အပိုင်း ( ၅ )
ကျန်းမိသားစုခြံဝင်းထဲရှိ ဘဲငန်းဖြူကြီးတွေက သူတို့သခင်မ ရောက်လာတာကို မြင်တော့ လှုပ်လှုပ်ရွရွ ဖြစ်သွားသော်လည်း မနက်တုန်းကလို ဒေါသတကြီး မပြုမူတော့ပေ။ ဟွီသန်းကသာ သူ့သခင်မရဲ့ ခြေထောက်နားမှာ သစ္စာရှိစွာ တောက်လျှောက် လိုက်ပါလာပြီး ဖူမင်ရှစ်ကို သေးငယ်တောက်ပသော ခွေးမျက်လုံးလေးများဖြင့် မကြာခဏ သတိရှိရှိ ကြည့်နေခဲ့သည်။ ဖူမင်ရှစ် အိမ်ထဲကို ဝင်သွားချိန်မှာ ဟွီသန်းက တဝုတ်ဝုတ်နှင့်တောင် ဟောင်လိုက်သေးသည်။
“ ခွေးလိမ္မာလေးပဲ … ဒီအရွယ်လေးနဲ့ အိမ်ကို ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာ သိနေပြီ။ ” ဟု အဘိုးဖူက ဟွီသန်းကို ချီးကျူးလိုက်သည်။
ကျန်းပေါင်က သူတို့နှစ်ယောက်အတွက် ခွေးခြေခုံလေး နှစ်ခုံ ထုတ်ယူလာရင်း အိုးတိုးအမ်းတမ်း ပြောလိုက်သည်။ “ အိမ်က နည်းနည်းလေးတော့ ဟောင်းနွမ်းပြီး မပြည့်မစုံ ဖြစ်နေတယ်။ ကျေးဇူးပြုပြီး နားလည်ပေးပါနော်။ ”
ကျန်းအိမ်တော်က အတော်လေး အိုဟောင်းယိုယွင်းနေသော်လည်း အဘွားကောရဲ့ အိမ်နှင့် ယှဉ်လျှင်တော့ မပြောပလောက်ပါ။ ဒါပေမဲ့ အဘိုးဖူရော ၊ ဖူမင်ရှစ်ရော အဲ့ဒါကို ဂရုမစိုက်ပုံဖြင့် အေးအေးဆေးဆေး ထိုင်လိုက်ကြသည်။
ကျန်းပေါင်လည်း အဲ့ဒီတော့မှ စိတ်အေးသွားပြီး အဘိုးဖူကို ကူကယ်ရာမဲ့ စိတ်ညစ်နေသော အကြည့်လေးဖြင့် ကြည့်လိုက်သည်။ “ ကျွန်မ အဘိုးဖူရဲ့ ကြင်နာမှုကို တကယ် ကျေးဇူးတင်ပါတယ် … ဒါပေမဲ့ ကျွန်မကို ဘာမှ လျော်ကြေးပေးစရာ မလိုပါဘူး။ ကျွန်မ အခု တော်တော်လေး ကောင်းကောင်းမွန်မွန် နေထိုင်နေပါတယ်။ အဘိုး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီး ရောဂါ မြန်မြန် ပျောက်ဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ် … အဲ့ဒါမှ ကျွန်မတို့အားလုံး ကျန်းမာပျော်ရွှင်နိုင်မှာ မဟုတ်လား။ ”
“ ဘယ်ဟုတ်ပါ့မလဲ။ နင် မင်ရှစ်နဲ့ လက်ထပ်ဖို့ တစ်ခါ ငြင်းဆန်တိုင်း ငါ့ရဲ့ အသိစိတ်က ငါ့ကို နောက်တစ်ရက်အတွက် ပိုပြီး နာကျင်စေတယ် ၊ ငါ့ရောဂါကို သက်သာမလာအောင် ပိတ်ဆို့တားဆီးနေတယ်။ ” ဟု အဘိုးကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ကျန်းပေါင်ရဲ့ အံ့အားသင့်နေသော အကြည့်နှင့် ရင်ဆိုင်ရချိန်မှာ သူ့ကိုယ်သူ လက်ညိုးထိုး၍ သနားစဖွယ် လေသံဖြစ်အောင် ပြောင်းလဲလိုက်သည်။
“ အဘိုးကို ကြည့်စမ်း ကျန်းပေါင်။ တခြား နည်းလမ်းသာ ရှိရင် ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်ကျော်ပြီး ဒီနေရာကို လာခဲ့မလား။ လေဆိပ်ကနေ နင့်အိမ်အထိ ချိုင့်ခွက်တွေနဲ့ ဆိုးဝါးတဲ့ လမ်းမှာ အဘိုးရဲ့ ဆွေးမြည့်နေတဲ့ အရိုးတွေ ကျိုးကြေပျက်စီးလုနီးပါး ဖြစ်ခဲ့ရတာကို နင် မသိပါဘူး။ ဒီလူအိုကြီးကို သနားသောအားဖြင့် အဘိုးကို မြို့မှာ ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက် လိုက်အဖော်ပြုပေးပါလား ကျန်းပေါင်ရယ်။ ”
သူက စိတ်ရင်းအမှန်ဖြင့် ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွှတ်၍ ကျန်းပေါင်အား ကြည့်နေခဲ့သည်။
ရုတ်တရက်ပဲ ကျန်းပေါင်တစ်ယောက် တကယ့်ကို အပြစ်မကင်း ခံစားလိုက်ရသည်။ အဘိုးဖူသာ အသည်းကင်ဆာ ဆိုတဲ့ ကြောက်မက်ဖွယ် ရောဂါကို တိုက်ပွဲဝင်ပြီး ဒီခရီးကြမ်းကို ဖြတ်ကျော်၍ သူမဆီကို ဆက်တိုက် လာနေရင် သူမ မသိချင်ယောင်ဆောင်နေနိုင်မှာ မဟုတ်ပေ။
အဘိုးဖူက အခွင့်သာတုန်း ဖိပြောလိုက်သည်။ “ အဘိုးနဲ့ လိုက်ခဲ့ပါ ကျန်းပေါင်။ စိတ်မပူနဲ့ … အဘိုး ရှိရင် မင်ရှစ်က နင့်ကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။ ”
ကျန်းပေါင် လိုက်မသွားချင်သော်လည်း အဘိုးအိုတစ်ယောက်က သူမကို ထိုကဲ့သို့ အကြည့်နှင့် ကြည့်နေတာကို မငြင်းဆန်နိုင်ပါ။ သူမမှာ ထိုအကြည့်ကို တောင့်ခံနိုင်စွမ်း မရှိ။
အဘိုးဖူက ညှိညှိနှိုင်းနှိုင်း ပြောသည်။ “ ဒါမှမဟုတ် နင်တို့နှစ်ယောက် အရင်ဆုံး စေ့စပ်ထားလို့ ရပါတယ် ၊ အတူတူ အချိန်ကုန်ဆုံးရင်း ဆက်ဆံရေးကို တည်ဆောက်ကြပေါ့။ အဲ့ဒါက အလုပ်မဖြစ်ရင်တော့ အဘိုး နင့်ကို မြေးမလေးတစ်ယောက်လိုပဲ သဘောထားပါ့မယ်။ အဲ့လိုဆို အဆင်ပြေတယ်မလား ကျန်းပေါင်။ အဘိုး နင့်ကို စိတ်မပူဘဲ မနေနိုင်လို့ပါကွယ်။ ဒီလူအိုကြီးကို သနားတဲ့အနေနဲ့ အဘိုးကို မြို့မှာ ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက် လိုက်အဖော်ပြုပေးပါလားကွယ်။ ”
သူက ခန္ဓာကိုယ်ကို ရှေ့သို့ စိတ်အားထက်သန်စွာ ကိုင်းညွှတ်၍ ကျန်းပေါင်အား ကြည့်နေခဲ့ပါသည်။
ကျန်းပေါင်သည် သခင်ကြီးဖူရဲ့ စိတ်အားထက်သန်သော မျက်လုံးများနှင့် ရင်ဆိုင်ရချိန်မှာ နှုတ်ဆိတ်နေမိသည်။
သခင်ကြီးဖူက ကျန်းပေါင် သဘောမတူသော်လည်း ပါးစပ်က ထုတ်မပြောဘဲ တိတ်ဆိတ်စွာ ငြင်းဆန်နေတာကို သိသည်။ ကလေးက ဆန္ဒမရှိတဲ့အတွက် သခင်ကြီးဖူလည်း ဇွတ်မတိုးနိုင်တော့ဘဲ သူ့ပေါင်ကို ပုတ်၍ ခေါင်းခါယမ်းလိုက်သည်။ “ ထားလိုက်ပါတော့ … အဲ့ကိစ္စကို လောလောဆယ် မပြောဘဲ နေရအောင်။ နင့်အဘိုးရဲ့ အုတ်ဂူမှာ အဘိုးနဲ့ အမွှေးတိုင် သွားထွန်းရအောင် ပေါင်ပေါင်။ သူ့အုတ်ဂူက အလှမ်းဝေးတော့ အဘိုးတို့ ရံဖန်ရံခါ ရောက်ဖြစ်တာ မဟုတ်ဘူး။ သူ့ဆီ တစ်ကြိမ် သွားလည်ဖို့တောင် မလွယ်ဘူး။ ”
သခင်ကြီးဖူက ထိုသို့ ပြောပြီးနောက် မြေးဖြစ်သူဘက်ကို လှည့်ကြည့်လိုက်သည်။ “ ကားထဲက လောင်ပေါင်စိတ်ဝိညာဉ် ( တရုတ်ရိုးရာ အရက်တစ်မျိုး ) ကို သွားယူချေ။ တပ်စုခေါင်းဆောင်ကျန်းက စစ်တပ်ထဲမှာတုန်းက အဲ့အရက်ကို သောက်ရတာ အကြိုက်ဆုံးပဲ။ ”
ဖူမင်ရှစ်က ကျန်းပေါင်ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ ခြေလှမ်းကျဲများဖြင့် သူမနံဘေးမှ ဖြတ်လျှောက်လာခဲ့သည်။ ကျန်းပေါင်ကလည်း မြေပြင်ကိုသာ စိုက်ကြည့်နေပြီး သူ့ဆီကို အကြည့်လေး တစ်ချက်တောင် ဝဲမလာခဲ့ပါ။
သခင်ကြီးဖူက သူမဆီ ခပ်ပြုံးပြုံးနှင့် လျှောက်လာပြီး လျှို့ဝှက်ချက်တစ်ခုကို မျှဝေသကဲ့သို့ တီးတိုး ပြောသည်။ “ အဘိုးကို အမှန်အတိုင်း ပြောစမ်း ပေါင်ပေါင်။ နင် မင်ရှစ်ကို ရုပ်ချောတယ်လို့ မထင်ဘူးလား။ ”
ကျန်းပေါင်က အိမ်ထဲမှ ထွက်ခွာသွားသော သူ့ကျောပြင်ကို လှမ်းကြည့်ရင်း ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ ဖူမင်ရှစ်က ရုပ်ဆိုးနေလျှင်တောင် ယဉ်ကျေးမှုအရ သခင်ကြီးဖူရှေ့မှာ သူ့မြေးကို အပုပ်ချလို့ မဖြစ်။
သခင်ကြီးဖူက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း တဟဲဟဲ ရယ်သည်။ “ အဘိုးလည်း နင့်ကို အမှန်အတိုင်း ပြောပြမယ်။ အဲ့ဒီ မင်ရှစ် ဆိုတဲ့ ကလေးက ငယ်ငယ်ကတည်းက အေးစက်တဲ့ စိတ်နေစိတ်ထား ရှိတယ်။ သူ လေးလေးနက်နက် စိတ်ဝင်စားတဲ့ အရာ ဆိုလို့ အလုပ်ပဲ ရှိတာ။ ဒီနှစ်ထဲမှာ သူ့အသက် ( ၂၈ ) နှစ် ပြည့်သွားပေမဲ့ တစ်ခါမှ ရည်းစားမထားဖူးဘူး။ အဘိုး သူ့အတွက် ကြင်ဖက်တွေ့ဖို့ စီစဉ်ပေးဖူးပေမဲ့ သူက မိန်းကလေးတွေကို ပလိပ်ကပ်ဆိုးလို ရှောင်ရှားနေခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ အဘိုး သူ့ကို နင့်ဓာတ်ပုံလည်း ပြလိုက်ရော ဘာမှ သိပ်နားချစရာတောင် မလိုဘဲနဲ့ သူ့သဘောနဲ့သူ ဒီနေရာကို လာခဲ့တယ်။ အဘိုးအမြင်တော့ သူ နင့်ကို သဘောကျနေတယ် ထင်တယ်။ ”
ဒါပေမဲ့ ကျန်းပေါင်ကတော့ လက်မထပ်မီ သဘောတူညီချက်စာချုပ်အကြောင်းသာ တွေးမိနေသည်။ ဖူမင်ရှစ်က သူမကို သဘောမကျဘဲ အဘိုးစကားကို နာခံတတ်လွန်းတဲ့ မြေးလိမ္မာတစ်ယောက်သာ ဖြစ်သည်။
“ နင်လည်း ချစ်သူရှာရမယ့် အသက်အရွယ် ရောက်နေပြီပဲ။ နင့်မှာရော သဘောကျနေတဲ့ ကောင်လေး တစ်ယောက်ယောက် ရှိလား။ ” သခင်ကြီးဖူက ကျန်းပေါင်ရဲ့ အချစ်ရေးအကြောင်း စိတ်ဝင်တစား စတင် မေးမြန်းလာသည်။
ကျန်းပေါင်က ထိုခေါင်းစဉ်ဆီ စကားလမ်းကြောင်း ပြောင်းသွားသောအခါ အနည်းငယ် ရှက်ရွံ့သွားပြီး ခေါင်းခါပြလိုက်သည်။ သူမက ကြိုးကြိုးစားစား ပညာဆည်းပူးပြီး စောစောစီးစီး ရည်းစားမရှာတဲ့ ကျောင်းသူကောင်း တစ်ယောက် ဖြစ်သည်။
ကျောင်းထွက်ပြီးတဲ့နောက်ပိုင်း သူမကို ချဉ်းကပ်သော လူတချို့ ရှိသော်လည်း ကျန်းပေါင်ကတော့ သူတို့ဟာ သူမရဲ့ စံချိန်စံနှုန်းတွေနှင့် မကိုက်ညီဘူးလို့ ခံစားရ၍ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ စေတနာပိုတဲ့ အဘွားကောက ဒီ ( ၂ ) နှစ်အတွင်း သူမအတွက် ကြင်ဖက်ရှာပေးဖို့ သုံး ၊ လေးခါလောက် ကြိုးစားခဲ့ပေမဲ့ သူမကတော့ အကြောင်းပြချက် အမျိုးမျိုးကြောင့် ဘယ်သူ့ကိုမှ သဘောမကျခဲ့ပါ။ သူမနှင့် ရွယ်တူ အများစုပင်လျှင် ပညာသင်နေဆဲမို့ အလျင်စလိုလည်း ချစ်သူမရှာချင်ပေ။
“ ဒါဆို နင်လည်း တစ်ခါမှ ရည်းစားမထားဖူးဘူး ဆိုတော့ နင်တို့နှစ်ယောက်က ပိုလို့တောင် လိုက်ဖက်သွားတာပေါ့။ ” သခင်ကြီးဖူက ဝိုင် နှစ်ပုလင်းကို သယ်လျက် ပြန်ရောက်လာတဲ့ မြေးဖြစ်သူကို တစ်ချက် ခိုးကြည့်ကာ ကျန်းပေါင်အား အဓိပ္ပာယ်ပါပါ ပြုံးပြသောကြောင့် သူမလည်း အိုးတိုးအမ်းတမ်း ပြုံးပြလိုက်ရသည်။
“ သွားရအောင် … အဘိုးတို့ လမ်းလျှောက်ရင်း စကားပြောလို့ ရတယ်။ ” သခင်ကြီးဖူက ဟိုဘက်မှာ စောင့်နေသော ဖူမင်ရှစ်အား အရှေ့ကနေ သွားနှင့်ဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောရင်း ခပ်သွက်သွက် ခြေလှမ်းများဖြင့် ဦးဆောင်၍ ထွက်လာခဲ့သည်။
ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ လက်ထဲမှာ မီးညှိဖို့အတွက် စက္ကူလိပ်တွေ ကိုင်ထားတာကို သတိထားမိသောကြောင့် မီးခြစ်တစ်ခုကို ယူကာ သူမရဲ့ အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။
လမ်းမှာ သခင်ကြီးဖူက ကျန်းပေါင်အား သူနှင့် တပ်စုခေါင်းဆောင်ကျန်းကြားက ဇာတ်လမ်းဟောင်းတွေ အများကြီးကို ပြောပြနေခဲ့သည်။ ကျန်းပေါင်ကလည်း စိတ်ဝင်တစား နားထောင်ရင်း သခင်ကြီးဖူအား ပိုရင်းနှီးလာခဲ့သည်။
ဖူမင်ရှစ်ကတော့ ပစ္စည်းတွေကို သယ်လျက် သူတို့နောက်မှ လျှောက်လာခဲ့သည်။ သူ့အဘိုးကို ကျန်းပေါင် ပြုံးပြနေတာကို မြင်တော့ တစ်ချက် တွေးလိုက်ကာ ဘဲငန်းတွေ ဆိတ်တာခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူမအား စကားပြောလိုက်သည်။ “ မင်း မနက်တုန်းက ငါ့ကို ဘာလို့ အိမ်ထဲ ဝင်ခွင့်မပေးတာလဲ။ ”
အတော်လေး အဓိပ္ပာယ်မရှိသော အိမ်ထောင်ရေး လိုအပ်ချက်တွေကို တောင်းဆိုတာက လွဲလို့ သူမအပေါ် အမှားကျူးလွန်ခဲ့သည်ဟု သူ့ကိုယ်သူ မထင်ပါ။ သူ့အဘိုးရှေ့မှာ ယဉ်ကျေးစွာ ပြုမူနေတာက သူတို့မိသားစု နှစ်စုကြားက ဆက်ဆံရေးကို သူမ လက်ခံလိုက်ပြီဟု ဆိုလိုသည်။ သူ့အဘိုးကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး သူ့ကိုကျ ရိုင်းပျနေစရာ အကြောင်းမရှိပေ။
ကျန်းပေါင်က သူ့ကို လှည့်ကြည့်ပြီး အားတုံ့အားနာနှင့် ခေါင်းငုံ့လိုက်မိသည်။ “ ကျွန်မ ရှင့်ကို လူလိမ်လို့ ထင်ခဲ့မိလို့ပါ … ”
ဖူမင်ရှစ်ရဲ့ အေးစက်လက်စ မျက်နှာက ပိုလို့တောင် အေးစက်သွားပြီး သခင်ကြီးဖူက တဟားဟား အော်ရယ်ကာ ကျန်းပေါင်အား ချီးကျူးလိုက်သည်။ “ ဟုတ်တာပေါ့ ၊ သတိ ဆိုတာ ပိုတယ် မရှိဘူး။ ကျန်းပေါင်က လုပ်သင့်တဲ့ အရာကို လုပ်ခဲ့တာပဲ။ ”
ဖူမင်ရှစ်တစ်ယောက် ပြောစရာစကားတွေ ပျောက်ဆုံးသွားကာ တောင်တန်း အထပ်ထပ်ကို လှည့်ကြည့်လိုက်သည်။ သူ့အဘိုးက ကျန်းမျိုးနွယ်တွေရဲ့ အုတ်ဂူတွေကို မှတ်မိနေဆဲမို့ ကျန်းပေါင်ရဲ့ လမ်းညွှန်ချက် မပါဘဲ ဒီနေရာကို သူတို့ဘာသာ လာခဲ့ကြတာ ဖြစ်သည်။
ကျန်းပေါင်ရဲ့ ဘိုးဘေးတွေရဲ့ အုတ်ဂူတွေရှေ့ ရောက်သောအခါ သခင်ကြီးဖူက လူငယ်နှစ်ယောက်အား ခပ်ဝေးဝေးမှာ လမ်းလျှောက်ခိုင်းလိုက်ပြီး တပ်စုခေါင်းဆောင်ကျန်းရဲ့ အုတ်ဂူရှေ့မှာ တစ်ယောက်တည်း ဒူးထောက်ကာ အတိတ်အကြောင်း ပြန်တွေးနေမိသည်။
ကျန်းပေါင်က စကားလုံး တချို့ကို ကြားလိုက်ရသဖြင့် စူးစူးစမ်းစမ်း ပြန်လှည့်ကြည့်ချင်သော်လည်း သူမ လှည့်ကြည့်လိုက်ချိန်မှာ ဖူမင်ရှစ်နှင့် မတော်တဆ အကြည့်ချင်း ဆုံသွားခဲ့သည်။
အဲ့ဒါက တကယ်ပဲ မတော်တဆသာ ဖြစ်ပုံဖြင့် ဖူမင်ရှစ်က တည်ငြိမ်စွာ အကြည့်လွှဲသွားကာ အညိုရောင် တောင်ကုန်းထိပ်မှာ အနက်ရောင် အနောက်တိုင်း ဝတ်စုံဖြင့် မြင့်မတ်စွာ ရပ်လျက် ဟိုးအဝေးကို ငေးကြည့်နေခဲ့သည်။ သူ့အသွင်က ပိုင်နက်ကို ဆန်းစစ်လေ့လာနေတဲ့ လင်းယုန်နက်တစ်ကောင်နှင့် တူသည်။
ကျန်းပေါင်က သူ့ဘောင်းဘီအသစ်တွေကို ကြည့်ကာ နှုတ်ခမ်းကိုက်၍ အသံတိုးတိုးနှင့် ပြောလိုက်သည်။ “ တောင်းပန်ပါတယ် … အိမ်ပြန်ရောက်ရင် ရှင့်ကို ပလာစတာကပ်ပေးရမလားဟင်။ ကျွန်မအိမ်မှာ ပလာစတာ နည်းနည်းပါးပါး ရှိတယ်။ ”
“ မလိုဘူး။ ” ဖူမင်ရှစ်က မိုးကုတ်စက်ဝိုင်းကို ငေးကြည့်နေရင်းမှ ပြန်ဖြေလိုက်သည်။ သူ့ဘာသာ ကပ်ပြီးပြီမို့ တကယ်လည်း မလိုအပ်တော့ပါ။
တစ်ဖက်လူက သူမရဲ့ တောင်းပန်စကားကို အသိအမှတ်မပြုသောကြောင့် ကျန်းပေါင် အသာလေး ပါးစပ်ပိတ်နေလိုက်ရတော့သည်။
ထိုအချိန်မှာပဲ အုတ်ဂူတွေ ရှိတဲ့ နေရာဘက်ကနေ ဝမ်းပန်းတနည်း ငိုရှိုက်သံတွေ ရုတ်တရက် ပျံ့လွင့်လာသောကြောင့် သူတို့နှစ်ယောက်လုံး ပြိုင်တူ လှည့်ကြည့်လိုက်လျှင် အုတ်ဂူတစ်လုံးရှေ့မှာ ဒူးထောက်ရင်း အရက်မူးနေပုံဖြင့် ပြတ်တောင်း ပြတ်တောင်း ငိုကြွေးနေသော သခင်ကြီးဖူကို တွေ့လိုက်ရ၏။
“ ကျုပ် ခင်ဗျားကို မကယ်နိုင်ခဲ့ဘူး တပ်စုခေါင်းဆောင်။ ဟိုကလေး နှစ်ယောက်ကိုလည်း မကယ်နိုင်ခဲ့ဘူး။ ကျုပ်သာ ကတိမဖျက်ခဲ့ရင် ထုံထုံလည်း ကားအက်ဆီးဒင့်ဖြစ်ပြီး သေဆုံးရမှာ မဟုတ်သလို တာ့ဟုန်လည်း မိန်းမတစ်ယောက်ဆီမှာ လှည့်စားခံရမှာ မဟုတ်ဘူး။ သူတို့က နှစ်ယောက်အတူ လက်တွဲနေရမှာ … ဒါတွေအားလုံးက ကျုပ်အမှားတွေပါ။ ကျုပ်အမှားတွေကို ပြန်လည် ပြင်ဆင်ခွင့်ပေးပါ။ ကျုပ် ရောဂါမပျောက်ချင်ဘူး … ခင်ဗျားနဲ့ တမလွန်မှာ စောစောစီးစီး တွေ့ချင်တယ်။ ခင်ဗျား ကျုပ်ကို ရိုက်နှက်ဆဲဆိုရင်တောင် ကျုပ် ခေါင်းငုံ့ခံနေမှာပါ တပ်စုခေါင်းဆောင်ရယ် … ”
ကင်ဆာရောဂါလည်း ဖြစ်နေတဲ့ လူကြီးတစ်ယောက်က စိတ်ပိုင်းဆိုင်ရာအရ အရမ်းကြီး မလှုပ်ရှားသင့်တာမို့ ဖူမင်ရှစ်က ချက်ချင်းပဲ သူ့အဘိုးကို သွားအကြံပေးလိုက်သည်။
“ ငါ့ကို ဒီတိုင်း လွှတ်ထားပေးစမ်းပါ မင်ရှစ်။ ဝေးဝေးကို သွားစမ်းပါ … ငါ့ဘာသာ တပ်စုခေါင်းဆောင်ကျန်းနဲ့အတူ အေးဆေး နေပါရစေ။ ”
သခင်ကြီးဖူက အုတ်ဂူကျောက်တိုင်ကို လက်တစ်ဖက်ဖြင့် ဖက်တွယ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် မြေးဖြစ်သူအား တွန်းထုတ်နေခဲ့သည်။ ပတ်ဝန်းကျင်ကို ကြည့်ရသလောက် ပြင်ပကမ္ဘာကြီးက ဆယ်စုနှစ်တွေ တစ်လျှောက် ပြောင်းလဲမှု များစွာ ကြုံတွေ့ခဲ့ရပေမဲ့ ဒီတောင်တန်းဒေသကတော့ အရမ်းကြီး ပြောင်းလဲသွားပုံ မပေါ်ပါ။
တောင်တန်းတွေက သူတို့ စစ်ပွဲအတွင်း ဖြတ်သွားခဲ့တုန်းကနှင့် တစ်ပုံစံတည်း ၊ အုတ်ဂူတွေကလည်း သေဆုံးသူတွေအတွက် စစ်သားတွေ တူးဖော်ခဲ့တဲ့ မြေပူစာလေးတွေအတိုင်း တစ်ပုံစံတည်း။ သခင်ကြီးဖူက သူ့မျက်စိရှေ့က မြင်ကွင်းကြောင့် နင့်နင့်နဲနဲ ခံစားလိုက်ရသည်။
အရက်ပြင်း တစ်ပုလင်းလုံးကိုလည်း သောက်ထားတာမို့ နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့တဲ့ နောင်တ,တရားတွေ အားလုံး တွန်းကန်ထွက်လာကာ စေ့စပ်ကြောင်းလမ်းထားတဲ့ ကလေးနှစ်ယောက်ရဲ့ အဖြစ်ဆိုးအတွက် သူ့ကိုယ်သူသာ အပြစ်တင်နေခဲ့သည်။
ဖူမင်ရှစ် သူ့အဘိုးကို ဘယ်လောက်ပဲ ဖြောင်းဖြဖို့ ကြိုးစားပါစေ ၊ အဘိုးက သူ့စကား နားမထောင်ပါ။
ကျန်းပေါင်သည် သူမရဲ့ အဘိုးကို တစ်ခါမှ မမြင်ဖူးလိုက်သော်လည်း အဘိုးနှင့် အဖေရဲ့ အုတ်ဂူရှေ့မှာ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေသော သခင်ကြီးဖူကို မြင်ရချိန်မှာ အဖေ့ကို သတိရသွားတာမို့ ခဏအကြာမှာပဲ သူမလည်း မျက်ရည်တွေ စီးကျလာခဲ့သည်။ ထို့ကြောင့် သခင်ကြီးဖူဘေးမှာ ဒူးထောက်ထိုင်ရင်း မျက်ရည်တွေကြားမှ ဖြောင်းဖြလိုက်သည်။
“ ကျေးဇူးပြုပြီး အဲ့လို မပြောပါနဲ့ သခင်ကြီးဖူ။ ကျွန်မရဲ့ အဘိုးက သခင်ကြီးဖူကို အပြစ်မတင်ပါဘူး ၊ အဖေကလည်း အပြစ်မတင်ပါဘူး။ သူတို့ရဲ့ ကံကြမ္မာက ဒီလို ဖြစ်ဖို့ အကြောင်းဖန်လာခဲ့လို့ပါ။ အဲ့ဒါက သခင်ကြီးကြောင့် မဟုတ်ပါဘူး။ ”
“ ဘာလို့ ငါ့ကြောင့် မဟုတ်ရမှာလဲ။ ” သခင်ကြီးဖူရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ ဖုံးလွှမ်းနေခဲ့ပြီး တပ်စုခေါင်းဆောင်ကျန်းရဲ့ အုတ်ဂူကို လက်ညှိုးထိုးရင်း မျက်ရည်လည်ရွှဲနှင့် ပြောသည်။ “ တစ်ချိန်တုန်းက တပ်စုခေါင်းဆောင်ကျန်းက ငါနဲ့ လက်ဆွဲပြီး ကတိကဝတ်ပြုခဲ့တယ်။ ငါကလည်း ချက်ချင်းပဲ သဘောတူခဲ့တယ်။ ဒါပေမဲ့ ငါ ကတိမတည်နိုင်ခဲ့ဘူး ၊ သူ့ယုံကြည်ချက်မှုကို အလွဲသုံးစား လုပ်ခဲ့မိတယ်။ ငါက သူ့အသက်နဲ့ လဲပြီး ကယ်တင်ခံရဖို့ မထိုက်တန်ဘူး … အကုန်လုံးက ငါ့အမှားတွေပဲ။ ငါ့က ညီလေးလို့ သူ ခေါ်တာ ခံရဖို့ မထိုက်တန်ဘူး … ”
သခင်ကြီးဖူက တကယ့်ကို ရှိုက်ကြီးတငင် ငိုကြွေးနေသည်မှာ တစ်ချိန်တုန်းက မြင်ကွင်းကို ကျန်းပေါင် ပြန်မြင်နေရသလိုပင်။ ကလေးနှစ်ယောက်ကို စေ့စပ်ကြောင်းလမ်းပေးထားတဲ့ ၊ အဓိပ္ပာယ်မရှိဘူးလို့ ထင်ရတဲ့ ကိစ္စကို သခင်ကြီးဖူ ဘာလို့ အရမ်း စိတ်အားထက်သန်နေတာလဲ ဆိုတာကိုလည်း သူမ နားလည်သွားသည်။
ဒီရဲဘော်ကို သူမရဲ့ အဘိုး အပြစ်တင်မှာလား ဆိုတာ မသိပေမဲ့ သူမကတော့ ဒီစကားတွေကို ဆက်နားထောင်နိုင်စွမ်း မရှိတော့ပေ။
“ ကျွန်မ လက်ခံပါတယ် သခင်ကြီးဖူ။ သခင်ကြီးရဲ့ မြေးနဲ့ လက်ထပ်ဖို့ ကျွန်မ လက်ခံပါတယ်။ ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့တော့နော် … ”
သူမရဲ့ အဘိုးက သခင်ကြီးဖူရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပေမဲ့ တစ်ချိန်တုန်းက သူမရဲ့ အဘွားက သူမကို ပြောခဲ့ဖူးသည်။ သူမတို့မိသားစုဟာ ဆင်းရဲလွန်းလို့ ထမင်းစားဖို့တောင် မတတ်နိုင်ခဲ့ဘူးတဲ့ … ။ သခင်ကြီးဖူကသာ သူတို့ကို ငွေကြေး မထောက်ပံ့ခဲ့ရင် သူမရဲ့ အဘွားက အဖေ့ကို ကျွေးမွေးပျိုးထောင်နိုင်မှာ မဟုတ်ပါ ၊ အဖေ မရှိရင် သူမလည်း ရှိလာမှာ မဟုတ်။
အရာအားလုံးက အကျိုးအကြောင်း ဆက်စပ်နေတာမို့ ကျေးဇူးရှင် ဆိုတာ မရှိသလို ကျေးဇူးကြွေးတင်နေသူလည်း မရှိပါ။ သခင်ကြီးဖူအနေဖြင့် ကျန်းမိသားစုအပေါ် အပြစ်မကင်း ခံစားစရာ မလိုပါ။ ကောင်းကင်ဘုံက သူ့ကို အပြစ်ပေးတယ်လို့လည်း ထင်မနေသင့်။
သူ ဘာအမှားတွေ ကျူးလွန်ခဲ့လို့လဲ … ။
“ ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့နော် သခင်ကြီးဖူ။ ကျွန်မ သခင်ကြီးဖူနဲ့ လိုက်ခဲ့ပါ့မယ်။ ” ငိုထားတာမို့ ကျန်းပေါင်ရဲ့ မျက်လုံးတွေက နီရဲနေသည်။
“ တကယ်လား … ” လူငယ်နှစ်ယောက်ရဲ့ ဖြောင်းဖြစကားသံတွေအနက် ကျန်းပေါင်ရဲ့ စကားကသာ သခင်ကြီးဖူရဲ့ နားထဲ ဝင်သွား၏။
ကျန်းပေါင်က မျက်ရည်တွေကို ပွတ်သုတ်ရင်း ခေါင်းညိတ်ပြလိုက်ရာ သခင်ကြီးဖူ အလွန် ပျော်ရွှင်သွားလေသည်။ စီးပွားရေးအောင်မြင်လို့ ပျော်တဲ့ အပျော်မျိုး ၊ ထီပေါက်လို့ ပျော်တဲ့ အပျော်မျိုး မဟုတ်ပါ။ အချိန်ကြာမြင့်စွာ တောင့်တခဲ့ရသည့် ဆန္ဒလေး ပြည့်သွားတဲ့အတွက် သူ့ရဲဘော်ရှေ့မှာ ရှက်ရွံ့အားနာစရာ မလိုတော့တဲ့ ၊ အသိစိတ်ထဲမှာ အပြစ်မကင်း ခံစားနေစရာ မလိုတော့တဲ့ ပျော်ရွှင်မှုမျိုး ဖြစ်သည်။
အခုအချိန်မှာ ငေါက်ခနဲ သေသွားလျှင်တောင် သူ့ဘဝမှာ နောင်တ,တရားတွေ မရှိတော့ပါ။
***