Chapter 1
Viewers 301

တစ်စုံတစ်ရာကို အသေအလဲ နှစ်သက်မိဖူးလား။



"အော်... ဒါလေးက ပျော်စရာကောင်းသားပဲ" လို့ တွေးရုံတင်မဟုတ်ဘဲ အရမ်းသဘောကျလွန်းလို့ ကိုယ့်ရဲ့ အချိန်တွေရော ပိုက်ဆံတွေကိုပါ အပိုဆောင်းပြီး သုံးစွဲပစ်လိုက်တဲ့အထိ စွဲလမ်းသွားတာမျိုးပေါ့။



လူတိုင်းမှာ အဲဒီလိုမျိုး တစ်ခုခုတော့ ရှိမှာပါ၊ ဟုတ်တယ်မလား?



ရုပ်ရှင်ဆိုရင်လည်း ဒါရိုက်တာရဲ့တည်းဖြတ်ပုံတွေကို ကြည့်တာမျိုး၊ ဂိမ်းဆိုရင် Artbook ဝယ်တာ၊ Webtoon ဆိုရင် အပိုင်းသစ်တွေကို ငွေကြိုပေးပြီး ဖတ်တာ၊ အဆိုတော်ဆိုရင်လည်း သူတို့ရဲ့ဖျော်ဖြေပွဲကို သွားကြည့်တာမျိုး...



အဲဒီထက် ပိုသွားရင်တော့ ဆက်စပ်တဲ့ပစ္စည်းတွေ ဝယ်တာမျိုး။ Merch လို့ ခေါ်ကြတဲ့ ပစ္စည်းတွေအကြောင်းပေါ့ဗျာ။



ရုပ်တုတွေ၊ ဘန်နာတွေ၊ တံဆိပ်တွေ၊ အရုပ်တွေ...



ကျွန်တော့်ဘဝမှာ အဲဒီလို အရာတွေအတွက်နဲ့ ပိုက်ဆံမသုံးဖူးဘူးလို့ ယုံကြည်ချက်အပြည့်နဲ့ ပြောရဲတယ်။



လူတွေအုံခဲနေတဲ့ Popup Store တစ်ခု၊ မနက် ၁၀ နာရီ ကုန်တိုက်ဖွင့်တာနဲ့ တိုကင်တွေအကုန် ကုန်သွားပြီ။



အဲ့ဒီတိုကင်တွေထဲက တစ်ခုက ကျွန်တော့်လက်ထဲမှာ။



"နေ့လယ် နာရီခွဲ အသုတ် ဝင်လို့ရပါပြီ!"



ဘေးနားက တက်ကြွနေတဲ့ ဆယ်ကျော်သက်တွေက ဝန်ထမ်းတွေဆီကို အပြေးအလွှား သွားကြတယ်။



' နာရီခွဲ... ဟုတ်ပြီ'



ကျွန်တော် ဦးထုပ်ကို ငိုက်စောင်းပြီး တန်းစီလိုက်တယ်။



ဒါပေမဲ့ နောက်ကနေ တိုးတိုးတိုးတိုးနဲ့ ပြောနေသံတွေကို ကြားနေရတယ်။



ကျွန်တော် တကယ်ကို ဝမ်းနည်းမိပေမဲ့ ဒီလို အပြောခံရတာကလည်း မဆန်းပါဘူး။



ဒီအတန်းထဲမှာ ရုံးဝန်ထမ်းပုံစံနဲ့ လူကြီးဆိုလို့ ကျွန်တော်တစ်ယောက်တည်း ရှိတာကိုး!



ကျွန်တော် သက်ပြင်းချရင်း Popup Store အဝင်ဝကို လှမ်းကြည့်လိုက်တယ်။



[ကြိုဆိုပါတယ် အမှောင်ထုကို ရှာဖွေသူ]



'ဒါကတော့ တကယ်ကို ရယ်ချင်စရာပဲ'



အနက်ရောင်နဲ့ အနီရောင် နောက်ခံတွေ၊ ဘီလူးသရဲပုံတွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှတ်အသားတွေနဲ့ ကော်ပိုရေးရှင်း၊ ဘာသာရေး၊ အစိုးရသင်္ကေတတွေ အကုန်ရောယှက်နေတဲ့ ပုံစံ။



ဆယ်ကျော်သက်တွေရဲ့ စိတ်ကို ဖမ်းစားနိုင်မဲ့ ကမ္ဘာမျိုးပေါ့။



ခေါင်းစဉ်ကအစ အလန်းကြီး။



[ကမ္ဘာပျက်ကိန်း နိမိတ်ဖတ်ခြင်း- အမှောင်ထုရှာဖွေရေးမှတ်တမ်းများ]



မျက်နှာကို လက်နဲ့အုပ်လိုက်ချင်တဲ့စိတ်ကို အနိုင်နိုင် ထိန်းထားလိုက်ရတယ်။



'ဘာလို့ ဒါကို ရုံးမှာ သွားဖတ်မိပါလိမ့်...'



ဒါက မကြာသေးခင်ကမှ အရမ်းခေတ်စားနေတဲ့ သရဲတစ္ဆေပုံပြင် ကမ္ဘာတစ်ခု။



လူတိုင်း ပါဝင်ပြီး ကိုယ်ပိုင်ဇာတ်လမ်းတွေ ဖန်တီးလို့ရတဲ့အများပိုင်ကမ္ဘာမျိုး။



အစကတော့ လိုင်းပေါ်က နာမည်ကြီးသရဲဇာတ်လမ်းတစ်ခုကနေစပြီး ကျောင်းသားတွေကြားမှာပဲ ပျံ့နှံ့ခဲ့တာ။ ဒါပေမဲ့ YouTubeရဲ့Recommendationထဲ ရောက်သွားပြီးတဲ့နောက်မှာတော့ အရမ်းကို နာမည်ကြီးသွားခဲ့တယ်။



'... ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို ရှာဖွေတဲ့ မှတ်တမ်းများ' ဆိုတဲ့ပုံစံမျိုးပေါ့။



နောက်ပိုင်းမှာတော့ အွန်လိုင်းသရဲဇာတ်လမ်းတွေထောင်နဲ့ချီရှိတဲ့ သီးသန့်ဝီကီတစ်ခု ဖြစ်လာပြီး ကျွန်တော်ပါ စိတ်ဝင်စားသွားတယ်။



'... စာသားတွေပဲမို့လို့ ရုံးမှာ ခိုးဖတ်ရတာ အရမ်းလွယ်တယ်'



ပြီးတော့ ရုံးမှာဆိုရင် အလုပ်ကလွဲရင် ကျန်တာအားလုံးက ပျော်စရာကောင်းနေတာ မဟုတ်လား?



ကျွန်တော် ဒီကမ္ဘာထဲကို ဘယ်လောက်တောင် စိတ်ဝင်တစားနဲ့နစ်ဝင်သွားသလဲဆိုရင် ကိုယ်တိုင်တောင် သရဲဇာတ်လမ်းတစ်ပုဒ်ရေးပြီး တင်လိုက်သေးတယ်...



ကိစ္စတွေက ဘယ်လိုလုပ် ဒီလောက်ထိ ဖြစ်ပျက်သွားတာလဲ? ကျွန်တော့်ရဲ့ ရုံးဘဝက အဲဒီလောက်တောင် ဒိုပါမင်းကုန်ခမ်းနေလို့လား?



'ဒီလောက်အထိ အောင်မြင်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ?'



အခုတော့ ဆယ်ကျော်သက်တွေကြားမှာ YouTube ကို စိုးမိုးထားတဲ့ နာမည်ကြီးမူပိုင်လက်ရာတစ်ခု ဖြစ်နေပြီ။



ကုမ္ပဏီတွေကလည်း အမြတ်ထုတ်ဖို့ ဝင်လာကြတာပေါ့။ ဒီ



Popup Store ကလည်း အဲ့ဒီအစီအစဉ်ထဲက တစ်ခုပဲ။



'ဒါပေမဲ့ ဝီကီမှာတုန်းက အသက် ၁၅ နှစ်အထက်လို့ ပြထားတာလေ!'



ဘာလို့ ဒီမှာ ကလေးတွေ အဲ့ဒီလောက် များနေရတာလဲ?



နောက်ကနေ တိုးတိုးတိုးတိုး ပြောသံတွေကို ထပ်ကြားရတော့ ပိုပြီးလို့တောင် နေရခက်လာတယ်။



"သူက တစ်ဆင့်ပြန်ရောင်းမဲ့သူပဲ၊ သေချာတယ်..."



"ဟေ့... သူ့တူ ဒါမှမဟုတ် ညီလေးအတွက် ဝယ်ပေးတာလည်း ဖြစ်နိုင်တာပဲ။ အရမ်းကြီး မပြောပါနဲ့"



ဟင့်အင်း... ကိုယ့်အတွက်ကိုယ် ဝယ်မလို့ပါ။



...တကယ်တော့ ပြီးခဲ့တဲ့ အပတ်ကလည်း လာခဲ့သေးတယ်။ ဒါပေမဲ့ လိုချင်တဲ့ ပစ္စည်းက ကျွန်တော့်အလှည့်မရောက်ခင်လေးတင် ကုန်သွားလို့ ဒီနေ့ ထပ်လာတာ...



အလုပ်ကိုတောင် ခွင့်ယူပြီးတော့ လာခဲ့တာပါ။



'ပြီးခဲ့တဲ့အပတ်ကတော့ အလွန်ဆုံးမှ ငါ့အရွယ် အမျိုးသမီးတွေပဲ လာကြတာ'



ကံဆိုးချင်တော့ ဒီနေ့က ကြားရက်၊ နေ့လယ်ခင်း ဖြစ်နေတာရယ်၊ ကလေးတွေနဲ့အတူ လာတဲ့ မိဘတွေကလွဲရင် ကျန်တဲ့ လူကြီးဆိုလို့ ကျွန်တော်ပဲ ရှိနေတာရယ်ကြောင့် ရှက်လွန်းလို့ သေမတတ် ဖြစ်နေပေမဲ့လည်း အောင့်ခံထားလိုက်တယ်။



'ငါ ဘာလို့ ဒါကို သည်းခံနေရတာလဲတောင် မသိတော့ဘူး...'



ဘာပဲဖြစ်ဖြစ် ဝန်ထမ်းလမ်းညွှန်တဲ့အတိုင်း ဆိုင်ထဲကို ဝင်လိုက်တယ်။



ဝန်ထမ်းတွေက ကျွန်တော့်ကို ထူးခြားတဲ့လူလိုမကြည့်တာကသာ တစ်ခုတည်းသော စိတ်သက်သာရာရစရာ။



"ဟေး... တကယ်ကို ဇာတ်လမ်းထဲကအတိုင်းပဲ!"



ဆိုင်ထဲမှာ အလယ်တန်းကျောင်းသားတွေ အံ့သြနေတဲ့ အသံတွေကို ကြားနေရတယ်။



ပြကွက်တွေကိုလည်း သေသေချာချာ ပြင်ဆင်ထားတာပဲ။



[သဘာဝလွန် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန]



[အမည်မသိ အလင်းရောင် ဘုရားကျောင်း]



ဒီထိတ်လန့်စရာကောင်းတဲ့ကမ္ဘာထဲမှာ အဓိက အင်အားစုသုံးစု ရှိတယ်။ ကော်ပိုရေးရှင်းတွေ၊ အစိုးရတွေနဲ့ ဘာသာရေးတွေပေါ့။ အားလုံးက ထူးဆန်းတဲ့ဖြစ်ရပ်တွေကို စောင့်ကြည့်ပြီး ထိန်းချုပ်ဖို့ ကြိုးစားကြတာ... ဒါက ဇာတ်လမ်းရဲ့ အခြေခံပဲ။



'အစကတော့ အစိုးရဌာန အကြောင်း ဇာတ်လမ်းလေးတွေပဲရှိတာကို၊ နောက်ပိုင်းမှ လူတွေ ပိုများလာပြီး စိတ်လှုပ်ရှားလာကြတော့မှ ဒီလိုမျိုး ဖြစ်လာတာ'



ဘာပဲဖြစ်ဖြစ် ဒီ Popup Store က လူကြိုက်အများဆုံး အပိုင်းတွေကိုပဲ စုစည်းထားတာပဲ။



ပရိသတ်တွေရဲ့ ပိုက်ဆံအိတ်ကို ပစ်မှတ်ထားပြီး နာမည်ကြီး ဇာတ်ကောင်တွေနဲ့ သရဲပစ္စည်းတွေကိုပဲ အာရုံစိုက်ထားတာ အသိအသာကြီးပေမဲ့ အရည်အသွေးကတော့ မဆိုးပါဘူး။



'ထားလိုက်ပါတော့... နောက်တစ်ခါဆို ဒီလိုနေရာမျိုးဆီ ထပ်လာရမှာ မဟုတ်တော့ဘူး...'



တခြားသူတွေရဲ့ အကြည့်တွေကို လျစ်လျူရှုပြီး လိုချင်တဲ့ ပစ္စည်းတွေကို မြန်မြန်ယူလိုက်တယ်။



နာမည်ကြီး ပစ္စည်းအများစုက ကုန်နေပြီမလို့ ကျွန်တော့်ကို တစ်ဆင့်ပြန်ရောင်းမဲ့သူဆိုပြီး သံသယဝင်စရာ သိပ်မရှိတော့တာလို့တော်ပါသေးရဲ့။



"ပစ္စည်းတွေထည့်ဖို့ L-sized အိတ် ဝယ်ဦးမလားရှင့်? ဝမ် ၅၀၀၀ပါ"



နောက်ဆုံးတော့ ကျွန်တော် ပစ္စည်းတွေကို ဝယ်ပြီးသွားပြီ။ ဒါပေမဲ့ ဆိုင်ထဲကနေ ချက်ချင်း ထွက်မသွားဘဲ ဝေခွဲမရ ဖြစ်နေမိတယ်။



ငွေရှင်းကောင်တာနားမှာ လူတွေ တန်းစီနေတာကို လှည့်ကြည့်လိုက်မိတယ်။



: ကိုယ်ပိုင်ဇာတ်ကောင် ဖန်တီးပါ။



ပြီးခဲ့တဲ့ အပတ်ကလည်း ဒါကို တွေ့ခဲ့တာပဲ။ ဒါပေမဲ့ အဲဒီအတန်းထဲမှာ ဝင်စီဖို့ သတ္တိမရှိခဲ့ဘူး...



'ဒီ Popup က မနက်ဖြန်ဆို ပြီးပြီတဲ့'



ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ ဒါကို လဲသင့်သလားဆိုပြီး စိတ်ထဲမှာ စစ်တိုက်နေတုန်းမှာပဲ၊



ဝန်ထမ်းလေးက ကျွန်တော့်ကို ပြုံးပြီး လှမ်းပြောလိုက်တယ်။



"လှည်းဘီးလှည့်တဲ့ ပွဲက ဒီနေ့ နောက်ဆုံးပါနော်! ပါဝင်ဦးမလားရှင့်?"



ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ် ဝန်ထမ်းလေးရယ်...



"ဟုတ်ကဲ့! ဒီဘက်ကို ကြွပါ! ဒီမှာ ရပ်လိုက်ပါ..."



ဝန်ထမ်းလေးက ကျွန်တော့်ကို အနက်ရောင် လှည်းဘီးကြီး ရှေ့က အတန်းကို ခေါ်သွားပေးလို့ နောက်ဆုံးမှာတန်းစီလိုက်ရတယ်။



အတန်းက ထင်ထားတာထက် ပိုမြန်တာပဲ။



ဘယ်လောက်မှကြာသေးဘူး၊ ကျွန်တော်က အရှေ့ဆုံးကို ရောက်သွားပြီး ခလုတ်လေးတစ်ခုကို ရလိုက်တယ်။



"ကဲ... အခု ကံစမ်းမဲလှည်းဘီးကို လှည့်ပါတော့မယ်! အဆင်သင့်ဖြစ်တဲ့အချိန်မှာ ခလုတ်လေးကို နှိပ်ပြီး ရပ်ပေးပါနော်"



အသံပိုင်းဆိုင်ရာ effect တွေနဲ့အတူ လှည်းဘီးကြီးက စလည်တော့တယ်။



အကွက်တစ်ခုချင်းစီမှာ ဆုတွေ ပါတယ်။



ကျွန်တော် ဝယ်ပြီးသား ပစ္စည်းတွေရော၊ မရောင်းတဲ့ ပစ္စည်းတွေရော၊ Bluetooth နားကြပ်တွေရော အစုံပဲ။



အကြီးဆုံး အကွက်ကတော့ နံပါတ် () ချိတ်တဲ့ မှတ်စုစာအုပ်အသေးလေး။ ကျွန်တော်လည်း အဲဒါကိုပဲရမှာပါလေ။



ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ တကယ်ဆို ဝင်မဆော့ဘဲ ပြန်တော့မယ်လုပ်နေတာကို။



"အရမ်းကြီး မျှော်လင့်မနေပါနဲ့"



ကျွန်တော် ဝန်ထမ်းပေးတဲ့ ခလုတ်ကို သေသေချာချာလေး နှိပ်လိုက်တယ်။



ဒါပေမဲ့ အနက်ရောင် လှည်းဘီးကြီးက ဖြည်းဖြည်းချင်း နှေးသွားပြီး... မထင်မှတ်ဘဲ အဲ့ဒီနေရာမှာ ရပ်သွားတယ်။



ရွှေရောင် မျဉ်းကြောင်းတစ်ခုတည်း ရှိတဲ့နေရာမှာ။



: အမှောင်ထုရှာဖွေရေးမှတ်တမ်းများ အမှတ်တရလက်ဆောင်သေတ္တာ



"ဘုရားရေ! ဂုဏ်ယူပါတယ်!"



"အရမ်းကံကောင်းတာပဲ၊ အားကျလိုက်တာ"



အနောက်နားကနေ အံ့သြသံတွေ၊ အော်ဟစ်သံတွေနဲ့ အားကျသံတွေ ထွက်ပေါ်လာတယ်။



"ဝါး... နောက်ဆုံးတော့ Popup ပြီးခါနီး ဒုတိယမြောက်နေ့မှာ ပထမဆုရှင် ပေါ်ထွက်လာပြီ!"



ငွေရောင်သင်္ကေတ အကြီးကြီးပါတဲ့အနက်ရောင်သေတ္တာကို သေသေသပ်သပ်ပြုလုပ်ထားတာပဲ။



ကျွန်တော့်လက်တွေမတုန်အောင် အနိုင်နိုင်ထိန်းပြီး သေတ္တာကို လက်ခံလိုက်ရတယ်။



အခုချက်ချင်း ဒီကနေထွက်သွားပြီး ဒါတွေက တကယ်ဖြစ်ပျက်နေတာလားဆိုတာကိုသိရဖို့ ကိုယ့်ပါးကိုယ် ပြန်ရိုက်ကြည့်ဖို့ လိုနေပြီ။



ကျွန်တော် ဆိုင်ထဲကနေ ထွက်ခါနီးမှာပဲ ဝန်ထမ်းက လှမ်းတားပြန်တယ်။



"အိုး! ဒီမှာ ကိုယ်ပိုင်အမှတ်တရပစ္စည်းလေး လုပ်ပေးနေလို့ပါ၊ နာမည်လေး ပြောပေးပါဦး!"



ကျွန်တော့်နာမည်? ကျွန်တော့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကတော့ ဝက်ဘ်ဆိုက်တွေပေါ်မှာ ပျံ့နှံ့နေတာဖြင့် ကြာလှနေပြီ။ အဓိကက ဒါကို အိမ်ကို အန္တရာယ်ကင်းကင်း သယ်သွားဖို့ပဲ...!



"ဟုတ်ကဲ့ပါ! လူကြီးမင်း ကင်မ်ဆိုရွန်း ခဏလေးစောင့်ပေးပါ"



ဝန်ထမ်းက လှည်းဘီးဘေးက 3Dပရင်တာနဲ့တူတဲ့ အနက်ရောင်စက်ကြီးကို စလိုက်တယ်။



အဲ့ဒီအပေါ်မှာ ရှင်းလင်းချက်စာတန်းလေးတောင် ကပ်ထားသေးတယ်။



[အမှောင်ထု ရှာဖွေရေးမှတ်တမ်းများ ဇာတ်ကောင်ဖန်တီးစက်



...ဒါက လှည်းဘီးလှည့်တဲ့ပွဲမှာ သူတို့ပြောနေတဲ့ အစီအစဉ်ပဲ။ 'ကိုယ်ပိုင် အမှောင်ထု ရှာဖွေရေး ဇာတ်ကောင် ဖန်တီးပါ' ဆိုတဲ့ပွဲ။



ဆယ်ကျော်သက်တွေ အကြိုက်နဲ့ ကွက်တိကျလိုက်တာ...



"ဒီမှာ နာမည်လေး ရိုက်ထည့်ပေးပါဦး"



လက်တစ်ဖက်က လက်ဆောင်သေတ္တာကို မြဲမြဲကိုင်ပြီး စက်ပေါ်က ခလုတ်မှာ ကျွန်တော့်နာမည်ကို မြန်မြန်ရိုက်ထည့်လိုက်တယ်။



အနက်ရောင်စက်ကြီးက ကြောက်စရာကောင်းတဲ့ ဂီတသံစဉ်တစ်ခု ထွက်ပေါ်လာပြီး ဂီယာတွေ လည်ပတ်ပြနေတယ်။



ပြီးတော့ အရာဝတ္ထု သေးသေးလေးတစ်ခု ထွက်လာတယ်။



ရင်းနှီးနေတဲ့ အဲ့ဒီပစ္စည်းလေးကို ကျွန်တော် ကောက်ကိုင်လိုက်တယ်။



အဲ့ဒါက... ဝန်ထမ်းကဒ်တစ်ခု။



"ဝါး! အိပ်မက်ကုမ္ပဏီတဲ့။ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းကမ္ဘာထဲမှာ အအောင်မြင်ဆုံး အဖွဲ့အစည်းတွေထဲက တစ်ခုပေါ့"



အလွယ်ပြောရရင်တော့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကနေ အမြတ်ထုတ်တဲ့အဖွဲ့အစည်းတစ်ခု။



ပြီးတော့ ကွင်းဆင်းလေ့လာရေးအဖွဲ့ ဆိုတာက...



"သိပ္ပံရုပ်ရှင်တွေထဲက ဇာတ်ပို့တွေလိုမျိုး လူအသေအပျောက် အများဆုံးဌာနလေ"



ဘာမှန်းမသိတဲ့ ဖြစ်ရပ်တွေကို သွားရောက်စုံစမ်းရင်း အမြဲတမ်း အသက်ပေးလိုက်ရတဲ့အဖွဲ့။



အဲ့ဒါကြောင့် နာမည်ကြီးတဲ့ ဇာတ်ကောင်အတော်များများက ဒီအဖွဲ့ထဲက ဖြစ်နေတတ်တာ။



"ဝိုး! ကွင်းဆင်းလေ့လာရေးအဖွဲ့က ဝန်ထမ်းကဒ်ကို ရလိုက်တာပဲ! ဝန်ထမ်း ကင်မ်ဆိုရွန်းက ဒီဇာတ်လမ်းကမ္ဘာထဲမှာ ဘယ်လိုစွန့်စားခန်းတွေ တွေ့ရမလဲဆိုတာ တကယ်သိချင်နေပြီ!"



ကျွန်တော်ဖြင့် ရှက်လွန်းလို့ တွန့်လိမ်သွားမတတ် ဖြစ်သွားပေမဲ့ မနည်းအောင့်အည်းထားလိုက်တယ်။



'အနည်းဆုံးတော့ အစိုးရဌာန ဒါမှမဟုတ် ဂိုဏ်းတစ်ခုခုရဲ့ ကဒ်မဟုတ်ဘူးတာတင် ကျေးဇူးတင်ရမယ်'



ကော်ပိုရေးရှင်း ဝန်ထမ်းကဒ်ဖြစ်နေလို့ တော်ပါသေးတယ်။



ရှက်စရာကောင်းပေမဲ့ ဝန်ထမ်းကတော့ ဒါမျိုးတွေကို ပြောဖူးလွန်းလို့ ကျင့်သားရနေပုံပဲ၊ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ပဲ အစအဆုံး ကိုင်တွယ်သွားတယ်။



ဝန်ထမ်းကဒ်ကို ရပြီးတဲ့နောက်မှာတော့ လှည်းဘီးပွဲက ပြီးသွားပြီ။ ကိုယ့်နာမည် ရိုက်နှိပ်ထားတဲ့ ဝန်ထမ်းကဒ်ကို ငုံ့ကြည့်ရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။



'ဒါကို... ဘယ်သူမှ ရှာမတွေ့နိုင်မဲ့တစ်နေရာရာမှာ ဖွက်ထားမှ ဖြစ်မယ်'



အရှက်ရရတာကို ဘယ်လိုနည်းနဲ့မှ ကြာကြာသည်းမခံနိုင်ဘူး။



အဲ့ဒီအချိန်မှာ ဝန်ထမ်းက အားတက်သရောနဲ့ ထပ်မေးတယ်။



"သဘောကျရဲ့လား? တန်ဖိုးထားပြီး သိမ်းထားမယ်မလားဟင်?"



ကျွန်တော် နားကြားမှားသလားလို့ မော့ကြည့်လိုက်တယ်။



ဝန်ထမ်းက သဘာဝမကျတကျနဲ့အောင် ပြုံးပြနေတယ်။



ပါးစပ်က နားရွက်အထိ ချိတ်တက်သွားမတတ်ပဲ...



ရုတ်တရက်ကြီး ကျွန်တော့်ခေါင်းတွေ မူးနောက်လာတယ်။



Popup Storeထဲက ဆူညံသံတွေက ပျောက်ကွယ်သွားတယ်။



ရှေ့က မြင်ကွင်းတွေက အနက်ရောင် ဆေးသုတ်လိုက်သလိုမျိုး ဝေဝါးသွားပြီး အနီရောင်နဲ့ အပြာရောင်တွေ တဖျတ်ဖျတ် လင်းလာတယ်။



မူးဝေတာတွေ ပျောက်သွားတဲ့အချိန်မှာ။



ကမ္ဘာကြီးက အပြီးအပိုင် ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော် အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။



[အိပ်မက်ကုမ္ပဏီမှကြိုဆိုပါတယ်ခင်ဗျာ!]



သတိပြန်ဝင်လာတဲ့အချိန်မှာ ကျွန်တော်က ခန်းမကြီးတစ်ခုရဲ့ ထောင့်မှာ ရပ်နေပြီး စင်မြင့်ထက်ကို ကြည့်နေမိတယ်။



လက်ခုပ်သံတွေနဲ့အတူ စင်ပေါ်က စခရင်ပေါ်မှာရှိတဲ့PPT ပရောဂျက်ကနေ မီးရှူးမီးပန်းတွေ ပွင့်ထွက်လာတယ်။



[ဝန်ထမ်းသစ်များ လေ့ကျင့်သင်တန်း]



လက်ခုပ်သံတွေနဲ့ အားပေးသံတွေ ထွက်ပေါ်နေတုန်းမှာပဲ အခမ်းအနားမှူးလို့ ယူဆရသူက ပြုံးရွှင်ရွှင်နဲ့ PPT ကို နောက်တစ်မျက်နှာ ပြောင်းလိုက်တယ်။



ဒါ ကုမ္ပဏီကြီးတစ်ခုရဲ့ ဝန်ထမ်းသစ်လေ့ကျင့်ရေးပွဲဆိုတာ အသိသာကြီး။



ဝတ်စုံပြည့် ဝတ်ထားကြတဲ့ ဝန်ထမ်းသစ်တွေကတော့ အလုပ်ရသွားတဲ့အတွက် ရင်တွေခုန်ပြီး ဂုဏ်ယူစွာနဲ့ပဲ လက်ခုပ်တီး အားပေးနေကြတယ်။



[၁၄၅ ယောက်မှာ ယောက်နှုန်းနဲ့ ပြိုင်ဆိုင်မှုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းသစ်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသင့်ပါတယ်! ဟားဟား! ကဲ... အခု ဝန်ထမ်းသစ် သင်တန်းကို စတင်လိုက်ရအောင်!]



ကျွန်တော် ချီတုံချတုံနဲ့ နောက်ဆုတ်ဖို့ ကြိုးစားလိုက်တယ်။



ဒါပေမဲ့ ကျွန်တော်က ကုလားထိုင်ပေါ်မှာ ထိုင်နေတယ်ဆိုတာကို သတိထားမိသွားတယ်။



ကျွန်တော်က ဝတ်စုံပြည့် ဝတ်ထားတာ။ ညနေပိုင်းမှာ ဖောက်သည်တစ်ယောက်နဲ့ တွေ့ဖို့ရှိလို့ ဝတ်လာတာဆိုပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ခန်းမထဲက ဝန်ထမ်းသစ်တွေနဲ့ ပုံစံတူ ဖြစ်နေတယ်။ ပြီးတော့ လှည်းဘီးပွဲက ရလာတဲ့ လက်ဆောင်သေတ္တာက ကျွန်တော့်ပေါင်ပေါ်မှာ ငြိမ်ငြိမ်လေး ရှိနေတယ်။



"မင်း...ဒါ ဘယ်ကရတာလဲ? ကုမ္ပဏီက ပေးတာလား?"



ဘေးနားက ဝန်ထမ်းသစ်ရဲ့ မေးခွန်းကို ကျွန်တော် ပြန်မဖြေနိုင်ခဲ့ဘူး။



[ခင်ဗျားတို့က ရွေးချယ်ခံရသူတွေပါ!]



[တကယ်တော့ ဒီအလုပ်ခေါ်စာကနေ လျှောက်ထားသူတွေထဲက အနည်းအကျဉ်းကိုပဲ ဒီအထူးအစီအစဉ်အတွက် ဆွေးနွေးခန်း ခန်းမ (A) မှာ လူစုထားတာပါ!]



[ဂုဏ်ယူပါတယ်! ခင်ဗျားတို့က စွမ်းရည်စစ်ဆေးမှုကို အောင်မြင်ခဲ့ပြီး အထူးအဖွဲ့ဖြစ်တဲ့ <ကွင်းဆင်းလေ့လာရေးအဖွဲ့> ထဲကို အုပ်စုခွဲ သတ်မှတ်ခြင်း ခံလိုက်ရပါပြီ]



"အုပ်စုတောင် ခွဲပြီးသွားပြီလား?"



"ကွင်းဆင်းလေ့လာရေးအဖွဲ့? အိပ်မက်ကုမ္ပဏီမှာ အဲ့ဒီလိုဌာန ရှိလို့လား?"



"ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီမှာ ကွင်းဆင်းရှာဖွေရေး...?"



"အင်း... တစ်နေရာရာကို အပို့ခံရမဲ့ပုံပဲ။ ဌာနချုပ်မဟုတ်ဘဲ နယ်ဘက်က ရုံးခွဲလားမသိဘူး။ စကားလုံးလှလှလေးတွေနဲ့ ညာခေါ်နေတာများလား...?"



ဘေးနားက ဝန်ထမ်းသစ်တွေ တိုးတိုးတိုးတိုး ပြောနေကြတာတွေကို ကြားနေရပေမဲ့ ကျွန်တော် သူတို့ကို အာရုံမစိုက်နိုင်ဘူး။



ကုမ္ပဏီနာမည်နဲ့ အဖွဲ့နာမည်ကို ကျွန်တော် သိနေတယ်။



ကွင်းဆင်းလေ့လာရေးအဖွဲ့။



... လျှပ်စီးလက်လိုက်သလိုပဲ ဝီကီထဲက စာမျက်နှာတစ်ခုက ကျွန်တော့်ခေါင်းထဲ ဝင်လာတယ်။



[ကွင်းဆင်းလေ့လာရေးအဖွဲ့] (အိပ်မက်ကုမ္ပဏီ)



: သူက အိပ်မက်ကုမ္ပဏီလို အဖွဲ့အစည်းကြီးရဲ့ ဖွံ့ဖြိုးရေးဌာနအောက်မှာ ရှိနေတဲ့ အဖွဲ့ခွဲ ဖွဲ့ထဲက တစ်ခု။



လူအများက 'သေမင်းတမန်အဖွဲ့' လို့ ခေါ်ကြတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အဖွဲ့ဖြစ်ပေမဲ့ သရဲဇာတ်လမ်းရေးသူတွေအတွက်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့အဖွဲ့။



... ဒါက ကျွန်တော် ခုနလေးတင် သွားခဲ့တဲ့ Popup Store က သရဲဇာတ်လမ်းကမ္ဘာပဲ။



ဒီတော့ နောက်ထပ် ဖြစ်လာမှာက...



ဒီဝန်ထမ်းသစ် လေ့ကျင့်ရေးပွဲမှာတင် သူတို့ဟာ အမြဲတမ်းဝန်ထမ်း ဖြစ်၊ မဖြစ် ဆုံးဖြတ်ဖို့ သေရေးရှင်ရေး ဂိမ်းတစ်ခုထဲကို အပစ်ခံရမှာပဲ။



ဒါ ဝီကီမှာ အမြဲတမ်း ရေပန်းစားရတဲ့အကြောင်းအရာတစ်ခုပဲ။



"ဟို... ဘာလုပ်မလို့လဲ...?"



ကျွန်တော် ကုလားထိုင်ကနေ ချက်ချင်း ထရပ်လိုက်တယ်။



အခြေအနေကို နားလည်ဖို့ထက် အပြင်ကို ထွက်ပြေးဖို့ပဲ စဉ်းစားနေမိတယ်။



ဒါပေမဲ့ နောက်ကျသွားပြီ။



[အလုပ်မဝင်ခင်မှာ ခဏတာ အစမ်းခန့်ကာလ ရှိပါမယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ သိပ်မကြာပါဘူး! ခင်ဗျားတို့ရဲ့ လက်တွေ့စွမ်းဆောင်ရည်ကို အကဲဖြတ်သွားမှာပါ]



[ဒါပေမဲ့ အကဲဖြတ်မှုမှာ အပြည့်အဝ ပါဝင်ဖို့ လိုပါတယ်! အချောင်ခိုတာမျိုးကို လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး!]



ခန်းမကြီးရဲ့ တံခါးတွေဟာ တစ်ခုပြီးတစ်ခု ပိတ်သွားတော့တယ်။



ကျွန်တော် ပျာယာခတ်နေတုန်းမှာပဲ အိပ်မက်ကုမ္ပဏီကို သာမန်ဆေးဝါးကုမ္ပဏီတစ်ခုလို့ ထင်နေဆဲဖြစ်တဲ့ အပြစ်ကင်းစင်လွန်းတဲ့ ဝန်ထမ်းသစ်တွေကတော့ ဘာဖြစ်လို့ဖြစ်နေမှန်းကို မရိပ်မိကြသေးဘူး။



ဒီလိုနဲ့ ဝန်ထမ်းသစ် တစ်ရာနီးပါးလောက်က အခမ်းအနားမှူးကို အာရုံစိုက်နေတုန်းမှာ တင်ဆက်သူက တက်ကြွလှတဲ့ အသံကြီးနဲ့ အော်ဟစ်လိုက်တယ်။



[ကဲ... အခုပဲ စတင်လိုက်ရအောင်!]



အဲ့ဒီတက်ကြွတဲ့အသံနဲ့အတူ...



ခန်းမထဲက မီးတွေ အကုန်အမှောင်ကျသွားတော့တယ်။



ဇဝေဇဝါဖြစ်နေတဲ့ ဝန်ထမ်းသစ်တွေကတော့ ဒါဟာ ပြင်ဆင်ထားတဲ့ ဗီဒီယိုတစ်ခုခု ပြတော့မယ်လို့ ထင်နေကြပြီး စပ်စုချင်တဲ့ အမူအရာလေးတွေပဲ ပြကြသေးတယ်။ ဖြစ်သင့်ပါတယ်လေ။ အလုပ်ရရချင်းမှာ ဒီလောက် ရူးကြောင်ကြောင်ကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ?



ပတ်ဝန်းကျင်မြင်ကွင်းက လူသူကင်းမဲ့နေတဲ့ မြေအောက်ရထားတွဲတစ်ခုအသွင်ကို ရုတ်ချည်းပြောင်းလဲသွားတယ်။



[ခရီးသည်များရှင်၊ ယနေ့ တွင်းနက်ပို့ဆောင်ရေးကို အသုံးပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်မတို့ရဲ့ ရထားဟာ ရပ်နားမှာ မဟုတ်ပါဘူး]



[သင် သွားလိုရာ ခရီးစဉ်ကို ပျော်ရွှင်စွာ ရောက်ရှိနိုင်ဖို့အတွက် ကြေညာချက်တွေကို သေချာနားစွင့်ပေးကြပါခင်ဗျာ]



စိမ်းသက်သက်ဖြစ်နေတဲ့ဘူတာနာမည်တွေနဲ့ ထူးဆန်းတဲ့ ကြေညာသံတစ်ခု ထွက်ပေါ်လာတယ်။



ခန်းမထဲမှာ ထိုင်နေရင်း မြေအောက်ရထားခုံတွေပေါ်ကို တစ်ပါတည်း ရောက်သွားကြတဲ့ ဝတ်စုံအပြည့်နဲ့ဝန်ထမ်းသစ်တွေက ချက်ချင်းပဲ ထရပ်လိုက်ကြတော့တယ်။



သူတို့ လန့်သွားကြတာကလည်း ယုတ္တိရှိတာပဲ။



"ဒါ VR တစ်ခုခုလား? ငါတို့ကို တကယ်ပဲ နေရာရွှေ့လိုက်တာလား?"



ခန်းမထဲမှာ ရှိနေခဲ့တဲ့လူအများစုက ဒီနေရာမှာ ရှိနေတုန်းမလို့ အချင်းချင်း အားပေးရင်းနဲ့ပဲ အခြေအနေကို ပေါ့ပေါ့တန်တန် တွေးနေကြတယ်။



သူတို့က မြေအောက်ရထားတွဲထဲ လျှောက်သွားရင်း ကုမ္ပဏီကလူ ဒါမှမဟုတ် အခမ်းအနား ဝန်ထမ်းတစ်ယောက်ယောက်ကို လိုက်ရှာနေကြသလိုမျိုး ပွင့်မဲ့တံခါး ရှိမရှိကိုလည်း လိုက်ကြည့်နေကြတယ်။



မကြာခင်မှာပဲ သူတို့တွေ အခြေအနေကို စပြီး သဘောပေါက်လာကြတယ်။



"ဟိုဘက်တွဲမှာလည်း လူတွေ ရှိနေတယ်! ဒါပေမဲ့...တံခါးတွေက ဖွင့်လို့မရဘူး? ဒါ နည်းပညာအသစ်လား?"



ချွေးစေးတွေ ပြန်လာရင်း ကျွန်တော် မျက်လုံးကို တင်းတင်းမှိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်တယ်။



ဒီဇာတ်လမ်းက ဘယ်သရဲဇာတ်လမ်းလဲဆိုတာကို ကျွန်တော် သိပြီးနေပြီ။



==================



[တွင်းနက်ပို့ဆောင်ရေးမှ ကြိုဆိုပါတယ်]



: ပါဝင်သော သရဲဇာတ်လမ်း။



D-အဆင့် အမှောင်ထုသည် လွတ်မြောက်ဖို့ အင်မတန်ခက်ခဲပြီး အဆိုးဝါးဆုံး ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်သည်။ ကွင်းဆင်းရှာဖွေရေးအဖွဲ့များ အမြဲတစေ ဒုက္ခရောက်ရသည့်နေရာလည်း ဖြစ်သည်။



ရှာဖွေရေးမှတ်တမ်းပေါင်း ■■ ခု ရှိထား၏။



ထိုနေရာသည် အားလုံး ခန့်မှန်းမိသကဲ့သို့ ကိုရီးယား မြေအောက်ရထားစနစ်အပေါ် အခြေခံထားသည့် သရဲဇာတ်လမ်းဖြစ်သည်။



အိပ်ပျော်သွားပြီး နိုးလာတဲ့အခါမှာ မြေအောက်ရထားပေါ် ရောက်နေလိမ့်မယ်။ အိမ်ပြန်နေကျ လမ်းကြောင်းအတိုင်းလို့ ထင်ရပေမဲ့ ထူးဆန်းတဲ့ ဘူတာနာမည်တွေ စပေါ်လာလိမ့်မယ်...



==================



ဒါက ဇာတ်လမ်းရဲ့ အစပဲ။



ဒီသရဲဇာတ်လမ်းရဲ့ ပစ်မှတ်က မြေအောက်ရထားနဲ့ ရုံးတက်ရုံးဆင်း လုပ်နေကျသူတွေဖြစ်တဲ့အတွက် ဒါကို ဖတ်မိတဲ့ အလုပ်သမား အများစုအတွက်ကတော့ သာမန်သူတွေထက် ပိုပြီး ထိတ်လန့်စရာ ကောင်းနေတယ်။



'ပြီးတော့ ဒီသရဲဇာတ်လမ်းက... အိပ်မက်ကုမ္ပဏီရဲ့ စီရင်ပိုင်ခွင့်အောက်မှာရှိတာ မဟုတ်လား?'



အိပ်မက်ကုမ္ပဏီက သူတို့ရဲ့ ဝန်ထမ်းသစ်တွေကို ဒီသရဲဇာတ်လမ်းထဲ ထည့်ပြီး 'အရည်အသွေး စစ်ထုတ်' ဖို့ ကြံစည်နေတာပဲ။ ... ချီးလိုပဲ!



"ဒါ ထွက်ပေါက်ရှာရတဲ့ ကစားနည်းလိုမျိုးလား?"



"ဆံပင်ကျွတ်ရောဂါကုဆေးထုတ်တဲ့ ကုမ္ပဏီက အရောင်းဝန်ထမ်းအသစ်တွေကို ဘာလို့ ထွက်ပေါက်ရှာဂိမ်းတွေ လာဆော့ခိုင်းနေရတာလဲ...?"



ဒီအချိန်မှာပဲ စပြီးဖြစ်ပျက်တော့တယ်။



[ယခုဆိုက်ရောက်မည့်ဘူတာမှာ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းဘူတာ ဖြစ်ပါသည်]



ပထမဆုံး ကြေညာချက်ဟာ စပီကာကနေ ထွက်ပေါ်လာတယ်။



ကျွန်တော် အသက်အောင့်ထားရင်း ခေါင်းကို လှည့်ကြည့်လိုက်တယ်။



[တံခါးများဟာ သင်တို့ရဲ့ ညာဘက်မှာ ရှိပါတယ်...]



[တံခါးများ ဖွင့်နေပါပြီ]



သာမန်နေ့တစ်နေ့လိုပဲ ထင်ရပေမဲ့



[တံခါးများဟာ စက္ကန့် ၃၀ အတွင်း ပြန်ပိတ်ပါမယ်။ တစ်ခါ ပိတ်သွားပြီးရင် ဘယ်တော့မှ ပြန်ပွင့်တော့မှာ မဟုတ်ပါဘူး]



[ဝမ်းနည်းခြင်းဘူတာမှာ ဆင်းမဲ့ခရီးသည်များ ကြေညာချက်အတိုင်း ဆင်းပေးကြပါ]



ရင်းနှီးနေတဲ့အသံက ကြေညာချက်ထဲမှာ ထူးဆန်းတဲ့စကားလုံးတွေကို အေးအေးဆေးဆေးပဲ ရောနှောပြောသွားတယ်။



သိတဲ့အတိုင်း လူတွေက ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာရာရစေဖို့အတွက် အရာရာကို ကျိုးကြောင်းဆီလျော်အောင် အမြဲ ထည့်တွေးတတ်ကြတာပဲလေ။



"အပြင်ကို ကြည့်စမ်း! မြေအောက်ရထားဘူတာကြီးပဲဟာ!"



တကယ်လည်း သူတို့ပြောတာ မှန်ပါတယ်။



ရထားအပြင်ဘက်မှာ ပလက်ဖောင်းကို အထင်းအသား မြင်နေရတယ်။ နည်းနည်း မှောင်ပြီး စိုစွတ်နေပုံရတာကလွဲရင် ကျန်တာကတော့ သာမန်မြေအောက်ရထားဘူတာတစ်ခုလိုပဲ။



ဒါကိုမြင်တော့ စိတ်သက်သာရာရသွားတဲ့ လူနှစ်သုံးယောက်ဟာ တံခါးဆီကို လျှောက်သွားကြတယ်။



"မဆင်းတာ ပိုကောင်းမယ် ထင်တယ်ဗျ"



မကောင်းလက်စနဲ့ ကျွန်တော် သက်ပြင်းချရင်း အမြန်လှမ်းပြောလိုက်တယ်။



" 'ဝမ်းနည်းခြင်းဘူတာ' လို့ ကြေညာသွားတာ ခင်ဗျားတို့ ကြားတယ်မလား။ ကိုရီးယားမှာ အဲ့ဒီလို ဘူတာနာမည် မရှိဘူး။ ဘယ်သူမဆို ဒါကို ထူးဆန်းတယ်လို့ တွေးမိမှာပဲ"



"ဟုတ်တယ်ဗျ၊ ဒီလူ ပြောတာ မှန်တယ်။ အခြေအနေကို ခဏလောက် စောင့်ကြည့်သင့်တယ်ထင်တယ်..."



ပါးနပ်တဲ့ လူတစ်ယောက်က ကျွန်တော့်ဘက်ကနေ ကူပြောပေးတယ်။ ကျွန်တော့်ဘေးမှာ ထိုင်နေခဲ့တဲ့ ဝန်ထမ်းသစ်ပဲ။



အဲဒီတော့မှ ဆင်းတော့မဲ့သူတွေက တွေဝေသွားကြတယ်။



"ဟေ့၊ တံခါးတွေ ပိတ်တော့မယ်!"



ဒါပေမဲ့ တံခါးပိတ်သံ ကြားလိုက်ရတဲ့အခါမှာတော့ ထိတ်လန့်သွားတဲ့ လူအနည်းငယ်ဟာ စဉ်းစားမနေတော့ဘဲ အပြင်ကို လွှတ်ခနဲ ခုန်ဆင်းသွားကြတော့တယ်။



[တံခါးများ ပိတ်နေပါပြီ]



မဆင်းလိုက်တဲ့လူတွေက သက်ပြင်းချရင်း ပလက်ဖောင်းပေါ်ကနေ ကျွန်တော်တို့ကို လက်ပြနေတဲ့သူတွေကို ကြည့်နေမိကြတယ်။



တချို့ကတော့ ကျွန်တော့်ကို ကြည့်ပြီး တိုးတိုးလေး ဆဲဆိုနေကြတယ်။



ကျွန်တော် နားလည်ပါတယ်။ ဒီလို ထူးဆန်းပြီး ခြောက်ခြားစရာ အခြေအနေမျိုးမှာ စဉ်းစားမနေတော့ဘဲ ထွက်ပြေးချင်ကြတာက ဗီဇပဲကိုး။



ဒါပေမဲ့ ရွံစရာကောင်းတဲ့ မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာတော့တယ်။



အပြင်ကို ဆင်းသွားတဲ့လူတွေဟာ လှည့်ထွက်ပြီး လျှောက်သွားမယ်အလုပ်မှာပဲ...



ပလက်ဖောင်းရဲ့ မျက်နှာကျက်နဲ့ တိုင်တွေပေါ်ကနေ ငွေရောင် အရည်စက်တွေက သူတို့အပေါ်ကို ရုတ်တရက် ဝေါခနဲ လောင်းကျလာတယ်။



မသိရင် မျက်ရည်စက်အကြီးကြီးတွေကျနေတာပဲ။



ဒါပေမဲ့ အဲဒီရေတွက်လို့မရတဲ့ ငွေရောင်အရည်စက်တွေဟာ အရည်ပျော်နေတဲ့ သတ္တုတွေလိုပဲ သူတို့ခန္ဓာကိုယ်ပေါ် ကျသွားပြီး ကြောက်စရာကောင်းတဲ့ အသားစုတ်ပြဲသံတွေ ထွက်လာတယ်။



အော်ဟစ်သံတွေ။ အကြောဆွဲသံတွေ။ ပြီးတော့ တိတ်ဆိတ်သွားတယ်။



ငွေရောင်အရည်တွေနဲ့ ရောနှောနေတဲ့ သွေးတွေက ရထားပြတင်းပေါက်တွေပေါ်ကို စင်ကုန်တယ်။



[ရထားဟာ ဝမ်းနည်းခြင်းဘူတာကနေ ယခုပဲ ထွက်ခွာနေပါပြီ]



ပြတင်းပေါက် အပြင်ဘက်မှာ နောက်ဆုံး မြင်လိုက်ရတာကတော့၊



ညစ်ပတ်ပေတေပြီး သွေးတွေစိုရွှဲနေတဲ့ မှန်တံခါးတွေရှေ့မှာ အသားဖတ်တွေလို ကြေမွသွားတဲ့ ဝန်ထမ်းသစ်တွေရဲ့ အကြွင်းအကျန်တွေက တဆတ်ဆတ် တုန်ခါနေတာကို။



ဒါ ရွေးချယ်မှုမှားသူတွေရဲ့ ဇာတ်သိမ်းပဲ။



[သင် သွားလိုရာ ခရီးစဉ်ကို ပျော်ရွှင်စွာ ရောက်ရှိနိုင်ဖို့အတွက် ကြေညာချက်တွေကို သေချာနားစွင့်ပေးကြပါ



နောက်ဆုံးမှာတော့ အော်ဟစ်ငိုယိုသံတွေနဲ့အတူ လူတွေကြားမှာ ကြောက်စိတ်တွေက အကြီးအကျယ် ပျံ့နှံ့သွားတော့တယ်။



ကျွန်တော် မျက်လုံးတွေကို တင်းတင်းမှိတ်ထားမိတယ်။



ငါ သရဲဇာတ်လမ်းထဲ ရောက်နေတာလား?



ဘယ်လိုဖြစ်သွားမှန်းမသိပေမဲ့ ကျွန်တော်က သရဲဇာတ်လမ်းထဲက ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းသစ် ဖြစ်နေပြီဆိုတာကတော့ သေချာသွားပြီ။



ဖြစ်ချင်တော့ တာဝန်ကျတဲ့နေရာက လူအသေအပျောက် အများဆုံးဌာနမှာ။



အင်း၊ ရိုးရိုးသားသား ပြောရရင်တော့ ကျွန်တော် တခြားဝန်ထမ်းသစ်တွေထက် အသာစီးရတဲ့ အနေအထားမှာ ရှိနေတယ်လို့ဆိုနိုင်ပါတယ်။



ဘာလို့လဲဆိုတော့ ဒါတွေအားလုံးကို ဝီကီ ထဲမှာ ဖတ်ထားပြီးသားမလို့လေ။



. ရှာဖွေရေးမှတ်တမ်းများ (မှတ်တမ်း ■■ ခုအထိ)



ကျွန်တော် ဒီအဆင့်အထိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။



ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ဒါက ဇာတ်လိုက်က အရာရာကို ကြိုသိနေတဲ့ပြိုင်ဘက်ကင်းဇာတ်လိုက်ပုံစံမျိုးပေါ့။



ခင်ဗျားတို့လည်း ကျွန်တော်က ဒီကမ္ဘာအကြောင်း သိထားတဲ့ ဗဟုသုတတွေကို သုံးပြီး အခြေအနေကို လှတပတနဲ့ ကျော်ဖြတ်ပြမယ်လို့ ထင်နေကြတယ်မလား?



ဝှက်ထားတဲ့ ရတနာတွေနဲ့ ပစ္စည်းတွေကို ကျွန်တော် တစ်ယောက်တည်း သိမ်းပိုက်မှာကိုတောင် မြင်ယောင်နေကြမှာပဲ?



ဒါပေမဲ့ ပြဿနာတစ်ခု ရှိတယ်။



အရမ်းကို ကြီးမားတဲ့ ပြဿနာတစ်ခု။



'... ငါက Horrorနဲ့ ပတ်သက်ရင် ကမ်းကုန်အောင် ကြောက်တတ်တာကိုကွာ!'



စာဖတ်တာကတော့ အေးဆေးပဲ။



ဒါပေမဲ့ အဲဒါကို မျက်စိတပ်အပ်မြင်လိုက်ရပြီဆိုရင်တော့ ကျွန်တော် ဘယ်လိုမှမခံစားနိုင်ဘူး။



ရိုးရိုးတန်းတန်း သတ္တိနည်းတာ မဟုတ်ဘူးနော်... သူငယ်ချင်းတွေက အမြဲတမ်း လှောင်ပြောင်ရတဲ့အထိကို သတ္တိနည်းတာ။



သူ ခရက်ရှ်နေတဲ့ ကောင်မလေးက သရဲကား ကြည့်ဖို့ခေါ်တာကို သူက ကြောက်လို့ ငြင်းလိုက်တယ်တဲ့? ဒါ တကယ်ကြီးလား?



ဟေ့ကောင်...မင်းကွာ၊ နာမည်ကသာ ဆိုရွန်း၊ သရဲကားတောင် မကြည့်ရဲဘူးလား ဟားဟားဟား။



(ဆိုရွန်း= ကိုရီးယားစကားတွင် ကြက်သီးထခြင်းနှင့်ဆင်တူ)



ကျစ်... မင်း ကြိတ်ကြိုက်နေတဲ့ကောင်မလေး ထွက်ပြေးသွားတာ မဆန်းပါဘူးကွာ။



နေ့ခင်းကြောင်တောင် ရုံးမှာ သရဲဇာတ်လမ်း ဖတ်နေရင်တောင် နောက်ခံပုံတွေနဲ့ နောက်ခံသီချင်းတွေကို ပိတ်ပြီး စာကိုပဲ အာရုံစိုက်ဖတ်ရတဲ့အထိကို ကြောက်တတ်တဲ့ လူစားမျိုးပါဗျာ!



ကိုယ်တိုင်ရေးပြီးတင်ခဲ့တဲ့ သရဲဇာတ်လမ်းမှာတောင် ကြောက်လွန်းလို့! ပုံတစ်ပုံမှ မထည့်ခဲ့ဘူး!



ကြောက်တတ်သူများ ခိုလှုံရာအဖွဲ့ထဲက အမြဲတမ်း အဖွဲ့ဝင်က ကျွန်တော်ပါ!



"..."



ကျွန်တော် မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်လိုက်မိတယ်။



ငါ့ဘဝတော့ သွားပြီ...အကြီးအကျယ်ကို ရေစုန်မျောနေပြီ။



-------------------------
Manhwaကို Telegramမှာ @GsgwMmSub လို့ရိုက်ရှာပြီး ဖတ်ရှုနိုင်ပါပြီရှင်။