4
Viewers 134

အခန်း (၄) ပထမကမ္ဘာ 


“ချန်လောင်အာက အိမ်တွင်းအကြမ်းဖက်တဲ့လူလေ။ သူ့မိန်းမကိုတောင် ရိုက်သတ်ခဲ့တာ၊ အမေ သူ့ကို လက်ထပ်လို့မဖြစ်ဘူး”


ဆုန်ကျူယောင်သည် လျို့ယန်၏ သေရေးရှင်ရေးကို အလေးမထားသော်လည်း ယခုအချိန်တွင် သူမသည် အသက်ဆယ်နှစ်သာ ရှိသေးသဖြင့် မိခင်နှင့်အတူ နေထိုင်ရဦးမည်ဖြစ်သည်။ အကယ်၍ သူမတစ်ယောက်တည်း ထွက်ပြေးခဲ့ပါက ရဲတိုင်ခံရမည်ဖြစ်ပြီး သူမ၏ ကန့်ကွက်မှုများကို ဂရုမစိုက်ဘဲ လျို့ယန်ထံသို့ အတင်းအကျပ် ပြန်ပို့ကြလိမ့်မည်။ အစီအစဉ်အဖွဲ့သားများ ဖန်တီးထားသော ပတ်ဝန်းကျင်သည် သူမ အတွက်ကြီးပြင်းရန် အလွန်ဆိုးရွားလွန်းသည်။ ဤနေရာမှလူများကို လူယုတ်မာများဟု မခေါ်နိုင်သော်လည်း လူကောင်းများဟုလည်း လုံးဝ မသတ်မှတ်နိုင်ပေ။ ၎င်းတို့သည် စိတ်ပုပ်ကာ သူတစ်ပါးအပေါ် လျစ်လျူရှုတတ်ကြပြီး မုဆိုးမနှင့် မိဘမဲ့ကလေးများအပေါ် မည်သည့်ဂရုဏာမျှ မရှိကြပေ။ အားနည်းသူကို အခွင့်ကောင်းယူရန်သာ စဉ်းစားတတ်ကြသဖြင့် ၎င်းတို့ထံမှ မည်သည့်အကူအညီမျှ ရလိမ့်မည်မဟုတ်ပေ။


လျို့ယန်သည် ကြောက်လန့်တကြားဖြင့် သူမ၏လက်မောင်းကို ပွတ်သပ်ရင်း မေးလိုက်သည်။

“ဒါပေမယ့်... ပိုက်ဆံက ဘယ်ကရမှာလဲ”


ဆုန်ကျူယောင်က အေးစက်စက် အပြစ်တင်သည့်အကြည့်ဖြင့် ကြည့်လိုက်ရာ လျို့ယန် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ၎င်းတို့မိသားစုတွင် ငွေကြေးများ ဆုံးရှုံးသွားသော်လည်း အိမ်ရှိပစ္စည်းမှန်သမျှ ရောင်းချရမည့်အဆင့်အထိတော့ မဟုတ်သေးပေ။ ဆုန်ကျူယောင်သည် ဧည့်ခန်းတွင် ထိုင်ကာ တီဗီကို ဖွင့်လိုက်သည်။ တီဗီဖန်သားပြင်ပေါ်တွင် “အောင်နိုင်သူ ကျွန်ုပ်” ဟုခေါ်သော အစီအစဉ်တစ်ခု ပြသနေသည်။ ၎င်းသည် အသက်အရွယ်မရွေး အလုပ်အကိုင်မရွေး ပါဝင်ဖြေဆိုနိုင်သည့် ဉာဏ်စမ်းပဟေဠိ အစီအစဉ်တစ်ခုဖြစ်ပြီး အဆင့်တက်လေ ဆုကြေးငွေ များပြားလေဖြစ်သည်။ ဆုန်ကျူယောင်သည် ထိုအစီအစဉ်ကို အာရုံစိုက်ကြည့်နေသည်။ သူမသည် အကျဉ်းမကျမီက အင်ပါရာ၏ တော်ဝင်မြို့တော်တွင် ထူးချွန်သော ကျောင်းသူတစ်ဦးဖြစ်ခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိခဲ့သူဖြစ်သည်။ သူမ၏ အဓိကဘာသာရပ်သည် သိပ္ပံဖြစ်သော်လည်း စာဖတ်ဝါသနာပါသဖြင့် နိုင်ငံအသီးသီး၏ ဓလေ့ထုံးတမ်းများနှင့် ဗဟုသုတများကို ကျွမ်းကျင်စွာ တတ်မြောက်ထားသည်။ သူမ၏ သူငယ်ချင်းများက သူမကို သက်ရှိစွယ်စုံကျမ်းဟုပင် တင်စားကြသည်။ ယခု မှတ်ဉာဏ်များ ပြန်ရလာပြီဖြစ်ရာ ထိုအသိပညာများလည်း ပြန်လည်ရောက်ရှိလာသည်။ ချက်ချင်းပင် ဆုန်ကျူယောင်၏ စိတ်ထဲတွင် ရှင်းလင်းသော အစီအစဉ်တစ်ခု ပေါ်လာသည်။ သူမသည် ဟင်းချက်ရင်း ငိုနေသော လျို့ယန်ရှိရာ မီးဖိုချောင်သို့ လျှောက်သွားသည်။


“အမေ... မငိုနဲ့တော့” ဆုန်ကျူယောင်က ဆိုသည်။ “သမီး အကြံရပြီ”


လျို့ယန်သည် နားမလည်နိုင်ဘဲ ဝမ်းနည်းပက်လက်ဖြင့် သမီးဖြစ်သူကို ကြည့်ကာ မေးလိုက်သည်။

“ဘာအကြံလဲ”


“အမေ့ရဲ့ မှတ်ပုံတင်နဲ့ ဘဏ်ကတ်တွေကို အဆင်သင့်လုပ်ထား၊ ပစ္စည်းတွေ သိမ်းထားလိုက်။ သမီးတို့ ခရီးဝေး သွားကြမယ်” ဆုန်ကျူယောင်က အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။


ထိုသို့ ပြတ်သားသော အမိန့်ပေးသံကြောင့် လျို့ယန်သည် အံ့သြသွားသော်လည်း အလိုအလျောက်ပင် နာခံလိုက်မိသည်။


“အမေ့ဆီမှာ ပိုက်ဆံ ဘယ်လောက်ကျန်သေးလဲ” ဆုန်ကျူယောင်က မေးသည်။


လျို့ယန်က တုန်တုန်ရင်ရင်ဖြင့် ဖြေလိုက်သည်။

“တစ်ထောင်လောက်ပဲ...”


တော်တော်လည်း မွဲနေတာပဲ။


“အကုန်ယူလာခဲ့” ဆုန်ကျူယောင်သည် ထိုသို့ပြောကာ လှည့်ထွက်သွားသည်။ အချိန်ဆွဲနေလေ ပြဿနာတက်ရန် အခွင့်အလမ်း များပြားလေဖြစ်သည်။ အကယ်၍ လျို့ကော်ချင်းသာ ၎င်းတို့ထွက်ပြေးမည့်အကြောင်းကို သိသွားပါက သူရရှိမည့် ပွဲစားခကို အဆုံးရှုံးမခံနိုင်သဖြင့် နည်းလမ်းမျိုးစုံဖြင့် တားဆီးပေလိမ့်မည်။


ဆုန်ကျူယောင်သည် အိမ်ရှိ လျှပ်စစ်သုံးဘီးဆိုင်ကယ်ကို မောင်းကာ လျို့ယန်ကို မြို့နယ်ကားဂိတ်သို့ ခေါ်သွားပြီး လက်မှတ်ဝယ်လိုက်သည်။ ကားဂိတ်တွင် လူများဖြင့် စည်ကားနေပြီး လျို့ယန်သည် လူအမြင်တွင် ထင်းနေဖြစ်သည်။ ဆုန်ကျူယောင်သည် လူတကာ၏ အကြည့်များကြောင့် စိတ်လှုပ်ရှားနေမိသည်။ ကားစောင့်ရသည့် အချိန်သည်လည်း အလွန်ပင် ရှည်လျားနေသယောင်ပင်။ စောင့်ဆိုင်းနေစဉ်အတွင်း သူမ၏ စိတ်ထဲတွင် အတွေးများစွာဖြင့် ဗျာများနေသည်။ ၎င်းတို့ ဘေးကင်းကင်းနှင့် ထွက်ခွာနိုင်ပါ့မလား။ ဖုန်းပြောနေသော အမျိုးသားတစ်ဦးသည် ၎င်းတို့ကို ကြည့်နေသည်ဟု သူမ ထင်မိသဖြင့် တစ်စုံတစ်ယောက်ကို သတင်းပို့နေခြင်းလားဟု သံသယဝင်မိသည်။ နောက်ဆုံးတွင် ကားရောက်လာပြီး ဆုန်ကျူယောင်သည် လျို့ယန်ကို ခေါ်ကာ ကားပေါ်သို့ တက်လိုက်သည်။ ကားသည် လီအန်မြို့နယ်မှ ထွက်လာမှသာ သူမ၏ တင်းမာနေသော ကြွက်သားများ ပြေလျော့သွားတော့သည်။


ကားပေါ်တွင် ၎င်းတို့သားအမိသည် နောက်ဘက်စောင်းစောင်းတွင် ထိုင်နေကြသည်။ မျက်လုံးစွေစွေနှင့် အဒေါ်ကြီးတစ်ယောက်သည် ၎င်းတို့ကို တစိမ့်စိမ့်ကြည့်နေသည်။ ၎င်းတို့တွင် အဝတ်အစားထုတ်များ ပါလာသည်ကို မြင်သောအခါ ထိုအဒေါ်ကြီးသည် အတင်းအဖျင်းပြောချင်စိတ်ဖြင့် မျက်လုံးများ အရောင်တောက်လာကာ ဖုန်းထုတ်ယူပြီး တစ်ယောက်ယောက်ကို ဖုန်းဆက်တော့သည်။


သူမက ခပ်တိုးတိုး ကပ်ပြောနေသည်။

“ဘယ်သူရှိဦးလဲ... ငါတို့ရွာက မြေခွေးမလေ၊ သူ့သမီးကို ခေါ်ပြီး မြို့တက်သွားတာ... သူ့မိသားစုက ရွာမှာပဲ ရှိတာကို သူက ဘယ်သူ့ဆီ ခိုလှုံဖို့ သွားမှာလဲ။ ငါ့အထင်တော့ လင်ငယ်ဆီ သွားတာနေမှာ၊ ကြည့်ရုံနဲ့တင် ဒါက ငြိမ်ငြိမ်နေမယ့် မိန်းမမဟုတ်မှန်း သိသာတယ်။ သူ့ယောက်ျားကို ခေါင်းပေါ် ဂျိုဘယ်နှစ်ချောင်း တပ်ပေးခဲ့လဲ မသိပါဘူး”


ဖျော်ဖြေစရာ နည်းပါးလှသော ကျေးလက်တောရွာတွင် ကမ္ဘာကြီး ပျက်စီးမတတ် အတင်းအဖျင်း ပြောတတ်သူများ ပေါများလှသည်။ ထို့ကြောင့် ဆုန်ကျူယောင်နှင့် လျို့ယန် ထွက်ပြေးသည့်သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး လျို့ကော်ချင်းထံသို့ ရောက်သွားတော့သည်။ လျို့ကော်ချင်းသည် ချန်အိမ်တွင် လက်ဖက်ရည်သောက်နေစဉ် ထိုသတင်းကို ကြားလိုက်ရသဖြင့် မျက်နှာပျက်ယွင်းသွားသည်။ လက်ဖက်ရည် ငှဲ့ပေးနေသော ချန်လောင်အာသည်လည်း ဒေါသထွက်လာ၍ ၎င်းတို့နှစ်ဦးသား ချက်ချင်း လိုက်ကြတော့သည်။ လျို့ကော်ချင်းသည် ကားပေါ်ရှိ အဒေါ်ကြီးထံ ဖုန်းဆက်ကာ ၎င်းတို့ကို တားထားရန် ပြောလိုက်သည်။


“သူတို့ကို တားထားပေးပါ။ ကျွန်တော်တို့ အခုလာနေပြီ၊ ခင်ဗျားကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်” လျို့ကော်ချင်းသည် ကားမောင်းနေသော ချန်လောင်အာကို ကြည့်လိုက်သည်။ ချန်လောင်အာသည် ထွားကျိုင်းပြီး ကြမ်းတမ်းသော မျက်နှာထား ရှိသူဖြစ်သည်။ သူ့လက်သီးတစ်ချက်သည် နူးညံ့သိမ်မွေ့ပုံပေါက်သော လျို့ကော်ချင်းကို မေ့လဲသွားအောင် ပြုလုပ်နိုင်စွမ်းရှိသည်။ ယခုမူ သူ၏ မျက်နှာတွင်ဒေါသရိပ်များ ဖုံးလွှမ်းနေသဖြင့် ပို၍ပင် ကြောက်စရာကောင်းနေသည်။


လျို့ကော်ချင်းသည် ကြောက်လည်းကြောက်သလို လျို့ယန်ကိုလည်း အသိဉာဏ်မရှိဘူးဟု ကျိန်ဆဲနေမိသည်။ သူသည် သူမ၏ အနာဂတ်အတွက် စီစဉ်ပေးနေသော်လည်း သမီးဖြစ်သူကိုခေါ်ပြီး ထွက်ပြေးဝံ့လေသည်။ ယုန်ကလေးကဲ့သို့ သူ​၏ညီမဖြစ်သူကို ဤမျှ သတ္တိရှိလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သုံးနာရီခန့် မောင်းနှင်ပြီးနောက် ကားသည် ခရီးဆုံးသို့ ရောက်ရှိလာသည်။ ကားဂိတ်သည် မီးရထားဘူတာနှင့် နီးသဖြင့် လူအုပ်ကြီးဖြင့် စည်ကားနေသည်။ ဆုန်ကျူယောင်သည် လျို့ယန်၏ လက်ကို ဆွဲကာ လူအုပ်ကြားမှ တိုးထွက်လာခဲ့သည်။ ရုတ်တရက် လက်တစ်ဖက် ရောက်လာပြီး လျို့ယန်၏ လက်ကို လှမ်းဆွဲလိုက်သဖြင့် သားအမိနှစ်ဦးစလုံး ရပ်သွားကြသည်။


လျို့ယန်သည် ထိတ်လန့်စွာ လှည့်ကြည့်လိုက်ပြီး အံ့သြတကြီး အော်လိုက်မိသည်။

“အဒေါ်မေ!”


ဆုန်ကျူယောင်သည် ရောက်လာသူကို လှည့်ကြည့်လိုက်ပြီး ဤနေရာမှ ထွက်ခွာရန် ခက်ခဲတော့မည်ဖြစ်ကြောင်း ရိပ်မိလိုက်သည်။ လျို့ကော်ချင်း ကတိပေးထားသော အကျိုးအမြတ်များကို မက်မောနေသည့် အဒေါ်မေသည် လျို့ယန်၏ လက်ကောက်ဝတ်ကို မြဲမြဲဆုပ်ကိုင်ထားပြီး ပြုံးဖြီးဖြီးဖြင့် မေးသည်။

“ဟဲ့... ယွီဟော့မိန်းမ၊ သမီးကိုခေါ်ပြီး ဘယ်သွားမလို့လဲ”


“ဘယ်မှမသွားပါဘူး၊ အပြင်ခဏ ထွက်လာတာပါ” လျို့ယန်က ပြန်ဖြေသည်။


“ခရီးက ဝေးလှချည်လား။ ရထားစီးဖို့ ပြင်နေတာ၊ အထုပ်အပိုးတွေလည်း ပါလာတာဆိုတော့ တစ်ယောက်ယောက်နဲ့ ခိုးပြေးဖို့ ကြံနေတာလား”


“အဒေါ် ဘာတွေ ပြောနေတာလဲ ကျွန်မ ဘာမှနားမလည်ဘူး” လျို့ယန်သည် ထိုသို့ပြောကာ အဒေါ်မေ၏ လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း သူမ၏ အင်အားသည် လယ်ယာလုပ်ငန်း လုပ်ကိုင်နေသည့် အဒေါ်မေကို မယှဉ်နိုင်ပေ။


“အဒေါ်မေ... ကျွန်မကို အရင်လွှတ်ပါဦး...”


အဒေါ်မေသည် ပါးစပ်နားရောက်နေသော အကျိုးအမြတ်များကို အလွတ်မခံနိုင်ပေ။ သူမသည် လျို့ယန်ကို လူအုပ်ထဲမှ ဆွဲထုတ်သွားရင်း ပြောလိုက်သည်။

“ဒီမှာလူတွေ အရမ်းများတယ်၊ စကားပြောရတာ အဆင်မပြေဘူး၊ အပြင်ထွက်ပြီး ပြောရအောင်”


ဆုန်ကျူယောင်သည် နောက်ဆုံးရနိုင်သည့် ရထားလက်မှတ်ကို အွန်လိုင်းမှ ဝယ်ထားပြီးဖြစ်ကာ ရထားသည်လည်း မကြာမီ ဆိုက်ရောက်တော့မည်ဖြစ်သည်။ အဒေါ်မေက လျို့ယန်ကို ဆွဲခေါ်သွားခြင်းကို သူမ ဆက်ကြည့်နေ၍ မရပေ။


“အဘွား... ကျွန်မ အမေကို လွှတ်လိုက်နော်!” ဆုန်ကျူယောင်က ဝင်တားသော်လည်း အဒေါ်မေက သူမကို ဂရုမစိုက်ဘဲ သားအမိနှစ်ယောက်လုံးကို အပြင်သို့ ဆွဲခေါ်သွားသည်။


ဆုန်ကျူယောင်၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး ရုတ်တရက် အော်ဟစ်လိုက်တော့သည်။

“လူကုန်ကူးသူဗျို့။ သမီးတို့ကို ကယ်ကြပါဦး!”


သူမ၏ စူးရှသော အော်သံကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း​၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ ကလေးပါသော မိဘများအားလုံး ၎င်းတို့ကလေးများကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ထိုနေရာသို့ သတိကြီးစွာ ကြည့်နေကြသည်။ ၎င်းတို့သုံးဦးသည် ချက်ချင်းပင် လူအုပ်ကြီး၏ အကြည့်အောက်သို့ ရောက်ရှိသွားသည်။


အဒေါ်မေ အရှက်ရသွားပြီး ဆုန်ကျူယောင်ကို အတင်းဆွဲခေါ်ရန် ကြိုးစားလိုက်သည်။

“နင် ဘာတွေ အော်နေတာလဲ... နားမယောင်ကြပါနဲ့။ ကျွန်မက လူကုန်ကူးသူ မဟုတ်ပါဘူး။ ကျွန်မတို့က တစ်ရွာတည်းသားတွေပါ။ သူတို့က အိမ်က ထွက်ပြေးလာလို့ သူတို့မိသားစုက လာခေါ်ခိုင်းလို့ပါ...”


ရုန်းကန်နေသော ကလေးမလေးသည် လူတို့၏ သနားစိတ်ကို နှိုးဆွပေးသည့် အသံလေးဖြင့် အော်ဟစ်လိုက်သည်။

“သူ လိမ်နေတာ။ သမီးတို့ သူ့ကို မသိဘူး။ ဦးဦး ဒေါ်ဒေါ်တို့... သမီးနဲ့ အမေ့ကို ကယ်ကြပါဦး!”


မကြာသေးမီနှစ်များအတွင်း လူကုန်ကူးသူများသည် ဤနည်းလမ်းကို အသုံးပြု၍ အမျိုးသမီးများနှင့် ကလေးများကို ပြန်ပေးဆွဲတတ်သည့် သတင်းများ ပျံ့နှံ့နေသဖြင့် လူအချို့က ချက်ချင်း ရှေ့ထွက်လာကာ အဒေါ်မေကို ဆွဲထုတ်လိုက်ကြသည်။ ၎င်းတို့ကို ခွဲထုတ်လိုက်ပြီး အဒေါ်မေကို ဝိုင်းဖမ်းထားကြသည်။


အဒေါ်မေ ဒေါသထွက်လာသည်။

“နင်တို့ ဘာဖြစ်နေကြတာလဲ။ ကျွန်မက သူတို့နဲ့ တကယ် သိတာပါဆို...”


“ရဲခေါ်လိုက်၊ ရဲခေါ်လိုက်။ အရင်တိုင်ပြီးမှ စကားပြောကြတာပေါ့”


“သူက လူကုန်ကူးသူ ဟုတ်မဟုတ်ဆိုတာ ရဲရောက်လာရင် သိမှာပါ” နောက်တစ်ယောက်က ဝင်ပြောသည်။


“သူ့မျက်နှာက ကြမ်းတမ်းလိုက်တာ၊ လူကောင်းပုံ မပေါက်ဘူး” အခြားတစ်ဦးက ဆိုသည်။


လူတိုင်း၏ အာရုံသည် အဒေါ်မေထံ ရောက်နေစဉ် ဆုန်ကျူယောင်သည် ကြောင်အမ်းအမ်းဖြစ်နေသော လျို့ယန်ကို ဆွဲခေါ်ကာ ဘူတာရုံထဲသို့ အမြန်ဝင်သွားတော့သည်။ အဒေါ်မေသည် ထိုအဖြစ်ကို မြင်လိုက်သဖြင့် အလွန် ပျာယာခတ်သွားသည်။ ကိုယ်ပိုင်ကားများသည် လိုင်းကားထက် ချင်မြန်သဖြင့် လျို့ကော်ချင်းတို့ လမ်းထိပ်သို့ ရောက်နေလောက်ပြီဖြစ်သည်။ သူမ ၎င်းတို့ကို အလွတ်မပေးနိုင်ပေ။


“ဖယ်ကြပါဦး၊ ဖယ်ကြစမ်းပါ...” အဒေါ်မေသည် ထိုသို့အော်ကာ လူအုပ်ကြားမှ ရုန်းထွက်ပြီး ဆုန်ကျူယောင်တို့နောက်သို့ ပြေးလိုက်ရန် ကြိုးစားလေသည်။


ထိုစဉ် ကလေးပြန်ပေးဆွဲခံထားရသော ဖခင်တစ်ဦးက သတိထားမိသွားသဖြင့် အနားသို့ ပြေးလာကာ အဒေါ်မေ့ကို တစ်ချက် ကန်လိုက်ရာ သူမ၏ ဝဝတုတ်တုတ် ကိုယ်လုံးကြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ အဒေါ်မေသည် ခါးကိုကိုင်ကာ အော်ငိုတော့သည်။


ထိုအချိန်တွင် လျို့ကော်ချင်းနှင့် ချန်လောင်အာတို့ ရောက်လာကြသည်။

“သူတို့ ဘယ်မှာလဲ”


“အား... ဟိုထဲ ဝင်သွားပြီ၊ အမြန်လိုက်” အဒေါ်မေက နာကျည်းစွာ ပြန်ဖြေလိုက်သည်။ ယခင်က သူမသည် အကျိုးအမြတ်အတွက် လိုက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ လျို့ယန်နှင့် ဆုန်ကျူယောင်တို့ကို ဖမ်းမိစေချင်သည့် စိတ်များ အလွန်ပြင်းပြနေသည်။ ၎င်းတို့ ထွက်ပြေးလေ သူမက ပို၍ ဖမ်းဆီးလိုလေဖြစ်သည်။


လျို့ကော်ချင်းနှင့် ချန်လောင်အာတို့သည် ဘူတာရုံထဲသို့ အပြေးအလွှား ဝင်သွားကြသည်။ ဆုန်ကျူယောင်သည် လျို့ယန်၏ မှတ်ပုံတင်ဖြင့် အလိုအလျောက် စက်ထဲမှ လက်မှတ်ကို ထုတ်ယူပြီးနောက် လှည့်ကြည့်လိုက်ရာ လျို့ကော်ချင်းနှင့် ချန်လောင်အာတို့ကို ဝင်ပေါက်တွင် တွေ့လိုက်ရသည်။ သူမ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး လက်မှတ်စစ်သည့် နေရာသို့ လျို့ယန်ကို ဆွဲကာ အမြန်ပြေးတော့သည်။


“အား... ယောင်ယောင် ဖြည်းဖြည်းသွားပါ...” လျို့ယန် ဘာဖြစ်နေမှန်း မသိသေးဘဲ အော်ဟစ်မိရာ လျို့ကော်ချင်းတို့၏ အာရုံကို ဆွဲဆောင်မိသွားသည်။ ထိုလူကြီးနှစ်ယောက်သည် ချက်ချင်းပင် အနောက်က လိုက်လာကြတော့သည်။


ဆုန်ကျူယောင်၏ ရင်ဘတ်သည် တလှပ်လှပ် ခုန်လှုပ်နေသော်လည်း မျက်နှာကမူ တည်ငြိမ်နေဆဲပင်။ သူမသည် လျို့ယန်ကို ဆွဲ၍ ပြေးနေသောကြောင့် လျို့ယန်သည် အကြိမ်ကြိမ် ချော်လဲလုနီးပါး ဖြစ်နေသည်။


“တောင်းပန်ပါတယ် ဦးဦး၊ ဒေါ်ဒေါ်တို့... သမီးတို့ နောက်ကျနေလို့ပါ...” ဆုန်ကျူယောင်သည် လက်မှတ်စစ်ရန် စောင့်နေသည့် လူအုပ်ထဲသို့ အတင်းတိုးဝင်လိုက်သည်။ လူများ၏ မကျေမနပ် ညည်းတွားသံများကို သူမ ဂရုမစိုက်နိုင်တော့ပေ။


မျက်လုံးများ နီရဲနေသော လျို့ကော်ချင်းနှင့် ချန်လောင်အာတို့ လူတန်းနောက်သို့ ရောက်လာချိန်တွင် ဆုန်ကျူယောင်နှင့် လျို့ယန်တို့ လက်မှတ်စစ်ပြီး ဝင်သွားပြီဖြစ်သည်။


“ဘာလုပ်နေတာလဲ?! မှတ်ပုံတင်ပြစမ်း!” ပြတ်သားသောအသံ ထွက်ပေါ်လာသည်။ ဆုန်ကျူယောင် လှည့်ကြည့်လိုက်ရာ လျို့ကော်ချင်းနှင့် ချန်လောင်အာတို့ကို ဘူတာရုံ လုံခြုံရေးများက တားဆီးထားသည်ကို တွေ့လိုက်ရသည်။


လျို့ကော်ချင်း အမောတကောဖြစ်စဉ် ဆုန်ကျူယောင်နှင့် မျက်လုံးချင်း ဆုံသွားသည်။ ထိုမျက်လုံးများသည် သူ့ကို စူးစူးစိုက်စိုက် ကြည့်နေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်မှောင်၍ ထူးဆန်းနေသည်။ ဆုန်ကျူယောင်သည် ခေါင်းကို အသာစောင်းကာ နှုတ်ခမ်းထောင့်ကို ကွေးညွတ်ပြီး ပြုံးပြလိုက်သည်။ သူမ၏ ကလေးမျက်နှာတွင် ထိုသို့သော အကြည့်မျိုးရှိနေခြင်းသည် ရက်စက်ပြီး ထိတ်လန့်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်စေသည်။ ဆုန်ကျူယောင်သည် လျို့ကော်ချင်းနှင့် ချန်လောင်အာတို့ကို လက်ခလယ် ထောင်ပြလိုက်သည်။


‘ငါ့ကမ္ဘာထဲကနေ လွင့်ထွက်သွားကြစမ်း၊ အမှိုက်သရိုက်တွေ’


ထိုအချိန်တွင် ဆုန်ကျူယောင်သည် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူမ၏ ရန်သူများသည် အမြဲတမ်း အင်အားကြီးမားခဲ့ပြီး သူမကို အသည်းအသန် စိတ်ပျက်အားငယ်သည်အထိ ထောင်ချောက်ပေါင်းစုံ ဆင်ခဲ့ကြသည်။ ၎င်းတို့သည် ယခင်က အောင်မြင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမသည် အောင်နိုင်သူဖြစ်ရမည်ဟု သန္နိဋ္ဌာန် ချထားလိုက်သည်။ ရထားကြီး တချုန်းချုန်း မြည်ကာ ဘူတာရုံ၏ အရိပ်များကို ချန်ထားခဲ့ပြီး တဖြည်းဖြည်း ထွက်ခွာလာသည်။ တောက်ပသော အလင်းရောင်များ ပေါ်ပေါက်လာကာ ရှုခင်းများ သူမ၏ မျက်စိရှေ့တွင် ကျယ်ပြန့်လာလေသည်။ ဤနေ့သည် သာယာလှပသော နေသာသည့်နေ့တစ်နေ့ဖြစ်သည်။