Chapter 3
Viewers 300

လူတွေ သေကြေပျက်စီးနေတဲ့ သရဲဇာတ်လမ်းထဲက ဗရုတ်သုတ်ခအခြေအနေမှာ ရုတ်တရက်ဆိုသလို၊



ရုပ်ရှင်ထဲကအတိုင်း အသက်ရှင်သန်ခွင့်လက်မှတ်တစ်စောင် ပေါ်လာခဲ့တယ်။



ဒါ ထင်ယောင်ထင်မှားဖြစ်နေတာ မဟုတ်ဘူး။



'ကြေညာချက်ထဲက ပျောက်ဆုံးပစ္စည်းကို ယူသွားနိုင်ရင်... ဘူတာဝန်ထမ်းနဲ့ တွေ့တာနဲ့ သူတို့က အပြင်ကို လမ်းပြပေးလိမ့်မယ်...'



တကယ့်ကို မျှော်လင့်ချက်ရောင်ခြည်လေးပဲ။



ဒါပေမဲ့ ပြဿနာက အဲ့ဒီပျောက်ဆုံးပစ္စည်းဆိုတာကြီးက ယုတ္တိမရှိလောက်အောင် ရွံရှာစက်ဆုပ်ဖို့ ကောင်းနေတယ်။



"ခုနက ဘာပြောလိုက်တာလဲ? အသက် ၂၀ ကျော် အမျိုးသား...?"



"အသက် ၂၀ ကျော်၊ သွေးအမျိုးအစား (A) ရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ဘယ်ဘက်မျက်လုံးတဲ့"



ဂိုယောင်းအွန်းရဲ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး ခေါင်းငိုက်စိုက်ကျသွားတယ်။



လေးလံတဲ့ တိတ်ဆိတ်မှုကြီးက ရထားတွဲတစ်ခုလုံးကို လွှမ်းမိုးသွားတော့တယ်။ လူတိုင်းက ကြောက်လန့်နေကြပြီ။



'... ဒါကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ရမလား?'



တကယ်တော့ ဘူတာမှန်မှာ ဆင်းရင် လူတိုင်း အသက်ရှင်နိုင်တာပဲ။ တစ်ယောက်ယောက်က အစောကြီး ခိုးထွက်သွားရင် အခြေအနေက ပိုဆိုးသွားပြီး မလိုအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။



ဒါပေမဲ့ ကိစ္စတွေက အဲဒီလောက် မလွယ်ကူခဲ့ဘူး။



"အရင်...ရှာကြည့်တာ ပိုမကောင်းဘူးလား?"



"ဟုတ်တယ်၊ ဘာဖြစ်လာမယ်မှန်း ဘယ်သူမှ မသိနိုင်ဘူးလေ..."



ဒီဝန်ထမ်းသစ်တွေက ကြေညာချက်ကိုပဲ အသည်းအသန် အာရုံစိုက်နေကြတာဆိုတော့ ဒါကို ဒီအတိုင်း လက်လွှတ်ဖို့ မစဉ်းစားကြဘူး။



'...ဘယ်လိုဆက်ဖြစ်မလဲ စောင့်ကြည့်ရအောင်'



"ဒါနဲ့...ခင်ဗျား အသက် ဘယ်လောက်လဲ...?"



"ခင်ဗျားကို ကြည့်ရတာ ငယ်သေးသလိုပဲ။ ... ကျွန်တော့်သွေးအမျိုးအစားက (B) မလို့ ကျွန်တော်နဲ့တော့ မဆိုင်ဘူးရယ်"



လူတိုင်းက 'အသက် ၂၀ ကျော်၊ သွေးအမျိုးအစား (A)' ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမဲ့သူကို လိုက်ရှာနေကြပြီ။



ဒါပေမဲ့ ဘယ်သူမှ အဲ့ဒီအချက်နဲ့ ကွက်တိမကျကြဘူး။ နောက်ဆုံးတော့ အမေးက ကျွန်တော့်ဆီ ရောက်လာတယ်။



"ကင်မ်ဆိုရွန်း-ရှီး...မင်းကကော...?"



ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ ဖြေလိုက်တယ်။



"(B)သွေးပါ"



လိမ်တာ။



ကျွန်တော်က (A)သွေး။



'ငါက သူတို့ရဲ့ပစ်မှတ်ပါလို့ ထုတ်ပြောစရာလား။'



အကယ်၍ ကျွန်တော်က အသာစီးရအောင် ကြိုးစားနေတယ်လို့ ထင်သွားကြပြန်ရင်လည်း နောက်ပိုင်းမှာ ကျွန်တော် ပြောတာကို နားမထောင်ဘဲနေကြလိမ့်မယ်။



"ဩော်...ဒီလိုလား။ ဒါဆို ဘဲ့ဆာဟွန်း-ရှီး...ခင်ဗျားကော...?"



"ခဏလေးပါ"



ရုတ်တရက် ကျွန်တော့်မျက်စိရှေ့က လူက တည်ငြိမ်တဲ့ အမူအရာနဲ့ လက်မြှောက်လိုက်တယ်။



"တကယ်တော့... ကျွန်တော်က အဲ့ဒီသတ်မှတ်ချက်တွေနဲ့ အတိအကျ ကိုက်ညီနေပါတယ်!"



တစ်ခုခု မှားသွားရင် သူ သေသွားမှာကို စိုးရိမ်လို့ လေးလေးနက်နက် စကားစလာတာပဲ။



'တကယ်တော့ သူ အဲ့ဒီလောက်ကြီး စိုးရိမ်နေဖို့ မလိုပါဘူး'



သူ ဘာကြောင့် ချက်ချင်း ဝန်ခံလိုက်ရလဲဆိုတဲ့ အကြောင်းရင်းကတော့ သိပ်မကြာခင်မှာပဲ ရှင်းလင်းသွားတယ်။



[ယခုဆိုက်ရောက်မည့်ဘူတာမှာ ဒေါသ၊ ဒေါသဘူတာ ဖြစ်ပါသည်]



နောက်ဘူတာအတွက် ကြေညာချက် ထွက်ပေါ်လာပြီ။



အဲ့ဒီဘူတာကတော့ ပျောက်ဆုံးပစ္စည်းကို လက်ခံဖို့ ဘူတာဝန်ထမ်းတွေ စောင့်နေမဲ့နေရာပဲ။



ရှေ့ကို ထွက်လာတဲ့ ဝန်ထမ်းသစ်ကတော့ အခြေအနေတင်းမာနေပုံရတယ်။



"တခြားသူ မရှိတော့ဘူးလား?"



"ဟုတ်ကဲ့... မရှိတော့ဘူးထင်တယ်"



ကျွန်တော့်ဘေးမှာထိုင်ပြီး တစ်ဖက်လူရဲ့ပြောစကားကို နားထောင်နေတဲ့ ဘဲ့ဆာဟွန်းက သက်ပြင်းချလိုက်ပြီး အဲဒီလူကို မေးလိုက်တယ်



[တံခါးများဟာ သင်တို့ရဲ့ ညာဘက်မှာ ရှိပါတယ်...]



"ခင်ဗျားရဲ့သွေးအမျိုးအစားက (A) လို့ ပြောလိုက်တယ်မလား?"



ဒီလိုနဲ့ လက်သီးတစ်ချက်က ဝေါခနဲ ပျံသွားတော့တယ်။



ဘဲ့ဆာဟွန်းရဲ့ လက်သီးက သွေးအမျိုးအစား (A) လို့ ဝန်ခံခဲ့တဲ့ ဝန်ထမ်းသစ်ရဲ့ ဘယ်ဘက်မျက်လုံးကို မညှာမတာ ထိုးနှက်လိုက်တဲ့ အော်ဂလီဆန်တဲ့အသံကြီး ထွက်ပေါ်လာတယ်။



ဘဲ့ဆာဟွန်းက သူ့ရဲ့ စမတ်ဖုန်းရဲ့ ထောင့်စွန်းနဲ့ အဲဒီလူရဲ့ မျက်လုံးကို ဖောင်းထုပစ်ရရင်တောင် ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ အတင်းထိုးစိုက်လိုက်တာပါ။



အဲဒီလူက အော်တောင် မအော်နိုင်ဘဲ လဲကျသွားတဲ့အချိန်မှာပဲ



[တံခါးများ ဖွင့်နေပါပြီ]



ဘဲ့ဆာဟွန်းက လဲနေတဲ့လူကို ကျော်ခွပြီး ရထားပေါ်ကနေ ခုန်ဆင်းသွားတော့တယ်။



"ခင်ဗျား... ခင်ဗျား ဘယ်လိုလူလဲဗျာ?!"



ကျန်တဲ့လူတွေလည်း ဘာလုပ်ရမှန်းမသိဘဲ ထိတ်လန့်တကြား အော်ဟစ်ကုန်ကြတယ်။



ဘဲ့ဆာဟွန်းကတော့ အသာလေး ရယ်လိုက်ရင်း



"အရူးတွေ။ မျက်လုံးတစ်ဖက်တည်းနဲ့ လွတ်မြောက်နိုင်တာကို လုပ်လိုက်ကြပါလား!"



"ရထားပေါ်က ဆင်းလို့ရတယ်လို့ ပြောထားတယ်လေ!"



ဘဲ့ဆာဟွန်းက ကြေညာချက်ရဲ့ ဆိုလိုရင်းကို အသေအချာနားလည်သွားတာပဲ။



-ပျောက်ဆုံးပစ္စည်းကို တွေ့ရှိထားတဲ့ ခရီးသည်ရှိပါက နောက်ဘူတာမှာ ဆင်းပြီး ဘူတာဝန်ထမ်းထံ အပ်နှံပေးပါ



ကြေညာချက်ကို အာရုံစိုက်ဖို့ အရိပ်အမြွက် ပေးထားတယ်ဆိုပေမဲ့ ဒါကြီးကတော့ လုံးဝကို ရက်စက်ပြီး ရဲတင်းတဲ့ လှုပ်ရှားမှုကြီး။



"ကိုယ့်အသက်ရှင်ဖို့ကိုတောင် တခြားလူကို တာဝန်ယူခိုင်းနေတဲ့ လူစားတွေဆီကနေ ဒီလို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဘယ်လိုနည်းနဲ့မှ မျှော်လင့်လို့မရဘူးပဲ"



အဲ့ဒီအပြင် ဘဲ့ဆာဟွန်းက ခပ်အေးအေးပဲ ဆက်ပြောနေတယ်။ သူ့နောက်ကို ဘယ်သူမှ လိုက်ဆင်းရဲမှာ မဟုတ်ဘူးဆိုတာကို သူ အပြည့်အဝ ယုံကြည်ထားသလိုပဲ။



ဘာလို့လဲဆိုတော့ ဘူတာမှားဆင်းရင် ဘာဖြစ်မယ်ဆိုတာကို လူတိုင်း မြင်ဖူးထားကြပြီကိုး။



ဂိုယောင်းအွန်းကတော့ ဒေါသထွက်လွန်းလို့ မျက်နှာတစ်ခုလုံး နီရဲနေပြီ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ပထမဆုံးအကြိမ်အဖြစ် အရာအားလုံးက ရှင်းလင်းသွားခဲ့တယ်။



သူ့ရဲ့ နာမည်ပြောင်က 'မြွေပွေး'



ဘဲ့ဆာဟွန်းကို ဖော်ပြထားတဲ့ပုံစံက အခုမှပဲ အဓိပ္ပာယ်ရှိသွားတော့တယ်။ သူက ဝန်ထမ်းသစ်မလို့ လူမှုပတ်ဝန်းကျင်ကြောင့် မပျက်စီးသေးဘူးလို့ ကျွန်တော် ထင်ခဲ့တာ... တကယ်တမ်းကျ ဒါက သူ့ရဲ့ မွေးရာပါ စရိုက်ကိုး။



[တံခါးများ ပိတ်နေပါပြီ]



အဲ့ဒီအချိန်မှာပဲ ဘဲ့ဆာဟွန်းက အောင်အောင်မြင်မြင်နဲ့ လွတ်မြောက်သွားနိုင်လို့ ကျေနပ်နေတဲ့ အပြုံးနဲ့ ရထားဘက်ကို လက်ပြလိုက်တယ်။



တခြားလူတစ်ယောက်ရဲ့ မျက်လုံးတစ်ဖက်ကို စတေးပြီးတော့ပေါ့။



'အဲ့ဒီလိုလုပ်ဖို့ လိုမှမလိုဘဲ။'



လူတိုင်းက ဘဲ့ဆာဟွန်းကို အာရုံစိုက်နေကြတုန်းမှာ ကျွန်တော်ကတော့ အပေါ်က အိတ်တင်စင်ကို လက်လှမ်းလိုက်တယ်။



'စောစောက တစ်ခုခုကို မြင်လိုက်တယ်'



ကျွန်တော် စင်ရဲ့ အနက်ရှိုင်းဆုံးနေရာကို နှိုက်လိုက်တဲ့အခါမှာတော့ ဝှက်ထားတဲ့ အရာတစ်ခုကို မှော်ဆန်ဆန်ပဲ မိလိုက်တယ်။



ကျွန်တော် အောက်ကိုချပြီး စစ်ဆေးကြည့်လိုက်တယ်။



ထူးဆန်းတဲ့ မျက်ကပ်မှန်ဘူးလေး တစ်ဘူးထဲမှာ ရှိနေတာက...မျက်လုံးတစ်လုံး။



[အမျိုးအစား A / အမျိုးသမီး / 27 / R]



ဒါက...နောက်ထပ် ပျောက်ဆုံးပစ္စည်းတစ်ခုပဲ။



'ပျောက်ဆုံးပစ္စည်းဆိုတာ ကိုယ့်ဆီက ပျောက်သွားတာ မဟုတ်ဘူးတခြားတစ်ယောက်ယောက်က ပျောက်သွားတာကို ဆိုလိုတာမလား?'



တကယ်ဆိုရင် ဒီကြေညာချက်က ပျောက်ဆုံးပစ္စည်း ရှာဖွေရတဲ့ကစားနည်းတစ်ခုပဲ။ အိတ်တင်စင်တွေပေါ်မှာ ရှိနေတဲ့ မျက်လုံးတွေထဲကမှ ကြေညာချက်နဲ့ အကိုက်ညီဆုံး တစ်ခုကို ယူပြီး ဆင်းရမှာ။



တစ်ခါတလေ ကိုယ့်မှာ ရှိတာကို အတင်းပေးပြီး လွတ်သွားတဲ့ ဖြစ်စဉ်တွေတောင် ရှိခဲ့ဖူးတယ်။



'အခုတော့ ဘဲ့ဆာဟွန်းလည်း အဲ့ဒီမှတ်တမ်းတွေထဲက တစ်ယောက် ဖြစ်သွားပြီ"



ဒါပေမဲ့ သူသာ အဲဒီလူရဲ့ မျက်လုံးကို အတင်းနှိုက်စရာ မလိုဘဲ လွတ်နိုင်တယ်ဆိုတာကို သိသွားရင် ဘယ်လိုနေမလဲ?



ရထားတံခါးက ပိတ်သွားပြီ။ ရထားက ထွက်ခွါတော့မဲ့အချိန်မှာ ပလက်ဖောင်းပေါ်ကနေ လှည့်ကြည့်နေတဲ့ ဘဲ့ဆာဟွန်းနဲ့ ကျွန်တော်နဲ့ အကြည့်ချင်းဆုံသွားတယ်။



ကျွန်တော် မျက်လုံးပါတဲ့ မျက်ကပ်မှန်ဘူးကို မြှောက်ပြလိုက်ပြီး သူ ပြတင်းပေါက်ကနေ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ပြလိုက်တယ်။



စာသားပါတဲ့ အညွှန်းကိုတော့ ကျွန်တော် လက်နဲ့ အုပ်ထားလိုက်တာမလို့ အထဲက မျက်လုံးကိုပဲ သူ မြင်ရမှာ။



မှန်တံခါးရဲ့ ဟိုဘက်အခြမ်းက ဘဲ့ဆာဟွန်းရဲ့ မျက်နှာဟာ ဒါ ဘာလဲဆိုတာကို သိသွားတာနဲ့ ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။



ဒါပေမဲ့ နောက်ကျသွားခဲ့ပြီ။



[ရထားဟာ ဒေါသဘူတာကနေ အခုပဲ ထွက်ခွာနေပါပြီ]



ရထားက စတင် ထွက်ခွါနေပြီ။



ကျွန်တော် ဘဲ့ဆာဟွန်းရဲ့ ရန်ကို ခံလိုက်ရတဲ့ ဝန်ထမ်းသစ်ကို လှည့်ကြည့်လိုက်တယ်။



သူ့ရဲ့ ဒဏ်ရာကို ကြည့်ရသလောက် ဘဲ့ဆာဟွန်းက 'ပျောက်ဆုံးပစ္စည်းအစစ်' ကို တခြားသူတွေ မရအောင် ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့တာနေမယ်။



'သူက ပျောက်ဆုံးပစ္စည်းက တစ်ခုပဲ ရှိတယ်လို့ ထင်နေခဲ့တာပဒ'



သူ့ဘာသာသူ အသက်ရှင်ဖို့အတွက် တစ်ယောက်တည်း လွတ်မြောက်အောင် ကြိုးစားတာကို ကျွန်တော် အပြစ်မပြောချင်ပေမဲ့... သူကတော့ စည်းကျော်သွားခဲ့ပြီ။



ကျွန်တော် တံခါးဘက်ကို ခေါင်းပြန်လှည့်လိုက်တယ်။



ဝေးကွာသွားတဲ့ ပလက်ဖောင်းဆီကနေ ရထားတံခါးကို ဒေါသတကြီး ထုရိုက်သံကို ကြားလိုက်ရတယ်။



ပြီးတော့ ထူးဆန်းတဲ့ နာကျင်မှုကို အလူးအလဲ ခံစားနေရတဲ့ တစ်စုံတစ်ယောက်ရဲ့ အော်ဟစ်သံကိုလည်း သဲ့သဲ့လေး ကြားလိုက်ရသေးတယ်။



[ပျောက်ဆုံးပစ္စည်းကို ဘူတာဝန်ထမ်းထံ အောင်မြင်စွာ အပ်နှံပြီးပါပြီ]