အပိုင်း ( ၉ )
ကျန်းပေါင်သည် ဖူမင်ရှစ်ရဲ့ ပေ့ခ်ျထဲကို လျှောက်ကြည့်နေရင်း သူ့ရဲ့ အတည်ပြုထားသော အကောင့်အစစ်ထဲတွင် သူဟာ ကြီးပွားချမ်းသာအုပ်စုရဲ့ စီးအီအိုဖြစ်ကြောင်း ဖော်ပြထားတာကို တွေ့လိုက်ရ၏။ ထို့နောက် လွန်ခဲ့တဲ့ ငါးလတုန်းက သူ နောက်ဆုံး တင်ခဲ့တဲ့ ပို့စ်ကို ဖွင့်ကြည့်လိုက်တော့ အောက်မှာ “ ရှားယင် ” ဟူသော မိန်းကလေးကို Mention ခေါ်ထားသော ကွန်းမန့်များစွာကို တွေ့ရပြီး ဖူမင်ရှစ်ကို “ ယောက်ျားရေ ” ဟု ခေါ်ကာ ရှားယင်က သူနှင့် မတန်ကြောင်း ပြောနေသူတွေလည်း ဒုနှင့်ဒေးပင်။
တချို့ကတော့ ရှားယင်ဘက်က ကာကွယ်ပေးပြီး သူတို့နှစ်ယောက်ဟာ နတ်ဖက်တဲ့ စုံတွဲဖြစ်ကြောင်း ပြောနေကြသည်။ ကျန်းပေါင်က ကွန်းမန့်အားလုံးကို သေချာ ငုံ့ဖတ်နေရင်း ရှားယင်ရဲ့ အကောင့်ကို မတော်တဆ နှိပ်မိသွားကာ သူမရဲ့ အကောင့်ထဲကို ရုတ်တရက် ရောက်သွားခဲ့သည်။ ကျန်းပေါင်က ဖူမင်ရှစ်ကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။
ထိုအမျိုးသားက အလုပ်ကိစ္စ အီးမေးလ်တွေကို အာရုံစူးစိုက်စွာ စာပြန်နေသည်။ ကျန်းပေါင်သည် အနည်းငယ် မလုံမလဲဖြစ်မိသော်လည်း ရှားယင်ရဲ့ ဝေ့ပေါ်အကောင့်ထဲက ပို့စ်တွေကို ကြည့်ချင်စိတ်အား ထိန်းချုပ်မရပေ။ ရှေးခေတ်ဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးနေတဲ့ ရိုက်ကွင်းထဲက ဓာတ်ပုံတွေနှင့် မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံတွေကို တွေ့ရပြီး ဓာတ်ပုံတိုင်းက ပြစ်မျိုးမှဲ့မထင် လှပသည်။
ကျန်းပေါင်သည် ထိုအမျိုးသမီးရဲ့ ဓာတ်ပုံတွေကို ကြည့်ရင်း တဖြည်းဖြည်းနှင့် ပိုစိတ်ဝင်စားလာကာ အတင်းအဖျင်းတွေကို စပ်စုချင်တဲ့ မူလတုန်းက ရည်ရွယ်ချက်လေးကို မေ့လျော့သွားခဲ့သည်။ ဒီတစ်ယောက်က တကယ့်ကို လှလိုက်တာ … ။
“ မိတ်ကပ်ကောင်းကောင်း ပြင်ထားတာရယ် ၊ ဓာတ်ပုံတွေကိုလည်း အလှ Filter တွေနဲ့ ပြင်ထားလို့ပါ။ အပြင်မှာ လူချင်း တွေ့ရင် သူက သာမန်ပဲ။ ” ဖူမင်ရှစ်က အလုပ်အီးမေးလ်တွေကို စာပြန်ပြီးချိန်မှာ ရှားယင်ရဲ့ ဓာတ်ပုံတွေကို နှစ်လိုသော အကြည့်လေးဖြင့် ကြည့်နေတဲ့ ကျန်းပေါင်ကို သတိထားမိသွားပြီး မှတ်ချက်ပြုလိုက်သည်။ သူ့ရဲ့ ဘက်လိုက်မှုမရှိသော မှန်ကန်သည့် အမြင်ကို ထုတ်ဖော် မပြောဆိုဘဲ မနေနိုင်ပါ။
ကျန်းပေါင်က ဇဝေဇဝါဖြစ်သွားသည်။ “ အလှ Filter ဆိုတာ ဘယ်လို ဟာမျိုးတွေလဲ။ ”
ဖူမင်ရှစ်က ပြုံးလိုက်ပြီး သူမကို ကလေးတစ်ယောက်လိုပဲ စူးစမ်းလွန်းတယ်လို့ ခံစားလိုက်ရသည်။ လေယာဉ်က ဆယ့်ငါးမိနစ်အတွင်း ထွက်ခွာပါတော့မည်။
ဖူမင်ရှစ်က သူ့ဖုန်းထဲမှာ အလှဓာတ်ပုံရိုက်သည့် အပ်ပလီကေးရှင်း တစ်ခုကို ဒေါင်းလုတ်ဒ်ဆွဲပြီးနောက် ထိုင်ခုံမှ ထကာ ရှုထောင့်ရွေးပြီး ကျန်းပေါင်ကို ဓာတ်ပုံရိုက်ပေးလိုက်၏။ ဖော်ရွေတတ်သော ကျန်းပေါင်သည် မရင်းနှီးသော ပတ်ဝန်းကျင်မှာ လူချမ်းသာတွေနှင့် ရုတ်တရက် ဆုံတွေ့ရသည့်အတွက် အစပိုင်းမှာ ရှက်ရွံ့နေခြင်းသာ ဖြစ်ပြီး အခု ဖူမင်ရှစ်နှင့် အတော်လေး ရင်းနှီးလာချိန်မှာ တောက်ပသော အပြုံးလေးဖြင့် ချက်ချင်းပဲ ပို့စ်ပေးခဲ့သည်။ သူ ဒရိုင်ဘာနှင့် သက်တော်စောင့်တွေအတွက် ဓာတ်ပုံရိုက်ပေးတုန်းကအတိုင်း ဖြစ်သည်။
ကင်မရာဘောင်ထဲက ကျန်းပေါင်ရဲ့ ဖြူစင်တောက်ပသော အပြုံးလေးကို ကြည့်ကာ ဖူမင်ရှစ် ခဏ ရပ်တန့်သွားပြီးမှ ဓာတ်ပုံ သုံး ၊ လေးပုံလောက် ဆက်တိုက် ရိုက်လိုက်သည်။
ဓာတ်ပုံတွေ ရိုက်ပြီးသွားတော့ ကျန်းပေါင်အား မူလပုံစံနှင့် အလှ Filter တွေ သုံးပြီး ရိုက်ထားသော ပုံစံရဲ့ ခြားနားချက်ကို ယှဉ်ပြလိုက်သည်။
ကျန်းပေါင်က မနေ့ညတုန်းက ကောင်းကောင်း အိပ်မပျော်ခဲ့တဲ့အတွက် မျက်ကွင်းတွေ ညိုနေသည်။ အလှ Filter တွေကို အသုံးပြုပြီးနောက် အဓိက ခြားနားချက်က အဲ့ဒါပဲ ဖြစ်ကာ ကျန်တာတွေကတော့ အရင်အတိုင်းပင်။
သူ့အပြုအမူက ကျန်းပေါင်အား ရှားယင်အပေါ် သူ့ရဲ့ သဘောထားကို သံသယဝင်သွားစေသည်။ သူကတော့ ကျန်းပေါင်ရဲ့ အသားအရေက အရမ်း ကောင်းနေလို့ ဆိုတာကို ရှင်းမပြတော့ဘဲ သူနှင့် ရှားယင်ရဲ့ ဆက်ဆံရေးကိုသာ ရှင်းပြလိုက်သည်။ “ အနုပညာလောကထဲက အတင်းအဖျင်း အားလုံးနီးပါးက အစစ်အမှန် မဟုတ်ဘူး။ တစ်ခုပဲ မှတ်ထား ၊ ငါ့မှာ မင်း ဆိုတဲ့ သတို့သမီးလောင်း တစ်ယောက်ပဲ ရှိတယ်။ ကျန်တာ ဘာကိုမှ မယုံနဲ့။ ”
ကျန်းပေါင် ခေါင်းညိတ်လိုက်ကာ ရုတ်တရက် စိတ်ကူးပေါက်လာ၍ ရှားယင်ကို Follow လုပ်လိုက်တော့ ဖူမင်ရှစ်က “ မဆိုင်တဲ့ လူတွေကို Follow လုပ်ထားစရာ မလိုဘူး။ ” ဟု ပြန်ဖြုတ်ပေးသည်။ ထို့နောက် ထပ်ပြောသည်။
“ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်ဖို့ပဲ အာရုံစိုက်ထား။ ပြီးရင် ဝေ့ပေါ် သုံးလို့ ရတယ်။ ”
ကျန်းပေါင် ဇက်လေးပုသွားကာ ကျောင်းထွက်ပြီးတဲ့နောက်ပိုင်း အချိန်အတော်ကြာမှ ဆရာတစ်ယောက်ရဲ့ တိုက်တွန်း ဖိအားပေးမှုကို ပြန်ခံစားလိုက်ရသည်။
“ ကျွန်တော်တို့ မကြာခင် လေယာဉ်ထွက်ပါတော့မယ် လူကြီးမင်းဖူ။ ”
ဖူမင်ရှစ်က သူ့လက်ပ်တော့ကို ဘေးဖယ်လိုက်သလို ကျန်းပေါင်ရဲ့ ဖုန်းကိုလည်း ဘေးဖယ်လိုက်၏။ သူမ လေယာဉ်စီးခြင်းနှင့် အသားမကျသေးမှာကို စိုးရိမ်သောကြောင်ဘ “ နည်းနည်းလေးတော့ တုန်ခါနိုင်တယ်။ ” ဟု ပြောလိုက်သည်။
ကျန်းပေါင်လည်း တဖြည်းဖြည်း စိတ်လှုပ်ရှားလာမိပါသည်။ လေယာဉ် အမှန်တကယ် ပျံတက်သွားချိန်မှာ သူမရဲ့ မျက်နှာက ဖြူရော်သွားကာ မျက်လုံးတွေကို တင်းတင်း မှိတ်၍ လက်မှီတင်သည့် လက်ကိုင်လေးတွေကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်မိသည်။
ထိုအချိန်မှာပဲ လက်တစ်ဖက်က သူမရဲ့ ဘယ်ဘက်လက်ကို လာရောက် အုပ်မိုးဆုပ်ကိုင်သောကြောင့် ကျန်းပေါင် အထိတ်တလန့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဖူမင်ရှစ်က သူမရဲ့ လက်ကို မထူးဆန်းသလို ဆုပ်ကိုင်ပေးထားတာကို တွေ့လိုက်ရသည်။ သူတို့ မျက်လုံးချင်း ဆုံးသွားတော့ သူက ပြတင်းပေါက် အပြင်ဘက်ကို မေးငေါ့ညွှန်ပြသည်။
“ နေဝင်ချိန်ကို လေယာဉ်ပေါ်ကနေ ကြည့်ရတာက ခံစားချက် အသစ် တစ်မျိုးကို ပေးတယ်။ ”
ကျန်းပေါင် ပြတင်းပေါက် အပြင်ဘက်ကို လှည့်ကြည့်လိုက်လျှင် လှပခမ်းနားသော တိမ်ပင်လယ်နှင့် မိုးကုတ်စက်ဝိုင်းမှာ နီလာရောင် လှိုင်းအလိပ်လိပ်တွေ ထနေကာ တဖြည်းဖြည်း အရောင်ဖျော့တော့ ပျောက်ကွယ်သွားတာကို မြင်ရသည်။ ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းမှာ သူမ မိန်းမောနေမိပါသည်။
ကျနေရောင်က မှန်ပြတင်းကို ဖြတ်သန်းလာကာ သူမရဲ့ ပါးလေးတွေကို အနီရောင်စွန်းထင်းစေခဲ့သည်။ ဖူမင်ရှစ်ရဲ့ အကြည့်က သူမရဲ့ နဖူးပေါ်ကနေ တဖျတ်ဖျတ် တောက်ပနေသော မျက်လုံးလေးတွေဆီ ၊ အဲ့ဒီနောက် သိမ်မွေ့နုနယ်သော နှာခေါင်းလေးကို ဖြတ်ကျော်၍ ပန်းနုရောင် နှုတ်ခမ်းလေးတွေဆီ အကြည့်ရောက်သွားခဲ့သည်။
သူက သူမကို အကြာကြီး စိုက်ကြည့်နေမိပြီးမှ သူမ သတိပြန်ဝင်လာတော့မည့်ဆဲဆဲမှာ လက်ကို ပြန်လွှတ်ပေးလိုက်သည်။ ဒါပေမဲ့ သူမရဲ့ လက်ဖမိုးပေါ်မှာ အချိန်ကြာမြင့်စွာ ခံစားခဲ့ရတဲ့ နူးညံ့တဲ့ အထိအတွေ့လေးကတော့ သူ့လက်ဖဝါးထဲကို စွဲမြဲစိမ့်ဝင်သွားပုံပေါ်သည်။
~
ကျန်းပေါင်သည် မြို့တော်ကို ရောက်သည်နှင့် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် အနီးကပ်တက်သုတ်ရိုက် အခန်းတံခါးပိတ် အထူးသင်တန်းတွေကို စတင်တက်ရောက်ခဲ့ရလေသည်။ သူမက သိပ္ပံဘာသာတွဲဖြင့် စာမေးပွဲဖြေမှာ ဖြစ်ပြီး ဖူမင်ရှစ်က သူ့လက်ထောက် ပေးပို့လာတဲ့ ထိပ်တန်း စာမေးပွဲပြင်ဆင်ရေး ဆရာတွေရဲ့ အလုပ်လျှောက်လွှာတွေထဲမှ သူ စိတ်တိုင်းအကျဆုံး ခြောက်ယောက်ကို ရွေးချယ်ထား၏။ သူတို့က အပန်းဖြေစံအိမ်မှာ တိုက်ရိုက် နေပြီး ကျန်းပေါင် တစ်ယောက်တည်းကိုသာ သင်ကြားပေးရသည်။
ဖူမင်ရှစ်က ကျန်းပေါင် အာရုံမပျံ့လွင့်စေရန်အတွက် ဒီရက်တွေအတွင်း တခြား အိမ်တစ်လုံးမှာသာ နေကာ အပန်းဖြေစံအိမ်ကို ပြန်မလာဘဲ နှစ်ရက် ၊ သုံးရက် တစ်ခါပဲ ဖုန်းခေါ်တတ်သည်။ သခင်ကြီးဖူကတော့ သုံး ၊ လေးခါလောက် လာလည်ခဲ့သည်။
စာမေးပွဲက ခုနှစ်ရက်နေ့မှာ တရားဝင် စတင်မှာမို့ သင်တန်းတွေ အားလုံးက ငါးရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်သည်။ ကျန်းပေါင်သည် သူမရဲ့ အင်္ဂလိပ်သင်တန်းဆရာ လူကြီးမင်းလီကို ခြံဝထိ လိုက်ပို့ပေးပြီးနောက် ဖူမင်ရှစ်ရဲ့ ဥရောပစတိုင် ဆောက်လုပ်ထားသော အပန်းဖြေစံအိမ်ကြီးကို လှည့်ကာ လူသူကင်းမဲ့ ခြောက်ကပ်သော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ကျန်းပေါင်က ဟွီသန်းကို ခေါ်၍ သူမ အားအနည်းဆုံး ဘာသာရပ် ဖြစ်သည့် အင်္ဂလိပ်စာကို နားထောင်စွမ်းရည်လေ့ကျင့်ခန်းတွေ လုပ်ဖို့အတွက် ဒုတိယထပ်ရှိ စာကြည့်ခန်းထဲကို တက်ခဲ့လိုက်သည်။ ဟွီသန်းက စာကြည့်စားပွဲနားမှာ လှည့်ပတ်ပြေးလွှားနေပြီးမှ သခင်ဖြစ်သူရဲ့ ခြေထောက်နားမှာ လဲလျောင်းကာ ခေါင်းလေးကို စင်းထားခဲ့သည်။
အချိန်အနည်းငယ်ကြာ ခြေပစ်လက်ပစ် လဲလျောင်းပြီးနောက်မှာတော့ ဟွီသန်းက ရုတ်တရက် နားရွက်လေးတွေ ထောင်လာကာ ပြင်သစ်စတိုင် ပြတင်းပေါက်တွေနားသို့ ရုတ်ခနဲ ပြေးသွားပြီး ခြံထဲကို မောင်းဝင်လာတဲ့ ကားအမည်းရောင်ကို စူးရှသော ခွေးမျက်လုံးလေးများဖြင့် စိုက်ကြည့်နေခဲ့သည်။
ဟွီသန်းက ထိုကားကို ကြည့်ကာ တဝုတ်ဝုတ် ဟောင်နေသော်လည်း ကျန်းပေါင်ကတော့ မကြားပါ။ လိမ္မာတဲ့ အိမ်စောင့်ခွေးလေး ဟွီသန်းဟာ သူ့သခင်ကို ဆက်မနှောင့်ယှက်တော့ဘဲ အောက်ထပ်ကို သူ့ဘာသာ ပြေးဆင်းလာခဲ့သည်။
လေလိုအလျင်ဖြင့် အောက်ထပ်ကို ဆင်းလာပြီး ဧည့်ခန်းထဲက ပြေးထွက်လာချိန်မှာတော့ ကားအမည်းပေါ်ကနေ သူ့သခင်ကို အနိုင်ကျင့်ဖူးတဲ့ လူဆိုးကောင် ဆင်းလာတာကို မြင်လိုက်ရပါသည်။ ဟွီသန်းဟာ ထိုလူဆိုးကောင်ကို ချက်ချင်းပဲ တရစပ် ဟောင်ရင်း တစ်ဖက်လူကို နည်းနည်းလေး ကြောက်၍ နောက်ဆုတ်လာခဲ့လိုက်သည်။
“ ဟွီသန်း … ” အိမ်အကူ ဝမ်မားက အသံတိုးတိုးနှင့် ဟန့်တားလိုက်သည်။ ဘာလို့ အိမ်ကို လာတဲ့ လူတိုင်းကို လိုက်ပြဿနာရှာနေတာလဲ … ။ ဝမ်မား ရဲ့အသံကြောင့် ဟွီသန်းက သူ့ကိုယ်သူ နည်းနည်းလေး ထိန်းထိန်းသိမ်းသိမ်း ပြုမူခဲ့သည်။
ဖူမင်ရှစ်က သူ့အပေါ်အင်္ကျီကို ချွတ်ရင်း ဧည့်ခန်းထဲသို့ လျှောက်ဝင်လာကာ ဝမ်မားကို “ ကျန်းပေါင် ဘယ်မှာလဲ။ ” ဟု မေးလိုက်သည်။
“ မိန်းကလေးကျန်းက စာကြည့်ခန်းထဲမှာ စာကြိုးစားနေပါတယ်။ ” ဝမ်မားက သူမရဲ့ သားသမီးအရင်းကို ကြွားဝါပြောဆိုနေသကဲ့သို့ ဂုဏ်ယူဝင့်ကြွားသော အပြုံးလေးဖြင့် ပြောလိုက်သည်။ သူမရဲ့ သားက အခု ဆယ်တန်းတက်နေပြီး နောက်နှစ်ထဲမှာ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရမှာ ဖြစ်သည်။ အခုတလော သူမ အိမ်ပြန်ရောက်တဲ့အခါတိုင်း ကျန်းပေါင်ကို ဥပမာပေးကာ သားဖြစ်သူအား စာကြိုးစားဖို့ တိုက်တွန်းလေ့ရှိသည်။
ဖူမင်ရှစ်ရဲ့ မျက်လုံးတွေ တောက်ပသွားကာ သူ့အပေါ်အင်္ကျီကို ဆိုဖာပေါ် ပစ်တင်ပြီး အပေါ်ထပ်သို့ တန်းတန်းမတ်မတ် တက်လာခဲ့လိုက်၏။ ဟွီသန်းက သူ့နောက် လိုက်သွားချင်ပေမဲ့ ဝမ်မားက သူ့ကို ခေါ်ထားသည်။
လှေကားထစ်တွေကို နင်းတက်လာတဲ့ ဖူမင်ရှစ်ရဲ့ ခြေသံက တိုးလည်း မတိုး ၊ ကျယ်လည်း မကျယ်ပါ။ ဒုတိယထပ်ကို ရောက်တော့ တစ်ဝက်တစ်ပျက် ပွင့်နေသော စာကြည့်ခန်းတံခါးကို ကြည့်ကာ သူ့ခြေထောက်တွေက အလိုအလျောက် အရှိန်လျော့သွားသည်။ တံခါးဝကို ရောက်တော့ စာကြည့်စားပွဲမှာ ဘေးတစောင်း အနေအထားဖြင့် ခပ်မတ်မတ် ထိုင်လျက် ခေါင်းပေါ်မှာ နားကြပ်တပ်ထားတဲ့ ကျန်းပေါင်ကို မြင်လိုက်ရ၏။
သူမရဲ့ ဘယ်ဘက်လက်က စာမေးပွဲအဖြေလွှာ လေ့ကျင့်စာရွက်ကို ကိုင်ထားပြီး ဘောပင်တစ်ချောင်းကို ကိုင်၍ သူမ ဖြေထားတဲ့ အဖြေတွေကို အမှတ်ပေးနေခဲ့သည်။
ဖူမင်ရှစ်က တံခါးခေါက်လိုက်သည်။
တံခါးဝမှာ ရပ်နေသည့် တစ်လနီးပါး မတွေ့ခဲ့ရသူကို ကျန်းပေါင် တအံ့တဩ လှည့်ကြည့်မိချိန်မှာပဲ မေးခွန်းတစ်ပုဒ်ကို ဖတ်ပြနေတဲ့ အသံဖိုင်ကလည်း ပြီးဆုံးသွားသည်။ သူ ဝတ်ထားတဲ့ အနက်ရောင် ဘောက်းဘီရှည်နှင့် အဖြူရောင် ရှပ်အင်္ကျီက သူ့ရဲ့ ချောမောသော အသွင်သဏ္ဍာန်ကို ပိုလို့ ထင်ရှားစေပြီး စိမ်းသက်မှု တစ်မျိုးကို ခံစားနေရသည်။ ပျော်တာထက် အံ့ဩတာက ပိုနေသော ကျန်းပေါင်သည် နားကြပ်ကို ချွတ်ကာ အပြုံးလေးဖြင့် ထိုင်ခုံမှ ထလိုက်သည်။
“ ရှင် … ဒီနေ့ ဘာလို့ ပြန်လာတာလဲ။ ”
သူတို့နှစ်ယောက်က အစကတည်းက အဲ့လောက်ကြီး ရင်းနှီးခဲ့တာ မဟုတ်သလို တစ်ယောက်နှင့် တစ်ယောက် အချိန်အတော်ကြာ မတွေ့ခဲ့ရတာမို့ ပြန်လည် ဆုံတွေ့ချိန်မှာ ဝေးကွာစိမ်းသက်မှုကို ခံစားနေရသည်။
ဖူမင်ရှစ်က “ ငါ့ကို မကြိုဆိုတော့ဘူးလား။ ” ဟု ပြောကာ ရယ်မြူးရိပ်သန်းနေသော မျက်လုံးများဖြင့် စာကြည့်ခန်းထဲ ဝင်လာခဲ့သည်။ ကျန်းပေါင်သည် မြို့တော်သို့ လာရာခရီးမှာတုန်းက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရုတ်တရက် ပြန်သတိရသွားပြီး သူ့ကို နည်းနည်းလေး မျက်စောင်းထိုးလိုက်မိသည်။
စားပွဲမှာ ကျန်းပေါင် အခုလေးတင် ဖြေထားတဲ့ အင်္ဂလိပ်စာ လေ့ကျင့်စာမေးပွဲ အဖြေလွှာ ရှိသည်။ အမှတ်ပြည့်က ( ၁၅၀ ) ဖြစ်ပြီး ကျန်းပေါင်က ( ၁၁၄ ) မှတ်သာ ရထားသည်။ ဒီအမှတ်က မြင့်မားတဲ့ အမှတ် မဟုတ်ကြောင်း သိနေတဲ့ ကျန်းပေါင်က ခေါင်းငုံ့ထားကာ စားပွဲကို လက်နှင့် မကြာခဏ ထိ၍ ဂဏှာမငြိမ် ဖြစ်နေမိသည်။
စာမေးပွဲက မနက်ဖြန် သဘက်ခါဆို ရောက်လာတော့မည်မို့ ဖူမင်ရှစ် သူမကို ဖိအားတွေ ထပ်မပေးချင်ပါ။ “ အဲ့အမှတ်က မဆိုးပါဘူး။ မင်း တခြားဘာသာတွေရော ဘယ်နှမှတ် ရလဲ။ ”
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျန်းပေါင် အစမ်းစာမေးပွဲတွေ ဖြေဆိုခဲ့သည်။ တရုတ်စာမှာ ( ၁၃၅ ) မှတ် ၊ သင်္ချာမှာ ( ၁၂၀ ) မှတ်နှင့် ဘက်စုံသိပ္ပံဘာသာမှာ ( ၂၁၃ ) မှတ် ရထားသည်။
ဖူမင်ရှစ်က ထိုအမှတ်တွေကို တွက်ချက်ပြီး မနှစ်တုန်းက ပေကျင်းရဲ့ အနိမ့်ဆုံး ကောလိပ်ဝင်ခွင့်အမှတ်တွေကို ရှာကြည့်ကာ ရယ်မောလိုက်သည်။ သူမကို စိတ်ရင်းနှင့် ချီးကျူးမိပါသည်။ “ မနှစ်တုန်းက ပထမအဆင့် အနိမ့်ဆုံးရမှတ်ထက်တောင် မင်းက ဆယ်မှတ်လောက် ပိုများနေသေးတယ်။ ဒီအတိုင်းဆို မင်း ကိုယ့်အားကိုယ်ကိုးမယ် ဆိုရင်တောင် စာမေးပွဲအစစ်ကြီးမှာ ပုံမှန်အတိုင်း ဖြေနိုင်ရင် မင်း တက္ကသိုလ်ကောင်းကောင်းကို ဝင်ခွင့်ရလိမ့်မယ်။ ” သူမက ဆရာ,မရှိဘဲ ကိုယ့်ဘာသာ လေ့လာပြီးတော့တောင် ဒီအမှတ်တွေ ရအောင် ဖြေဆိုနိုင်သည်။ သူမသာ ကျောင်းမထွက်ခဲ့ရင် ထိပ်တန်း ကျောင်းသားတစ်ယောက် ဖြစ်မှာ သေချာသည်။
သူ့စကားလုံးတွေရဲ့ နောက်ကွယ်မှာ အဓိပ္ပာယ်ရှိနေတာမို့ ကျန်းပေါင်က နားမလည်နိုင်စွာ သံယောင်လိုက် ရေရွတ်လိုက်သည်။ “ ကျွန်မ ကိုယ့်အားကိုယ်ကိုးရင်တောင်လား … ”
ဖူမင်ရှစ်က စားပွဲကို နောက်ပြန်မှီကာ စားပွဲမျက်နှာပြင်ကို လက်နှစ်ဖက်ဖြင့် ထောက်၍ သူမကို ခေါင်းစောင်းငဲ့ကာ ကြည့်နေခဲ့သည်။ တောက်ပတဲ့ နေရောင်ခြည်က သူ့မျက်နှာတစ်ခြမ်းပေါ်ကို လင်းဖြာကျနေသလို သူ့အကြည့်ကိုလည်း နူးညံ့သွားစေသည်။ “ မင်းက ငါ့သတို့သမီးလောင်းပါ ကျန်းပေါင်။ မင်း တက္ကသိုလ်တက်ချင်ရင် စာမေးပွဲဖြေစရာတေင် မလိုဘဲ မင်း ကြိုက်တဲ့ ဘယ်တက္ကသိုလ်မှာမဆို တက်နိုင်အောင် ငါ စီစဉ်ပေးနိုင်တယ်။ ”
ဖူမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို မျက်မြင်တွေ့ပြီးပြီ ဖြစ်တဲ့ ကျန်းပေါင်အတွက် သူ့စကားက အထူးတလည် မအံ့ဩစေတော့ပါ။ နည်းနည်းလေး အနေရခက်လာသလိုသာ ခံစားရကာ ခေါင်းငုံ့လိုက်သည်။ “ ဒါပေမဲ့ ကျွန်မ ဖြေနိုင်သလောက်ပဲ လိုချင်ပါတယ်။ ပထမအဆင့် တက္ကသိုလ်တွေကို ဝင်ခွင့်မရရင်တောင် ဒုတိယအဆင့် တက္ကသိုလ်တွေဆိုလည်း မဆိုးပါဘူး။ အဆက်အသွယ်တွေနဲ့ မဝင်ချင်ဘူး။ ”
သူမကို အတန်းဖော်တွေက နောက်ဖေးတံခါးကနေ တက္ကသိုလ်ကို ဝင်ရောက်လာသည်ဟု လှောင်ပြောင်သရော်တာမျိုး မဖြစ်စေချင်ပါ။ သူမမှာ ပိုက်ဆံမရှိပေမဲ့ အစစ်အမှန် ရမှတ်တွေကနေသာ တက္ကသိုလ်တက်ချင်သည်။
“ ကောင်းပြီ ၊ ဒါပေမဲ့ စာမေးပွဲမဖြေခင် ဒီည အေးအေးဆေးဆေးနဲ့ စိတ်လျှော့ထားပြီး လေ့ကျင့်မေးခွန်းတွေ ထပ်မဖြေတာ ပိုကောင်းတယ်။ အပြင်မှာ ညစာ သွားစားမယ်။ ”
ကျန်းပေါင်က အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဖူမင်ရှစ်က သူမရဲ့ အထက်တန်းကျောင်းသူ ဝတ်စုံကို ကြည့်ကာ အပေါ်ထပ်ကို တက်၍ ပေါ့ပေါ့ပါးပါး မီးခိုးရောင် ဘောင်းဘီရှည်နှင့် အားကစားဖိနပ်တွေကို လဲလှယ်ဝတ်ဆင်လိုက်သည်။
ကျန်းပေါင်က သူ့ကို ပထမထပ်က ဧည့်ခန်းထဲမှာ စောင့်နေခဲ့သည်။ ငါးမိနစ်အကြာမှာ ရှပ်အင်္ကျီအဖြူနှင့် လှေကားပေါ်က ဆင်းလာသော အမျိုးသားကို ကြည့်ပြီး ဖူမင်ရှစ်ရဲ့ ဒီပုံစံက ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ ပုံစံထက် နှစ်အနည်းငယ် နုပျိုသွားသည်ဟု ထင်မိသည်။
“ သွားရအောင်။ ” ဖူမင်ရှစ်က အနက်ရောင် လျှာထိုးဦးထုပ်တစ်လုံးကို ဆောင်းပြီး သူမနံဘေးကို ရောက်လာသောအခါ ကျန်းပေါင် ခေါင်းညိတ်ပြလိုက်ပါသည်။ သူက သူမကို နာမည်ကြီး ဒေသအစားအစာ ဖြစ်သည့် ပေကျင်းဘဲကင်ဆိုင်ကို ခေါ်သွားခဲ့သည်။ ညစာ စားပြီးတော့ ( ၈ ) နာရီဝန်းကျင်လောက်မှာ ရုပ်ရှင်ကြည့်ဖို့လည်း ခေါ်သွားခဲ့သည်။
ဖူမင်ရှစ်က သူ့လက်ထဲမှာ လက်မှတ်တွေကို ဆုပ်ကိုင်ထားပြီး ဘာအတွက် လက်မှတ်တွေလဲ ဆိုတာကိုတော့ သူမကို ပြောမပြခဲ့ပါ။ လက်မှတ်တွေကို လက်မှတ်စစ်က စစ်ဆေးနေချိန်မှာ ကျန်းပေါင်က ငုံ့ကြည့်ဖို့ ကြိုးစားလိုက်ပေမဲ့ သူမ နာမည်ကို မဖတ်နိုင်သေးခင်မှာပဲ ဖူမင်ရှစ်က သူမရဲ့ လက်ကို ဆုပ်ကိုင်၍ ဆွဲခေါ်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းပေါင်က သူ့ကို ဒေါသထွက်ချင်ယောင်ဆောင်ပြီး ရုပ်ရှင်ရုံထဲက ထိုင်ခုံမှာ ထိုင်ချိန်ထိ သူ့ကို လျစ်လျူရှုထားခဲ့သည်။ အဲ့ဒီတော့မှ သူမ သိလိုက်ရတာက သူတို့ရှေ့က ထိုင်ခုံတွေမှာ လူတစ်ယောက်ချင်းစီ ထိုင်နေပြီး သူတို့ရဲ့ ထိုင်ခုံကတော့ စုံတွဲထိုင်ခုံ ဖြစ်နေသည်။
ကျန်းပေါင်က အအေးဘူးကို ထိုင်ခုံပွဲလက်ကိုင်ပေါ်က အကန့်လေးပေါ်မှာ တင်ရင်း “ ထိုင်ခုံက ဘာလို့ သူများထိုင်ခုံတွေနဲ့ မတူရတာလဲ။ ” ဟု တိုးတိုးလေး မေးလိုက်သည်။
ဖူမင်ရှစ်က သူ့ဖုန်းကို ထုတ်ပြီး လက်မှတ်ဝယ်ယူချိန် နောက်ကျသွားတဲ့အတွက် စုံတွဲထိုင်ခုံတွေသာ ကျန်တော့ကြောင်း စာရိုက်ပြသည်။ ကျန်းပေါင်ရဲ့ မျက်နှာက ချက်ချင်းပဲ နီရဲတက်လာခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရုပ်ရှင်ရုံထဲမှာ အလင်းရောင် မှိန်ဖျော့နေလို့ တော်သေးသည်။
ကျန်းပေါင်က ထိုင်ခုံမှာ သေချာ ထိုင်ပြီး အအေးဘူးကို ကိုင်ကာ တခြား ဘယ်ကိုမှ မကြည့်ဘဲ ဂရုတစိုက် စုပ်သောက်နေခဲ့သည်။
မိနစ် အနည်းငယ် အကြာမှာတော့ ရုပ်ရှင် စတင်ပြသသည်။ ကျန်းပေါင် မော့ကြည့်လိုက်တော့ ဖန်သားပြင်ကြီးပေါ်မှာ လှပဆန်းကြယ်သော ရဲတိုက်ကြီး တစ်ခုနှင့်အတူ ‘ စင်ဒရဲလား ’ ဟူသော ခေါင်းစဉ်လေးကိုပါ မြင်လိုက်ရလေသည်။
***