အပိုင်း ( ၆ )
“ မြန်မြန် ဒူးထောက်စမ်း မင်ရှစ်။ မင်းတို့နှစ်ယောက် တပ်စုခေါင်းဆောင်ကျန်းကို အတူတူ ကန်တော့ရမယ်။ ” သခင်ကြီးဖူက ဒယိမ်းဒယိုင်နှင့် မတ်တပ်ရပ်ရင်း မြေးဖြစ်သူကို တုန်ယင်စွာ ဆွဲခေါ်လိုက်သည်။
ဖူမင်ရှစ်က သူ့အဘိုးရဲ့ မျက်လုံးထဲက မျက်ရည်ပူတွေကို တစ်လှည့် ၊ အုတ်ဂူရှေ့မှာ ခေါက်းငုံ့၍ ဒူးထောက်ထိုင်နေတဲ့ ကျန်းပေါင်ကို တစ်လှည့် ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ အဲ့ဒီနောက် ဒီလို ပဒေသရာဇ်ဆန်ပြီး ခေတ်နောက်ကျနေတဲ့ ဓလေ့ထုံးတမ်းကို မနှစ်သက်စိတ်တွေ ၊ ကျန်းပေါင်ရဲ့ အရည်အချင်းနှင့် ပတ်သက်တဲ့ သံသယတွေ ၊ သူမရဲ့ စိတ်နေစိတ်ထားကို မကျေနပ်ချက်တွေ အားလုံးကို စိတ်ထဲက ထုတ်ပစ်လိုက်သည်။
သူ့အဘိုးက အရမ်း စိတ်အားထက်သန်နေသလို ကျန်းပေါင်ကလည်း သူမရဲ့ ရပ်တည်ချက်ကို ဖြေလျှော့ပြီး သူ့အဘိုးရဲ့ အကျိုးအတွက် သူမရဲ့ ဆန္ဒတွေနှင့် ဆန့်ကျင်၍ သဘောတူလိုက်ပြီမို့ ယောက်ျား ဖြစ်တဲ့ သူက ဘာကို မူနေဦးမှာလဲ … ။
သူ့အဘိုးကတော့ တမလွန်လောကသာ အမှန်တကယ် တည်ရှိလျှင် ဒီအဖြစ်အပျက်တွေအားလုံးကို မြင်နိုင်တဲ့ တပ်စုခေါင်းဆောင်ကျန်းက ကလေးဘဝကတည်းက စေ့စပ်ကြောင်းလမ်းထားတဲ့ သူ့မြေးမလေးကို ဖူမင်ရှစ်ရဲ့ စောင့်ရှောက်မှုအောက်မှာ ထားဖို့ စိတ်ချမှာပဲလို့ ခိုင်မာစွာ ယုံကြည်နေခဲ့သည်။
ဖူမင်ရှစ်က ကျန်းပေါင်ကို ကြည့်ပြီး သူမရဲ့ ဘယ်လက်ကို ဖျတ်ခနဲ ဆွဲကာ အုတ်ဂူရှေ့သို့ ကန်တော့ဖို့ ခေါ်သွားပြီး ဦးညွှတ်လိုက်သည်။
“ အဘိုးကျန်း … တပ်စုခေါင်းဆောင်ကျန်း … ကျေးဇူးပြုပြီး စိတ်ဖြောင့်လက်ဖြောင့် အနားယူပါတော့။ ကျွန်တော် ပေါင်ပေါင့်ကို ကောင်းကောင်း စောင့်ရှောက်သွားပါ့မယ်။ ပေါင်ပေါင် ကျွန်တော့်ကို မမုန်းတီးသရွေ့ ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ ပေါင်ပေါင် တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိ ချစ်သွားပါ့မယ်။ ”
သူ့အဘိုးက ကတိဖျက်ခဲ့ပေမဲ့ သူကတော့ ကတိအတိုင်း တည်စေမယ့် လူမျိုးပင်။
စေ့စပ်ကြောင်းလမ်းပြီးနောက်ပိုင်း ကျန်းပေါင်က သူ့ကို တဖြည်းဖြည်း သဘောကျလာလိမ့်မည်။ သူ့မှာ သူမအပေါ် ခံစားချက်တွေ မရှိလျှင်တောင် ခင်ပွန်းကောင်းတစ်ယောက် ဖြစ်အောင် အပြင်းအထန် ကြိုးစားမည်။ အချစ်စစ်ကို ရှာချင်သည်ဟု အကြောင်းပြချက်ပေးကာ တခြား မိန်းမနှင့် အပြင်မှာ ဘယ်တော့မှ ခြေမရှုပ်။
တကယ်လို့ ကျန်းပေါင်က သူ့ကို သဘောမကျလျှင်တော့ အဘိုး နေပြန်ကောင်သွားချိန်မှာ စေ့စပ်ပွဲကို ဖျက်သိမ်းပြီး သူမအား ဘဝလက်တွဲဖော်ကို ရှာဖွေရန် လွတ်လပ်ခွင့်ပေးလိုက်ပါမည်။
အုတ်ဂူကို အရိုအသေပေးပြီးနောက် ဖူမင်ရှစ်က ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်မတ်လိုက်သော်လည်း ကျန်းပေါင်ရဲ့ လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ကျန်းပေါင်က သူ့ကို ကြောင်အမ်းအမ်း စိုက်ကြည့်နေမိသည်။
သူ ဘာလို့ အဲ့လို အတည်ပေါက်ကြီး ပြောနေတာလဲ … ။ သူမတို့ အရင်ဆုံး စေ့စပ်ထားပြီး ခံစားချက်တွေ အလိုလို ပေါက်ဖွားလာအောင် ကြိုးစားမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား … ။ ဒါပေမဲ့ ဖူမင်ရှစ်ရဲ့ ခုနတုန်းက လေသံကတော့ သူဟာ သူ့တစ်ဘဝလုံးကို သူမနှင့် လင်မယားအဖြစ် ကုန်ဆုံးသွားဖို့ ရည်ရွယ်ထားသည်ဟု ခံစားရစေသည်။ သူမတို့က လွန်ခဲ့တဲ့ နှစ်ရက်ကမှ တွေ့ဖူးတာလေ … ။
ကျန်းပေါင်သည် သူမရဲ့ လက်ကို အသာအယာ ရုန်းထွက်ရင်း ဖူမင်ရှစ်တစ်ယောက် အယောင်ပြ ဟန်ဆောင်ခြင်းကို အစစ်အမှန် ထင်မှတ်နေမှာ စိုး၍ နောက်ပိုင်းမှာ သူမလည်း သဘောတူညီချက် စာချုပ်တစ်စောင် ရေးရမည်ဟု တွေးနေမိသည်။
သူမ သူ့ပိုက်ဆံတွေကို စိတ်မဝင်စားပါ။ သူမရဲ့ အသားကို ပိုင်စိုးပိုင်နင်း လာမထိသရွေ့ ဘာပြဿနာမှ မတက်ဘဲ အဆင်ပြေလိမ့်မည်။
သခင်ကြီးဖူက အရက်မူးနေတာမို့ ဖူမင်ရှစ်ကပဲ သူ့ကို တောင်အောက်ကို တွဲခေါ်လာခဲ့ရသည်။ ကျန်းပေါင်က အိမ်ကို အပြေး ပြန်သွားပြီး သူမအဖေရဲ့ အိပ်ခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အမြန် ပြင်ဆင်၍ အိပ်ရာခင်းတွေ ၊ အိပ်ရာလွှမ်းတွေကို အေးမြသန့်ရှင်းသော ဖျာတွေ ၊ စောင်တွေနှင့် လဲလှယ်လိုက်သည်။
သူမ ပြင်ဆင်ပြီးသွားချိန်မှာပဲ ခြံဝင်းထဲက ဘဲငန်းအော်သံတွေကို ကြားလိုက်ရသောကြောင့် လသာဆောင်ကို သွားကြည့်လိုက်တော့ ဘဲငန်းဖြူကြီး တစ်ကောင်က တံခါးဝမှာ ထပ်မံ ပိတ်ဆို့ထားပြီး ဖူမင်ရှစ်ကို အိမ်ထဲ ဝင်ခွင့်မပေးတာကို မြင်လိုက်ရသည်။
ကျန်းပေါင် သူ့ကို အမြန် သွားခေါ်လိုက်သည်။
ဖူမင်ရှစ်က သူမနောက်မှ လိုက်ကာ အိမ်ထဲကို ဝင်သွားလိုက်သည်။ ဘဲငန်းဖြူကြီးက သူမကို စိုက်ကြည့်နေတာကို မြင်ချိန်မှာ သူ့ခြေသလုံးက ဆစ်ခနဲ အနည်းငယ် ကိုက်ခဲသွားသည်။
သူတို့ ဒုတိယထပ်ကို ရောက်လာ၍ ကျန်းပေါင်ရဲ့ အိပ်ခန်းဘေးမှ ဖြတ်သွားသောအခါ အခန်းတံခါးက ဖွင့်ထားတာကြောင့် ဖူမင်ရှစ်သည် အခန်းထဲကို မရည်ရွယ်ဘဲ အမှတ်တမဲ့ ကြည့်မိသွား၏။ ( ၁၀ ) စကွဲယားမီတာ ကျယ်ဝန်းသော အခန်းလေးထဲမှာ အစိမ်းဖျော့ဖျော့ နံရံကပ်စက္ကူကို ကပ်ထားပြီး ကြမ်းပြင်ကတော့ မြေကြီးကို မွညက်နေအောင် ထုရိုက်ထားသော မြေကြီးကြမ်းပြင် ဖြစ်သည်။
အခန်းရဲ့ မြောက်ဘက်မှာတော့ လက်လုပ် သစ်သားခုတင် တစ်လုံးပေါ်မှာ ဝါးဖျာ တစ်ချပ်နှင့် ပန်းရောင် အိပ်ရာခင်း ၊ ပန်းရောင် ခေါင်းအုံးလေးတွေကို ခင်းထားသည်။
ခုတင်ဘေးမှာတော့ ပုံစံတူညီတဲ့ လက်လုပ် စာအုပ်စင်လေး တစ်ခု ရှိပြီး စာအုပ် အမျိုးမျိုးကို သပ်သပ်ရပ်ရပ် စီထားသည်။ ရှင်းဟွာ အဘိဓာန်စာအုပ်ကြီးရဲ့ အဖုံးနီနီနှင့် အင်္ဂလိပ်-တရုတ် အဘိဓာန်စာအုပ်က သူ့အမြင်အာရုံကို ဖမ်းစားသွားသည်။ အထက်တန်းကျောင်းသူ တစ်ယောက်ရဲ့ စားပွဲမှာ မရှိမဖြစ် လိုအပ်တဲ့ စာအုပ်တွေပါပဲ။
“ ကျွန်မရဲ့ အခန်းကို ရှင်းထားတာ မကြာသေးတော့ နည်းနည်းလေး ရှုပ်ပွနေတယ်။ ” ကျန်းပေါင်က သူတို့ကို လူချမ်းသာတွေမှန်း သိနေတာမို့ သူမရဲ့ မသပ်မရပ်နှင့် ရှုပ်ပွနေသော အခန်းကို ကြည့်ကာ အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားသည်။
“ သူက အိမ်အဟောင်းတွေမှာ နေရတာ သဘောကျတယ်။ ” ဖူမင်ရှစ်က အိပ်ပျော်နေတဲ့ သူ့အဘိုးကို ခုတင်ပေါ်သို့ အသာအယာ ချပေးလိုက်သည်။ နွေအပူရှိန်ကြောင့် သူ့အဘိုးရဲ့ အင်္ကျီကော်လံနှင့် အင်္ကျီလက်တွေကိုသာ ဖြေလျှော့ပေးလိုက်ပြီး ခုတင်ခြေရင်းက အစိမ်းဖျော့ဖျော့ စောင်ကို ထိတောင် မထိဖြစ်ပါ။
“ ကျွန်မ အဘိုးဖူရဲ့ မျက်နှာကို သုတ်ပေးဖို့ ရေနည်းနည်း သွားယူလိုက်ဦးမယ်။ ”
ကျန်းပေါင်က သူတို့ကို နေရာချပေးပြီးသောအခါ အခန်းထဲက လှည့်ထွက်လာခဲ့လိုက်သည်။ တံခါးနားကို ရောက်တော့ သူမနောက်ကို လိုက်လာတဲ့ ဖူမင်ရှစ်ရဲ့ ခြေသံကြောင့် နားမလည်နိုင်စွာ လှည့်ကြည့်လိုက်မိသည်။
ဖူမင်ရှစ်က သူမကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ “ ငါ အဘိုးကို ဂရုစိုက်ပေးလိုက်မယ် … မင်း ခြေလက်သွားဆေးလိုက်တော့။ ”
ကျန်းပေါင်လည်း အဲ့ဒီတော့မှ သူမလည်း ငိုထားသလို အိမ်ကို ပြန်ပြေးလာရလို့ ချွေးတွေ စိုရွှဲနေတာကို သတိရသွားသည်။ လူတွေကို ညစ်ပတ်နေတဲ့ ပုံစံနှင့် မျက်နှာချင်းမဆိုင်ချင်၍ ကျန်းပေါင်ရဲ့ မျက်နှာက နီရဲသွားပြီး ဖူမင်ရှစ်ရဲ့ အစီအစဉ်ကို ခေါင်းညိတ် သဘောတူကာ အောက်ထပ်ကို အမြန် ဆင်းလာခဲ့လိုက်သည်။
သူမက ဖူမင်ရှစ်အတွက် ရေတစ်ဇလုံ အရင်ဆုံး ခပ်ပြီးမှ ခြံဝင်းထဲမှာ လှန်းထားသော အဝတ်တွေကို ရုတ်ကာ အဘွားကောရဲ့ ဘေးအိမ်ကို သွားပြီး ကိုယ်လက်သန့်စင်လိုက်၏။ အဲ့ဒါတွေ အားလုံး ပြီးတော့မှ အိမ်ပြန်လာခဲ့သည်။ အောက်ထပ်မှာ ဘယ်သူမှ မရှိသောကြောင့် အပေါ်ထပ်ကို ကျန်းပေါင် ဖြည်းဖြည်းချင်း တက်လာခဲ့သည်။
အိပ်ပျော်နေတဲ့ သခင်ကြီးဖူကို ခုတင်ဘေးမှာ စောင့်ကြည့်ပေးနေသော ဖူမင်ရှစ်က ခြေသံကြားတော့ သူမဘက်ကို လှည့်ကြည့်သည်။
ကျန်းပေါင်က မနက်တုန်းက သူ့အပေါ် အမှားကျူးလွန်ခဲ့မိတာအတွက် မလုံမလဲ ခံစားနေရဆဲ ဖြစ်၍ သူ့အကြည့်ကို ရှောင်ရင်း သခင်ကြီးဖူကို ခပ်တိုးတိုး မေးလိုက်သည်။ “ ရေနည်းနည်း သောက်ဦးမလား အဘိုး။ ”
ဖူမင်ရှစ်က “ မလိုဘူး ၊ မင်းဘာသာ အထုပ်အပိုးတွေ သိမ်းလိုက်တော့။ ငါတို့ မနက်ဖြန်မနက် ထွက်မယ်။ ” ဟု ပြန်ပြောသည်။
အဘိုးက ဆေးကုသမှုခံယူဖို့ လိုအပ်သလို သူ့မှာလည်း ဂရုစိုက်ရမယ့် စီးပွားရေး ရှိနေသေးတာမို့ အချိန်ထပ်ဖြုန်းလို့ မဖြစ်ပါ။
မြို့တော်ကို သွားရတော့မည့် အကြောင်းကို ကြားလိုက်ရသော ကျန်းပေါင်သည် မျက်နှာမည်းမှောင်သွားကာ သူမရဲ့ ကိုယ်ပိုင်အိပ်ခန်းထဲကို ပြန်ဝင်လာပြီး တံခါးပိတ်၍ ခုတင်ပေါ်မှာ ငူငူငိုင်ငိုင် ထိုင်နေမိသည်။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူမ သွားဖူးတဲ့ အဝေးကွာဆုံး နေရာက ရွာနှင့် မိုင်တစ်ရာကျော် ဝေးသော ခရိုင်မြို့သာ ဖြစ်သည်။ မြို့တော်လို မြို့ကြီးပြကြီးကို တီဗီထဲမှာသာ မြင်ဖူးသည်။
သူမ အဲ့ဒီကို ရောက်ရင် ဘယ်လို နေရမှာလဲ … ။
သူမမှာ စုဆောင်းထားတဲ့ ယွမ်နှစ်ထောင်ကျော် ရှိသည်။ ကြက်တွေကို ယွမ် လေး ၊ ငါးရာနှင့် ရောင်းလို့ ရသည်။ ဘဲငန်းတွေကတော့ …
ကျန်းပေါင် ဘဲငန်းတွေကိုတော့ မရောင်းနိုင်ပါ။ ကြက်တွေက ဥ,ဥရုံသာ အသုံးဝင်ချိန်မှာ ဘဲငန်းတွေက အိမ်ကို ကြည့်ရှုစောင့်ရှောက်ပေးသည်။ သူမ ငါးမျှားထွက်လျှင်လည်း သူတို့က ငါးသေးသေးလေးတွေကို ကူဖမ်းပေးလေ့ရှိသည်။
ပြီးတော့ ဟွီသန်းလည်း ရှိသေးသည်။ သူမ ဟွီသန်းနှင့်လည်း ဘယ်လိုမှ မခွဲခွာနိုင်ပါ။
~
ညနေစောင်းအချိန် ရောက်တော့ အဘွားကောက သူတို့ကို ညစာစားဖို့ လာရောက်ဖိတ်ကြားခဲ့သည်။ သခင်ကြီးဖူကလည်း အိပ်ရာနိုးနေပြီ ဖြစ်ပြီး မျက်နှာသစ်ထား၍ လန်းဆန်းတက်ကြွနေသည်။
“ ဖီးနစ်စတိုးဆိုင်မှာ အားလုံး ထုပ်ပိုးသိမ်းဆည်းပြီးပြီလား။ ” ညစာစားပြီးနောက် သခင်ကြီးဖူက ကျန်းပေါင်ကို မေးလိုက်ပေမဲ့ ကျန်းပေါင်ကတော့ ခေါင်းငုံ့ထားသည်။ သခင်ကြီးဖူက သူမကို ပတ်ပြေးနေတဲ့ ဟွီသန်းကို ကြည့်ပြီး သဘောပေါက်စွာ ရယ်မောလိုက်သည်။ “ ဟွီသန်းနဲ့ မခွဲနိုင်လို့လား။ စိတ်မပူပါနဲ့ … ဟွီသန်းကို အဘိုးတို့နဲ့အတူ ခေါ်သွားမှာပါ။ ”
မြို့သားတွေက ပိုမာရေနီယန် ၊ ဟက်စကီး ၊ ပူဒယ်လ်ကဲ့သို့ အိမ်မွေးခွေးတွေကို ချစ်သည်။ သခင်ကြီးဖူကတော့ နူးညံ့တဲ့ စရိုက်သဘာဝတွေ သိပ်မရှိဘဲ အစာကျွေးရလွယ်တဲ့ ၊ ရိုးသားလိမ္မာတဲ့ ဒေသခံ မျိုးရင်းခွေးတွေကိုသာ သဘောကျသည်။
ကျန်းပေါင်ရဲ့ မျက်လုံးတွေက တောက်ပသွားကာ ဘဲငန်းအုပ်ကို လှမ်းကြည့်လိုက်သည်။ “ ဘဲငန်းတွေကိုရော ခေါ်လို့ ရလား။ ”
သခင်ကြီးဖူက ခဏလောက် ဆွံ့အသွားပြီးမှ ကျန်းပေါင်ရဲ့ မျက်နှာငယ်လေးကို မြင်သောအခါ အမြန် ထပ်ပြောလိုက်သည်။ “ ရတာပေါ့ … ရတာပေါ့။ မင်ရှစ်ရဲ့ အပန်းဖြေစံအိမ်မှာ ရေကူးကန် ရှိတယ် ၊ နောက်ဖေးခြံထဲမှာလည်း ရေကန်တစ်ကန် ရှိတယ်။ ဘဲတွေ ရေကူးဖို့အတွက် ကွက်တိပဲ။ ”
ကျန်းပေါင်က အတည်ပြုချက် တောင်းခံသည့်အနေဖြင့် ဖူမင်ရှစ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဖူမင်ရှစ်သည် သူ့ရေကူးကန်ထဲမှာ ဘဲငန်းတစ်အုပ် နေရာယူထားတာကို စိတ်ကူးယဉ်မကြည့်နိုင်သော်လည်း သူမကို ဝမ်းမနည်းစေချင်၍ တစ်ခုပဲ သတိပေးလိုက်သည်။
“ တိရစ္ဆာန်တွေကို သယ်ယူပို့ဆောင်တာက စောင့်ကြည့်ရေးစာရွက်စာတမ်းတွေ လိုတယ်။ ”
သခင်ကြီးဖူက ” အဲ့ဒါက စီစဉ်ရ လွယ်ပါတယ်။ ငါ ဒီည ဟွီသန်းနဲ့ ဘဲငန်းတွေကို C မြို့တော်ကို ခေါ်သွားလိုက်မယ်။ မင်းတို့နှစ်ယောက် မနက်ဖြန်မနက် ထွက်ခဲ့ကြပေါ့ ၊ မင်းတို့ လေဆိပ်ကို ရောက်ရင် စာရွက်စာတမ်းတွေလည်း သေချာပေါက် အဆင်သင့်ဖြစ်လောက်ပြီ။ ” ဟု ချက်ချင်းပဲ အားတက်သရော ပြောလိုက်သည်။
စာရွက်စာတမ်းတွေ ရယူတာက သာမန်လူတွေအတွက် သုံး ၊ လေးရက်လောက် ကြာနိုင်ပေမဲ့ ကျန်းမိသားစုရဲ့ ငွေကြေး ၊ အဆက်အသွယ်တွေနှင့် ဆိုလျှင်တော့ ထိုအသေးအဖွဲ ကိစ္စလေးက စိတ်ပူစရာ မလိုပါ။
ကျန်းပေါင်က “ အဘိုး အခု သွားတော့မှာလား။ ” ဟု အံ့ဩတကြီး မေးလိုက်သလို ဖူမင်ရှစ်လည်း သူ့အဘိုးကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
သခင်ကြီးဖူက မျက်နှာကို ခပ်တည်တည်ဖြစ်အောင် ပြင်ယူ၍ ကျန်းပေါင်အား လိမ်ပြောလိုက်သည်။ “ အဘိုးက ဆရာဝန်နဲ့ ချိန်းထားတာ ရှိလို့ ဒီည မဖြစ်မနေ ပြန်မှ ဖြစ်မှာ။ ဖန့်ပေါင်ကတော့ အေးအေးဆေးဆေး အထုပ်အပိုးတွေ သိမ်းလိုက်ပါဦး ၊ အလျင်မလိုပါနဲ့။ ”
ထို့နောက် သူ ဖူမင်ရှစ်ဘက်ကို လှည့်ကာ ညွှန်ကြားလိုက်သည်။ “ ဖန့်ပေါင်က သူ့အိမ်နဲ့ အဝေးကြီးကို ပထမဆုံးအကြိမ် သွားမှာ ဆိုတော့ သူ့ကို လမ်းမှာ သေချာ ဂရုစိုက်ပေးလိုက်နော်။ ”
သခင်ကြီးဖူက ကျန်းပေါင်အလစ်မှာ မြေးဖြစ်သူကို တိတ်တိတ်လေး မျက်လုံးမှိတ်ပြလိုက်သည်။
ဖူမင်ရှစ်သည် သူ့အဘိုးဟာ သူနှင့် ကျန်းပေါင်အား နှစ်ယောက်တည်း အချိန်ကုန်ဆုံးနိုင်မယ့် အခွင့်အရေးကို တမင် ဖန်တီးပေးနေတာ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွား၏။
သူ့အဘိုးရဲ့ ကျန်းမာရေးအခြေအနေကို တုံးအစွာ မေးနေဆဲ ဖြစ်တဲ့ ကျန်းပေါင်ကို ကြည့်ကာ ဖူမင်ရှစ်တစ်ယောက် သူ့အဘိုးရဲ့ အကြံတွေကို မထုတ်ဖော်ဘဲ အကြည့်လွှဲလိုက်ပါတော့သည်။
~
သခင်ကြီးဖူက ဖူမင်ရှစ်ရဲ့ ကိုယ်ပိုင် ဒရိုင်ဘာနှင့်အတူ သက်တော်စောင့် နှစ်ယောက်ကို ခေါ်သွား၏။ အမျိုးသား သုံးယောက်သည် ဘဲငန်းဖြူ ခုနှစ်ကောင်ကို ကိုးရိုးကားရားနိုင်ပေမဲ့ ထိရောက်စွာ ထိန်းသိမ်းခဲ့ပြီး တစ်ဖက်ကလည်း တကိန်ကိန် အော်နေတဲ့ ဟွီသန်းကို ဖမ်းဆုပ်၍ သခင်ကြီးဖူနှင့် ညတွင်းချင်း ခရီးထွက်ခဲ့သည်။
ကျန်းပေါင်က ကွန်ကရစ်လမ်းပေါ်မှာ ကပ်ကာ သခင်ကြီးဖူရဲ့ ကားနောက်မြီးလေး ပျောက်ကွယ်သွားတာကို ငေးကြည့်နေရင်းမှ တစ်ယောက်တည်း တီးတိုး ရေရွတ်မိသည်။ “ သူတို့ ကားထဲမှာ အသက်ရှူမကြပ်လောက်ပါဘူးနော်။ ”
“ ငါ ဒရိုင်ဘာကို လေကောင်းလေသန့်ရအောင် ကားကို တစ်နာရီတစ်ခါ ဖွင့်ခိုင်းထားပါတယ်။ ” ဖူမင်ရှစ်က ကားတံခါးနားမှာ ရပ်နေပြီး သူ့ဘယ်ဘက်လက်ထဲမှာတော့ ခရီးဆောင်လက်ဆွဲသေတ္တာ တစ်လုံးနှင့် လက်ပ်တော့ ၊ လဲစရာ အဝတ်နှစ်စုံတို့ ရှိသည်။
ကျန်းပေါင်က ဘဲငန်းတွေ အဆင်ပြေတာ သေချာတော့မှ စိတ်အေးသွားကာ တခြား ပြဿနာတစ်ခုက အတွေးထဲ ဝင်လာခဲ့သည်။ ဒီည ဖူမင်ရှစ်က သူမနဲ့ တစ်အိမ်ထဲ နေမလို့လား … ။
“ အဲ့ဒီ လက်မထပ်မီ သဘောတူညီချက်စာချုပ်က အကျုံးဝင်သေးလား။ ” ကျန်းပေါင်က ဖူမင်ရှစ်နောက်မှ လိုက်လာရင်း ခရီးဆောင် လက်ဆွဲသေတ္တာကို ကြည့်ကာ မေးလိုက်သည်။
ဖူမင်ရှစ်သည် ကျန်းပေါင်ကို လှည့်ကြည့်လိုက်သော်လည်း သူမက မျက်လွှာချထားကြောင့် သူမရဲ့ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ဘဲ “ မင်းက ဘယ်အပိုင်းကို ပြောချင်တာလဲ။ ” ဟု ပြန်မေးလိုက်ရသည်။
ကျန်းပေါင်က ရှင်းပြနေရမှာ ရှက်လွန်းသောကြောင့် သူ့ဖုန်းနံပါတ်ကိုသာ တောင်းလိုက်သည်။
ရုတ်တရက်ကြီး စကားလမ်းကြောင်း ပြောင်းလဲသွားသွားခြင်းကြောင့် ဖူမင်ရှစ်တစ်ယောက် ခဏ စိတ်ရှုပ်ထွေးသွားပြီးမှ သူ့ဖုန်းနံပါတ်ကို ရွတ်ပြလိုက်တော့ ကျန်းပေါင်က သူမရဲ့ နိုကီရာ ဖုန်းအဟောင်းလေးထဲမှာ သူ့ဖုန်းနံပါတ်ကို လိုက်မှတ်နေသည်။
ဖူမင်ရှစ် အောက်ထပ်မှာ ရေချိုးနေတုန်း ကျန်းပေါင်က သူမရဲ့ အိပ်ခန်းတံခါးကို ပိတ်ကာ ခုတင်ကို မှီထိုင်၍ မက်ဆေ့ခ်ျပို့လိုက်သည်။
ကျန်းမိသားစုမှာ ရေချိုးခန်း အကောင်းစား မရှိပါ။ နောက်ဖေးခြံဝင်းထဲမှာ သစ်သားပြားတွေနှင့် ရိုးရိုးရှင်းရှင်း ရေချိုးခန်းလေး တစ်ခု ပြုလုပ်ထားကာ အမိုးပေါ်မှာ ဆိုလာစွမ်းအင်သုံး ရေအိတ်တွေကို ဖြန့်ခင်းထားသည်။ ဖူမင်ရှစ်က အလုပ်တွေ မပြီးပြတ်သေးတာမို့ ရေချိုးခန်းထဲကို သူ့ဖုန်းလည်း ယူလာခဲ့သည်။ မက်ဆေ့ခ်ျဝင်သံ ကြားတော့ ရေပန်းခေါင်းကို ပိတ်ပြီး လက်ကို ရေခြောက်အောင် သုတ်၍ ဖုန်းကို ယူလိုက်သည်။
အမည်မသိ ဖုန်းနံပါတ်တစ်ခုထံမှ ပို့လိုက်တဲ့ မက်ဆေ့ခ်ျ ဖြစ်ပြီး မက်ဆေ့ခ်ျပါ အကြောင်းအရာကတော့ [ ကျွန်မ ရှင့်ပိုက်ဆံတွေကို မလိုအပ်ဘူး ဘော့စ်ဖူ။ အဘိုးဖူ မကြာခင် နေပြန်ကောင်းလာဖို့ပဲ မျှော်လင့်ပါတယ်။ သူ နေကောင်းသွားတာနဲ့ ကျွန်မ အိမ်ပြန်မယ် ၊ ရှင်လည်း အဲ့အချိန်ကျရင် ရှင် သဘောကျတဲ့ မိန်းကလေးနဲ့ လက်ထပ်လို့ ရပါပြီ။ ] ဟူ၍ပင်။
သူ့မျက်နှာပေါ်ကို ရေစက်ရေပေါက်တွေ စီးကျသွားသည်။ ဖူမင်ရှစ်က သူ့မျက်နှာကို ပွတ်သုတ်လိုက်ပြီးမှ [ ငါ့မှာ သဘောကျရတဲ့ မိန်းကလေး မရှိဘူး။ ] ဟု ပြန်ပို့လိုက်သည်။
သူ့မက်ဆေ့ခ်ျကို မြင်တော့ ကျန်းပေါင်ရဲ့ စိုးရိမ်မှုတွေ တိုးလာသည်။ သူမတို့ရဲ့ စေ့စပ်မှုက အတုအယောင်သာ ဖြစ်ကြောင်း စကားအလှသုံး၍ သတိပေးချင်သည်။ သူ့ရဲ့ ဒီမက်ဆေ့ခ်ျက ဘာအဓိပ္ပာယ်ကို ဆိုလိုချင်တာလဲ … ။
ကျန်းပေါင်သည် နှုတ်ခမ်းကိုက်၍ စာပြန်ပို့လိုက်၏။ [ အဲ့ဒါဆို ကျွန်မတို့ စေ့စပ်ထားတာက တကယ် မဟုတ်ဘူးမလား။ ]
ဖူမင်ရှစ် မျက်မှောင်ကြုတ်လိုက်မိသည်။ [ စေ့စပ်ထားတာက တကယ့်အစစ်လေ။ ဒါပေမဲ့ မင်း နောက်ဆုံးမှာ ငါ့ကို စိတ်မဝင်စားရင်တော့ ငါတို့ လက်ထပ်စရာ မလိုပါဘူး။ ]
ကျန်းပေါင် အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ ထို့နောက် သခင်ကြီးဖူစကားကို ပြန်သတိရသွားကာ ဖြည်းဖြည်းချင်း စာရိုက်လိုက်သည်။ [ စေ့စပ်ပြီးရင် ကျွန်မတို့ တစ်အိမ်ထဲ အတူ နေရမှာလား။ ]
ဖူမင်ရှစ်က စက္ကန့်ပိုင်းလောက် ဆွံ့အသွားပြီးမှ [ အဘိုးကတော့ မင်းကို ငါ့အိမ်မှာ နေစေချင်နေတယ်။ ] ဟု စာပြန်ပို့လိုက်သည်။
ဖူမင်ရှစ်သည် ထိုမက်ဆေ့ခ်ျကို ပို့လိုက်ပြီးမှ သူမ အခန်းထဲကို ရုတ်တရက် ပြေးဝင်ပုန်းကွယ်ခဲ့ပုံအကြောင်း ဖျတ်ခနဲ သတိရသွားကာ အရယ်မရပ်နိုင်တော့ပေ။ သူ နောက်ထပ် စာတစ်ကြောင်း ထပ်ဖြည့်ပို့လိုက်သည်။
[ အခန်း သက်သက်စီ ခွဲနေရမှာပါ။ ]
ကျန်းပေါင်က အဲ့ဒီတော့မှပဲ စိတ်အေးသွားကာ [ အိုကေ။ ] ဟု စာပြန်ပို့လိုက်သည်။ သူမရဲ့ ပြန်စာကို စောင့်နေတဲ့ ဖူမင်ရှစ်က “ အိုကေ ” တစ်လုံးတည်းကိုသာ မြင်လိုက်ရသောအခါ ထူးဆန်းစွာဖြင့် အနည်းငယ် စိတ်ပျက်သွားပြီး ဖုန်းကို ချကာ ရေဆက်ချိုးနေလိုက်တော့သည်။
***