Chapter 162
" သခင်မကျွင်းက အဲ့လိုမေးတယ်ဆိုတည်းက ကျွန်တော် ရောက်လာရတဲ့အကြောင်းအရင်းကို သိပြီးသားဖြစ်မှာပါ....မနေ့ကဖြစ်ရပ်ကို ကိုင်တွယ်လိုက်ပြီးပြီဆိုပေမယ့် စိတ်မချနိုင်သေးလို့ လာကြည့်တာပါ..."
သူ ကျွင်းဟွိုင်လန်ကို တစ်ချက်ကြည့်ပြီး နောက်ဆုံးတွင် သခင်မကျွင်းကိုကြည့်ကာ တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။
" ဒါပေမဲ့ တကယ်တမ်းတော့ ဒါက အကြောင်းပြချက်သက်သက်ပဲဆိုတာ သခင်မကျွင်း သိမှာပါ..."
သူက ရှက်ရွံ့ခြင်းမရှိပဲ ပွင့်လင်းစွာပြောလိုက်သည်။
သခင်မကျွင်းက လက်ဖက်ရည်ကြမ်းခွက်ကို ဆောင့်ချလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
" ကွမ်းလင်ဘုရင်ခံရဲ့ ဒီလိုအပြုအမူတွေက တာဝန်မဲ့တာပါပဲ... အရှင့်သားက ဒေသတစ်ခုရဲ့ဘုရင်ခံမို့ လုပ်ချင်တာ လုပ်လို့ရပါတယ်... လောကကြီးက လှောင်ပြောင်မှာကိုလည်း မကြောက်တဲ့အပြင် စိုးရိမ်စရာလည်း မလိုဘူးပေါ့... ဒါပေမဲ့ ဟွိုင်လန်ကတော့ မတူဘူး... သူ့ကို ကစားနေတာ ရပ်လိုက်ပါတော့... သူ့အပေါ် ခံစားချက်ထားနေသေးတယ်ဆိုရင်လည်း အခုတည်းက ကြိုပြီး စွန့်လွှတ်လိုက်ပါတော့..."
သခင်မကျွင်းက ကြောက်လန့်ခြင်းမရှိပဲ တည့်တိုးပြောလိုက်သည်။
ရွှယ်ယန်က သူမစကားများကိုကြားသည့်အခါ မျက်နှာအမူအရာက ခပ်တည်တည်ဖြစ်သွားပြီး စနောက်ဟန် ပျောက်ကွယ်သွားကာ သခင်မကျွင်းကို လေးနက်တည်ကြည်စွာကြည့်လိုက်သည်။
" သခင်မကျွင်း ကျွန်တော်အစတည်းက ဟွိုင်လန့်ကို ကစားနေခဲ့တာ မဟုတ်ပါဘူး..."
" ဒါဆိုလည်း သူ့ဘက်ကိုတော့ငဲ့ပြီး စဉ်းစားပေးသင့်တာပေါ့... အရှင့်သားက ထီးနန်းဆက်ခံရမယ့်လူဆိုတာ ညီလာခံထဲက လူအားလုံးသိကြတယ်... တိုင်းပြည်တစ်ခုက ဘုရင်တစ်ပါးမရှိပဲ နေလို့မရသလို ဘုရင်တစ်ပါးကလည်း ဆက်ခံသူမရှိပဲ နေလို့မရပါဘူး... ကျွန်မတို့သားဟွိုင်လန်ကို မောင်းမဆောင်ထဲမှာ တစ်သက်လုံးနေခိုင်းပြီး ဧကရာဇ်ကို ဖြားယောင်းသွေးဆောင်တဲ့လူအဖြစ် တစ်ဘဝလုံး တခြားလူတွေ ကဲ့ရဲ့တာကို ခံခိုင်းနေတာလား..."
ရွှယ်ယန် ခေါင်းခါလိုက်သည်။
" ကျွန်တော် ငြင်းဆန်ပြီးသွားပါပြီ..."
သခင်မကျွင်း ထိတ်လန့်သွားရသည်။
" မနေ့က ဧကရီကျန်းကလည်း ကျွန်တော့်ကို ဒီကိစ္စပြောပါတယ်... "
ရွှယ်ယန်က ကျွင်းဟွိုင်လန်ကိုကြည့်ပြီး ဆက်ပြောလိုက်သည်။
" ကျွန်တော်ချစ်တဲ့လူတစ်ယောက် ရှိနေပြီးဖြစ်လို့ ဧကရာဇ်မလုပ်နိုင်ပါဘူးလို့ ခမည်းတော်နဲ့ ဧကရီကျန်းကိုာပြောခဲ့ပါတယ်..."
ကျွင်းဟွိုင်လန် လန့်သွားပြီး သခင်မကျွင်းကလည်း အေးခဲတောင့်တင်းသွားသည်။
ကျွင်းဟွိုင်လန် ဝင်မပြောပဲ မနေနိုင်တော့ပေ။
" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အဲဒိီပလ္လင်ပေါ်မှာ မင်းကလွဲပြီး ဘယ်သူထိုင်မှာလဲ..."
ရွှယ်ယန်က တွန့်ဆုတ်ခြင်းမရှိပဲ ဖြေလိုက်သည်။
" ကိုယ်မဟုတ်ပဲ တခြားလူတွေလည်း ထီးနန်းဆက်ခံလို့ရပါတယ်..."
ကျွင်းဟွိုင်လန် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောမိတော့ပေ။
ရွှယ်ယန်က သူစိတ်ပျက်အောင် မည်သည့်အခါတွင်မှ လုပ်မည့်လူဟု မထင်ထားခဲ့သော်လည်း ဤမျှ တိကျပြတ်သားသောနည်းလမ်းကို အသုံးပြုမည်ဟု မထင်ခဲ့မိပေ။
သူက ယခင်ဘဝတွင်လည်း ထီးနန်းမဆက်ခံခဲ့ရသော်လည်း ယခင်ဘဝနှင့် ယခုဘဝတွင် အခြေအနေနှစ်ခုက ကွာခြားလွန်းနေသည်။
ယခင်ဘဝတွင်မူ ရွှယ်ယန်က အရာအားလုံးကို ထိန်းသိမ်းနိုင်သည့် မင်းဆိုးမင်းညစ်တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုဘဝတွင်မူ သူက သူတစ်ယောက်တည်းကသာ ထီးနန်းဆက်ခံနိုင်သည့် အသင့်တော်ဆုံးလူဖြစ်နေသည်။
ရွှယ်ယန်က အံ့အားသင့်နေသည့် သခင်မကျွင်းကို တစ်ချက်ကြည့်လိုက်သည်။
" ပြီးတော့ ဧကရာဇ်ကလည်း အသက်ရှင်နေတုန်းပဲဆိုတော့ ရောဂါကို ကုသနိုင်ဖို့ သေချာပါတယ်... နောက်ပိုင်းကျရင် ကျွန်တော့်ညီတော်တွေထဲကတစ်ယောက်ကို ခမည်းတော်ရဲ့ အရိုက်အရာဆက်ခံခိုင်းဖို့ ရွေးလို့ရတာပဲ... ဒီကိစ္စကိုလည်း ခမည်းတော်နဲ့ ဆွေးနွေးပြီးသွားပါပြီ... အခု ကျွန်တော်က ခမည်းတော်ကိုယ်စား ထီးနန်းကိုယာယီထိန်းသိမ်းပေးနေရတဲ့လူပါ... အိမ်ရှေ့စံမင်းသား ဖြစ်လာမှာ မဟုတ်သလို ထီးနန်းဆက်ခံမယ့်လူလည်း မဟုတ်ပါဘူး..."
" မင်း..."
" ကျွန်တော်က အာဏာကိုလည်း စိတ်မဝင်စားပါဘူး... ဟွိုင်လန့်အတွက်နဲ့ ဒီအရာတွေအားလုံးကို စွန့်လွှတ်နိုင်ပါတယ်..."
သခင်မကျွင်းက ပါးစပ်အဟောင်းသားဖြစ်ပြီး စကားမပြောနိုင်ပေ။
ရွှယ်ယန်က သူမကိုကြည့်ပြီး ခိုင်မာစွာပြောလိုက်သည်။
" သခင်မ ကျွန်တော့်ကို လက်မခံနိုင်ဘူးဆိုတာသိပါတယ် ကျွန်တော်လည်း ဖိအားမပေးပါဘူး... သခင်မ ကျွန်တော့်ကို ဒီနေ့ ခေါ်မတွေ့ရင်လည်း ဆက်စောင့်နေဦးမှာပါ... အခု ကျွန်တော့်ကို လက်မခံနိုင်ဘူးဆိုရင်လည်း ထပ်ပြီးစောင့်နေလို့ ရပါတယ်..."
သခင်မကျွင်းက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
တိုင်းတစ်ပါးသားတစ်ယောက်၏ မျက်လုံးများသဖွယ် အရောင်ဖျော့နေသည့် ပယင်းရောင် မျက်ဝန်းများထဲတွင် မဖော်ညွှန်းပြနိုင်သည့် ဆုံးဖြတ်ချက်ခိုင်မာမှုများ ရှိနေသည်။
" ကျွန်တော် အတင်းအကြပ် ဖိအားပေးဖို့စိတ်ကူးလည်း မရှိပါဘူး... ကျွန်တော် တခြားဘာကိုမှ မတောင်းဆိုချင်ပါဘူး ဟွိုင်လန့်ကိုပဲ ကျွန်တော့်ဘဝထဲခေါ်ဖို့ စိတ်ကူးရှိတာပါ... သူက လွဲရင် ကျွန်တော် ဘယ်အရာကိုမှ မလိုချင်ဘူး..."
စကားဆုံးသည်နှင့် သူ့နေရာတွင်ပင် ထိုင်နေပြီး သခင်မကျွင်းကို တိတ်ဆိတ်စွာကြည့်နေသည်။
သခင်မကျွင်းမှာ တစ်ခဏတာခန့် စကားမပြောနိုင်တော့ပေ။
အချိန်အတန်ကြာပြီးသည့်အခါမှ စကားပြောလာသည်။
" ပြောစရာမရှိတော့ဘူးဆိုရင် ပြန်လို့ရပါပြီ ကွမ်းလင်ဘုရင်ခံ..."
ရွှယ်ယန်က သူမစကားကိုတုံ့ပြန်ပြီး မတ်တပ်ရပ်ကာ ဦးညွတ်လိုက်သည်။
မထွက်သွားမီအချိန်တွင် ကျွင်းဟွိုင်လန်ကို တစ်ချက်ကြည့်လိုက်သည်။
တဒင်္ဂ အကြည့်မျိုးသာဖြစ်သော်လည်း ကျွင်းဟွိုင်လန်၏စိတ်ထဲ သက်သာရာရသွားခဲ့သည်။
ရွှယ်ယန်က သူ့ကို ဘာမှစိတ်မပူရန် ပြောထား၍ အရာအားလုံးကို သူ ဂရုစိုက်ကိုင်တွယ်လိုက်မည်ကို ကျွင်းဟွိုင်လန်သိသည်။
——
ထိုညက ကျွင်းဟွိုင်လန် အိပ်ရာမဝင်မီတွင် သခင်မကျွင်း၏ခြံဝင်းထဲသို့ ထပ်မံသွားရောက်ခဲ့သည်။
သခင်မကျွင်းကလည်း မအိပ်ပျော်သေးပဲ မီးအိမ်ရှေ့တွင် အင်္ကျီချုပ်နေသည်။ သူမက အသေးအဖွဲ့ကိစ္စများအတွက် စိတ်ပူရန် မလိုအပ်သော်လည်း ဤနှစ်များတွင် ယုံနင်မြို့စားအတွက် ရာသီဥတုလေးခုလုံးဝတ်ရမည့် အတွင်းဝတ်များကို သူမကိုယ်တိုင် ချုပ်ပေးခဲ့သည်။
ကျွင်းဟွိုင်လန် ဝင်လာသည်ကို မြင်သောအခါ သခင်မကျွင်းက သူမရှေ့တွင် ထိုင်ခိုင်းလိုက်သည်။
" အရင်တုန်းကဆိုရင် အမေ့ကို ခဏခဏလာမရှာဖူးပါဘူး..."
ကျွင်းဟွိုင်လန် ရယ်လိုက်သည်။
" သားက စိုးရိမ်လို့ပါ... ရွှယ်ယန်က ပွင့်ပွင့်လင်းလင်းပြောသွားတာဆိုတော့ အမေများစိတ်ဆိုးသွားမလားလို့..."
သခင်မကျွင်းက သူ့ကို စိုက်ကြည့်လိုက်သည်။
" သား ဘာလို့ ကွမ်းလင်ဘုရင်ခံရဲ့နာမည်ကို ပုံမှန်လိုမျိုး ခေါ်နေရတာလဲ..."
ထိုစကားများကြောင့် ကျွင်းဟွိုင်လန် ရယ်လိုက်မိသည်။
သခင်မကျွင်းက ခဏအကြာတွင် သက်ပြင်းချလိုက်သည်။
" သားအဖေ ပြန်ရောက်လာရင်တော့ အပြစ်ပေးတော့မှာပဲ...
ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြလိုက်သည်။
" ကျွန်တော် အပြစ်ပေးခံရသင့်ပါတယ်..."
သခင်မကျွင်းက သူ့ကိုမော့ကြည့်လာပြီးနောက် နဖူးတောက်လိုက်သည်။
" ကျွန်တော် အပြစ်ပေးခံရသင့်ပါတယ် ဒါပေမဲ့ ဆက်လုပ်နေဦးမှာပါ အဲ့လိုလား...."
ထို့နောက် သူမလက်ထဲမှ ချုပ်လက်စအင်္ကျီကို ချထားလိုက်တော့သည်။
" သူ့ပုံစံက စကားအပြောကောင်းတဲ့လူနဲ့တော့ မတူဘူးပဲ..."
ကျွင်းဟွိုင်လန် ပြုံးလိုက်သည်။
" သေချာပေါက် အဲ့လိုမဟုတ်ပါဘူး..."
သခင်မကျွင်းက သူ့ကိုစိုက်ကြည့်လိုက်သည်။
" မင်း ဘယ်နှနှစ်လောက်အထိ အသက်ရှင်ပြီးပြီမို့လဲ လောကကြီးအကြောင်း ဘာတွေများ နားလည်လို့လဲ..."
ကျွင်းဟွိုင်လန် မတ်တပ်ရပ်လာပြီး သခင်မကျွင်း၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
" သဘာဝတရားကြီးကလည်း အမေထင်ထားသလောက် ရိုးရှင်းမနေဘူး... အမေသိလား လွန်ခဲ့တဲ့ နှစ်နှစ်တည်းက တစ်ယောက်ယောက်က အဖေ့ကို အကောက်ကြံနေပြီး ကျန်းနန်မှာ သေလုမျောပါးဖြစ်အောင်လုပ်ဖို့ ကြံစည်နေခဲ့တာ..."
သခင်မကျွင်းက မျက်မှောင်ကြုတ်ထားပြီး သူမ အမူအရာက လေးနက်လာပြီး ကျွင်းဟွိုင်လန်ကို ကြည့်လိုက်သည်။
" ဘာတွေဖြစ်ခဲ့တာလဲ..."
" ရှုမိသားစုက ကျန်းနန်မှာ ရေရှည်စီမံကိန်းဆွဲထားတာ... အစကတော့ သူတို့ ကျန်းအမတ်ကြီးကို အကောက်ကြံဖို့ပြင်နေတာ ဒါပေမဲ့ ကျန်းနန်ကိုသွားဖို့ အမိန့်ပေးခံလိုက်ရတဲ့လူက အဖေဖြစ်နေတော့ အဖေ့ဘက်ကို မြှားဦးလှည့်သွားတာ..."
ကျွင်းဟွိုင်လန်က သူမကို အကျင့်ပျက်ခြစားမှု၊ ရေကြီးမှုနှင့် ကပ်ရောဂါများအကြောင်း ပြောပြလိုက်သည်။
သခင်မကျွင်းက နားထောင်လေ မျက်မှောင်ကြုတ်လေဖြစ်လာပြီး သူမလက်ထဲမှ အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။
" ဒါဆိုရင် သားတို့ သားအဖနှစ်ယောက်လုံး ဘယ်လိုသိသွားပြီး ဖြေရှင်းနိုင်လိုက်တာလဲ..."
ကျွင်းဟွိုင်လန် ခေါင်းခါလိုက်သည်။
" သားတို့မှာ အဲ့လောက် လုပ်နိုင်စွမ်းမရှိပါဘူး... ရွှယ်ယန်ပဲ ဒီကိစ္စတွေကို ဖြေရှင်းပေးခဲ့တာ..."
သခင်မကျွင်း ငြိမ်ကျသွားခဲ့သည်။
သူမက ကျန်းနန်တွင် ဖြစ်ပျက်နေသည့်ကိစ္စများကို မသိခဲ့သော်လည်း ချန်အန်းမှ ကိစ္စများကိုမူသိသည်။
လွန်ခဲ့သော လအနည်းငယ်ခန့်က ညီလာခံတွင် အတော်အသင့်နေရာရလာသော ကွမ်းလင်ဘုရင်ခံက ကျန်းနန်သို့ ရုတ်တရက် ပို့ဆောင်ခံလိုက်ရသည်။ မကြာမီအချိန်တွင်ပင် ကွမ်းလင်ဘုရင်ခံက ရှန်တုန်းမှ အရာရှိများကို ဖမ်းဆီးခဲ့ပြီး ချန်အန်းသို့ ပြန်လာခဲ့ပြီး အကျင့်ပျက်ခြစားထားမှု သက်သေအထောက်အထားများကိုပါ ယူလာနိုင်ခဲ့သည်။
အလွဲသုံးစားပြုလုပ်ထားသည့် ရိက္ခာနှင့် ငွေကြေးများက ယန်ဇီမြစ်တောင်ပိုင်းဒေသဖြစ်သော ကျန်းနန်မှ သဘာဝဘေးအန္တရာယ်ခံစားလိုက်ရသော ဒုက္ခသည်များအတွက်ဖြစ်သည်။
ရွှယ်ယန်က ကျွင်းမိသားစုအတွက် လုပ်ဆောင်ပေးခဲ့သည်များကို သခင်မကျွင်း မသိပေ။
" သား အဖေနဲ့တူတူ ယန်ကျိုးကိုသွားတုန်းကလည်း ရွှယ်ယန်က သားအသက်ကိုကယ်ခဲ့တာကိုလည်း အမေမသိသေးဘူး..."
သခင်မကျွင်း သူ့ကိုကြည့်လာသည်။
ကျွင်းဟွိုင်လန် သူမကိုပြုံးပြလိုက်သည်။
" ဒီလိုဆိုတော့ ရွှယ်ယန်က သားအသက်ကို တစ်ကြိမ်ထက်ပိုပြီး ကယ်ခဲ့တာပဲ... အဲ့အချိန်တုန်းကလည်း ယန်ကျိုးမှာ တောင်ပြိုကျလို့ သားတို့နှစ်ယောက် ကျောက်တုံးတွေကြားထဲ ပိတ်မိသွားခဲ့တာ..."
သခင်မကျွင်း ထိတ်လန့်သွားပြီး မျက်နှာက ဖြူရော်လာသည်။
" အဲ့အချိန်တုန်းကတော့ သားကိုဖယ်ဖို့ ရွှယ်ယန်က ကျောက်တုံးကျလာတဲ့ဘက်မှာ ကာထားပေးလိုက်တာ သားကတော့ ဒဏ်ရာတစ်ခုမှ မရပေမယ့် သူကတော့ သေလုမျောပါးတောင် ဖြစ်သွားတာ..."
" အဲ့အချိန်တုန်းကဆို လက်နဲ့ သူ့ကျောပြင်ကို ထိကြည့်လိုက်တဲ့အချိန် သွေးတွေစိုရွှဲနေတာပဲ..."
သခင်မကျွင်း၏ မျက်လုံးများက နီရဲစပြုလာသည်။
သူက သခင်မကျွင်း၏လက်ကို သူ့လက်ဖြင့် ဆုပ်ကိုင်ထားသည်။
" အမေ သား ဒီအကြောင်းတွေပြောပြတာ ရွှယ်ယန်က သားတို့မိသားစုအပေါ် လုပ်ပေးခဲ့တာတွေကို ဂုဏ်ဖော်ချင်လို့မဟုတ်သလို သားကိုယ်တိုင်ကလည်း ဒီကိစ္စတွေကြောင့် သူ့ကိုချစ်သွားတာ မဟုတ်ပါဘူး... ရွှယ်ယန်က လူကောင်းတစ်ယောက်ဖြစ်တဲ့အပြင် အားကိုးရတဲ့လူဆိုတာ အမေသိစေချင်လို့ပါ ... အဲဒါမှ သူနဲ့ပတ်သက်ပြီး စိတ်မပူရမှာလေ..."
သခင်မကျွင်းက ခဏတာ ငြိမ်ကျသွားပြီးနောက် မျက်ရည်များကိုသုတ်လိုက်သည်။
" အမေ့ကို ဒီကိစ္စတွေလည်း အကြောင်းမကြားခဲ့ပါလား..."
သူမက အသံတိုးတိုးဖြင့် စောဒကတက်လိုက်သည်။
" အမေက အဝေးမှာနေရတဲ့လူဆိုတော့ မစိုးရိမ်စေချင်လို့ပါ... အခု သားကိုယ်တိုင် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီဆိုတော့ ကိုယ်တိုင်ပြောပြလို့ရတာပဲလေ..."
သခင်မကျွင်းက ငိုရှိုက်လိုက်သည်။
သူမ ဝမ်းနည်းသွားကြောင်း ကျွင်းဟွိုင်လန် သိလိုက်သည်။
ခဏအကြာတွင် သူမက အသံတိုးတိုးဖြင့် အခိုင်အမာပြောလိုက်သည်။
" ဒါပေမဲ့ လူဆိုတာ အမြဲတမ်းပြောင်းလဲတတ်တာပဲ... သူ့တစ်ဘဝလုံး ဒီလိုကောင်းနေမယ်လို့ မျှော်လင့်ထားလို့ မရဘူး... "
သခင်မကျွင်းက ထိုအကြောင်းကြောင့် ခေါင်းမာနေရခြင်းဖြစ်သည်။
သူမနှင့် ယုံနင်မြို့စားက တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြသူများဟု မှတ်ယူနိုင်ပေသည်။ သူတို့နှစ်ဦးက လက်မထပ်မီအချိန်က တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးသော်လည်း လက်ထပ်ပြီးချိန်တွင် ယုံနင်မြို့စားက စကားနည်းသူဖြစ်သော်လည်း သူက အလွန်အမင်းအားကိုးရသူဖြစ်ကြောင်းကို သိခဲ့သည်။
ယုံနင်မြို့စားက စကားနည်းသည်ဖြစ်၍ သူ့အချစ်ကို မဖော်ပြတတ်သော်လည်း ဇနီးသည်ဖြစ်သူကိုလည်း ကောင်းမွန်စွာဆက်ဆံပြီး နောက်ထပ်ဇနီးတစ်ယောက် ထပ်မထားခဲ့ပေ။
လူများက အချိန်ကြာလာသည်နှင့် ပြောင်းလဲတတ်သည်ကို သခင်မကျွင်း အသိဆုံးဖြစ်သော်လည်း အကျင့်စရိုက်နှင့် စိတ်ရင်းများက ပြောင်းလဲရန် ခဲယဉ်းလွန်းလှသည်။
ထိုစကားကိုကြားသောအခါ ကျွင်းဟွိုင်လန် ရယ်လိုက်မိသည်။
" သူ လုံးဝမပြောင်းလဲဘူးဆိုတာ သား အာမခံနိုင်ပါတယ်..."
သူက ကျွင်းသခင်မကိုကြည့်ပြီး ခိုင်မာစွာပြောလိုက်သည်။
" အဲ့လိုနေ့မျိုးရောက်လာမယ်ဆိုရင်တောင် အမေ ကြောက်နေစရာမလိုပါဘူး... သားတို့က တစ်ယောက်နဲ့တစ်ယောက် ညီတူညီမျှချစ်နေကြပြီး ဘယ်သူ့ကိုမှ မှီခိုနေတာ မဟုတ်ဘူး... အဲ့လိုနေ့မျိုးရောက်လာရင်တောင်မှ သားအတွက် စိတ်ပူစရာမလိုတော့ပါဘူး..."
သူမသားက စိတ်ထားကောင်းသော်လည်း ယုံကြည်ချက်ရှိလွန်းနေသည်ဟု သခင်မကျွင်းထင်မိနေသည်။
ခဏအကြာတွင် သူမ၏ ဒေါသများပြေပျောက်ရန်အတွက် ကျွင်းဟွိုင်လန်၏နှဖူးကို တစ်ကြိမ်ထပ်တောက်လိုက်သည်။
" အမေလည်း မတတ်နိုင်တော့ပါဘူး... အမေက အသက်ကြီးပြီပဲလေ... ထားလိုက်ပါ တကယ်လို့ မနက်ဖြန်မနက် သူ ထပ်လာမယ်ဆိုရင် အမေ တံခါးမပ်ိတ်ထားတော့ပါဘူး..."
Xxxxx