အပိုင်း ၁၆၃
Viewers 36k

Chapter 163


ဒုတိယမြောက်နေ့တွင် ရွှယ်ယန်ထပ်မံရောက်လာသည့်အခါ အရာအားလုံးက ချောချောမွေ့မွေ့သာ ဖြစ်နေသည်။ 


အသိအမှတ်ပြုခံရပြီးသည့်နောက်တွင် ရွှယ်ယန်က သူ့ပစ္စည်းများထုပ်ပိုးပြီး ကျွင်းဟွိုင်လန်၏အိမ်တွင် လာနေရန် မစောင့်ဆိုင်း‌နိုင်တော့ပေ။ 


သို့ရာတွင် ၎င်းက အတွေးတစ်ခုသာဖြစ်သည်။ ယခုလက်ရှိတွင် ယုံနင်မြို့စားအိမ်တော်ကို တာဝန်ယူထားသူက ကျွင်းဟွိုင်လန်မဟုတ်ပဲ သခင်မကျွင်းဖြစ်နေသောကြောင့်ပင်။ 


သူက နေ့စဉ်နေ့တိုင်း အချစ်ရေးကိစ္စတွင် နစ်‌မွန်းနေသည့် ကောင်လေးတစ်ယောက်ကဲ့သို့သာ ပြုမူနေသည်။ မနက်တိုင်း နန်းတွင်းမှ လျှောက်တင်လွှာများကို သူ့အိမ်တော်သို့ ပို့ဆောင်ခိုင်းပြီးနောက် ၎င်းတို့ကိုယူကာ ယုံနင်မြို့စားအိမ်တော်သို့ နေ့တိုင်းလာတော့သည်။ 


ကျွင်းဟွိုင်လန်က ပုံမှန်နေ့ရက်များတွင် အိမ်တော်၌သာ စာလေ့လာသူဖြစ်၍ ရွှယ်ယန်က သူ့ကို အဖော်ပြုပေးနေသည်။ ရံဖန်ရံခါတွင် သူက ဉာဏ်များပြီး အခွင့်အရေးယူကာ ကျွင်းဟွိုင်လန်ကို အိမ်တော်၏ ထောင့်တစ်နေရာတွင်ကပ်ထားပြီး အကြိမ်အနည်းငယ်ခန့် အတင်းအကြပ် နမ်းလေ့ရှိသည်။ 


ကျွင်းဟွိုင်လန်မှာ မရှောင်လိုက်နိုင်သောကြောင့် မျက်နှာများ နီရဲလာသည်အထိ အနမ်းခံရပြီးချိန်တွင် ရွှယ်ယန့်ကို ဆူပူ‌လိုက်သည်။ 


ရွှယ်ယန်က အရေထူသူဖြစ်၍ ခဏခဏ အဆူခံရသော်လည်း သူ့မျက်နှာထက်မှ အပြုံးက မပျောက်ကွယ်သွား‌ပေ။


ကျွင်းဟွိုင်လန်လည်း သူ့ကို ဘာမှလုပ်မရပေ။ 


သို့ရာတွင် ရွှယ်ယန်က ယုံနင်မြို့စားအိမ်တော်တွင် ခဏတာ နေထိုင်ရသည်မှာလည်း မလွယ်ကူလှပေ။ 


သခင်မကျွင်းက လုပ်စရာမရှိသည့်အချိန်များတွင် ကျွင်းဟွိုင်လန် စာလေ့လာနေသည်ကို လာစစ်ဆေးသည့်အခါမျိုးတွင် သူနှင့်တွေ့တတ်သည်။ 


ရွှယ်ယန်က သူနမ်းလိုက်သည့်အခါ ကျွင်းဟွိုင်လန် စိတ်ဆိုးမည်ကို မကြောက်သော်လည်း သခင်မကျွင်းတွေ့သွားမည်ကို အလွန်ကြောက်သည်။ 


သခင်မကျွင်းလာသည်နှင့် ကျွင်းဟွိုင်လန်ကို လွှတ်ပေးလိုက်ပြီး ရုပ်တည်ကြီးနှင့်သာ ထိုင်နေ၍ ကျွင်းဟွိုင်လန် မရယ်ပဲ မနေနိုင်တော့ပေ။ 

  

သခင်မကျွင်းရောက်လာပြီးနောက် စကားစမြည်ပြောကာ ရွှယ်ယန့်ကို အိမ်တော်တွင် ကြာကြာမနေရန် အရိပ်မြွက်ပြောလိုက်ပြီးနောက် ထွက်သွားသောအခါ ကျွင်းဟွိုင်လန် အားပါးတရ ရယ်မိတော့သည်။ 


" ငါ့ရှေ့မှာကျ လူရမ်းကားလို နေနေပြီးတော့ အမေ မင်းကို မိသွားမှာတော့ ကြောက်နေတယ်ပေါ့..."


သခင်မကျွင်း ထွက်သွားမှ ရွှယ်ယန်က သူ့ရှေ့ရောက်လာသည်။


" ကိုယ့် ယောက္ခမကြီးရှေ့မှာ ဘယ်လိုပုံစံဖြစ်နေလဲ..."

သူ ရယ်လိုက်သည်။


" ဘာတွေ လာပြောနေတာလဲ..."

ကျွင်းဟွိုင်လန် မျက်နှာကြီးနီရဲပြီး ရှက်သွားသည်။


ရွှယ်ယန်က သူ စိတ်ဆိုးလာသည်အထိ စနောက်ပြီးမှ ပြုံးလိုက်သည်။


" ယောက္ခမလို့ ခေါ်ခေါ်  အမေလို့ခေါ်ခေါ်  သခင်မကျွင်းကလည်း ကိုယ့်အမေဖြစ်လာတော့မှာပဲကို


ကျွင်းဟွိုင်လန် အံကြိတ်ထားပြီး ပြန်လည်ချေပမပြောနိုင်တော့ပေ။ 


ရွှယ်ယန်က ယုံနင်မြို့စားအိမ်တော်တွင် နေ့တိုင်းအချိန်ကုန်ဆုံးနေသော်လည်း နန်းတွင်းထဲတွင် သူ ဖြေရှင်းရမည့်ကိစ္စများ ကျန်ရှိနေသေးသည်။ 


ရွှယ်ယွင်ဟုန်ကိုလည်း ရက်အနည်းငယ်ခန့် အကျဉ်းချထားခဲ့သည်။ ရှုမိသားစု၏ ပြစ်မှုများကို ရှင်းလင်းစွာ စစ်ဆေးပြီးသည်နှင့် သူတို့ကို အကူအညီပေးနေသောလူများကို ရှင်းထုတ်ပစ်ရမည့်အတွက် အမတ်အပြောင်းအလဲများဖြစ်လာပြီး ညီလာခံတွင်လည်း ဖရိုဖရဲဖြစ်လာသည်။ 


ရွှယ်ယန်က ထိုကိစ္စများကို ကိုင်တွယ်နေရရုံသာမက ဧကရာဇ်၏အခြေအနေကိုလည်း အာရုံစိုက်ရသေးသည်။


နန်းတွင်းသမားတော်များက ကူကယ်ရာမဲ့နေပြီဖြစ်၍ ဧကရာဇ်ချင်းဖျင်ကို အသက်ဆက်ထားရန်အတွက် အဖိုးတန်ဆေးဝါးများ နေ့စဉ်တိုက်ကျွေးနေရသည်။ ရွှယ်ယန်က ဧကရာဇ်ချင်းဖျင် ကျန်းနန်သို့ ပို့ဆောင်ပေးထားသည့် နန်းတွင်းမှ နာမည်ကြီးသမားတော်များကို လူလွှတ်၍ ပြန်လည်ခေါ်ဆောင်ကာ ယန်ကျိုးမှ နတ်ဆေးသမားတော်ကိုပါ ချန်အန်းကို ပင့်ထားရသည်။


နတ်ဆေးသမားတော်မှာ မူလတွင်မူ ရှာတွေ့ရန် အလွန်ခဲယဉ်းလွန်းလှသည်။  သို့ရာတွင် ရွှယ်ယန် ကျန်းနန်သို့ ရောက်ပြီးချိန်မှစ၍ တောင်ပေါ်မှ အကြိမ်ပေါင်းများစွာ ခေါ်‌ထုတ်ခံခဲ့ရသည်။ အချိန်အတန်ကြာပြီးနောက်တွင် သူ မည်သူ့ကိုမှ မလှည့်စားနိုင်တော့ပေ။ 


ငါးရက် ခြောက်ရက်ခန့်အကြာတွင် ကျန်းနန်မှ မြင်းလှည်းတစ်စီးက မရပ်မနား ရောက်လာခဲ့ပြီး ရွှမ်ဝူတံခါးကို ဖြတ်ကျော်ကာ နန်းမြို့တော်ထဲ ဝင်လာခဲ့သည်။ 


သို့ရာတွင် ရွှယ်ယန်က ယနေ့တွင် စိတ်မကြည်လင်နေပေ။ 


သူက ကျွင်းမိသားစုအိမ်တော်သို့ အကြိမ်ပေါင်းများစွာ လာနေ၍ သခင်မကျွင်းက စောဒကတက်သော်လည်း များစွာမပြောပေ။


သို့သော် ယနေ့တွင်မူ အခြေအနေက လုံးဝကွဲပြားနေသည်။


ယနေ့တွင် သူက စာကြည့်ခန်းထဲ၌ ကျွင်းဟွိုင်လန်ကိုဖက်ထားပြီး လူရမ်းကားလုပ်နေချိန်တွင် သခင်မကျွင်းက အခန်းထဲဝင်လာခဲ့သည်။


သူ့အပြုအမူက အလွန်အကျူးမဖြစ်သွားခဲ့သော်လည်း သူက သခင်မကျွင်း၏အရှေ့တွင် သူမသားအကြီးဆုံးကို ဖက်ထားမိခဲ့သည်။ သခင်မကျွင်းက ထိုနေရာတွင်ပင် မျက်နှာကြီး မည်းမှောင်သွားပြီး ရွှယ်ယန်က အမတ်များအားလုံးကို အမိန့်ပေးနေရသည့်လူဖြစ်ကြောင်း မေ့သွားကာ အိမ်တော်မှ ချက်ချင်းနှင်ထုတ်လိုက်တော့သည်။ 


ကျွင်းအိမ်တော်ကို အိမ်ရှေ့တံခါးမကြီးမှဖြတ်၍ ဝင်ရောက်ခွင့်မရှိတော့ပေ။


ထိုကိစ္စက ရွှယ်ယန့်အတွက် ပြဿနာမဟုတ်ပေ။ အိမ်ရှေ့တံခါးမှ မဝင်ရပါက နံရံမှ ကျော်ဝင်လည်းရသည်။  သို့သော် ထိုအချိန်တွင် ကျန်းနန်မှ နတ်ဆေးသမားတော်က နန်းတွင်းသို့လာနေပြီဖြစ်ကြောင်း အစေခံတစ်ယောက်က လာရောက် လျှောက်တင်သည်။ 


ရွှယ်ယန် မျက်နှာပျက်သွားပြီး မပျော်မရွှင်ဖြင့် နန်းတွင်းသို့ ပြန်သွားရလေသည်။ 


ယုံဟယ်နန်းဆောင်၏ အပြင်ဆောင်က ဧကရာဇ်က အမတ်များကို လက်ခံတွေ့ဆုံသောနေရာဖြစ်သည်။ 


ရွှယ်ယန် ယုံဟယ်နန်းဆောင်သို့ ရောက်လာချိန်တွင် နတ်ဆေးသမားတော်က ထိုနေရာတွင်ထိုင်ပြီး ရေနွေးကြမ်းသောက်ကာ သရေစာမုန့်များ တစ်ခုပြီးတစ်ခု စားနေသည်။


ရွှယ်ယန် ရောက်လာသည်ကို မြင်သောအခါ ခေါင်းငြိမ့်ပြလိုက်ပြီး မတ်တပ်ရပ်ပြီးပင် အရိုအသေမပြုပေ။


" မင်းတို့ နန်းတွင်းက စားစရာတွေက တော်တော်ကောင်းတာပဲ... ငါ တောင်ပေါ်မှာ မနေတော့ဘူး နန်းတွင်းမှာပဲ ငါ့ဖို့ အလုပ်‌တစ်နေရာ ရှာပေးပါလား..."


သူက အများနှင့်မတူပဲ တစ်မူထူးခြားသူဖြစ်ပြီး ရွှယ်ယန့်ကို ဤသို့ဆက်ဆံသည်ကပင် အတော်အတန် မျက်နှာသာပေးထားခြင်းဖြစ်သည်။


သို့ရာတွင် တစ်ဖက်သို့လှည့်လိုက်ချိန်တွင် ရွှယ်ယန်၏ စူပုတ်နေသော မျက်နှာကြီးကို မြင်လိုက်ရသည်


" ခင်ဗျားရောက်လာတာ အဲ့လောက်တောင် မြန်ရလား... ခင်ဗျား တောင်ပေါ်က တောနက်ထဲမှာ နေတာမဟုတ်ဘူးလား..."


နတ်ဆေးသမားတော်က အံ့အားသင့်သွားမိပြီး မျက်စောင်းထိုးမိသွားတော့သည်။ သူက လူအများကို ကြင်နာစွာ ဆက်ဆံခဲလှသည်။ သို့ရာတွင် သူက ယခုအခါ အကြောတင်းသူတစ်ယောက်နှင့် တွေ့သွားပုံရသည်။ 


ဤတစ်ကြိမ်တွင် သမားတော်က မျက်နှာမကောင်းတော့ပေ။


" ငါ့ကို ဒီအထိခေါ်လိုက်တာ မင်း ဆူပူကျိန်းမောင်းတာကို နားထောင်ဖို့လား..."


သူ မျက်မှောင်ကြုတ်လိုက်သည်။


" မင်းတို့လူနာဘယ်မှာလဲ... ငါ သူ့ကိုကြည့်ပေးပြီးတာနဲ့ တောင်ပေါ်က တောနက်ထဲ ပြန်သွားရမှာ..."

    

——

    

သို့ဖြစ်၍ ယနေ့တွင် ဧကရာဇ်ချင်းဖျင် နိုးလာချိန်၌ မျက်နှာ မသာမယာဖြစ်နေသူနှစ်ယောက်ကို တွေ့လိုက်ရသည်။ 


ရွှယ်ယန်က စိတ်မပျော်မရွှင်ဖြစ်နေသည်။ ယခုအချိန်တွင် လက်ပိုက်၍ရပ်နေပြီး သူ့မျက်နှာထက်တွင်လည်း အပြုံးအရယ်မရှိပေ။ နတ်ဆေးသမားတော်ကလည်း ရွှယ်ယန့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ သို့ရာတွင် စိတ်အေးအေးမနေနိုင်၍ အိပ်ရာဘေးတွင် ပုပ်သိုးနေသောမျက်နှာကြီးဖြင့် ထိုင်နေသည်။ 


ဧကရာဇ်ချင်းဖျင်က ထိုလူနှစ်ယောက်ကို တစ်လှည့်စီကြည့်လိုက်ပြီးနောက် သူတို့နှစ်ယောက်ကို အော်ဟစ်ကျိန်းမောင်းကာ အပြင်ဆွဲထုတ်ပြီး ရိုက်ပစ်ချင်နေမိသည်။ 


သို့ရာတွင် သူက မလှုပ်ရှားနိုင်ဖြစ်ပြီး စကားမပြောနိုင်သောကြောင့် သူတို့ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရသည်။ 


နတ်ဆေးသမားတော်က သူ့လက်ကိုကိုင်ပြီး နှလုံးခုန်နှုန်းစမ်းသည်ကို ရွှယ်ယန်က ရပ်ကြည့်နေသည်။


သမားတော်က နှလုံးခုန်နှုန်းကို စစ်ဆေးကြည့်ပြီးနောက် သူ့အမူအရာက သိသိသာသာပြောင်းလဲသွားသည်။


သူ ခဏတာ ‌အတွေးထဲနစ်နေပြီးနောက် စကားမပြောနိုင်ပေ။


ရွှယ်ယန်က သူ့အမူအရာပြောင်းလဲသွားသည်ကိုမြင်၍ တိုင်တွင်မှီနေရာမှ ကိုယ်ကို မတ်လိုက်သည်။

" ဘာဖြစ်တာလဲ..."


သမားတော်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဧကရာဇ်၏လက်ကို လွှတ်ပေးလိုက်သည်။ 


" တကယ် အဆိပ်ခတ်ခံရတာပဲ... ဆေးပမာဏက များလွန်းတော့ ကုလို့ရရင်တောင် လုံးဝပြန်ကောင်းလာဖို့ အာမ မခံနိုင်ဘူး..." 


" ဒါဆို ဘယ်အခြေအနေလောက်ထိ ကုလို့ရမလဲ..."


နတ်ဆေးသမားတော်က စဉ်းစားနေသည်။ 

" သုံးနှစ်ကနေ ငါးနှစ်အတွင်း ဆေးဆက်တိုက်သောက်မယ်ဆိုရင် စကားပြောရုံပဲ ပြောနိုင်ပြီး ခြေလက်တွေကို လှုပ်ရှားနိုင်‌ပြီ...  သက်တမ်းကိုတော့ မထိခိုက်နိုင်ပေမယ့် သာမန်လူလိုမျိုး နေနိုင်ဖို့တော့ မဖြစ်နိုင်တော့ဘူး..."


ရွှယ်ယန် မျက်မှောင်ကြုတ်လိုက်သည်။


ဒါဆိုရင် သူက ဧကရာဇ်ရဲ့ အရှုပ်တွေကို အချိန်အကြာကြီး ရှင်းပေးရဦးမှာပေါ့... 


သူ တွန့်ဆုတ်သွားမိသော်လည်း ဧကရာဇ်ကို ကတိပေးထားခဲ့ပြီးဖြစ်သည်။ 

" တတ်နိုင်သလောက် မြန်မြန်ပြန်ကောင်းလာအောင် ကုပေးပါ... ပြီးတော့ ဒါက ဘာအဆိပ်လဲ...

 

" သွေးခုန်နှုန်း တစ်ခုတည်း စမ်းလိုက်ရုံနဲ့ ရှာလို့မရဘူး..."


စကားဆုံးသည်နှင့် သူ မတ်တပ်ရပ်လိုက်ပြီး ယူလာသည့် ဆေးအိတ်ထဲတွင် သူ အမြဲတမ်းသုံးသည့် ငွေအပ်တစ်ချောင်းကို ထုတ်လိုက်သည်။ 


" အဆိပ်က အရိုးထဲအထိ စိမ့်ဝင်နေပြီ တကယ်လို့ အပ်စိုက်လိုက်မယ်ဆိုရင်တော့ သဲလွန်စ တစ်ခုခုရမှာပါ..."


ရွှယ်ယန်က ခေါင်းငြိမ့်ပြပြီးနောက် သူ့ကို အပ်စိုက်ခွင့်ပြုလိုက်သည်။


အပ်စိုက်ချိန်က တစ်ရှီချန်နီးပါး ကြာမြင့်သည်။


ရွှယ်ယန်က အိပ်ဆောင်အပြင်ဘက်ကိုထွက်သွားပြီး မပြီးစီးသေးသည့် လျှောက်တင်လွှာများအား ကျင်းပေါင်ကို ယူလာခိုင်းလိုက်သည်။ မှောင်ရီပျိုးလာချိန်မှသာ သမားတော်က ဧကရာဇ်၏အိပ်ဆောင်ထဲမှ ထွက်လာသည်။ 


ရွှယ်ယန် မော့ကြည့်လိုက်ချိန်တွင် သမားတော်က သူ့ရှေ့တွင် ရပ်နေသည်။

" ရှာတွေ့ပြီလား..."


သမားတော်က ခေါင်းငြိမ့်ပြလိုက်သည်။

" အဆိပ်က အာနိသင်ပြင်းလွန်းပြီး သွေးကြောတွေထဲ ပုန်းနေတာ... မြေပြန့်ဒေသမှာတွေ့ရတဲ့ အဆိပ်မျိုးမဟုတ်ဘူး..."


" ကျန်းရှီကလား..."


ရှုမိသားစုမှာ ယွင်နန်ဘုရင်နှင့် အဆက်အသွယ်ရှိခဲ့သည်။ ကျန်းရှီမှ တောင်တန်းနှင့် သစ်တောများက ခေါင်လွန်းပြီး အဆိပ်ရှိသည့်အပင်များစွာလည်းရှိသည်။ ယွင်နန်ဘုရင်က ထိုအဆိပ်ကိုပါ ထောက်ပံ့ပေးခဲ့ပုံရသည်။


သမားတော်က ခေါင်းခါလိုက်သည်။

" မဟုတ်ဘူး... ဒီအဆိပ်က တာ့ခ်တိုင်းပြည်ရဲ့ မြောက်ပိုင်းအကျဆုံးနေရာမှာပဲ ရှာတွေ့နိုင်တာ..."


ရွှယ်ယန် သူ့ကိုမော့ကြည့်လိုက်သည်။


သမားတော်က ဆက်ပြောသည်။ 

" ဆေးစာအုပ်တွေနဲ့ ယုံတမ်းစကားတွေအရဆိုရင်တော့ ဒီအဆိပ်နဲ့ တစ်ပုံစံတည်းတူတဲ့အဆိပ်က လွန်ခဲ့ဆယ်နှစ်ကျော်ကလည်း တစ်ကြိမ် ပေါ်လာခဲ့ဖူးတယ်..."


ရွှယ်ယန် မေးလိုက်သည်။

" ဘယ်နေရာမှာလဲ..."


သမားတော်က သူ့ကိုကြည့်လိုက်သည်။

" ယန်ဒေသမှာ..."


........


ယန်ဒေသမှ ခေါ်လာသည့်လူအားလုံးက သူ့ကိုသစ္စာရှိပြီး အမိန့်ကိုဖီဆန်သည့်ကိစ္စများ မည်သည့်အခါမှ မပြုလုပ်မည်ကို ရွှယ်ယန်သိသည်။ 


သို့ရာတွင် တစ်ချိန်တည်းမှာပင် ယန်ဒေသကို ယန်ဘုရင် စောင့်ကြပ်ခဲ့စဉ်က အခြားအင်အားစုများ ကြားမဝင်နိုင်ခဲ့သည်ကိုလည်း သူသိသည်။ 


ယန်ဒေသတွင် ယန်ဘုရင်ကို မနာခံမည့်လူ တစ်ယောက်မှ မရှိပေ။ 


နတ်ဆေးသမားတော် ကောက်ချက်ချသည်ကို ကြားလိုက်ရပြီးသောအခါ ရွှယ်ယန်က  စားပွဲခုံတွင်ထိုင်လျက် အချိန်အတော်ကြာအထိ အတွေးထဲ နစ်မျောသွားရသည်။ 


ယန်ဒေသက ပျက်စီးသွားပြီဖြစ်၍ ထိုနှစ်က ခြေရာလက်ရာများကို ရှာတွေ့ရန် မလွယ်ကူတော့ပေ။ သို့ရာတွင် ယန်ဒေသမှ လက်အောက်ခံလူအများစုက သူ့နောက်ကို လိုက်ခဲ့ကြသည်ဖြစ်၍ သူတို့ကို နှံ့နှံ့စပ်စပ် စစ်ဆေးရန်က သူ့အတွက် ခက်ခဲလွန်းနေသည်။ 


ဒါပေမဲ့ ယန်ဒေသမှာ နှစ်အတော်ကြာတည်းက ပျောက်သွားခဲ့တဲ့အဆိပ်က ခုချိန်ရောက်မှ နန်းတွင်းမှာ ဘာလို့ ပြန်ပေါ်လာရတာလဲ...


ရွှယ်ယန့်ရင်ထဲတွင် အဖြေတချို့ရှိနေသည်။ 


အဆိပ်ဘယ်က ရောက်လာတာလဲ...

ထိုမေးခွန်းကို ရွှယ်ယွင်ဟုန်၏ဘေးမှ မိန်းမစိုးလေးက အားလုံးရှင်းပြပြီးဖြစ်သည်။ 

    

၎င်းဆေးမှုန့်ကို သေဆုံးသွားခဲ့ပြီဖြစ်သော ယီကျဲယွီက ပေးအပ်ခဲ့ခြင်းဖြစ်ကာ ယီကျဲယွီကို ထိုဆေးမှုန့်ပေးခဲ့သူက နန်းတွင်းမှ တာအိုပညာရှင်တစ်ယောက်။


ထိုတာအိုပညာရှင်၏မူလဇစ်မြစ်ကို ထိုအချိန်က ရှုမိသားစုပင် မသိပေ။ 


သူတို့သိရှိသမျှအားလုံးမှာ - ထို တာအိုပညာရှင်နှင့် သူ့ဆရာက အရာအားလုံးကို နတ်ဘုရားများကဲ့သို့ ခန့်မှန်းနိုင်ပြီး တောင်ပေါ်မှ တာအိုဘု‌ရား‌ကျောင်းတွင် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေရာမှ ယခုအခါတွင် အပြင်လောကသို့ ထွက်လာခြင်းဟူသည့် အကြောင်းများဖြစ်သည်။ တာ့ယုံတစ်တိုင်းပြည်လုံးတွင် မရေမတွက်နိုင်သော ဝေးလံခေါင်ဖျားသည့် တောင်တန်းများရှိ၍ တံခါးပိတ်ကျင့်ကြံနေသည့် တာအိုပညာရှင်များကို ရှာဖွေရန် မလွယ်ကူလှပေ။ 


သို့ဖြစ်၍ ရှုမိသားစုက ထိုကိစ္စကို အသေးစိတ်ကျကျ မစုံစမ်းခဲ့ခြင်းဖြစ်သည်။ 


ယခုအချိန်တွင်မူ ထိုတာအိုပညာရှင် မည်သည့်နေရာမှ ရောက်ရှိလာကြောင်းကို ရွှယ်ယန် သိသွားခဲ့ပြီဖြစ်သည်။


သူ ခဏတာ အတွေးထဲ နစ်မျောသွားပြီးနောက် အမိန့်ပေးလိုက်သည်။ 

" ကျီနန်ကို သွားခေါ်စမ်း..."


သူ့ဘေးမှကျင်းပေါင်က အမြန်ထွက်သွားသည်။ 


ကျီနန်က ယွင်ယန်သံမဏိမြင်းစစ်သည်အဖွဲ့၏ခေါင်းဆောင်ဖြစ်ပြီး ယခုချိန်တွင် အသက်လေးဆယ်ရှိပြီဖြစ်သည်။ သူ ဆယ်နှစ်သားအရွယ်ထဲက ယန်ဘုရင်၏နောက်လိုက်ဖြစ်ခဲ့ခြင်းပင်။ 


ယခင်က ယွင်ယန်တိုက်ပွဲတွင် ယန်ဘုရင်၏ လူယုံတော်အားလုံး သေဆုံးသွားခဲ့ပြီးနောက် သူ တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။


Xxxxxx