အပိုင်း ၁၆၄
Viewers 36k

Chapter 164


    

တာ့ခ်များက ယန်ဒေသကို ဝန်းရံထားချိန်တွင် ရွှယ်ယန့်ကို ကယ်တင်ခဲ့ပြီး တာ့ယုံနယ်စပ်သို့ ပို့ဆောင်ပေးခဲ့ကာ အသက်ရှင်ကျန်ရစ်နေသော ယွင်ယန်သံမဏိမြကင်းစစ်သည်များကို ရွှယ်ယန့်အတွက် ယနေ့အချိန်ထိ ထိန်းသိမ်းပေးထားခဲ့သူဖြစ်သည်။ 


ရွှယ်ယန်က စားပွဲတွင် တိတ်ဆိတ်စွာထိုင်နေသည်။ 

    

တော်ဝင်စာကြည့်ဆောင်ထဲမှ စားပွဲခုံကြီးကို အလွန်တန်ဖိုးကြီးသည့် သစ်မာတစ်မျိုးဖြင့် ထွင်းထုထားပြီး ထောင့်လေးထောင့်ကိုလည်း ရွှေကွပ်ထားသည်။ မျက်နှာချင်းဆိုင်မှာ စင်မြင့်ပေါ်တွင် ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် အဖိုးမဖြတ်နိုင်သော ပစ္စည်းများရှိသည်။ နီလာဖြင့်ပြုလုပ်ထားသာ့် အမွှေးတိုင်ထွန်းသည့် အိုးထဲတွင်လည်း ငါးကြီးအန်ဖတ်များရှိနေသည်။ 


နေရာအနှံ့တွင် ရွှေ‌၊ ငွေ၊ ပုလဲနှင့် ကျောက်စိမ်းများ မရှိသော်လည်း ဘုရင်တစ်ပါး၏ ခမ်းနာထည်ဝါမှုများကို ပြသနေသကဲ့သို့ ထင်ရသည်။ 


ဤနေရာကြောင့် လူပေါင်းများစွာ သွေးမြေကျခဲ့ရသည်။ 


ဧကရာဇ်ချင်းဖျင်နှင့် သူ၏ညီအစ်ကိုများ တိုက်ခိုက်ခဲ့ကြသည်မှာလည်း ထီးနန်းကြောင့်ဖြစ်သည်။ ယခုအချိန်တွင်လည်း ရွှယ်ယွင်ဟုန်က စွန့်စား၍ ဧကရာဇ်ချင်းဖျင်ကို အဆိပ်ခတ်ခဲ့ခြင်းဖြစ်ကာ သူ အလိုရှိသည့်အရာကလည်း ထီးနန်းသာဖြစ်သည်။


ရွှယ်ယန် မျက်လုံးလှန်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ပင်ပန်းမှုနှင့် စိတ်ကသိကအောက်ဖြစ်မှုကိုသာ ခံစားရသည်။ 


မကြာမီအချိန်တွင် ကျီနန် ရောက်ရှိလာသည်။ 


ရွှယ်ယန်က ယခုချိန်တွင် နန်းမြို့တော်၌ ရာထူးအကြီးဆုံးဖြစ်နေ၍ ယွင်ယန်သံမဏိမြင်းစစ်သည်များကလည်း လွန်ခဲ့သည့်နှစ်နှစ်အချိန်အတောအတွင်းကကဲ့သို့ အမှောင်ထဲတွင် ပုန်းကွယ်နေရန် မလိုအပ်တော့ပေ။ ရွှယ်ယန်က ယန်ဒေသကို သူကိုယ်တိုင် ပြန်လည်သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထား၍ ယွင်ယန်သံမဏိမြင်းစစ်သည်များကို ချန်အန်းမြို့တွင်သာ ထားတော့မည်ဖြစ်သည်။ 


ကျီနန်က အနက်ရောင်သံချပ်ကာအင်္ကျီကိုဝတ်ကာ တော်ဝင်စာကြည့်ဆောင်ထဲ ဝင်လာပြီး ရွှယ်ယန့်ရှေ့တွင် ဒူးထောက်လိုက်သည်။ 


" ဒီလက်အောက်ငယ်သားက ကွမ်းလင်ဘုရင်ခံကို လာရောက်တွေ့ဆုံပါတယ်..."


ရွှယ်ယန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မတ်တပ်ရပ်ခိုင်းလိုက်သည်။ 

" မင်း လုပ်စရာကိစ္စတစ်ခုရှိတယ်..."


ကျီနန် မတ်တပ်ရပ်လိုက်ပြီးနောက် ရွှယ်ယန်၏အမိန့်ကို စောင့်ဆိုင်းနေသည်။


" ဧကရာဇ်ရဲ့ဝိုင်ထဲကို ခတ်လိုက်တဲ့အဆိပ်က အရောင်မဲ့ အရသာမဲ့ဖြစ်နေလို့ ရှာတွေ့ဖို့ တော်တော်ခက်တယ်... အဲ့အဆိပ်က ခြေလက်တွေကို ထုံထိုင်းသွားစေပြီး စကားမပြောနိုင်လည်း ဖြစ်သွားစေတော့ မသန်စွမ်းလူတစ်ယောက်နဲ့တောင် တူသွားနိုင်တယ်.. "


ရွယ်ယန်က ပြောလက်စ စကားကို ခဏရပ်လိုက်ပြီးနောက် ကျီနန်ကို တည်ငြိမ်စွာကြည့်နေသည်။ 


ကျီနန်က သူ့အမိန့်ကို စောင့်ဆိုင်းနေသကဲ့သို့ ထိုနေရာတွင်သာ ရပ်နေသည်။ 


ရွှယ်ယန်က တဖြည်းဖြည်းဆက်ပြောသည်။ 

" သမားတော်ပြောတာတော့ ဒီအဆိပ်က ယန်ဒေသက လာတာတဲ့... အဲ့အဆိပ်က ဘယ်နေရာက ရောက်လာတာလဲဆိုတာ ငါ မင်းကို ရှာစေချင်တယ်..."


ရွှယ်ယန် ကျီနန်ကို စူးစူးရဲရဲကြည့်နေသည်။ 


ကျီနန်က နောက်တစ်ကြိမ် ဒူးထောက်လိုက်သည်။


" အရှင့်သား... ယန်ဘုရင် နတ်ရွာမစံခင်က ကျွန်တော်မျိုးကို ညွှန်ကြားခဲ့ပါ‌တယ်... ကျွန်တော်မျိုးရဲ့လက်ထဲမှ အရှင့်သားအတွက် ယန်မင်းကြီးချန်ခဲ့တဲ့ စာတစ်စောင်ရှိပါတယ်...အနာဂတ်မှာ ယန်ဒေသနဲ့သက်ဆိုင်တဲ့ ကိစ္စတစ်ခုခုကို အရှင့်သားက စုံစမ်းခိုင်းလာမယ်ဆိုရင် ဒီစာကို လက်လွှဲပေးဖို့ မှာခဲ့ပါတယ်..."


ကျီနန်က ခေါင်းငုံ့၍ ဦးညွတ်ထားပြီး ဆက်ပြောသည်။

" ယန်မင်းကြီး ပြောခဲ့တာကတော့ အရှင့်သား သိချင်တဲ့ ကိစ္စတွေက အချိန်တန်ရင် အဖြေရလာမှာပါတဲ့..."


ရွှယ်ယန် သူ့ကို စူးစူးရဲရဲကြည့်နေဆဲဖြစ်သည်။ 


ကျီနန်က သူ့လက်ထဲမှစာကို ကမ်းပေးရန် ပြင်လိုက်သည်။  

" ငါ့ကို မပေးနဲ့..."


ဖယောင်းဖြင့် ပိတ်ထားသော စာတစ်စောင်က သူ့ချပ်ဝတ်ထဲမှ ထွက်လာသည်။ 


" ပြန်ယူသွား..."

ရွှယ်ယန်က သူ့ကိုကြည့်ပြီး ငြင်းဆန်နေဆဲဖြစ်သည်။ 


သို့ရာတွင် ကျီနန်ကရှေ့တိုးလာပြီး စာကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ ရွှယ်ယန့်ကို ပေးလိုက်သည်။ 


ကျီနန်က သူ့စကားကိုနာခံပြီး သူ၏လက်အောက်ငယ်သားအဖြစ် ခံယူမည်ဟု ပြောခဲ့သော်လည်း ကျီနန်မှအစ ယွင်ယန်သံမဏိမြင်းစစ်သည်များအားလုံးမှာ သူ့အတွက် ယန်ဘုရင်ချန်ထားပေးခဲ့သည့်အမွေဖြစ်သည်။ 


သူတို့ကို ပိုင်ဆိုင်သူက ယန်ဘုရင်မှ ရွှယ်ယန်အဖြစ် ပြောင်းလဲသွားသော်လည်း ထာဝရအတွက် သူတို့သခင်က ယန်ဘုရင်ဖြစ်သည်။ 


၎င်းက ယန်ဘုရင်၏ဆန္ဒဖြစ်၍ ကျီနန်က ငြင်းဆန်မည်မဟုတ်ပေ။ တစ်ချိန်လုံး ဤစာတည်ရှိနေကြောင်း ရွှယ်ယန့်ကို လုံးဝ မပြောပြခဲ့သလိုပင် ဤစာကိုလည်း သူ့လက်ထဲ ကျိန်းသေပေါက် ထည့်ပေးမည်ဟု အခိုင်အမာ ဆုံးဖြတ်ချက်ချထားပုံရသည်။ 


စာထဲတွင် ရေးသားထားမည့် အကြောင်းအရာများကို ရွှယ်ယန်သိသည်။ 


ရွှယ်ယန်က ကလေးဘဝတည်းက ယန်ဒေသတွင် ကြီးပြင်းခဲ့ရသူဖြစ်၍ ထိုနေရာ သို့မဟုတ် ထိုနေရာမှလူများကို တစ်ကြိမ်တစ်ခါမှ သံသယမဝင်မိပေ။ 


သူစုံစမ်းစစ်ဆေးချင်ရသည့် အကြောင်းအရင်းမှာ သူ့ရှေ့တွင် ဖြစ်ပွားခဲ့သည့် ကိစ္စကြောင့်ဖြစ်သည်။


ယန်ဘုရင်က ဖြေရှင်းချက်ကို ပြင်ဆင်ထားခဲ့ခြင်းဖြစ်၍ ဤကိစ္စကို ကြိုတင်ကြံစည်ခဲ့ပုံရသည်။


ရွှယ်ယန် အမြဲတမ်း သိနေခဲ့သည်။  

    

ဧကရာဇ်ချင်းဖျင်က ထီးနန်းဆက်ခံသူနေရာအတွက် ယှဉ်ပြိုင်ခဲ့စဉ်တွင် ယန်ဘုရင်က သူ၏ အကြီးဆုံးပြိုင်ဘက်ဖြစ်ခဲ့ကြောင်းကို ရွှယ်ယန်သိသည်။ အကယ်၍ ဧကရာဇ်က ခြေတစ်လှမ်းပိုစောပြီး မပြင်ဆင်ထားခဲ့ပါက ယန်ဘုရင်က ကျဆုံးခဲ့မည်မဟုတ်ပေ။ သို့ရာတွင် ယန်ဘုရင်က လိုလိုလားလား နောက်ဆုတ်ပေးခဲ့ခြင်းဖြစ်၍ ဧကရာဇ်ချင်းဖျင်က သူ့ကို အခြားညီအစ်ကိုတော်များကဲ့သို့ မကွပ်မျက်ခဲ့ပေ။ ထီးနန်းဆက်ခံပြီးချိန်တွင် သူ့ကို ရာထူးတစ်ခုချီးမြှင့် အေးစက်ခါးသီးသော ယန်ဒေသကို စောင့်ကြပ်ရန် စေလွှတ်ခဲ့သည်။ 


ထိုအချိန်က ချန်အန်းမြို့နှင့် ယန်ဒေသတွင် ကောလဟာလတစ်ခု တစ်ချိန်တည်းဖြစ်ပေါ်ခဲ့သည်ကို သူသိသည်။ ကိုယ်လုပ်တော်ရုန်ကို ချန်အန်းသို့ ပို့ဆောင်ရန်အတွက် ယန်ဒေသကို ဖြတ်ကျော်လာချိန်တွင် ယန်ဘုရင်က သူမကို မြင်မြင်ချင်း သဘောကျသွားခဲ့သည်။ ယန်ဘုရင်ဘက်မှသာ တစ်ဖက်သတ် သဘောကျခြင်းဖြစ်ပြီး ကိုယ်လုပ်တော်ရုန်က သူ့ကို စိတ်မဝင်စားခဲ့ဟုလည်း ဆိုကြသည်။ ကိုယ်လုပ်တော်ရုန်မှာ တိုင်းပြည်နှစ်ခု၏ တာဝန်ကို ပခုံးပေါ် ထမ်းပိုးထားရသူဖြစ်၍ ယန်ဘုရင်ကို ငြင်းဆိုခဲ့သည်။ 


ယန်ဘုရင်က သူ့ကို ကလေးဘဝတည်းက ပျိုးထောင်ပေးလာခဲ့ပြီး သာမန်လူများကဲ့သို့မဟုတ်ပဲ အလွန်စည်းကမ်းတင်းကြပ်ခဲ့သည်ကို သူသိသည်။  ယန်ဘုရင်က စည်းကမ်းကြီးလွန်းသည့်အပြင် ဇနီးနှင့် သားသမီးမရှိ၍ ကလေးငယ်များကို ပျိုးထောင်ရာတွင် လိုအပ်နေသေးသည်ဟု အားလုံးက ပြောကြသည်။ သူက ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရာတွင် မတော်သော်လည်း ကလေးတစ်ယောက်ကို စစ်တန်းလျားထဲတွင် ရိုက်နှက်ပြီး ပစ်ထားမည်မဟုတ်ပဲ စွမ်းအားကြီးသောအရာဝတ္ထုတစ်ခုကို ပျိုးထောင်ပေးနေသကဲ့သို့ သေရေးရှင်ရေးကို အရေးမထားပဲ ပစ်ထားမည်အထိ ဆိုးရွားနေမည်မဟုတ်ပေ။ 


ရွှယ်ယန်က အမြဲတမ်း ဤအကြောင်းများကို သိခဲ့သည်။ 


ကလေးဘဝမှ အရွယ်ရောက်ချိန်အထိ သူက နတ်ဆိုးကြယ် ဖြစ်ခဲ့သည်ဖြစ်စေ ယန်ဒေသက မည်မျှအေးစက်သည်ဖြစ်စေ ထိုနေရာက သူပြန်ရမည့် တစ်ခုတည်းသောအိမ်ဖြစ်သည်။ 


အပင်များတွင် အမြစ်များရှိသကဲ့သို့ လူများသည်လည်း ထိုသို့သာဖြစ်သည်။ ထိုအမြစ်များက ခါးသီး အေးစက်နေသော်လည်း သူ၏နောက်ဆုံးဦးတည်ချက် အိမ် ဖြစ်သည်။ 


ရွှယ်ယန်က ယန်ဒေသကို တာ့ယုံလက်အောက်ထဲသို့ ပြန်ရောက်ရန် စိတ်ထဲရှိနေရသည့် အကြောင်းအရင်းတစ်ခု ရှိသေးသည်။


ရွှယ်ယန်က စာကို သူ့လက်ထဲထည့်ထားပြီး ခေါင်းမာစွာဖြင့် စိုက်ကြည့်နေသည်။ 


သူ့လက်က အလွန်အားပြင်းလွန်းသောကြောင့် ဖယောင်းဖြင့် ချိတ်ပိတ်ထားသည်က အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ 


ခဏအကြာတွင်မှ သူ အမိန့်ပေးလိုက်သည်။

" ထွက်သွားကြစမ်း..."


 ——

    

    

သခင်မကျွင်းက အလွန်ဒေါသထွက်နေပေသည်။


သူမက ယခုအချိန်တွင် ရွှယ်ယန်နှင့် ကျွင်းဟွိုင်လန်တို့အကြားမှ ဆက်ဆံရေးကို ‌သဘောတူလိုက်လျောထားခြင်းက အမှန်ဖြစ်သည်။ ရွှယ်ယန်က အိမ်တော်သို့ နေ့တိုင်းလာရောက်သည်ကိုလည်း မျက်ကွယ်ပြုထားပေးပြန်သည်။ 


လူငယ်များက ချစ်ခင်စအချိန်တွင် ကော်နှင့် ကပ်ထားသကဲ့သို့ဖြစ်နေကာ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်နမ်းရှုံ့သည်ကိုလည်းသိ၍ ထိုကိစ္စများကို ဖြစ်ရိုးဖြစ်စဉ်ဟုသာ သတ်မှတ်ထားပေသည်။ 


သို့ရာတွင် သူမ လက်မခံနိုင်သည့်အရာမှာ သူမသားက ရွှယ်ယန့်ရင်ခွင်ထဲတွင် အနိုင်ကျင့်ခံနေရသောကြောင့် ဖြစ်သည်။ 


ဤကိစ္စကို တစ်ကြိမ်မှ မတွေးထားခဲ့မိသော်လည်း ရွှယ်ယန်က သူမသားကို အနိုင်ကျင့်နေသည်ကို မျက်စိရှေ့တည့်တည့်တွင် ရုတ်ချည်း မြင်လိုက်ရသည်။


ဒါ အဓိပ္ပါယ် မရှိတာပဲ...


သခင်မကျွင်းက ဧည့်သည်များကို အညှာအတာမဲ့စွာ နှင်ထုတ်လိုက်ပြီးနောက် သူမသားကိုလည်း ဆူပူလိုက်သည်။ 


ကျွင်းဟွိုင်လန်က သူ့အမေ ဆူပူနေသည်ကို ဝမ်းမြောက်စွာလက်ခံလိုက်ပြီးနောက် ပြန်လည်ချေပခြင်း မပြုလုပ်ခဲ့ပေ။ သူ့အမေ ဒေါသပြေသွားချိန်တွင် လက်ဖက်ရည်ကြမ်းတစ်ခွက်ချပေးပြီး ပြုံးလိုက်သည်။ 


" အမေ ရွှယ်ယန့်ကို ဝင်ခွင့်မပြုတာက ဖြေရှင်းချက်မဟုတ်ဘူးနော်... ဒီအိမ် နံရံတွေနဲ့ သူ့ကို ဘယ်လိုတားမှာလဲ..."


သခင်မကျွင်း အံကြိတ်လိုက်သည်။

" သူ ဝင်လာရဲလား ကြည့်ရသေးတာပေါ့..."


ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြလိုက်သည်။


သခင်မကျွင်းက ဒေါသ မပြေသေးပေ။ 

"  အဲ့ကောင်လေး ဝင်လာတာနဲ့ တုတ်နဲ့ရိုက်ပစ်မယ်..."


ကျွင်းဟွိုင်လန် ရယ်လိုက်သည်။ 

 

ရွှယ်ယန်အကြောင်းကို သူသိသည်။ သူ သည်းမခံနိုင်ပဲ မကြာမီအချိန်တွင် ပြန်ရောက်လာလိမ့်မည်။


ရွှယ်ယန့်အပေါ် သခင်မကျွင်း၏ဒေါသများက ပြေပျောက်မသွားသေးပဲ ကျွင်းဟွိုင်လန်နှင့် အတူတူထိုင်တာ တဗျစ်တောက်တောက်ပြောနေသည်။ 


သို့ရာတွင် အချိန်အတန်ကြာသည်အထိ ရွှယ်ယန် ရောက်မလာခဲ့ပေ။ 


" ရွှယ်ယန့်မှာ ကိစ္စတစ်ခုခုရှိနေတယ်ထင်တယ်..."


သခင်မကျွင်းက သူ့ကိုစိုက်ကြည့်လိုက်သည်။

" မင်း ကောင်းကောင်း သိနေတာပဲ..."


ထိုသို့ပြောသော်လည်း သူမ ထွက်မသွားသေးပေ။ 


သူတို့နှစ်ယောက်က အချိန်အတော်ကြာအထိ အတူထိုင်နေခဲ့ပြီး  မှောင်ရီပျိုးလာချိန်တွင် အစေခံတစ်ယောက်က ညစာစားရန် လာခေါ်သည်။ 


" အိမ်တော်က နံရံတွေက တော်တော်လေးမြင့်တော့ သူ့ကို တားနိုင်မှာပါ..."


ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်လိုက်ပြီး စကားမပြောတော့ပေ။ 


သခင်မကျွင်းက သူ့ထံမှ ပြန်ဖြေသံမကြား၍ လှည့်ကြည့်လိုက်ချိန်တွင် သူ့မျက်နှာထက်တွင် အပြုံးမရှိတော့သည့်အပြင် မျက်ခုံးများပါ တွန့်ထားသည်ကို မြင်လိုက်ရသည်။ 


" ဘာဖြစ်လို့လဲ..."


ရွှယ်ယန် ရောက်မလာသောကြောင့် ကျွင်းဟွိုင်လန် မပျော်မရွှင်ဖြစ်နေသည်ဟု ထင်လိုက်မိသည်။ 


ကျွင်းဟွိုင်လန် ခေါင်းခါလိုက်သည်။ 

" တစ်ခုခု မူမမှန်တော့ဘူးလို့ထင်တယ်..."


သခင်မကျွင်းက ပဟေဠိဖြစ်သွားသည်။ 

" တစ်ခုခု လုပ်စရာရှိလို့ နေမှာပေါ့ ဘာလို့ မူမမှန်ရမှာလဲ..."


ကျွင်းဟွိုင်လန် ခေါင်းခါပြီး မတ်တပ်ရပ်လိုက်သည်။ 


" အမေ အရင်ဆုံး ညစာစားထားနှင့်လိုက်ပါ ကျွန်တော် သွားကြည့်လိုက်ဦးမယ်..."


ဆိုးရွားသည့်အရာတစ်ခုခု ဖြစ်လာတော့မည်ဟု သူ့စိတ်ထဲ ထင်နေမိသည်။ 


၎င်းက အခြေအမြစ်မရှိသည့် မှန်းဆချက်တစ်ခု ဖြစ်သော်လည်း  ကျွင်းဟွိုင်လန်၏ စိတ်ထဲတွင် ထိတ်ထိတ်ပျာပျာဖြစ်သွားမိပြီး စိုးရိမ်လာမိသည်။ 


အကယ်၍ မည်သည့်ကိစ္စမှ မဖြစ်လျှင် သူကိုယ်တိုင်သွားကြည့်သင့်သည်ဟု တွေးနေမိသည်။ 


သခင်မကျွင်းက အမြန် မတ်တပ်ရပ်လိုက်သည်။ 


" သူ့ကို သွားတွေ့မလို့လား... ဘယ်ကိုသွားမှာလဲ..."


ကျွင်းဟွိုင်လန် ခဏရပ်သွားမိသည်။

" နန်း‌တွင်းကို..."

  


နန်းတွင်းကို ဝင်ရောက်ရန်က လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ အထူးသဖြင့် ညဘက်တွင် နန်းတွင်းကိုဝင်မည်ဆိုပါက ပို၍ခက်ခဲပေသည်။ 


သို့ရာတွင် ဤကဲ့သို့စည်းမျဉ်းမျိုးက ကျွင်းဟွိုင်လန်အပေါ် မသက်ရောက်ပေ။ 


ယခုအချိန်တွင် နန်းမြို့တော်၏ ဂိတ်တံခါးများကို စောင့်ကြပ်နေသည့် စစ်သားများအပါအဝင် တော်ဝင်စစ်တပ်မှ အစောင့် စစ်သည်များကလည်း ရွှယ်ယန်၏လက်အောက်မှဖြစ်သည်။ ကျွင်းဟွိုင်လန် ရွှမ်ဝူတံခါးကို ဖြတ်လာချိန်တွင် မြို့တံခါးကိုစောင့်ကြပ်နေသည့် ကျင်းယီဝေ့ခေါင်းဆောင်က ရွှယ်ယန်နှင့်အတူ ကျန်းနန်သို့ လိုက်ပါလာခဲ့သူတစ်ယောက်ဖြစ်သည်။ 


ယုံနင်မြို့စားအိမ်တော်မှ မြင်းလှည်းဖြစ်သည်ကို မြင်သောအခါ ကျင်းယီဝေ့ခေါင်းဆောင်က ရှေ့ကို အမြန်ထွက်လာသည်။ 


ကျွင်းဟွိုင်လန်ကလည်း မြင်းလှည်းပေါ်မှ ဆင်းလာသည်။ 


ကျွင်းဟွိုင်လန်ကိုမြင်သောအခါ ခေါင်းဆောင်၏မျက်လုံးများအရောင်လက်သွားပြီး ရှေ့ကို အမြန်ရောက်လာကာ သူ့ကို ဦးညွှတ်လိုက်သည်။


" ဒီလက်အောက်ငယ်သား ယုံနင်မင်းသားလေးကို ဂါရဝပြုပါတယ်..."


အနောက်ဘက်မှ ကျင်းယီဝေ့နှင့် နန်းတွင်းအစောင့်စစ်သားများလည်း ဦးညွှတ်လိုက်ကြသည်။ 


ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြပြီးမေးလိုက်သည်။ 

" ကွမ်းလင်ဘုရင်ခံက ဒီနေ့ နန်းတွင်းကနေ ဘယ်အချိန်ထွက်သွားလဲ..."


သူ့စကားများကြောင့် ခေါင်းဆောင်က ခေါင်းခါပြလိုက်သည်။


" အရှင့်သားက ဒီနေ့ နန်းတွင်းထဲမှာ အရေးကြီးကိစ္စတွေ ဆောင်ရွက်နေရပုံပါပဲ အခုထိ နန်းတွင်းကနေ မထွက်သွားသေးပါဘူး..."


ကျွင်းဟွိုင်လန်၏ စိုးရိမ်ပူပန်မှုများ ခိုင်မာသွားသည်။ 


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။ 

" ငါ နန်းတွင်းထဲ ဝင်ချင်လို့ မင်း အကြောင်းကြားပေးလို့ ရမလား..."


အနားမှ နန်းတွင်းအစောင့်စစ်သားများ၏ မျက်နှာက နေရခက်သည့်ပုံစံဖြစ်သွားသည်။


Xxxxxx