Ch 8
Viewers 781


အပိုင်း ( ၈ )


အဘိုးရဲ့ ခေါင်းမာမှုကြောင့် ဇနပုဒ်က တောသူမတစ်ယောက် ဖြစ်တဲ့ သူမဟာ သူ့သတို့သမီးလောင်းအဖြစ် ဟန်ဆောင်ရင်း မြို့တော်မှာ ခိုးကြောင်ခိုးဝှက် နေထိုင်ရပါတော့မည်။ ဖူမင်ရှစ်ဟာ သူမကြောင့် သူ့အသိမိတ်ဆွေတွေကြားမှာ အရှက်ကွဲနိုင်သည်။ 


ဖူမင်ရှစ်က ကားကို ပါကင်ထိုးရင်း “ ငါက ဘာကို ရှက်ရမှာလဲ။ ” ဟု ပြန်မေးသည်။ 


ကျန်းပေါင်ကတော့ ခေါင်းလေးကို တစ်ဖက်သို့ စောင့်ငဲ့ထားဆဲ ဖြစ်ကာ ချယ်ရီရောင် နှုတ်ခမ်းလေးများကို ဆူထော်ထားခဲ့သည်။ “ ကျွန်မက ဆင်းရဲပြီး ပညာမတတ်ဘူးလေ။ ”


ဖူမင်ရှစ်က သူမရဲ့ ခါးပတ်ကြိုးကို ဖြုတ်ပေးရင်း ညင်သာသော လေသံဖြင့် ပြောသည်။ “ စာကြိုးစားပေါ့ ၊ အဲ့ဒါဆို မင်း တက္ကသိုလ်တက်တဲ့အခါ ဘွဲ့တစ်ဘွဲ့ ရလိမ့်မယ်။ ” 


ကျန်းပေါင်က သူမရဲ့ တီရှပ်အစွန်းလေးကို ခေါင်းမာစွာ ဆွဲထားလိုက်သည်။ “ ပိုက်ဆံကိစ္စကရော ဘယ်လို လုပ်မလဲ။ လူချမ်းသာတွေက အဆင့်အတန်းချင်း တူတဲ့ လူကိုပဲ လပ်ထပ်ကြတာ မဟုတ်ဘူးလား။ ”


“ ငါ့မှာ ပိုက်ဆံပေါတယ်။ ချမ်းသာတဲ့ လူတစ်ယောက်ကို လက်ထပ်ဖို့ မလိုဘူး။ ” ဖူမင်ရှစ်က သူမဘက်က ကားတံခါးကို ဖွင့်ပေးလိုက်ပေမဲ့ ချက်ချင်း နောက်ပြန်ဆုတ်မသွားဘဲ လက်တစ်ဖက်ကို ထိုင်ခုံပေါ် တင်ထားလျက် ၊ ကျန်လက်တစ်ဖက်က တံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားလျက် သူ့ဆီမှာ ထောင်ချောက်မိနေတဲ့ ကောင်မလေးကို နီးနီးကပ်ကပ် အုပ်မိုးကြည့်နေခဲ့သည်။ 


ကျန်းပေါင်က သူ့ရဲ့ စူးရှသော အကြည့်ကြောင့် မျက်နှာလေး ရဲသွားပြီး ခေါင်းငုံ့လိုက်သည်။ “ ကောင်းပြီလေ။ အဲ့ဒါဆိုလည်း အနာဂတ်မှာ ကျွန်မကြောင့် အရှက်ရတယ်လို့ မခံစားမိစေနဲ့။ ”


ဖူမင်ရှစ်သည် အသားအရေထိန်းသိမ်းရေးပစ္စည်းတွေကို ကြေညာသည့် မော်ဒယ်တွေရဲ့ မိတ်ကပ်ပြင်ထားသော အသားအရေထက် တောက်ပနေတဲ့ သူမရဲ့ ပကတိ မျက်နှာ ၊ တဖျတ်ဖျတ် လှုပ်ခတ်နေသော မျက်တောင်များနှင့် ခပ်တင်းတင်း စေ့ပိတ်ထားသော နှုတ်ခမ်းတို့ကို သေချာ ကြည့်ပြီး သူ့ထိုင်ခုံမှာ ပြန်ထိုင်ကာ မသဲမကွဲ ပြောလိုက်သည်။ “ သူတို့ မင်းကို မြင်ရင် ငါ့ကိုပဲ အားကျကြမှာပါ။ ”


ကျန်းပေါင်သည် ထိုစကားကို သေချာ မကြားလိုက်၍ သူ့ကို နားမလည်နိုင်စွာ ကြည့်မိသည်။ ဒါပေမဲ့ ဖူမင်ရှစ်က ကားထဲက ထွက်သွားပြီ ဖြစ်သည်။ ကျန်းပေါင်သည် “ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်း ” ဟူသည့် စကားစုကိုသာ ဝိုးတိုးဝါးတား ဖမ်းဆုပ်မိကာ ဆိုလိုချင်သော အဓိပ္ပာယ်ကြောင့် အနည်းငယ် ရှက်သွေးဖြာသွားသည်။ ဖူမင်ရှစ်ရဲ့ သူမအပေါ် ဒီနေ့ ဆက်ဆံပုံကို ကြည့်ရသလောက် သူမကို အထင်သေးပုံမပေါ်ပါ။ သူမလည်း တခြားလူတွေရဲ့ အမြင်ကို ဘာလို့ ဂရုစိုက်နေဦးမှာလဲ … ။  


ကျန်းပေါင်က စိတ်အေးလက်အေးဖြစ်သွားကာ ကြီးမားသော ဈေးဝယ်စင်တာကြီးထဲသို့ သူနှင့်အတူ စူးစမ်းစွာ ၊ အနေရခက်စွာ ဝင်ရောက်လာခဲ့သည်။ 


ဖူမင်ရှစ်သည် ဈေးကြီးတဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေရဲ့ ဈေးနှုန်းတွေကြောင့် သူမ ထိတ်လန့်သွားမှာ စိုး၍ ဈေးသက်သာသော နာမည်ကြီး အင်္ကျီဆိုင်တွေကိုသာ ကျန်းပေါင်နှင့်အတူ လှည့်ပတ်ကြည့်ခဲ့သည်။ 


သူမအတွက်တော့ ယွမ် ရာဂဏာန်းတန် အဝတ်အစားတွေကိုတောင် ဈေးကြီးသည်ဟု ထင်မိသော်လည်း ယွမ် ထောင်ဂဏာန်းတန် အဝတ်အစားတွေထက် စာရင်တော့ လက်ခံနိုင်ဖွယ်ရာရှိသေးသည်။ သူမရဲ့ ကိုယ်ပိုင် သဘောကျမှုအရ ဝတ်စုံတစ်စုံ ရွေးလိုက်တာကို ဖူမင်ရှစ်က မကန့်ကွက်ဘဲ ပေကျင်းမှာ စာမေးပွဲဖြေတဲ့အခါ အဆင့်သင်ဖြစ်စေရန် နောက်ထပ် ဝတ်စုံ သုံး ၊ လေးစုံလောက် ထပ်ဝယ်ထားဖို့သာ အကြံပေးသည်။ 


အဝတ်အစားတွေ ဝယ်ပြီးသွားတော့ ဖိနပ်တွေ ဝယ်ဖို့ အလှည့်ကျလာခဲ့သည်။ 


ကျန်းပေါင်က ခင်းကျင်းပြသထားတဲ့ ဖိနပ်စင်တွေကို ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်ရှုရင်း တစ်နေရာအရောက်မှာတော့ လှပနုနယ်သော အဖြူရောင် ဒေါက်မြင့်ဖိနပ် တစ်စုံရှေ့မှာ သူမရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားသည်။ မြင်,မြင်ချင်း အချစ်ကဲ့သို့ အကြည့်မလွှဲနိုင်သော်လည်း ကိန်းဂဏာန်း ( ၄ ) လုံး ပါသော အောက်က ဈေးနှုန်းက သူမကို ခပ်တိုးတိုး ပင့်သက်ရှိုက်မိစေကာ အကြည့်လွဲသွားစေခဲ့သည်။ 


ကျန်းပေါင်သည် မြို့ပြကြီးမှာ ပစ္စည်းတွေအားလုံးက အရမ်း ဈေးကြီးတာပဲ ဟူသော အတွေးဖြင့် ဒေါက်မြင့်ဖိနပ်တွေကို ဖြတ်ကျော်လာခဲ့ကာ အဖြူရောင် ခြေညှပ်ဖိနပ် အပါးလေးကိုသာ ရွေးချယ်လိုက်သည်။ 


အရောင်းဝန်ထမ်းလေးက သူမရဲ့ ဖိနပ်ဆိုဒ်ကို သွားယူပေးနေချိန်မှာ နောက်ထပ် ဝန်ထမ်းလေးတစ်ယောက် ရောက်လာကာ သူမ ခုနတုန်းက လိုချင်ခဲ့တဲ့ အဖြူရောင် ဒေါက်ဖိနပ်လေးကို ပြုံးပြုံးလေး ချပေးသည်။ “ ဒါလေးက ဆိုဒ် ( ၃၅ ) ပါ ညီမလေး … တစ်ချက်လောက် ဝတ်ကြည့်ပေးပါဦးနော်။ ”


ကျန်းပေါင် အံ့အားသင့်စွာ လှည့်ကြည့်လိုက်တော့ ဆိုဖာနောက်မှာ ရပ်နေတဲ့ ဖူမင်ရှစ်ရဲ့ ပြုံးရိပ်သန်းနေသော မျက်လုံးများနှင့် ဆုံသည်။ 


ကျန်းပေါင်တစ်ယောက် မျက်နှာရဲရဲလေးနှင့် ဒေါက်ဖိနပ်တွေကို စမ်းဝတ်ကြည့်လိုက်ရသလို ဒေါက်ဖိနပ်နှင့် လိုက်ဖက်သည်ဟု ဖူမင်ရှစ် ညွှန်းဆိုတဲ့ ဂဏာန်း ( ၄ ) လုံး တန်ဖိုးရှိသည့် ဂါဝန်လေး တစ်ထည်ကိုလည်း ဝတ်ကြည့်ရသည်။ 


ဈေးဝယ်စင်တာထဲက ထွက်လာချိန်မှာတော့ ဖူမင်ရှစ်ရဲ့ လက်ထဲမှာရော ၊ ကျန်းပေါင်ရဲ့ လက်ထဲမှာရော အဝတ်အစားအိတ်တွေ အပြည့်။ 


“ လေယာဉ်က ဘယ်အချိန်လဲဟင်။ ” ကျန်းပေါင်က အထုပ်တွေ အားလုံးကို ကားထဲမှာ နေရာချပြီးနောက် ညနေ ငါးနာရီနောက်ပိုင်း လေယာဉ်ချိန်ကို သတိရသွား၍ ဖုန်းကို စိုးရိမ်တကြီး ထုတ်ကြည့်လိုက်တော့ အချိန်က လေးနာရီ ငါးဆယ် ဖြစ်နေပြီ ဖြစ်သည်။ 


“ ဘယ်အချိန် သွားမယ် ၊ ဘယ်အချိန် လေယာဉ်ထွက်မယ် ဆိုတာ ငါတို့ဘာသာ ဆုံးဖြတ်လို့ ရပါတယ်။ ” ဖူမင်ရှစ်ရဲ့ အပြုံးယဲ့ယဲ့က သူ့ဘဝမှာ ဈေးဝယ်ထွက်ရတာကို ပျော်စရာကောင်းတယ်လို့ ခံစားရတာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဖော်ပြနေသည်။ 


ကျန်းပေါင်ကတော့ သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ ဖူမိသားစုက လေကြောင်းလိုင်းတွေတောင် သူတို့စကားကို နားထောင်ရလောက်တဲ့ထိ ချမ်းသာ‌တာလား … ။ 


“ မင်း ညစာ ဘာစားချင်လဲ။ ” ဖူမင်ရှစ်က နေဝင်ချိန်ကို တစ်ချက် စစ်ကြည့်ပြီးတော့ ဒီဒေသရဲ့ နာမည်ကြီး အစားအစာတွေကို ရှာဖွေလိုက်သည်။ 


“ ကျွန်မတို့ လေဆိပ်ကို အရင်ဆုံး သွားတာ ပိုမကောင်းဘူးလား။ ” ကျန်းပေါင်က လူတွေ အပြည့်ရှိနေတဲ့ လေယာဉ်ကို သူမတို့အတွက်နှင့် မစောင့်ခိုင်းစေချင်ပါ။ ဖူမင်ရှစ်က ရယ်မောရုံသာ ရယ်မောပြီး သူမကို သူ့ဖုန်းမျက်နှာပြင်အား ပြသည်။ “ ဒီဟော့ပေါ့ဆိုင်က ရီဗျူးတွေ ကောင်းတယ်။ သွားစားချင်လား။ ”


ဖြောင်း‌ဖြလို့ မရတဲ့ သူဟာ အစားအသောက် ဓာတ်ပုံတွေကိုသာ ပြခဲ့ပါသည်။ ကျန်းပေါင်ကလည်း စားချင်စရာကောင်းသော ငရုတ်နီရောင် အသားပြုတ်ရည်ကို ကြည့်ကာ သွားရည်ယိုသွားမိသည်။ ဖူမင်ရှစ်က သူမရဲ့ အမူအရာကို ဖတ်ကာ ဘာစကားမှ မပြောတော့ဘဲ ဟော့ပေါ့ဆိုင်ကို တန်းမောင်းလာခဲ့သည်။ 


အစပ် ကောင်းကောင်း စားနိုင်တဲ့ ကျန်းပေါင်ရဲ့ နှုတ်ခမ်းလေးတွေက နှုတ်ခမ်းနီဆိုးထားသလို နီရဲနေကာ မျက်လုံးလေးတွေကတော့ ပျိုမျစ်နုနယ်သော ဆွဲဆောင်မှုဖြင့် တောက်ပနေ၏။


ဖူမင်ရှစ်က သူ့နက်ခ်တိုင်ကို အသာအယာ ဖြေလျှော့လိုက်သည်။ အားရပါးရ ညစာစားပြီးသွားတော့ သူမအား “ ချမ်းသာတဲ့ လူတစ်ယောက်နဲ့ စေ့စပ်ထားရတဲ့ ခံစားချက်က ဘယ်လို နေလဲ။ ” ဟု ရုတ်တရက် မေးမိသည်။ 


ပါးစပ်သုတ်နေတဲ့ ကျန်းပေါင်က သူ့မေးခွန်းကြောင့် မျက်လုံးလေး ပြူးသွားရှာသည်။ ဖူမင်ရှစ်က ဘာမှ ဆက်မပြောတော့ဘဲ ပြုံးရုံသာ ပြုံးပြီး စားပွဲထိုးလေးကို ပိုက်ဆံရှင်းဖို့အတွက် ဘေလ်တောင်းလိုက်ပါတော့သည်။ 


ကျန်းပေါင်သည် မကုန်သေးတဲ့ အသားပြုတ်ရည်ကို နှမြောတသ ကြည့်ရင်း ဖူမင်ရှစ် သူမကို အဝတ်အစားတွေ ဝယ်ပေးတာ ၊ အ‌စားအသောက်တွေ ဝယ်ကျွေးတာကို ပျော်ပျော်ကြီး လက်ခံနေတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိသည်။ ဒီပုံအတိုင်း ဆက်သွားလို့ မဖြစ်ပါ။ သူမရဲ့ အနာဂတ်ကို အာမခံချက်ရှိစေရန် စာကြိုးစားပြီး ဘွဲ့ရသည်နှင့် အလုပ်တစ်ခု ရှာရမည်။ အနည်းဆုံးတော့ ဟော့ပေါ့စားချင်တဲ့ အချိန်တိုင်း စားနိုင်အောင် ပိုက်ဆံရှာနိုင်ရမည်။ 


“ ဘာတွေ စဉ်းစားနေတာလဲ။ ” ဖူမင်ရှစ်က ထိုင်ခုံမှ ထလိုက်ပြီး အပေါ်ထပ်အင်္ကျီကို သူ့လက်တစ်ဖက်ပေါ်မှာ လွှားလိုက်သည်။ 


“ တက္ကသိုလ်ဘွဲ့ရတွေက တစ်လကို ပျမ်းမျှ လခ ဘယ်လောက် ရလဲဟင်။ ” သူနှင့် တစ်ရက်တာ အတူရှိပြီးနောက် သူမရဲ့အတွေးတွေကို ထုတ်ပြောဖို့ သက်သောင့်သက်သာရှိလာခဲ့သည်။ 


ဖူမင်ရှစ်က ခဏ စဉ်းစားပြီးမှ “ အနည်းဆုံး နှစ်ထောင် ၊ သုံးထောင်ဝန်းကျင်ကနေ အများဆုံး တစ်သောင်းကျော်လောက် ဖြစ်မယ် ထင်တယ်။ ဘွဲ့ရပြီး,ပြီးချင်းပေါ့။ ” ဟု ပြန်ဖြေလိုက်သည်။ 


ကျန်းပေါင် စိတ်အေးသွားသည်။ တစ်လကို နှစ်ထောင် ၊ သုံးထောင် ဆိုရင်တောင် ဒီလို ဈေးကြိးတဲ့ ဟော့ပေါ့ဆိုင်မျိုး မဟုတ်ပေမဲ့ ရံဖန်ရံခါ ဟော့ပေါ့စားဖို့တော့ လုံလောက်သည်။ 


“ မင်း အိမ်ဝယ်ချင်ရင် အခုအချိန်မှာ ပေကျင်းမှာ အနိမ့်ဆုံး ဈေးကလည်း တစ်သောင်း ၊ နှစ်သောင်းပဲ။ ” ဖူမင်ရှစ်က သူမနှင့် စကားစမြည် ပြောရင်း အလေးအနက် ထပ်ဖြည့်ပြောလိုက်သည်။ “ တစ်စကွဲယား မီတာကို အဲ့ဈေးနော်။ ”


“ တစ်စကွဲယား မီတာကို တစ်သောင်း ၊ နှစ်သောင်းတောင် ပေးရတာလား။ ” ကျန်းပေါင်သည် သူမရဲ့ နားတွေကိုတောင် မယုံကြည်နိုင်အောင် ဖြစ်သွားရလေသည်။ 


ဖူမင်ရှစ်က ခေါင်းညိတ်ပြီး ပြုံးပြသည်။ “ အိမ်ငှားတဲ့ ဈေးတွေကလည်း မသက်သာဘူး။ ”


ဘွဲ့ရပြီးနောက် ပေကျင်းမှာ အလုပ်,လုပ်ဖို့ တွေးနေတဲ့ အတွေးတွေကို ကျန်းပေါင်တစ်ယောက် ပြတ်ပြတ်သားသား စွန့်ပစ်လိုက်သည်။ 


“ မင်း နောက်ဆုံးအချိန်ထိ ငါနဲ့ လမ်းခွဲပြတ်စဲချင်တယ် ဆိုရင် ငါ မင်းကို အိမ် နှစ်လုံး ၊ သုံးလုံးလောက် လက်ဆောင်ပေးမှာပါ။ ” ဖူမင်ရှစ်က မှန်တံခါးကို တွန်းဖွင့်ရင်း သူမကို အဓိပ္ပာယ်ပါပါ လှည့်ကြည့်လိုက်သည်။


“ နေပါစေ … ” ကျန်းပေါင်က ပါးလေးတွေ နီရဲပူကျွမ်းလျက် အရင်ဆုံး ပြေးထွက်သွားသည်။ 


ဖူမင်ရှစ်သည် သူမနောက်ကို လိုက်သွားရင်း နီရဲနေတဲ့ ဘေးတစောင်း မျက်နှာလေးကို စောင်းငဲ့ကြည့်လိုက်သည်။ သူမကို အိမ်တစ်လုံးမှ ‌လက်ဆောင်ပေးစရာ မလိုပါ။ အကြောင်းကတော့ … သူ့အိမ်တွေ အားလုံးကလည်း သေချာပေါက် သူမအပိုင် ဖြစ်လာမှာမို့လို့ပါပဲ။ 


~


သူတို့နှစ်ယောက် လေဆိပ်ကို ရောက်သွားတော့ အချိန်က ည ( ၇ ) နာရီ ကျော်နေပြီ ဖြစ်သည်။ 


“ ညစာစားပြီးပြီလား ဘော့စ်ဖူ။ ” လေဆိပ်မှာ အချိန်အတော်ကြာ စောင့်နေတဲ့ ဒရိုင်ဘာနှင့် သက်တော်စောင့်တွေက ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ပြောင်းလဲဝတ်ဆင်ထားတဲ့ ကျန်းပေါင်ကို စိတ်ဝင်တစား ကြည့်ရင်း အနီးကပ် ကြည့်လိုက်တော့မှ ဒီတောသူမလေးက ပိုတောင် လှတာပဲဟု ခံစားလိုက်ကြရသည်။ 


ဖူမင်ရှစ်က သူတို့ကို “ ကားထဲမှာ ငါတို့ရဲ့ လက်ဂေ့ဂ်ျတွေ ရှိတယ် ၊ ဘယ်ပစ္စည်းကိုမှ မကျန်ခဲ့စေနဲ့နော်။ ” ဟု ပြောကာ ကျန်းပေါင်ရဲ့ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ “ သွားကြမယ်။ ”


ကျန်းပေါင်က ခေါင်းညိတ်ပြတော့ ဖူမင်ရှစ်က သူမ အတွေးမလွန်စေရန်အတွက် သူ့လက်ကို အမြန် ဖယ်ရှားလိုက်သည်။ သို့သော်လည်း ဒရိုင်ဘာက ထိုအပြုအမူကို မြင်ဖြစ်အောင် မြင်လိုက်သလို ဘော့စ်က “ ငါတို့ ” လို့ သုံးနှုန်းလိုက်တာကိုလည်း ကြားဖြစ်အောင် ကြားသွားသည်။ 


မနေ့မနက်တုန်းကမှ ဖူမင်ရှစ်က သူ့လက်ထောက်ကို ဒေါသတကြီး ဖုန်းဆက်ပြီး လေယာဉ်လက်မှတ် ဘိုကင်တင်ခိုင်းကာ တစ်ယောက်တည်း ပြန်မယ် တကဲကဲဖြစ်နေတာ မဟုတ်လား … ။ အဲ့ဒါနဲ့တောင် တစ်ရက်အကြာမှာ “ ငါတို့ ” လို့ သုံးနှုန်းရတဲ့ အနေအထားထိ ရောက်သွားတာလား … ။ 


ဒရိုင်ဘာသည် ကားနောက်ခန်းထဲမှာ ပြည့်သိပ်နေသော မိန်းကလေးအဝတ်အစားတွေ ၊ အိတ်တွေကို တပွေ့တပိုက် သယ်ယူရင်း အခုတော့ အခြေအနေကို နားလည်သွားလေသည်။ 


လေဆိပ်ရှိ ပစ္စည်းကိရိယာတွေက ခေတ်မီ အဆင့်မြင့်လွန်း၍ ကျန်းပေါင် ပါးစပ်အဟောင်းသား ဖြစ်နေရပါသည်။ 


ဖူမင်ရှင်က သူမကို ဧည့်လမ်းညွှန်းတစ်ယောက်ကဲ့သို့ အရာအားလုံးကို ရှင်းပြပေးနေပြီး ကျယ်ဝန်းသော ခန်းမကြီးထဲမှာ မီးရောင်တွေ တောက်ပလင်းလက်နေသည်။ ထိုအချိန်မှာပဲ အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်နှင့် သွယ်လျလှပသော အမျိုးသမီးတစ်ယောက်တို့ ယှဉ်တွဲလျှောက်လာတာကို သူမ မြင်လိုက်ရသည်။ 


တစ်ယောက်က ခန္ဓာကိုယ်ကို ငုံ့ကိုင်းပြီး စကားပြော‌ဝာကို ကျန်တစ်ယောက်က စိတ်ပါလက်ပါ နားထောင်နေ၏။ နားထောင်သူ အမျိုးသမီးရဲ့ မျက်နှာပေါ်မှာလည်း တစ်ခါတရံ အံ့အားသင့်သည့် အမူအရာလေး ပေါ်လာကာ ခေါင်းညိတ်လိုက် ၊ ပြုံးလိုက် လုပ်နေသည်။ ခပ်ဝေးဝေးက ကြည့်လျှင်တောင် သူတို့ဟာ အချစ်ငှက်လေးနှစ်ကောင်နှင့် တူသည်။


ဆယ်မိနစ်ကျော် ကြာပြီးနောက်မှာတော့ ကျန်းပေါင်က သူမရဲ့ ဘဝမှာ ပထမဆုံးအကြိမ် စီးနင်းလိုက်ပါရမယ့် လေယာဉ်ကို မြင်လိုက်ရသည်။ လေယာဉ်က အပြင်ပန်းက ကြည့်ရသလောက် နည်းနည်းလေး သေးငယ်သည်ဟု ခံစားမိသော်လည်း ဒီလို လေယာဉ်မျိုးကို တစ်ခါမှ မမြင်ဖူးတာကြောင့် ကိုယ့်အရှက်ကိုယ် ခွဲမိသလို ဖြစ်မှာ စိုး၍ သူမရဲ့ ထင်မြင်ယူဆချက်ကို ခဏ ထိန်းထားခဲ့သည်။ 


သူမ လေယာဉ်ပေါ်ကို ရောက်သည်နှင့် အထဲမှာ ထိုင်ခုံ အနည်းငယ်သာ ရှိကြောင်း တွေ့လိုက်ရပါသည်။ သူမ ဖူမင်ရှစ်ကို “ ဒီလေယာဉ်က ခရီး တစ်ကြောင်းကို ခရီးသည် ခုနှစ်ယောက် ၊ ရှစ်ယောက်လောက်ပဲ စီးလို့ ရတာလား။ ” ဟု တိုးတိုးလေး မေးလိုက်သည်။ 


ဖူမင်ရှစ်က ရယ်ချင်စိတ်ကို ထိန်းချုပ်ထားလိုက်ပေမဲ့ ရွှင်မြူးရိပ်တွေက သူ့မျက်လုံးထဲက လျှံထွက်လာတော့မလိုပင်။ “ မင်း ကိုယ်ပိုင် ဂျက်လေယာဉ် ဆိုတာကို ကြားဖူးလား။ ”


ကျန်းပေါင် မကြားဖူးသော်လည်း နာမည်အပေါ် မူတည်၍ အဓိပ္ပာယ်ကို နားလည်လိုက်ပါသည်။ ထို့ကြောင့် ခေါင်းငုံ့၍ ပြတင်းပေါက်ဘေး ထိုင်ခုံဆီ လျှောက်သွားပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမိခြင်းကို ရှက်ရွံ့စွာ အပြင်ဘက်ကို ကြည့်ချင်ယောင်ဆောင်နေလိုက်သည်။ 


ဖူမင်ရှစ်က သူမဘေးမှာ ဝင်ထိုင်သောအခါ ကျန်းပေါင်သည် မှန်ပြတင်းထဲကို မျက်နှာ နစ်ဝင်သွားတော့မလား ထင်မှတ်ရလောက်အောင်ပင် သူမရဲ့ မျက်နှာကို ပြတင်းပေါက်နှင့် နီးကပ်ထားလိုက်သည်။ 


“ ငါတို့ စထွက်တော့မှာ။ မင်းအတွက် ခါးပတ်ကြိုး တပ်ပေးမယ်။ ” ဟု ဖူမင်ရှစ်က ဂရုတစိုက် ပြောလျှင် ကျန်းပေါင်သည် မနက်တုန်းက ခါးပတ်ကြိုး အခြေအနေကို ပြန်သတိရသွားပြီး နားရွက်တွေ ဖြန်းခနဲ ရဲတက်လာမိသည်။ သူ့အကူအညီကို အမြန် ငြင်းဆန်ပြီး ခါးပတ်ကြိုးကို သူမဘာသာ ငုံ့ရှာနေလိုက်သည်။ 


သို့သာ်လည် လေယာဉ်ခါးပတ်ကြိုးတွေက ကားခါးပတ်ကြိုးတွေနှင့် မတူတာမို့ ကျန်းပေါင် နောက်တစ်ခေါက် ရှုံးနိမ့်သွားပြန်သည်။ 


ဖူမင်ရှစ်က ခါးပတ်ကြိုးကို ယူပြီး သူမရဲ့ ရင်ဘတ်တစ်ဝိုက်ကို ရှောင်၍ ခါးမှာ တပ်ပေးသည်။ ကျန်းပေါင်ကတော့ အတော်လေး အိုးတိုးအမ်းတမ်း ဖြစ်နေဆဲ ဖြစ်သည်။ အဲ့ဒီနောက် သူက လက်ပ်တော့ကို ဖွင့်ပြီး ဒီနေ့အတွက် အပြောင်းအလဲ အသစ်တွေ ရှိ ၊ မရှိ စစ်ဆေးနေသည်။


ကျန်းပေါင်ရဲ့ အာရုံကလည်း ထိုလက်တော့ပ်ပေါ်ကို ရောက်ရှိသွားကာ ဖူမင်ရှစ်က သူမကို ဝေ့ပေါ်နှင့် မိတ်ဆက်ပေးပြီး အကောင့်တစ်ခုကို ကူညီ မှတ်ပုံတင်ပေးသည်။ “ မင်း ပေးချင်တဲ့ နာမည်ပြောင် တစ်ခုကို စဉ်းစားကြည့်။ ” 


ရုတ်တရက်ကြီး အကောင့်နာမည်ပေးရမည် ဆိုသောကြောင့် ကျန်းပေါင်ရဲ့ စိတ်ထဲမှာ ဗလာကျင်းသွားသည်။ ဖူမင်ရှစ်က သူမကို စိုက်ကြည့်ပြီး ‘ နာမည်ပြောင် ’ ဆိုတဲ့ အကန့်လေးထဲမှာ ‘ သလင်းကျောက်ဖိနပ် ဝတ်ထားတဲ့ စင်ဒရဲလားလေး ’ ဟု လက်ချောင်းရှည်များဖြင့် စာရိုက်လိုက်သည်။ 


အသေအချာပဲ စင်ဒရဲလားပုံပြင်ကို ကျန်းပေါင် သိပါသည်။ သူမ ထိုနာမည်ပြောင်ကို စက္ကန့်ပိုင်းလောက် စိုက်ကြည့်နေပြီးမှ ရုတ်တရက် နှုတ်ခမ်းဆူကာ ဖန်သားပြင်ကို လက်ညိုးထိုး၍ နာမည်ပြောင်းချင်ကြောင်း ပြောလိုက်သည်။ ဒီလို လူသိများတဲ့ နာမည်မျိုးကို မကြိုက်ပါ။ လူတွေက ထိုနာမည်ကို ကြည့်ရုံနှင့် စင်ဒရဲလားကို တွေးမိနိုင်ပေမဲ့ သူမက လက်တွေ့ဘဝမှာ စင်ဒရဲလား အစစ်မှ မဟုတ်တာ … ။ 


“ မင်း အဲ့ဒီ ဒေါက်မြင့်ဖိနပ်တွေကို မကြိုက်ဘူးလား။ ” ဖူမင်ရှစ်က စကားဝှက်ကို သူ့ဘာသာ ရိုက်ထည့်လိုက်သည်။ 


ကျန်းပေါင်က နာမည်ပြောင်အကြောင်း စဉ်းစားပူပန်နေတာမို့ သူ စကားဝှက် ရိုက်ထည့်လိုက်တာကို သတိမထားမိလိုက်ပေ။ သူမ ဒေါက်မြင့်ဖိနပ်တွေအကြောင်း အကြံပြုဖို့ ပါးစပ်ပြင်နေချိန်မှာပဲ ဖန်သားပြင်ပုံပေါ်မှာ အောင်မြင်စွာ မှတ်ပုံတင်ပြီးကြောင်း မက်ဆေ့ခ်ျလေး ပေါ်လာခဲ့လေသည်။ 


“ မင်း ဒီနာမည်ပြောင်ကို တကယ် မကြိုက်ရင် ပြန်ပြောင်းလို့ ရပါတယ်။ ” ဟု ဖူမင်ရှစ်က ပြောရင်း ပြောင်းလဲပြင်းဆင်သည့် စာမျက်နှာကို ဖွင့်ကာ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်အား သူမကို ပေးအပ်လိုက်သည်။ “ မင်း တကယ် သဘောမကျရင် ငါ ပြန်ပြောင်းပေးလို့ ရတယ်။ ”


ကျန်းပေါင် နှုတ်ဆိတ်သွားမိသည်။ တကယ်တော့ ဖူမင်ရှစ် ရွေးချယ်ပေးတဲ့ နာမည်က တော်တော်လေး ကောင်းပါသည်။ 


“ ဒါဆို လောလောဆယ်တော့ ငါတို့ ဒီနာမည်ကိုပဲ သုံးကြတာပေါ့။ မင်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးရင် အဲ့နာမည်ကို ပြန်ပြောင်းပေးမယ်။ ” ဖူမင်ရှစ်က ကျန်းပေါင်ကို အရင်ဆုံး Follow လုပ်လိုက်သည်။ သူ Follow လုပ်ပြီးချိန်မှာပဲ မေးလ်အသစ် တစ်စောင် ဝင်လာခဲ့သည်။ 


သူက သူမအား မိုဘိုင်းဖုန်းမှာ Log in ဝင်နည်းကို ဆက်လက် သင်ပေးရင်း တစ်ချိန်တည်းမှာပဲ သူ့အလုပ်အီးမေးလ်တွေကို ပြန်ဖြေနေခဲ့သည်။

***