Chapter 2
Viewers 49

[ယခုဆိုက်ရောက်မည့်ဘူတာမှာ နာကျည်းခြင်း၊ နာကျည်းခြင်းဘူတာ ဖြစ်ပါသည်]


[တံခါးများဟာ သင်တို့ရဲ့ ညာဘက်မှာ ရှိပါတယ်...]


သရဲပုံပြင်ထဲက မြေအောက်ရထားတွဲအတွင်းမှာ အသက်ရှူကျပ်မတတ် တိတ်ဆိတ်မှုတွေ စီးဆင်းနေတယ်။


ကျွန်တော်ကိုယ်တိုင်လည်း ဒီတိတ်ဆိတ်မှုထဲမှာ တစ်သားတည်း ဖြစ်နေတာ။


ဒီသရဲပုံပြင်အကြောင်းကို သိထားပေမဲ့လည်း ကျွန်တော်က YouTube ဗီဒီယိုတစ်ခုရဲ့ အပေါ်ယံပုံအသေးလေးကို မြင်လိုက်ရုံနဲ့တင် လန့်ဖျပ်သွားပြီး "စိတ်မဝင်စားပါ" ဆိုတာကို ချက်ချင်းနှိပ်ပစ်တတ်တဲ့ လူစားမျိုးဗျ။


အခုတော့ ဒီသရဲပုံပြင်ထဲမှာ အသက်ရှင်အောင် ကြိုးစားရမယ်တဲ့လား?


'ငါ့ကိုသာ အရင်သတ်သွားလိုက်ကြပါတော့...'


အဲ့ဒါကမှ တော်ကာကျဦးမယ်။


အခုတော့ ဘာတွေဖြစ်နေလဲဆိုတာကို စဉ်းစားဖို့တောင် ခွန်အားမရှိတော့ဘူး။


[ပထမဆု : အမှောင်ထုရှာဖွေရေးမှတ်တမ်းများ အမှတ်တရလက်ဆောင်သေတ္တာ]


မှတ်စုစာအုပ်တစ်အုပ်လိုမျိုး အရာတစ်ခုက ကျွန်တော့်မျက်စိရှေ့မှာ ပျံဝဲနေတယ်။


မျက်လုံးမှိတ်ထားထား၊ ဖွင့်ထားထား ဒါကိုပဲ မြင်နေရတယ်။


မှတ်စုစာအုပ်ထဲကနေ ဆုတ်ဖြဲပြီး ခေါက်ထားတဲ့ စက္ကူစလေးတစ်ခု လေထဲမှာ ဝဲနေသလိုပဲ။


နေပါဦး။ တခြားသူတွေတော့ ဒါကို မမြင်ရဘူးထင်တယ်။


ကျွန်တော် ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်တယ်။


ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ခံရအောင်လုပ်တာက မိုက်ရူးရဲဆန်ရာကျလိမ့်မယ်။


အဲ့ဒီအစား ကျွန်တော်ကတော့ သဘာဝကျကျ ဟန်ဆောင်ရင်း အရှေ့က မှတ်စုစာအုပ်ကို လက်နဲ့ အသာလေး ဖိလိုက်တယ်။


အံ့သြစရာကောင်းတာက အဲဒီမှတ်စုစာအုပ်ဟာ ခေါက်ထားတာ ပွင့်သွားသလိုမျိုး လှုပ်ရှားသွားပြီး အရာဝတ္ထု သေးသေးလေးတစ်ခုကို အန်ထုတ်လိုက်တယ်။


ကျွန်တော်လည်း တစ်ခုခုကို ဖုံးထားသလိုမျိုး လက်နဲ့ ချက်ချင်း အုပ်လိုက်မိတယ်။


အရမ်းကို ရိုးရှင်းတဲ့ အနက်ရောင် ဖုန်းကပ်ကွင်းလေးတစ်ခုပဲ။ အလယ်မှာ ရွှေရောင် 'X' သင်္ကေတလေးပါတာကလွဲရင် ဘာမှ ထူးထူးခြားခြား မရှိဘူး။


ဒါပေမဲ့ အဲဒီဒီဇိုင်းကို မြင်လိုက်တာနဲ့တင် ဒါက ဘာလဲဆိုတာ ကျွန်တော် သိလိုက်ပြီ။


ဒီထူးဆန်းတဲ့ အခြေအနေထဲ မရောက်ခင်လေးမှာ ကျွန်တော် သွားခဲ့တဲ့ Popupစတိုးဆိုင်က က Merch တစ်ခုပဲ!


ဒီနေ့ ကျွန်တော် ကိုယ်တိုင် ဝယ်ခဲ့တဲ့ ပစ္စည်းတွေထဲက တစ်ခုပေါ့။


တုန်ယင်နေတဲ့ လက်တွေနဲ့ ဖုန်းကပ်ကွင်းလေးကို ကောက်ကိုင်လိုက်တယ်။


ဇာတ်လမ်းထဲမှာ ဒီပစ္စည်းက ဘာလုပ်လို့ရတာလဲဆိုတာ ပြန်စဉ်းစားကြည့်ရအောင်...


: C-အဆင့်ပစ္စည်း။


စမတ်ဖုန်းမှာ တပ်ဆင်လိုက်တဲ့အခါ သင် ကောင်းကောင်း မှတ်မိနေတဲ့ စာသားတွေကို ရှင်းလင်းသပ်ရပ်တဲ့ စာမျက်နှာပုံစံမျိုးနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သဘာဝလွန်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ အဆင့် (၉) ဝန်ထမ်းများကို ထုတ်ပေးလေ့ရှိသည့် ပစ္စည်းတစ်ခု။


'မှတ်ဉာဏ်တွေကို စာသားအဖြစ် ဖော်ပြပေးတယ်...'


ဆတ်ဆတ်တုန်နေတဲ့ လက်တွေနဲ့၊


သူ့ရဲ့ အနောက်က အကာကို ခွာပြီး ကျွန်တော့်ဖုန်းမှာ ချက်ချင်း ကပ်လိုက်တယ်။


ကပ်လိုက်တာနဲ့တစ်ပြိုင်နက် ကျွန်တော် မှတ်မိနေတဲ့ ဝိုးတိုးဝါးတား စာသားတွေဟာ ဖုန်းမျက်နှာပြင်ပေါ်မှာ စာမျက်နှာတွေအဖြစ် အထင်းအသား ပေါ်လာတော့တယ်။


==================


အမှောင်ထုရှာဖွေရေးမှတ်တမ်းများ / သရဲပုံပြင်


[တွင်းနက်ပို့ဆောင်ရေးမှ ကြိုဆိုပါတယ်]


: တွင် ပါဝင်သည်


: အိပ်မက်အဖွဲ့အစည်း အသိအမှတ်ပြုကုဒ် – Qterw-D-16


အစောပိုင်းအဆင့် D-အဆင့် အမှောင်ထုတစ်ခုဖြစ်ပြီး လွတ်မြောက်ရန် လိုက်နာရမည့် သတ်မှတ်ချက်များက မယုံနိုင်လောက်အောင် ခက်ခဲလှသည်။ နာမည်ဆိုးဖြင့် ကျော်ကြားသော ထိုသရဲပုံပြင်ထဲတွင် ကွင်းဆင်းလေ့လာရေးအဖွဲ့များ အမြဲတမ်း ဒုက္ခရောက်ရတတ်ပြီး၊


လက်ရှိအချိန်ထိ ရှာဖွေရေးမှတ်တမ်းပေါင်း ၅၆ ခုအထိ ရှိသည်။


==================


'ငါဝယ်လိုက်တဲ့ Merch တွေက တကယ်ပဲ အစွမ်းထက်နေတာလား?'


စဉ်းစားကြည့်မှ ကျွန်တော့်ပေါင်ပေါ်မှာ ရှိနေခဲ့တဲ့ အနက်ရောင် လက်ဆောင်သေတ္တာကလည်း အရိပ်အယောင်တောင် မကျန်တော့ဘဲ ပျောက်သွားပြီ။


'အဲဒီတော့ Merch ဘူးကြီးက... ဒီမှတ်စုစာအုပ်လေးအဖြစ် ပြောင်းသွားပြီး ငါဝယ်ထားတဲ့ Merch တွေကို ထုတ်ပေးနေတာပေါ့?'


ဘယ်လိုတောင် ရူးကြောင်ကြောင်နိုင်တဲ့အခြေအနေလဲ?


ဒါပေမဲ့လည်း ကျွန်တော့်အတွက်တော့ အသာစီးရသွားတာ အမှန်ပဲ။


ကျွန်တော် ရောက်နေတဲ့ သရဲပုံပြင်ကမ္ဘာကြီးက...


ဒီကမ္ဘာအကြောင်းကို အင်တာနက်ပေါ်က လူတွေက ဘယ်လောက်တောင် သူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို ထုတ်ပြခဲ့လဲ ခင်ဗျားတို့ သိလား?


သရဲပုံပြင်တွေက ရာနဲ့ချီပြီးတော့ကို ရှိတာ။


ဒါတွေကို စာရွက်လှန်သလိုမျိုး အကုန်လုံး အလွတ်မှတ်မိဖို့ဆိုတာ ခက်ခဲတယ်။


နောက်ပြီး ဒီသရဲပုံပြင်တွေက ဘယ်လို အသက်ရှင်ရမလဲဆိုတာကို တည့်တိုးကြီး ပြောပြထားတာလည်း မဟုတ်ဘူး။


ဇာတ်လမ်းတွေထဲကနေ အဖြေမှန်ကို ခန့်မှန်းရတာဆိုတော့ အခြေအနေအသစ်တွေမှာ အဖြေရှာဖို့က ပိုတောင် ခက်သေးတယ်။


'ဒါပေမဲ့ ငါဖတ်ဖူးသမျှ အကုန်လုံးကို စာသားအနေနဲ့ တစ်ခါတည်း ပြန်စစ်လို့ရမယ်ဆိုရင်တော့...'


ဖြစ်နိုင်ရင် ကျွန်တော် အရင်ဆုံး ကြည့်ဖိုလိုအပ်တာက...


'အရင်က လွတ်မြောက်ခဲ့တဲ့ မှတ်တမ်းတွေ!'


ကျွန်တော် ဝီကီစာမျက်နှာကို အောက်ကို ချက်ချင်း ဆွဲချလိုက်တယ်။


၃.၂ ရှာဖွေရေးမှတ်တမ်းများ' ဆိုတဲ့ အပိုင်းကို အမြန်ဖတ်ကြည့်ပြီးတဲ့နောက်မှာတော့...


ကျွန်တော် ကောက်ချက်တစ်ခု ချလိုက်နိုင်တယ်။


ဘယ်ဘူတာမှာ ဆင်းရမယ်ဆိုတဲ့ အဖြေကို ကျွန်တော် ရှာတွေ့သွားပြီ။


ဒါပေမဲ့ ပြဿနာတစ်ခု ရှိသေးတယ်။


ကျွန်တော် ရထားတွဲထဲမှာ ရှိနေတဲ့ တခြားလူတွေကို လှည့်ကြည့်လိုက်မိတော့၊


ကျွန်တော်အပါအဝင် ဝန်ထမ်းသစ် ရှစ်ယောက် ရှိတယ်။


လူနှစ်ယောက် အသတ်ခံရတာကို မြင်ပြီး ပျာယာခတ်နေကြတဲ့လူတွေက အခု နည်းနည်းပါးပါး ပြန်ငြိမ်ပြီး စကားပြောနေကြပြီ။


" 'နာကျည်းခြင်း' ဆိုတဲ့ ဘူတာနာမည်က... လူတွေ ဒေါသထွက်တဲ့အခါ ဖြစ်တတ်တဲ့ အာဃာတမျိုးကို ပြောတာမလား?"


"ဟား... ဖုန်းလိုင်းလည်း မမိ၊ ဒေတာလည်း သုံးမရ... တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ...?"


ဒီလို မရင်းနှီးတဲ့၊ ယုံကြည်လို့မရသေးတဲ့ လူတွေကို ကျွန်တော်နဲ့အတူ ဘူတာအမှန်မှာ ဆင်းဖို့ ဘယ်လို နားချရမလဲ?


'နည်းလမ်းတစ်ခုခုနဲ့ တတ်နိုင်သမျှ လူတော်တော်များများကို ငါနဲ့အတူ ဆင်းလာအောင် လုပ်ရမယ်။'


ကျွန်တော့်စိတ်ထဲမှာ ဒီသရဲပုံပြင်ထဲက သေမယ့်လူတွေကို ကယ်တင်ရမယ်ဆိုတဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ရုတ်တရက် ပေါ်လာတာလား?


အင်း... လူသားတစ်ယောက်အနေနဲ့ အဲဒီလို ခံစားရနိုင်ပေမဲ့ ကျွန်တော့်အတွက်ကတော့ အရေးအကြီးဆုံးဦးစားပေး မဟုတ်ဘူး။


ကျွန်တော် အသည်းအသန် ဖြစ်နေရတဲ့ တကယ့်အကြောင်းရင်းကတော့...


'ငါ တစ်ယောက်တည်း မဆင်းရဲဘူး...!'


ဒီဘူတာတွေရဲ့ အခြေအနေတွေက တကယ်ကို ရူးချင်စရာကောင်းတာလေ။


(က) မျက်လုံးတွေနဲ့ ပြည့်နေတဲ့ ဘူတာ၊


(ခ) အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ ဘူတာ၊ ဒါမှမဟုတ်


(ဂ) ပြောင်းပြန်ဖြစ်နေတဲ့ ဘူတာ?


တွေးကြည့်ရုံနဲ့တင် ကျွန်တော် ချွေးစေးတွေ ပြန်လာတယ်။ အဲ့ဒီလိုနေရာမျိုးဆိုရင် ကြက်သိမ်းထလွန်းလို့ လေးဖက်ထောက်ပြီး သွားရမလားပဲ။


'ငါ တစ်ယောက်တည်းဆို ဘေးကင်းတဲ့နေရာ မရောက်ခင်မှာတင် ကြောက်ပြီး မေ့လဲသွားမှာက ၉၀ ရာခိုင်နှုန်းနီးပါး သေချာနေပြီ...!'


မဖြစ်ဘူး။ ကျေးဇူးပြုပြီး ကယ်ကြပါ။


'သူတို့ကို နားချရမယ်၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်!'


ကျွန်တော် စကားပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ ချက်ချင်းပဲ ပြန်ပိတ်လိုက်မိတယ်။


'ဒါပေမဲ့ 'သဘာဝလွန် ဖြစ်ရပ်တွေ' ၊ 'အမှောင်ထု'လို့ လွှတ်ခနဲ ပြောလိုက်မိရင် အရူးလို့ထင်ခံရမှာပဲ'


ဘယ်သူကများ သူ့ကိုယ်တိုင်က သရဲပုံပြင်ထဲက အခြေအနေမျိုးမှာ ပိတ်မိနေတယ်လို့ ယုံချင်မှာလဲ?


ယုံမှာ မဟုတ်တဲ့အပြင် ကျွန်တော့်ကိုတောင် လှောင်ကြဦးမယ်၊ မဟုတ်လို့ ယုံသွားကြရင်တောင် ပိုပြီး ပျာယာခတ်သွားလိမ့်မယ်။


'အရင်ဆုံး...ဖြည်းဖြည်းချင်း သူတို့ရဲ့ ယုံကြည်မှုကို ရအောင် လုပ်ရမယ်'


လူတစ်ယောက်၊ နှစ်ယောက်လောက်ကိုပဲ နားချနိုင်ရင်တောင် ကျန်တဲ့လူတွေက အုပ်စုလိုက်ပူးပေါင်းချင်စိတ်ပေါ်လာပြီး လိုက်ဖို့ ပိုလွယ်သွားလိမ့်မယ်။


'ကြည့်ရအောင်... အကူအညီ လိုနေပုံရတဲ့သူ၊ ဒါမှမဟုတ် ဝင်ရောလို့ရတဲ့သူဖြစ်ဖြစ်...'


"ဟား... ဒါက YouTube ထဲက သရဲပုံပြင်တွေလိုပဲ"


"သရဲပုံပြင်အကြောင်း ပြောလိုက်တာလား?"


ဆံပင်တိုတို၊ တည်ငြိမ်တဲ့ပုံပေါက်တဲ့ အမျိုးသမီးတစ်ယောက်က အနေရခက်တဲ့အမူအရာမျိုးနဲ့ အသာအယာ ငြိမ့်ပြတယ်။


"ဟုတ်ကဲ့။ ကျွန်မက... ဟို YouTube မှာ သရဲပုံပြင်တွေ တစ်ခါတလေ ကြည့်ဖြစ်တယ်၊ ဒါက အဲဒီထဲက တစ်ခုနဲ့ တူနေလို့။"


"ကျွန်တော့်ကို အဲဒီအကြောင်း ပိုပြောပြလို့ရမလား? အခုက သာမန်အခြေအနေ မဟုတ်ဘူးဆိုတော့ ကျွန်တော်တို့ သိထားတာလေးတွေ မျှဝေတာက အကောင်းဆုံး ဖြစ်လိမ့်မယ်ထင်တယ်"


"သတင်းအချက်အလက်တော့ မဟုတ်ပါဘူး...အခုဖြစ်ပျက်နေသမျှက သရဲပုံပြင်ထဲကအတိုင်း ဖြစ်နေသလို ခံစားရလို့ပါ။ သင်တန်းခန်းမကြီးကနေ ရုတ်တရက် မြေအောက်ရထား ဖြစ်သွားတာရော၊ လူတွေ... အဲ့ဒီလို သေသွားတာကရော"


သူမရဲ့ မျက်နှာက နည်းနည်း ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ ခုနလေးတင် ဖြစ်သွားတဲ့ ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို အမှတ်ရသွားလို့ ဖြစ်မယ်။


နားလည်ပါတယ်။ ကျွန်တော်လည်း အန်ချင်နေတာ။


အဲ့ဒီမြင်ကွင်းကို ကျွန်တော်တို့ ခေါင်းထဲကနေ တတ်နိုင်သမျှ မြန်မြန် ဖျောက်ပစ်ကြတာပေါ့။


"အာ... တောင်းပန်ပါတယ်။ ကျွန်မ ရုတ်တရက်ကြီး—"


"မဟုတ်တာ၊ ကျွန်တော်လည်း တူတူပါပဲ။ ဒီလိုတွေ ဖြစ်နေတော့ ဘာမှ သေချာ မစဉ်းစားနိုင်တာ မဆန်းပါဘူး"


အဲဒီအမျိုးသမီးက အားမပါတဲ့ အပြုံးလေးနဲ့ ရယ်လိုက်တယ်။


"ရှင့်ကြည့်ရတာ ဒီထဲက တခြားသူတွေထက်စာရင် အခြေအနေကို ပိုပြီး တည်တည်ငြိမ်ငြိမ် ကိုင်တွယ်နိုင်ပုံရတယ်"


ဒါကတော့ ခင်ဗျား ကျွန်တော် ကြောက်ပြီး မေ့လဲသွားတာကို မမြင်ဖူးသေးလို့ပါဗျာ။


ပြီးတော့ မထင်မှတ်ဘဲ အဲဒီအချိန်မှာပဲ တခြားလူတစ်ယောက် ကျွန်တော့်ဆီကို လျှောက်လာတယ်။


"ဟို...မင်းက ခုနက ငါ့ဘေးမှာ ထိုင်တဲ့သူ ဟုတ်တယ်မလား?"


ဆံပင်ကောက်ကောက်နဲ့ အပြစ်ကင်းစင်တဲ့ပုံစံရှိတဲ့ အမျိုးသားတစ်ယောက်ပါ။


'ဟုတ်သား၊ ခုနက သင်တန်းခန်းမမှာ သူ ငါ့ဘေးနား ထိုင်ခဲ့တာပဲ'


အဲ့ဒီဝန်ထမ်းသစ်က တခြားလူတွေရဲ့စကားဝိုင်းထဲမှာ မပါဘဲ ကျန်ခဲ့ပုံရတယ်။ သူက လည်ဂုတ်ကို ပွတ်ရင်း ကျွန်တော်နဲ့ အမျိုးသမီးကို တစ်လှည့်စီကြည့်ပြီး နှုတ်ဆက်တဲ့အနေနဲ့ လက်ကမ်းပေးလာတယ်။


"ငါ့နာမည်က ဘဲ့ဆာဟွန်းပါ"


ကျွန်တော် တစ်ခဏလောက် လက်ဆွဲနှုတ်ဆက်ဖို့တောင် မေ့သွားမတတ် ဖြစ်သွားတယ်။


'သူက နာမည်ရှိတဲ့ ဇာတ်ကောင်ပဲ'


========================


အမှောင်ထုရှာဖွေရေးမှတ်တမ်းများ / အိပ်မက်အဖွဲ့အစည်း။


: ထဲမှ အိပ်မက်အဖွဲ့အစည်း၏ဝန်ထမ်းတစ်ဦး။


နောက်ဆုံးရရှိသည့်ရာထူး – ဌာနခွဲမှူး


ယခင်က ပါဝင်ခဲ့ဖူးသည့် ဇာတ်လမ်းပေါင်း – ၂၃ ခု။


၎င်းတို့ထဲမှ ၁၇ ခုသည် Wikiတွင် မှတ်တမ်းတင်ထားသောအထူးဖြစ်ရပ်များပင်ဖြစ်သည်။


========================


သူက အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ဝန်ထမ်းတစ်ယောက်။ ကျွန်တော် မော့ကြည့်ပြီး ဆံပင်ကောက်ကောက်နဲ့ နည်းနည်းကြောက်တတ်ပုံရတဲ့ အဲ့ဒီလူကို စိုက်ကြည့်ရင်း သက်ပြင်းအသာချလိုက်မိတယ်။


'ဒီလူက...ဘဲ့ဆာဟွန်းလား?'


ကျွန်တော့်အတွေးထဲက ပုံရိပ်နဲ့တော့ သိပ်မကိုက်ဘူး။


ဒါပေမဲ့ သရဲပုံပြင်ကမ္ဘာထဲက စာသားအဖြစ်နဲ့ပဲ တွေ့ဖူးတဲ့ ဇာတ်ကောင်တစ်ယောက်ကို အပြင်မှာ တကယ်ဆုံရတာက တကယ်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ။


အဲ့ဒီအချိန်မှာပဲ သရဲပုံပြင်အကြောင်း အရင်ဆုံးပြောခဲ့တဲ့ ဆံပင်တိုနဲ့ အမျိုးသမီးကလည်း လက်ကမ်းပေးလာတယ်။


"ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ထားတာ အကောင်းဆုံးပဲ။ ကျွန်မ့နာမည်က ဂိုယောင်းအွန်းပါ။"


ဒါကတော့ ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ နာမည်ပဲ။ ဇာတ်ကောင်တစ်ယောက်ရဲ့ နာမည်ကို ကျွန်တော် မသိတာဆိုရင်တော့ ဖြစ်နိုင်တာ နှစ်ခုပဲ ရှိတယ်။


တစ်ခုက သရဲပုံပြင်တွေကို အေးအေးဆေးဆေး ကျော်ဖြတ်ပြီး စောစောစီးစီး ဇာတ်လမ်းထဲက ထွက်သွားတာမျိုး၊


ဒါမှမဟုတ်ရင်...။


ချက်ချင်း သေသွားတာမျိုး။


တစ်ခါတလေ နာမည်ကြီးဝန်ထမ်းတွေက နာမည်ပြောင်၊ ကုဒ်နာမည်တွေနဲ့ ပေါ်လာတတ်ပေမဲ့ အဲ့ဒီလိုလူတွေဆိုရင်လည်း သူတို့ရဲ့ စရိုက်က အရမ်းထင်ရှားလို့ သိသာတယ်လေ။


စိတ်မအေးနိုင်ဘူး။ ကျွန်တော် အဲ့ဒီအတွေးတွေကို အမြန်ဖျောက်ပစ်ပြီး နေမထိထိုင်မသာ ဖြစ်နေတာကို ဖုံးကွယ်ထားလိုက်တယ်။


နှုတ်ဆက်တာက ခဏလေးတင် ပြီးသွားပြီး ကျွန်တော်တို့လည်း မြေအောက်ရထားခုံတွေမှာ ထိုင်ပြီး စကားဆက်နေကြတုန်း၊


ကျွန်တော်တို့ ပတ်ဝန်းကျင်က လူတွေက အုပ်စုတွေ ကွဲသွားကြတယ်။


"အာ...ဟိုလူတွေက ရှေ့တွဲကလူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေကြတာလား?"


ဒီသရဲပုံပြင်ထဲမှာ ရထားတွဲတွေကြား ကူးသန်းသွားလာတာကို တားမြစ်ထားတယ်။


ခန့်မှန်းထားတဲ့အတိုင်းပဲ သူတို့လည်း မကြာခင်မှာ အဆက်အသွယ်လုပ်ဖို့ လက်လျှော့လိုက်ကြပြီး လက်ဟန်ခြေဟန်တွေနဲ့ပဲ မအောင်မြင်တဲ့အကြောင်း ပြကြတယ်။


"ဘယ်လိုလုပ်ကြမလဲ? ရှေ့တွဲနဲ့ ဘာမှ ဆက်သွယ်လို့မရဘူး။ ကြည့်ရတာတော့ ရန်ဖြစ်နေကြတဲ့ပုံပဲ..."


ခရီးသည်တွေကြားမှာ တင်းမာမှုနဲ့ စိုးရိမ်စိတ်တွေ တိုးလာနေတုန်းမှာပဲ နောက်ထပ် ဘူတာကြေညာချက်တစ်ခု ထွက်လာပြန်တယ်။


ဒါပေမဲ့ ဒီတစ်ခါ ဘူတာနာမည်ရဲ့ လေယူလေသိမ်းက မတူတော့ဘူး။


[ယခုဆိုက်ရောက်မည့်ဘူတာမှာ ပီတိ၊ ပီတိဘူတာ ဖြစ်ပါသည်]


ဆူညံနေတဲ့ လူအုပ်ကြီးက ရုတ်တရက် တိတ်ဆိတ်သွားတယ်။


" 'ပီတိ'ဆိုတာ ကောင်းတဲ့အဓိပ္ပာယ် မဟုတ်လား? ဖြစ်နိုင်တာကတော့..."


'ဒီမှာ အဲဒီလို ရိုးရိုးလေး တွေးလို့မရဘူးလေ...!'


ကျွန်တော် စောစောက ဖတ်ထားတဲ့ ရှာဖွေရေးမှတ်တမ်းတွေကို ပြန်စဉ်းစားရင်း အံကြိတ်ထားလိုက်တယ်။


ဒီသရဲပုံပြင်ထဲမှာ ဘူတာနာမည်တွေက ပေါ်လာတိုင်း ပြောင်းလဲနေတာ။


အဲ့ဒါကြောင့် အရင်မှတ်တမ်းတွေထဲမှာ 'ဘယ်ဘူတာမှာ ဆင်းပါ' ဒါမှမဟုတ် 'ဒီဘူတာက အဖြေမှန်ပါ' ဆိုတဲ့ တိကျတဲ့ စကားလုံးကို ရှာလို့မရဘူး။


'ဒါပေမဲ့ ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာကိုတော့ ခွဲခြားလို့ရတယ်။'


========================


အမှောင်ထုရှာဖွေရေးမှတ်တမ်းများ / သရဲပုံပြင်


/ တွင်းနက်ပို့ဆောင်ရေးမှ ကြိုဆိုပါတယ်


၃.၂ ရှာဖွေရေးမှတ်တမ်းများ (မှတ်တမ်း ၅၆ ခုအထိ)


၁- အရောင်များနှင် အမည်ပေးထားသည့် ဘူတာများ (ဥပမာ- အနီ၊ အဝါ၊ အပြာ)


: လူနှစ်ဦး လွတ်မြောက်မှု အောင်မြင် (ကြိုးစားခဲ့သည့်ဘူတာ : အပြာရောင်ဘူတာ)


၂- ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် အမည်ပေးထားသည့် ဘူတာများ (ဥပမာ- ဘယ်လက်မောင်း၊ မျက်ကြည်လွှာ၊ နှလုံး)


: လွတ်မြောက်မှု အောင်မြင်သည့် မှတ်တမ်းမရှိ (ကြိုးစားခဲ့သည့်ဘူတာ : နားအတွင်းပိုင်းဘူတာ)


၃- လူသတ်သမားများ၏နာမည်နှင့် အမည်ပေးထားသည့် ဘူတာများ (ဥပမာ- ■■၊ ■■■■၊ ■■■)


: လူ ၁၂ ဦး လွတ်မြောက်မှု အောင်မြင် (ကြိုးစားခဲ့သည့်ဘူတာ : ■■■■ ဘူတာ)


၄- ခုနှစ်များနှင့် အမည်ပေးထားသည့် ဘူတာများ (ဥပမာ- ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)


: လွတ်မြောက်မှု အောင်မြင်သည့် မှတ်တမ်းမရှိ (ကြိုးစားခဲ့သည့်ဘူတာ : ၂၀၂၄ ဘူတာ)


၅- ရောဂါအမည်များနှင့် အမည်ပေးထားသည့် ဘူတာများ


(ဥပမာ- ပန်းနာရင်ကျပ်၊ လေဖြတ်ခြင်း၊ ရေတိမ်)


: လူသုံးဦး လွတ်မြောက်မှု အောင်မြင် (ကြိုးစားခဲ့သည့်ဘူတာ : အအေးမိဘူတာ)


===================


မှတ်တမ်း ၅၆ ခု ရှိနေတာတောင် ဘူတာရဲ့နာမည်ကောင်းနဲ့ လွတ်မြောက်နိုင်ခြေကြားမှာ ဘာဆက်စပ်မှုမှမရှိဘူး။ ဒါပေမဲ့ လူတွေကတော့ ပီတိဘူတာမှာ အစုလိုက်အပြုံလိုက် ဆင်းဖို့ ပြင်နေကြပြီ။


[တံခါးများဟာ သင်တို့ရဲ့ ဘယ်ဘက်မှာ ရှိပါတယ်...]


ကျွန်တော်တို့ကို ကြိုဆိုနေတဲ့ ပလက်ဖောင်းမြင်ကွင်းက လင်းထိန်ပြီး သာယာနေတာကိုက ပြဿနာပဲ။


အသစ်လိုတည်ဆောက်ထားတဲ့ မြို့သစ်တစ်ခုက ဘူတာရုံအတိုင်း သန့်ရှင်းတောက်ပနေတာ။


လူတွေရဲ့ စိတ်က အဲ့ဒီဘက်ပါသွားတာကို ကျွန်တော် အာရုံရနေတယ်။


"ငါ...ငါတို့ ဆင်းပြီး အကူအညီသွားရှာသင့်လား?


ဒီနေရာက မဆိုးဘူးလားလို့..."


စိတ်လှုပ်ရှားနေတဲ့ လူအုပ်ကြီးက တံခါးနားမှာ စုရုံးပြီး အပြင်ကို ချောင်းကြည့်နေကြပြီ။


'ငါ့အုပ်စုထဲက လူအရေအတွက်ရယ်!'


ပြီးတော့ ဒါကို မြင်ပြီးနောက်မှာ ဖြစ်လာမဲ့ ငါ့ရဲ့ စိတ်အခြေအနေရယ်!


နောက်ဆုံးတော့ ကျွန်တော် ပြေးသွားပြီး တံခါးကို ထပ်ပိတ်လိုက်ပြန်တယ်။


[တံခါးများ ဖွင့်နေပါပြီ]


"ဟုတ်ကဲ့။ ကျွန်တော် ဆိုလိုတာက ဒီနေရာက တကယ်ပဲ ဘေးကင်းရဲ့လား? မဟုတ်ရင်တောင် ဘေးကင်းကြောင်း ခိုင်မာတဲ့သက်သေတစ်ခုခု ရှိရဲ့လား?"


ကျွန်တော် သူတို့အကြည့်တွေကို တမင်ရှောင်လိုက်တယ်။


"ဒီအခြေအနေက သရဲပုံပြင်တစ်ပုဒ်လို ဖြစ်နေတယ်ဆိုတာကို အားလုံးနီးပါး သဘောတူလိမ့်မယ်လို့ထင်ပါတယ်"


ကျွန်တော့်စကားကြောင့် လူတွေရဲ့ အာရုံစိုက်မှုကို ရသွားတဲ့ ဂိုယောင်းအွန်းက လန့်သွားပေမဲ့ သူမ ပြောခဲ့တဲ့စကားကိုတော့ ပြန်မရုပ်သိမ်းဘူး။


[တံခါးများ စက္ကန့် ၃၀ အတွင်း ပြန်ပိတ်ပါမယ်။ တစ်ခါ ပိတ်သွားပြီးရင် ဘယ်တော့မှ ပြန်ပွင့်တော့မှာ မဟုတ်ပါဘူး]


"ဒါပေမဲ့ သရဲပုံပြင်တွေမှာပဲဖြစ်ဖြစ်၊ Horror ကားတွေမှာပဲဖြစ်ဖြစ်...ကံစမ်းတာ ဒါမှမဟုတ် စိတ်ထင်ရာလုပ်တာမျိုးကနေ အကောင်းဖြစ်လာတာကို ခင်ဗျားတို့ မြင်ဖူးလို့လား?"


"ခိုင်မာတဲ့အတွေးအခေါ် ဒါမှမဟုတ် အယူအဆမရှိဘဲနဲ့ ခင်ဗျားတို့ရဲ့ အသက်ကို တကယ်ပဲ စတေးရဲလို့လား?"


စိုးရိမ်နေတဲ့ လူတွေက ခဏတာ တန့်သွားကြတယ်။


အဲ့ဒီနောက်မှာတော့ တစ်ယောက်က ဒေါသတကြီး အော်ပြောတယ်။


"အဲဒီတော့ ခင်ဗျားမှာကော ထူးခြားတဲ့တွေးခေါ်ချက်တွေ ရှိလို့လား?"


"ဒီလူက အစကတည်းက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ..."


"အို၊ တော်စမ်းပါ! ဘာတွေးခေါ်ချက်လဲ? ဒါက ဘာမလို့လဲ၊ ဉာဏ်စမ်းပွဲလား? တစ်ယောက်ယောက်က ခင်ဗျားကို အရိပ်အမြွက် ပေးထားလို့လား?"


"အင်း၊ ကျွန်တော် ခင်ဗျားတို့ကို အရိပ်အမြွက်ပေးနေတာ"


ကျွန်တော် လက်ကို မြှောက်ပြီး အပေါ်ကို ညွှန်ပြလိုက်တယ်။


စပီကာရှိတဲ့ မြေအောက်ရထားရဲ့ လျှပ်စစ်စာသားဘုတ်ကိုပေါ့။


"သူ ကြေညာချက်တွေအကြောင်း ပြောနေတယ်"


– သင် သွားလိုရာ ခရီးစဉ်ကို ပျော်ရွှင်စွာ ရောက်ရှိနိုင်ဖို့အတွက် ကြေညာချက်တွေကို သေချာနားစွင့်ပေးကြပါခင်ဗျာ။


အစကတည်းက မြေအောက်ရထား ကြေညာချက်တွေက ကျွန်တော်တို့ကို ဒါကို သေချာပြောပြနေတာ။


"ကြေညာချက်တွေကို နားထောင်ပြီး လိုက်နာဖို့ သူတို့ တစိုက်မတ်မတ် ပြောနေတာ မဟုတ်လား? အရမ်ကို သိသာနေတယ်လေ"


ဒီလိုပြောရင်း နောက်ထပ်ထွက်လာတဲ့ ကြေညာချက်ကို အာရုံစိုက်ခိုင်းလိုက်တယ်။


[ပီတိဘူတာမှာ ဆင်းမဲ့ခရီးသည်များ ကြေညာချက်အတိုင်း ဆင်းပေးကြပါခင်ဗျာ]


"ဒီထဲမှာ ပီတိဘူတာမှာ နေခဲ့မဲ့သူ ရှိလား?"


"နာမည်က နားဝင်ချိုတယ်ဟုတ်?"


"ပီတိဆိုတာ ဘဝကို အပြည့်အဝ ပျော်ပျော်ပါးပါးနဲ့ဖြတ်သန်းဖို့လေ၊ ဒါကပဲ ဘဝရဲ့ ပန်းတိုင်ပဲကို..."


"အဲ့တော့ ခင်ဗျားတို့ရဲ့ ပန်းတိုင်က ပီတိဘူတာလား?"


အများစုကတော့ တစ်ခုခု မှားနေပြီဆိုတာကို ရိပ်မိသွားကြပြီ။


ဒါပေမဲ့ လူအနည်းငယ်ကတော့ ကျွန်တော့်အပေါ် ဒေါသထွက်လာကြတယ်။


"ဟေ့၊ ငါတို့မှာ အခု တကယ့် 'ပန်းတိုင်' ဆိုတာ ရှိလို့လား? ခင်ဗျားလည်း ဘာမှ သိတာမဟုတ်ဘဲနဲ့ ဘာလို့ အကုန်သိ အကုန်တတ်ပုံစံမျိုးနဲ့ ဝင်ပါနေတာလဲ?"


"ခင်ဗျားကြောင့် ကျုပ်တို့ ဆင်းခွင့်မရလို့ မလွတ်ရင် ခင်ဗျား တာဝန်ယူမှာလား? တာဝန်ယူမှာလားလို့?"


"ကျွန်တော် တာဝန်ယူပါတယ်"


ဖြေရလွယ်တဲ့ မေးခွန်းပဲ။


'ဘယ်လိုပဲဖြစ်ဖြစ် ငါ သူတို့နဲ့အတူတူ လွတ်ဖို့ စီစဉ်ထားပြီးသား'


အကယ်၍ သူတို့ ဒီမှာ ဆင်းသွားရင် အဖြေကမှားနေမှာ သေချာတယ်။ အဲ့ဒါထက်စာရင် ကျွန်တော့်အဖြေကမှ ဟုတ်ဦးမယ်။


ဒါပေမဲ့ ကျွန်တော့်ဆီက ဒီလိုအဖြေမျိုး ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားကြတော့ သူတို့အားလုံး ပါးစပ်အဟောင်းသားနဲ့ ဆွံ့အသွားကြတော့တယ်။


ကျွန်တော့်ရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကြောင့် သူတို့တွေ တုန်လှုပ်သွားပြီး စိတ်ထဲမှာ ဝေခွဲမရဖြစ်နေတာကို အထင်းသားမြင်နေရတယ်။


[တံခါးများ ပိတ်နေပါပြီ...]


အဲဒီနောက်မှာတော့ တံခါးတွေ ပိတ်သွားခဲ့တယ်။


ကျွန်တော် ဘေးကို ဖယ်ပေးလိုက်မိတယ်။ တံခါးပိတ်သွားတာကို မယုံနိုင်သလို စိုက်ကြည့်နေတဲ့ လူအနည်းငယ်ကတော့ တံခါးကို အတင်းတွယ်ကပ်ထားကြတုန်းပဲ။


ဒါပေမဲ့ ကျွန်တော် သူတို့ကို ပိတ်တားခဲ့တာနဲ့ ပတ်သက်လို့ ဘယ်သူမှ လာမအော်ကြတော့ဘူး။


ကျွန်တော် တစ်ဆိတ်လောက်ကျေနပ်သွားမိချိန်မှာပဲ ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်သံတစ်ခုကို ကြားလိုက်ရတယ်။


ကျွန်တော် ရထားပြတင်းပေါက်ကနေ အပြင်ဘက်ကို ချက်ချင်း လှမ်းကြည့်လိုက်မိတယ်။


အားလုံးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ လူ ငါးယောက် ခြောက်ယောက်လောက်ကတော့ ပီတိဘူတာမှာ အုံလိုက်ကြီးဆင်းသွားတဲ့ပုံပဲ။


အမှန်အတိုင်း ပြောရရင် နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာကိုတောင် ကျွန်တော်က ကြည့်ချင်တာမဟုတ်ဘူး။


ဒါပေမဲ့ နောက်ပိုင်းမှာ တခြားလူတွေနဲ့ဖင်ပိတ်ငြင်းပြီး စည်းရုံးနိုင်ဖို့အတွက်တော့ ဒါကို ကြည့်ထားမှ ဖြစ်မယ်။ ချီးပဲ...


ဆက်ဆဲမိတော့မဲ့စကားကို မျိုသိပ်ထားရင်း မျက်လုံးကို မှေးပြီး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တယ်။ မျက်စိထဲမှာတော့ မြင်ကွင်းက ဝေဝါးနေတုန်းပဲ။


"ဟင်? သူတို့တွေ ပြေးနေကြပြီ!"


အပြင်ကို ဆင်းသွားတဲ့လူတွေက ချက်ချင်းလှုပ်ရှားဖို့ စိတ်ပိုင်းဖြတ်လိုက်ကြတယ်။ ပလက်ဖောင်းပေါ်ကနေ လှေကားတွေရှိရာထွက်ပေါက်ဆီကို လူ ငါးယောက် ခြောက်ယောက်လောက် ပြေးသွားတာကို မြင်လိုက်ရတယ်။


ဒါပေမဲ့ သူတို့ နောက်ကျသွားပြီ။


ပလက်ဖောင်း ကြမ်းပြင်က အဝါရောင်သန်းပြီး ပွက်ပွက်ဆူလာတယ်။ ပြေးနေတဲ့လူတွေရဲ့ ခြေထောက်တွေကလည်း အရည်ပျော်သွားသလိုမျိုး ကြမ်းပြင်ထဲကို နစ်ဝင်သွားတယ်။


သူတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက ရွှေအဖြစ် ပြောင်းလဲသွားပြီး ကြမ်းပြင်နဲ့ တစ်သားတည်း ဖြစ်သွားတဲ့အတိုင်း အရမ်းကို ထူးခြားဆန်းကြယ်တဲ့ မြင်ကွင်းမျိုးပဲ။


သူတို့က အော်ဟစ်ရင်း အတင်းပြေးဖို့ ကြိုးစားကြပေမဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေက တဖြည်းဖြည်း နှေးကွေးသွားခဲ့ပြီ...


နောက်ဆုံးမှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေ လဲပြိုသွားပြီး လှေကားခြေရင်းမှာတော့ ရှေ့ကို မှောက်လျက်လဲနေတဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းတွေပဲ ကျန်တော့တယ်။


အဲ့ဒီအပေါ်ပိုင်းတွေတောင်မှ တဖျတ်ဖျတ် တောက်နေတဲ့ ရွှေတွေအဖြစ် ပြောင်းလဲသွားတာ။


ဒါက ပျော်ရွှင်မှုကို ခံစားနိုင်မဲ့ အလွယ်ဆုံးနည်းလမ်းပဲ။


[ရထားဟာ ပီတိဘူတာကနေ ယခုပဲ ထွက်ခွာနေပါပြီ]


ထွက်ခွာလာတဲ့ ရထားတွဲထဲမှာ လူတွေရဲ့ အသက်ရှူသံတွေနဲ့ ရှိုက်ကြီးတငင် ငိုသံတွေပဲရှိတော့တယ်။


ခုနက အပြင်ကို ဆင်းဖို့ လုပ်နေတဲ့ လူတစ်ယောက်က ကျွန်တော့်ကို အသည်းအသန် လာဆွဲပြီး မေးတယ်။


"ခ-ခင်ဗျား တာဝန်ယူမယ်လို့ ပြောခဲ့တယ်နော်။ ကျွန်တော်တို့ ဘေးကင်းတဲ့နေရာကို တကယ်ပဲ ရောက်မှာလား? ဟမ်?"


မသိရင် ကျွန်တော်ကပဲ အဖြေမှန်ကို အာမခံပေးရမလိုဖြစ်နေတာကြီးက ရယ်ချင်စရာကောင်းပေမဲ့ အမှန်အတိုင်း ပြောရရင် ဒါက ကျွန်တော် ပေးနိုင်တဲ့ တစ်ခုတည်းသော အဖြေပဲ။


'တကယ့်ကို ရူးချင်စရာကြီးကွာ'


ကျွန်တော့်ခြေထောက်တွေကတော့ ပြိုကျတော့မတတ် တုန်ရီနေပြီ။


သူတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းတွေ ပျက်စီးသွားတဲ့ မြင်ကွင်းက ကျွန်တော့်ခေါင်းထဲမှာ တဝဲဝဲလည်ပြီး အန်ချင်စိတ်တောင် ပေါက်လာတယ်။


တစ်ခုတော့ သေချာတယ်။


ကျွန်တော် ဒီထဲကနေ လွတ်မြောက်သွားရင်တောင် ဒီည အိပ်ပျော်မှာ မဟုတ်တော့ဘူး။


ဒီလိုတွေ ဖြစ်ပျက်နေတုန်းမှာပဲ ဘဲ့ဆာဟွန်းက ကျွန်တော့်ကို အထင်ကြီးတဲ့ လေသံနဲ့ လာပြောတယ်။


"ဆရာက တကယ့်ကို တော်တာပဲ"


"အယ်၊ ငါက လူသစ်တွေနဲ့ တွေ့ရင် ဆရာလို့ ခေါ်လေ့ရှိလို့ပါ"


သူက အားနာနာနဲ့ ပြုံးရင်း ဆက်ပြောတယ်။


"ဒီဘက်ခေတ်မှာ မင်းလိုလူမျိုး သိပ်မရှိတော့ဘူး။ သိတယ်မလား... 'ကျွန်တော် ထင်တာကတော့...' ဆိုတဲ့ စကားတွေအစား ဘာက မှန်တယ်၊ ဘာက မှားတယ်ဆိုတာကို ပြတ်ပြတ်သားသား ပြောနိုင်တဲ့သူမျိုးပေါ့"


"ရလဒ်ကလည်း မင်းရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်တဲ့အရာ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"


အင်း... အားပေးစကားအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေက ဝါးတားတားစကားလုံးတွေနဲ့ ပြောလို့ရတဲ့ အခြေအနေမှမဟုတ်ဘဲ။


'ဒီမှာ အဖြေမမှန်ရင် မင်းလည်း သေမှာပဲ...'


မဟုတ်သေးဘူး။


ကျွန်တော် တစ်ခုခုကို လွဲနေပြီ။


ကျွန်တော် ကြောက်နေတာတစ်ခုတည်းကို ညည်းညူနေမိလို့ အခြားတစ်ခုကို မေ့နေတာ။


'ဘဲ့ဆာဟွန်းက ဝန်ထမ်းတစ်ယောက်အနေနဲ့ ပါဝင်နေတယ်ဆိုရင် သူ ဒီအလုပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ပြီးသားဆိုတဲ့သဘောမလား?'


ဒါဆို ဘဲ့ဆာဟွန်း ဆင်းတဲ့ ဘူတာကို လိုက်ဆင်းလိုက်လို့မရဘူးလား?


ဂိုယောင်းအွန်းကိုပါ နားချလိုက်ရင် သုံးယောက် ဖြစ်သွားပြီ။


'ဒါက တကယ်ပဲ ဒီလောက်တောင် ရိုးရှင်းတာလား?'


"မင်း ဆင်းချင်တဲ့ ဘူတာမျိုး ရှိလား? ငါ ဆိုလိုချင်တာက...မင်းအနေနဲ့ နာမည်တစ်ခုခု ပေါ်လာရင် 'ငါ ဒီနေရာမှာ ဆင်းမှ ဖြစ်မယ်' လို့ ထင်မိတာမျိုးလေ"


"ငါ တခြားသူတွေရဲ့ အမြင်ကိုလည်း သိချင်တယ်"


ဘဲ့ဆာဟွန်းက ခဏလောက် စဉ်းစားဟန်ပြုပြီး ပုခုံးတွန့်လိုက်တယ်။


"မရှိဘူး။ ငါက ဒီလိုကိစ္စတွေမှာ သိပ်ပြီး ဗဟုသုတရှိတာမဟုတ်ဘူး'


သူလည်း အဖြေကို အတိအကျ မရသေးဘူးပေါ့။


ကျွန်တော် အေးဆေးပဲ ခေါင်းငြိမ့်ပြလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အကြံဉာဏ်ကောင်းတစ်ခုမလို့ ကျွန်တော် ဆက်ပြီးစောင့်ကြည့်သွားမယ်...


[ခရီးသည်များခင်ဗျာ၊ ခရီးစဉ်တစ်လျှောက် ဘေးကင်းချောမွေ့စေဖို့အတွက် တွင်းနက်ပို့ဆောင်ရေးမှ ကြေညာချက်ကို အာရုံစိုက် နားထောင်ပေးကြပါခင်ဗျာ]


ကြေညာချက် ပြန်စလာပြီ။


အားလုံးက စကားပြောတာကို ရပ်လိုက်ပြီး အပေါ်ကို မော့ကြည့်လိုက်တယ်။


[ရထားဟာ အကွေ့လမ်းကို ဖြတ်သန်းတော့မှာ ဖြစ်တဲ့အတွက် ဆူညံသံနဲ့ တုန်ခါမှုတွေ ရှိနိုင်ပါတယ်]


[မတော်တဆမှုတွေ မဖြစ်အောင် ခရီးသည်များ အားလုံး နေရာမှာ ထိုင်ပေးကြပါခင်ဗျာ]


"အားလုံး ထိုင်နေကြပါ"


ဘယ်သူမှ မငြင်းဆန်ကြဘဲ ချက်ချင်းပဲ ကိုယ့်နေရာမှာကိုယ် ထိုင်လိုက်ကြတယ်။


ခုနက ကျွန်တော် ပြောခဲ့တဲ့ ကြေညာချက်ကို နားထောင်ပါဆိုတဲ့စကားကို သူတို့နားထဲစွဲသွားပုံရတယ်။


ခုနက အတင်းဆင်းဖို့ လုပ်နေတဲ့ လူတောင်မှ ငြိမ်ငြိမ်လေး ထိုင်နေပြီး သူများထက်ကိုယ်သာအောင် ထိပ်ဆုံးကနေ ခုံ ရှာလိုက်သေးတယ်။


ဒါပေမဲ့ လူတိုင်းကတော့ အဲ့ဒီအတိုင်း မလုပ်နိုင်ခဲ့ကြဘူး။


"ဟာ! ဟိုရှေ့တွဲက လူတွေ!"


ရှေ့တွဲက ခရီးသည်တွေကတော့ အချင်းချင်း အကြီးအကျယ် ငြင်းခုံနေကြတုန်းပဲ။


သူတို့ ဘာတွေပြောနေလဲဆိုတာ အတိအကျ မကြားရပေမဲ့ အော်ဟစ်သံတွေကြောင့် ကြေညာချက်ကို မကြားလိုက်ဘူးထင်ပါရဲ့။


ကြည့်လိုက်တာနဲ့တင် သိသာတယ်။ သူတို့တွေက ခုနက ဆင်းသွားတဲ့လူတွေ သေတာကို မြင်ပြီးတော့ အကြီးအကျယ် ပျာယာခတ်နေကြတာပဲ။


"သူတို့ကို လှမ်းပြောသင့်လား?"


"ဟေ့! ကျုပ်တို့ပြောတာ ကြားလား?!"


ကျွန်တော်တို့တွဲက ဝန်ထမ်းသစ်အချို့က လှမ်းအော်ပေမဲ့ အဲဒီဘက်ကလူတွေက ဂရုမစိုက်နိုင်ကြဘူး။ ကျွန်တော်တို့နဲ့ အကြည့်ချင်းစုံသွားတဲ့ လူတစ်ယောက်ကတော့ ကျွန်တော်တို့ဆီ လျှောက်လာဖို့တောင် လုပ်နေသေးတယ်။


"ဟိုး... မလာနဲ့၊ မလာနဲ့! အဲ့ဒီမှာပဲ ထိုင်..."


[အကွေ့လမ်းသို့ ဝင်ရောက်နေပါပြီ...]


အမှောင်ထုထဲမှာ ရထားဟာ အရှိန်ပြင်းပြင်းနဲ့ တုန်ခါလာပြီး ဆူညံသံတွေ ထွက်ပေါ်လာတယ်။


အဲ့ဒီ ဆူညံသံတွေကြားထဲမှာပဲ စူးရှတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။


စိုစွတ်နေတဲ့ အရာတစ်ခုခု ပေါက်ကွဲသွားတဲ့ အသံမျိုး။


မှည့်နေတဲ့ စပျစ်သီးတစ်လုံးကို အတင်းညှစ်လိုက်သလိုမျိုး။


...အဲ့ဒီအသံက တံခါးရဲ့ ဟိုဘက်အခြမ်းက လာသလိုပဲ။


ဒီအတွဲထဲက လူတွေက အသက်ကို အောင့်ထားရင်း တုန်တုန်ရီရီနဲ့ ငြိမ်နေကြတယ်။


ခဏနေတော့ မီးတွေ ပြန်လင်းလာပြီး၊


ရှေ့တွဲကို မြင်နိုင်တဲ့ တံခါးက မှန်ပြတင်းပေါက်လေးကနေ ကြည့်လိုက်တဲ့အခါမှာတော့...


အဲ့ဒီနေရာက သွေးတွေ၊ အညစ်အကြေးတွေနဲ့ ပြည့်နှက်နေတယ်။


လူတွေကို ဖျော်စက်ထဲ ထည့်ကြိတ်လိုက်သလိုမျိုး၊ လူတစ်ယောက်ရဲ့ အရိပ်အယောင်တောင် မကျန်တော့ဘူး။


[အခု ဘေးကင်းစွာနဲ့ ပြန်ထနိုင်ပါပြီ။ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်]


အေးဆေးတည်ကြည်လှတဲ့ ကြေညာသံနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ရထားတွဲထဲမှာတော့ ထိတ်လန့်တကြား အော်သံတွေနဲ့ ပြည့်သွားတော့တယ်။


"ငါ့ကို အပြင်လွှတ်ပေးကြပါ! အပြင်လွှတ်ပေးပါ!"


"ဟား... ဟား... ဒါကြီးက ဘာလဲ? ဘာကြီးလဲလို့... အမေရေ..."


ဒီလိုတွေဖြစ်နေတဲ့ကြားထဲကတောင် ဝန်ထမ်းသစ်တွေက ပါးစပ်ကို အတင်းပိတ်ထားပြီး ကြေညာချက်ကို သေချာနားစွင့်နေကြတယ်။


ဘာလို့လဲဆိုတော့ အဲ့ဒါကသာလျှင် သူတို့ရဲ့ အသက်ကယ်ကြိုးဆိုတာ သက်သေပြပြီးသား ဖြစ်နေတာကိုး!


ကျွန်တော့်အတွက် လက်ရှိအခြေအနေက အသက်ရှင်ဖို့ အလားအလာ ကောင်းနေပေမဲ့ တကယ့် လက်တွေ့မြင်ကွင်းတွေကတော့ အရမ်းကို ကျောချမ်းစရာကောင်းလွန်းတာမလို့ ကျွန်တော့်နဖူးမှာ ချွေးစေးတွေ ပြန်လာတယ်။


တုန်ရီနေတဲ့ လက်နဲ့ ချွေးကို သုတ်ရင်း အံကို တင်းတင်းကြိတ်ထားလိုက်တယ်။


ရှေ့တွဲကို ထပ်မကြည့်ရဘူး။


'သူတို့ကို စည်းရုံးဖို့ပဲ အာရုံစိုက်စမ်းပါ...'


နောက်ထပ် မှန်ကန်တဲ့ ဘူတာပေါ်လာရင် လူတွေအားလုံး တူတူဆင်းကြမှာပဲ...


[ခရီးသည်များခင်ဗျာ၊ ခရီးစဉ်တစ်လျှောက် ဘေးကင်းချောမွေ့စေဖို့အတွက် တွင်းနက်ပို့ဆောင်ရေးမှ ကြေညာချက်ကို အာရုံစိုက် နားထောင်ပေးကြပါခင်ဗျာ]


နောက်ထပ် ကြေညာချက်တစ်ခု။


ပင်ပန်းနွမ်းနယ်နေတဲ့ ခရီးသည်တွေရဲ့ ရှိုက်သံတွေကို ဖြတ်ကျော်ပြီး စက်ရုပ်ဆန်တဲ့ အသံက ထူးဆန်းတဲ့ သတင်းစကားကို ဆက်ပြောလာတယ်။


[ပျောက်ဆုံးပစ္စည်းတစ်ခု ရှိနေပါတယ်]


[ပျောက်ဆုံးပစ္စည်းကို တွေ့ရှိထားတဲ့ ခရီးသည်ရှိပါက နောက်ဘူတာမှာ ဆင်းပြီး ဘူတာဝန်ထမ်းထံ အပ်နှံပေးပါခင်ဗျာ]


ဒီအခြေအနေကို ကျွန်တော် သိတယ်။


'... ဒါက ရှားပါးတဲ့ လွတ်မြောက်မှု ဖြစ်စဉ်ပဲ!'


==================


အမှောင်ထုရှာဖွေရေးမှတ်တမ်းများ / သရဲပုံပြင်


/ တွင်းနက်ပို့ဆောင်ရေးမှ ကြိုဆိုပါတယ်


၃.၄ အထွေထွေမှတ်တမ်းများ (လွတ်မြောက်ခြင်း)


သတ်မှတ်ထားသည့် ဘူတာမဟုတ်ဘဲ အခြားနည်းလမ်းနှင့် အောင်မြင်စွာ လွတ်မြောက်ခဲ့သည့် ထူးခြားဖြစ်စဉ်များကို မှတ်တမ်းတင်ထားခြင်း။


နည်းလမ်းအချို့ကို ထပ်ခါတလဲလဲ တွေ့ရသည်။ (အများဆုံးတွေ့ရသည့် ဖြစ်စဉ်များမှာ 'ရထားခေတ္တရပ်နားခြင်း' နှင့် 'ပျောက်ဆုံးပစ္စည်း ကြေညာချက်' တို့ ဖြစ်သည်။)


==================


ဒါက လွတ်မြောက်ဖို့ အာမခံထားတဲ့လက်မှတ်ပဲ။


ကြေညာထားတဲ့ ပျောက်ဆုံးပစ္စည်းသာ ကိုယ့်မှာ ရှိရင် ဘေးကင်းကင်းနဲ့ အပြင်ထွက်လို့ရပြီ!


'ဒါပေမဲ့ လူတစ်ယောက်ပဲ လွတ်မြောက်နိုင်တာ'


ကျွန်တော့်လို တစ်ယောက်တည်း မသွားရဲတဲ့သူအတွက်တော့ ဒါဟာ အစကတည်းက အသုံးမဝင်တဲ့ လက်မှတ်ပဲ။


ကျွန်တော် လက်သီးကို တင်းတင်းဆုပ်ထားလိုက်တယ်။


'ဒီတော့ ဘယ်သူ့ကို လွှတ်လိုက်ရမလဲ?'


မဟုတ်သေးဘူး၊ တစ်ယောက်ယောက်ကို လွှတ်လိုက်တာက အဖြေမှန်ပါ့မလား?


[ပျောက်ဆုံးပစ္စည်းကတော့ အသက် ၂၀ ကျော်၊ သွေးအမျိုးအစား (A) ရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ဘယ်ဘက်မျက်လုံး ဖြစ်ပါတယ်]


ပျောက်ဆုံးပစ္စည်းက ကျွန်တော် မမျှော်လင့်ထားတဲ့ အရာတစ်ခု။