အပိုင်း ၁၆၇ (Extra-1)
Viewers 36k

Chapter 167 (Extra 1)


ဧကရာဇ်ချင်းဖျင်၏ ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာသည်။ 


မူလတွင်မူ မျက်လုံးများကိုသာ လှုပ်ရှားနိုင်ခဲ့ပြီး နေ့စဉ်စွမ်းအင်က လုံလောက်မှု မရှိသောကြောင့် အချိန်ကြာမြင့်စွာအိပ်ပြီး အချိန်အတော်ကြာသည်အထိ နိုးမလာတတ်ပေ။ 


လွန်ခဲ့သည့်ရက်အနည်းငယ်က ကွမ်းလင်ဘုရင်ခံက တော်ဝင်စာကြည့်ဆောင်ထဲတွင် တစ်နေကုန် အချိန်ကုန်ဆုံးခဲ့ပြီး ညီလာခံမတက်ရောက်သည့်သတင်းကို သူကြားမိသည်။ မှောင်ရီပျိုးစအချိန်မှသာ ကွမ်းလင်ဘုရင်ခံက တော်ဝင်စာကြည့်ဆောင်ထဲမှ ထွက်လာခဲ့သည်။ အစေခံများကို ညနေစာပြင်ဆင်ခိုင်းပြီးနောက် စာကြည့်ဆောင်ထဲသို့ ရေနွေးတစ်ပုံးယူလာ‌ခိုင်းခဲ့သည်။ 


တစ်နေလုံးလည်း ထွက်မလာပဲ ညနေရောက်မှ ရေနွေးတစ်ပုံးပို့ခိုင်းတယ်ဆိုတော့ အဲ့ကိစ္စကလွဲရင် ဘာရှိသေးလို့လဲ... 


ဧကရာဇ်ချင်းဖျင်မှာ အလွန်ဒေါသထွက်လွန်း၍ မျက်ဆန်လှန်မိသွားပြီးနောက် သတိလစ်သွားခဲ့သည်။


ထိုနေ့တွင် နတ်ဆေးသမားတော်က သူ့ကို အပ်စိုက်ကုသပေးချိန်တွင်မှ နိုးလာခဲ့တော့သည်။ 


သမားတော်က ရိုးသားလေးနက်စွာ ပြောလိုက်သည်။


" အရှင်မင်းကြီး ကျန်းမာရေးက သိပ်မကောင်းသေးဘူးဆိုတော့ စိတ်‌တည်ငြိမ်အောင်ထားပြီး အေးအေးချမ်းချမ်းပဲတွေးလိုက်ပါ..."


သူက ဧကရာဇ်ကို အပ်စိုက်နေချိန်တွင် တဖြည်းဖြည်းပြောလိုက်သည်။


" ယုံနင်မင်းသားလေးက လူကောင်းဆိုတာ ပြောစရာမလိုပါဘူး... အရှင့်ရဲ့သားတော်ကသာ သူ့ကို အခွင့်ကောင်းယူနေတာ..."


ယုံနင်မင်းသားလေးတဲ့လား...


သူ့သားတော်က ယောက်ျားတစ်ယောက်နဲ့ တကယ်ကြိုက်နေရုံတင်မကဘူး အဲ့လူက ကျွင်းဟွိုင်လန်တဲ့လား...


ဧကရာဇ်ချင်းဖျင်မှာ အလွန်ဒေါသထွက်လွန်း၍ မျက်လုံးများ ပေါက်ထွက်တော့မတတ် ပြူးကျယ်လာပြီး သတိလစ်သွားပြန်သည်။ 


တစ်လကျော်ခန့်ကြာသောအခါ  ဧကရာဇ်ချင်းဖျင်က စကားတစ်လုံးစနှစ်လုံးစ ပြန်ပြောနိုင်လာသည်။ 


သူ၏ လက်ရှိအခြေအနေအရဆိုလျှင် ထိုသို့လုပ်နိုင်ခြင်းက အကောင်းဆုံး သက်ရောက်မှုမျိုးဖြစ်သည်။


သူ စကားပြောလာနိုင်သည့်မနက်ခင်းတွင် ကံအားလျော်စွာဖြင့် ရွှယ်ယန်က ထိုနေရာ၌ ရှိနေခဲ့သည်။ 


သူက ယခုချိန်ထိ နန်းတွင်းထဲတွင် နေထိုင်ခြင်းမဟုတ်ပေ။ မနက်တိုင်း ညီလာခံပြီးဆုံးသွားသည်နှင့် တော်ဝင်စာကြည့်ဆောင်ထဲတွင် ထိုနေ့အတွက် လျှောက်တင်လွှာများကို ပြီးစီးအောင်ဆောင်ရွက်ပြီး နန်းတွင်းအပြင်မှ အိမ်တော်တွင် သွားနေသည်။ 


အချိန်အတန်ကြာသည့်အခါ ညီလာခံမှ မှူးမတ်များက  နေသားကျလာခဲ့သည်။ ဧကရာဇ်ချင်းဖျင်က ယခုချိန်တွင် ထီးနန်းစိုးစံနေသူဖြစ်ပြီး ကွမ်းလင်ဘုရင်ခံက တိုင်းရေပြည်ရေးများကို ကူညီဆောင်ရွက်ပေးနေသည်။ ဆန့်ကျင်ဘက်အားဖြင့် အခြေအနေများက ယခင်ထက်ပို၍ အစီအစဉ်ကျနလာသည်။ 


အချို့ရက်များ၌ ညီလာခံပြီးဆုံးသွားချိန်တွင် ရွှယ်ယန်က ဧကရာဇ်ချင်းဖျင်၏အိပ်ဆောင်သို့ နေ့တိုင်းသွားရောက်ရပြီး ညီလာခံမှ အရေးကြီးကိစ္စများကို  လျှောက်တင်ရသည်။


၎င်းက သူ့ကို ကျွင်းဟွိုင်လန်ပြုလုပ်ခိုင်းထားသောကိစ္စဖြစ်သည်။ 


ယနေ့မနက်တွင် ရွှယ်ယန် ဧကရာဇ်ချင်းဖျင်၏အိပ်ဆောင်သို့ ရောက်လာသည့်အခါ အိပ်ရာတွင်ထိုင်ပြီး အရေးကြီးသည်များကို စတင်လျှောက်နေသည်။ 


သူက စကားကို သာမန်ကာလျှံကာနှင့် လိုရင်းတိုရှင်းပြောကာ စကားဆုံးသည်နှင့် ထွက်သွားလေ့ရှိသည်။ ဧကရာဇ်ချင်းဖျင်မှာ ရွှယ်ယန်ပြောပြသော "ဇနီးသည်" ဆိုသူက ကျွင်းဟွိုင်လန်ဖြစ်နေသည်ကို သိသွားချိန်မှစ၍ သူ့ကို အမြင်မကြည်တော့ပေ။ 


သားအဖနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မုန်းတီးနေကြပြီး ရက်အနည်းငယ်ကြာမှ တစ်ခါတစ်ရံတွေ့ဆုံကြသော်လည်း ကြာကြာမတွေ့ကြပေ။ 


သို့သော် ယနေ့တွင်မူ ဧကရာဇ်ချင်းဖျင်က ပုံမှန်နေ့များနှင့်မတူပဲ အနည်းငယ်ထူးဆန်းနေသည်ကို ရွှယ်ယန် သတိထားမိသည်။ 


သူက ရွှယ်ယန့်ကိုစိုက်ကြည့်ပြီး နှုတ်ခမ်းများ တုန်ယင်နေသည်မှာ ခက်ခဲသည့်ကိစ္စတစ်ခုခုကိုပြောရန် ကြိုးစားနေသည်နှင့် တူနေသည်။ 


ရွှယ်ယန် အေးစက်စက်ဖြင့် ရယ်လိုက်သည်။ 


စကားပြောဦးမယ်တဲ့လား... ဒီဘဝမှာ သူ စကားမပြောနိုင်တော့မှာတောင် စိတ်ပူရတယ်...


ရွှယ်ယန်က သူ့ဘေးနားမှ နတ်ဆေးသမားတော်ကို ကြည့်လိုက်သည်။ 


" သူ ဘာဖြစ်နေတာလဲ... ခင်ဗျား ဆေးမှားပေးလိုက်လို့ သူ့ဦးနှောက်တစ်ခုခုဖြစ်သွားတာလား..."


နတ်ဆေးသမားတော်က သူ့ကိုပြုံးပြပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးက အခုရက်ပိုင်း တော်တော်လေး ပြန်ကောင်းလာပြီ...အခု သူစကားပြောနိုင်နေပြီလေ..."


ရွှယ်ယန်က ဧကရာဇ်ချင်းဖျင်ကို မယုံနိုင်ခြင်း၊ လှောင်ပြောင်သရော်ခြင်းများ ပြည့်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။


" စွမ်းအင်တွေကို ချန်ထားပါဦး..."

သူ ပြောလိုက်ပြီး မတ်တပ်ထလိုက်သည်။ 


သူ တစ်ဖက်သို့ လှည့်လိုက်ချိန်မှာပင် သူ့ကျောဘက်မှ ရင်းနှီးနေသော အသံအက်ရှရှကို ကြားလိုက်ရသည်။


——


ဧကရာဇ်ချင်းဖျင်က ရွှယ်ယန့်ကို ဆူပူကြိမ်းမောင်းသည့်စကားများ ပြောနိုင်သည်အထိ ပါးစပ်ဟနိုင်သော်လည်း ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ဆဲဖြစ်ပြီး ခွန်အားတဖြည်းဖြည်းနည်းလာသည်။ သို့ဖြစ်၍ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာသော်လည်း တိုင်းရေပြည်ရေးကိစ္စများကို မကိုင်တွယ်နိုင်သေးပေ။ 


အတိတ်ကာလတွင်မူ ဧကရာဇ်ချင်းဖျင်က နေ့နေ့ညည စိတ်ပူပန်နေခဲ့ရသည်။ သူ၏ ညီလာခံအမတ်များကို ဟန်ချက်ညီအောင်မထားနိုင်မည်၊ တစ်ယောက်ယောက်က ထီးနန်းကို လုယူသွားမည်နှင့် တိုင်းသူပြည်သားများက သူ့ကိုမင်းဆိုးမင်းညစ်ဟု ထင်မြင်နေမည်ကို စိတ်ပူနေခဲ့သည်။  

သူ နေ့ညမပြတ် အလုပ်ကြိုးစားပြီး မည်သည့်နေရာတွင်မှ မလစ်ဟင်းရဲပေ။ တစ်ချိန်တည်း‌မှာပင် သောင်းချီသောလူများ၏ ထိပ်ဆုံးတွင် ရှိနေရပြီး အာဏာကို လက်ထဲတွင် ထိန်းချုပ်ထားရသည့်ခံစားချက်က စွဲမက်ဖွယ်ကောင်းလွန်းခဲ့သည်။ 


သို့သော် ယခုချိန်တွင်မူ သူက အဆိပ်ခတ်ခံရပြီး အိပ်ရာထဲလဲနေရသည့် မသန်စွမ်းဖြစ်သွားခဲ့သည်။ သူ လက်မလွှတ်ချင်သောကြောင့် တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့ရသောအရာများကို ရုတ်ချည်းလက်လွှတ်လိုက်ရသည်။သို့သော်လည်း  ဆန့်ကျင်ဘက်အားဖြင့် သူ့စိတ်ထဲတွင် စွဲလန်းမှုကြီးကြီးမားမား ရှိမနေခဲ့ပေ။ 


ယခုအချိန်မျိုးတွင် အခြားသောကိစ္စများကိုပါ တွေးချိန်ရသွားသည်။ 


ရွှယ်ယန်က သူ့ကို အရေးကြီးကိစ္စများ နေ့စဉ်တင်ပြရန်မဆိုနှင့် ညီလာခံအရေးကိစ္စများတွင်လည်း ဝင်မပါချင်သည်ကို သူသိသည်။ သို့ရာတွင် သူက အလောင်းအစားလုပ်ပြီး ရွှယ်ယန့်ကို ဆန့်ကျင်ရန် ဆုံးဖြတ်ထားသည်။ 


ရွှယ်ယန် ပို၍မလုပ်ချင်လေ သူက ထိုနေရာကို ပြန်မလာလေဖြစ်သည်။ ရွှယ်ယန် သူ့ကိုနေ့စဉ်လာတွေ့ချိန်တွင် ခွန်အားအားကိုစုစည်း၍ သူ့ကို ဆူပူကြိမ်းမောင်းသည့် စကားလုံးများပြောရန် စောင့်ဆိုင်းနေသည်။ 


သူ့နှုတ်ခမ်းနှင့်လျှာကို ကောင်းစွာမထိန်းနိုင်သေး၍ အသံထွက်ရန် မနည်းကြိုးပမ်းနေရသည်။ 


ဧကရာဇ်ချင်းဖျင်က ဤကိစ္စကို အလွန်ဂရုစိုက်မနေပေ။ ရွှယ်ယန် မထင်ထားသည့်အချိန်မျိုးတွင် သူက စကားဖြတ်ပြောနေကျဖြစ်သည်။ 


" မြို့တော်က ကိစ္စအားလုံးက ရှုပ်ထွေးနေတုန်းဆိုပေမယ့် ယွင်နန်ဘုရင်ကိစ္စကိုတော့ ဖြေရှင်းပြီးပါပြီ...  ကျွန်တော်မျိုး စစ်သည်တစ်သန်းကို မနေ့ကပဲ တောင်ပိုင်းကို စေလွှတ်..."


" အသုံးမကျတဲ့ကောင်..."


ဧကရာဇ်ချင်းဖျင်က အချိန်အတော်ကြာအောင် သည်းခံထားပြီး နောက်ဆုံးတွင် ဆဲရေးလိုက်သဖြင့် ရွှယ်ယန် ပြောလက်စ စကားများ ရပ်တန့်သွားရတော့သည်။


ရွှယ်ယန် မျက်နှာပျက်သွားပြီးနောက် အံကြိတ်၍ သူ့ကိုစိုက်ကြည့်နေသည်။ 


အိပ်ရာပေါ်မှ ဧကရာဇ်ချင်းဖျင်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ သူ့မျက်နှာက မည်သည့်အမူအရာမှ မပြသော်လည်း သူ့ပုံစံက အလွန်ပျော်ရွှင်နေသည့်ပုံပင်။

( T/N -  E transက ရွှဲ့ရေးထားလို့ ကိုယ်လည်း သူ့အတိုင်း ရေးတာပါ T T )


ရွှယ်ယန် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဆက်ပြောနေသည်။ 


" ကျန်းနန်က လျှောက်တင်လွှာတစ်စောင် ရောက်လာပါတယ်... အရင်က ပိုထားတဲ့ ငွေတွေနဲ့ ရိက္ခာတွေက ဒုက္ခသည်တွေအတွက် မလုံမလောက်ဖြစ်နေပါတယ်... ပြည်တွင်းရေးဌာနရဲ့ တွက်ချက်မှုအရဆိုရင်တော့ ဆန် တန်ချိန်သုံးထောင်လောက်လိုပြီး ငွေသား သုံးသောင်းနှစ်ထောင်..."


" သားသမီးကျင့်ဝတ် မကျေပွန်တဲ့ကောင်..."


ရွှယ်ယန်၏ မျက်နှာက လုံးဝ မည်းမှောင်သွားသည်။ 


သူ ဧကရာဇ်ချင်းဖျင်ကိုကြည့်ပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည်။


" ခမည်းတော် တော်တော်လေး နေကောင်းလာပြီဆိုတာ သားတော်သိပါတယ်... အဲဒါကြောင့်မို့ သားတော်က တိုင်းပြည်ရေးတွေ ကူလုပ်ပေးစရာမလိုတော့ပဲ ခမည်းတော်ကိုယ်တိုင် လုပ်တော့မယ်ထင်တယ်..."


ဧကရာဇ်ချင်းဖျင်က စကားပြောရန်အားပြုလိုက်ပြီးမှ တချို့စကားလုံးများကို ပြန်လည်မျိုချလိုက်ရသည်။


" မလုပ်နိုင်သေးဘူး..."


––


ဧကရာဇ်ချင်းဖျင် ကျန်းမာစဉ်အချိန်ကလည်း ရွှယ်ယန်က သူနှင့်တိုက်ခိုက်ခဲ့ဖူးခြင်းဖြစ်သည်။ သူ ချန်အန်းသို့ ပထမဆုံးအကြိမ်ပြန်လာစဉ်အချိန်က ဧကရာဇ်ချင်းဖျင်က သူ့ကိုနှလုံးသားအောက်ခြေမှ မုန်းတီးနေခဲ့ချိန်ဖြစ်သည်။ 


သို့သော်လည်း ဧကရာဇ်ချင်းဖျင်၏လုပ်ရပ်များက  သူဒေါသထွက်သည်အထိ မဖြစ်ခဲ့ပေ။ 


ယခုမူ သူ အလွန်ဒေါသထွက်လွန်း၍ နန်းတွင်းမှပြန်လာပြီး ယုံနင်မြို့စားအိမ်တော်ရောက်လာပြီး ကျွင်းဟွိုင်လန်နှင့်နေ့လယ်စာစားချိန်အထိ စိတ်မတည်မငြိမ်ဖြစ်နေသည်။ 


ကျွင်းဟွိုင်လန်က တစ်ချက်ကြည့်လိုက်ရုံနှင့် သူ တစ်ခုခုဖြစ်နေသည်ကိုသိလိုက်သည်။ 


သူစိတ်ဝင်တစားဖြစ်သွား၍ အသံမထွက်ပဲ ထမင်းစားနေစဉ်တွင် ရွှယ်ယန့်ကို အခေါက်ခေါက်အခါခါကြည့်နေသည်။ 


ရွှယ်ယန်၏မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်နေပြီး သူမကြိုက်သည့်ဟင်းပန်းကန်ကိုစိုက်ကြည့်ပြီး ဆက်စားနေသည်။ 


ကျွင်းဟွိုင်လန် အော်ရယ်လုနီးပါးဖြစ်သွားသည်။


သူ စကားတစ်ခွန်းမှ မပြောသေးပဲ ရွှယ်ယန် သည်းမခံနိုင်တော့မည့်အချိန်ကို စောင့်ဆိုင်းနေသည်။ 


တစ်ဝက်တစ်ပျက်စားပြီးချိန်တွင် ရွှယ်ယန်က တူကိုချထားလိုက်ပြီး နောက်ဆုံးတွင် ထုတ်ပြောလာသည်။

" ဆက်မလုပ်တော့ဘူး ထွက်တော့မယ်..."

 သူက လေသံမာမာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။


ကျွင်းဟွိုင်လန် အားရပါးရယ်မိသွားသည်။ 


သူ့စကားများကို ကြားသည့်အခါ နန်းတွင်းထဲတွင် စိတ်တိုကိစ္စတစ်ခုခုရှိခဲ့ကြောင်း သိသွားသည်။


နန်းတွင်းတစ်ခုလုံးတွင် သူ့ကို စိတ်မပျော်အောင်လုပ်နိုင်သည်အထိ သတ္တိရှိသည့် တစ်ဦးတည်းသောလူမှာ ဧကရာဇ်ချင်းဖျင်မှလွဲ၍ အခြားလူ မဖြစ်နိုင်ပေ။


" ထွက်မယ်တဲ့လား... ဒါဆိုရင် ကွမ်းလင်ဘုရင်ခံမဟုတ်ပဲ ဘယ်သူက နန်းတွင်းထဲကကိစ္စတွေကို ကိုင်တွယ်မှာလဲ..."


" ဧကရာဇ်ရှိတာပဲ သူကိုယ်တိုင် လုပ်မှာပေါ့..."


" ဒါဆိုရင် မင်းက သားသမီးကျင့်ဝတ် မကျေပွန်တဲ့လူလို့ အမတ်ကြီးတွေက နေ့တိုင်း ပြောတော့မှာပေါ့..."


ကျွင်းဟွိုင်လန် ပြုံး၍ ပြောလိုက်သည်။ 


ရွှယ်ယန်က တဲ့တိုးပြောလိုက်သည်။

" ကိုယ်က သားသမီးကျင့်ဝတ် မကျေပွန်တဲ့လူဆိုတာ ဟုတ်တာပဲလေ..."


ကျွင်းဟွိုင်လန်က သူ့ပုံစံကို သဘောတကျဖြစ်သွားပြီး ပခုံးများလှုပ်ခါသည်အထိ ရယ်နေသည်။ 

" အဲ့လိုတော့မဟုတ်သေးပါဘူး... မင်း သူတို့ကို မဆူပူခိုင်းရင် ရပေမယ့် အဲ့စကားတွေတော့ ပြန်ကြားရမှာပဲလေ..."


ရွှယ်ယန် အံကြိတ်ထားသည်။

" ဒါဆိုရင်လည်း သူတို့ မဆူနိုင်အောင် လုပ်ပေးရမှာပေါ့..."


ရွှယ်ယန်က ကလေးတစ်ယောက်သဖွယ် စကားပြောနေသည်ဟု ကျွင်းဟွိုင်လန် ထင်လိုက်မိသည်။ 


" ဒါက အလုပ်ဖြစ်မယ်မထင်ဘူး... မင်းက တိုင်းပြည်ရေးတွေ ကိုင်တွယ်ပေးနေရတဲ့ မင်းသားဖြစ်နေသရွေ့တော့ နေ့တိုင်းညီလာခံတက်ရမှာပဲလေ အဲ့ကျ မင်းကို သူတို့ ဆူမှာပေါ့..."


" ဒါဆိုရင် ကိုယ် မင်းသားမလုပ်တော့ဘူး..."


" ‌ဒါဆိုရင် ဘာလုပ်မှာလဲ..."


ရွှယ်ယန်က ကျွင်းဟွိုင်လန်ကို ကြည့်ပြီး လေးနက်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။


" ယုံနင်မင်းသားလေးရဲ့ ဇနီးသည် လုပ်မယ်လေ..."


Xxxxxxxx