Chapter 166 (END)
လွန်ခဲ့သည့်နှစ်နှစ်ခန့်က ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် ရွှယ်ယန်က ချန်အန်းသို့ ပြန်ရရန် အကြောင်းဖန်လာခဲ့သည်။
ထိုအချိန်က ဖြစ်ခဲ့သည့်ယွင်ယန်စစ်ပွဲက အလွန် အန္တရာယ်များသောကြောင့် ယန်ဘုရင်ကိုယ်တိုင်သည်ပင် သူ့ကိုယ်သူ အနိုင်နိုင် ကာကွယ်ခဲ့ရသည်။
သို့ရာတွင် သူက နောက်ဆုံးအချိန်၌ ရွှယ်ယန့်ကိုကူညီရန် ဆုံးဖြတ်ခဲ့ပြီး သူ၏ လက်အောက်ငယ်သားအချို့ကိုအမိန့်ပေးပြီး ရွှယ်ယန့်ကို ချန်အန်းမြို့သို့ ပြန်ပို့စေခဲ့သည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ သူ့အသက်ကိုတန်ဖိုးထားပြီး တစ်နေ့တွင် တာ့ခ်လူမျိုးများ၏လက်ထဲမှ ယန်ဒေသကို မဖြစ်မနေ ပြန်ယူရမည်ဟု ရွှယ်ယန့်ကိုမှာခဲ့သည်။
အမှန်တွင်မူ ယန်ဘုရင်က ယန်ဒေသကို လုံးဝဂရုမစိုက်ပေ။ သူ့အတွက်မူ ယန်ဒေသ၏ ခါးသီးအေးစက်မှုများက သူ့ဘဝတစ်ခုလုံးကို အကျဉ်းချထားခဲ့ခြင်းဖြစ်သည့်အတွက် သူ့အဖို့ အရှက်ရစရာသာ ဖြစ်သည်။
သူဖြစ်စေချင်သည့်အရာမှာ ရွှယ်ယန်က အသက်ရှင်နေပြီး ဇီဝေ့ကြယ်ကို သူ၏သတ်ဖြတ်ခြင်းခုနစ်စင်ကြယ်ဖြင့် အစားထိုးလိုက်ရန် ဖြစ်သည်။
အစမှ အဆုံးအထိ သူ လိုချင်ခဲ့သော အရာမှာ နဂါးပလ္လင်ဖြစ်သည်။ ကံကြမ္မာကြောင့် သူကိုယ်တိုင်က ဘဝတစ်လျှောက်လုံးတွင် နဂါးပလ္လင်ပေါ်တွင် မထိုင်ခဲ့ရသော်လည်း သူကိုယ်တိုင် လက်နက်အဖြစ်ပျိုးထောင်ခဲ့သူကို ထီးနန်းဆက်ခံစေလိုခဲ့သည်။
ရွှယ်ယန် ဤကိစ္စများသိသွားမည်ကို ယန်ဘုရင်က မည်သည့်အခါကမှ ကြောက်လန့်ခြင်းမရှိခဲ့ပေ။ သို့ဖြစ်၍ တည်ငြိမ်စွာဖြင့်သာ ဤစာကိုချန်ထားခဲ့ပြီး ရွှယ်ယန်က သူဖြစ်စေသည့်ကိစ္စအားလုံးကို ဆောင်ရွက်ပြီးချိန်မှသာ စာကို ဖတ်လိုက်မိ၍ လုပ်ခဲ့သမျှအရာအားလုံး မှားယွင်းသွားပြီဖြစ်ကြောင်း သဘောပေါက်သွားစေလိုခြင်းဖြစ်သည်။
ယန်ဘုရင်က အမြဲတမ်း ကျိုးကြောင်းဆက်စပ်နိုင်ပြီး အမျှော်အမြင်ရှိကာ ရက်စက်သူတစ်ယောက်ဖြစ်သည်။
သို့ရာတွင် ကျွင်းဟွိုင်လန်က ဤကိစ္စများကို မသိရသေးပေ။ သူမြင်လိုက်သည်က အခန်းထောင့်တစ်နေရာတွင် လုံးချေခံထားရသည့် စာရွက်လေးတစ်ရွက်သာဖြစ်သည်။
ရွှယ်ယန် ပြောနေသည့် "သူ" ဆိုသည့်လူကိုလည်း ကျွင်းဟွိုင်လန် မသိပေ။
သို့သော်လည်း သူ့ထက်အရပ်ရှည်သောရွှယ်ယန့်ကို ရင်ခွင်ထဲတွင် ဖက်ထားပြီး ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးနေကာ ရွှယ်ယန်၏နားရွက်အနားကိုကပ်ပြီး ကြည်လင်သောအသံဖြင့် ပြောလိုက်သည်။
" အင်း အဲဒါက သူ့အပြစ်တွေပါ..."
ရွှယ်ယန်က အသံလုံးဝမထွက်ပဲ အချိန်အတန်ကြာအထိ တိတ်ဆိတ်နေခဲ့သည်။
ကျွင်းဟွိုင်လန်က စိတ်ရှည်စွာဖြင့် သူ့ကိုဖက်ထားပြီး ကျောပြင်ကို အသာအယာပုတ်ပေးနေသည်။
ရုတ်တရက် ရွှယ်ယန်က သူ့ကို ရင်ခွင်ထဲထည့်လိုက်သည်။
ကျွင်းဟွိုင်လန်ကို အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်ပြီး သူ့ရင်ခွင်ထဲရောက်လာချိန်တွင် ရွှယ်ယန်က တင်းကျပ်စွာ ဖက်ထားလိုက်သည်။
ရွှယ်ယန်၏ လက်များက သူ့ကို တင်းကြပ်စွာပွေ့ဖက်ထား၍ ကျွင်းဟွိုင်လန်၏ပခုံးများပင် နာကျင်လာရသည်။
ကျွင်းဟွိုင်လန်က သူ့ကိုတွန်းမထုတ်ပဲ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ နေနေသည်။
" ဟွိုင်လန်..."
ရွှယ်ယန်က သူ့ကိုဖက်ထားစဉ်တွင် စကားစပြောလာသည်။
" အစကတော့ နန်းတွင်းက အခြေအနေတွေ တည်ငြိမ်သွားပြီဆိုရင် စစ်တပ်ကြီးကို ဦးဆောင်ပြီးတော့ ယန်ဒေသကို ပြန်သိမ်းပိုက်ဖို့ တွေးခဲ့တာ... ယန်ဒေသမှာ ပြန်ပြီး အေးချမ်းသွားပြီဆိုရင် မင်းကိုခေါ်သွားပြီး ကိုယ့်ရဲ့ မွေးရပ်မြေကို ပြချင်ခဲ့တာ..."
ရွှယ်ယန်က ယန်ဒေသကို သူ့အိမ်အဖြစ်သတ်မှတ်ထားသည်ကို ကျွင်းဟွိုင်လန်သိသည်။
ယခင်ဘဝတွင်လည်း ရှုမိသားစုနှင့် မင်းသား၄တို့ပူးပေါင်းပြီး ထီးနန်းကိုလုယူရန် ကြံစည်ခဲ့စဉ်က ရွှယ်ယန်က စစ်တပ်ကြီးကို မြောက်ပိုင်းသို့ ဦးဆောင်သွားနေချိန်ဖြစ်သည်။ ထိုအချိန်တွင် ရွှယ်ယန့်ကို ချန်အန်းမှ အရေးတကြီးလျှောက်တင်လွှာသုံးစောင် ပေးပို့ခဲ့သော်လည်း ရွှယ်ယန်က ယန်ဒေသကို ပြန်လည်မသိမ်းပိုက်နိုင်မီအချိန်အထိ ချန်အန်းသို့ပြန်ရန် ငြင်းဆန်ခဲ့သည်။
ထိုနေရာက သူ့အတွက် မည်မျှအရေးပါကြောင်းကို ကျွင်းဟွိုင်လန်သိသည်။
အခု ကြည့်ရတာတော့ ယန်ဒေသမှာ တစ်ခုခုဖြစ်သွားတဲ့ပုံပဲ...
သူ ရွှယ်ယန့် ကျောပြင်ကို ပုတ်ပေးပြီး နွေးထွေးစွာပြောလိုက်သည်။
" ငါလည်း မင်း ကြီးပြင်းခဲ့တဲ့နေရာက ဘယ်လိုလဲဆိုတာ သွားကြည့်ချင်တယ်..."
သို့ရာတွင် ထိုအချိန်၌ ရွှယ်ယန်က ပြောလိုက်သည်။
" ဒါပေမဲ့ ကိုယ့်မှာ အိမ်မရှိတော့ဘူး..."
ထိုစကားပြောလိုက်ချိန်တွင် သူ့ရင်ထဲ ဆို့နင်သွားရပြီး ငိုရှိုက်သံပါလာသည်။ သူက ခေါင်းမာစွာဖြင့် အတိတ်အကြောင်းများကိုမတွေးတော့ပဲ မျက်ရည်မကျလာအောင် ထိန်းထားလိုက်သည်။
ကျွင်းဟွိုင်လန် သူ့ကို ပြန်ဖက်ထားလိုက်သည်။
" ဘာလို့ အိမ်မရှိရမှာလဲ..."
ကျွင်းဟွိုင်လန်က တဖြည်းဖြည်းချင်းပြောလိုက်သည်။ သူ၏ ကြည်လင်သောအသံက ရေခဲမြစ်ထဲမှ အရည်ပျော်ကျလာသောရေများ ချိုင့်ဝှမ်းထဲသို့စီးဆင်းသွားသည်နှင့် တူနေသည်။
" အရင်တုန်းကတော့ ယန်ဒေသက မင်းအိမ်ပေါ့... ဒါပေမဲ့ အခုတော့ မင်းကငါနဲ့ရှိနေတာလေ... ငါတို့တူတူရှိနေတဲ့ နေရာတိုင်းက ငါတို့အိမ်ပဲပေါ့..."
ရွှယ်ယန်၏ ခန္ဓာကိုယ်က ခဏတာတောင့်တင်းသွားပြီးနောက် ကျွင်းဟွိုင်လန်ကို ပိုမိုတင်းကြပ်စွာ ဖက်ထားလိုက်သည်။
" မင်း နားလည်ဖို့တော့လိုနေပြီ... ကိုယ်က နတ်ဆိုးကြယ်မဟုတ်ဘူးလို့ မင်းအမြဲတမ်းပြောတယ်နော်... ဒါပေမဲ့ အခုတော့ ကိုယ်မင်းကို ပြောပြရတော့မယ်... မင်း မဟုတ်ဘူးလို့ ပြောနေရင်တောင်မှ ကိုယ်က တကယ့် နတ်ဆိုးကြယ်ပဲ..."
သူက ဝိုင်အသောက်လွန်သွားသည်မှာ သိသာလှပေသည်။ သူ့စကားလုံးများကို သိသိသာသာကြားနေရသော်လည်း သူ့လေသံထဲမှ ခက်ထန်မှုများကို ဖုံးကွယ်ထား၍ မရပေ။
ကျွင်းဟွိုင်လန်က သူ့ပုံစံက အနည်းငယ်ချစ်စရာကောင်းသည်ဟု ထင်လိုက်မိ၍ ပြုံးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလာသည်။
" ကောင်းပါပြီ မင်းက နတ်ဆိုးကြယ်ပေါ့..."
ရွှယ်ယန်က ဆက်ပြောသည်။
" ကိုယ်က မယ်တော့်ကို သေစေခဲ့ပြီး ဆွေမျိုးသားချင်းတွေကိုလည်း ပျက်စီးစေခဲ့တယ်... နတ်ဆိုးကြယ်က ကိုယ့်ကံကြမ္မာကို နာခံနေတာပဲ... အခု ဧကရာဇ် အဆိပ်ခတ်ခံလိုက်ရတဲ့ ကိစ္စကလည်း ကိုယ်နဲ့ဆိုင်နေတာပဲ..."
" အဲ့လိုမဟုတ်ပါဘူး မင်းက..."
" ဟုတ်တယ်..."
ကျွင်းဟွိုင်လန် ငိုရမည် ရယ်ရမည်မသိ ဖြစ်သွားသည်။
" အင်း အင်း ဟုတ်တယ်..."
" အတိုချုပ်ပြောရရင်တော့ ကိုယ်က လူကောင်းမဟုတ်ဘူး... သူတို့က ကိုယ့်ကိုအသုံးချပြီး တခြားလူတွေကို အန္တရာယ်ဖြစ်အောင်လုပ်ဖို့ကြံနေတာ... ကိုယ်က မင်းကို တွယ်ကပ်နေတာဆိုရင်လည်း မင်းက ကိုယ့်ကိုကြောက်ပြီး ခပ်ဝေးဝေးနေသင့်တယ်လေ..."
ရွှယ်ယန်၏အသံက တိုးဝင်သွားသည်။
ကျွင်းဟွိုင်လန်က သူ့လက်နှစ်ဖက်ကို ရွှယ်တိုင်၏လည်တိုင်တွင် ရစ်ပတ်လိုက်သည်။
" မင်းက ငါ့ကိုလွှတ်ပေးမှာတဲ့လား..."
ရွှယ်ယန် ခဏတာ ငြိမ်သက်သွားသည်။
" ကိုယ့်မှာ မင်းတစ်ယောက်ပဲရှိတော့တယ်..."
သူ့အသံက အလွန်တိုးညှင်းနေသည်။
" ဒါပေမဲ့..."
" ဘာမှ 'ဒါပေမဲ့' မနေနဲ့..."
ကျွင်းဟွိုင်လန် သူ့ကို ဖြတ်ပြောလိုက်သည်။
သူ ရွှယ်ယန့် ပခုံးကိုတွန်းလိုက်ပြီး သူ့ကိုလွှတ်ပေးရန် အရိပ်အမြွက်ပြလိုက်သည်။ ရွှယ်ယန်က ခပ်တင်းတင်းပွေ့ဖက်ထားသည်ကို လျှော့ပေးလိုက်သော်လည်း မလွှတ်ပေးချင်သည့်ပုံဖြင့် သူ့ကို ဖက်ထားဆဲဖြစ်သည်။
ကျွင်းဟွိုင်လန်က သူနှင့် မျက်လုံးချင်းဆုံမည့် အနေအထားရောက်သည်အထိ သူ့ကို ခပ်ဝေးဝေး တွန်းလိုက်သည်။
ပယင်းရောင် မျက်ဝန်းများထဲတွင် မျက်ရည်ဝဲနေဆဲဖြစ်သည်။ သူ၏ မျက်တောင်များက ထူထဲရှည်လျားပြီး ယခုချိန်တွင် ထိုမျက်တောင်ရှည်များ၏ အဖျားများတွင် မျက်ရည်စလေးများ တွဲလွဲခိုလျက်ရှိကာ မျက်တောင်ခတ်လိုက်တိုင်း ၎င်းတို့က တုန်ယင်နေသည်။
ကျွင်းဟွိုင်လန်က လက်မြှောက်၍ ထိုမျက်ရည်စများကို သုတ်ပေးလိုက်သည်။
" ငါလည်း မထွက်သွားပါဘူး... မင်း အမြဲတမ်း 'ခေတ်သစ်၏ကျန်းဂန်' စာအုပ်ကစာတွေ ကူးရေးနေပေမယ့် ဒါတွေက မင်းရဲ့ နတ်ဆိုးဝိညာဉ်တွေကို မထိန်းချုပ်နိုင်ဘူးဆိုတာ သိတယ်မလား..."
ရွှယ်ယန် ခေါင်းငြိမ့်ပြလိုက်သည်။
" အဲ့ကျမ်းစာတွေက အသုံးမှမဝင်တာ ဒါပေမဲ့ ဘာက မင်းရဲ့ နတ်ဆိုးဝိညာဉ်တွေကို ထိန်းချုပ်နိုင်တယ်ဆိုတာ ငါသိတယ်..."
ရွှယ်ယန်၏ မျက်လုံးများ တောက်ပသွားသည်။
" အဲဒါကဘာလဲ..."
" ငါလေ..."
ကျွင်းဟွိုင်လန်က တစ်လုံးချင်းပြောလိုက်သည်။
သူ့လက်ကို ရွှယ်ယန်၏ ပါးပြင်ပေါ် တင်လိုက်သည်။
" ယုံလား မယုံဘူးလား..."
ရွယ်ယန် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ကိုယ်အဲ့လောက် မမူးသေးပါဘူး... ကိုယ့်ကို အရူးမလုပ်ပါနဲ့..."
" ဒါဆိုရင်လည်း ကျန်တဲ့ ဘဝသက်တမ်းတစ်လျှောက်ကို ငါနဲ့တူတူဖြတ်သန်းပြီးတော့ စမ်းသပ်ကြည့်လိုက်ပေါ့..."
ကျွင်းဟွိုင်လန်က ပြောလိုက်သည်။
——
ထိုညက ကျွင်းဟွိုင်လန် နန်းတွင်းမှ မပြန်ခဲ့ပေ။
သူ နိုးလာချိန်တွင် မနက်ခင်းနေရောင်ခြည်များ ဖြာကျနေပြီဖြစ်သည်။ တန်ဖိုးကြီးပြီး ထူထဲလှသော ပြတင်းပေါက်ဘောင်များမှတစ်ဆင့် လိမ္မော်မီရောင်အလင်းများက နေရာတစ်ခုလုံးကို ဖြာကျနေသည်။
တော်ဝင်စာကြည့်ဆောင်ထဲတွင် အိပ်ရာသေးတစ်ခုသာရှိသည်။ ယမန်နေ့ညက ရွှယ်ယန်က သူ့ကို ဖိကပ်နမ်းရှိုက်ပြီးနောက် ပွေ့ချီပြီး အိပ်ရာပေါ်သို့ခေါ်သွားခဲ့သည်။
အိပ်ရာမှာ ဧကရာဇ် တစ်ရေးတစ်မောအိပ်စက်ရန်အတွက်သာဖြစ်၍ ကျယ်ဝန်းခြင်းမရှိပေ။ ထို့အပြင် အရပ်ရှည်ရှည်လူငယ်နှစ်ယောက်က အိပ်ရာပေါ် အတူတူလှဲနေ၍ နေရာက ပြည့်ကျပ်နေသည်ဟု ထင်ရသည်။
သို့ရာတွင် ရွှယ်ယန်က ဝိုင်အသောက်များသွားပြီး သူ့ကို သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဖက်ထားသောကြောင့် အိပ်ရာအောက်ကို ပြန်ဆင်းမရတော့ပေ။
ယမန်နေ့ညက ရွှယ်ယန် မူးနေစဉ်အချိန်တွင် ကျွင်းဟွိုင်လန်က မေးခွန်းအနည်းငယ်မေးမြန်းခဲ့ရာ ရွှယ်ယန်က ထိန်းမထားနိုင်ပဲ ဖြစ်ပျက်သမျှအကြောင်းစုံကို ပြောပြခဲ့ရသည်။
သူ တဖြည်းဖြည်းပြောနေပြီး နောက်ဆုံးတွင် အိပ်ပျော်သွားခဲ့သည်။ သို့ရာတွင် ယန်ဘုရင်၏အကြောင်းအားလုံးကို သူ့နှုတ်မှ ကိုယ်တိုင်ပြောသည်ကို ကျွင်းဟွိုင်လန် ကြားခဲ့သည်။
ထိုအခါမှ ကျွင်းဟွိုင်လန် ရုတ်ချည်းသဘောပေါက်သွားသည်။
ယခင်ဘဝတွင် သူနှင့်ရွှယ်ယန်က တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးသည်။ သူ့ပုံစံက အေးစက်စက်နိုင်ပြီး ချဉ်းကပ်ရ ခက်ခဲသော်လည်း ရက်စက်ကြမ်းကြုတ်မှု မရှိပေ။
သူနှင့် ဧကရာဇ်ချင်းဖျင်က အမြဲတစေ အဆင်ပြေခဲ့သည်။ ဧကရာဇ်က သူ့ကို ကြောက်ရွံ့ မုန်းတီးသော်လည်း သူ့အရည်အချင်းများကို အသုံးချရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။ သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ သက်ဦးဆံပိုင်ဘုရင်နှင့် အမတ်ဟူသော စည်းများရှိနေ၍ အေးချမ်းသည်ဟု သတ်မှတ်နိုင်ပေသည်။
သို့ရာတွင် ရွှယ်ယန်က ယန်ဒေသမှ ချန်အန်းသို့ ပြန်ရောက်လာချိန်တွင် အခြားလူတစ်ယောက်အဖြစ်။ပြောင်းလဲသွားသည်။
သူ ယွင်နန်ဘုရင်မကို သတ်ခဲ့ပြီးနောက် စစ်တပ်ကြီးကိုဦးဆောင်၍ နန်းမြို့တော်ကို ချီတက်သွားကာ ခမည်းတော်နှင့် ညီအစ်ကိုတော်များကို သတ်ပစ်ခဲ့သည့်အပြင် တိုင်းပြည်ရေးနှင့် စစ်ရေးဆိုင်ရာအမတ်များကိုလည်း သတ်ခဲ့သည်။ ထိုဖြစ်စဉ်များအတွင်း ကျွင်းမိသားစုကလည်း သူ့လက်ထဲတွင် ဖျက်ဆီးခံခဲ့ရသည်။
ထိုအချိန်က ရွှယ်ယန်မှ ယန်ဘုရင်၏ အစီအစဉ်များအကြောင်း သိရှိသွားခဲ့ခြင်းဖြစ်လိမ့်မည်ဟု ကျွင်းဟွိုင်လန်ထင်လိုက်သည်။ သူက ယန်ဘုရင်ကို ဦးလေးအရင်းသဖွယ် သဘောထားခဲ့သော်လည်း ယန်ဘုရင်က သူ၏အာဏာနှင့်ရာထူးအတွက် အသုံးချရမည့် နယ်ရုပ်တစ်ခု သဖွယ်သဘောထားခဲ့သည်။
ထိုအကြောင်းများကြောင့် ယခင်ဘဝတွင် ကျွင်းဟွိုင်လန်သေဆုံးသွားချိန်၌ ရွှယ်ယန်က အာဏာကို ချုပ်ကိုင်ထားနိုင်ခဲ့သော်လည်း နဂါးပလ္လင်ကို လုံးဝမထိသည့်အပြင် ဧကရာဇ်တစ်ယောက် ဖြစ်မလာခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က ရွှယ်ယန်ဧကရာဇ်မဖြစ်လာခြင်းမှာ နာမည်ပျက်သွားသောကြောင့်ဟု အားလုံးက ထင်ခဲ့သည်။ သို့ရာတွင် ယေဘုယျကျင့်ဝတ်များက ရွှယ်ယန့်ကို မထိန်းချုပ်ထားနိုင်သည်ကို ကျွင်းဟွိုင်လန်သိသည်။
ထိုအချိန်တွင် ရွှယ်ယန်က စိတ်ပျက်အားငယ်ခြင်းဟူသော ရွှံ့နွံထဲ နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့ပုံရသည်။ ဓားဖျားမှ သွေးစက်များကသာလျှင် သူ့ကို အသက်ရှင်မှု၏ နွေးထွေးခြင်းများကို ယူဆောင်လာပေးနိုင်ခဲ့ပုံရသည်။
ကျွင်းဟွိုင်လန် အတွေးထဲနစ်မျောနေစဉ် သူ့အကြည့်များက ရွှယ်ယန့် မျက်နှာထက်သို့ မတော်တဆရောက်သွားသည်။
ရွှယ်ယန်က အိပ်မောကျနေဆဲဖြစ်သည်။
မနက်ခင်းနေရောင်ခြည်အောက်တွင် မျက်လုံးများကိုမှိတ်ထားပြီး သူ၏ ထူထဲရှည်လျားသောမျက်တောင်များက မျက်နှာပေါ် အရိပ်ကနေ၍ သူ၏ တိုင်းတစ်ပါးဆန်သော မျက်နှာအစိတ်အပိုင်းများကို ထူးခြားဆန်းကြယ်စွာ လှပနေစေသည်။ သူက မေးရိုးချွန်ချွန်ဖြစ်သည့်အပြင် မျက်ဆုံးမွေး၏အစွန်းများကလည်း ချွန်ထက်တင်းမာသည့်ပုံစံမျိုးဖြစ်၍ အိပ်ပျော်နေစဉ်တွင်ပင် မည်သူမှ စေ့စေ့မကြည့်ရဲသည့်ပုံပေါ်သည်။
သို့ရာတွင် သူ့မျက်ခုံးများက ပြေလျော့လာသည်။
သူ အိပ်ပျော်နေဆဲဖြစ်သော်လည်း ကျွင်းဟွိုင်လန်က သူ့ရင်ခွင်ထဲတွင် ရှိနေသည်။ သူက ပို၍အရပ်ရှည်သော်လည်း ကျွင်းဟွိုင်လန်ကိုဖက်ထားသည်မှာ အသက်ရှင်ရန်အတွက် ကောက်ရိုးတစ်မျှင်ကို ဆွဲထားသကဲ့သို့ ဖြစ်နေသည်။
ကျွင်းဟွိုင်လန် သူ့ခါးကိုဖက်ထားလိုက်သည်။
ထို့နောက် ရှေ့တိုးလာပြီး ရွှယ်ယန်၏ နှုတ်ခမ်းပါးများကို အနမ်းခြွေလိုက်သည်။
နှုတ်ခမ်းများကို တဒင်္ဂအချိန်လေးသာ ဖိကပ်လိုက်ခြင်းဖြစ်သည်။
ထိုအနမ်းက ကျွင်းဟွိုင်လန်၏ မသိစိတ်မှ အလိုလိုပြုလုပ်လိုက်သည့် သန့်စင်သောအနမ်းတစ်ပွင့်ဖြစ်ကာ နမ်းပြီးသည်နှင့် အိပ်ရာမှ ထသွားရန် ပြင်လိုက်သည်။
သို့ရာတွင် ထိုအချိန်၌ ပြင်းထန်သော အားတစ်ခုက သူ့ကိုပြန်ဆွဲထား၍ သူ့ ကမ္ဘာကြီးတစ်ခုလုံး လည်ထွက်သွားသည်။
သူ ခဏတာ မူးဝေသွားပြီး ပယင်းရောင်မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။
ကျီးကန်တောင်ကဲ့သို့ မျက်တောင်မွေးများက နေရောင်ခြည်အောက်တွင် ရွှေရောင်တောက်ပနေသည်။ ယခုမှ အိပ်ရာနိုးလာခြင်းဖြစ်၍ မျက်လုံးများက မှုန်ဝါးဝါးဖြစ်နေသော်လည်း ထိုမျက်ဝန်းများက မီးတောက်မတတ်ဖြစ်နေသည်ကို ကျွင်းဟွိုင်လန် ရှင်းလင်းစွာ မြင်လိုက်ရသည်။
" ကိုယ့်ကို ခိုးနမ်းတယ်ပေါ့လေ..."
သူ့အသံက ဩရှရှဖြစ်နေသည်။
ကျွင်းဟွိုင်လန်က လူမိသွား၍ မျက်နှာကိုတစ်ဖက်သို့လှည့်ပြီး အကြည့်လွှဲလိုက်သည်။
သို့ရာတွင် ရွှယ်ယန်က သူ့မေးရိုးကိုညှစ်ထားပြီး မျက်နှာကို ပြန်လှည့်လိုက်စေသည်။
" မင်း မနေ့ညက ဘာပြောခဲ့လဲဆိုတာ ကိုယ်မှတ်မိသေးတယ်..."
သူတို့နှစ်ယောက်က အလွန်နီးကပ်နေခြင်းဖြစ်၍ စကားပြောနေစဉ်တွင် ရွှယ်ယန်၏ အသက်ရှုသံပြင်းပြင်းကို ကျွင်းဟွိုင်လန် ခံစားမိနေသည်။
သူ့လည်ချောင်းထဲ အနည်းငယ် တစ်ဆို့သွားသည်။
သူ့နားရွက်များ အလွန်ပူလာ၍ စိတ်လှုပ်ရှားလာပြီး ရွှယ်ယန်ကို တွန်းထုတ်ရန် ကြိုးပမ်းလိုက်သည်။
သို့ရာတွင် သူ မလှုပ်ရှားမီမှာပင် ရွှယ်ယန်က သူ့နားကပ်လာသည်။
အနမ်းပြင်းပြင်းများက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိလှ၍ ကျွင်းဟွိုင်လန်မှာ ရေစီးထဲ ချက်ချင်းနစ်မြုပ်သွားတော့သည်။
ပြတင်းပေါက်အပြင်ဘက်တွင်မူ ရွှေကျီးတစ်ကောင်က နန်းဆောင်၏အမိုးပေါ် တဖြည်းဖြည်းတက်နေပြီး နေရောင်ခြည်က အရောင်တင်ထားသည့်ခေါင်မိုး၊ နန်းဆောင်နှင့် စကျင်လှေကားထစ်များအပေါ် ဖြာကျနကာ ထည်ဝါလှသည့် နန်းတော်ကြီးတစ်ခုလုံးကို အလင်းတန်းများဖြင့် လွှမ်းခြုံထားပြီဖြစ်သည်။
သို့သော် ယနေ့တွင် ကွမ်းလင်ဘုရင်ခံက ညီလာခံတက်ရောက်တော့မည် မဟုတ်ချေ။
ပြီးသွားပါပြီ... Extra လေးတွေတော့ နောက်မှာ ကျန်ပါသေးတယ် 💙💙💙
Xxxxxxxxxx