အပိုင်း ၁၆၅
Viewers 36k

Chapter 165


နန်းတွင်းမှ လုံခြုံရေးက အမြဲတစေ တင်းကြပ်လေ့ရှိပြီး သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရသောအမိန့်ကလည်း အချိန်အလွန်စောသည်။ ယခုက အလွန်ညနက်နေပြီဖြစ်သောကြောင့် နန်းတွင်း၏စည်းမျဉ်းအရဆိုလျှင် နန်းတွင်းအပြင်ဘက်မှ အရေးကြီးသောလျှောက်တင်ချက်များကိုပင် အစောင့်အထပ်ထပ်ကို ဖြတ်ကျော်ပြီးမှ နန်းတွင်းထဲ ပို့ဆောင်ပေးခြင်းဖြစ်သည်။ 


သူတို့အရှေ့မှ သခင်လေးက တရားဝင်ရာထူး ရရှိထားသူမဟုတ်သည့်အပြင် နန်းတွင်းထဲကို မည်သည့်ကိစ္စအတွက် သွားမည်ကိုပင် မပြောပေ။

သူ့ကို နန်းတွင်းထဲ ဝင်ခွင့်ပြုလိုက်လို့ ရပါ့မလား...


" သခင်လေး မနက်ဖြန်မနက်အထိ စောင့်သင့်တယ်ထင်ပါတယ်..."


ဘေးနားမှ နန်းတွင်းအစောင့်စစ်သားက ပြောလိုက်သည်။ 


ကျင်းယီဝေ့ခေါင်းဆောင်က သူ့ကိုတစ်ချက်ကြည့်ပြီးနောက် သူ့စကားများကို ဟန့်တားလိုက်သည်။


သူ ကျွင်းဟွိုင်လန်ဘက်သို့လှည့်ကာ ဦးညွှတ်ပြီးနောက် ပြုံးပြလိုက်သည်။

" သခင်လေး အကြောင်းကြားစရာမလိုပါဘူး... အရှင့်သားရှိတဲ့နေရာကို လိုက်ပို့ဖို့ သခင်လေးနဲ့အတူလူနှစ်ယောက် ထည့်ပေးလိုက်ပါ့မယ်..."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြပြီးနောက် ကျေးဇူးတင်လိုက်သည်။ 


ခေါင်းဆောင်က သူ့အနောက်မှ လက်အောက်ငယ်သားနှစ်ယောက်ကို ခေါ်၍ ကွမ်းလင်ဘုရင်ခံရှိသည့်နေရာကို မေးမြန်းပြီး သခင်လေးကို လုံခြုံစွာရောက်ရှိသွားအောင် ပို့ဆောင်ခိုင်းလိုက်သည်။ 


ကျင်းယီဝေ့နှစ်ယောက်က အမိန့်နာခံပြီးနောက် ကျွင်းဟွိုင်လန်ကို နန်းတွင်းထဲ ဦးဆောင်ခေါ်သွားကြသည်။ 


သူတို့ ခပ်လှမ်းလှမ်းရောက်သွားမှ နန်းတွင်းအစောင့်စစ်သည်က ရှေ့တိုးလာပြီးပြောလိုက်သည်။


" မင်း ဘာလို့ သူ့ကိုနန်းတွင်းထဲ ဝင်ခိုင်းလိုက်တာလဲ... သူက မင်းသားကို ဘာလုပ်ဖို့ရှာတယ်ဆိုတာ ငါတို့ မသိနိုင်ဘူးလေ... သူ မင်းသားကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိရင် ငါတို့ဘယ်လိုလုပ်မလဲ..."


ကျင်းယီဝေ့ခေါင်းဆောင်က သူ့ကိုတစ်ချက်ကြည့်လိုက်သည။ 


" မင်းသားကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မယ်တဲ့လား..."


သူက ထိုလူ၏ပခုံးကိုပုတ်ပြီး ရိုးသားစွာဖြင့် ပြောလိုက်သည်။ 


" သူက သေချာပေါက် အဲ့လိုမလုပ်ပါဘူး... တကယ်လို့ သခင်လေးကိုသာ ဒီနေ့ နန်းတွင်းထဲ ပေးမဝင်လိုက်မိရင် မနက်ဖြန် မင်းသားကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိတဲ့သူက မင်း ဖြစ်သွားလိမ့်မယ်..."

    

——

    

တော်ဝင်စာကြည့်ဆောင်က မီးများလင်းထိန်အောင်ထွန်းထားပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။


ကျင်းပေါင်က တော်ဝင်စာကြည့်ဆောင်၏အနားတွင် ရစ်သီရစ်သီလုပ်နေသည်။ 


ယွင်ယန်သံမဏိမြင်းစစ်သည်‌များ၏ စစ်သူကြီးကို ဆင့်ခေါ်ပြီးချိန်မှစ၍ မင်းသားက စိတ်အခြေအနေမကောင်းတော့ပေ။ ထို့နောက်တွင် ဝိုင်နှစ်ကရားယူခိုင်းပြီးနောက် စာကြည့်ဆောင်ထဲ ပြန်ဝင်သွားခဲ့ပြီး တံခါးပိတ်ထားကာ မည်သူ့ကိုမှ မဝင်ခိုင်းတော့ပေ။ 


သို့ဖြစ်၍ ကျင်းပေါင် စိုးရိမ်သွားမိသည်။ 


အရှင်က ဘယ်တုန်းက သောက်ဖူးလို့လဲ... သူ့ အခြေအနေနဲ့ဆိုရင် နှစ်ခွက်လောက်တောင် မနည်းသောက်ရတာကို...


တစ်ခုခု ဖြစ်ထားတဲ့ပုံပဲ...


ကျင်းပေါင်က အလျင်စလိုဖြစ်နေ၍ ကျွင်းဟွိုင်လန်ကို သွားရှာချင်နေသည်။ သို့ရာတွင် မင်းသားက အခန်းထဲ ဝင်ခါနီးတွင် သူ့အနား၌ရပ်ပြီး သတိပေးသွားသည်။


" အဓိပ္ပါယ်မရှိတာတွေ သွားပြောရဲပြောကြည့် ခေါင်းဖြတ်ပစ်မယ်..."


သို့ဖြစ်၍ ကျင်းပေါင်က မလှုပ်ရှားရဲတော့ပဲ အခန်းနားတွင်သာ ရစ်သီရစ်သီ လုပ်နေရသည်။


ထိုအချိန်တွင် ကျင်းယီဝေ့နှစ်ယောက်က လူတစ်ယောက်ကို ဦးဆောင်ခေါ်လာပြီး ချဉ်းကပ်လာသည်ကို သူ မြင်လိုက်ရသည်။ 


ညဘက်ကြီးရောက်မှ ဘယ်သူပါလိမ့်...


ကျင်းပေါင် မော့ကြည့်လိုက်သောအခါ ကျွင်းဟွိုင်လန်ကို မြင်လိုက်ရသည်။ 


ကျင်းပေါင်မှာ စိတ်ထဲတွင် ခံစားသွားရ၍ မျက်ရည်များဝဲလာသည်။ 


နတ်သားလေး ... တကယ့် နတ်သားလေးပဲ... သူ့ ဆုတောင်းနေတာတွေကို ကြားသွားလို့် ညဘက်ကြီးရောက်လာတာပါလား...


ကျင်းပေါင်က ကျေးဇူးတင်လွန်း၍ ကျွင်းဟွိုင်လန်၏ရှေ့တွင် ဒူးထောက်ချင်သွားသည်။ 


ကျွင်းဟွိုင်လန်က တော်ဝင်စာကြည့်ဆောင်၏ လှေကားများအတိုင်းတက်လာချိန်တွင် တံခါးနားတွင်စောင့်နေသည့်ကျင်းပေါင်က လှေကားထစ်များအပေါ်မှ ပြေးဆင်းလာပြီး သူ့ရှေ့တွင် ရပ်လိုက်သည်ကို မြင်လိုက်ရသည်။


" သခင်လေး နောက်ဆုံးတော့ ရောက်လာပြီပေါ့..."


ကျွင်းဟွိုင်လန်က အလျင်အမြန်မေးလိုက်သည်။

" ဘာဖြစ်လို့လဲ..."


ကျင်းပေါင်၏မျက်နှာက ပြဿနာတက်နေပုံပေါ်သည်။ 


သူ မပြောပြချင်၍ မဟုတ်ပေ။ သို့ရာတွင် တစ်ခုခုပြောပါက သတ်ပစ်မည်ဟု သူ့သခင်က ခြိမ်းခြောက်ထား၍ သူ ဘာမှမပြောရဲပေ။ 


ကျင်းပေါင်မှာ ဤဘဝတွင် နေရသည့်အချိန်က မလုံလောက်သေး၍ ယခုအချိန်တွင် သူ့အသက်ကို မင်းသားထံသို့ ပြန်မပေးနိုင်ပေ။ 


ဒါပေမဲ့ အခုနေ မပြောပြရင်တောင် သခင်လေးက တော်ဝင်စာကြည့်ဆောင် တံခါးနားကို ရောက်နေပြီလေ... သူ ဘာလုပ်ရတော့မလဲ...


ကျင်းပေါင်၏ မျက်နှာက အတော်အတန် နေရခက်နေသည့်ပုံပေါ်သည်။ 


" သခင်လေး ဒီအစေခံက ပြောရခက်နေပါတယ်... ကိုယ်တိုင်ဝင်သွားပြီးကြည့်လိုက်တာ ပိုကောင်းပါတယ်..."


ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းငြိမ့်လိုက်ပြီးနောက် တော်ဝင်စာကြည့်ဆောင်၏ ကျောက်တုံးလှေကားထစ်များအတိုင်း တက်သွားသည်။ 


သူ့‌အနောက်တွင် ကျန်နေခဲ့သော ကျင်းပေါင်မှာ စိတ်အေးသွားသည့်ပုံပေါ်သည်။ 


တော်ဝင်စာကြည့်ဆောင်တံခါးကို ဖွင့်လိုက်ချိန်တွင် ဝိုင်နံ့ပြင်းပြင်းတစ်မျိုးနှင့် ရောယှက်နေသည့်် စန္ဒကူးနံ့ကို ရလိုက်သည်။ 


ပိတ်ကျဲလိုက်ကာများကို ကျော်ဖြတ်သွားချိန်တွင် ရွှယ်ယန်က ညီလာခံ အရေးကိစ္စများကို ကိုင်တွယ်သည့် စားပွဲခုံကို မြင်လိုက်ရသည်။ သို့ရာတွင် ထိုစားပွဲခုံတွင် မည်သူမှ ရှိမနေပေ။ 


ကျွင်းဟွိုင်လန် တစ်ဖက်သို့လှည့်ပြီး ရှာဖွေနေစဉ်တွင် တစ်ခုခု ပြုတ်ကျသံကို ကြားလိုက်ရသည်။ 


ဤက ကြမ်းပြင်ပေါ်သို့ ဝိုင်ကရား ပြုတ်ကျသွားသည့်အသံဖြစ်သည်။ 


ကျွင်းဟွိုင်လန် အမြန်လှည့်ကြည့်လိုက်သည်။


ရွှယ်ယန်က တော်ဝင်စာကြည့်ဆောင်၏ ထောင့်တစ်နေရာတွင် ထိုင်နေသည်ကို သူမြင်လိုက်ရသည်။ 


သူ့ကိုယ်ပေါ်မှဝတ်ရုံက မသေမသပ်ဖြစ်နေကာ ဆံပင်များကလည်း ဖရိုဖရဲဖြစ်နေပြီး နဖူးပြင်နှင့် မျက်နှာအပေါ် ကျနေသည်။ 


သူက ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်၍ ထိုင်နေခြင်းဖြစ်ပြီး လက်တစ်ဖက်ထဲတွင် ဝိုင်ကရားကို ကိုင်ထားသည်။


သူ့အနားတွင် ကုန်သွားသည့် ဝိုင်တစ်ကရားရှိပြီး ၎င်းကို လက်ဖြင့်ထိလိုက်သည့်အခါ တစ်ပတ်လည်နေသည်။


ရွှယ်ယန် မျက်လုံးလှန်ကြည့်လိုက်သည်။


ထို ပယင်းရောင်မျက်ဝန်းများထဲတွင် စိတ်ခံစားချက် တစ်စွန်းတစ်စမှ မရှိပဲ အေးစက်၍ ခက်ထန်နေသည်။    


" ဘယ်သူမှ ဝင်မလာခဲ့နဲ့လို့ ငါမပြောထားဘူးလား..."


ဝိုင်မူးနေသည့် သူ့အသံက အနည်းငယ် အက်ရှရှဖြစ်နေကာ ပယင်းရောင်မျက်ဝန်းများထဲတွင် အန္တရာယ်ရှိသော အငွေ့အသက်များဖြင့် ပြည့်နေသည်။


ထိုမျက်ဝန်းများ ရီဝေဝေဖြစ်နေသည်ကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။


သူရှေ့တိုးလာပြီး ရွှယ်ယန့်ရှေ့တွင် ထိုင်ချလိုက်သည်။ 


" ငါပါ..."

သူ ချိုသာစွာပြောပြီးနောက် ရွှယ်ယန့်လက်ထဲမှ ဝိုင်ကရားကို လှမ်းယူလိုက်သည်။ 


သို့ရာတွင် ရွှယ်ယန်က ဝိုင်ကရားကို တင်းကြပ်စွာပိုက်ထားပြီး လုံးဝမလှုပ်ရှားပေ။ 


ရွှယ်ယန်က သူ့ကို စိုက်ကြည့်နေဆဲဖြစ်ပြီး မျက်လုံးများက အသက်မဲ့နေသကဲ့သို့ ဖြစ်နေသည်။ 


ကျွင်းဟွိုင်လန်က သူ့ရှေ့တွင် စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။ 


ခဏအကြာတွင်မှ သူ့ရှေ့မှလူက ကျွင်းဟွိုင်လန်ဖြစ်နေကြောင်း သတိထားမိသွားသည်။


" ဟွိုင်လန်..."

ပါးစပ်ဟလိုက်ချိန်တွင် သူ၏ အက်ရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။ 

  

ချက်ချင်းပင် သူ့မျက်ဝန်းထဲ၌ မျက်ရည်များ လျင်မြန်စွာစုဝေးလာပြီးနောက် ထိန်းမနိုင်သိမ်းမရဖြစ်ကာ ကျဆင်းလာသည်။ 


မှောင်မိုက်နေသည့်ညတွင် သူတစ်ယောက်တည်း အချိန်ကြာမြင့်စွာ လမ်းလျှောက်နေရာမှ နောက်ဆုံးတွင် အလင်းတန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး နာကျင်မှုကြောင့် ထုံကျဉ်နေမှုများမှ သူ့ကို လှုပ်နိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ 


ကျွင်းဟွိုင်လန်က သူ့လက်ထဲမှ ဝိုင်ကရားကို ဆွဲယူလိုက်ပြီး ဘေးနားတွက်ချကာ ရွှယ်ယန့် ပါးပြင်နှစ်ဖက်ကို လက်ဖြင့်အုပ်ထားသည်။ 


" ငါပါ... မင်း ဘာတွေဖြစ်နေတာလဲ..."


ရွှယ်ယန် အံကြိတ်ထားပြီး စကားလုံးဝမပြောပေ။


ကျွင်းဟွိုင်လန်က သူ၏ ပခုံးကျယ်ကျယ်ပေါ် လက်နှစ်ဖက်ကိုတင်ပြီး ရွှယ်ယန့်ကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။


ရွှယ်ယန်က နာခံစွာဖြင့် ငြိမ်သက်နေပြီး ကျွင်းဟွိုင်လန်၏ပခုံးပေါ် မေးတင်ထားလိုက်သည်။ 


ကျွင်းဟွိုင်လန်က သူ့လည်တိုက်ပေါ် ကျဆင်းလာသည့် နွေးထွေးသော မျက်ရည်စက်များကို ခံစားမိသည်။ 


သူ ရွှယ်ယန့်ကို တင်းကြပ်စွာဖက်ထားလိုက်သည်။


ကျွင်းဟွိုင်လန်က တခြားမေးခွန်းများ ထပ်မမေးတော့ပဲ တော်ဝင်စာကြည့်ဆောင်ထဲတွင် ဒူးတစ်ဖက်ထောက်၍ ထိုင်နေပြီး ရွှယ်ယန့်ကို ဖက်ထားလိုက်သည်။


ရွှယ်ယန်က တိတ်ဆိတ်စွာ ငိုကြွေးနေသည်။ 


တစ်ခဏတာခန့်တွင် အခန်းတွင်း၌ စန္ဒကူးနံ့များနှင့် ရွှယ်ယန်၏ အသံရှုသံပြင်းပြင်းများသာ ရှိနေလေသည်


အချိန်အတော်ကြာမှ ရွှယ်ယန်က စကားစပြောလာသည်။ 


" သူ ကိုယ့်ကို နှစ်ပေါင်းများစွာ အသုံးချထားတယ်ဆိုတည်းက ဘဝတစ်လျှောက်လုံး လိမ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်..."


" ဒါပေမဲ့ သူ အသက်ရှင်နေတဲ့ အချိန်တုန်းက ဘာလို့ ကိုယ်တိုင်မပြောခဲ့တာလဲ... အဲဒါဆိုရင် တာ့ခ်စစ်သူကြီးတွေကို စောင့်နေစရာမလိုပဲ ကိုယ်ကိုယ်တိုင် သူ့ကိုသတ်ခဲ့မှာ..."


သူ အငိုရပ်သွားသော်လည်း နာကျည်းမုန်းတီးမှုများကြောင့် သူ့အသံက တင်းမာခက်ထန်နေသည်။ 


သို့ရာတွင် ထိုနာကျည်းမှုများထဲတွင် ကွယ်ဝှက်ထားသော ခံပြင်းမှုများက စွန့်ပစ်ခံရ၍ နေအိမ်ပျောက်ဆုံးသွားသောခွေးပေါက်လေးတစ်ကောင်နှင့် တူနေသည်ကို ကျွင်းဟွိုင်လန် ခံစားမိသည်။ 


ကျွင်းလင်ဟွမ် အိမ်မက်ဆိုးများမက်ချိန်တွင် သူမ ကျောပြင်ကို ပုတ်ပေးသကဲ့သို့ ရွှယ်ယန့်ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ 


ရွှယ်ယန့် ပခုံးပေါ်မှ ကျော်ကြည့်လိုက်သောအခါ အခန်းထောင့်တစ်နေရာတွင် လုံးချေထားသည့်စာရွက်လေးကို မြင်လိုက်ရသည်။ 


ထိုစာက ယန်ဘုရင်က ရွှယ်ယန့်အတွက် ချန်ပေးထားခဲ့ခြင်းဖြစ်ကြောင်းကို ကျွင်းဟွိုင်လန် မသိပေ။ 


မူလတည်းက ရွှယ်ယန့်ကို နတ်ဆိုးကြယ်ဟု သမုတ်ခဲ့သော တာအိုပညာရှင်မှာ ယန်ဘုရင်၏ ညွှန်ကြားချက်များအတိုင်း ပြုလုပ်ခဲ့သည့်လူ ဖြစ်ကြောင်း စာထဲတွင် ပြောပြထားသည်။ 


ယန်ဘုရင်နှင့် ဧကရာဇ်ချင်းဖျင်တို့ မင်းသားဘဝတွင်ရှိခဲ့စဉ်က ယန်ဘုရင်မှာ ဧကရာဇ်ချင်းဖျင်၏ အစ်ကိုတော်ဖြစ်ပြီး ညီလာခံတွင် ‌အတော်အသင့်အာဏာရှိသူတစ်ယောက်ဖြစ်သည်။ သူ၏နောက်လိုက်များကလည်း ဧကရာဇ်ချင်းဖျင်ထက် ပိုများသည်။ 


ထိုအချိန်က ဧကရာဇ်ချင်းဖျင်နှင့်ပတ်သက်၍ သူအလေးအနက်မထားခဲ့ပေ။ 


သို့ရာတွင် သူ၏လက်အောက်၌ နက္ခဗေဒပညာကိုလိုက်စားသူတစ်ယောက်ရှိသည်။ ထိုလူက  ခရမ်းရောင်ကြယ်တစ်စင်း ရောက်ရှိလာပြီး အားလုံးအပေါ်  ကမောက်ကမဖြစ်ရပ်များ ဖြစ်လာစေလိမ့်မည်ဟု ပြောခဲ့သည်။ 


ယန်ဘုရင်က ကံကြမ္မာကို မယုံကြည်သူဖြစ်၍ သူ့စကားကို အလေးအနက်မထားခဲ့ပေ။ သို့ရာတွင် ယခင်ဧကရာဇ်နတ်ရွာစံသွားပြီး နန်းတွင်းထဲတွင် ကမောက်ကမဖြစ်စဥ်များ ဖြစ်ပေါ်လာချိန်မှသာ ယုံကြည်ခဲ့သည်။ ထိုဖြစ်စဉ်များအကြားတွင် သူ ခြေတစ်လှမ်းနောက်ကျသွားခဲ့၍ ဧကရာဇ်ချင်းဖျင်က ထီးနန်းကို သူ့လက်ထဲမှ လုယူသွားခဲ့သည်။ 


ထိုအချိန်မှသာ နက္ခတ်ဗေဒင်များက တိကျမှန်ကန်တတ်ကြောင်းကို ယန်ဘုရင်သိခဲ့သည်။ 


ထို့နောက်တွင် ကြယ်နောက်တစ်စင်း ဆင်းသက်လာဦးမည်ဟု ထိုလူက သူ့ကိုပြောခဲ့သည်။ 


ဇီဝေ့ကြယ် (ခရမ်းရောင်ကြယ်) က ယခင်ဧကရာဇ်အပေါ် ကျဆင်းခဲ့၍ သူ၏အသက်စွမ်းရည်က လုံလောက်မှု မရှိသောကြောင့် နတ်ရွာစံသွားခဲ့ခြင်းဖြစ်သည်။ ဤတစ်ကြိမ် ကပ်ဘေးကမူ လူသားများကိုယ်တိုင်ပြုလုပ်ထားသည့်အရာဖြစ်သည်။ ၎င်းက ကောင်းချီးပေးခြင်း သို့မဟုတ် ကျိန်စာဖြစ်မည်က သူကိုယ်တိုင်အပေါ် မူတည်နေသည်။ 


နှစ်အနည်းငယ်ကြာသောအခါ သတ်ဖြတ်ခြင်းခုနစ်စင်ကြယ်က ကမ္ဘာပေါ် ရောက်ရှိလာမည်ဖြစ်ပြီး ဇီဝေ့ကြယ်ကို တွန်းထုတ်လိုက်၍ လောကကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်သွားလိမ့်မည်။ ဇီဝေ့ကြယ် ကျဆုံးသွားပါက သတ်ဖြတ်ခြင်းခုနစ်စင်ကြယ်(နတ်ဆိုးကြယ်) က သူ့နေရာကို အစားဝင်ယူသွားလိမ့်မည်ဖြစ်သည်။ 


ထို နတ်ဆိုးကြယ်က ရွှယ်ယန်ဖြစ်သည်။

  

သို့ဖြစ်၍ ယန်ဘုရင်က သူ၏လက်အောက်ငယ်သားနှစ်ယောက်ကို နောက်ကြောင်းများ ရှင်းလင်းစေပြီးနောက် ချန်အန်းမြို့သို့ စေလွှတ်လိုက်ကာ ထိုအချိန်က အတော်အတန်အာဏာရှိနေသော ရှုမိသားစုအိမ်တော်သို့ စေလွှတ်ခဲ့သည်။ 


ယန်ဘုရင်၏ တောင်းဆိုချက်အတိုင်း  ရှုမိသားစု၏ မိတ်ဆက်ပေးမှုကြောင့် ချင်ထျန်ကျန့်က နန်းတွင်း ဝင်ခွင့်ရသွားခဲ့သည်။ ဧကရာဇ်ချင်းဖျင်၏ ယုံကြည်မှုကို ရရှိပြီးသည့်နောက်တွင် သတ်ဖြတ်ခြင်းခုနစ်စင်ကြယ်က ကမ္ဘာပေါ်ရောက်လာပြီး ဧကရာဇ်ချင်းဖျင်ကို ဘုရင်ဖြစ်စေခဲ့သော ဇီဝေ့ကြယ်ကို ပျက်စီးစေလိမ့်မည်ဟု လိမ်ညာပြောခဲ့သည်။ 


ထိုအချိန်တွင် ဇီဝေ့ကြယ် ပျက်စီးချိန်ရောက်လာသည်။ ယန်ဘုရင်က ကြာကြာမစောင့်ဆိုင်းလိုတော့၍ ထိုလက်အောက်ငယ်သားနှစ်ယောက်ကို အဆိပ်ပြင်ဆင်ခိုင်းပြီး အခွင့်အရေးရပါက ဧကရာဇ်ချင်းဖျင်ကို အဆိပ်ခတ်ခိုင်းခဲ့သည်။ 


ဧကရာဇ်ချင်းဖျင်ကို ‌ခတ်ရမည့်အဆိပ်ကို လက်အောက်ငယ်သား တစ်ယောက်က ရှုမိသားစု၏သမီးဖြစ်သော ယီကျဲယွီထံသို့ ပေးလိုက်သည်မှလွဲ၍ အရာအားလုံးက ယန်ဘုရင်၏အစီအစဉ်အတိုင်း ဖြစ်ခဲ့သည်။ 


အဆိပ်ခတ်ခြင်းက မအောင်မြင်သွား၍ ရွှယ်ယန်တစ်ယောက်တည်းကသာ ဧကရာဇ်ချင်းဖျင်ကို ပျက်စီးခြင်းများ ဆောင်ကြဉ်းပေးလာနိုင်မည်ဟု ယန်ဘုရင်က ယုံကြည်ခဲ့သည်။ 


သို့ဖြစ်၍ ဧကရာဇ်ချင်းဖျင်က ရွှယ်ယန့်ကို သူရှိရာသို့ မောင်းထုတ်လိုက်ရန် စီစဉ်ခဲ့သည်။ သို့မှသာ ရွှယ်ယန့်ကို သူကိုယ်တိုင် ကြီးပြင်းအောင် ပျိုးထောင်ပေးနိုင်ပြီး သူ့အတွက် ဓားတစ်ချောင်းဖြစ်လာအောင် လေ့ကျင့်ပေးနိုင်မည်ဖြစ်သည်။


( T/N - ဒီအထိက ရွှယ်ယန် မွေးပြီးချိန်တည်းက သူ့ခမည်းတော်က ယန်ဒေသကို နှင်ထုတ်လိုက်လို့ ယန်ဘုရင်က သူ့ကို ဆယ်နှစ်ကျော်ကြာအောင် မွေးထားခဲ့တဲ့အကြောင်းပါ )


( နောက်မှာ ဆက်လာမှာက လွန်ခဲ့တဲ့ နှစ်နှစ်က ယွင်ယန်စစ်ပွဲကြောင့် ရွှယ်ယန် ချန်အန်းကို ပြန်လာခဲ့တဲ့အချိန်က အကြောင်းတွေပါ နှစ်ခု ရှုပ်သွားမှ စိုးလို့)


လွန်ခဲ့သည့်နှစ်နှစ်ခန့်က ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် ရွှယ်ယန်က ချန်အန်းသို့ ပြန်ရရန် အကြောင်းဖန်လာခဲ့သည်။ 


ထိုအချိန်က ဖြစ်ခဲ့သည့်ယွင်ယန်စစ်ပွဲက အလွန် အန္တရာယ်များသောကြောင့် ယန်ဘုရင်ကိုယ်တိုင်သည်ပင် သူ့ကိုယ်သူ အနိုင်နိုင် ကာကွယ်ခဲ့ရသည်။ 


သို့ရာတွင် သူက နောက်ဆုံးအချိန်၌ ရွှယ်ယန့်ကိုကူညီရန် ဆုံးဖြတ်ခဲ့ပြီး သူ၏ လက်အောက်ငယ်သားအချို့ကိုအမိန့်ပေးပြီး ရွှယ်ယန့်ကို ချန်အန်းမြို့သို့ ပြန်ပို့စေခဲ့သည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ သူ့အသက်ကိုတန်ဖိုးထားပြီး တစ်နေ့တွင် တာ့ခ်လူမျိုးများ၏လက်ထဲမှ ယန်ဒေသကို မဖြစ်မနေ ပြန်ယူရမည်ဟု ရွှယ်ယန့်ကိုမှာခဲ့သည်။ 


အမှန်တွင်မူ ယန်ဘုရင်က ယန်ဒေသကို လုံးဝဂရုမစိုက်ပေ။ သူ့အတွက်မူ ယန်ဒေသ၏ ခါးသီးအေးစက်မှုများက သူ့ဘဝတစ်ခုလုံးကို အကျဉ်းချထားခဲ့ခြင်းဖြစ်သည့်အတွက် သူ့အဖို့ အရှက်ရစရာသာ ဖြစ်သည်။ 


သူဖြစ်စေချင်သည့်အရာမှာ ရွှယ်ယန်က အသက်ရှင်နေပြီး ဇီဝေ့ကြယ်ကို သူ၏သတ်ဖြတ်ခြင်းခုနစ်စင်ကြယ်ဖြင့် အစားထိုးလိုက်ရန်သာ ဖြစ်သည်။ 


Xxxxxxx