Chapter 171(Extra 5)
အကြောင်းအရင်းကို သေချာသိသူအချို့မှလွဲ၍ လူအများစုမှာ မိဖုရားရှု့ဆိုလိုသည့်အကြောင်းကို သဘောမပေါက်ကြပေ။
ထို့ေကြာင့် မိဖုရားရှု့က မင်းသားလေးကိုဖွားမြင်၍ အလွန်အမင်း ဝမ်းသာအားရဖြစ်သွားသည်ဟူသော သတင်းကို မဖုံးကွယ်ခဲ့ကြပဲ နန်းတွင်းထဲ ပျံ့နှံ့သွားသည်။
ကလေးကိုခေါ်လာချိန်တွင် ရွှယ်ယန်က လက်သည်၏လက်ထဲမှကလေးကို ပထမဆုံး ချီလိုက်သည်။
သူ ယခင်က ကလေးတစ်ခါမှ မချီဖူး၍ ကလေးကို လက်သည်၏လက်ထဲမှနေ၍ အိတ်တစ်အိတ်ကို က်ိုင်သကဲ့သို့ ဆောင့်ဆွဲလိုက်သည်။ ကလေးက အနှီးစထဲမှ ထွက်ကျလုနီးပါးဖြစ်သွား၍ အနားမှ နန်းတွင်းသူနှင့် လက်သည်းများက ထိတ်လန့်တကြားအော်မိကြတော့သည်။
ကျွင်းဟွိုင်လန်က ရွှယ်ယန်၏လက်ပေါ်မှ မင်းသား၉ကို အမြန်ချီလိုက်သည်။
သူက ကျွင်းလင်ဟွမ်ကို ကလေးဘဝတုန်းက မကြာခဏ ချီပိုးဖူး၍ ကလေးချီရာတွင် ကျွမ်းကျင်မှုမရှိသော်လည်း ရွှယ်ယန့်ကဲ့သို့ ဆိုးရွားမနေပေ။
အားလုံးက မီးဖွားခန်းထဲမှ မိဖုရားရှု့ကို သွားရောက်သတင်းမေးမြန်းကြ၍ တံခါးဝတွင် သူတို့နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
ရွှယ်ယန်က ကလေးကိုငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
" ဘာလို့ အဲ့လောက်ရုပ်ဆိုးရတာလဲ..."
မွေးကင်းစ ကလေးလေးမှာ နီတာရဲလေးဖြစ်ပြီး မျက်နှာက တွန့်ရှုံ့နေ၍ သူ့အမြင်တွင် မျောက်ပေါက်စလေးတစ်ကောင်နှင့် တူနေသည်။
ကျွင်းဟွိုင်လန် ရယ်မောလိုက်သည်။
" မွေးကင်းစကလေးတွေအားလုံးက ဒီလိုပါပဲ..."
ရွှယ်ယန် မျက်လုံးလှန်ကြည့်လိုက်သည့်အခါ ကျွင်းဟွိုင်လန်က ကလေးကို ဂရုတစိုက်ချီထားပြီး မျက်ဝန်းထဲတွင်လည်း အပြုံးများဖြင့်ပြည့်နေသည်ကို မြင်လိုက်ရသည်။
ရွှယ်ယန်၏အကြည့်များက အေးခဲတောင့်တင်းနေ၍ ကျွင်းဟွိုင်လန်က သူ့ကို သင်္ကာမကင်းဖြင့် မော့ကြည့်လိုက်သည်။
ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားမိသည်။
ရွှယ်ယန်က အကြိမ်အနည်းငယ်ခန့် ရယ်မောပြီးနောက် ခေါင်းခါလိုက်သည်။
သူ ဘယ်လိုလုပ်ပြောရဲမှာလဲ... ကျွင်းဟွိုင်လန်က ကလေးကိုချီထားတဲ့ပုံစံက မသိရင် သူကိုယ်တိုင်မွေးထားတဲ့အတိုင်းပဲ...
သူ လုံးဝ မပြောရဲပေ။
ယခုအချိန်တွင်မူ ကျွင်းမိသားစုဝင်အားလုံးက သူတို့နှစ်ယောက်အကြားမှ ဆက်ဆံရေးကို လိုက်လျောထားသည်။ ရွှယ်ယန်က ယုံနင်မြို့စားအိမ်တော်သို့ နေ့တိုင်းလာသည်။ သူက ကွမ်းလင်ဘုရင်ခံအိမ်တော်ကို အခြားအရာရှိများထံသို့ ပေးလုနီးပါးပင် ဖြစ်သည်။
အကယ်၍ သူ့အတွေးများကို ကျွင်းဟွိုင်လန်သိပါက မြို့စားအိမ်တော်သို့ ဆယ်ရက် သို့မဟုတ် လဝက်ခန့် လာရမည်မဟုတ်ပေ။
ထိုကိစ္စများကို ပြောရန် သူ့ထံတွင် သတ္တိမရှိပေ။
အကယ်၍ ကျွင်းဟွိုင်လန်ကသာ သူ့အတွက် ထိုသို့သော မျောက်ပေါက်စလေးတစ်ကောင် မွေးပေးနိုင်စွမ်းရှိပါက တာ့ယုံတစ်တိုင်းပြည်လုံးသာမက ပတ်ဝန်းကျင်မှ တာ့ခ်များနှင့် တောင်ပိုင်းမှ လူရိုင်းမျိုးနွယ်အားလုံး၏ နယ်မြေများကိုပါ တစ်ခဏတွင်းချင်းသိမ်းပိုက်ပြီး တစ်ကမ္ဘာလုံးကို ထိုမျောက်ကလေး၏လက်ထဲ ထည့်ပေးမည်ဖြစ်သည်။
သို့သော် ကျွင်းဟွိုင်လန်က ကလေးမွေးပေးနိုင်သည့်စွမ်းရည် မရှိပေ။
သို့ရာတွင် ထိုနေ့ည၌ ကျွင်းဟွိုင်လန်မှာ ရွှယ်ယန်က ရူးနှမ်းစွာဖြင့် ပင်ပန်းနွမ်းနယ်ခြင်းမရှိ ပြုမူနေခဲ့ပြီး မနက်အာရုဏ်တက်ချိန်အထိ အိပ်ရာထဲတွင် လုံးထွေးနေခဲ့၍ တစ်နေ့တာလုံး အိပ်ခန်းထဲမှ မထွက်ရတော့ပေ။
——
ကလေးလေးက တဖြည်းဖြည်းအသက်ကြီးလာလေ မျောက်ပေါက်စလေးနှင့် တူလာလေဖြစ်သည်။
ရွှယ်ယန်က "ထာဝရနေ့ရက်"ဟူသော စာလုံးမှအဓိပ္ပါ်ယ်ကိုယူပြီး သူ့ကို ရွှယ်ချန်ဟူ၍ အမည်ပေးခဲ့သည်။
ထိုနာမည်အကြောင်းက ဧကရာဇ်ချင်းဖျင်၏ နားထဲအထိရောက်သွားသည်။ ဧကရာဇ်ချင်းဖျင်က ယခုချိန်တွင်လည်း အိပ်ရာထဲလဲနေဆဲဖြစ်သည်။ စကားလုံးအနည်းငယ်ကို ရှင်းလင်းပီသစွာပြောနိုင်သော်လည်း လုံးဝမလှုပ်ရှားနိုင်သေးပေ။
ဧကရာဇ်က ယခုချိန်တွင် မည်သည့်ကိစ္စများမှ မလုပ်ဆောင်နိုင်သေး၍ တီးမှုတ်ကခုန်သည့် ဖျော်ဖြေမှုများကိုကြည့်ရှု့ရခြင်းအား ဝါသနာပါလာခဲ့သည်။ သို့ဖြစ်၍ ပုံမှန်နေ့ရက်များတွင် ဧကရာဇ်၏ နန်းဆောင်က သက်ဝင်လှုပ်ရှားလျက်ရှိသည်။
မင်းသား၉ မွေးဖွားလာသည်ကို သိရှိပြီးနောက်ပိုင်းတွင် ကလေးကိုကြည့်ရှုနိုင်ရန်အတွင် သူ့ထံသို့ ခေါ်လာခဲ့ကြသည်။ သူက ကလေးကို ရွှယ်ချန်ဟုခေါ်ရန် ဆုံးဖြတ်ပြီးသည့်နောက်တွင် မင့်ယွင်ဟု နာမည်ပြောင်ပေးခဲ့သည်။
ရွှယ်ချန်မွေးဖွားလာစဉ်အချိန်တည်းက သူ့ကိုအိမ်ရှေ့စံမင်းသားအဖြစ်ချီးမြှောက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ရွှယ်ယန်က ဒေသတစ်ခု၏ ဘုရင်ခံအဖြစ်မှ မင်းသားရာထူးဖြစ်သွားသော်လည်း သူ၏ရာထူးက ဘုရင့်ကိုယ်စားအုပ်ချုပ်သူဟုသာ ဆိုရပေမည်။
ရွှယ်ချန်က ကလေးဘဝတည်းက အရယ်အပြုံးမရှိသကဲ့သို့ စကားလည်း များများစားစားမပြောပေ။ သို့သော် မိဖုရားရှု့နှင့်တူသော မျက်လုံးဝိုင်းလေးများကြောင့် အလွန်ချစ်စရာကောင်းလှသည်။ သူ၏အေးတိအေးစက်ပုံစံက ချစ်စရာကောင်းနေကာ လူများစွာကို ဆွဲဆောင်နေသည်။
နန်းတွင်းထဲမှ အမတ်ကြီးများက ချန်အာမင်းသားလေး သို့မဟုတ် မင့်ယွင်မင်းသားလေးဟု ခေါ်ကြသော်လည်း ရွှယ်ယန်က အမြဲတမ်း "မျောက်ပေါက်စလေး" ဟုသာခေါ်သည်။
ရွှယ်ချန်က ကလေးငယ်လေးဖြစ်၍ ရှောင်ဝမ်းဇီ(မင်းသားလေး) နှင့် ရှောင်ဟုန်ဇီ( မျောက်ပေါက်စလေး)ဟူသောစာလုံးကို ကွဲကွဲပြားပြားမသိပေ။
နန်းတွင်းမှဦးလေးများက သူ့ဦးလေးကို ဟုန်ကျယ်(နယ်စားမင်း)ဟု ခေါ်ကြသည်ကို မြင်သောအခါ သူ့အစ်ကိုတော်ကလည်း သူ့ကို ဟုန်ကျယ်(နယ်စားမင်းလေး) ဟု ခေါ်သည်နှင့်အတူတူဟု ထင်လိုက်သည်။
( T/N - ရှောင်ဟုန်ဇီလို့အသံထွက်တဲ့ မျောက်ပေါက်စလေးလို့ခေါ်တာကို ကလေးလေးက ဟုန်ကျယ်ဆိုတဲ့ နယ်စားမင်းနဲ့ နားကြားလွဲနေတာပါ 🤣 )
ကလေးဘဝတည်းက သူ့အစ်ကိုတော်က အရယ်အပြုံးမရှိပေ။ သူက ဉာဏ်ရည်ထက်မြက်ပြီးအရာရာကိုဦးဆောင်နိုင်စွမ်းရှိသူဖြစ်သည်။ နန်းတွင်းတစ်ခုလုံးက သူ့ကို ကြောက်ရွံ့ကြလေသည်။ ရွှယ်ချန်က သူ့ကိုကြည့်၍ ကြီးပြင်းလာသူဖြစ်၍ အနာဂတ်တွင်လည်း ရွှယ်ယန့်ကဲ့သို့လူမျိုးဖြစ်ချင်မိနေသည်။
ရွှယ်ချန်၏နှလုံးသားထဲတွင် ရွှယ်ယန်ကို အလွန်လေးစားနေမိသည်။
ထို့ကြောင့် ရွှယ်ယန်က သူ့ကို ထိုသို့ခေါ်သည့်အခါ ရွှယ်ယန်က သူ့အပေါ် မျှော်လင့်ချက်ထားသည်ဟုထင်မိပြီး ဤမျှခမ်းနားထည်ဝါလှသည့်အမည်နှင့် လိုက်လျောညီထွေဖြစ်အောင် စာပေကို အပြင်းအထန်လေ့လာခဲ့သည်။
ထိုရလဒ်အနေဖြင့် ရွှယ်ချန်မှာ အသက်လေးနှစ်အရွယ်တွင် ရှောင်ဟုန်ဇီဟူသော စာလုံး၏ အဓိပ္ပါယ်ကို ရုတ်တရက် သိသွားသည်။
နယ်စားမင်းဟူသည့်စာလုံးမှ "ဟုန်" မှာ မင်းသားများ၊ စစ်သူကြီးများကို ညွှန်းဆိုခြင်းဖြစ်ပြီး မျောက်ပေါက်စလေးဟူသည့်စာလုံးမှ "ဟုန်" မှာ တစ်ကိုယ်လုံးတွင် အမွေးအမျှင်များဖြင့်ပြည့်နေပြီး ရုပ်ဆိုးလှသည့် သတ္တဝါတစ်ကောင်ဖြစ်သည်။
ရွှယ်ချန်မှာ လေးနှစ်ဟူသော ဘဝသက်တမ်းတိုလေးအတွင်းတွင် ပထမဆုံးအကြိမ် ဒေါသထွက်ခဲ့မိသည်။
သူ တော်ဝင်စာကြည့်ဆောင်ကို အပြေးတစ်ပိုင်းရောက်လာ၍ မိန်းမစိုးများနှင့် အစောင့်များကလည်း မတားရဲကြပေ။ သူ့ရှေ့သို့ရောက်လာပြီး ပြုပြုံးလေးနှင့် အကျိုးအကြောင်းကို မေးမြန်းသည့်ကျင်းပေါင်ကို တွန်းလွှတ်လိုက်ပြီး ရွှယ်ယန့်ရှေ့တည့်တည့်ကို ခုန်ဝင်ပြီး သူ့မျက်နှာကို ကုတ်ပစ်လိုက်သည်။
အဆုံးတွင် ရွှယ်ယန်က ရွှယ်ချန့်တင်ပါးကို ရိုက်ပစ်လိုက်သောကြောင့် တော်ဝင်စာကြည့်ဆောင်တစ်ခုလုံးတွင် ငိုသံများဖြင့် ပြည့်သွားရသည်။
ထိုသတင်းက မောင်းမဆောင်ထဲတွင် ပျံ့နှံ့သွားရုံသာမက ယုံနင်မြို့စားအိမ်တော်အထိပါ ပျံ့နှံ့သွားပေသည်။
ယုံနင်မင်းသားလေးမှာ လွန်ခဲ့သည့်နှစ်နှစ်က နန်းတွင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး အထွေထွေစာမေးပွဲတွင် ပထမနေရာ ရရှိခဲ့သည်။ သူက နန်းတွင်းတော်ဝင်စာမေးပွဲတွင် ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့သောကြောင့် နံပါတ်တစ်ပညာရှင်အဖြစ် ချီးမြှောက်ခံခဲ့ရသည်။
ယုံနင်မင်းသားလေးနှင့်အတူ စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသားတစ်ယောက်၏ ပြောကြားချက်အရ သူက စာမေးပွဲစစ်သူဖြစ်သည့် ဘုရင့်ကိုယ်စားအုပ်ချုပ်သူ ရွှယ်ယန်ရှေ့တွင် ကြောက်လန့်ခြင်းမရှိပဲ ဖြေဆိုနိုင်ခဲ့သည်။ သို့ရာတွင် အေးစက်စက်နေတတ်သော စာမေးပွဲစစ်သူဖြစ်သည့် ရွှယ်ယန်ကသာ ရံဖန်ရံခါတွင် စကားများထစ်ငေါ့နေခဲ့သည်ဟု ဆိုသည်။
အတိုချုပ်ပြောရမည်ဆိုပါက ယုံနင်မင်းသားလေးမှာ သူ့အရည်အချင်းနှင့်ထိုက်တန်သည့် နံပါတ်တစ်ပညာရှင်နေရာကို ရရှိခဲ့ပြီး မကြာမီအချိန်တွင် မိန်းမလှလေးတစ်ယောက်နှင့် လက်ထပ်ခဲ့သည်ဟူသော သတင်းကြားခဲ့ရသည်။
ထိုမိန်းမလှလေးမှာ ရာထူးကြီးမိသားစုမှမဟုတ်ပဲ သာမန်မိန်းကလေးတစ်ယောက်ဖြစ်သည်ဟုသာ ကြားသိကြရသည်။ သူတို့လက်ထပ်သည့်နေ့တွင် သတို့သမီးက ဝေါယာဉ်ပေါ်မှ ဆင်းလာချိန်၌ ယုံနင်မင်းသားလေးထက် အရပ်အတော်အတန်မြင့်နေသည်ကိုသာ မြင်ခဲ့ကြရသည်။
ယခုအချိန်တွင်မူ သူက ညီလာခံတွင် အမှုထမ်းနေပြီး ဟန်လင်းကျောင်းတော်တွင် တာဝန်ထမ်းဆောင်နေခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သည်။ ညီလာခံတွင် ပညာရှင်အဖြစ် စတင်အမှုထမ်းခဲ့ရခြင်းဖြစ်၍ အစကောင်းသည်ဟု ဆိုနိုင်ပေသည်။
....
ယုံနင်မြို့စားအိမ်တော်မှ ကျွင်းပညာရှင်မှာ သတင်းကိုကြားသည်နှင့် ဟန်လင်းကျောင်းတော်မှနေ၍ အရှင်မင်းသားက ကလေးတစ်ယောက်ကို ရိုက်နှက်နေသည်ကိုတားရန် ပြေးလာခဲ့ရသည်။
ရွှယ်ချန်က ကျယ်လောင်စွာ အော်ဟစ်ငိုယိုနေခဲ့ပြီး ကျွင်းဟွိုင်လန်ရောက်လာသည်နှင့် ရင်ခွင်ထဲ ပြေးဝင်တော့သည်။
ရွှယ်ယန်က အလွန်ဒေါသထွက်လွန်း၍ မျက်ခုံးများတွန့်ချိုးထားပြီး မျက်နှာပေါ်ရှိ အကုတ်ခံထားရသည့်နေရာတွင် သွေးပေနေသည့် လက်သည်းရာလေးကြောင်း ရှိနေသည်။
ကျွင်းဟွိုင်လန်က ရွှယ်ချန့်ကို ဖက်ထားပြီး စိတ်ရှည်လက်ရှည်ဖြင့် ချော့မြူနေရသည်။
" ဘာဖြစ်တာလဲ မင်းသားလေး..."
ရွှယ်ယန်၏ စူးစူးရဲရဲအကြည့်များနှင့် ရွှယ်ချန်၏ အော်ဟစ်ငိုယိုနေသံများကြောင့် ကျွင်းဟွိုင်လန်က ခက်ခက်ခဲခဲဖြင့် မေးလိုက်ရသည်။
ရွှယ်ချန်က ငိုရှိုက်နေလျက်နှင့် အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
" ပညာရှင်တစ်ယောက်ကို သတ်ပစ်လို့ရပေမယ့် အရှက်ခွဲလို့တော့ မရပါဘူး..."
ကျွင်းဟွိုင်လန်က ရယ်ချင်စိတ်ကို မနည်းအောင့်ထားရပြီးမေးလိုက်သည်။
" ဘာလို့လဲ အရှင်က မင်းသားလေးကို ရန်ရှာလို့လား..."
ရွှယ်ချန်က ငိုလျက်နှင့် ဗလုံးဗထွေးပြောနေ၍ သူပြောသည်ကို မည်သူမှ နားမလည်နိုင်ဖြစ်နေသည်။
ကျွင်းဟွိုင်လန်က အလွန်စိတ်ရှည်ပြီး နူးညံ့ချိုသာသည့်လေသံဖြင့် သူ့ကို ချော့မော့နေသည်။ သို့ရာတွင် ရွှယ်ယန်က ထိုသို့မဟုတ်ပေ။ ကလေးတစ်ယောက် အော်ဟစ်ငိုယိုနေသည်ကို နေ့တစ်ဝက်ခန့်နားထောင်လိုက်ရ၍ ဒေါသတကြီးဖြင့် ရွှယ်ချန့်ကို ကျွင်းဟွိုင်လန်၏ရင်ခွင်ထဲမှ ဆွဲထုတ်ပြီး ရိုက်ပစ်ရန် ပြင်လိုက်သည်။
ရွှယ်ချန်က သူ့ကြောင့် အလွန်ကြောက်လန့်သွား၍ နောက်ဆုံးတွင် ရွှယ်ယန့်ကို ကြည်လင်ပြတ်သားသည့်အသံဖြင့် အော်ပြောလိုက်သည်။
——
အဆုံးတွင် ရွှယ်ချန်က ရွှယ်ယန်၏ ရိုက်နှက်ခြင်း မခံလိုက်ရပေ။ သို့ရာတွင် ရွှယ်ယန်ကမူ စူပုပ်နေလျက် မျက်နှာတွင် အစင်းရာကြီးလေးကြောင်းဖြင့် နန်းဆောင်ထဲမှ ထွက်သွားတော့သည်။
ညအိပ်ရာဝင်ချိန်အထိ ရွှယ်ယန့်မျက်နှာတွင် အပြုံးတစ်စက်မှ မရှိတော့ပေ။
ကျွင်းဟွိုင်လန်က မပြုံးပဲမနေနိုင်ဖြစ်သွားပြီး မေးလိုက်သည်။
" အဲဒါ လေးနှစ်သားကလေးလေးပဲလေ အဲ့လောက် ဒေါသထွက်စရာလိုလို့လား..."
" မင်းက အစဆွဲထုတ်ပြန်ပြီ..."
ကျွင်းဟွိုင်လန် အားပါးတရ ရယ်လိုက်မိတော့သည်။
" မင်းက အရင်ဆုံးအမှားလုပ်တာ ရှင်းနေတာပဲလေ... မင်းပဲ သူ့ကို မျောက်ပေါက်စလေးလို့ အမြဲခေါ်နေတာ မဟုတ်ဘူးလား..."
ကျွင်းဟွိုင်လန်က ရုပ်တည်ဖြင့်နေလိုက်သော်လည်း သူ့နှုတ်ခမ်းများက ပြုံးယောင်သန်းနေသည်။
ရွှယ်ယန် စုပ်သပ်လိုက်သည်။
" ကိုယ်ထင်တာမှန်တယ်... မင်း ကလေးယူလို့မဖြစ်ဘူး..."
ကျွင်းဟွိုင်လန် ထိတ်လန့်သွားသည်။
" ဘယ်လို..."
ရွှယ်ယန်က ဒေါသထွက်နေရာမှ စိတ်မပြေသေးပဲ ကျွင်းဟွိုင်လန်ကို မျက်လုံးချင်းဆုံအောင်ကြည့်ပြီး တဲ့တိုးပြောလိုက်သည်။
"အရင်တုန်းက ကိုယ့်အတွက် ကလေးတစ်ယောက်မွေးပေးဖို့ ပြောထားတယ်လေ... ဒါပေမဲ့ အဲ့ကိစ္စကို မေ့လိုက်ပါတော့... ဟို ကလေးတစ်ယောက်တည်းနဲ့တင် ဒေါသထွက်ရတာ လုံလောက်နေပြီ..."
သူ့စကားဆုံးမှသာ ရွှယ်ယန်က သူပြောမိသည်များကို သဘောပေါက်သွားသည်။
သူ ခေါင်းမော့၍ ကျွင်းဟွိုင်လန်ကို ကြည့်လိုက်သည်။
ကျွင်းဟွိုင်လန်၏မျက်နှာထားက တည်ကြည်နေပြီး သူ့ကိုစိုက်ကြည့်နေသည်။
ဤကိစ္စဖြစ်ပြီးသည့်နောက်တွင် ရွှယ်ယန်က စာကြည့်ဆောင်ထဲ၌ လဝက်ခန့် အိပ်လိုက်ရပေသည်။
ထို့ကြောင့် ရွှယ်ချန်ကလည်း အေးဆေးမနေရချေ။
ရွှယ်ယန် လဝက်ခန့်အိပ်ခဲ့ရသည့် စာကြည့်ဆောင်ထဲတွင် ရွှယ်ချန်က ကျောင်းသားကျင့်ဝတ်များစွာကို ကူးရေးခြင်းဖြင့် အပြစ်ပေးခံခဲ့ရသည်။ အပြစ်ပေးသူမှာလည်း ရွှယ်ယန်မှလွဲ၍ အခြားလူမဟုတ်ပေ။
Xxxxxxx