Chapter 5
Viewers 299

အစမ်းခန့်ကာလကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်ပြီးရင် ဘာတွေဆက်ဖြစ်လဲလို့ မေးချင်တာလား?



ပုံမှန်အားဖြင့် လက်ဆောင်ပစ္စည်းပေးအပ်ပွဲနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပွဲလမ်းသဘင်လေး လုပ်လေ့ရှိတာပေါ့။



ဒါပေမဲ့ ဒီလိုသရဲဇာတ်လမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ကုမ္ပဏီကြီးတစ်ခုကပါ ဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။



[ကြည့်ပါဦး... အို! ဒီတစ်ခေါက် အောင်မြင်သူပေါင်း ၂၂ ယောက်တောင် ရှိတာပါလား။ ဝါး၊ HR ဌာနကသာ ဒါကိုမြင်ရင် ဘယ်လိုတွေးကြမလဲမသိဘူး!]



ဘယ်သူမှ အဲ့ဒါကို စိတ်မဝင်စားဘူး။



ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ ဝန်ထမ်းသစ်တွေလည်း ဒီလိုပဲ ခံစားနေရမယ်ဆိုတာ သေချာတယ်။



[ဒါက တကယ့်ကို အံ့ဩစရာကောင်းတဲ့ မှတ်တမ်းပါပဲခင်ဗျာ။ ကျွန်တော်တို့ဘက်က အခက်အခဲအဆင့်ကို တလွဲတွက်ချက်ထားတာမျိုးမရှိရင်တော့ ခင်ဗျားတို့အားလုံးဟာ တကယ့်ကို အထူးချွန်ဆုံးအုပ်စုပါပဲ]



အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်။



အခမ်းအနားမှူးကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ အားရပါးရဆက်ပြောနေတုန်း။



[ဒီတစ်ခေါက် ကွင်းဆင်းလေ့လာရေးအဖွဲ့ရဲ့ ထိပ်သီး! အကဲဖြတ်မှုကို အမြန်ဆုံး ပြီးမြောက်ပြီး လွတ်မြောက်လာနိုင်သူ၊ အမှတ်ပေးဇယားမှာလည်း အမြင့်ဆုံးရမှတ် ရရှိထားသူ...]



သူက လက်ညှိုးထိုးပြလိုက်တယ်။



[ဂုဏ်ယူပါတယ်၊ ကင်မ်ဆိုရွန်း-ရှီး!



[ကင်မ်ဆိုရွန်း-ရှီး ရှိပါသလား?]



[လက်ဆောင်မပေးရမချင်း ပွဲက မပြီးပါဘူးနော်~ စင်ပေါ်တက်ပြီး လာယူပါဦး!]



ကြေညာချက်ကို နားမထောင်ရင် သေရမယ်ဆိုတဲ့ သရဲဇာတ်လမ်းထဲကနေ အခုမှ လွတ်လာတာဆိုတော့ ခေါ်နေတာကို မထူးဘဲငြိမ်ငြိမ်လေးထိုင်နေရင် မိုက်မဲရာကျတာမလို့ ကျွန်တော် မတ်တပ်ရပ်လိုက်တယ်။



[အို၊ သွက်လက်နေတာပဲ။ ဒီလို မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်တတ်တာက ကျွန်တော်တို့ဌာနမှာ အရမ်းအသုံးဝင်မှာကို နှမြောစရာပဲ... တကယ်ကို နှမြောစရာပဲ]



သူက တခြားဌာနက အထက်လူကြီးတစ်ယောက်လား? ဘာပဲဖြစ်ဖြစ် သူ့စကားတွေက တော်တော်လေး စိတ်တိုဖို့ကောင်းနေတယ်။



ကျွန်တော် စင်ပေါ်တက်ပြီး သူ့ရှေ့မှာ ရပ်လိုက်တယ်။



[ကဲ... လက်ဆောင်ကို ယူလိုက်ပါဦး!]



သူ ကျွန်တော့်ကို ကမ်းပေးလိုက်တာက ငွေရောင် စက္ကူအိတ်လေးတစ်အိတ်။



အိပ်မက်ကုမ္ပဏီ ရဲ့တံဆိပ်ရိုက်ထားတဲ့ အိတ်ထဲမှာ တရားဝင် အသိအမှတ်ပြုလက်မှတ်တစ်ခုနဲ့ တခြားပစ္စည်းတွေကို မြင်နေရတယ်။



[ထိပ်ဆုံးက အောင်မြင်ခဲ့ပေမဲ့ ထူးထူးခြားခြား ဘာမှမရလိုက်လို့ စိတ်မကောင်းဖြစ်မနေပါနဲ့]



ကျွန်တော် လုံးဝ ပျော်မနေဘူး။



အိတ်ကို လက်ခံယူလိုက်ပြီး သူ့ကို ဒေါသတကြီး စိုက်မကြည့်မိအောင်ပဲ ခေါင်းငြိမ့်ပြလိုက်တယ်။ ပြီးတော့မှ စင်ပေါ်ကနေ ပြန်ဆင်းဖို့ ပြင်လိုက်တဲ့အချိန်မှာ...



"အထဲကို သေချာကြည့်လိုက်ပါဦး"



[ကဲ... နောက်ထပ် ဝန်ထမ်းသစ်တစ်ယောက်ကို ခေါ်လိုက်ရအောင်!]



သူက ကျွန်တော်နဲ့ အခုလေးတင် စကားပြောမခဲ့ဖူးသလိုမျိုး မိုက်ကရိုဖုန်းကို ကိုင်ပြီး နောက်တစ်ယောက်နာမည်ကို ချက်ချင်း ခေါ်လိုက်ပြန်တယ်။



ကျွန်တော် အချိန်မဆွဲတော့ဘဲ စင်ပေါ်ကနေ အမြန်ဆင်းလာခဲ့တယ်။



အဲ့ဒီနောက် ဂိုယောင်းအွန်းနဲ့ ကျွန်တော်တို့ ရထားတွဲထဲက တခြားလူတွေလည်း စင်ပေါ်တက်ပြီး လက်ဆောင်ယူကြတယ်။



ဘဲ့ဆာဟွန်းကတော့ ကျွန်တော့်နောက်ကနေ ကပ်ပြီး အခေါ်ခံရတယ်။



သူ ပြန်ဆင်းလာတော့ ကျွန်တော့်ဘေးမှာ လာထိုင်ပေမဲ့ စကားတစ်လုံးမှ မပြောဘူး။



မျက်လုံးချင်းတောင် မဆုံဘူး။ သူ့ရဲ့ ဘယ်ဘက်မျက်လုံးကို အုပ်ထားတာကို ကြည့်ရသလောက်ကတော့ ခုနက 'ပျောက်ဆုံးပစ္စည်း' ကို ပြန်ပေးခဲ့ရတဲ့ပုံပဲ။



'ဆေးရုံကိုတော့ သွားနိုင်လောက်မှာပါလေ'



[နောက်တစ်ယောက်ကတော့ ကင်မ်ဂျီဝန်း-ရှီး!]



နာမည်တွေ တစ်ယောက်ပြီး တစ်ယောက် ခေါ်နေတုန်းမှာ လက်ဆောင်တက်ယူတဲ့ အချို့လူတွေက ပုံပျက်ပန်းပျက် ဖြစ်နေတာကို သတိထားမိတယ်။ လမ်းလျှောက်တာက ထူးထူးဆန်းဆန်း ဖြစ်နေတာမျိုး၊ ဒါမှမဟုတ် မျက်လုံးတွေက အာရုံမလာတော့တာမျိုးပေါ့။



'...သရဲဇာတ်လမ်းထဲမှာ ကြာကြာ ပိတ်မိနေခဲ့လို့ဖြစ်မယ်'



ကျွန်တော်တို့အားလုံး ဒီခန်းမထဲမှာ တပြိုင်နက် သတိပြန်ရလာတယ်ဆိုပေမဲ့ တကယ်တမ်း လွတ်မြောက်လာတဲ့ အချိန်ချင်းကတော့ ကွာခြားနေသလိုပဲ။



တခြားလူတွေ ဘယ်လောက်တောင် ကြာကြာ ပိတ်မိနေဦးမလဲလို့ တွေးမိတာနဲ့တင် ရင်တွေပန်းတွေတုန်လာပြီ။



အနည်းဆုံးတော့ ကျွန်တော် လွတ်လာခဲ့တယ်။ ကျန်တဲ့လူ ၇၈ ယောက်ကတော့...



[အားလုံး လက်ဆောင်ရကြပြီလား?]



နောက်ဆုံးတော့ လက်ဆောင်ပေးပွဲ ပြီးသွားခဲ့ပြီ။



ဘယ်သူမှ ပြန်မဖြေကြပေမဲ့ အခန်းထဲမှာ ထူးဆန်းတဲ့ တင်းမာမှုတွေ၊ မျှော်လင့်ချက်တွေ ပြည့်နှက်နေတယ်။



အခု အိမ်ပြန်နိုင်ပြီဆိုပြီး လူတိုင်း မျှော်လင့်စောင့်စားနေကြတာပေါ့။



အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း ဒါကိုပဲ လိုချင်နေတာ။ အရာအားလုံးက မကြာခင်မှာပြီးဆုံးသွားမယ်လို့ ထင်ခဲ့မိတယ်။



[တစ်ခုရှိတာက...ဒီကုမ္ပဏီက အစမ်းခန့်ကာလ အောင်မြင်တဲ့သူတိုင်းကို အလုပ်ခန့်တာ မဟုတ်ဘူးဗျ]



[တချို့က ကံကောင်းလို့ လွတ်လာကြတာမျိုးရှိတတ်တယ်]



[ဒါပေမဲ့ အိပ်မက်ကုမ္ပဏီဆိုတာ တရားမျှတမှုရဲ့ လူမှုတန်ဖိုးကို ဘယ်တော့မှ မမေ့တဲ့ ကုမ္ပဏီမျိုးပါ]



[အဲ့ဒီလိုဝန်ထမ်းတွေကို နောက်ဆုံးအကဲဖြတ်မှုမှာ ပြင်းပြင်းထန်ထန် အပြစ်ပေးရပါလိမ့်မယ်]



အခမ်းအနားမှူးက ဘာမှ ထူးထူးခြားခြား မလုပ်ဘူး။



လက်ဖျောက်တီးတာမျိုး၊ အဓိပ္ပာယ်ပါပါ စိုက်ကြည့်တာမျိုးတောင် မလုပ်ဘူး။ ခန်းမထဲကမီးတွေကလည်း မှိန်မသွားဘူး။



[ကျွန်တော် ပြောခဲ့သလို အလကားစားသမားတွေက အမြဲတမ်း ဖော်ထုတ်ခံရတာချည်းပါပဲ]



လူတွေဟာ အရည်ပျော်ကျလာကြတယ်။



ကျွန်တော့်ပတ်ပတ်လည်က လူအချို့က ဖျက်စီးခံလိုက်ရသလိုမျိုး ခန္ဓာကိုယ်တွေ ပျက်စီးပြီး ကြမ်းပြင်ပေါ်မှာ အရည်ပျော်ကျကုန်ကြတယ်။



အော်ဖို့မပြောနဲ့၊ လှုပ်တောင်မလှုပ်ရဲကြဘူး။



ကျွန်တော့်ရှေ့က လူဆိုရင် သူ့ပါးစပ်ကို လက်နဲ့ အတင်းပိတ်ထားပြီး အော်သံကို မျိုသိပ်ထားရှာတယ်။



ကျွန်တော် မျက်နှာကို အမြန်လွှဲလိုက်မိတယ်။



ဒါပေမဲ့ မြင်ပြီးနေပြီပဲ။



ကျွန်တော်တို့ ရထားတွဲက ပါလာတဲ့ ၁၀ယောက်မှာ အခု ၅ယောက်ပဲ ကျန်တော့တယ်။



ကျွန်တော်၊ ဂိုယောင်းအွန်း၊ ဘဲ့ဆာဟွန်းနဲ့ ဘဲ့ဆာဟွန်း ချတာကို ခံလိုက်ရတဲ့ဝန်ထမ်းသစ်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့လူတွေအားလုံး မရှိတော့ဘူး။



[ကျန်ရှိနေတဲ့ ဝန်ထမ်းသစ် ၁၃ ယောက်ကို ဂုဏ်ယူပါတယ်! ခင်ဗျားတို့ဟာ ကောင်းမွန်တဲ့ ရလဒ်တွေနဲ့အတူ အမြဲတမ်းဝန်ထမ်းတွေ ဖြစ်သွားကြပါပြီ!]



ဘယ်သူမှ ဝမ်းသာအားရ လက်ခုပ်မတီးနိုင်ကြဘူး။



အေးစက်စက် တိတ်ဆိတ်မှုကြားမှာ လူတစ်ယောက်က တုန်တုန်ရီရီနဲ့ အော်ပြောတယ်။



"ကျွန်တော် အလုပ်ထွက်မယ်... ထွက်ချင်တယ်... နုတ်ထွက်ခွင့်ပေးပါ"



ဒါတောင် အခမ်းအနားမှူးကတော့ တည်တည်ငြိမ်ငြိမ်ပဲ။



[အို? ဒီလိုကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်တော့မလို့လား? ကဲပါ အနည်းဆုံးတော့ ခံစားခွင့်တွေအကြောင်း နားထောင်ပြီးမှ ဆုံးဖြတ်ပါဦး]



ကျွန်တော့်အနောက်က ဂိုယောင်းအွန်းက အသည်းအသန် လှမ်းမေးတယ်။



"ဒါဆို ခံစားခွင့်တွေကို နားထောင်ပြီးရင် အလုပ်ထွက်လို့ ရတာလား? ဘာအပြစ်ဒဏ်မှ မခံရဘဲနဲ့လား?"



[ဟုတ်ကဲ့၊ အတိအကျပါပဲ။ ခင်ဗျားတို့ ကိုယ်ပေါ်မှာ အခြစ်ရာလေးတစ်ခုတောင် မရှိစေရဘဲ အလုပ်ထွက်ခွင့် ပေးမှာပါနော်~]



အခမ်းအနားမှူးရဲ့ စကားတွေက အရမ်းကို ချောမွတ်နေတယ်။



အဲ့ဒီအခါမှ ကျွန်တော် သဘောပေါက်သွားတယ်။



အနာပေးပြီးပြီဆိုတော့၊



အခုက ဆေးပေးမဲ့အလှည့်ပဲ။



...ငါ မျှော်လင့်နေခဲ့တဲ့ 'အကျိုးခံစားခွင့်'



[ကျွန်တော်တို့ ကုမ္ပဏီရဲ့ အကောင်းဆုံး ဝန်ထမ်းခံစားခွင့်ကို မိတ်ဆက်ပေးပါရစေ!]



ဒီလောက်ရူးသွပ်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံပြီးတာတောင် ဝန်ထမ်းတွေ ဘာကြောင့် ကွင်းဆင်းလေ့လာရေးအဖွဲ့မှာ ဆက်နေကြသလဲဆိုတဲ့အကြောင်းရင်း။



ခန်းမထဲက စခရင်န်အကြီးကြီးပေါ်မှာ ပုံရိပ်တစ်ခု ပေါ်လာတယ်။



သိပ်လှပြီး ပြောင်လက်နေတဲ့ ဖန်ပုလင်းလေးတစ်လုံး။



ပုလင်းထဲမှာတော့ အရောင်အသွေးစုံတဲ့ လှိုင်းလေးတွေ ထနေတဲ့၊ ထူးဆန်းတဲ့ အရည်တွေ ရှိနေတယ်။



အဲ့ဒီအရောင်တွေ၊ ပုံသဏ္ဍာန်တွေက အရမ်းလှလွန်းလို့ လက်တွေ့မဆန်သလို ခံစားရစေတယ်။



ခန်းမတစ်ခုလုံး ငြိမ်ကျသွားပြီ။



[အနီးကပ် ကြည့်လိုက်ကြရအောင်လား?]



သူ ခလုတ်တစ်ခုကို နှိပ်လိုက်တဲ့အခါမှာ စခရင်န်ကြီးက အပေါ်ကိုတက်သွားပြီး နောက်ကွယ်မှာ ဝှက်ထားတဲ့စားပွဲတစ်ခု ပေါ်လာတယ်။



အနက်ရောင် စားပွဲပေါ်မှာတော့ စခရင်န်ပေါ်ကအတိုင်း ပုလင်းအလှလေးတစ်လုံးလေး ရှိနေတယ်။



အထဲက အရည်တွေက အခန်းထဲက မီးရောင်တွေကို တဖျတ်ဖျတ် ပြန်ဟပ်နေတာက တကယ်ကို အံ့ဩဖို့ကောင်းတယ်။



ဒါမျိုးက တကယ့်လက်တွေ့မှာ ရှိနိုင်ပါ့မလားလို့တောင် သံသယဖြစ်စေနိုင်တာပဲ။



[အိပ်မက်ကုမ္ပဏီက အောင်မြင်တဲ့ဆေးဝါးကုမ္ပဏီဆိုတာကို ခင်ဗျားတို့ သိကြမှာပါ။ ထိပ်ပြောင်တာကို ကုသနိုင်တဲ့ ဆေးတောင် ထုတ်နိုင်သေးတာပဲ၊ ကျွန်တော်တို့ နည်းပညာက ဘယ်လောက် မြင့်မားမလဲဆိုတာကိုတော့ တွေးကြည့်ကြပေါ့]



[ဒါပေမဲ့ တကယ်တမ်း ကျွန်တော်တို့ရဲ့ အဓိက ထုတ်ကုန်ကတော့... ဒါပါ]



အခမ်းအနားမှူးက သူ့ရဲ့တုန်ယင်နေတဲ့လက်တွေကို လက်အိတ်အဖြူထဲ ကောက်စွပ်လိုက်တယ်။ အဲ့ဒါပြီးမှ ဖန်ပုလင်းကို သေချာကိုင်ပြီး ဝန်ထမ်းတွေအားလုံး မြင်အောင် မြှောက်ပြလိုက်တယ်။



[ဒီဆေးရဲ့ နာမည်က 'ဆုတောင်းပြည့်လက်မှတ်'လို့ ခေါ်ပါတယ်]



[သူ့ရဲ့ အာနိသင်ကတော့... နာမည်အတိုင်းပါပဲ။ ဒါကို သောက်လိုက်တာနဲ့ ခင်ဗျားတို့ရဲ့ ဘယ်ဆုတောင်းမျိုးကို မဆို ပြည့်ဝစေမှာပါ]



"...!"



[မယုံဘူးလား? ဒီဆေးကို သောက်ပြီး ဆန္ဒတွေ ပြည့်ဝသွားခဲ့ကြတဲ့အထက်လူကြီးတွေနဲ့ စီနီယာတွေမှ အများကြီး၊ ကားတစ်တိုက်စာလောက် ရှိတယ်ဗျ]



[ကျွန်တော်ကိုယ်တိုင် သက်သေပြပါရစေ]



အခမ်းအနားမှူးက ထုပ်ပိုးပြီးသားပုလင်းကို ဆွဲဖွင့်လိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်တယ်!



[ဒီနေ့က ကျွန်တော် ဆုတောင်းပြည့်လက်မှတ်ရမဲ့နေ့လေ။ ဟားဟား!]



သူ အဲဒီအရည်ကို သောက်လိုက်တဲ့ခဏမှာပဲ ခန်းမထဲက လူတိုင်းဟာ သူ့ရဲ့ 'ဆုတောင်း' က ဘာလဲဆိုတာကို ချက်ချင်း သိလိုက်ရတယ်။



အသက် ၄၀ ကျော်အရွယ်ရှိတဲ့ အခမ်းအနားမှူးရဲ့ မျက်နှာဟာ ရုတ်တရက် တင်းရင်းလာပြီး စိုပြေဝင်းပတဲ့ အသားအရေ ဖြစ်လာတယ်။



ခန္ဓာကိုယ်က ကျစ်လျစ်သွားပြီး ဆံပင်တွေကလည်း ပိုသန်လာသလို အနက်ရောင်တွေ ပြန်ပေါက်လာတယ်။ မသိရင် အားအင်အပြည့်နဲ့ လူပျိုပေါက်အရွယ်လေးအတိုင်းပဲ!



အခုတော့ အထက်တန်းကျောင်းသားတစ်ယောက်နဲ့ တူသွားတဲ့အခမ်းအနားမှူးက စိတ်လှုပ်ရှားစွာနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။



[ဘယ်လိုလဲ? အတိုချုပ်ပြောရရင်တော့ နုပျိုခြင်း!]



အသံကအစ လူငယ်လေးတစ်ယောက်လို ပြောင်းလဲသွားပြီ။ ခန်းမတစ်ခုလုံးကလူတွေကတော့ အံ့ဩလွန်းလို့ တိတ်ဆိတ်သွားပြန်တယ်။ ဒါ မယုံနိုင်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပဲ။ သူက ဝန်ထမ်းသစ်တွေကို လက်ညှိုးထိုးပြပြီး ဆက်ပြောတယ်။



[ကွင်းဆင်းလေ့လာရေးအဖွဲ့ဆိုတာ ဘယ်ချိန်နေနေ စွမ်းဆောင်ရည် အကောင်းဆုံးပါ။ ပျမ်းမျှအားဖြင့်ပြောရရင် တခြားအဖွဲ့တွေထက် တစ်ဝက်မက ပိုမြန်တဲ့အချိန်အတွင်းမှာ ဆုတောင်းလက်မှတ်ကို ရလေ့ရှိကြတယ်...]



[တကယ်တော့ ဒီဆေးကို အချိန်တိုအတွင်း အမြန်ရခဲ့တဲ့ ဝန်ထမ်း ၁၀ ယောက်လုံးဟာ ကွင်းဆင်းအဖွဲ့ကချည်း ဖြစ်ပါတယ်!]



တစ်စုံတစ်ယောက်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်တဲ့အသံကို ကြားရတယ်။ ဒါ စကားကို ဟိုလိုတစ်မျိုး ဒီလိုတစ်မျိုးနဲ့လှည့်ပြောနေတာ အသိသာကြီးကို။



လက်တွေ့မှာဆိုရင် ဒါမျိုးက အသက်နဲ့ လောင်းကြေးလဲထားရတာနဲ့အတူတူပဲ။



'အဲဒီ ၁၀ ယောက် မတိုင်ခင်မှာ လူပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းလောက် သေသွားခဲ့မှာပဲလေ'



အဲ့ဒါကြောင့် ဒါက အပြင်ပန်းကြည့်ရင် ပိရိပြီး အထင်ကြီးဖို့ကောင်းသလောက် တကယ်တမ်းကျ လူတွေကို လှည့်စားဖို့ ပေါ်လာတဲ့ငါးစာ။



[ကဲ၊ မေးခွန်းရှိရင် မေးနိုင်ပါပြီဟော ဟိုဘက်ကတစ်ယောက်!]



ဝန်ထမ်းသစ်တစ်ယောက်က လက်မြှောက်ပြီး ခပ်အက်အက် အသံနဲ့ မေးတယ်။



"သေသွားတဲ့လူကို ပြန်ရှင်အောင် လုပ်ပေးနိုင်လား?"



ဆံပင်ညိုညို၊ အရပ်ရှည်ရှည်နဲ့တစ်ယောက်။



[အာ... ဒီလိုဇာတ်လမ်းမျိုးတွေမှာ အမြဲပါလေ့ရှိတဲ့ မေးခွန်းပဲနော်? 'ဆုတောင်းလို့မရတဲ့ တစ်ခုတည်းသော အရာ' ဆိုတာမျိုးလား...]



သူက ဟန်ပါပါနဲ့ လက်ကို မြှောက်ပြလိုက်တယ်။



[ဒီ 'ဆုတောင်းပြည့်လက်မှတ်' က သောက်တဲ့သူ အလိုရှိတဲ့ ဘယ်ဆုတောင်းကိုမဆို ဖြည့်ဆည်းပေးမှာပါ]



[ဒါပေမဲ့ စနစ်တကျ သုံးစွဲဖို့တော့ လိုတာပေါ့။ အသေးစိတ် ညွှန်ကြားချက်တွေကိုတော့ ဝန်ထမ်းဝဘ်ဆိုဒ်မှာ ကြည့်ရှုနိုင်ပါတယ်]



မေးခွန်းမေးတဲ့သူက ပြန်ငြိမ်သွားပေမဲ့ ဝန်ထမ်းသစ်တွေကြားထဲမှာတော့ စိုးရိမ်ပူပန်မှုတွေက ပိုတိုးလာတယ်။



အခမ်းအနားမှူးက အဲဒီအခိုက်အတန့်ကို လက်လွှတ်မခံဘူး။



[တခြားခံစားခွင့်တွေကိုတော့ စခရင်န်မှာဖြစ်ဖြစ်၊ လက်ဆောင်အိတ်ထဲက လက်ကမ်းစာစောင်မှာဖြစ်ဖြစ် ကြည့်နိုင်ပါတယ်... ကဲ၊ အခုပဲ ဆုံးဖြတ်ချက်ချကြရအောင်!]



ရုတ်တရက် ခန်းမရဲ့ အနောက်ဘက်တံခါးတွေ ဝေါခနဲ ပွင့်သွားတယ်။



[အလုပ်ထွက်ချင်တယ်ဆိုရင် အပြင်ဘက်က စားပွဲမှာ စာရွက်စာတမ်းတွေ သွားယူနိုင်ပါတယ်]



[ဒါပေမဲ့ ကုမ္ပဏီမှာ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့...]



[ခင်ဗျားတို့ရဲ့ လက်ဆောင်အိတ်ထဲမှာပါတဲ့ မျက်နှာဖုံး ကို ဝတ်ဆင်လိုက်ကြပါ]



'ဩော်... ဒီအချိန်မှာ ဒါကို ပေးတာကိုး။'



ကျွန်တော် စမတ်ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။



ပတ်ဝန်းကျင်မှာ လူတွေအများကြီးမို့ သေချာစစ်လို့မရပေမဲ့ ဖုန်းကပ်ကွင်းကနေ ပြန်ဖော်ပေးတဲ့စာမျက်နှာမှာကတော့ ဒီလို-





> အမှောင်ထု ရှာဖွေရေးမှတ်တမ်းများ / အိပ်မက်ကုမ္ပဏီ



> ကွင်းဆင်းလေ့လာရေးအဖွဲ့ဝန်ထမ်းများသည် တာဝန်ထမ်းဆောင်စဉ်အတွင်း မျက်နှာဖုံးများကို ဝတ်ဆင်ရပြီး ၎င်းတို့ကို ဝန်ထမ်းသစ်သင်တန်းအပြီးတွင် ဝေငှသည်။



> ဝန်ထမ်း D ပြောကြားချက်အရ မျက်နှာဖုံးဒီဇိုင်းသည် ခန့်အပ်သည့်နှစ်အပေါ် မူတည်သည်။ ဥပမာ- ပုရွက်ဆိတ်မျက်နှာဖုံး ဝတ်ထားသူနှင့် ပုစဉ်းရင်ကွဲမျက်နှာဖုံး ဝတ်ထားသူများသည် တစ်နှစ်တည်းတွင် အလုပ်ဝင်သူများ ဖြစ်နိုင်သည်။





အတိုချုပ်ပြောရရင် ဒါ အိပ်မက်ကုမ္ပဏီက ကွင်းဆင်းအဖွဲ့ရဲ့ သင်္ကေတပဲ။



'ငါကိုယ်တိုင် ဒါကို ဝတ်ရမဲ့နေ့ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး'



ခံစားချက်က တကယ်ကို ထူးဆန်းနေတယ်။



တကယ်တမ်း ကျွန်တော့်စိတ်ထဲမှာ ၉၀ ရာခိုင်နှုန်းကတော့ ဒီကနေ ပြေးထွက်ပြီး မျက်နှာဖုံးကို လွှင့်ပစ်ပြီး 'ထွက်ပြီ' လို့ အော်ချင်နေတာ။



ဒါပေမဲ့... ကျွန်တော် ထွက်သွားရင်တောင် ဒီစကြဝဠာကြီးတစ်ခုလုံးက ရှုပ်ထွေးနေဦးဆိုတော့လည်း။



'အမှောင်ထု ဖြစ်စဉ်' တွေက နေရာတိုင်းမှာ ရှိနေတယ်။



သာမန်လူတစ်ယောက်အနေနဲ့ သရဲဇာတ်လမ်းထဲ ပိတ်မိပြီး ထူးထူးဆန်းဆန်း သေသွားဖို့က အရမ်းလွယ်တယ်။



အဲ့တော့ ကုမ္ပဏီဝန်ထမ်းလုပ်ရင်း လစာယူ၊ ကိရိယာတွေသုံးပြီး နောက်ဆုံးမှာ ဌာနပြောင်းဖို့ ကြိုးစားတာကမှ အသက်ရှင်ဖို့ အခွင့်အလမ်း ပိုများလိမ့်မယ်။



'ပြီးတော့ ငါ့ကမ္ဘာကို ပြန်ချင်တယ်ဆိုရင်လည်း ဒီ 'ဆုတောင်းပြည့်လက်မှတ်'က တစ်ခုတည်းသော မျှော်လင့်ချက်ပဲ'



ယုတ္တိနည်းကျကျ စဉ်းစားကြည့်ရင်တော့... တော်တော်လေး စိတ်နာဖို့ကောင်းပေမဲ့ တခြားရွေးချယ်စရာ မရှိဘူး။



နောက်ဆုံးတော့ ကျွန်တော် ငိုချင်စိတ်ကို ထိန်းပြီး အိတ်ကို ဖွင့်လိုက်တယ်။ မျက်နှာဖုံးကို ထုတ်လိုက်တဲ့အချိန်မှာ တခြားအရာတစ်ခု ပါလာတယ်။



အမည်နဲ့ ရာထူးနေရာမှာ စာသားတွေကို ဖျက်ပြီး လက်ရေးနဲ့ ဒီလို ရေးထားတယ်-



[ကွင်းဆင်းအဖွဲ့ - အကြီးတန်း စုံစမ်းစစ်ဆေးရေးမှူး 'ဂူဆောလ်']



'ဒါကို အခမ်းအနားမှူးက ထည့်ပေးလိုက်တာလား?'



ကျွန်တော် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ တခြားဘယ်သူ့မျက်နှာဖုံးမှာမှ လိပ်စာကတ် ကပ်မပါလာဘူး။



'ဒါကိုတော့ နောက်မှပဲ ရှင်းတော့မယ်'



ကျွန်တော် မျက်နှာဖုံးကို မျက်နှာနား ကပ်ထားလိုက်တယ်။



အဲဒီအခါမှာ မျက်နှာဖုံးရဲ့ ပုံသဏ္ဍာန်က စတင်ပြောင်းလဲလာတယ်။ ပါးပြင်နဲ့ နဖူးတစ်လျှောက်မှာ ပုံစံတွေ ထွက်ပေါ်လာတာကို ခံစားရတယ်...



ကျွန်တော် လက်နဲ့ စမ်းကြည့်လိုက်တော့ သစ်သားအကွက်တွေနဲ့ သမင်ချိုလို ဦးချိုတွေပါတဲ့ ထူးဆန်းတဲ့ မျက်နှာဖုံးတစ်ခု ဖြစ်နေတယ်။



ဘေးကို ကြည့်လိုက်တော့ တောင်ဆိတ်မျက်နှာဖုံး ဝတ်ထားတဲ့ ဂိုယောင်းအွန်းနဲ့အကြည့်ချင်း ဆုံသွားတယ်။



ကျွန်တော်တို့ ပတ်ပတ်လည်မှာ ဆင်၊ ဆိတ် စတဲ့ တိရစ္ဆာန်မျက်နှာဖုံးတွေ ဝတ်ထားတဲ့ ဝန်ထမ်းသစ်တွေက ဝတ်စုံပြည့်နဲ့ တောင့်တောင့်ကြီး ထိုင်နေကြတယ်။



ဒါဟာ သရဲဇာတ်လမ်းတွေကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတွေနဲ့ တကယ်ကို လိုက်ဖက်တဲ့ မြင်ကွင်းပဲ။



[ထပ်ပြီး ကုမ္ပဏီဝင်ခွင့်အတွက် ဂုဏ်ယူပါတယ်!]



ပါဝါပွိုင့်ဆလိုဒ်က ပြောင်းသွားပြီး လက်ခုပ်တီးသံတွေ ထွက်ပေါ်လာတယ်။



[အလုပ်ခန့်အပ်မှု အတည်ပြုပြီးပါပြီ]



'နောက်ဆုံးတော့... ဒီလို ဖြစ်သွားပြီပေါ့...'



ရှေ့လျှောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ တွေးပြီး ရင်လေးနေတဲ့အချိန်မှာပဲ...



မှတ်စုစာအုပ်လေးက လေထဲမှာ ပြန်ပေါ်လာပြန်တယ်။





[အမှောင်ထု ရှာဖွေရေးမှတ်တမ်းများ အစစ်အမှန်ပစ္စည်းသေတ္တာ]



ပစ္စည်းအသစ်ကို ဖွင့်လိုက်ပါပြီ! (!)





ဟမ်?