အပိုင်း ( ၇ )
နောက်တစ်နေ့ ရောက်တော့ သူတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် အိပ်ရာနိုးလာခဲ့သည်။ ကျန်းပေါင်က ဆန်ပြုတ် ပြုတ်ကာ ဟင်းလျာအဖြစ် ဝက်အူချောင်းခြောက်တွေကို ပေါင်းပေးထားသည်။
ဖူမင်ရှစ်သည် ဝက်အူချောင်းခြောက်ကို တစ်ခါမှ မစားဖူးသော်လည်း ယဉ်ကျေးမှုအရ တစ်ကိုက် ကိုက်ကြည့်လိုက်တော့ ပါးစပ်ထဲမှာ ဝါးလေ,လေ ၊ အရသာပိုထွက်လာလေ ဖြစ်တဲ့ အနည်းငယ် စပ်ရှားရှား လေးလေးပင်ပင် အရသာကြောင့် အတော်လေး အံ့အားသင့်သွားရလေသည်။
“ ဒီဝက်အူချောင်းခြောက်တွေကို မင်း လုပ်ထားတာလား။ ” ဖူမင်ရှစ်က ဆန်ပြုတ် နှစ်ခွက်ကို တစ်ထိုင်တည်း သောက်ပြီးနောက် ကျန်သေးတဲ့ ဝက်အူချောင်းတွေကို လက်ညိုးထိုး၍ မေးလိုက်တော့ ကျန်းပေါင်က ခေါင်းညိတ်ပြသည်။
ဖူမင်ရှစ်က သူမရဲ့ နှင်းဆီသွေးရောင် နှုတ်ခမ်းတွေထံမှ အကြည့်လွှဲကာ “ တော်တော် စားကောင်းတယ်။ ” ဟု ပြန်ပြောလိုက်သည်။
အိမ်မှာ ဝက်အူချောင်းခြောက် နည်းနည်း ကျန်နေသေးတာမို့ ကျန်းပေါင်က ထိုဝက်အူချောင်းခြောက်တွေကိုပါ ယူသွားရင် ကောင်းမလား ဆိုတာ ချိတုံချတုံ စဉ်းစားရင်း “ ဒါဆို လမ်းမှာ စားဖို့ ယူသွားကြမယ်လေ။ ” ဟု ခပ်သွက်သွက် ပြောလိုက်သည်။
ဖူမင်ရှစ်က ထိုအကြံကို မဆိုင်းမတွ ငြင်းပယ်သည်။ “ အဲ့ဝက်အူချောင်းတွေကို အဘွားကောကို ပေးလိုက်ပါ။ ကြက်တွေကိုရော ပေးလိုက်။ ကြက်တွေကိုပါ ခေါ်သွားဖို့ အဆင်မပြေဘူး။ ”
ကျန်းပေါင်က သူတို့နှင့် ခွဲခွာဖို့ တွန့်ဆုတ်နေမိကာ “ ကြက်တွေကို ယွမ် လေးရာ ၊ ငါးရာနဲ့ ရောင်းလို့ ရတယ်။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။ အခု သူမမှာ အတော်လေ ပိုက်ဆံပြတ်လပ်နေတာပါ။
ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ပွင့် ပေါ်လာသည်။ “ မင်းက အဘိုးကို ကူဂရုစိုက်ပေးနေတာ ဆိုတော့ ငါ မင်းကို လတိုင်း ပုံမှန် လစာတစ်ခု ပေးပါ့မယ်။ ”
ကျန်းပေါင် သူ့စကားကို လက်ခံလိုက်ပါသည်။ သူမ ပေကျင်းကို ရောက်တော့မှ တကယ့် အလုပ်တစ်ခုကို ကြိုးစားရှာကြည့်လို့ ရသည်။
အဘွားကောအား အကျိုးအကြောင်း သွားရှင်းပြီးနောက် ဖူမင်ရှစ်သည် ကျန်းပေါင်ရဲ့ ခရီးဆောင်လက်ဆွဲသေတ္တာကို ကူသယ်ပေးဖို့ သူမနှင့်အတူ အပေါ်ထပ်ကို တက်လာခဲ့သည်။
ကျန်းပေါင်က ယွမ် ဆယ်ဂဏာန်းသာ တန်ဖိုးရှိသော ခရီးဆောင်လက်ဆွဲသေတ္တာထဲမှာ ပစ္စည်းတွေ အပြည့်အသိပ် ထည့်ထားသည်။ ဖူမင်ရှစ်က သေတ္တာကို မနည်း အားစိုက်၍ မ,လိုက်ပြီးနောက် ချက်ချင်းပဲ ပြန်ချကာ ဘာပစ္စည်းတွေ ထည့်ထားတာလဲဟု သူမကို မေးလိုက်သည်။
ကျန်းပေါင်က လက်ဆွဲသေတ္တာကို လေးလွန်းသည်ဟု ခံစားရသောကြောင့် ကိုယ်တိုင် သယ်ချင်နေသော်လည်း ဖူမင်ရှစ်က စာအုပ်တစ်အုပ်မှ မရှိတော့တဲ့ အခန်းထောင့်က စာအုပ်စင်ကို ကြည့်ကာ ကျန်းပေါင်ကို ဟန့်တား၍ လက်ဆွဲသေတ္တာကို ဖွင့်ကြည့်လိုက်သည်။
သေတ္တာအောက်ဆုံးမှာ အဝတ်အစားတွေ အပြည့်အသိပ် ထည့်ထားပြီး အပေါ်ဆုံးမှာတော့ အုတ်နီခဲ တစ်ခဲစာ အထူရှိသည့် အဘိဓာန်စာအုပ် အထူကြီး နှစ်အုပ် အပါအဝင် အထက်တန်း ပုံနှိပ်စာအုပ်တွေ အထပ်လိုက် ထည့်ထားသည်။
ဖူမင်ရှစ်က “ မင်းက ကိုယ့်ဘာသာ လေ့လာနေတာလား။ ” ဟု ဟောင်းနွမ်းရိဖတ်နေတဲ့ အင်္ဂလိပ် ပုံနှိပ်စာအုပ် တစ်အုပ်ကို လှန်ကြည့်ရင်း အံ့အားတသင့် မေးတော့ ကျန်းပေါင်က ခေါင်းခါပြကာ အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ ကိုယ့်ဘာသာ လေ့လာနေတာ မဟုတ်ပါဘူး။ ကျွန်မ အိမ်မှာ တစ်ယောက်တည်း ပျင်းတော့ စာအုပ်တွေ ဖတ်ပြီး အချိန်ဖြုန်းနေတာပါ။ ”
စာဖတ်ရတာကို ကြိုက်တဲ့ ကျန်းပေါင်ဟာ ကျောင်းထွက်ပြီးနောက်ပိုင်း အိမ်မှာ ပျင်းပျင်းရှိသည်နှင့် ရွာထဲက ကောလိပ်တက်နေတဲ့ အိမ်နီးချင်း ကောင်မလေးတစ်ယောက်ထံမှ စာအုပ်တွေ ငှားလေ့ရှိသည်။ ဒီစာအုပ်တွေ အကုန်လုံးကို ထိုကောင်မလေး ပေးထားတာပင်။
ဖူမင်ရှစ်ရဲ့ ခေါင်းထဲမှာ အတွေးတစ်ခု ပြိုးပြက်သွားကာ ကျန်းပေါင်ကို ကြည့်ပြီး ပြောလိုက်သည်။ “ ငါ မင်းကို ပေကျင်းမှာ ကျောင်းပြောင်းတက်နိုင်အောင် ကူညီပေးမယ် ၊ ပြီးရင် ကျူတာဆရာတွေ ငှားပြီး မင်းကို တစ်လလောက် သေချာ စာသင်ပေးမယ်။ စာကောင်းကောင်း လေ့လာပြီး ဒီနှစ် ဇွန်လထဲမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေပေါ့။ ”
သူ့အဆက်အသွယ်တွေကို အသုံးပြုလိုက်လျှင် သူမအတွက် ကောလိပ်ဝင်ခွင့် ဒီပလိုမာအတုကို အလွယ်တကူ ရရှိနိုင်သော်လည်း စာဖတ်ရတာ ကြိုက်တဲ့ ကျန်းပေါင်အား သူမရဲ့ ကိုယ်ပိုင် အရည်အချင်း တစ်ခုတည်းကို အားကိုး၍ ဘယ်အဆင့်ထိ ရောက်နိုင်မလဲ သိချင်သည်။
ကျန်းပေါင်ကတော့ ယုံကြည်ချက် သိပ်မရှိပေ။ “ ကောလိပ်ဝင်ခွင့်စာမေးပွဲလား … ။ ကျွန်မ စားမေးပွဲရော အောင်ပါ့မလား။ ”
“ မင်း မကြိုးစားကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိမှာလဲ။ ” ဖူမင်ရှစ်က သူ့လက်ဆွဲသေတ္တာကို ဆွဲပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်။ “ အဝတ်နှစ်စုံက လွဲပြီး ကျန်တာတွေ အားလုံး ထားခဲ့။ ငါ မင်းအတွက် ပေကျင်းမှာ စာအုပ်အသစ်တွေ ဝယ်ပေးမယ်။ ”
ထို့နောက် ကျန်းပေါင်ကို ငြင်းဆန်ခွင့်မပေးဘဲ သူ အရင်ဆုံး ထွက်လာခဲ့လိုက်သည်။
ကျန်းပေါင်က သူမရဲ့ လက်ဆွဲသေတ္တာ အလေးကြီးကို တစ်လှည့် ၊ ဖူမင်ရှစ်ရဲ့ အကောင်းစား လက်ဆွဲသေတ္တာကို တစ်လှည့် ကြည့်လိုက်သည်။ သေတ္တာနှစ်လုံးကို ယှဉ်တွဲ ကြည့်ရသည်မှာ နည်းနည်းလေး မအပ်မစပ် ဖြစ်နေတာမို့ သူမ အကြိုက်ဆုံး ဝတ်စုံနှစ်စုံကို နာခံစွာ ရွေးထုတ်ကာ အတွင်းခံနှင့် ဘရာစီယာတွေကိုတော့ သေတ္တာကို ဖူမင်ရှစ် ဖွင့်ကြည့်တဲ့အခါ မမြင်စေရန် ရှပ်အင်္ကျီလက်ထဲ တိတ်တိတ်လေး ထိုးထည့်ထားလိုက်သည်။
ကျန်းပေါင်သည် လက်ဆွဲသေတ္တာကို ဇစ်ပိတ်ပြီး သယ်လာခဲ့လိုက်သည်။ သူမ တံခါးအပြင်ဘက်ကို ရောက်သည်နှင့် အနက်ရောင် အနောက်တိုင်းဝတ်စုံ ၊ ခပ်မတ်မတ် ကိုယ်ဟန်နှင့် ကားဘေးမှာ ရပ်နေသော ဖူမင်ရှစ်ကို မြင်လိုက်ရသည်။
ဖူမင်ရှစ်က ဘာစကားမှ မပြောဘဲ သူမရဲ့ ခရီးဆောင်လက်ဆွဲသေတ္တာကို ယူကာ လှေကားဘက်ကို ချက်ချင်းပဲ လျှောက်သွားသည်။
ကျန်းပေါင်က သူ့နောက်ကို တိတ်ဆိတ်စွာ လိုက်လာရင်း သူမနှင့် စိမ်းသက်နေတဲ့ “ သတို့သားလောင်း ” ရဲ့ ကျောပြင်ကို တစ်လှည့် ၊ သူမနှင့် ရင်းနှီးကျွမ်းဝင်နေသည့် အိမ်အောက်ထပ်က ပရိဘောဂ အဟောင်းတွေကို တစ်လှည့် ကြည့်လိုက်မိသည်။ သူမ ရုတ်တရက်ပဲ အိပ်မက်,မက်နေသလို ခံစားလိုက်ရ၏။
“ မင်း ဒီမှာ ထိုင်လိုက်။ ” ဖူမင်ရှစ်က လက်ဆွဲသေတ္တာကို နေရာချပြီးနောက် သူမအတွက် ခရီးသည်ထိုင်ခုံတံခါးကို လာဖွင့်ပေးသည်။
ကျန်းပေါင်က တုံ့နှေးသော ခြေလှမ်းများဖြင့် လျှောက်သွားပြီး အနက်ရောင် Volkswagen ကားကြီးထဲကို ဝင်လိုက်ပါသည်။ သူမ ကားထဲ ရောက်သည်နှင့် ကားတံခါး ပိတ်သွားကာ ခြေသံတွေ ထွက်ပေါ်လာပြီးနောက် ဖူမင်ရှစ်က ကားကို တစ်ပတ် ပတ်၍ တစ်ဖက်ခြမ်းမှာ ဝင်ထိုင်လိုက်သည်။ ထိုင်ခုံမှာ ထိုင်လိုက်တော့ သူ့ခြေထောက်တွေက ပိုရှည်သွားသည်။
“ ခါးပတ်ကြိုး။ ” ဖူမင်ရှစ်က ကားကို အရင်ဆုံး နောက်ကြောင်းပြန်လှည့်ကာ ထွက်ခွာဖို့ အသင့်ပြင်ပြီးမှ သူမရဲ့ ပခုံးမှာ ခါးပတ်ကြိုး မပတ်ရသေးတာကို သတိထားမိသွားသည်။
ကျန်းပေါင်က ငုံ့ကြည့်ပြီး ဝေ့ဝဲရှာကြည့်လိုက်သော်လည်း ဘယ်တစ်ခုက ခါးပတ်ကြိုးလဲ ဆိုတာ မဝေခွဲနိုင်ပေ။ သူမဘဝမှာ Sedan ကားကို စီးဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ အရင်တုန်းက ဘတ်စ်ကားတွေ ၊ ဗန်ကားတွေကိုသာ သူမ စီးဖူးခဲ့သည်။
ကျန်းပေါင်သည် ထိုင်ခုံခါးပတ်ကို ရှာမတွေ့ရတဲ့ကြားထဲ တစ်ချိန်တည်းမှာ သူမကို စိုက်ကြည့်နေတဲ့ အမျိုးသားရဲ့ အကြည့်ကို ခံစားမိသောကြောင့် ရှက်ရွံ့လာမိသည်။
“ ဒီလို လုပ်ရတယ်။ ” ဖူမင်ရှစ်က တစ်ဖက်ကို လှည့်ကာ ခါးပတ်ကြိုးကို လှမ်းဆွဲလိုက်သည်။
ကျန်းပေါင်က သူ့လက်လှုပ်ရှားမှုကို ကြည့်ကာ နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး ခါးပတ်ကြိုးကို သူမဘာသာ လှမ်းဆွဲဖို့ ဟန်ပြင်လိုက်ပေမဲ့ ဖူမင်ရှစ်က သူမအတွက် ထိုင်ခုံခါးပတ်ကို စတင် ချိန်ညှိပေးနေခဲ့ပါပြီ။
သူမက ငြိမ်ငြိမ်လေး ထိုင်နေပြီး ခါးပတ်ကြိုး ဘယ်လို ပတ်ရသလဲ ဆိုတာ ကြည့်ချင်သော်လည်း သူမ ခေါင်းငုံ့လိုက်သည်နှင့်တစ်ပြိုင်နက် ခါးပတ်ကြိုးက သူမရဲ့ ရင်ဘတ်ကို ဖြတ်၍ အကျအန ပတ်ချည်ပြီးပြီ ဆိုတာ တွေ့လိုက်ရ၏။
ကျန်းပေါင်ရဲ့ မျက်နှာက ပန်းသွေးရောင်သန်းလာပြီး ရှက်ရွံ့စွာဖြင့် တစ်ဖက်ကို မျက်နှာလှည့်လိုက်သည်။
ဖူမင်ရှစ်က သူမရဲ့ သေးသွယ်သော ခန္ဓာကိုယ်လေးပေါ်မှာ ခါးပတ်ကြိုးရဲ့ အကျိုးသက်ရောက်မှုကို ဒီလောက် သိသာထင်ရှားစွာ မြင်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့။ သူမကို ခါးပတ်ကြိုး ဘယ်လို ပတ်ရမလဲ ဆိုတာ သင်ပေးချင်ရုံသာ ဖြစ်သော်လည်း နီရဲတက်လာတဲ့ သူမရဲ့ လည်ပင်းကို မြင်ရပြီးနောက်မှာ သင်ပေးချင်စိတ် မရှိတော့ပေ။
ခါးပတ်ကြိုးကိုသာ အမြန် ပတ်ချည်ပေးလိုက်ပြီး စတီယာရင်ဘီးကို ပြန်ဆုပ်ကိုင်ကာ ရှေ့တည့်တည့်ကိုသာ မျက်လုံးအကြည့်ပို့၍ အာရုံစိုက်ထားလိုက်တော့သည်။
ကားက အတန်ကြာ ခရီးရောက်တော့မှ တစ်ဖက်ကို လွှဲထားတဲ့ ကျန်းပေါင်ရဲ့ ခေါင်းက ပြန်မော့လာခဲ့သည်။ ကားထဲက လေထုက နည်းနည်းလေး တင်းမာနေသလို ခံစားရသည်။ အနည်းဆုံးတော့ သူမ အဲ့ဒီလို ထိုင်နေတာက ဖူမင်ရှစ်အတွက် အာရုံပျက်ပြားစေသည်။
ဖူမင်ရှစ်က လမ်းဘေးတစ်နေရာမှာ ကားရပ်ကာ ဖုန်းကို ထုတ်၍ “ ငါ့ဖုန်းထဲမှာ ဂိမ်းတွေ ရှိတယ် … ဆော့ချင်လား။ ” ဟု မေးလိုက်တော့မှ ကျန်းပေါင်က အနည်းငယ် နီရဲနေဆဲ မျက်နှာဖြင့် နောက်ဆုံးတော့ သူ့ဘက်ကို လှည့်ကြည့်သည်။
“ ဘာဂိမ်းတွေလဲ။ ”
“ ခဏလေးစောင့်။ ” ဖူမင်ရှစ်က မိန်းကလေးတွေကြားမှာ နာမည်ကြီးသော ရိုးရိုးရှင်းရှင်း ဂိမ်းလေးတွေကို ရှာလိုက်ပြီး သူမ ကြိုက်လောက်မည် ထင်သော ဂိမ်းတွေကို ရွေးချယ်၍ ဒေါင်းလုတ်ဒ်ဆွဲလိုက်သည်။
ဖူမင်ရှစ်က ဖုန်းမျက်နှာပြင်ကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။ ဖူမင်ရှစ်က သူမအတွက် အဝတ်အစားအလှဆင်တဲ့ ဂိမ်းကို ဒေါင်းလုတ်ဒ်ဆွဲပေးလိုက်တာ ဖြစ်ပါသည်။
ကျန်းပေါင်သည် အထက်တန်းကျောင်းတက်နေချိန်မှာ ဖုန်းမသုံးနိုင်ခဲ့ပါ။ သူမ လက်ရှိ အသုံးပြုနေတဲ့ နိုကီရာ ဖုန်းအဟောင်းလေးကို သူမအဖေက အမွေပေးထားခဲ့တာ ဖြစ်ပြီး ထိုဖုန်းနှင့် မက်ဆေ့ခ်ျပို့ရုံ ၊ ဖုန်းခေါ်ရုံသာ လုပ်လို့ ရသည်။
ဖူမင်ရှစ်ရဲ့ ဖုန်းက သူမအတွက် နည်းပညာအဆင့်မြင့်လွန်းတာမို့ သူ ဒေါင်းလုတ်ဒ်ဆွဲပေးထားတဲ့ ဂိမ်းတွေကို နားလည်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။
ဖူမင်ရှစ်က ကားကို လမ်းဘေးတစ်နေရာမှာ ထပ်ရပ်ကာ သူမအတွက် အင်္ဂလိပ်စကားပြော နားလည်မှု စမ်းသပ်မေးခွန်း တချို့ကို ဖွင့်ပြလိုက်၏။ ကျန်းပေါင်ဟာ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေရတော့မည့် အထက်တန်းကျောင်းသူလေးတစ်ယောက်အနေဖြင့် ထိုသင်ခန်းစာတွေကို အထူး စိတ်ဝင်စားပုံပေါ်ကာ ခေါင်းလေးကို စောင်းငဲ့၍ နားကြပ်တပ်ကာ အာရုံစူးစိုက်စွာဖြင့် နားထောင်နေခဲ့သည်။
အခု သူမမှာ အာရုံစိုက်စရာ ရှိသွားပြီမို့ ဖူမင်ရှစ်လည်း ကားမောင်းဖို့ ပြန်အာရုံစိုက်နိုင်သွားပြီ ဖြစ်လေသည်။
နေ့လယ် တစ်နာရီစွန်းစွန်းမှာတော့ သူတို့ C မြို့တော်ကို ရောက်လာခဲ့သည်။ သူ့အဘိုးက အလာတုန်းက ကိုယ်ပိုင် ဂျက်လေယာဉ်နှင့် လာခဲ့သော်လည်း အပြန်မှာတော့ ပုံမှန် လေကြောင်းလိုင်းနှင့် ပြန်သွားကာ ကိုယ်ပိုင် ဂျက်လေယာဉ်ကို သူ့အတွက် ချန်ထားပေးခဲ့သည်။
ဖူမင်ရှစ်က ဟိုင်းဝေးလမ်းမကြီးပေါ်က ဆင်းကာ သူ့ဒရိုင်ဘာနှင့် သက်တော်စောင့်တွေကို ဖုန်းဆက်တော့မှ ထိုအစီအစဉ်တွေကို သိခဲ့ရတာပင်။ ခရီးသည်ထိုင်ခုံမှာ အိပ်မောကျနေတဲ့ ကျန်းပေါင်ကို လှည့်ကြည့်မိတော့ ဘာ့ကြောင့်မှန်းမသိ ပြုံးမိသွားသည်။
အဘိုးက ကျန်းပေါင်ကို ဖူမိသားစုရဲ့ ပိုင်ဆိုင်မှုနဲ့ ဟိတ်ကြီးဟန်ကြီးတွေကို ကြွားဝါချင်နေတာလား … ။ ဒါပေမဲ့ ကျန်းပေါင်ကတော့ ငွေကြေးကို တပ်မက်တဲ့ မိန်းကလေးမျိုး မဟုတ်ပါ။
ဖူမင်ရှစ်သည် ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ခရီးသွားရမှာမို့ အချိန်အကန့်အသတ် မရှိတော့၍ ဈေးဝယ်စင်တာကြီးတစ်ခုသို့ ဦးတည်မောင်းနှင်လာခဲ့လိုက်သည်။ လမ်းမှာ သူတို့ မိုဘိုင်းဖုန်းဆိုင် တစ်ဆိုင်ကို ဖြတ်ကျော်လာခဲ့ရာ ဖူမင်ရှစ်က ရုတ်တရက် ဆုံးဖြတ်ချက်ချပြီး လမ်းကြောင်းပြောင်းလိုက်သည်။
ကားရပ်သွားတော့ ကျန်းပေါင်လည်း ရုတ်တရက် နိုးလာကာ ပါးစပ်ကို လက်နှင့် အုပ်ရင်း သမ်းဝေနေခဲ့သည်။ ဖူမင်ရှစ်က သူမရဲ့ ခါးပတ်ကြိုးကို ဖြည်ပေးရင်း “ သွားရအောင်။ ” ဟု ပြောကာ သူမဘက်က တံခါးကို ဖွင့်ပေးလိုက်သည်။
အနေအထားက အရမ်းကို နီးကပ်နေတာမို့ သူ့ရဲ့ ထွင်းထုထားသည့်ပမာ ပုံကျပြတ်သားသော ဘေးတစောင်း မျက်နှာက သူမရဲ့ မြင်ကွင်းကို ဖုံးလွှမ်းထားကာ စူးရှသော မျက်လုံးများကို မျက်တောင်ရှည်တို့ဖြင့် အနားသတ်ထားသည်။
ကျန်းပေါင်က သူ့ပခုံးနှင့် ထိတိုက်မိမှာကို စိုးရိမ်သောကြောင့် ထိုင်ခုံထဲကို နစ်မြုပ်ဝင်သွားမတတ် နောက်ဆုတ်ထားပြီး ဖူမင်ရှစ် သူ့ခန္ဓာကိုယ်ကို ပြန်မတ်တဲ့ အချိန်ထိ စောင့်နေခဲ့သည်။ သူ ဘေးဖယ်သွားသည်နှင့် တစ်ပြိုင်နက် ကားပေါ်က အမြန် ပြေးဆင်းလာခဲ့လိုက်တော့ လတ်ဆတ်သော ပြင်ပလေထုဟာ ကားတွေ ပျားပန်းခတ်မျှ သွားလာနေသော လမ်းမကြီးနှင့်အတူ ကြိုဆိုသည်။
ခပ်ဝေးဝေးမှာတော့ မိုးမျှော်တိုက် အဆောက်အအုံတွေကို တွေ့ရသည်။ လေဆိပ်နှင့် တူသော အဆောက်အုံကို သူမ ကြိုးစားရှာဖွေကြည့်သော်လည်း သူတို့ဘေးက မိုဘိုင်းဖုန်း အရောင်းဆိုင်ကိုသာ တွေ့လိုက်ရ၏။ ဖူမင်ရှစ်ကတော့ ကားကို လော့ခ်ချပြီး ထိုဆိုင်ရှေ့မှာ သူမကို ရပ်စောင့်နေသည်။
“ လေဆိပ်က ဘယ်မှာလဲ။ ” ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ ရည်ရွယ်ချက်တွေကို မရိပ်စားမိသေး။
“ မင်းအတွက် ဖုန်းအသစ်တစ်လုံး အရင် ဝယ်ရအောင်။ မင်းရဲ့ အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေက ဓာတ်ပုံတွေ ၊ အသံမက်ဆေ့ခ်ျတွေ မကြာခဏ ပို့လိမ့်မယ်။ မင်းရဲ့ လက်ရှိဖုန်းက အဲ့ဒီ လုပ်ဆောင်ချက်တွေ မလုပ်နိုင်ဘူး ၊ အဲ့ဒီတော့ မင်းရဲ့ ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်။ ”
ဖူမင်ရှစ်က ဖုန်းဆိုင်ထဲကို ဝင်သွားရင်း သူမ ဘာကြောင့် ဖုန်းအသစ် လိုအပ်တာလဲ ဆိုတဲ့ အကြောင်းပြချက်တွေကို ရွတ်ပြသွားသည်။
ဘာနှိုင်းယှဉ်မှုမှ မရှိလျှင် ထိခိုက်မှုလည်း ရှိမည် မဟုတ်ပါ။ ဖူမင်ရှစ်ရဲ့ ဖုန်းနှင့် ဂိမ်းဆော့ပြီးနောက်မှာ သူမရဲ့ ဖုန်းက ဆိုးဆိုးဝါးဝါး ဒိတ်အောက်နေတယ် ဆိုတာကို ကျန်းပေါင်လည်း သိပါသည်။ မဖြစ်မနေ ဖုန်းအသစ် ဝယ်ရမယ် ဆိုလည်း ဝယ်လိုက်ပါတော့မည်။ သူမရဲ့ အကောင့်ထဲမှာ ယွမ် ( ၂၀၀၀ ) ရှိတာမို့ ပိုက်ဆံလောက်ဖို့တော့ မျှော်လင့်ရသည်။
ဖူမင်ရှစ်ရဲ့ ဖုန်းနှင့် ဆင်တူပုံပေါ်သော အဘွားကောရဲ့ မြေးရဲ့ ထိတွေ့ အသုံးပြုနိုင်သည့် ဖန်သားပြင်စနစ် ပါတဲ့ ဖုန်းက ယွမ် ( ၁၀၀၀ ) ကျော်လောက်သာ ပေးရသည်တဲ့။
ဖုန်းအရောင်းဆိုင်ထဲက အရောင်းဝန်ထမ်း အမျိုးသမီး လေး ၊ ငါးယောက်က ဖူမင်ရှစ် ကားပေါ်က ဆင်းလာတာကို မြင်သည်နှင့် ကျေနပ်ပီတိ ဂွမ်းဆီထိသွားကာ ဖုန်းတွေကို ခိုးကြောင်ခိုးဝှက် ထုတ်ယူ၍ တိတ်တိတ်လေး ဓာတ်ပုံရိုက်ပြီးကြပြီ ဖြစ်သည်။ ရုပ်ချောတဲ့ ယောက်ျားတွေ မရှားပေမဲ့ ဒီလို ထိပ်တန်းအဆင့် မျက်စိအစာကျွေးချင်စရာလေးကတော့ မကြာခဏ ရောက်မလာတတ်ဘူး မဟုတ်လား … ။
သို့သော် ဆိုင်ထဲကို ဖူမင်ရှစ် ဝင်လာသည်နှင့် တစ်ပြိုင်နက် သူတို့ရဲ့ ဖုန်းတွေကို သိမ်းဆည်းလိုက်ပြီး တာဝန်ကျေပွန်သော စံပြဝန်ထမ်းတွေကဲ့သို့ ပြုမူနေခဲ့ကြသည်။
ဖူမင်ရှစ်က နောက်ဆုံးပေါ် နမူနာဖုန်းတွေကို ခင်းကျင်းပြသထားသည် နေရာသို့ တန်းတန်းမတ်မတ် သွားကာ “ ဒီဇိုင်းတွေ အားလုံးက အတူတူပဲ။ မင်း ဘာအရောင် ကြိုက်လဲ။ ” ဟု မေးလိုက်သည်။
ကျန်းပေါင်က ကောင်တာအစွန်းလေးကို ကိုင်ရင်း ဈေးနှုန်းစာတန်းတွေကို အရင်ဆုံး ခိုးကြည့်လိုက်သည်။ ကိန်းဂဏာန်း ( ၄ ) လုံး ပါရှိတဲ့ ဈေးနှုန်းတွေဟာ အဘွားကောရဲ့ မြေးရဲ့ ဖုန်းကို အလုံးရေ များစွာ ဝယ်ယူနိုင်သည်။ ခေါင်ခိုက်နေတဲ့ ဈေးနှုန်းတွေက ကျန်းပေါင်အား ခင်းကျင်းပြသထားသော နမူနာဖုန်းတွေကိုတောင် မထိ မကိုင်ရဲအောင် ဖြစ်သွားစေခဲ့သည်။
“ ငါ ပိုက်ဆံရှင်းမှာပါ။ ” ဖူမင်ရှစ်က သူမဘက်ကို အနည်းငယ် တိုးကာ ရွေးချယ်စရာ ဖုန်းအမျိုးအစားတွေကို ကြည့်နေခဲ့သည်။ ကျန်းပေါင်ကတော့ ဖူမင်ရှစ်ကို သူမအတွက် ပိုက်ဆံတွေ အများကြီး အကုန်မခံစေချင်ပါ။
“ ရွှေရောင်လား ၊ ငွေရောင်လား။ ” သူက တည်ငြိမ်နက်ရှိုင်းသော မျက်လုံးများဖြင့် သူမကို ကြည့်နေသည်။ အရောင်းဝန်ထမ်းလေးတွေလည်း သူမတို့ကို ကြည့်နေတဲ့အတွက် ကျန်းပေါင်က ကောင်တာကို ကိုင်ရင်း တီးတိုး ပြောလိုက်သည်။
“ ကျွန်မတို့ ဈေးပေါတဲ့ တစ်ခုခုပဲ ဝယ်လို့ မရဘူးလား။ ကျွန်မမှာ ယွမ် ( ၂၀၀၀ ) ရှိတယ် ၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ချင်လို့ပါ။ ”
“ အခုခေတ် တက္ကသိုလ်ကျောင်းသားတွေ အကုန်လုံး ဒီလို ဖုန်းအမျိုးအစားတွေပဲ သုံးတာ။ မင်းလည်း နောက်ပိုင်းကျ လိုလာမှာပါ။ အဲ့ဒါကြောင့် တစ်ခု ရွေးလိုက်။ ” ဖူမင်ရှစ်ရဲ့ ဩရှရှ လေသံက လေးနက်ကာ လက်တွေ့ကျသည် ၊ ဆွဲဆောင်မှုရှိစွာ အသံဩဇာကောင်းသည်။
ကျန်းပေါင်သည် ဘယ်လို တုံ့ပြန်ရမှန်း မသိတော့ဘဲ သက်သောင့်သက်သာမရှိသော အခြေအနေကို အဆုံးသတ်ဖို့အတွက် နီရဲနေတဲ့ ညာဘက်ပါးကို ပွတ်ရင်း အဖြူရောင် ဖုန်းလေးကို ရွေးချယ်လိုက်တော့သည်။ ဖူမင်ရှစ်ရဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြန်မတ်သွားပြီး အရောင်းဝန်ထမ်းလေးကို သူ့ကတ်ကို အသုံးပြုဖို့ ပြောကာ များပြားလှသော ငွေပမာဏကို မဆိုင်းမတွ ရှင်းလိုက်သောကြောင့် ကျန်းပေါင်တစ်ယောက် မျက်လုံးပြူးသွားရသည်။
ဖူမင်ရှစ်က သူမကို ဆင်းမ်ကတ်အသစ် တစ်ကတ်လည်း ဝယ်ပေးသည်။ ဈေးဝယ်စင်တာကို သွားတဲ့ လမ်းမှာ သူမက ဖူမင်ရှစ် ထည့်သွင်းပေးထားတဲ့ ထူးခြားဆန်းသစ်သော App တွေကို သဘောအကျကြီး ကျကာ ကစားစရာအသစ် ရသွားသော ကလေးတစ်ယောက်ကဲ့သို့ ဖုန်းကို ကလိနေခဲ့သည်။
ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားသည်။ “ ငါ့ဖုန်းနံပါတ်ကို မှတ်ထားမလား။ ”
ကျန်းပေါင်က ဖန်သားပြင်ကနေ အကြည့်မခွာဘဲ “ အင်း ” ဟု ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
ဖူမင်ရှစ်က သူမကို ဖုန်းတစ်လုံးနှင့် လွှတ်ထားလိုက်ပြီး ဈေးဝယ်စင်တာနားကို ရောက်လာတော့မှ သူတို့ အဝတ်အစားတွေ ဝယ်မည် ဖြစ်ကြောင်း ပြောလိုက်သည်။
ကျန်းပေါင်သည် ငိုင်ကျသွားကာ သူမရဲ့ ယွမ် ( ၂၀ ) တန် ဂျင်းဘောင်းဘီနှင့် ( ၁၀ ) ယွမ် ပေးဝယ်ထားရသော ညှပ်ဖိနပ်လေးတွေကို ငုံ့ကြည့်လိုက်မိသည်။ သူမ ဖုန်းနှင့် ဆက်ကစားချင်စိတ် မရှိတော့၍ ဘာမှ မပြောဘဲ ကားမှန် အပြင်ဘက်ကို ငေးကြည့်နေမိသည်။
ဖူမင်ရှစ်က သူမရဲ့ မာနကို နားလည်သော်လည်း ဟိတ်ကြီးဟန်ကြီးကို ရှောင်ရှားတာက သူ့ဘက်မှာ တာဝန်ယူမှုမရှိရာ ကျပါလိမ့်မည်။ “ အရမ်း ဈေးမကြီးပါဘူး။ အခုခေတ်မှာ ဝတ်စုံ တစ်စုံအတွက် ယွမ် ( ၁၀၀ ) လောက် ပေးရတာကို ဈေးကြီးတယ်လို့ မခေါ်ဘူး။ ” ပွဲအခမ်းအနားတွေ တက်မှာ မဟုတ်လျှင် နေ့တိုင်း ပေါ့ပေါ့ပါးပါး ဝတ်လို့ ရတဲ့ ၊ ဈေးပေါတဲ့ အဝတ်အစားတွေက အဆင်ပြေသည်။ သူမလည်း ဈေးကြီးတဲ့ အဝတ်အစားတွေ ဝတ်ရတာကို သက်သောင့်သက်သာဖြစ်ဦးမှာ မဟုတ်ပေ။
ကျန်းပေါင်က နှုတ်ခမ်းကိုက်လိုက်ကာ နည်းနည်းလေး စိတ်ဆိုးသွားပုံဖြင့် “ ကျွန်မတို့ စေ့စပ်ထားတဲ့ သတင်းတွေ ပြန့်သွားရင် ရှင် အရှက်ကွဲမှာ မကြောက်ဘူးလား။ ” ဟု မေးပြီး သူတို့ကားဘေးက ဖြတ်သွားတဲ့ အနက်ရောင် Sedan ကားတစ်စီးကို ငေးကြည့်နေမိသည်။
***