Chapter 4
Viewers 50

သရဲပုံပြင်ဆန်တဲ့ ကမ္ဘာကြီးထဲမှာ လူတွေသေကျေနေတဲ့ကြားက တစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပြီ။


ဒါပေမဲ့ မျက်လုံးတစ်ဖက် နှိုက်သွားတဲ့အဖြစ်ဆိုးနဲ့။


ထူးခြားတာက ကျန်ခဲ့တဲ့ ခရီးသည်တွေဟာ အရင်လို သနားဂရုဏာ သိပ်မပြနိုင်ကြတော့ဘူး။ ကြောက်ရွံ့ရွံရှာမှုတွေက သူတို့ကို လွှမ်းမိုးထားလို့ပဲ။


'ဒါ မစည်းရုံးဘဲ အကြမ်းဖက်ပြီးရလာတဲ့ရလဒ်လား?'


ဘဲ့ဆာဟွန်းရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ ဝန်ထမ်းသစ်ရဲ့ အခြေအနေကို ဝိုင်းကြည့်ကြရင်း ရထားတွဲအတွင်းမှာ ခဏတာ ရှုပ်ရှက်ခတ်သွားတယ်။


[ယခုဆိုက်ရောက်မည့်ဘူတာမှာ အမုန်းတရား၊ အမုန်းတရားဘူတာ ဖြစ်ပါသည်]


ကြေညာသံက မှောင်မိုက်နေတဲ့ လေထုကို ပိုပြီး လေးလံသွားစေတယ်။


ဒဏ်ရာရထားတဲ့ ဝန်ထမ်းသစ်ကို ပြုစုပေးနေတဲ့ ဂိုယောင်းအွန်းက မျက်နှာပျက်ပျက်နဲ့ ထရပ်လိုက်တယ်။


"သူ့ရဲ့ မျက်ကြည်လွှာ ပျက်စီးသွားတာ သေချာသလောက်ပဲ။ စိုးရိမ်ရတယ်..."


"မင်းက ဆေးဘက်ဆိုင်ရာ နယ်ပယ်ကလား?"


"မဟုတ်ပါဘူး။ ကောလိပ်မှာ ခဏလေ့လာခဲ့ဖူးပေမဲ့ မေဂျာပြောင်းလိုက်လို့ နိုင်ငံတော်အဆင့် စာမေးပွဲတော့ မဖြေဖြစ်ခဲ့သလို ပညာရှင်လည်း မဟုတ်ပါဘူး။"


ဂိုယောင်းအွန်းက သက်ပြင်းချရင်း ကြမ်းပြင်ပေါ်မှာ တင်ပလ္လင်ခွေ ထိုင်ချလိုက်တယ်။


[တံခါးများ ဖွင့်နေပါပြီ]


ရထားတံခါးတွေ ပွင့်သွားပေမဲ့ လူတွေက အပြင်ကို လှမ်းကြည့်ရုံကလွဲလို့ ဘာမှမလုပ်ကြဘူး။


အဲ့ဒီနောက် ကျွန်တော့်ကို လှမ်းကြည့်ကြပြန်တယ်။


ဒီမှာ ဆင်းဖို့ ကျွန်တော် အကြံပြုမလားဆိုတာကို စောင့်စားနေကြတာ။


'အနည်းဆုံးတော့ သူတို့ ငါ့ကို အာရုံစိုက်လာကြပြီပဲ'


ဘဲ့ဆာဟွန်းရဲ့ လုပ်ရပ်ကြောင့် အချင်းချင်း ပိုသံသယပွါးလာမလားလို့ စိုးရိမ်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ဘုံရန်သူရှိလာတာက လူတွေကို ပိုငြိမ်သက်သွားစေခဲ့တာပဲလား။


ဒါ့အပြင် ဒီလိုအရူးကမ္ဘာထဲမှာ ယုံကြည်ချက်ရှိရှိနဲ့ စကားပြောခဲ့တဲ့သူရဲ့ နောက်ထပ်စကားကို သူတို့ စောင့်မျှော်နေကြတယ်။


ဘယ်ဘူတာမှာ ဆင်းရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကိုတောင် ကျွန်တော့်အပေါ် ပုံချချင်နေကြသလိုပဲ။


"နည်းနည်းတော့ ဖိအားများနေမှာပဲနော်"


ဂိုယောင်းအွန်းက ခံစားချက်ပေါင်းစုံနဲ့ လာပြောတယ်။


"လူတွေက ရှင့်ကိုပဲ မှီခိုနေကြတာ"


"သူတို့မှာကလည်း ကြောက်ရတာနဲ့ စိုးရိမ်ရတာနဲ့ကြောင့်ပါ။ ရှင်လည်း အရမ်းပင်ပန်းပြီး စိတ်မပျက်သွားဖို့ မျှော်လင့်ပါတယ်... အာ၊ ဆောရီးနော်"


ကျွန်တော်လည်း ကြောက်ပြီး စိုးရိမ်နေတာပါပဲ၊ ဒါကြောင့်လည်း အားလုံးကို ဦးဆောင်ဖို့ ကြိုးစားနေရတာ...။


"ကျွန်မလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ စဉ်းစားကြည့်မိတာရှိတယ်..."


အို၊ ကောင်းတာပေါ့။ အမြင်ချင်း ဖလှယ်တာကို ကျွန်တော် ကြိုဆိုပါတယ်။


"ဘာတွေ စဉ်းစားမိလို့လဲ?"


"ခုနက ရှင်ပြောတဲ့ 'နောက်ဆုံးပန်းတိုင်' ဆိုတာကိုလေ"


ဂိုယောင်းအွန်းက အသံကို တိုးလိုက်တယ်။


"လူတစ်ယောက်ရဲ့ နောက်ဆုံးပန်းတိုင်ဆိုတာ... 'သေခြင်းတရား'များ ဖြစ်နေမလားလို့?"


"အဲ့ဒါက လူ့ဘဝရဲ့ အဆုံးသတ်မှတ်တိုင်မဟုတ်လား? စဉ်းစားလေလေ ပိုထင်လာလေလေပဲ။ ဒီလိုစကားလုံးမျိုးပါတဲ့ ဘူတာမှာ ဆင်းရမလားလို့ စဉ်းစားမိတယ်"


"ဒါပေမဲ့...တစ်ဖက်ကကြည့်ရင် အေးအေးချမ်းချမ်း သေရမယ်လို့ ဆိုလိုတာလား မသဲကွဲလို့ ထုတ်မပြောရဲတာ"


"မဟုတ်တာ၊။ မင်းရဲ့အတွေးက ကောင်းပါတယ်"


ကျွန်တော် ပြောတာကို ရပ်လိုက်ရင်း နည်းနည်းပြုံးမိသွားတယ်။ မျက်နှာပြင်ပေါ်မှာ နောက်ထပ် ဘူတာနာမည်ကို မြင်လိုက်ရလို့လေ။


" 'ပန်းတိုင်' ဆိုတဲ့ အဓိပ္ပာယ်က တကယ်တော့ ဘာလဲ?"


"အဘိဓာန်အရဆိုရင် ပန်းတိုင်ဆိုတာ လူတစ်ယောက် ရောက်အောင်သွားနေတဲ့ နေရာ ဒါမှမဟုတ် ရည်မှန်းချက်ပေါ့"


ဒီရထားရဲ့အဓိကဆိုလိုရင်းက အရမ်းကို ရိုးရှင်းတယ်။


ထိုင်ပါဆို ထိုင်ရမယ်၊ ပျောက်ဆုံးပစ္စည်း ရှာပါဆို ရှာရမယ်။


ညွှန်ကြားချက်တွေက တိုက်ရိုက်ပဲ၊ အဲဒါကို လိုက်နာရင် ဘေးကင်းမယ်။


ဘူတာမှားပြီး ဆင်းတဲ့သူတွေကလည်း ရိုးရိုးစင်းစင်းနဲ့ သေဆုံးသွားကြတာချည်းပဲ။


ဒါကြောင့် ကျွန်တော်က 'ပန်းတိုင်' ဆိုတဲ့ စကားလုံးကို ဒီလိုပဲ ချဉ်းကပ်လိုက်တယ်။


"ဒီရထားက ပြောနေတဲ့ 'ပန်းတိုင်' ဆိုတာ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေမှာ မရှိသေးတဲ့၊ ဒါမှမဟုတ် မရောက်ရှိသေးတဲ့ နေရာ ဒါမှမဟုတ် ရည်မှန်းချက်တစ်ခုကို ဆိုလိုတာလို့ထင်မိတယ်"


အဲ့ဒီလို စဉ်းစားလိုက်ရင် မှန်ကန်တဲ့ ဘူတာကို ရွေးဖို့ စံနှုန်းက အရမ်းကိုရိုးရှင်းသွားပြီ။


– ငါ့မှာ မရှိတဲ့အရာ။


ဒီ Logicကို အသုံးချရင် အရင်က လွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်သုံးသပ်လို့ ရတယ်။



၁- အရောင်များနှင် အမည်ပေးထားသည့် ဘူတာများ (ဥပမာ- အနီ၊ အဝါ၊ အပြာ)


: လူနှစ်ဦး လွတ်မြောက်မှု အောင်မြင် (ကြိုးစားခဲ့သည့်ဘူတာ : အပြာရောင်ဘူတာ)


၂- ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် အမည်ပေးထားသည့် ဘူတာများ (ဥပမာ- ဘယ်လက်မောင်း၊ မျက်ကြည်လွှာ၊ နှလုံး)


: လွတ်မြောက်မှု အောင်မြင်သည့် မှတ်တမ်းမရှိ (ကြိုးစားခဲ့သည့်ဘူတာ : နားအတွင်းပိုင်းဘူတာ)


၃- လူသတ်သမားများ၏နာမည်နှင့် အမည်ပေးထားသည့် ဘူတာများ (ဥပမာ- ■■၊ ■■■■၊ ■■■)


: လူ ၁၂ ဦး လွတ်မြောက်မှု အောင်မြင် (ကြိုးစားခဲ့သည့်ဘူတာ : ■■■■ ဘူတာ)


၄- ခုနှစ်များနှင့် အမည်ပေးထားသည့် ဘူတာများ (ဥပမာ- ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)


: လွတ်မြောက်မှု အောင်မြင်သည့် မှတ်တမ်းမရှိ (ကြိုးစားခဲ့သည့်ဘူတာ : ၂၀၂၄ ဘူတာ)


၅- ရောဂါအမည်များနှင့် အမည်ပေးထားသည့် ဘူတာများ


(ဥပမာ- ပန်းနာရင်ကျပ်၊ လေဖြတ်ခြင်း၊ ရေတိမ်)


: လူသုံးဦး လွတ်မြောက်မှု အောင်မြင် (ကြိုးစားခဲ့သည့်ဘူတာ : အအေးမိဘူတာ)



အပြာရောင်ဘူတာမှာ လွတ်မြောက်သွားတဲ့သူတွေက သူတို့ကိုယ်ပေါ်၊ အသုံးအဆောင်တွေပေါ်မှာ အပြာရောင် လုံးဝမပါတဲ့သူတွေ ဖြစ်ဖို့များတယ်။


ပြီးတော့ လူသတ်သမားတွေရဲ့နာမည်ကို ပေးထားတဲ့ ဘူတာမှာ လွတ်မြောက်သူ အများကြီးရှိနေတာကလည်း ယုတ္တိရှိတာပဲ။


ရထားပေါ်က ဘယ်သူမှ အဲဒီလူသတ်သမားတွေ မဟုတ်နိုင်တာကြောင့် သူတို့အတွက်က ဘယ်ဘူတာမဆို မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်နေမှာ။


'တစ်ဖက်မှာကျတော့ ခန္ဓာကိုယ်အစိတ်အပိုင်း နာမည်ပေးထားတဲ့ ဘူတာတွေမှာ ကိုယ်အင်္ဂါတစ်ခုခု ချို့တဲ့နေသူ ရှားတာကြောင့် လွတ်မြောက်ဖို့ ခက်ခဲသွားကြတာ'


ခုနှစ်အလိုက် အမည်ပေးထားတဲ့ ဘူတာတွေလည်း ဒီအတိုင်းပဲ။ လူတိုင်းက ၂၀၂၄ ခုနှစ်ကို ဖြတ်သန်းဖူးကြတာမလို့ အဲ့ဒီအချိန်မှာ မလွတ်နိုင်ခဲ့ကြဘူး။


ဒီ Logic အရ အခု ကျွန်တော်တို့ ဘယ်ဘူတာမှာ ဆင်းရမလဲဆိုတာကတော့ ရှင်းလင်းသွားပြီ။


– ငါ့မှာ မရှိတဲ့ စိတ်ခံစားမှု။


"... အဲဒီတော့၊ ကျွန်တော်တို့ ဒီအခြေအနေမှာ ဘယ်တော့မှ မခံစားရနိုင်တဲ့ စိတ်ခံစားချက်တစ်ခုကို ရွေးရမယ်"


ခက်ခဲတဲ့အပိုင်းပဲ။ လူအများစုက ဝမ်းသာ၊ ဒေါသ၊ သောက၊ ပီတိ စတဲ့ အခြေခံစိတ်ခံစားမှုတွေကို ကြုံဖူးကြတယ်။ စိတ်ခံစားချက်မဲ့တဲ့သူမဟုတ်ရင် ဘူတာနဲ့လွဲလိမ့်မယ်။ အတိုင်းအတာ ကွာချင်ကွာမယ်၊ ဒါပေမဲ့ ဘယ်စိတ်ခံစားချက်ကိုမဆို လူတိုင်းက ခံစားဖူးကြတာချည်းပဲ။


စိတ်ကူးယဉ်လို့သာရပြီး လက်တွေ့မှာ အပြည့်အဝ ခံစားရဖို့ ခက်ခဲလွန်းတဲ့ စိတ်ခံစားချက်မျိုး'


အဲ့ဒီလိုစိတ်ခံစားချက်နာမည်မျိုးနဲ့ဘူတာကို ရွေးရမှာ။


[ယခုဆိုက်ရောက်မည့်ဘူတာမှာ တည်ငြိမ်အေးချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုဘူတာ ဖြစ်ပါသည်]


ကြေညာသံ ထွက်လာပြီ။


လူတွေကတော့ ဒါကို သာမန်စိတ်ခံစားချက်နာမည်တစ်ခုလို့ ထင်ကောင်းထင်လိမ့်မယ်။ အဲ့ဒီလူ ကြည့်ရတာ အရမ်းကို တည်ငြိမ်အေးချမ်းလိုက်တာလို့ ကျွန်တော်တို့ ပြောလေ့ရှိကြတာပဲမဟုတ်လား။


'ဒါပေမဲ့ အဲ့ဒါက တခြားလူကို ဖော်ပြတဲ့အခါမှာ သုံးတဲ့ စကားလုံးပဲ'


ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အေးချမ်းတယ်လို့ ပြန်ဖော်ပြတာမျိုးက အရမ်းရှားတယ်။


အဘိဓာန်အရ Serenity ဆိုတာ 'ဘာပူပန်မှု၊ ဘာစိုးရိမ်မှုမှ မရှိတဲ့ အခြေအနေ'။


ဒါပေမဲ့ လူသားတစ်ယောက်ဟာ ဘာကိုမှ မစိုးရိမ်ဘဲ တကယ်ပဲ တည်ငြိမ်နေနိုင်ပါ့မလား?


'အဲ့ဒီလို ဖြစ်နိုင်ခြေက...'


မရှိသလောက်ပဲ။


အထူးသဖြင့် ဒီလို အစွန်းရောက်နေတဲ့ အခြေအနေမျိုးမှာပေါ့။


"ဒီဘူတာ မှန်တယ်"


"ကျွန်တော်တို့ ဒီမှာ ဆင်းမယ်"


ကျွန်တော် တုံ့ဆိုင်းမှုမရှိဘဲ ယုံကြည်ချက်ရှိရှိ ပြောလိုက်တယ်။


ချက်ချင်း မတ်တပ်ရပ်လိုက်တော့ ကျန်တဲ့လူတွေလည်း လန့်ပြီး ထရပ်ကြတယ်။


"ဒီ-ဒီမှာ ဆင်းမှာလား?"


ကျွန်တော် မျက်လုံးအနာတရဖြစ်နေတဲ့ ဝန်ထမ်းသစ်ဆီ သွားပြီး သူ့ကို တွဲထူလိုက်တယ်။


ကျွန်တော် သူ့ကို တံခါးဆီ ဦးဆောင်ခေါ်သွားတော့ ကျန်တဲ့လူတွေကပါ အလိုလို နောက်က လိုက်လာကြတယ်။ ဘယ်သူမှ နောက်ပြန်လှည့်လို့မရတော့ဘူး။


အားလုံး တူတူဆင်းကြမယ်။


ကျွန်တော်တို့အားလုံးသာ လွတ်မြောက်သွားရင်...


[တံခါးများ ဖွင့်နေပါပြီ]


ဒါပေမဲ့ ပွင့်သွားတဲ့ တံခါးအပြင်ဘက်မှာ မြင်လိုက်ရတာက သွေးပင်လယ်ကြီး။


မဖြစ်နိုင်တာ... ဒါကတော့ လွန်လွန်းအားကြီးတယ်။ ဘာတွေလဲကွာ...?


'ဘုရားသခင်... ကျွန်တော့်ကို ကယ်ပါ'


ဂိုယောင်းအွန်းရဲ့ နောက်ကွယ်မှာ ပြေးပုန်းလိုက်ချင်ပေမဲ့၊


လူကြီးတစ်ယောက်ရဲ့ သိက္ခာနဲ့ အတင်းထိန်းထားလိုက်ရတယ်။


အဲ့ဒီအစား ကျွန်တော်က ခေါင်းကို ဟိုဘက်ဒီဘက် လှည့်ကြည့်ရင်း လူတွေကို ပြောလိုက်မိတယ်။


"ဒီ...ဒီဘူတာက တကယ်ပဲ မှန်ရဲ့လား?"


သူတို့ကို ဆင်းလာပေးဖို့ ဆွဲဆောင်နိုင်မဲ့ စကားလုံးလှလှလေးတွေကို ခေါင်းထဲမှာ မစီတတ်တော့ဘူး။


တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း မဆင်းချင်ဘူး။


တစ်ယောက်ယောက်က 'မဆင်းလည်း ရတယ်' ဆိုပြီး လာပြောပေးဖို့ ဆုတောင်းနေမိတယ်။


"... ခွင့်ပြုပါ! ကျွန်မကတော့ ဒါကို ဆင်းသင့်တယ်လို့ ထင်မိတယ်"


"ဒီမှာ ရှင်တစ်ယောက်ပဲ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချနိုင်ခဲ့တာ။ အားလုံး ကြောက်နေကြပေမဲ့ ရှင်ကတော့ အခုထိ တည်တည်ငြိမ်ငြိမ် ရှိနေတုန်းပဲ"


"စောစောကလူက တစ်ယောက်တည်း ထွက်သွားလို့ ဒီလောက် ရှုပ်ကုန်တာ... အနည်းဆုံးတော့ ကျွန်မက ကြင်နာတတ်တဲ့သူရဲ့စကားကိုပဲ နားထောင်ချင်တယ်။ ကျွန်မ ဆင်းမယ်"


ဂိုယောင်းအွန်းက ရထားပေါ်ကနေ သတ္တိရှိရှိနဲ့ အရင်ဆုံး ခြေလှမ်းထွက်လိုက်တယ်။ သံချေးတက်နေတဲ့ ပလက်ဖောင်းပေါ်မှာ ကြောက်စရာကောင်းတဲ့ မီးရောင်တွေက တဖျတ်ဖျတ် ဖြစ်နေပြီး အပေါ်က ပိုက်တွေထဲကနေ အရည်တွေ စိမ့်ကျနေတယ်။


ဂိုယောင်းအွန်းရဲ့ ပခုံးပေါ်ကို သွေးတွေ တစ်စက်ချင်း ကျလာတယ်။ ဟား... ဟား...


"ကျွန်မအတွက် စိတ်ပူမနေနဲ့။ ကျွန်မ ရှင့်ကို ယုံတယ်! သွားရအောင်!"


ကျွန်တော် တွဲထားတဲ့ ဒဏ်ရာရလူကတောင် ကျွန်တော့်ကို ရှေ့ဆက်သွားဖို့ တိုက်တွန်းနေပြီ။


ကျွန်တော်က သူ့ကို စိုးရိမ်လို့ အလကားအချိန်ဆွဲနေတယ်လို့ သူတို့ ထင်နေကြမှာပဲ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် သူတို့ကို ကျေးဇူးတင်ရမလား၊ စိတ်နာရမလားတောင် မသိတော့ပါဘူး။


ဘာပဲပြောပြော ကျွန်တော် ဂိုယောင်းအွန်းနောက်ကနေ လိုက်ဆင်းလိုက်ရတယ်။ ကျန်တဲ့လူတွေလည်း တွန့်ဆုတ်တွန့်ဆုတ်နဲ့လိုက်လာကြတယ်။


အနည်းဆုံးတော့ ကျွန်တော်က နောက်ဆုံးပိတ် မဟုတ်နေတာတင် တော်သေးတယ်ပြောရမယ်။


သူများတွေ ကိုယ့်ကို လွယ်လွယ်နဲ့သတိမထားမိသလောက် နောက်ဆုံးမှာ ကျန်ခဲ့ရတာက ကြောက်ဖို့အကောင်းဆုံးပဲ။


ကိုယ့်ကိုယ်ကိုယ်သာ စွန့်ပစ်လိုက်ချင်တယ်။


"လှေကားပေါ် တက်ကြမလား?"


ဒီအခြေအနေမှာတောင် ဂိုယောင်းအွန်းက တခြားရထားတွဲတွေဆီ လှမ်းအော်နေသေးတယ်။


"ဟေ့! ဆင်းကြ! ဒါ ဘူတာအမှန်ပဲ!"


ဘယ်လောက် ထိရောက်မလဲတော့ မသိဘူး။ လူအချို့ကတော့ ကြောက်လို့ ဆင်းရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့...


'သူမရဲ့စကားကြောင့် နောက်ထပ်တစ်ယောက်လောက်ပဲ ဖြစ်ဖြစ် ထပ်လွတ်သွားရင်တောင် သူတို့ကို ကယ်လိုက်တာနဲ့အတူတူပဲ'


သူ့ကို တကယ် အထင်ကြီးမိတယ်။


လောလောဆယ် ရှိသမျှအာရုံတွေအားလုံးကို သူမဆီကိုပဲ ပုံအပ်ထားလိုက်ချင်တော့တယ်...။


ဒဏ်ရာရတဲ့သူကို ကူညီပေးဖို့ဆုံးဖြတ်လိုက်တာက ဘယ်ဆိုးလို့လဲ။ ကျွန်တော့်ရဲ့ အာရုံတွေ လွင့်ထွက်တော့မဲ့အချိန်တိုင်း သူ့ကို တွဲထားရတာက ကျွန်တော့်ကို ပျာယာခတ်မသွားအောင် ထိန်းပေးထားသလိုပဲ။


ကြောက်တတ်တဲ့သူတွေကို ဒီနည်းလမ်းလေး အကြံပေးချင်ပါတယ်။


ဘယ်သူကမှ ဒီလို ရူးကြောင်ကြောင် အခြေအနေမျိုးကို ကြုံရမှာ မဟုတ်ဘူးဆိုပေမဲ့လည်း!


"ဆက်လျှောက်ကြရအောင်"


ကျွန်တော် ပတ်ဝန်းကျင်ကို မကြည့်မိအောင် အတင်းကြိုးစားရင်း အဖွဲ့နဲ့အတူ လျှောက်လာခဲ့တယ်။


အရှေ့မှာ လှေကားကို မြင်နေရပြီ။


'လှေကားတွေမှာ အင်းတွေ၊ မှော်စာလုံးတွေ အပြည့်ကပ်ထားတာပဲ...'


လှေကားတွေကအစ ပုံမှန်မဟုတ်တာကို မြင်လိုက်ရလို့ ကျောချမ်းသွားပေမဲ့...


'တက်သွားရုံပဲ၊ တက်သွားရုံပဲ' လို့ စိတ်ထဲက ရွတ်နေမိတယ်။


မကြာခင်မှာပဲ ကျွန်တော့်ရဲ့ အမြင်အာရုံတွေ ဝေဝါးသွားပြီး...


[ဂုဏ်ယူပါတယ်၊ ဝန်ထမ်းသစ်တို့!]


ရုတ်တရက်ကြီး ကျွန်တော်တို့တွေက သင်တန်းခန်းမထဲ ပြန်ရောက်သွားတယ်။


ခေတ်မီပြီး သက်တောင့်သက်သာရှိတဲ့ ကျယ်ဝန်းတဲ့ အခန်းကြီး။


ရှေ့က စခရင်န်ကြီးပေါ်မှာ စာသားတွေ ပေါ်လာတော့မှပဲ ဒါဟာ လက်တွေ့ဘဝကြီးဆိုတာကို သိလိုက်ရတော့တယ်။


: ဂုဏ်ယူပါတယ်။ သင်တို့ဟာ အိပ်မက်အဖွဲ့အစည်းရဲ့ကွင်းဆင်းလေ့လာရေးအဖွဲ့မှာ ဝန်ထမ်းအဖြစ် တရားဝင် ခန့်အပ်ခြင်း ခံရပါပြီ။


ကျွန်တော်နဲ့အတူ လွတ်မြောက်လာတဲ့လူတွေဟာ ခြေပစ်လက်ပစ်နဲ့ ခုံတွေပေါ်ကို လဲကုန်ကြတယ်။


ကျွန်တော် နောက်လှည့်ပြီး ရေတွက်ကြည့်လိုက်တယ်။


တစ်ယောက်၊ နှစ်ယောက်...သုံးယောက်...ခုနစ်ယောက်။


ကျွန်တော်တို့အတွဲထဲမှာရှိတဲ့ လူတွေအကုန် အသက်ရှင်ခဲ့ကြတယ်။ လူ (၁၀) ယောက်မှာ (၇) ယောက် လွတ်ခဲ့ပြီ။


[ကဲ... အခု ဆုချီးမြှင့်ခြင်း အခမ်းအနား စတင်ပါပြီ!]