Chapter 3
Viewers 97

အခန်း (၃) - လမ်းလျှောက်လျှင် လက်ကို အိတ်ထဲမထည့်ပါနှင့်


---


ကျန်းရော့ချန်းသည် ဤကမ္ဘာသို့ ကူးပြောင်းမလာမီက ရဲတပ်ဖွဲ့သို့ ဝင်ရောက်ရန် ပြင်ဆင်နေသူဖြစ်ပြီး အရာရှိတစ်ဦး ဖြစ်လာရန် ရည်မှန်းချက် အထွတ်အထိပ်သို့ ရောက်ရှိနေချိန် ဖြစ်သည်။


မိမိ၏ စိတ်အခံအရင်းခံကို ဤမျှအထိ ထိုးဖောက်မြင်နိုင်စွမ်းရှိသူတစ်ဦးနှင့် ဆုံရလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။


"ဟဲဟဲ" 


ကျန်းရော့ချန်းက ချိုင်ကျင်းဝူကို စိုက်ကြည့်ရင်း တိုးညင်းစွာ ရယ်မောလိုက်၏။ 


"ခင်ဗျားက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ"


ချိုင်ကျင်းဝူသည် ထိုအကြည့်အောက်တွင် နေရခက်လာကာ တစ်ကိုယ်လုံး စိမ့်တက်သွားသဖြင့် မသိစိတ်မှ ခြေထောက်ကို တလှုပ်လှုပ် ယမ်းနေမိတော့သည်။


အလွန်ပင် ထူးဆန်းလှ၏။ ကျန်းရော့ချန်းသည် အဘယ်ကြောင့် ဤမျှအထိ တည်ငြိမ်နေနိုင်ရသနည်း။


သူသည် လူသတ်မှုဖြင့် သံသယရှိခံထားရသူ ဖြစ်သည်။ ရဲများ၏ စစ်ဆေးမေးမြန်းမှုနှင့် ကိုယ်ခန္ဓာရှာဖွေမှုကို ခံထားရသည့်အပြင် ယခုလည်း အကြောင်းမဲ့ ရန်စခြင်းကို ခံနေရသည်။


သူသည် ဤကဲ့သို့သော အခြေအနေတွင် အဘယ်သို့ စိတ်အေးလက်အေး ရှိနေနိုင်ပါသနည်း။


စစ်ဆေးရေးအခန်း ကြမ်းပြင်ပေါ်တွင် ချိုင်ကျင်းဝူ၏ ဖနောင့်ပေါက်သံမှာ စည်းချက်မမှန်စွာ ထွက်ပေါ်နေသည်။


သူ့ခြေထောက်များ တုန်ယင်လာပြီးနောက် မကြာမီမှာပင် လက်များပါ လိုက်၍ တုန်ယင်လာကာ စားပွဲကိုပင် တဒေါင်ဒေါင် မြည်စေတော့သည်။


ထိုသို့ ဂဏာမငြိမ်ဖြစ်နေသည်ကို ကြည့်ရင်း အရာရှိ ကျုံးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 


"ဘာလို့ တုန်နေတာလဲ"


ဖနောင့်ပေါက်သံမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။


ချိုင်ကျင်းဝူမှာ ရုတ်တရက် အသိဝင်လာသကဲ့သို့ ဖြစ်သွား၏။


ကျန်းရော့ချန်းက ဝင်ရောက်ရှင်းပြလိုက်သည်။


 "သူ တုန်နေတာကတော့ ရှက်လည်းရှက်၊ စိတ်လည်း လှုပ်ရှားနေလို့ပေါ့၊ ဆေးပညာအရ ပြောရရင် လူတွေ စိုးရိမ်ပူပန်လာတဲ့အခါ အက်ဒရီနယ်လင်ဓာတ်တွေ အရှိန်အဟုန်နဲ့ မြင့်တက်လာတတ်တယ်၊ အဲဒီ စိတ်ဖိစီးမှုကို လျှော့ချဖို့ ခန္ဓာကိုယ်ကနေ မသိစိတ်အလျောက် ခြေထောက်လှုပ်တာမျိုး တုံ့ပြန်တတ်တာလေ။"


ချိုင်ကျင်းဝူသည် သူ့လည်ချောင်းကို ခက်ခဲစွာ မျိုချလိုက်ပြီး ခြေထောက်များကို ကုလားထိုင်အောက်သို့ အိုးတိုးအမ်းတမ်း ဆွဲသွင်းကာ ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။


ကျန်းရော့ချန်းကမူ သတိမထားမိဟန်ဖြင့် ဆက်ပြောလိုက်၏။ 


"ခြေထောက်လှုပ်တာက အာရုံကို တစ်ဖက်ဆီကို လွှဲပေးနိုင်ပြီး အကြည့်ခံနေရတဲ့ အနေရခက်မှုကို သက်သာစေတယ်၊ တကယ်လို့ အဲဒါကမှ အလုပ်မလုပ်တော့ဘူးဆိုရင်... သူက အရမ်းကို စိတ်လှုပ်ရှားနေပြီး အက်ဒရီနယ်လင်တွေ အလွန်အကျွံ ထွက်နေလို့ အခုလို ဖြစ်နေတာပဲ။"


သူသည် မေးစေ့ဖြင့် အသာအယာ အချက်ပြကာ ရဲအရာရှိနှစ်ဦး၏ အာရုံကို ချိုင်ကျင်းဝူ၏ လက်များထံသို့ လမ်းကြောင်းပေးလိုက်သည်။ 


"သူ့လက်တွေ တုန်နေပြီဗျ။"


ချိုင်ကျင်းဝူသည် ကျန်းရော့ချန်း၏ အပြောကို ငြင်းဆန်ရန် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားသော်လည်း အချည်းနှီးသာ ဖြစ်သည်။


သူသည် တုန်ယင်နေဆဲပင်။


ကျန်းရော့ချန်းသည် လက်ချောင်းများကို စုစည်းကာ စားပွဲပေါ်ရှိ ဓာတ်ပုံနှစ်ပုံကို ထိလိုက်ပြီး လက်မဖြင့် အသာဝှေ့ယမ်းကာ မိမိ၏ လက်ဝါးထဲသို့ သိမ်းလိုက်သည်။


"စိတ်မလှုပ်ရှားပါနဲ့၊ အမှန်တော့ ဒီအမှုကို ဖော်ထုတ်နိုင်ဖို့ဆိုတာ ခင်ဗျားအပေါ်မှာ အများကြီး မူတည်နေတာပါ။"


ချိုင်ကျင်းဝူက  ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။


"ဘာ... ဘာလို့လဲ။"


'ဘာလို့လဲဆိုတော့ ငါက မှတ်ဉာဏ်တွေ ပျောက်နေပြီး ဘာသဲလွန်စမှ မရှိလို့ပေါ့' ဟု ကျန်ရော့ချန်းက စိတ်ထဲမှ တွေးလိုက်သည်။


သူသည် တိုက်ရိုက်ပြန်မဖြေဘဲ ဓာတ်ပုံများကို မြှောက်၍ လှုပ်ယမ်းပြလိုက်ကာ ချိုင်ကျင်းဝူ၏ အာရုံကို ပြန်လည်ဖမ်းစားလိုက်သည်။ 


"သေသေချာချာ စဉ်းစားကြည့်ပါဦး၊ ခင်ဗျားကိုလည်း မကြည်ဖြူ၊ ကျွန်တော့်ကိုလည်း ကြည့်မရ၊ ပြီးတော့ ဖုန်းကျားမင်ကိုလည်း အသေအလဲ မုန်းနေတဲ့သူမျိုး ဘယ်သူရှိနိုင်မလဲ။"


"ကျွန်တော်တို့ နှစ်ယောက်လုံးက ကျောင်းဆောင်မှာ နေတာမဟုတ်ဘူးဆိုတော့ ဆေးကျောင်းက အတန်းတွေမှာပဲ တစ်ယောက်နဲ့တစ်ယောက် ဆုံကြတာ ဖြစ်လိမ့်မယ်၊ တကယ်လို့ ခင်ဗျားက သူတစ်ပါးအတင်းကို ကွယ်ရာမှာ မပြောတတ်ဘူးဆိုရင် ခင်ဗျား ကျွန်တော့်ကို နှိပ်စက်နေတာကို တိုက်ရိုက်မြင်ဖူးတဲ့သူ ဖြစ်ရမယ်၊ ဒီအချက် လေးချက်လုံးနဲ့ ကိုက်ညီတဲ့သူကတော့ အများကြီး မရှိနိုင်ပါဘူး။"


သူ၏ စကားအဆုံးတွင် စစ်ဆေးရေးအခန်းအတွင်း၌ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။


အရာရှိချန်ယွန်ချွမ်းနှင့် အရာရှိ ကျုံးတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြရာ နှစ်ဦးလုံး၏ မျက်ဝန်းထဲတွင် အံ့ဩမှင်တက်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။


၎င်းတို့သည် ချိုင်ကျင်းဝူနှင့် ကျန်ရော့ချန်းတို့ကို အတူတူ စစ်ဆေးရန် စီစဉ်ခဲ့ခြင်းမှာ အပြန်အလှန် အငြင်းပွားမှုများမှတစ်ဆင့် သတင်းအချက်အလက် ပိုမိုရရှိရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။


သို့သော် ကျန်ရော့ချန်းမှာ အလွန်ပင် ကျွမ်းကျင်လွန်းလှသည်။


သူ၏ အတွေးအခေါ်မှာ အပြစ်ပြောစရာမရှိဘဲ သူ၏ ချဉ်းကပ်ပုံမှာလည်း နည်းဗျူဟာ မြောက်လှသည်။ အခန်းထဲသို့ ဝင်လာကတည်းက သူ ပြောသမျှ စကားလုံးတိုင်းမှာ အရာမရောက်သည်မှာ မရှိပေ။


ချန်ယွန်ချွမ်းသည် သူမ၏ အံ့ဩမှုကို ထိန်းချုပ်လိုက်ပြီး ချိုင်ကျင်းဝူအား ချက်ချင်းပင် ပြောလိုက်၏။ 


"သေသေချာချာ စဉ်းစားပါ၊ ခင်ဗျားကို မကြည်ဖြူတဲ့သူတွေရဲ့ စာရင်းကို အရင်စရေးလိုက်။"


သူမသည် ချိုင်ကျင်းဝူထံသို့ စက္ကူနှင့် ဘောပင်တစ်ချောင်း ကမ်းပေးလိုက်သည်။ 


"စဉ်းစားမိသလောက် ရေးထားလိုက်ပါ၊ အေးအေးဆေးဆေး စဉ်းစား။"


ချိုင်ကျင်းဝူသည် ခေါင်းငုံ့ကာ ဘောပင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး စက္ကူပေါ်တွင် နာမည်အချို့ကို ရေးလိုက်၊ ပြန်ဖျက်လိုက်နှင့် အချိန်အတော်ကြာအောင် လုပ်ဆောင်နေတော့သည်။


ကျန်းရော့ချန်းသည် ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် သူ့ဗိုက်ထဲမှ အသံကျယ်ကျယ် မြည်လာသည်။


သူ အလွန်ဗိုက်ဆာနေပြီ ဖြစ်၏။ အပြင်ဘက်တွင်ရှိသော လော့ဘင်ဝမ်ကော ဘယ်လိုနေမလဲဟု သူ တွေးလိုက်မိသည်။


အနည်းဆုံးတော့ ပေါရှေးကား၏ သားရေထိုင်ခုံများမှာ စစ်ဆေးရေးအခန်းရှိ မှီစရာမပါသော သစ်သားထိုင်ခုံထက် များစွာ ပို၍ သက်သောင့်သက်သာ ရှိပေလိမ့်မည်။


အကယ်၍ သူ့မှာ ဖုန်းသာရှိလျှင် လော့ဘင်ဝမ်ကို ဆက်သွယ်ကာ ညစာ မှာခိုင်းပြီး ဤရဲအရာရှိများနှင့်လည်း ရင်းနှီးအောင် လုပ်နိုင်ပေလိမ့်မည်။


ကျန်ရော့ချန်းသည် အတွေးထဲတွင် ခဏမျှ နစ်ဝင်သွားစဉ် စစ်ဆေးရေးအခန်း တံခါးခေါက်သံ နှစ်ချက်ကို ကြားလိုက်ရ၏။


ချန်ယွန်ချွမ်းက တံခါးသွားဖွင့်ပေးရာ အပြင်ဘက်တွင် စက္ကူအိတ်တစ်အိတ်ကို ကိုင်လျက် ယဉ်ကျေးစွာ ရပ်နေသော လော့ဘင်ဝမ်ကို တွေ့လိုက်ရသည်။ 


"ဒါက ကျွန်တော့်ရဲ့ သခင်လေးက အရာရှိတို့အတွက် ပြင်ဆင်ပေးထားတဲ့ ညစာလေးတွေပါ၊ အချိန်ကလည်း တော်တော်လေး နောက်ကျနေပြီ၊ ကျွန်တော့်သခင်လေးလည်း ညစာ မစားရသေးပါဘူး၊ ပြီးတော့ သူက ဖျားလည်း ဖျားနေတာမို့ ခဏလောက် အနားယူလို့ ရမလားခင်ဗျာ။"


ကျန်းရော့ချန်း: ...


လော့ဘင်ဝမ်သည် ဝတ္ထုထဲတွင် ပါသည့်အတိုင်းပင် ထိပ်တန်းအိမ်တော်ထိန်း တစ်ဦး ဖြစ်ပေသည်။ အခြေအနေကို ပါးနပ်စွာ သိမြင်တတ်ပြီး လိမ္မာပါးနပ်လှ၏။


သူတို့နှစ်ဦးမှာ အမှန်တကယ်ပင် စိတ်ချင်း ဆက်နေကြသည့်အလားပင်။


"ဒါ ဟွမ်ကျိ က မဟုတ်လား။" 


ချန်ယွန်ချွမ်းသည် စက္ကူအိတ်ပေါ်ရှိ ရွှေရောင်သရဖူတံဆိပ်ကို ကြည့်ကာ မှင်တက်သွားသည်။ 


"ဒီဆိုင်က အပေါ့ပါးဆုံး ဆန်ပြုတ်တစ်ခွက်တောင် ယွမ် ၂,၀၀၀ လောက် ပေးရတယ်လို့ ကြားဖူးတယ်။"


ကျန်းရော့ချန်း: 'ဖူး!'


ဘာ။


ဆန်ပြုတ်တစ်ခွက်ကို ယွမ် ၂,၀၀၀ တောင်လား။


ဒါက မတန်တဆ ဈေးကြီးလွန်းတယ်။


လော့ဘင်ဝမ်က နွေးထွေးစွာ ပြုံးပြလိုက်၏။ 


"သခင်လေးက တကူးတက ဝယ်ခိုင်းလိုက်တာပါ၊ အရာရှိတို့လည်း အပင်ပန်းခံပြီး အလုပ်လုပ်နေကြရတာလေ၊ ဒီထဲမှာ ငါးမန်းတောင် ဆန်ပြုတ် ငါးခွက်နဲ့ အမြည်းအချို့ ပါပါတယ်။"


သူသည် ကျန်းရော့ချန်းဘက်သို့ လှည့်ကာ သတိပေးလိုက်၏။ 


"ဖျားနာပျောက်ဆေး တစ်ထုပ်လည်း ပါတယ်နော်၊ စားပြီးရင် သောက်ဖို့ မမေ့ပါနဲ့ဦး။"


ကျန်းရော့ချန်းသည် ကြောင်တောင်တောင်ဖြင့် ထကာ စက္ကူအိတ်ကို ယူလိုက်သည်။ အိတ်ကို မဖွင့်ရသေးမီမှာပင် မွှေးကြိုင်လှသော အနံ့မှာ နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် သွားရည်ပင် ကျချင်လာတော့သည်။


သူသည် ချန်ယွန်ချွမ်းကို လှမ်းကြည့်လိုက်၏။


ချန်ယွန်ချွမ်းက လက်ခါပြလိုက်သည်။ 


"ဒါက အရမ်းကို စျေးကြီးလွန်းနေတယ်။"


ဆန်ပြုတ်တစ်ခွက်ကို "စျေးကြီးလွန်းနေတယ်" ဟု သုံးနှုန်းရလိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။


"မင်းပဲ စားလိုက်ပါ။"


ကျန်းရော့ချန်းသည် စက္ကူအိတ်ကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ပလတ်စတစ်အဖုံးများဖြင့် သေသေသပ်သပ် ပိတ်ထားသော ကြွေဆန်ပြုတ်ခွက် ငါးခွက်ကို တွေ့လိုက်ရသည်။ တစ်ခွက်လျှင် လူကြီးတစ်ယောက်၏ လက်သီးဆုပ်ခန့်သာ ရှိသည်။


သူသည် အိတ်ကို ပြန်ပိတ်လိုက်မိသည်။


လက်သီးဆုပ်ခန့် ဆန်ပြုတ်တစ်ခွက်ကို ယွမ် ၂,၀၀၀ တဲ့။


ဒါပေမဲ့ ဘဏ်ထဲမှာ ယွမ်သန်းပေါင်းတစ်သောင်း ရှိနေတော့ တစ်နေ့တည်းက ရတဲ့ အတိုးတင် ယွမ်တစ်သိန်းနီးပါး ရှိနေတာပဲ။


ဒီအချိန်ကစပြီး အဲဒီအမြတ်တွေက တဖြည်းဖြည်း ပိုများလာတော့မှာလေ။


ဪ... ထားလိုက်ပါတော့လေ။


ကျန်းရော့ချန်းက တက်ကြွစွာ ပြောလိုက်သည်။ 


"ရပါတယ်ဗျာ၊ ကျွန်တော် တစ်ယောက်တည်းလည်း အကုန်မစားနိုင်ပါဘူး၊ အေးသွားရင် စားလို့မကောင်းတော့ဘူး၊ ဝိုင်းစားကြရအောင်။"


သူသည် လော့ဘင်ဝမ်ဘက်သို့ လှည့်ကာ မေးလိုက်၏။


"ခင်ဗျားကော၊ စားပြီးပြီလား။"


လော့ဘင်ဝမ်မှာ ကျန်းရော့ချန်းက မိမိကိုပင် ငဲ့ညှာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အနည်းငယ် အံ့ဩသွားသည်။


 "ကျွန်တော် စားပြီးပါပြီ၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။"


သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် တံခါးကို အသာအယာ ပြန်ပိတ်ပေးသွားသည်။


အလွန်ပင် ယဉ်ကျေးသိမ်မွေ့လှပေသည်။


ကျန်းရော့ချန်းသည် ဆန်ပြုတ်များကို ချန်ယွန်ချွမ်းနှင့် အရာရှိကျုံးတို့ထံသို့ ဝေပေးလိုက်ပြီးနောက် ချိုင်ကျင်းဝူ၏ ရှေ့တွင်လည်း တစ်ခွက် ချပေးလိုက်သည်။


ချိုင်ကျင်းဝူမှာ စက္ကူ၏ တစ်ဝက်ခန့်အထိ နာမည်များကို ရေးလိုက်၊ ဖျက်လိုက် လုပ်ထားပြီး ဖြစ်သည်။


သူသည် တွေဝေသွားကာ မေးလိုက်၏။


"ဟွမ်ကျိ ရဲ့ ငါးမန်းတောင် ဆန်ပြုတ်လား၊ ဒါက အရမ်းဈေးကြီးတာလေ... ဘာလို့ ငါ့ကို ပေးတာလဲ။"


စောစောက သူသည် အလွန်ရိုင်းစိုင်းသော စကားများကို ပြောခဲ့မိသည်။


ကျန်ရော့ချန်းက သူ့အပေါ် တကယ်ပဲ အာဃာတ မရှိတာလား။


ကျန်းရော့ချန်းက  ပြောလိုက်၏။


"ရပါတယ်၊ စားလိုက်ပါ။"


ဆန်ပြုတ် ငါးခွက်ဆိုသည်မှာ တစ်နေ့တာ အတိုးငွေ၏ ငါးဆယ်ပုံတစ်ပုံမျှသာ ရှိပြီး အခြားအမြတ်ငွေများလည်း ရှိနေသေးသည်။


ကုန်အောင်ပင် မသုံးနိုင်လောက်အောင်ပင်။


သူသည် ဆန်ပြုတ်တစ်ဇွန်းကို ခပ်ယူ၍ ပါးစပ်ထဲ ထည့်လိုက်ရာ နူးညံ့လှသော အရသာမှာ လျှာပေါ်မှတစ်ဆင့် နှာခေါင်းထဲအထိ ပျံ့နှံ့သွားတော့သည်။


အဆင့်မြင့်လှပေသည်။


ပထမတစ်လုတ်ကို မျိုချလိုက်ပြီးနောက် ကျန်းရော့ချန်းက နောက်ပြောင်သလို ပြောလိုက်၏။ 


"ခင်ဗျား တကယ်ပဲ တစ်ခုခု မှားခဲ့တာဆိုရင် ဥပဒေက ခင်ဗျားကို အရေးယူမှာပဲလေ၊ ဒါက ခင်ဗျားအတွက် နောက်ဆုံးစားရတဲ့ ကောင်းမွန်တဲ့ ထမင်းတစ်လုတ် ဖြစ်နိုင်တာပဲ။"


နောက်ဆုံး ထမင်းတစ်လုတ် တဲ့။


ချိုင်ကျင်းဝူ: ...


သူသည် လှပသော ကြွေဇွန်းလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ ဤလူငယ်သည် မိမိ မနှစ်သက်သောသူများကို အမှန်တကယ်ပင် ဂရုမစိုက်တတ်သူဖြစ်ကြောင်း သူ နားလည်လိုက်တော့သည်။


ကျန်းရော့ချန်းအတွက်မူ ၎င်းတို့ကဲ့သို့သော သူများမှာ ရှေ့တွင်ရှိသော ဆန်ပြုတ်ထက်ပင် အရေးမပါလှပေ။


လမ်းဘေးမှ ကျောက်ခဲများကဲ့သို့ပင် မသိမသာ ခတ်ထုတ်ပစ်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။


ကျန်းရော့ချန်းသည် ကောလာဟလထဲမှ ပုံစံမျိုးနှင့် လုံးဝ ကွဲပြားနေသည်။ အနည်းဆုံးတော့ သူသည် လူရှေ့သူရှေ့တွင် ကြောက်ရွံ့တတ်သူ သို့မဟုတ် ကိုးရိုးကားရား ဖြစ်နေသူ မဟုတ်ပေ။


လေးဦးလုံး ညစာ စားပြီးနောက်တွင် အရာရှိကျုံးက စားပွဲကို ရှင်းလင်းကာ အမှိုက်များကို လွှင့်ပစ်လိုက်ပြီး ရေနွေးနှစ်ခွက်နှင့် ပြန်ဝင်လာသည်။


ငါးမန်းတောင် အရသာကို ခံစားနေဆဲဖြစ်သော သူက ကျန်းရော့ချန်းကို ကြည့်ကာ ပြောလိုက်သည်။


"ဒီနေ့ ဒီလိုမျိုး စားရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး၊ သက်သေလေးကို ကျေးဇူးတင်ရမှာပဲ၊ ဒါက ငါတို့ လစာနဲ့ဆို မဖြစ်နိုင်တဲ့ အရာမျိုးလေ၊ ရေနွေးလေးသောက်ပြီး ဆေးသောက်လိုက်ဦး။" 


"ကျေးဇူးတင်ပါတယ်။"


ကျန်းရော့ချန်းသည် ရေနွေးကို ယူ၍ ဆေးသောက်လိုက်ရာ တစ်ကိုယ်လုံး နွေးထောင်သွားသည်။


ကျန်းရှိနေသော ရေနွေးခွက်ကို ကိုင်ထားရင်း သူက ချိုင်ကျင်းဝူကို မေးလိုက်၏။ 


"ကဲ... ဘာတွေများ သတိရလာပြီလဲ။"


ချိုင်ကျင်းဝူက ပြော၏။


"မမှတ်မိသေးဘူး..."


စကားပြောရင်း သူသည် ရုတ်တရက် တုန်တက်သွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။ သူသည် နာမည်များစွာ ရေးထားသော စက္ကူပေါ်မှ နာမည်တစ်ခုကို စိုက်ကြည့်နေမိသည်။


ကျန်းရော့ချန်းက သူ၏ အမူအရာကို အကဲခတ်လိုက်သည်။


အသက်ရှူ မြန်လာခြင်း၊ မျက်လုံးသူငယ်အိမ် ကျဉ်းသွားခြင်း၊ မျက်ဝန်းတစ်ဝိုက် ကြွက်သားများ တောင့်တင်းသွားခြင်းနှင့် မျက်ခုံးများ အနည်းငယ် မြင့်တက်သွားခြင်း။


အံ့ဩခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ပင် ဖြစ်သည်။


"တစ်ခုခု သတိရသွားပြီနဲ့ တူတယ်။"


"မင်း ဘယ်လိုသိလဲ။" 


ချိုင်ကျင်းဝူက အလိုအလျောက် မေးလိုက်မိသည်။


သူသည် အကျိုးအကြောင်း စဉ်းစားရန် အချိန်မရဘဲ အမြန်ပင် ဆက်ပြောလိုက်သည်။ 


"ဟုတ်တယ်၊ ကျွန်တော် မှတ်မိပြီ၊ အချက် လေးချက်လုံးနဲ့ ကိုက်ညီတဲ့သူက ဟော့ကျင်ကျယ်ပဲ!"


ချိုင်ကျင်းဝူ၏ စက္ကူကို ကိုင်ထားသော လက်မှာ ထပ်မံ၍ တုန်ယင်လာပြန်သည်။


သူသည် ကျန်းရော့ချန်းကို ကြည့်ကာ ပြောလိုက်၏။ 


"ကျောင်းမှာ မင်းကို ကြည့်မရတဲ့သူ၊ မင်းအပေါ် မနာလိုတဲ့သူတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ မင်းက ဘယ်သူ့ကိုမှ ပြဿနာ မရှာတတ်ဘူး၊ မင်းကို တကယ်ပဲ အသေအလဲ မုန်းနိုင်တဲ့သူက ဟော့ကျင်ကျယ် တစ်ယောက်ပဲ ရှိတာ! သူ့ရဲ့ အမှတ် (GPA) က မင်းလောက် မမြင့်ဘူး၊ သူက ဒုတိယပဲ ရတော့ ပညာသင်ဆုနဲ့ လွဲခဲ့ရတယ်။"


ချိုင်ကျင်းဝူက အသက်တစ်ချက်ရှူကာ ဆက်ပြောသည်။ 


"သူ စားသောက်ဆိုင်မှာ ခိုးတယ်လို့ ကျွန်တော် ပြောခဲ့ဖူးတာကြောင့် သူ အလုပ်ပြုတ်သွားခဲ့တယ်၊ အဲဒီကတည်းက သူ ကျွန်တော့်အပေါ် အငြိုးရှိနေတာ ဖြစ်ရမယ်၊ အဲဒီနောက်ပိုင်း သူ အလုပ်သစ် ရှာမရဘဲ ပိုက်ဆံလည်း ပြတ်နေခဲ့တာ။"


"သူ အလုပ်ပြုတ်ပြီး တစ်ပတ်အကြာမှာ ဖုန်းကျားမင်က သူ့ကို အဆောက်အအုံ အမိုးပေါ်ကို ခေါ်သွားခဲ့တယ်၊ ဖုန်းကျားမင်က ယောကျ်ား မိန်းမ မရွေးဘူးလေ၊ ဟော့ကျင်ကျယ်က ဖုန်းကျားမင် ခိုင်းသမျှ လုပ်ပေးခဲ့ရတယ်လို့ ကြားဖူးတယ်၊ အဲဒီနောက်ပိုင်းမှ သူ ပြန်ပြီး ငွေကြေးပြေလည်လာတာ။"


ချိုင်ကျင်းဝူ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေသည်။ 


"ကျွန်တော် တစ်ခါက ခန္ဓာဗေဒ အတန်းမှာ မင်းက မိန်းကလေးတစ်ယောက် ဖြစ်နေရင် ပိုကောင်းမှာပဲလို့ နောက်ပြောင်ခဲ့ဖူးတယ်၊ ဟော့ကျင်ကျယ်ကလည်း ကျွန်တော်တို့ ဌာနကပဲဆိုတော့ အဲဒီအတန်းမှာ သူ ရှိနေခဲ့တာ၊ သူ သေချာပေါက် ကြားခဲ့မှာပဲ။"


ကျန်းရော့ချန်းက 'တောက်' တစ်ချက် ခတ်လိုက်သည်။


ဟော့ကျင်ကျယ်၏ ပြစ်မှုကျူးလွန်လိုသည့် အကြောင်းအရင်းမှာ ခိုင်လုံနေပုံရသည်။


အခု လိုအပ်နေတာက သက်သေပဲ။


"ဒေါက်... ဒေါက်..."


စစ်ဆေးရေးအခန်း တံခါးကို တစ်စုံတစ်ယောက်က ခေါက်လိုက်ရာ အင်္ကျီအဖြူဝတ်ထားသော သင်တန်းသားတစ်ဦးက စက္ကူထုပ်ကြီးကို ကိုင်လျက် ခေါင်းပြူကြည့်လာသည်။ 


"အရာရှိ၊ ဖုန်းကျားမင်ရဲ့ လက်သည်းတွေအောက်မှာ အရေပြားဆဲလ်အချို့ကို တွေ့ရပါတယ်၊ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ ကျန်းခဲ့တာ ဖြစ်နိုင်တယ်၊ မှတ်တမ်းတွေထဲမှာတော့ ဒီ DNA နဲ့ ကိုက်ညီတာ မတွေ့ရသေးဘူး၊ တိုက်စစ်ကြည့်ဖို့ သံသယရှိသူ တွေ့ပြီလား။"


ကျန်းရော့ချန်းသည် အခင်းဖြစ်ပွားရာနေရာတွင် တွေ့ခဲ့သော စကားများသည့် ထိုလူငယ်ကို မှတ်မိလိုက်သည်။ သူသည် စကားများသော်လည်း စိတ်ထားကောင်းသူဖြစ်ရာ သူငယ်ချင်းအဖြစ် ထားသင့်သည်ဟု ကျန်းရော့ချန်း တွေးလိုက်မိသည်။


သူက ကြားဖြတ်ဖြေလိုက်၏။ 


"အရာရှိက တစ်ယောက်ကို တွေ့ထားပါပြီ၊ အခုပဲ သွားဖမ်းတော့မလို့။"


ချန်ယွန်ချွမ်းသည် သူမ၏ ဂျာကင်ကို ဝတ်ဆင်ကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။ 


"ရှင်သာ မရှိရင် ဒီလူက ဒီလောက်အမြန် ပေါ်လာမှာ မဟုတ်ဘူး။"


အရာရှိကျုံးကလည်း ချီးကျူးလိုက်သည်။ 


"ကျန်းရော့ချန်း၊ မင်းက စုံစမ်းစစ်ဆေးမှုကို ကူညီရုံတင် မဟုတ်ဘူး၊ မင်းကိုယ်တိုင် ပါဝင်ဆောင်ရွက်နေတာပဲ။"


ကျန်းရော့ချန်းက လက်ခါပြလိုက်သည်။


 "တိုက်ဆိုင်တာပါဗျာ။"


ချန်ယွန်ချွမ်းက ပြောလိုက်၏။ 


"မင်းအပေါ် သံသယရှိတာတွေ အကုန်လုံး ရှင်းသွားပါပြီ၊ အိမ်အရင် ပြန်ချင်လား၊ နောက်ပိုင်း တစ်ခုခု လိုအပ်ရင် ကျွန်မ ဖုန်းဆက်လိုက်မယ်။"


ကျန်းရော့ချန်း ခေတ္တမျှ စဉ်းစားလိုက်၏။ 


"ဟင့်အင်း၊ ကျွန်တော် ဟော့ကျင်ကျယ်နဲ့ တတ်နိုင်သမျှ အမြန်ဆုံး တွေ့ချင်တယ်။"


ဟော့ကျင်ကျယ်နှင့် မိမိအပေါ် ပြောဆိုချက်များတွင် ချိုင်ကျင်းဝူ၏ စကားများ၌ မညီညွတ်မှုအချို့ ရှိနေသည်။


ထိုမညီညွတ်မှုများက ချိုင်ကျင်းဝူ၏ ထွက်ဆိုချက်တစ်ခုလုံးကို စိတ်မသက်မသာ ဖြစ်စေသည်။


သူ စိတ်အေးသွားရန်အတွက် ကိုယ်တိုင် ကိုယ်ကျ အတည်ပြုရန် လိုအပ်သည်။


ဟော့ကျင်ကျယ်သည် ချိုင်ကျင်းဝူနှင့် ဖုန်းကျားမင် တို့နှစ်ဦးလုံးအပေါ်တွင် ကိုယ်ရေးကိုယ်တာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နာကြည်းချက်များ ပြင်းထန်စွာ ရှိနေသည်။


ချိုင်ကျင်းဝူက သူ့ကို သူခိုးဟု မဟုတ်မမှန် စွပ်စွဲခဲ့သည်။


ဖုန်းကျားမင်က သူ့ကို ကစားစရာတစ်ခုကဲ့သို့ ဆက်ဆံခဲ့သည်။


သို့သော် "ပညာသင်ဆု" ဆိုသည်မှာ ကျန်းရော့ချန်းက မိမိ၏ ကြိုးစားအားထုတ်မှုဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဟော့ကျင်ကျယ်သည် ထိုအကြောင်းပြချက် တစ်ခုတည်းအတွက်ကြောင့် လူတစ်ယောက်ကို ဤမျှအထိ ပြင်းပြင်းထန်ထန် မုန်းတီးလိမ့်မည် မဟုတ်ပေ။


၎င်းက အကြောင်းပြချက် မခိုင်လုံသကဲ့သို့ ခံစားရသည်။


အကယ်၍ ဟော့ကျင်ကျယ်သည် ကျန်းရော့ချန်းကို အမှုထဲ ဆွဲထည့်ရသည့် အကြောင်းရင်းမှာ ခိုင်လုံမှုမရှိခဲ့လျှင်။


 အကြောင်းပြချက် အစစ်အမှန်က ဘာဖြစ်နိုင်မလဲ။


ကျန်းရော့ချန်းသည် အတွေးထဲတွင် နစ်ဝင်နေရင်း လက်များကို အင်္ကျီလက်ထဲ ထည့်ကာ အပြင်သို့ အေးအေးလူလူ ထွက်လာခဲ့သည်။


သူသည် ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်ရှိ အကွက်များကို အတွေးမပါဘဲ ရေတွက်နေရင်း ထောင့်ချိုးတစ်ခုသို့ ရောက်ရန် အနည်းငယ်သာ လိုတော့စဉ် -


ရုတ်တရက် အနားယူဆောင်ဘက်မှ အရပ်ရှည်ရှည် လူတစ်ဦး ထောင့်ချိုးမှ ထွက်လာသည်။


ကျန်းရော့ချန်း၏ မျက်လုံးထောင့်မှနေ၍ အရပ် ၁၉၀ စင်တီမီတာကျော်ခန့်ရှိကာ ဝတ်စုံအရှည်ကို ဝတ်ဆင်ထားပြီး စာရွက်စာတမ်းများကို ဖတ်နေသော ထိုအမျိုးသားကို မြင်လိုက်ရသည်။


သူသည် တိုက်မိမည်စိုးသဖြင့် ဘယ်ဘက်သို့ အမြန်ရှောင်လိုက်၏။


သို့သော် သူတို့နှစ်ဦးလုံးမှာ နံရံနှင့် နီးကပ်စွာ လျှောက်နေကြခြင်း ဖြစ်သည်။ တစ်ဦးက အတွေးလွန်နေပြီး အခြားတစ်ဦးက စာဖတ်နေသည်။


ထိုအမျိုးသားကလည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ကျန်းရော့ချန်း ဘယ်ဘက်သို့ ရှောင်လိုက်စဉ် သူကလည်း မသိစိတ်မှ ကျန်းရော့ချန်း ရှောင်သည့်ဘက်သို့ပင် ခြေလှမ်းကျယ်ကြီးဖြင့် ရှောင်လိုက်မိသည်။


နှစ်ဦးလုံးမှာ မိမိတို့၏ ရှောင်ကွင်းမှုအပေါ် ယုံကြည်မှုရှိနေကြသဖြင့် အရှိန်မလျှော့ခဲ့ကြရာ တိုက်ရိုက်ပင် တိုက်မိကြတော့သည်။


ကျန်းရော့ချန်းသည် ထိုသူ၏ ရုတ်တရက် ဆန့်ထုတ်လိုက်သော ခြေထောက်နှင့် ငြိ၍ ဟန်ချက်ပျက်သွားသည်။ သူ့လက်များမှာ အင်္ကျီလက်ထဲတွင် ရှိနေဆဲဖြစ်သဖြင့် ဟန်ချက်ပြန်ထိန်းရန် လက်ကိုပင် ထုတ်ချိန်မရလိုက်ပေ။


'တောက်!'


ဤခန္ဓာကိုယ်မှာ လေ့ကျင့်ထားခြင်း လုံးဝမရှိသဖြင့် ဖျတ်လတ်မှုမှာ အလွန်ပင် ညံ့ဖျင်းလှသည်။


ကျန်;ရော့ချန်းသည် အသက်ကို အောင့်ထားလိုက်ကာ မျက်လုံးကို တင်းတင်းမှိတ်လျက် နဖူးနှင့် ကြမ်းပြင် တိုက်ရိုက် ဆောင့်မိတော့မည်ဟု ပြင်ဆင်ထားလိုက်သည်။ သို့သော် ရုတ်တရက် လက်မောင်းတစ်ခုက သူ့ခါးကို လှမ်းဖမ်းလိုက်ကာ ဘေးသို့ ဆွဲယူလိုက်သည်။ သူသည် လက်ဖက်ရည်နံ့ သင်းပျံ့နေသော ရင်ခွင်တစ်ခုထဲသို့ ရောက်ရှိသွားတော့သည်။


သူ့နဖူးမှာ ကြမ်းပြင်နှင့် မဆောင့်မိဘဲ တစ်စုံတစ်ဦး၏ ရင်အုပ်နှင့်သာ ပြင်းထန်စွာ တိုးမိသွားလေတော့သည်။


...

---