Chapter 168 (Extra 2)
မိဖုရားရှု့၏ကိုယ်ဝန်က နေ့စေ့လစေ့ဖြစ်လာ၍ နန်းတော်၏ အတွင်းအပြင်မှလူအားလုံး မင့်လွမ်နန်းဆောင်ကိုသာ အာရုံစိုက်နေကြသည်။
သို့သော် ယခုအခါတွင် မောင်းမဆောင်ကို ဧကရီကျန်းက ကာကွယ်နေသည့်အပြင် ရွှယ်ယန်ကလည်း ညီလာခံကို တာဝန်ယူထားရပြီး မင်းကြီးကလည်း အဆိပ်ခတ်ခံထားရချိန်ဖြစ်၍ မည်သူမျှ မိဖုရားရှု့ မပျော်မရွှင်ဖြစ်အောင် မလုပ်ရဲကြပေ။
နန်းတွင်းထဲမှ တန်ဖိုးအကြီးဆုံး ဆေးဝါးများက စီးဆင်းနေသည့်ရေများသဖွယ် မင့်လွမ်နန်းဆောင်သို့သာ စီးဆင်းရောက်ရှိသွားသည်။ နန်းတွင်းသမားတော်များကလည်း အဆင်သင့်ရှိနေရပြီး အမှားအယွင်းတစ်ခုခုဖြစ်ပေါ်လာမည်စိုး၍ မိဖုရားရှု့ကို အမြဲမပြတ် စစ်ဆေးနေကြသည်။
ကျွင်းဟွိုင်လန်က အားလပ်ချိန်များတွင် နန်းတွင်းသို့သွားပြီး သူမကို တွေ့ဆုံလေ့ရှိသည်။
မိဖုရားရှု့က ကိုယ်ဝန်ရင့်လာပြီဖြစ်၍ သူမခန္ဓာကိုယ်က ပြည့်ပြည့်လုံးလုံးဖြစ်လာသည်။ ရာသီဥတုကလည်း တစ်နေ့ထက်တစ်နေ့ ပိုအေးလာ၍ နန်းတွင်းထဲတွင် စိုက်ပျိုးထားသည့် ဂန္ဓမာပန်းအများစုကို သူမနန်းဆောင်သို့ ပို့ဆောင်ထားသည်။ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်ပါက ရွှေရောင်ကဲ့သို့နေရောင်ခြည်များက ပန်းခင်းကြီးအပေါ် ဖြာကျနေသည့် မြင်ကွင်းကို တွေ့နိုင်သည်။
မိဖုရားရှု့က သလွန်ပေါ် လှဲလျောင်းနေပြီး ယပ်တောင်တဖျတ်ဖျတ်ခတ်နေကာ ကျွင်းဟွိုင်လန်ကို စောဒကတက်နေသည်။
" မင်း အရီးတော်ကို တစ်နေ့သုံးကြိမ်လောက်လာတွေ့ရင် ကောင်းမှာပဲ... ဒါမှမဟုတ် အရီးတော်ရဲ့ နန်းဆောင်မှာပဲ လာနေလေ..."
ကျွင်းဟွိုင်လန် ရယ်လိုက်သည်။
" တကယ်လို့ နန်းတွင်းထဲက စည်းကမ်းတွေကြောင့်သာမဟုတ်ရင် ရွှယ်ယန်က ကျွန်တော့်ကို ဒီမှာပဲ လာနေခိုင်းမှာပါ..."
မိဖုရားရှု့က သူ့အနားကပ်လာပြီးပြောသည်။
" ဧကရာဇ်က ရွှယ်ယန့်ကို ထီးနန်းဆက်ခံစေချင်ပေမယ့် သူက လက်ခံဘူးလို့ကြားတယ်... သူက အခု အိမ်ရှေ့စံမင်းသားလည်း မဖြစ်ချင်ဘူးဆိုရင် ဘာလုပ်ချင်နေတာပါလိမ့်..."
ယမန်နေ့ညက မြို့စားမင်းအိမ်တော်ကို နံရံပေါ်မှ ကျော်လာပြီး သူ့အခန်းထဲကို သူခိုးတစ်ယောက်သဖွယ် ဝင်လာကာ တစ်ညတာလုံး သူနှင့် အိပ်ရာပေါ်တွင် လုံးထွေးနေခဲ့သည့် ရွှယ်ယန့်ကို ကျွင်းဟွိုင်လန်သတိရသွား၍ သူ၏ မသက်မသာဖြစ်နေသော ခန္ဓာကိုယ်အနောက်ပိုင်းကိုပွတ်ကာ ပြောစရာစကားမဲ့သွားသည်။
သို့ရာတွင် ကျွင်းဟွိုင်လန်က နန်းတွင်းစာမေးပွဲဖြေဆိုပြီး ညီလာခံသို့ တက်ရောက်ရသည့်အမတ်မဟုတ်၍ ထိုကိစ္စများကို မသိ၍ ငြိမ်နေခြင်းဟု မိဖုရားရှု့ကတွေးလိုက်ပြီး သူ့ပုံစံကို သံသယမဝင်ပဲ အခြားကိစ္စများ ဆက်ပြောနေသည်။
ကျွင်းဟွိုင်လန်မှာ ကပ်ဘေးကြီးမှ လက်မတင်လေးလွတ်မြောက်သွားသည်ဟု တွေးလိုက်မိသည်။
သူနှင့် ရွှယ်ယန့်အကြားမှကိစ္စကို မိဘများကိုပြောပြသည်က ပြဿနာမရှိပေ။ သို့ရာတွင် သူ့အရီးတော်အတွက်မူ ရွှယ်ယန်က သူမ၏မွေးစားသားဖြစ်ပြီး သူကိုယ်တိုင်က သူမ၏တူအရင်းဖြစ်နေ၍ သူတို့အကြားမှ ဆက်ဆံရေက အနည်းငယ်ရှုပ်ထွေးနေသည်။
သို့ဖြစ်၍ သူ ဘာမှမပြောပြနိုင်ဖြစ်နေသည်။
သို့ရာတွင် ကျွင်းဟွိုင်လန်က ဤဘေးအန္တရာယ်မှ လွတ်သွားသော်လည်း ရွှယ်ယန်က ကံမကောင်းခဲ့ပေ။
ယနေ့မနက်တွင် မိဖုရားရှု့က အိပ်ရာစောစောနိုးလာ၍ အထွေအထူးကိစ္စ လုပ်စရာမရှိသောကြောင့် ဧကရီကျန်းကို ဂါရဝပြုရန် ထွက်လာခဲ့သည်။
သူမက ဧကရီကျန်းနှင့် ခဏတာ စကားစမြည်ပြောနေပြီးနောက်တွင် ရွှယ်ယန့်အကြောင်းသို့ ရောက်သွားသည်။
သူမ ကျွင်းဟွိုင်လန်ကို မေးခဲ့သည့် ရွှယ်ယန့်အကြောင်းကို ဧကရီနှင့် ပြောဖြစ်ခဲ့သည်။ ထိုအခါ ဧကရီကျန်းက ရွှယ်ယန် ထီးနန်းမဆက်ခံရသည့်မှာ သူ့နှလုံးသားထဲတွင် တစ်စုံတစ်ယောက် ရှိနေသောကြောင့်ဖြစ်သည်ဟု ပြောပြခဲ့သည်။
ဧကရီကျန်းက ပြောလိုက်ပြီးမှ ရွှယ်ယန်၏နှလုံးသားထဲမှ တစ်စုံတစ်ယောက်က မိဖုရားရှု့၏တူဖြစ်သည်ကို သတိရသွားသည်။
သူမ အလျင်အမြန် စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သော်လည်း မိဖုရားရှု့ကြားသွားသည့်အခါ စိတ်ဝင်တစားဖြစ်သွားပြီး မည်သည့်အိမ်မှ သမီးဖြစ်ကြောင်းကို အသည်းအသန်မေးတော့သည်။
ဧကရီကျန်းက သူမကို ဘေးကျပ်နံကျပ်ဖြင့် ကြည့်နေသည်။
မိဖုရားရှု့က ထိုကိစ္စကိုသိပါက ရွှယ်ယန့်ကို ချက်ချင်းသွားမေးမည်ကိုသိ၍ သူမကို လိမ်ညာပြော၍ မရကြောင်းကိုသိသည်။ သို့ဖြစ်၍ အမှန်အတိုင်းပြောရန်သာ ရွေးချယ်လိုက်ရတော့သည်။
ဧကရီကျန်းမှာ သူမ၏ နှုတ်သွက်လျှာသွက်မှုအတွက် ကိုယ့်ကိုကိုယ်သာ မုန်းတီးနေမိတော့သည်။
ထိုအချိန်တွင် ရွှယ်ယွင်ဟွမ် ရောက်ရှိလာလေသည်။
သူက ဧကရီကျန်းနှင့် မိဖုရားရှု့ကို နှုတ်ဆက်လိုက်ပြီးနောက် ပြုံးပြ၍ သူတို့မည်သည့်အကြောင်းများ ပြောနေသည်ကို မေးလိုက်သည်။
မိဖုရားရှု့က သူ့ကို အမြန်ပြောပြလိုက်သည်။
" ရွှယ်ယန့်အကြောင်း ပြောနေကြတာပါ... ရွှယ်ယန်က အိမ်ရှေ့စံမင်းသားမလုပ်ချင်တာ သူချစ်နေရတဲ့လူတစ်ယောက်ရှိတာကြောင့်လို့ မင်းသားရဲ့မယ်တော်က ပြောပြလို့လေ..."
ရွှယ်ယွင်ဟွမ်က အိမ်ရှေ့စံမင်းသားကိစ္စနှင့်ပတ်သက်ပြီး ခပ်ဝေးဝေးနေသူဖြစ်၍ ထိုအကြောင်းကိုကြားသည်နှင့် ချက်ချင်းစိတ်ဝင်စားသွားပြီး စိတ်လှုပ်ရှားလာသည်။
ဧကရီအနားသို့ရောက်လာပြီး အတင်းအဖျင်းပြောသူများက တစ်ယောက်မှ နှစ်ယောက်အဖြစ်သို့ ပြောင်းသွားသည်။
မျှော်လင့်တကြီးဖြစ်ကာ အရောင်တောက်ပနေသည့် မျက်ဝန်းနှစ်စုံကို မြင်သည့်အခါ ဧကရီကျန်းက
နာမည်တစ်ခုကို ခက်ခက်ခဲခဲဖြင့် ထုတ်ပြောလိုက်ရသည်။
" အဲ့လူက... ဟွိုင်လန် ပါ..."
မျှော်လင့်တကြီးဖြစ်နေသည့် မျက်ဝန်းနှစ်စုံက အုံ့မှိုင်းသွားပြီးနောက် တစ်ချိန်တည်းတွင် ဒေါသထွက်နေသည့်ပုံစံများအဖြစ် ပြောင်းလဲသွားကြသည်။
" သူကများ ရာရာစစ..."
မိဖုရားရှု့ ခုံပေါ်မှ ရုတ်တရက်ထရပ်လိုက်သောကြောင့် နှစ်ဖက်လုံးတွင်ရပ်နေသည့် နန်းတွင်းသူများ လန့်သွားပြီး သူမကို ကူညီရန် ရှေ့တိုးလာကြသည်။
သူမက ထိုလူများကို တွန်းထုတ်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
" အဲ့ကောင်လေးရဲ့ စိတ်ထားက ဒီလောက်ဆိုးဝါးနေမယ်လို့ မထင်ထားဘူး... သူ ဘာလို့ ဟွိုင်လန့်ကို အဲ့လိုလုပ်ရတာလဲ... လာကြစမ်း ငါ့ကို ရွှယ်ယန့်ဆီခေါ်သွားကြ... သူ့ကို ငါလက်နဲ့ကိုယ်တိုင် ရိုက်ပစ်ဦးမယ်..."
သူမ ဘေးနားမှ ရွှယ်ယွင်ဟွမ်မှာ ဒေါသကြောင့် မျက်လုံးများပြူးကျယ်လာပြီး ရှေ့တိုးလာသည်။
" မိဖုရားရှု့ ခဏစောင့်နေလိုက်ပါ... ကျွန်တော်ကိုယ်တိုင် အဲ့ကောင်ကိုသွားပြီး ရိုက်နှက်ပစ်မယ်..."
ရွှယ်ယွင်ဟွမ်က ဝတ်ရုံလက်ကိုခေါက်တင်ပြီးနောက် ခပ်သုတ်သုတ်ထွက်သွားသည်။
အနားမှ နန်းတွင်းသူတစ်ယောက်မှလည်း သူ့ကို မတားရဲကြပေ။ ဧကရီကျန်းက သူ့ကိုတားရန် ရှေ့တိုးလာသော်လည်း မိဖုရားရှု့က သူ့ကိုဆွဲထားသည်။
ကိစ္စတွေတော့ ကြီးကုန်တော့မှာပဲ...
ဧကရီကျန်းက စိုးရိမ်တကြီးဖြင့် တွေးလိုက်သည်။
ရွှယ်ယန်က ညီလာခံထဲတွင် ရှိနေဆဲဖြစ်သည်။ ဧကရီကျန်း၏နန်းဆောင်မှ ထွက်ခွာလာသည့်ရွှယ်ယွင်ဟွမ်က ယုံဟယ်နန်းဆောင်သို့ တည့်တည့်ထွက်လာခဲ့သည်။
သူ လမ်းလျှောက်လာစဉ်တွင် ဆဲရေးနေသည်။
" ရွှယ်ယန်ဆိုတဲ့ကောင်က ဘယ်လိုကြောင့်များ ဟွိုင်လန့်ကို အဲ့လိုတွေးနေရတာလဲ... သူ အစတည်းက မူမမှန်ဘူးလို့ ငါထင်သားပဲ... သူက အားလုံးနဲ့ဆို မျက်နှာသေကြီးဆိုပေမယ့် ဟွိုင်လန်နဲ့ကျ အဲ့လိုမဟုတ်ဘူးလေ..."
သူ ဒေါသတကြီးဖြင့် ရေရွတ်နေသည်။
" အဲ့တော့ သူ့စိတ်ထဲမှာ ဒီလိုအတွေးမျိုး ရှိနေတာပေါ့..."
သူ့လက်အောက်ငယ်သားများကလည်း စကားတစ်လုံးမှ မပြောရဲကြပေ။
ရွှယ်ယွင်ဟွမ်က သူ့ကိုယ်သူ ပြောနေမိသည်။
" ဟွိုင်လန်က အရမ်းရိုးသားပြီး သဘောကောင်းလွန်းတာကို... ရွှယ်ယန်က သူ့ကို အဲ့လိုတွေလုပ်ဖို့ ဖိအားပေးတာပဲဖြစ်ရမယ်... ငါ ဟွိုင်လန့်အတွက် သူ့ခြေထောက်တွေကို ချိုးပစ်ဦးမယ်..."
သူ့နောက်မှ လူများကလည်း ခေါင်းငုံ့ထားကြပြီး အနောက်မှ ခပ်သုတ်သုတ်လိုက်လာကြသည်။
ယခုအချိန်တွင် ယုံဟယ်နန်းဆောင်မှ မနက်ခင်းညီလာခံက ပြီးဆုံးသွားပုံရသည်။
အမတ်များက ကျောက်တုံးလှေကားထစ်များမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြသည်။ အမတ်အားလုံးက အောက်သို့ဆင်းလာခြင်းသာဖြစ်သည်။
ရွှယ်ယွင်ဟွမ်က ထိုလူများအကြားတွင် လှေကားထစ်ပေါ်သို့တက်လာသည့် တစ်ယောက်တည်းသောလူဖြစ်ပြီး ယုံဟယ်နန်းဆောင်၏ အနောက်ဆောင်သို့ တည့်တည့်ဝင်သွားသည်။
အနောက်ဆောင်ထဲတွင်မူ ရွှယ်ယန်က ညီလာခံတက်သည့် အဝတ်အစားကိုလဲလှယ်ပြီးနောက် တော်ဝင်စာကြည့်ဆောင်ထဲဝင်ရန်ပြင်နေသည်။
သို့ရာတွင် ခြေသံပြင်းပြင်းများက ဝေးရာမှ နီးလာသည်ကို ကြားလိုက်ရသည်။
ရွှယ်ယန် ခေါင်းမော့ပြီး တစ်ချက်ကြည့်လိုက်သည်။
ရွှယ်ယွင်ဟွမ်က သူရှိရာဘက်သို့ ခပ်သုတ်သုတ်လျှောက်လာသည်ကို မြင်လိုက်ရသည်။
သူက မောင်းမဆောင်မှ လာခဲ့ရခြင်းဖြစ်၍ ပင်ပန်းနေပြီး အသက်ရှုသံ မငြိမ်မသက်ဖြစ်နေကာ နဖူးပြင်တွင် ချွေးသီးချွေးပေါက်များထွက်နေသည်။
ရွှယ်ယန်က ခေါင်းဆောင်းပင် မချွတ်ရသေးပဲ နေရာတွင်သာထိုင်ပြီး သူ ဝင်လာသည်ကို ကြည့်နေလိုက်သည်။
ရွှယ်ယွင်ဟွမ်က သူ့ရှေ့သို့လျှောက်လာပြီး အင်္ကျီကော်လံကို ဆောင့်ဆွဲကာ သူ့ကို မ'လိုက်သည်။
ရွှယ်ယန်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူ့လှုပ်ရှားမှုများအတိုင်း တဖြည်းဖြည်း မတ်တပ်ရပ်လာသည်။
ချက်ချင်းပင် ရွှယ်ယွင်ဟွမ်အပေါ် အရိပ်တစ်ခုကျလာသည်။
ရွှယ်ယန်က သူ့ထက် ခေါင်းတစ်ဝက် ပိုမြင့်ပြီး တောင့်တင်းသည့်ခန္ဓာကိုယ်၊ ကျောပြင်ကျယ်များရှိ၍ သူ့ခန္ဓာကိုယ်၏ သန်စွမ်းမှုကို ထူထဲသည့် ညီလာခံအဝတ်အစားများကပင် ဖုံးကွယ်မထားနိုင်ပေ။
သူ့ကိုယ်ပေါ်မှ စန္ဒကူးအနံ့က သတ်ဖြတ်ချင်စိတ်ကိုပင် မဖုံးကွယ်ထားနိုင်သကဲ့သို့ဖြစ်နေသည်။ ယခုအချိန်တွင် သူ၏ရန်လိုမှုကို မထိန်းချုပ်ထားသောကြောင့် ပိုမိုသိသာနေကာ မည်သူမှ သူ့ကို စေ့စေ့မကြည့်ရဲပေ။
သူ့မေးစေ့ကို အနည်းငယ်မော့လိုက်ပြီး ရွှယ်ယွင်ဟွမ်ကို ငုံ့ကြည့်ကာ မထီမဲ့မြင်ပုံစံဖြင့် မေးလိုက်သည်။
" ဘာကိစ်စလဲ..."
ရွှယ်ယန့်ကို နိုင်အောင် မချနိုင်သည်ကို ရွှယ်ယွင်ဟွမ်သိပေသည်။
သူက ရွှယ်ယန့်ခြေထောက်ကို ချိုးပစ်ချင်သူဖြစ်သော်လည်း အမှန်အကန် တိုက်ခိုက်မည်ဆိုပါက ခြေထောက်အချိုးခံသူက ရွှယ်ယန်မဟုတ်ပဲ သူ ဖြစ်နေလိမ့်မည်။
ရွှယ်ယွင်ဟွမ်ပြောစရာစကားများပျောက်ရှသွားပြီးနောက် တံတွေးမျိုချလိုက်သည်။
ရွှယ်ယန်က စိတ်မရှည်တော့ပေ။
" ဘာကိစ္စလဲလို့..."
သူက ထိုနေရာတွင်ပင် မလှုပ်မရှားပဲရပ်နေပြီး သူ့အင်္ကျီကော်လံမှ ရွှယ်ယွင်ဟွမ်၏လက်ကိုပင် မဖယ်ပစ်ချေ။
ရွှယ်ယွင်ဟွမ်၏ ကျောရိုးများအနည်းငယ် တောင့်တင်းလာသည်ဟုပင် ထင်ရသည်။
ခဏအကြာတွင် ရွှယ်ယွင်ဟွမ် ချောင်းဟန့်လိုက်ပြီး ခက်ခက်ခဲခဲဖြင့် စကားစပြောလိုက်ရသည်။
" မိဖုရားရှု့က မင်းကိုတွေ့ချင်နေတယ်... သူက မင်းခြေထောက်တွေကို ချိုးပစ်မယ်လို့ ပြောတာပဲ..."
––
ရွှယ်ယန်က ဧကရီကျန်း၏နန်းဆောင်သို့ အလျင်စလို ရောက်လာသည်။
မိဖုရားရှု့က ဒေါသထွက်နေပြီး ဧကရီက အပြစ်မကင်းသည့်အမူအရာဖြင့်ထိုင်နေသည်။
မိဖုရားရှု့က တစ်ခုခုကို သိရှိသွားပြီဖြစ်ကြောင်း ရွှယ်ယန်သိလိုက်သည်။ သူ တည်ငြိမ်စွာနေပြီး ဧကရီကျန်းနှင့် မိဖုရားရှု့ကို နှုတ်ဆက်ပြီးနောက် မိဖုရားရှု့ကို ပြောလိုက်သည်။
" မယ်တော် စိတ်မပူပါနဲ့... ကျွန်တော် ဟွိုင်လန့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ..."
မိဖုရားရှု့က ဒေါသအထွက်လွန်နေ၍ သူ့ကို ပြင်းပြင်းထန်ထန် ဆူပူကျိန်းမောင်းပြီး ရွှယ်ယန့်ကို ရိုက်ပစ်ရန် ရှေ့သို့ထွက်လာသည်။
ရွှယ်ယန်က သူမကို အေးအေးဆေးဆေး ပြောနေခြင်းသာဖြစ်ပြီး ရှေ့တည့်တည့်တွင် တည်ငြိမ်စွာရပ်နေသည်။ မိဖုရားရှု့က သူ့ကို အားပြင်းပြင်းနှင့် ရိုက်ပစ်လိုက်ပြီး အရှိန်မထိန်းနိုင်ဖြစ်သွားစဉ်တွင် ရွှယ်ယန်က သူ့ကို ပြန်ထိန်းထားလိုက်၍ မလဲကျသွားပေ။
မိဖုရားရှု့က သူ့ကို ရိုက်နှက်နေစဉ်တွင် ဆူပူကျိန်းမောင်းနေသော်လည်း သူမက မျိုးရိုးမြင့်မိသားစုမှ ဆင်းသက်လာသူဖြစ်၍ ရိုင်းပြသည့် စကားလုံးများ မပါဝင်ပေ။
အလယ်နန်းဆောင်တစ်ခုလုံးတွင် မိဖုရားရှု့က ကွမ်းလင်ဘုရင်ခံကို ဆူပူကျိန်းမောင်းနေသံများဖြင့် ပြည့်သွားသည်။
တာ့ယုံတစ်တိုင်းပြည်လုံးတွင် လက်ရှိအချိန်၌ ဤလူနှစ်ယောက်မှာ အထိမခံနိုင်ဆုံးသောလူများဖြစ်ကြသည်။ အနားမှ နန်းတွင်းသူများမှာ မလှုပ်ရဲကြပဲ အသက်အောင့်ထားကြပြီး ထိုနေရာမှ ပျောက်ကွယ်သွားရန် ဆုတောင်းနေမိကြသည်။
အနောက်မှလိုက်လာသောကျင်းပေါင်က သူ့မျက်လုံးများကို အုပ်ထားသော်လည်း သူ့မျက်ဝန်းထဲမှ ပီတိဖြစ်မှုများကို မကွယ်ဝှက်ထားနိုင်ပေ။
ခဏအကြာတွင် မိဖုရားရှု့က ပင်ပန်းသွား၍ ထပ်မံ မလှုပ်ရှားနိုင်တော့ပေ။
ရွှယ်ယန်က တစ်ချိန်လုံးအရိုက်ခံလိုက်ရသော်လည်း မျက်နှာတစ်ချက်မပျက်သွားပဲ တည်ကြည်စွာပြောလိုက်သည်။
" မယ်တော် ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်သင့်ပါတယ် ခမည်းတော်နဲ့ ဘိုးဘေးတွေ ရာစုနှစ်တစ်ခုလောက် တည်ထောင်ခဲ့ရတဲ့ တာ့ယုံကို မယ်တော့်ဝမ်းထဲက မင်းသားလေးကပဲ ဆက်ခံနိုင်မှာပါ..."
မိဖုရားရှု့က ဒေါသထွက်လွန်း၍ ရွှယ်ယန့်ရင်ဘတ်ကို လက်သီးဆုပ်ဖြင့် အကြိမ်အနည်းငယ် ထိုးနှက်လိုက်သည်။
" ဘာမင်းသားလဲ... မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် ထီးနန်းကို မင်းဘာသာဆက်ခံလိုက်... ငါတို့မိသားစုက ဟွိုင်လန့်ကို လာမထိနဲ့တော့..."
သူတို့နှစ်ယောက်က နန်းတွင်းမှစည်းမျဉ်းများကို ဂရုမစိုက်ပဲ ပြောချင်ရာ ပြောနေခြင်းဖြစ်သည်။ အတိတ်တွင်မူ ထိုသို့လက်လွတ်စပယ်ပြောဆိုမိပါက ခေါင်းပြတ်သွားနိုင်ပေသည်။
သို့ရာတွင် ယခုအချိန်၌ မည်သူမျှ သူတို့ကို စီရင်ရဲသည်အထိ သတ္တိမရှိပေ။
Xxxxxx