပ်ဖို့ပါ။ ပြီးရင်တော့ ကျွန်တော့်မှာမိသားစုရှိနေတာကို ဖွင့်ပြောပြီး သူ့ကို ငြင်းပယ်လိုက်မှာပါ” ထန်းခိုင်က သူ​၏တာဝန်ကတ်ပြားကို ကြည့်ကာ အနည်းငယ် စိတ်မသက်မသာဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါက နည်းနည်းတော့ ကိုယ်ကျင့်တရား ပျက်ယွင်းသလိုပဲ”


“ဒီစစ်ဆေးမှုက တရားခံရဲ့ ကိုယ်ကျင့်တရား ခိုင်ခံ့မှုကို စမ်းသပ်တာလေ။ ဘယ်လိုသွေးဆောင်မှုမျိုးနဲ့ပဲ တွေ့တွေ့၊ ကလေးတစ်ယောက်အဖေဖြစ်တဲ့ အိမ်ထောင်သည် အမျိုးသားတစ်ယောက်ကို ချစ်မိသွားပြီး သူတစ်ပါးမိသားစုကို ဖျက်ဆီးတဲ့ တတိယလူ မဖြစ်သွားဖို့ လိုတာပေါ့” အသစ်တက်သည့် အိုင်ဒေါမင်းသမီးလေး မင်ရှု့က ရှင်းပြလာသည်။


“ဟုတ်တယ်မလား စီနီယာ” သူမက ထန်းခိုင်ကို မေးလိုက်သည်။


ထန်းခိုင် : “အင်းပေါ့။ မင်းကရော ဘယ်နေရာက သရုပ်ဆောင်ရမှာလဲ?”


“ညီမက ကျောင်းပြောင်းလာတဲ့ ကျောင်းသူတစ်ယောက်လေ။ ညီမရဲ့တာဝန်က တရားခံနဲ့ သူငယ်ချင်းဖြစ်အောင် လုပ်ပြီး အသက်အန္တရာယ်နဲ့ ကြုံလာရတဲ့အခါ သူ ညီမကို ပစ်ပယ်သွားမလားဆိုတာ စမ်းသပ်ဖို့” မင်ရှု့က ပြန်ဖြေသည်။


ဤစစ်ဆေးမှုများသည် လိုက်လျောညီထွေရှိလှပြီး ကစားသမားများအနေဖြင့် မိမိတို့၏ တာဝန်ဘောင်အတွင်း လွတ်လပ်စွာ သရုပ်ဆောင်နိုင်ကြသည်။ လူကြိုက်များမှုသည် ၎င်းတို့၏ အရည်အချင်းပေါ်တွင် မူတည်သော်လည်း အဓိကပန်းတိုင်သည် ဆုန်ကျူယောင်ကို ဒုက္ခရောက်စေရန်သာ ဖြစ်သည်။


“အားလုံး ပြင်ဆင်ထားကြပါ။ ပေါ်တယ်တံခါး ပွင့်တော့မယ်” ဒါရိုက်တာ၏ အသံက အမှောင်ခန်းအတွင်း ဟိန်းထွက်လာသည်။


တံခါးပွင့်သွားသည်နှင့် အနုပညာရှင်နှစ်ဦး စူးရှသည့် အလင်းတန်းနှင့် ရင်ဆိုင်လိုက်ရသည်။ ဆုန်ကျူယောင်၏ စစ်ဆေးမှု စတင်ပါပြီ။ ပရိသတ်များရှေ့ရှိ ဖန်သားပြင်ပေါ်တွင် လမ်းဘေး၌ ဆောင့်ကြောင့်ထိုင်နေသည့် မိန်းကလေးတစ်ဦး၏ ကျောပြင် ပေါ်ပေါက်လာသည်။ ကင်မရာ အနီးကပ်ဆွဲယူလိုက်သည့်အခါ သူမက ရုတ်တရက် လှည့်ကြည့်လိုက်သဖြင့် ပရိသတ်များ အံ့အားသင့်သွားကြသည်။ သူမ၏ ရင်ခွင်ထဲတွင်တော့ အဖြူရောင်ကြောင်လေးတစ်ကောင် ရှိနေသည်။


နေရောင်ခြည်အောက်တွင် ဆုန်ကျူယောင်၏ အသားအရေသည် ဝင်းပချောမွေ့နေပြီး ရုပ်ရည်သည်လည်း အလွန်တရာ နုနယ်လှပနေသည်။ ရှည်လျားနက်မှောင်သည့် ဆံနွယ်များနှင့် ကြည်လင်တောက်ပသည့် အနက်ရောင် မျက်ဝန်းများသည် ကောင်းကင်တမန်လေးတစ်ပါးအလား ထင်မှတ်ရသည်။ သူမရင်ခွင်ထဲမှ မျက်လုံးဝိုင်းဝိုင်းနှင့် အဖြူရောင်ကြောင်လေးသည်လည်း သူမ၏ ချစ်စရာကောင်းမှုကို နှစ်ဆတိုးမြင့်သွားစေသည်။ မှတ်ချက်ရေးသားရာ နေရာတွင် ခဏတာ တိတ်ဆိတ်သွားသည်။ ဆုန်ကျူယောင်က ကြောင်လေးကို ပွေ့ချီကာ မတ်တပ်ရပ်လိုက်ပြီး စိုးရိမ်ပူပန်နေသည့် လေသံလေးဖြင့် ပြောလိုက်သည်။

“သူ့ကို ဒီအတိုင်း ထားခဲ့လို့ မဖြစ်ဘူး။ တိရစ္ဆာန်ဆေးခန်းကို ခေါ်သွားရမယ်”


ဒရိုင်ဘာဖြစ်သူက ကူကယ်ရာမဲ့နေသော လေသံဖြင့် ပြန်ပြောသည်။

“ဒါပေမယ့် ကျောင်းနောက်ကျသွားလိမ့်မယ်လေ။ ကျောင်းပြန်ဖွင့်တဲ့ ပထမဆုံးနေ့မှာ နောက်ကျတာ မကောင်းဘူး မဟုတ်လား?”


“အင်း… ဒါဆိုရင်တော့ ဒီနည်းပဲ ရှိတော့တာပေါ့” ဆုန်ကျူယောင်က ခေါင်းငုံ့ကာ ကြောင်လေး၏ ခေါင်းကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။ ကြောင်လေးသည်လည်း သနားစဖွယ် အသံဖြင့် အော်မြည်ရင်း သူမကို ခေါင်းလေးစောင်းကာ ကြည့်နေသည်။ ဆုန်ကျူယောင်က ပြုံးပြပြီး သူမ၏နှာခေါင်းလေးနှင့် ကြောင်လေး၏နှာခေါင်းကို ထိလိုက်သည့်အခါ သူမ၏ မျက်ဝန်းလေးများ လခြမ်းကွေးလေးများအလား ကွေးညွတ်သွားသည်။ ဆီးနှင်းများ အရည်ပျော်ကျသည့် အခိုက်အတန့်ကဲ့သို့ပင် သူမ၏ အပြုံးများ အလွန်ချိုသာအေးမြလှသည်။ သူမသည် ကြောင်လေးကို ကျောင်းဝတ်စုံဂျာကင်ဖြင့် ထုပ်ပိုးကာ ရင်ခွင်ထဲပွေ့ပိုက်ပြီး ကားပေါ်သို့ တက်သွားသည်။


အင်တာနက်အသုံးပြုသူများ သတိပြန်ဝင်လာကြပြီး အပြိုင်အဆိုင် ဆွေးနွေးလာကြတော့သည်။

[အမလေး… ငါတော့ ကြွေသွားပြီ။ ဒါကောင်းကင်တမန်လေးလား?]


[ဒါက အဓိကဇာတ်ကောင်ရဲ့ ပုံရိပ်အစစ်လား။ မဖြစ်နိုင်တာ]


[တရားခံကိုပဲ အဓိကပြရမှာလေ။ ဒီအလှလေးက ဆုန်ကျူယောင်တော့ မဟုတ်ပါဘူးနော်?]


[သေချာကြည့်ဦး၊ ညာဘက်အပေါ်ထောင့်မှာ ဆုန်ကျူယောင်လို့ ရေးထားတာ။ သူက တရားခံပဲ!]


[အယ်... အမှန်အတိုင်းပြောရရင် ဒီရုပ်ရည်မျိုးနဲ့ တစ်ယောက်ယောက်ကို မြှူဆွယ်လို့မရဘူး ဆိုတာရော ဟုတ်ရဲ့လား?]


[ကျွန်တော့်မှာ အပြစ်ရှိပါတယ်၊ ဆုန်ကျူယောင် စိတ်ကြိုက်လုပ်တာခံဖို့ ကျွန်တော် အဆင်သင့်ပါပဲ…”]


[ဒီလို အလှအပနောက်ပဲ လိုက်နေတဲ့သူတွေ ရွံစရာကောင်းလိုက်တာ။ သူက မင်းတို့မိသားစုထဲက တစ်ယောက်ယောက်ကို သတ်ခဲ့ရင်ရော လှတယ်လို့ ပြောဦးမှာလား?]


[ရုပ်က ဘယ်လောက်ပဲလှလှ၊ စိတ်ထား ပုတ်နေတာက ခက်တယ်။ ရွံစရာကြီး]


[သူ အိမ်ရောက်ရင် အဲဒီကြောင်လေးကို နှိပ်စက်မှာ သေချာတယ်]


အလှလေးဘက်မှ ကာကွယ်ပေးသူများ ဝိုင်းဝန်းတိုက်ခိုက်ခံရပြီးနောက် တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။ ပရိသတ်များတင်မကဘဲ ဒါရိုက်တာအဖွဲ့ပင် အံ့အားသင့်သွားကြသည်။ 


ဒါက… ဒါက သူတို့ရဲ့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားတဲ့ အပြုအမူနဲ့ စိတ်ပညာဆိုင်ရာ ယုတ္တိဗေဒတွေနဲ့ လုံးဝကွဲလွဲနေပါလား။


ကမ္ဘာအတုတွင် ပရိသတ်များ ခွဲခြားရလွယ်ကူစေရန် လူတစ်ဦးချင်းစီ၏ ပုံရိပ်ကို လက်တွေ့ဘဝ ရုပ်ရည်အတိုင်း ဖန်တီးထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသတ်သမား ဆုန်ကျူယောင်သည် အမှန်တကယ် ဤမျှ လှပနေခြင်းပင်။ အစီအစဉ်မစတင်မီ သူမနှင့် တွေ့ဆုံစဉ်က တစ်နှစ်ကြာ ထိန်းသိမ်းခံထားရမှုနှင့် တရားစီရင်မှုများကြောင့် သူမ အလွန်ပိန်ချုံးနေသဖြင့် ၎င်းတို့ သတိမထားမိပေ။ ယခုမှသာ သူမက အမှန်တကယ် အလွန်လှပကြောင်း ၎င်းတို့ သိလိုက်ရသည်။ သို့သော် ပို၍အရေးကြီးသည့် ပြဿနာသည် ၎င်းတို့သတ်မှတ်ပေးထားသည့် နောက်ခံအကြောင်းအရာအရ ဆုန်ကျူယောင်၏ လက်ရှိပုံစံမှာ ဤကဲ့သို့ ဖြစ်မနေသင့်ပေ။