အခန်း (၄) - ပြိုင်ဘက်ကင်းသော သရုပ်ဆောင်ချက်
---
မျှော်လင့်ထားသလို နာကျင်မှုမျိုး ရောက်မလာခဲ့ပေ။
ကျန်းရော့ချန်းသည် ခါးမှနေ၍ ဆွဲယူခြင်းခံလိုက်ရပြီး မထင်မှတ်ထားလောက်အောင် သက်သောင့်သက်သာရှိလှသော လူသားကူရှင်တစ်ခုပေါ်သို့ မှောက်ရက်သား ကျသွားတော့သည်။
စာရွက်စာတမ်းများမှာလည်း တရှူးရှူးမြည်လျက် ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားကြ၏။
ထိုခဏမှာပင် ဆေးလိပ်နံ့နှင့် လက်ဖက်ရည်နံ့ ရောယှက်နေသော ရနံ့တစ်ခုမှာ သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။
ကျန်းရော့ချန်းသည် ထိုရနံ့မှာ မိမိအောက်ရှိ အမျိုးသားထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သတိပြုမိသွားသည်။ ဤအနေအထားမှာ အတော်လေး ကိုးရိုးကားရား နိုင်လှပေသည်။ သူသည် တစ်ခါမျှ မည်သူနှင့်မျှ ဤမျှအထိ နီးနီးကပ်ကပ် မနေခဲ့ဖူးချေ။
သူသည် အင်္ကျီလက်ထဲမှ လက်များကို အမြန်ထုတ်လိုက်ပြီး ထိုသူ၏ ပခုံးကို အားပြုကာ နောက်သို့ တွန်းထုတ်လိုက်ရင်း တစ်ချက်တည်းနှင့် မတ်တတ်ရပ်လိုက်သည်။
"တောင်းပန်ပါတယ်၊ ဖမ်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။"
"ရပါတယ်"
ထိုအမျိုးသားက ကြမ်းပြင်ပေါ်မှ ထရပ်ရင်း အက်ရှရှအသံဖြင့် ပြန်ဖြေလိုက်၏။
အနည်းငယ် ဝေးကွာသွားမှသာ ကျန်းရော့ချန်းသည် ထိုအမျိုးသားကို သေသေချာချာ မြင်လိုက်ရတော့သည်။
သူသည် ထက်မြက်အေးစက်သော ရုပ်ရည်ရှိပြီး အလွန်ပင် ချောမောခံ့ညားလှ၏။ အရပ်အမောင်း မြင့်မားထည်ဝါပြီး တည်ငြိမ်သောအမူအရာ ရှိသည်။ ကျယ်ပြန့်သော ပခုံး၊ ရှည်လျားသော ခြေတံများနှင့် ထင်ရှားသော ကြွက်သားအစုအဝေးများက တိုက်ခိုက်ရန် ပြင်နေသော သားရဲတစ်ကောင်ကို သတိရစေသည်။
သူသည် ကုလားအုတ်ရောင် ဝတ်စုံအရှည်ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး အတွင်းမှ အနက်ရောင် လည်ပိတ်ဆွယ်တာမှာ သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်နေသည်။
ဆွယ်တာအင်္ကျီအောက်မှ သူ၏ တောင့်တင်းသော ရင်အုပ်နှင့် ပခုံးတွင် ချိတ်ထားသော သေနတ်အိမ်ကြိုးများကို မှိန်ပျပျ မြင်နေရသည်။ အောက်ဘက်တွင်မူ သံကလစ်နှင့် ခါးပတ်၊ ပြီးလျှင်... ကုလားအုတ်ရောင် သိုးမွေးဘောင်းဘီထဲမှ သန်မာသော ခြေတံရှည်ကြီးများ။
ကျန်းရော့ချန်း၏ အကြည့်များမှာ ဝေဝါးသွားပြီး အတွေးများလည်း လွင့်စဉ်ကုန်တော့သည်။
ဒီခြေထောက်တွေနဲ့သာ ကန်လိုက်ရင် လူတစ်ယောက် သေသွားနိုင်မလား။
သူ နောက်တစ်ကြိမ် ခိုးကြည့်လိုက်ပြန်သည်။
ထိုအမျိုးသားသည် တည်ငြိမ်အေးစက်သော အမူအရာဖြင့် ကြမ်းပြင်ပေါ်မှ ပြန့်ကျဲနေသော စာရွက်စာတမ်းများကို ငုံ့ကောက်နေသည်။ သူ၏ လေသံမှာ ပြတ်သားပြီး လိုရင်းကိုသာ ပြောလိုက်၏။
"နာမည် ဘယ်လိုခေါ်လဲ။"
ထိုမေးခွန်းမှာ ထွက်ဆိုချက် တောင်းနေသည့်အလား ထင်မှတ်ရသည်။
"ကျန်းရော့ချန်း ပါ။"
ကျန်ရော့ချန်းက ပြန်ဖြေရင်း စာရွက်အချို့ကို ကူကောက်ပေးလိုက်သည်။ စက္ကူ၏ အပေါ်ဘက်တွင် ရိုက်နှိပ်ထားသော စာလုံးအချို့ကို သူ မြင်လိုက်ရ၏။
"ဟောင်ကောင်တက္ကသိုလ် ဆေးပညာဌာန လူသတ်မှု အခင်းဖြစ်ပွားရာနေရာ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ။"
ဒါက ဖုန်းကျားမင်ရဲ့ အမှုပဲ။
ဖုန်းကျားမင် အမှုနဲ့ ပတ်သက်သမျှ အရာအားလုံးက သူနဲ့ ဆက်စပ်နေသည်။
နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်သဖြင့် သူနှင့် ရင်းနှီးအောင် စကားစမြည် အနည်းငယ် ပြောထားသင့်သည်ဟု သူ တွေးလိုက်မိသည်။
စာရွက်စာတမ်းများကို ကမ်းပေးရင်း ကျန်းရော့ချန်းက မေးလိုက်၏။
"ဆရာ့နာမည်ကော ဘယ်လိုခေါ်လဲဟင်။"
"ကွမ်း..."
ထိုအမျိုးသားက ခေတ္တတုံ့ဆိုင်းပြီးမှ ပြန်ဖြေသည်။
"ကွမ်းရင်းကျွင်း"
ကွမ်းရင်းကျွင်းက စာရွက်များကို စုစည်းလိုက်ပြီး မေးလိုက်သည်။
"မင်း ထွက်ဆိုချက် ပေးပြီးပြီပဲ၊ ဘာလို့ ရဲစခန်းမှာ ရှိနေသေးတာလဲ၊ တစ်ခုခု လိုအပ်လို့လား။"
ကျန်းရော့ချန်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။
ဘယ်လို ပြောရမလဲ။
သင်္ချာပုစ္ဆာတွက်ရာတွင် အဆင့်များကို ကျော်ပြီး အဖြေကို တန်းထုတ်တတ်သော ပါရမီရှင်တစ်ဦးနှင့် တွေ့လိုက်ရသကဲ့သို့ပင်။ သူသည် အသေးစိတ် လုပ်ငန်းစဉ်များကို ဂရုမစိုက်ဘဲ အဓိကအချက်ကိုသာ တန်း၍ မေးမြန်းတတ်သူ ဖြစ်သည်။
အကယ်၍ သူ့နေရာတွင် အခြားသူတစ်ဦးသာဆိုလျှင် "ကျွန်တော် ထွက်ဆိုချက် ပေးပြီးတာ ခင်ဗျား ဘယ်လိုသိလဲ" ၊ "ကျွန်တော် စခန်းမှာ ရှိနေတာကော ဘယ်လိုသိလဲ" စသည်ဖြင့် ပြန်မေးနေမိပေလိမ့်မည်။
ကျန်းရော့ချန်းသည် မိမိ၏ အတွေးကြောင့် ပြုံးလိုက်မိပြီး မထင်မှတ်ဘဲ ထူးဆန်းသော အဖြေတစ်ခုကို ပေးလိုက်မိသည်။
"ဟောင်ကောင်တက္ကသိုလ် ဆေးပညာဌာန လူသတ်မှုရဲ့ လူသတ်သမားကို ကျွန်တော် တွေ့ချင်လို့ပါ။"
ထိုအခါမှသာ ကွမ်းရင်းကျွင်းသည် သူ့ရှေ့မှ လူငယ်ကို သေသေချာချာ စိုက်ကြည့်လိုက်တော့သည်။
သူ့ဆံပင်များမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေကာ အမူအရာမှာ အလွန်ပင် တည်ငြိမ်လှသည်။ ကျောပြင်မှာ ဖြောင့်စင်းနေပြီး သိုးမွေးဂျာကင် အပွကြီးကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာတွင် ထိတ်လန့်ခြင်း သို့မဟုတ် စိုးရိမ်ခြင်း အလျင်းမရှိဘဲ ရဲစခန်းသို့ သံသယရှိသူအဖြစ် ရောက်နေရခြင်းမှာ မိမိအိမ်တွင် ရှိနေသကဲ့သို့ ပုံမှန်ပင် ဖြစ်နေပုံရသည်။
သူ၏ ဝါဝင်းသော မျက်ဝန်းများမှာ ဖြူဖျော့သော မျက်တောင်များအောက်တွင် ထက်မြက်စွာ ရှိနေကြသည်။
ကွမ်းရင်းကျွင်းက အကြည့်ကို လွှဲလိုက်၏။
စောစောက တိုက်မိခြင်းမှာ သူ့အမှားလည်း တစ်ဝက် ပါဝင်နေသည်။
သူသည် သူတစ်ပါးအပေါ် အကြွေးတင်ခြင်းကို မနှစ်သက်ပေ။ ကျန်းရော့ချန်းမှာ အတော်လေး ပင်ပန်းနေပုံရပြီး ဤအတိုင်း ဆက်စောင့်နေလျှင် စခန်းတွင် မေ့လဲသွားနိုင်သည်ဟု သူ တွေးလိုက်မိသည်။
ကွမ်းရင်းကျွင်းက သူ၏ လက်ပတ်နာရီကို ကြည့်လိုက်သည်။
"အခုက မွန်းတည့်နေပြီ၊ ကျွန်တော် ရောက်လာတုန်းက အရာရှိချန်တို့ အပြင်ထွက်သွားတာ တွေ့လိုက်တယ်၊ လူဖမ်းဖို့နဲ့ ထွက်ဆိုချက် ယူဖို့က အချိန်ယူရဦးမှာပဲ၊ မင်း သုံးနာရီလောက်မှ ပြန်လာခဲ့ပါလား။"
ကျန်ရော့ချန်းက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်ဗျာ"
တွေ့လား... စကားစမြည် ပြောတာက အမြဲတမ်း အကျိုးရှိပါတယ်။
ဘယ်နေရာမှာမဆို လူမှုရေး ကွန်ရက်ဆိုတာ အသုံးဝင်တာပဲ။
ဒီလောက် အချိန်ရရင် ခဏလောက် မှေးလို့ ရတာပေါ့။
ကျန်းရော့ချန်းက မျက်လုံးကို မှိတ်ပြီး သန်းလိုက်သည်။ သူ ပြန်ဖွင့်ကြည့်လိုက်သောအခါ ကွမ်းရင်းကျွင်းမှာ မရှိတော့ပေ။
...ဪ... သူက တော်တော်လေး လျင်မြန်တာပဲ။
ကျန်ရော့ချန်းသည် လက်များကို အင်္ကျီလက်ထဲ ပြန်ထည့်ကာ ရဲစခန်းအပြင်သို့ အေးအေးဆေးဆေး ထွက်လာခဲ့ပြီး ပေါရှေးကား၏ ရှေ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
ကားအတွင်း၌ ရေမွှေးနံ့သင်းသော နွေးထွေးသည့် လေများမှာ ပျံ့နှံ့နေသည်။
ကျန်ရော့ချန်းသည် ထိုင်ခုံပေါ်သို့ တစ်ကိုယ်လုံး ပစ်ချလိုက်ပြီး အရည်ပျော်ကျသွားသကဲ့သို့ လဲလျောင်းလိုက်သည်။
အအေးမိပျောက်ဆေးက အစွမ်းပြနေပြီ ဖြစ်၏။
သူသည် ချွေးများ ထွက်လာပြီး မျက်လုံးကိုပင် မဖွင့်နိုင်လောက်အောင် ငိုက်မျဉ်းလာသဖြင့် ကားမောင်းသူနေရာမှ လော့ဘင်ဝမ်ကို လှမ်းပြောလိုက်သည်။
"ကျွန်တော် ခဏလောက် အိပ်လိုက်ဦးမယ်၊ သုံးနာရီကျရင် နှိုးပေးနော်၊ သံသယရှိသူကို တွေ့ဖို့ရှိလို့၊ ကျေးဇူးပါပဲ လော့ကော..."
ထိုသို့ ပြောပြီးနောက်တွင် သူသည် အိပ်စက်ခြင်းထဲသို့ နစ်ဝင်သွားတော့သည်။
သူ့အိပ်မက်ထဲတွင် တစ်စုံတစ်ဦးက ကားတံခါးကို အသာအယာ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေသည်ကို ခံစားနေရ၏။
ကားမှန်အနည်းငယ် ဟထားသော နေရာမှတစ်ဆင့် အေးမြသော လေပြည်နှင့်အတူ တိုးညင်းသော စကားသံအချို့ တိုးဝင်လာသည်။
"စုံထောက်ကွမ်းက တကယ်ပဲ CIB (ရာဇဝတ်မှု ထောက်လှမ်းရေးဌာန) က လာတာဆိုတော့ စစ်မေးတဲ့ပုံစံက တော်တော်လေး ကြမ်းတာပဲဟ။"
"အဲဒီဌာနက လူတွေက အကုန်လုံး အဲဒီလိုပဲလေ၊ ငါတို့ရဲ့ CIB ဆိုတာ အမေရိကန်ရဲ့ CIA လိုမျိုးပဲဥစ္စာ။"
"သူ့ပုံစံက အရမ်း တည်ငြိမ်လွန်းတယ်၊ အသက် ၂၆ အထိ လူပျိုကြီး ဖြစ်နေတာ မဆန်းပါဘူး... ဟေ့၊ သူ ဘာလို့ CIB ကနေ ထွက်လာတာလဲ မင်းသိလား။"
"ဒီကောလာဟလတွေကို ရပ်လိုက်စမ်းပါ၊ မင်းရဲ့ အဲဒီ ပါးစပ်ဖွာတာနဲ့ တစ်နေ့ ဒုက္ခရောက်လိမ့်မယ်။"
ထိုသူက ဆူပူလိုက်ပြီးမှ ပြောလိုက်သည်။
"အာချိုင်... စီးကရက် ရှိလား၊ အပြင်ထွက်ပြီး သောက်ရအောင်။"
ကားအပြင်ဘက်တွင် မီးခြစ်ခြစ်သံမှာ ကြည်လင်စွာ ထွက်ပေါ်လာသည်။
ကျန်းရော့ချန်းမှာ အိပ်ရာမှ နိုးလာတော့သည်။
သူက မောင်းသူနေရာသို့ လှည့်ကြည့်ကာ မေးလိုက်၏။
"ဘယ်နှစ်နာရီ ရှိပြီလဲ။"
လော့ဘင်ဝမ်က ပြန်ဖြေသည်။
"နှစ်နာရီ မိနစ်လေးဆယ်ပါ။"
အချိန်က တော်တော်လေး နီးကပ်နေပြီ ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာလည်း များစွာ သက်သာသွားပြီ ဖြစ်၏။
အခု ကျန်းနေတာက ဒီအမှုရဲ့ လျှို့ဝှက်ချက်ပဲ။
ကျန်းရော့ချန်းက ထကာ သူ့ဆံပင်များကို လက်ဖြင့် အသာသပ်လိုက်ပြီး ကားတံခါးဖွင့်ကာ ရဲစခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
သူသည် အနားယူဆောင်ကို ဖြတ်ကာ စစ်ဆေးရေးအခန်းသို့ လျှောက်လာခဲ့ရာ အခန်းရှေ့တွင် လက်ပိုက်ရပ်နေသော ချန်ယွန်ချွမ်းကို တွေ့လိုက်ရသည်။
ချန်ယွန်ချွမ်းမှာ အလွန်ပင် ပင်ပန်းနေပုံရပြီး မျက်လုံးများမှာလည်း ညိုမည်းစွဲနေသည်။
ခြေသံကြားသဖြင့် သူမ ကြည့်လိုက်ရာ ကျန်းရော့ချန်းကို တွေ့သဖြင့် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ သူမ၏ မှတ်စုစာအုပ်ထဲမှ မှတ်ပုံတင်ကို ထုတ်ပေးလိုက်သည်။
"တောင်းပန်ပါတယ်၊ စောစောက သံသယရှိသူကို အမြန်သွားဖမ်းနေရတာနဲ့ ဒါကို ပေးဖို့ မေ့သွားတယ်။"
"ကျေးဇူးတင်ပါတယ်။"
ကျန်းရော့ချန်းက မှတ်ပုံတင်ကို ယူလိုက်ပြီး ချန်ယွန်ချွမ်း၏ နောက်ကွယ်ရှိ မှန်ချပ်ဆီသို့ ကြည့်လိုက်သည်။
စစ်ဆေးရေး ကုလားထိုင်ပေါ်တွင် လူတစ်ဦး ထိုင်နေ၏။ လက်ထိပ်ခတ်ထားသဖြင့် လှုပ်မရသော်လည်း အလွန်အမင်း ကြောက်ရွံ့နေသည့်အလား တစ်ကိုယ်လုံး တုန်ယင်နေသည်။
"ဟော့ကျင်ကျယ်က ဝန်မခံသေးဘူးလား။"
ကျန်ရော့ချန်းက မေးလိုက်သည်။
"ဝန်ခံပါပြီ၊ DNA သက်သေက ခိုင်လုံနေတော့ သူ ငြင်းလို့မရဘူးလေ။"
ချန်ယွန်ချွမ်းက ကျန်းရော့ချန်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါပေမဲ့... စုံထောက်ကွမ်းကတော့ သူ့ရဲ့ အကြောင်းပြချက်ကို သံသယရှိနေတုန်းပဲ၊ သူ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေဦးမယ်လို့ ထင်နေတာနဲ့ အခုထိ စစ်ဆေးနေတုန်းပဲ။"
ကျန်းရော့ချန်းသည် အနည်းငယ် အံ့ဩသွားမိသည်။
'ဒါက သူတွေးထားတာနဲ့ တစ်ထပ်တည်း ကျနေတာပဲ။'
စစ်ဆေးရေးအခန်း တံခါးပွင့်လာပြီး ကွမ်းရင်းကျွင်း အပြင်သို့ ထွက်လာသည်။
သူသည် ဝတ်စုံအရှည်ကို ချွတ်ထားသဖြင့် အနက်ရောင် လည်ပိတ်ဆွယ်တာကိုသာ ဝတ်ထားသည်။
စစ်ဆေးမေးမြန်းရသည်မှာ အဆင်မပြေ၍ ဖြစ်နိုင်သည်၊ သူ၏ အင်္ကျီလက်နှစ်ဖက်ကို လိပ်တင်ထားသဖြင့် သန်မာသော လက်မောင်းများကို မြင်နေရသည်။
ချန်ယွန်ချွမ်းက မျက်မှောင်ကြုတ်လိုက်၏။
"ဒီလိုမျိုး စစ်မေးနေတာကို အထက်က သိသွားရင် မင်း အဆူခံရဦးမယ်။"
"အင်း"
ကွမ်းရင်းကျွင်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
ချန်ယွန်ချွမ်းက သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ကွမ်းရင်းကျွင်းက ကျန်းရော့ချန်း၏ ရှေ့သို့ လျှောက်လာပြီး ငုံ့ကြည့်ကာ ပြောလိုက်သည်။
"မင်းရဲ့ ထွက်ဆိုချက် ဗီဒီယိုကို ကျွန်တော် ကြည့်ပြီးပြီ။"
အတော်လေးကို အထင်ကြီးစရာ ကောင်းလှပေသည်။
ပထမဦးစွာ သူသည် သံသယရှိသူ၏ အခြေအနေကို သက်သေတစ်ဦးအဖြစ် ပါးနပ်စွာ ပြောင်းလဲလိုက်သည်။ ထို့နောက် မေးခွန်းများကို ရှောင်တိမ်းကာ စကားဝိုင်းကို မိမိစိတ်ကြိုက် ထိန်းချုပ်လိုက်သည်။ ၎င်းနောက် ချိုင်ကျင်းဝူ၏ အတွေးများကို လမ်းကြောင်းပေးကာ သံသယရှိသူနှင့် ပတ်သက်သည့် အချက်အလက်များကို ရရှိအောင် လုပ်ဆောင်ခဲ့သည်။
ကွမ်းရင်းကျွင်းက ကျန်းရော့ချန်းကို စိုက်ကြည့်နေသည်။
"မင်းရဲ့ ကိုယ်ရေးရာဇဝင်နဲ့ ကျောင်းက မှတ်တမ်းတွေကိုလည်း ကျွန်တော် ကြည့်ပြီးပြီ။"
ဒီလို ကျွမ်းကျင်မှုမျိုးက ဆေးကျောင်းသားတစ်ယောက်မှာ ရှိရမယ့်အရာ မဟုတ်ဘူး။
တစ်ခုခုတော့ မှားနေပြီ။
ကျန်းရော့ချန်း၏ ကျောပြင်တွင် ချွေးများ စို့လာသော်လည်း သူသည် ကွမ်းရင်းကျွင်း၏ အကြည့်ကို မရှောင်ဘဲ "ဟင်?" ဟု မေးခွန်းထုတ်သည့်အသံ ပြုလိုက်သည်။
ယခုအချိန်တွင် အကြည့်လွှဲလိုက်ခြင်းမှာ အပြစ်ရှိကြောင်း ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သူသည် ထိုကဲ့သို့သော အမှားမျိုးကို မလုပ်နိုင်ပေ။
"အာချိုင်" ပြောခဲ့သော စုံထောက်ကွမ်းမှာ စစ်ဆေးမေးမြန်းရာတွင် အလွန်တော်သည်ဟူသော စကားကို သူ အခုမှ နားလည်တော့သည်။ တစ်ဖက်လူကို ထိုးဖောက်မြင်နိုင်သည့် ဤကဲ့သို့သော အကြည့်မျိုးကို ထောက်လှမ်းရေးတစ်ဦးမှလွဲ၍ မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ကွမ်းရင်းကျွင်းက ကျန်းရော့ချန်းကို ဆက်၍ စိုက်ကြည့်နေဆဲပင်။
ထိုလူငယ်၏ မျက်ဝန်းထောင့်တွင် အပြုံးတစ်ခု ရှိနေပြီး ဆံပင်များမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။
သူ၏ လှပသော မျက်ဝန်းများမှာ အပြစ်ကင်းစင်နေပုံရပြီး သူ၏ မေးခွန်းထုတ်သံမှာလည်း ဝေဝါးနေသည့်အလားပင်။
'ဒါတွေက ဒီအမှုနဲ့ ဘာဆိုင်လို့လဲ။' ဟု မေးနေသကဲ့သို့ပင်။
ကွမ်းရင်းကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး စစ်ဆေးရေးအခန်းဘက်သို့ မေးစေ့ဖြင့် အချက်ပြလိုက်၏။
"မင်း စောစောက လူသတ်သမားကို တွေ့ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ မေးစရာရှိတာ သွားမေးလိုက်လေ။"
ကျန်းရော့ချန်းက စိတ်ထဲမှ တွေးလိုက်သည်။
'ဒါက တကယ့်ကို စမ်းသပ်ချက်ပဲ။'
ကွမ်းရင်းကျွင်းက သူ့ကို စမ်းသပ်နေခြင်း ဖြစ်သည်။ သံသယရှိနေသည့် ကြားမှ သူ၏ ကျွမ်းကျင်မှုများကို ထုတ်ပြမလား ဆိုသည်ကို ကြည့်နေခြင်း ဖြစ်သည်။
ဖုံးကွယ်ထားခြင်းက အပြစ်ရှိသည်ဟု ယူဆစေနိုင်သည်။
ကံကောင်းတာက သူကိုယ်တိုင်လည်း ဖုံးကွယ်ဖို့ စိတ်ကူးမရှိတာပဲ။
ကျန်းရော့ချန်းသည် စစ်ဆေးရေးအခန်းထဲရှိ ဟော့ကျင်ကျယ်ကို သေသေချာချာ ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းများ ခြောက်ကပ်နေသည်ကို မြင်သောအခါ ရေအေးစက်မှ ရေနွေးတစ်ခွက်ကို ခပ်၍ အခန်းထဲသို့ ယူသွားလိုက်သည်။
သူသည် ဟော့ကျင်ကျယ်၏ ရှေ့တွင် ရေခွက်ကို ချပေးလိုက်၏။
ဟော့ကျင်ကျယ်က မော့ကြည့်လိုက်ရာ လက်ထိပ်ခတ်ထားသော သံကြိုးများမှာ တဒေါင်ဒေါင် မြည်သွားသည်။
သူ့လက်များကို စားပွဲတွင် ကပ်၍ လက်ထိပ်ခတ်ထားခြင်း ဖြစ်သည်။
သူသည် ရေခွက်ကို မနိုင်သကဲ့သို့ သောက်ရန်လည်း မဖြစ်နိုင်ပေ။
ကျန်းရော့ချန်းက ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ရေခွက်ကို ကိုင်ကာ ဟော့ကျင်ကျယ်၏ နှုတ်ခမ်းသို့ ကပ်ပေးလိုက်သည်။
သူသည် ဟော့ကျင်ကျယ်၏ စိတ်ထဲတွင် မိမိကို ကူညီသူဟု ထင်မှတ်စေရန် တမင်တကာ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
ဟော့ကျင်ကျယ်က ရေကို အငမ်းမရ သောက်နေသော အသံမှာ အခန်းထဲတွင် ပဲ့တင်ထပ်နေသည်။
သူသည် တစ်စက်မျှ မကျန်းအောင် အမြန်သောက်လိုက်ပြီးမှ သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။
စစ်ဆေးရေးအခန်း အပြင်ဘက်တွင် ကွမ်းရင်းကျွင်းသည် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး တိတ်တဆိတ် စောင့်ကြည့်နေသည်။
ကျန်းရော့ချန်းက ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ဟော့ကျင်ကျယ်၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။
သူတို့နှစ်ဦးမှာ အမြင့်ချင်း တူနေပြီး အလွန်ပင် နီးကပ်လှ၏။
ဟော့ကျင်ကျယ်သည် ကျန်းရော့ချန်း၏ မျက်တောင်များကိုပင် ရေတွက်နိုင်လောက်သည်။
သူသည် စောစောက သောက်ခဲ့ရသော ရေတစ်ခွက်ကို နတ်သုဒ္ဓါကဲ့သို့ ထင်မှတ်နေမိသည်။
သူသည် ရဲအရာရှိများကို ရေတောင်းခဲ့သော်လည်း မည်သူမျှ မပေးခဲ့ကြပေ။
သူ၏ လေသံမှာ တုန်ယင်နေသည်။
"ငါ မင်းကို အမှုထဲ ဆွဲထည့်ခဲ့တာလေ... ဘာလို့ ငါ့ကို ရေပေးတာလဲ။"
"ခင်ဗျား ရေငတ်နေပုံရလို့ပါ။"
ကျန်းရော့ချန်းက ခေတ္တရပ်လိုက်ပြီးမှ မေးလိုက်သည်။
"ထပ်သောက်ဦးမလား။"
ဟော့ကျင်ကျယ်၏ အသက်ရှူသံများမှာ ပြတ်တောင်းသွားပြီး ရုတ်တရက် အပြစ်ရှိစိတ်များ ဝင်လာတော့သည်။
သူသည် ဤကဲ့သို့ ကြင်နာမှုကို ခံရမည့်အစား အဆူခံရခြင်း သို့မဟုတ် အရိုက်ခံရခြင်းကိုသာ ပို၍ လိုလားမိသည်။
အခုဆိုရင် သူဟာ ဖုန်းကျားမင် နဲ့ ချိုင်ကျင်းဝူ တို့နဲ့ ဘာထူးတော့မှာလဲ။
ဟော့ကျင်ကျယ်သည် လက်သီးကို တင်းတင်းဆုပ်ကာ ခေါင်းငုံ့ထားမိသည်။ သူ့နှာခေါင်းထဲတွင် စို့တက်လာပြီး မျက်ရည်များ ဝဲလာတော့သည်။
သူက သွားကို တင်းတင်းကြိတ်ကာ မေးလိုက်၏။
"မင်း ဘာလာလုပ်တာလဲ။"
သူ စိတ်ဓာတ်ကျနေပြီ ဖြစ်၏။
ကောလိပ်ကျောင်းသားတစ်ဦးကို စစ်ဆေးရခြင်းမှာ ဝါရင့်ရာဇဝတ်သမားတစ်ဦးကို စစ်ဆေးရခြင်းထက် များစွာ ပို၍ လွယ်ကူလှသည်။
ကျန်းရော့ချန်း: "ကျွန်တော့်မှာ မေးစရာ အချို့ရှိလို့ပါ။"
သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ဟော့ကျင်ကျယ်၏ လက်သီးပေါ်သို့ အသာအယာ တင်လိုက်သည်။
"ဘာလို့ ကျွန်တော့်ကို အမှုထဲ ဆွဲထည့်ခဲ့တာလဲ၊ ဖုန်းကျားမင်က ခင်ဗျားကို စော်ကားခဲ့လို့ သူ့ကို သတ်ချင်တာကို ကျွန်တော် နားလည်ပါတယ်၊ ချိုင်ကျင်းဝူကလည်း ခင်ဗျားကို သူခိုးလို့ စွပ်စွဲခဲ့လို့ ခင်ဗျား အလုပ်ပြုတ်ခဲ့ရတာဆိုတော့ သူ့ကို မုန်းတာလည်း မဆန်းပါဘူး... ဒါပေမဲ့ ကျွန်တော်ကကော။"
ကျန်းရော့ချန်းက တိုးညင်းစွာ ပြောလိုက်၏။
"ခင်ဗျားက ပညာသင်ဆု တစ်ခုတည်းအတွက်နဲ့ လူသတ်မယ့်သူမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ခင်ဗျားရဲ့ စာမေးပွဲရလဒ်တွေက ကျွန်တော့်လောက် ကောင်းနေတာပဲ၊ နည်းနည်းလေး ပိုကြိုးစားလိုက်ရင် ခင်ဗျား တရားမျှတစွာ ရနိုင်တာပဲဥစ္စာ။"
စစ်ဆေးရေးအခန်း အပြင်ဘက်တွင် ကွမ်းရင်းကျွင်း၏ ပါးစပ်မှ ဆေးလိပ်မှာ တစ်ဝက်ခန့် ကုန်နေပြီ ဖြစ်သည်။
သူသည် ဤမျှအထိ ပြောင်မြောက်လှသော သရုပ်ဆောင်ချက်မျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
အရာအားလုံးကို အကွက်ကျကျ ထိန်းချုပ်ထားသည်။
လေသံကအစ -
ဝေခွဲမရဖြစ်ခြင်း၊ ဝမ်းနည်းခြင်း၊ ကိုယ်ချင်းစာခြင်းနှင့် စိတ်မကောင်းဖြစ်ခြင်းတို့ ရောယှက်နေသည်။
သူသည် သံယယရှိသူကို ငိုအောင်ပင် လုပ်နိုင်ခဲ့ပြီ။
ဒီလိုလူမျိုးက ကျောင်းမှာ ဘာလို့ သူငယ်ချင်း မရှိတာလဲ။
ဘာလို့ အမုန်းခံနေရတာလဲ။
မှတ်တမ်းတွေ မှားနေတာလား။
ဒါမှမဟုတ် သူက ကျောင်းမှာ ဟန်ဆောင်နေတာလား။
ဒါမှမဟုတ် ကျန်းရော့ချန်း ဆိုတဲ့လူက တစ်ခြားတစ်ယောက် ဖြစ်နေတာလား။
ကွမ်းရင်းကျွင်းသည် ဆေးလိပ်ပြာများကို သူ၏ ပြာခွက်ထဲသို့ ခါချလိုက်ပြီးနောက် တစ်ချက် ထပ်သောက်လိုက်ပြန်သည်။
"ကျန်းရော့ချန်းရဲ့ မှတ်တမ်းတွေကို ပြန်ပေးဦး၊ ကျွန်တော် ထပ်ကြည့်ချင်သေးတယ်။"
ချန်ယွန်ချွမ်းက မှတ်တမ်းတွဲကို ကမ်းပေးလိုက်သည်။
"ဘာဖြစ်လို့လဲ။"
ကွမ်းရင်းကျွင်းက မျက်မှောင်ကြုတ်လိုက်၏။
"ကျန်းရော့ချန်းရဲ့ စရိုက်က မှတ်တမ်းထဲမှာ ပါတာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်၊ သူ မျက်နှာခွဲစိတ်ပြုပြင်ထားတာလား။"
ချန်ယွန်ချွမ်းက ရယ်စရာဟု ထင်မှတ်ကာ ပြောလိုက်သည်။
"မင်းက တစ်စုံတစ်ယောက်က သူ့ကို အသွင်ယူထားတယ်လို့ ပြောချင်တာလား၊ ခွဲစိတ်ထားတဲ့သူတွေဆိုရင် အမူအရာက တောင့်တောင့်ကြီး ဖြစ်နေမှာပေါ့၊ ကျန်ရော့ချန်းရဲ့ အမူအရာတွေက အရမ်းကို သဘာဝကျပြီး သက်ဝင်နေတာလေ၊ လျှောက်ပြီး သံသယ မဝင်စမ်းပါနဲ့။"
ကွမ်းရင်းကျွင်းက စစ်ဆေးရေးအခန်းထဲသို့ လှမ်းကြည့်လိုက်သည်။
"ဆက်ကြည့်ရအောင်။"
ဟော့ကျင်ကျယ်၏ မျက်လုံးများမှာ နီရဲနေပြီး မျက်ရည်များမှာ ကုလားထိုင်ပေါ်သို့ ကျလာတော့သည်။
ကျန်းရော့ချန်းသည် အနားရှိ စားပွဲပေါ်မှ တစ်ရှူးအချို့ကို ယူကာ ဟော့ကျင်ကျယ်၏ မျက်နှာပေါ်သို့ အသာအယာ ဖိပေးလိုက်သည်။
သူသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းပေးနေပြီး ဟော့ကျင်ကျယ် ငိုသံတိတ်သွားမှသာ ထပ်မံ၍ မေးလိုက်၏။
"ကဲ... အခု ပြောပြပါဦး၊ ဘာလို့ ကျွန်တော့်ကို အမှုထဲ ဆွဲထည့်ခဲ့တာလဲ""
ဟော့ကျင်ကျယ်သည် ကျန်းရော့ချန်း၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ပြီးနောက် မျက်ရည်များ စိုနေသော တစ်ရှူးများကို ကြည့်ကာ နောက်ဆုံးတွင် စကားပြောလိုက်တော့သည်။
"တစ်ယောက်ယောက်က ကျွန်တော့်ကို ပိုက်ဆံအများကြီး ပေးခဲ့တာပါ၊ သူက အသက် ၃၀ ဝန်းကျင်လောက်ရှိပြီး မျိုးရိုးနာမည်က ကျန်း တဲ့။"
အသက် ၃၀ လား။
ကျန်းမင်ရှန်းက အသက် ၅၀ ကျော်နေပြီဖြစ်ပြီး ကျန်းဟန်ယွီကမူ အသက် ၁၉ နှစ်သာ ရှိသေးသည်။
---