Chapter 170(Extra 4)
ရွှယ်ယန် ထိုလူ့ကို သိသည်။
သူ့ရှေ့မှလူက ကျွင်းဟွိုင်လန်၏ဦးလေး၊ သူ့အမေ၏အစ်ကိုကြီးဖြစ်ကာ ယွီမန်တံခါးမှ အစောင့်စစ်သူကြီး ရှန်းယိဟုန်ဖြစ်သည်။
လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ယွီမန်တံခါးကို တိုင်းတစ်ပါးသားများ ကျူးကျော်ဝင်ရောက်ကြချိန်တွင် ရှန်းယိဟုန်က အသက်နှစ်ဆယ်ကျော်သာ ရှိသေးသည့် စစ်သူကြီးငယ်တစ်ယောက်ဖြစ်သည်။ သူက မြင်းသည်တော်တပ်ဖွဲ့တစ်ခုကို ဦးဆောင်သွားကာ ဓားတစ်ချောင်းတည်းကိုသာ ကိုင်ဆောင်သွားပြီး တာ့ခ်လူမျိုးများ စခန်းကျရာသို့ ဝင်ရောက်သွားခဲ့သည်။ ရှစ်ပေါင်ခန့်လေးသည့်ဓားရှည်ကြီးက အဆက်မပြတ် ကခုန်သွားခဲ့ပြီး ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်းတွင် မည်သည့်သက်ရှိကိုမှ ချန်မထားခဲ့ပေ။
သူက ရန်သူစစ်သူကြီး၏ခေါင်းကို တစ်ချက်တည်းဖြတ်တောက်ပစ်ခဲ့ပြီး တိုက်ပွဲရေချိန်ကို ပြောင်းပြန်ဖြစ်သွားစေခဲ့ကာ ဤတိုက်ပွဲတစ်ခုတည်းနှင့် နာမည်ကြီးသွားခဲ့သည်။
သူက ယွီမန်တံခါးကို ဆယ်နှစ်ကျော်ကြာအောင် ကာကွယ်စောင့်ရှောက်ခဲ့သည်။ ဤဆယ်နှစ်အတွင်းတွင် တာ့ခ်လူမျိုးများက ရံဖန်ရံခါ ကျူးကျော်လာခဲ့သော်လည်း ယွီမန်မှ ဂိတ်တံခါးကြီးကို တစ်ခါမှမထိနိုင်ခဲ့ပေ။
ရွှယ်ယန် ရှန်းယိဟုန်ကို ကြည့်လိုက်သည့်အခါ ရှန်းယိဟုန်ကလည်း သူ့ကိုပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
" သူက..."
ရှန်းယိဟုန် မေးလိုက်သည်။
ယုံနင်မြို့စားက ပြန်ဖြေပေးလိုက်သည်။
" ဒါက အရှင့်သား ... ကွမ်းလင်ဘုရင်ခံပါ..."
ယခုလက်ရှိအချိန်တွင် တာ့ယုံတစ်ခုလုံး၌ ကွမ်းလင်ဘုရင်ခံ ရွှယ်ယန့်ကို မသိသူမရှိပေ။ ဧကရာဇ်အိပ်ရာပေါ်လဲသွားချိန်တည်းက ဤမင်းသားက ပလ္လင်တွင်ထိုင်ပြီး တိုင်းရေးပြည်ရေးများ စီမံဆောင်ရွက်နေခြင်းဖြစ်သည်။
ရှန်းယိဟုန်က သူ့စကားကိုကြားသည့်အခါ လက်သီးကိုဆုပ်ထားပြီး အရိုအသေပြုလိုက်သည်။
" ကွမ်းလင်ဘုရင်ခံပါလား... ကျွန်တော်မျိုး နောက်ဆုံးတော့ အရှင့်ကို တွေ့ရပြီ..."
သူ ဒူးထောက်လိုက်သည့်အခါ ရွှယ်ယန်က သူ့လက်မောင်းကိုကိုင်၍ ထူပေးလိုက်သည်။
ရှန်းယိဟုန်က ပြုံးလိုက်သည်။
" ဘုရင်ခံနဲ့ မြို့စားမင်းတို့ အထဲမဝင်ကြသေးဘူးလား... တံခါးအပြင်ဘက်မှာ စကားစမြည်ပြောနေကြတာလား..."
ယုံနင်မြို့စားက ခေါင်းငြိမ့်ပြလိုက်သည်။
" အရှင့်သားက ကျွန်တော့်ကို ပြောစရာရှိတယ်ဆိုတာနဲ့..."
ယုံနင်မြို့စားက တဲ့တိုးပြောလိုက်သည်။
ရှန်းယိဟုန်က ထိုစကားကိုကြားသည့်အခါ စိတ်ဝင်စားသွားသည်။
" အိုး ဘာများပါလိမ့်..."
ထိုအချိန်တွင် ရှန်းယိဟုန်၊ ကျွင်းရှောင်ဝူနှင့် ယုံနင်မြို့စားတို့သုံးယောက်ထံမှ မျက်ဝန်းသုံးစုံက ရွှယ်ယန့်အပေါ် တစ်ပြိုင်နက် ကျရောက်လာသည်။
ရွှယ်ယန်၏ လည်စေ့က တက်လိုက်ကျလိုက်ဖြစ်နေသည်။
စကားလုံးများက သူ့နှုတ်ခမ်းဝသို့ ရောက်နေပြီဖြစ်သော်လည်း ရုတ်တရက် ဘာမှမပြောနိုင်တော့ပေ။
——
ယနေ့ ညနေခင်းတွင် နှစ်သစ်ကူးအကြို ညစာစားပွဲမှ ဟင်းပွဲများ အေးစက်လုနီးပါးဖြစ်ချိန်မှသာ ယုံနင်မြို့စားအိမ်တော်၏ ပင်မခန်းမဆောင်တံခါးကြီး ပွင့်လာသည်။
အခန်းထဲမှလူများက လှမ်းကြည့်လိုက်ချိန်တွင် ရွှယ်ယန်နှင့်အတူ ရှန်းယိဟုန်၊ ကျွင်းရှောင်ဝူနှင့် ယုံနင်မြို့စားက အတူတူဝင်လာကြသည်။
မိဖုရားရှု့က ဗိုက်ဆာနေပြီဖြစ်သောကြောင့် ကျွင်းလင်ဟွမ်နှင့်အတူ သရေစာမုန့်များစားနေသည်။ သူတို့ဝင်လာသည်ကို မြင်သည့်အခါ နူးညံ့သောအသံဖြင့် စောဒကတက်လိုက်သည်။
" အကုန်လုံး ဘာလို့အခုမှ တူတူရောက်လာကြတာလဲ... နောက်ကျပြီးမှ အတူတူဝင်လာဖို့များ တိုင်ပင်ထားကြတာလား... ကျွန်မ ဗိုက်ဆာပြီးသေအောင်များ လုပ်နေကြတာလား..."
သူမ အိမ်တော်တွင်နေစဉ်က အားလုံးက သူမကို အလိုလိုက်ချစ်ခင်ကြသည်။ ပုံမှန်အချိန်တွင် သူမ၏ ဤကဲ့သို့ စောဒကတက်သံကို ကြရပါက သူမအစ်ကိုများ၊ ယောင်းမများနှင့် တူ၊ တူမအားလုံးက သူမအနားတွင် စုဝေးလာပြီး ချောမော့လေ့ရှိကြသည်။
သို့သော် ယနေ့တွင်မူ အခန်းထဲဝင်လာသည့် လူတိုင်း၏မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်နေပြီး စကားတစ်ခွန်းမှ မပြောကြပေ။
ရွှယ်ယန်က သူတို့နောက်မှလိုက်လာပြီး သူလမ်းလျှောက်သည့်ပုံစံက တစ်မျိုးဖြစ်နေသည်။
ကျွင်းဟွိုင်လန်က သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ခြေထောက်က ထော့နဲ့ထော့နဲ့ဖြစ်နေသည်ဟု ထင်လိုက်မိသည်။ သို့ရာတွင် အနီးကပ်ကြည့်လိုက်သော်လည်း ထိုသို့ဖြစ်နေပုံမရပေ။
သူ သဘောမပေါက်နိုင်ဖြစ်နေ၍ အနီးကပ်လာကြည့်မည့်အချိန်တွင် သူ့ဦးလေးက ရုတ်တရက်ထလာပြီး စကားပြောသည်။
" မင်း ဘာတွေကြည့်နေတာလဲ..."
ရှန်းယိဟုန် အော်ပြောလိုက်သောကြောင့် ကျွင်းဟွိုင်လန် လန့်သွားရသည်။
သခင်မကျွင်းက ရပ်မကြည့်နေပေ။
" အစ်ကိုကြီး ဒါ စစ်တပ်မဟုတ်ဘူးနော် အသံကျယ်ကြီးနဲ့အော်ပြီး ဘာလုပ်တာလဲ..."
ရှန်းယိဟုန်က အံတင်းတင်းကြိတ်ထားပြီး ဘာမှဆက်မပြောသော်လည်း မျက်လုံးများ ပြူးကျယ်ပြီး ရွှယ်ယန့်ကို စိုက်ကြည့်နေသည်။
ရွှယ်ယန်က သူ့ကိုခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထိုင်ခုံတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
ယုံနင်မြို့စားကလည်း အေးစက်စွာဖြင့် နှာမှုတ်လိုက်ပြီးနောက် စကားတစ်ခွန်းမှမပြောပဲ သူ့နေရာတွင် ဝင်ထိုင်လိုက်သည်။
ကျွင်းရှောင်ဝူက သူ့ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး တီးတိုးရေရွတ်နေသည်။
" ဦးလေးက သူ့ကို တော်တော်သက်ညှာပေးထားတာပဲ... ငါ အစ်ကိုကြီးကို အစတည်းက ပြောတယ် ကွမ်းလင်ဘုရင်ခံက လူကောင်းမဟုတ်လို့ သူနဲ့ ဝေးဝေးနေပါဆိုတာကို..."
ကျွင်းဟွိုင်လန်က လူအုပ်ကြီး၏မျက်နှာ မှုန်ကုပ်ကုပ်ဖြစ်နေရခြင်းကို သဘောပေါက်သွားပြီဖြစ်သည်။
သို့ဖြစ်၍ ယနေ့ည ကျွင်းမိသားစု၏ နှစ်သစ်ကူးအကြို ညစာစားပွဲမှာ အလွန် "သက်ဝင်လှုပ်ရှား" နေတော့သည်။
မိသားစုထဲမှ ယောက်ျားသားများက စကားများများ မပြောကြပဲ ရွှယ်ယန့်ကိုသာ ဝိုင်ငှဲ့ပေးနေကြသည်။ ရွှယ်ယန်က ဝိုင်ငှဲ့ပေးနေသူတိုင်းကို မငြင်းဆန်ပဲ ဆက်တိုက်သောက်နေရသည်။
သခင်မကျွင်းကလည်း သူတို့ကိုမတားမြစ်သကဲ့သို့ မိဖုရားရှု့ကလည်း ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေရသည်ကို ပျော်ရွှင်နေသည်။ ကျွင်းဟွိုင်လန်က ဝိုင်ငှဲ့ပေးနေခြင်းကို တားဆီးရန် အကြိမ်အနည်းငယ်ခန့် ကြိုးပမ်းလိုက်သော်လည်း စူးစူးရဲရဲ ပြန်အကြည့်ခံလိုက်ရသည်။
ရွှယ်ယန်၏ မျက်လုံးများ နီရဲလာသည်ကိုသာ ကျွင်းဟွိုင်လန် ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရသည်။ အချိန်အတန်ကြာပြီးသောအခါ ရွှယ်ယန်က စားပွဲခုံကို သူ့လက်နှစ်ဖက်ဖြင့်ထောက်ထားပြီး မနည်းငြိမ်အောင် ထိုင်နေရသည်။
" ညစာစားပြီးပြီဆိုတော့ လက်ဖက်ရည်သွားသောက်ကြမယ်လေ..."
ရွှယ်ယန် မမှောက်သွားမီအချိန်တွင် သခင်မကျွင်းက တဖြည်းဖြည်းပြောလာသည်။
သူမဘေးမှ မိဖုရားရှု့ကလည်း ဝင်ပြောသည်။
" ဟုတ်သားပဲ ညစာစားပြီးပြီဆိုတော့ နှစ်သစ်ကူးမယ့်အချိန်ကို စောင့်ကြမယ်လေ..."
အမျိုးသားသုံးယောက်က တိတ်ဆိတ်နေကြပြီးနောက် ရွှယ်ယန့်ကို ယနေ့အတွက် လွှတ်ပေးလိုက်ရန် စိတ်ထဲတွင် တိုင်ပင်ပြောဆိုနေကြပုံရသည်။
ရှန်းယိဟုန်က ရွှယ်ယန့်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
" သူက ရိုးသားမှုတော့ ရှိသားပဲ..."
ယုံနင်မြို့စားက ရွှယ်ယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်က ကျွင်းဟွိုင်လန်ဘက်သို့လှည့်သွားသည်။ သူ၏အကြည့်များက တည်ငြိမ်နေသည်။
" ကိုယ့်ကိုကိုယ် ချင့်ချိန်နေပေါ့... ဘယ်လိုလုပ်ရမယ်ဆိုတာတော့ အဖေကိုယ်တိုင် သင်ပေးစရာမလိုဘူးထင်တယ်..."
ထိုစကားကိုကြားသည့်အခါ ကျွင်းဟွိုင်လန်၏ မျက်ဝန်းထဲတွင် ပြုံးရိပ်သန်းလာသည်။
သူ့အဖေက တုန့်ဆိုင်းနေသော်လည်း သဘောတူလိုက်ကြောင်းကို သူ သိလိုက်သည်။
သူ ကတိုက်ကရိုက်ဖြင့် တည်ကြည်လေးနက်စွာ ပြန်ဖြေလိုက်သည်။
သူ့ဘေးနားမှ ကျွင်းရှောင်ဝူကမူ ကျိန်ဆဲနေဆဲ ဖြစ်သည်။
" သူ့ကို ကျွန်တော် နည်းနည်းထပ်ရိုက်လိုက်ရမှာကို တစ်ကြိမ်တည်းနဲ့ ဘယ်ရပါ့မလဲ..."
ကျွင်းဟွိုင်လန်က ပြုံးပြပြီး သူ့ခေါင်းကိုပုတ်လိုက်သည်။
သခင်မကျွင်း မတ်တပ်ရပ်လိုက်ပြီးနောက် ညစာစားပွဲမှ လူအတော်များများ ထထွက်သွားကြသည်။ အားလုံးမတ်တပ်ရပ်လိုက်သည်ကို မြင်သောအခါ ရွှယ်ယန်ကလည်း မတ်တပ်ရပ်ရန် ပြင်လိုက်သော်လည်း စားပွဲကိုပင် လက်ဖြင့်မနည်းထောက်နေရသည်။
သူ ထိုနေရာတွင် အေးစက်စက်ဖြင့် ထိုင်နေသော်လည်း သူ့မျက်ဝန်းများက ရှုပ်ထွေးနေကာ အလွန်သနားစရာကောင်းနေသည်။
သခင်မကျွင်းက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
" ဟွိုင်လန် ကွမ်းလင်ဘုရင်ခံကို အနားယူဖို့ လိုက်ပို့ပေးလိုက်ပါ...နှစ်သစ်ကူးချိန်ကျရင်လည်း သူ့နဲ့တူတူ အဖော်ပြုပေးလိုက်ပေါ့..."
ကျွင်းရှောင်ဝူက အသည်းအသန် ထအော်တော့သည်။
" အမေက သိုးကို ကျားပါးစပ်ထဲ ထည့်ပေးနေတာပဲ..."
သခင်မကျွင်းက သူ့ကို တစ်ချက်စောင်းကြည့်လိုက်သည်။
ဘေးနားမှ ရှန်းယိဟုန်က ကျွင်းရှောင်ဝူ၏ပခုံးပေါ် လက်တင်လိုက်သည်။
" ရပါတယ် ဒီကောင်လေး အခုဘာမှ မလုပ်နိုင်တော့ဘူး အန္တရာယ်ကင်းသွားပြီ..."
ကျွင်းဟွိုင်လန် ရယ်ရမည် ငိုရမည်ကိုပင် မသိတော့ပေ။
ခဏကြာသောအခါ အားလုံးက အစေခံများ ခြံရံလျက် ခန်းမဆောင်အနောက်မှ အဆောင်သို့ ထွက်ခွာသွားကြသည်။ မူလက သက်ဝင်စည်ကားနေခဲ့သည့် ခန်းမဆောင်ကြီးက ရုတ်တရက် ဗလာကျင်းပြီး ခြောက်ကပ်သွားခဲ့သည်။
ကျွင်းဟွိုင်လန်က ရွှယ်ယန်၏ဘေးကို လျှောက်သွားလိုက်သည်။
ရွှယ်ယန်က ခေါင်းမော့လိုက်ပြီးနောက် သူ့ကို အချိန်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ အာရုံစိုက်မိသွားသည်။
သူ့ ခေါင်းက အလွန်လေးလံနေ၍ အနည်းငယ်စောင်းလိုက်သည်နှင့် ကျွင်းဟွိုင်လန်ကို မီထားသကဲ့သို့ဖြစ်သွားသည်။
ကျွင်းဟွိုင်လန်က ဤအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကိုဖက်ထားလိုက်သည်။
" မင်းရဲ့မိသားစုဝင်တွေက တော်တော်ကြမ်းတမ်းတာပဲ..."
ရွှယ်ယန်က ရေရွတ်လိုက်သည်။ ဝိုင်မူးနေသောကြောင့် သူ့စကားသံအဆုံးသတ်က တိမ်ဝင်သွားသည်။
ကျွင်းဟွိုင်လန်က သူ့ပါးပြင်ကို ထိကိုင်လိုက်သည်။
" မင်းကိုရိုက်လို့လား..."
ရွှယ်ယန်က အသံခပ်အုပ်အုပ်ဖြင့် ပြန်ဖြေသည်။
" ဆိုးဆိုးရှားရှားပဲ..."
ကျွင်းဟွိုင်လန်က သူ့ဆံပင်ကို ပွတ်သပ်ပေးနေသည်။
" မင်း ဒီအတိုင်းပဲ ငြိမ်ခံနေလိုက်တာလား..."
ရွှယ်ယန်က အချိန်အတန်ကြာအောင် တွေးတောနေပြီးမှ တစ်ကိုယ်တည်းရေရွတ်နေသကဲ့သို့ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဖြစ်သင့်ပါတယ်..."
" အရမ်းနာသွားသေးလား..."
ရွှယ်ယန် ခေါင်းခါလိုက်သည်။ ခဏအကြာတွင် ခေါင်းငြိမ့်ပြပြန်သည်။
" ကိုယ့်ကိုနမ်းရင်တော့ ပျောက်သွားမယ်ထင်တယ်..."
ကျွင်းဟွိုင်လန် အသံတိုးတိုးဖြင့်ရယ်လိုက်ပြီး ခေါင်းငုံ့လိုက်သည်။
နွေးထွေးနူးညံ့သောအနမ်းထဲတွင် စန္ဒကူးရနံ့သင်းသင်းနှင့် ဝိုင်နံ့များ လိမ်ယှက်နေသည်။
ပြတင်းပေါက်အပြင်ဘက်တွင်မူ လေပြည်လေညှင်းလေးများ တိုက်ခတ်နေပြီး စင်္ကြန်လမ်းမှ အနီရောင်မီးပုံးများက လေတိုက်လိုက်သည်နှင့် ယိမ်းနွဲ့နေကာ သစ်ကိုင်းများပေါ်မှ နှင်းများက ကြမ်းပြင်ပေါ်ရှိ အနီရောင်ဗျောက်အိုးအစအနများအပေါ် ပြုတ်ကျလာသည်။
ပြတင်းပေါက်ဘောင်မှ နွေးထွေးသောအလင်းရောင်နုနုလေးများ ဖြာကျလာပြီး အပြင်ဘက်ရှိ နှင်းများပေါ်တွင် ရောင်ပြန်ဟပ်နေသည်။
မိဖုရားရှု့ မွေးဖွားခဲ့သည့် မင်းသား၉ကို ရွှယ်ယန်က နာမည်ပေးခဲ့သည်။
သူက ရွှယ်ယန်ကဲ့သို့ "ချန်" တစ်လုံးတည်းသာပါပြီး ဧကရာဇ်၏မျိုးဆက်အခြားမင်းသားများကဲ့သို့ အလယ်တွင် "ယွင်" ဟူသည့်စာလုံး မထည့်ခဲ့ပေ။
ရွှယ်ယန်၏ အတွေးများကို အားလုံးက ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။
ဤနာမည်ကို ပေးလိုက်သည့်အချိန်မှစ၍ အသစ်မွေးဖွားလာသည့် မင်းသား၉ကို ရွှယ်ယန်ကိုယ်တိုင်က တာ့ယုံ၏ ဆက်ခံသူအဖြစ် သတ်မှတ်ပေးလိုက်ခြင်းဖြစ်ကြောင့် နန်းတွင်းမှလူများသာမက နန်းပြင်က ပြည်သူများလည်း သဘောပေါက်သွားကြသည်။
ဤကိစ္စက ဖြစ်နိုင်ချေမရှိသော်လည်း ရွှယ်ယန်က ယခုချိန်တွင် ညီလာခံ၌ ဆုံးဖြတ်ချက်ချသူဖြစ်နေသည်။ သူက ဧကရာဇ်ဟူသော ဂုဏ်ပုဒ်ကို သဘောမကျသကဲ့သို့ နန်းတွင်းထဲတွင်လည်း မနေချင်ပေ။ သို့သော် လက်ရှိအချိန်၌ ကွမ်းလင်ဘုရင်ခံမှာ တာ့ယုံ၏ ဧကရာဇ်ဖြစ်ကြောင်း နန်းတွင်း၏ အတွင်းအပြင်လူများအားလုံး သိကြသည်။
သို့ဖြစ်၍ သူက သက်ဦးဆံပိုင်ဘုရင် မည်သူဖြစ်ရမည်ကို ပြောရေးဆိုခွင့်ရှိနေသည်။
မင်းသား၉က ကောင်းချီးပေးခံရခြင်းများစွာဖြင့် မွေးဖွားလာသည်ဟု အားလုံးက ဆိုကြသော်လည်း သူ၏မယ်တော်ဖြစ်သူ မိဖုရားရှု့က ပျော်ရွှင်နေခြင်းမရှိပေ။
နှစ်ပေါင်းများစွာ ကြာပြီးသည်အထိ နန်းတွင်းထဲမှလူအားလုံးမှာ မိဖုရားရှု့ မီးဖွားခဲ့သောနေ့ကို အမှတ်ရနေဆဲဖြစ်သည်။
ကလေးမွေးဖွားစဉ်အချိန်က မိဖုရားရှု့၏အခန်းမှာ ပျားပန်းခတ်မျှ လှုပ်ရှားနေခဲ့သည်။
ကလေးမွေးဖွားပြီဖြစ်ကြောင်း လက်သည်က ပြောလိုက်ချိန်တွင် ကျွင်းမိသားစုဝင်များအပါအဝင် အပြင်ဘက်မှ ဧကရီနှင့် ကိုယ်လုပ်တော်များ မတုံ့ပြန်နိုင်မီမှာပင် မိဖုရားရှု့၏ စိုးရိမ်တကြီးမေးသံကို အခန်းထဲမှ ကြားလိုက်ရသည်။
" မိန်းကလေးလား ယောက်ျားလေးလား... မိန်းကလေးလား ယောက်ျားလေးလားလို့..."
လက်သည်က အလျင်အမြန် ပြန်ဖြေကြားလိုက်သည်။
" ဂုဏ်ယူပါတယ် အရှင်မ ... မင်းသားလေးတစ်ပါးကို ဖွားမြင်နိုင်ခဲ့ပါတယ်..."
မမျှော်လင့်ထားကြသည်မှာ မိဖုရားရှု့က ထိုစကားကို ကြားသည့်အခါ အကြောက်အကန်ငြင်းဆန်တော့သည်။
" မဟုတ်သေးပါဘူး မှားနေပြီ... မင်းသမီးလေးပဲဖြစ်မှာပါ... သေချာကြည့်ပါဦး မင်းသမီးလေးပါ..."
ထိုအချိန်တွင် အခန်းထဲမှ နန်းတွင်းသူများနှင့် လက်သည်များအားလုံး အံ့အားသင့်ကုန်ကြသည်။
" အရှင်မ မွေးလိုက်တာ မင်းသားလေးပါ..."
လက်သည်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။
မိဖုရားရှု့က မျက်ရည်များတသွင်သွင်စီးကျပြီး ငိုကြွေးတော့သည်။
" အဲ့ကောင်လေး ကြံစည်ထားတဲ့အတိုင်း ဖြစ်သွားတာပေါ့..."
သူမ ငိုယိုနေသည်။
အကြောင်းအရင်းကို သေချာသိသူအချို့မှလွဲ၍ လူအများစုမှာ မိဖုရားရှု့ဆိုလိုသည့်အကြောင်းကို သဘောမပေါက်ကြပေ။
ထို့ကြောင့် မိဖုရားရှု့က မင်းသားလေးကိုဖွားမြင်၍ အလွန်အမင်း ဝမ်းသာအားရဖြစ်သွားသည်ဟူသော သတင်းကို မဖုံးကွယ်ခဲ့ကြပဲ နန်းတွင်းထဲ ပျံ့နှံ့သွားသည်။
Xxxxx