အပိုင်း ၁၆၁
Viewers 36k

Chapter 161


သူမ ဧည့်ခန်းထဲ ဝင်လာသည့်အခါ ကျွင်းဟွိုင်လန်နှင့် သခင်မကျွင်းကို နှုတ်ဆက်လိုက်သည်။ သခင်မကျွင်းက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူမကို ဘေးနား လာထိုင်ခိုင်းလိုက်သည်။ 


ကျွင်းလင်ဟွမ်က မျက်ရိပ်မျက်ခြည်‌သိသော ကလေးဖြစ်၍ အခြေအနေက တစ်မျိုးဖြစ်နေကြောင်း သိလိုက်သည်။ 


သူမ မုန့်စားနေစဉ် သခင်မကျွင်းနှင့် ကျွင်းဟွိုင်လန်ကို တစ်လှည့်စီကြည့်နေသည်။ သခင်မကျွင်းက စကားတစ်လုံးမှ မပြောပေ။ ကျွင်းဟွိုင်လန်က သူမကိုပြုံးပြပြီး စကားစမြည်ပြောနေသော်လည်း သခင်မကျွင်း အဘယ့်ကြောင့် စိတ်မပျော်မရွှင်ဖြစ်နေရသည်ကိုမပြောပြပေ။ 


ခဏအကြာတွင် ကျွင်းလင်ဟွမ် သိချင်စိတ်ကို အောင့်မထားနိုင်တော့ပေ။


သူမ သခင်မကျွင်းကိုမှီပြီး အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။


" မေမေ ဘာလို့ မပျော်တာလဲ..."


သခင်မကျွင်းက သူ့ကိုကြည့်လိုက်ပြီးနောက် ရင်ခွင်ထဲထည့်ပြီး ဖက်ထားလိုက်သည်။


" အရမ်း‌ဆိုးတဲ့ ဝံပုလွေကြီးတစ်ကောင် တံခါးဝမှာ ရောက်နေတယ်လေ... သူက သမီးအစ်ကိုကြီးကို ဖမ်းခေါ်သွားတော့မှာ..."

 

သခင်မကျွင်း၏စကားများကြောင့် ကျွင်းလင်ဟွမ် ထိတ်လန့်သွားရသည်။ 


ချန်အန်းမြို့တွင် အဘယ့်ကြောင့် ဝံပုလွေများရှိနေကြောင်းကို သူမ နားမလည်ပေ။ သို့ရာတွင် သူမအမေက ပြောနေ၍ ဝံပုလွေများ အမှန်တကယ်ရှိပုံရသည်။ 


‌ဝံပုလွေက သူမအစ်က်ိုကြီးကို ဖမ်းခေါ်သွားချင်နေ၍ ကျွင်းလင်ဟွမ် စိတ်လှုပ်ရှားနေမိသည်။ 


သို့ရာတွင် ထိုဝံပုလွေဆိုးကြီးကို တံခါးပိတ်ထားပြီး မောင်းထုတ်လိုက်ပြီဖြစ်၍ ဝင်လာမရတော့ကြောင်း သခင်မကျွင်းကပြောလာသည်။ ကျွင်းလင်ဟွမ် ထိုအခါမှ သက်ပြင်းချလိုက်မိသည်။ သို့သော်လည်း လမ်းပေါ်တွင် သွားလာနေ‌ကြသော လမ်းသွားလမ်းလာများကို တွေးမိသွားသည်။ ထိုဝံပုလွေကြီး ဗိုက်ဆာလာပါက ထိုလူများကို ကိုက်စားလိုက်မည်ဟု ထင်လာပြီး ကျွင်းလင်ဟွမ် စိုးရိမ်သွားမိသည်။ 


သူမအစ်ကိုက ဝံပုလွေဆိုးကြီးကို ရန်စထားသူဖြစ်၍ ကျွင်းဟွိုင်လန်မှလွဲ၍ အခြားလူများကို မစားသောကြောင့် သခင်မကျွင်းက သူမကို စိတ်မပူရန်ပြောလာမှ ကျွင်းလင်ဟွမ် စိတ်အေးသွားရသည်။


ဝံပုလွေဆိုးကြီးက တခြားလူတွေကို မစားချင်ပဲ ကိုကြီးကိုပဲစားချင်တာပေါ့... ဒါဆိုရင်တော့ ကိုကြီးကို ကာကွယ်ပေးလို့ရသေးတယ်...  အိမ်တော်ရဲ့ နံရံတွေက မြင့်တော့ အဲ့ဝံပုလွေဆိုးကြီး ဘယ်လောက်ကြောက်စရာကောင်းကောင်း ခုန်ဝင်လာနိုင်မှာ မဟုတ်ဘူး...

    

——

    

ယခုအချိန်တွင် " ဝံပုလွေဆိုးကြီး "က ယုံနင်မြို့စားအိမ်တော်ရှေ့တွင် ရပ်နေသည်။ 


သူ သဘောမပေါက်ပဲ နေမလား... မနေ့ကပဲ သွမ့်ရှီးရှီးက မြို့စားအိမ်တော်ကို ကူညီပေးထားတာကို သခင်မကျွင်းက အခု သူ့ကို ဒီပုံစံနဲ့ ဆက်ဆံနေတယ်ဆိုတော့ တခြားဖြစ်နိုင်ချေ မရှိတော့ဘူး...


ကျွင်းဟွိုင်လန်က အိမ်ပြန်ရောက်သည်နှင့် သူတို့နှစ်ယောက်အကြောင်းကို သခင်မကျွင်းအား မချွင်းမချန် ပြောပြလိုက်ပုံပေါ်သည်။


သို့ဖြစ်၍ ရွှယ်ယန်က ငြင်းဆန်ခံလိုက်ရသော်လည်း စိတ်အနှောင့်အယှက် မဖြစ်မိပေ။ တံခါးစောင့်က သူ့မျက်နှာရှေ့တည့်တည့်တွင် တံခါးကိုဆောင့်ပိတ်သွားသော်လည်း သူ ဒေါသထွက်ရမည့်အစား ရယ်နေမိသည်။


ကျင်းပေါင်က သဘောမပေါက်ပေ။ 

" အရှင် ဘာလို့ရယ်နေတာလဲ..."


ရွှယ်ယန်က သူ့ကို မရှင်းပြပေ။ 


ကျွင်းဟွိုင်လန်က သူတို့နှစ်ယောက်ဆက်ဆံရေးကို မိဘများအား ပြောပြချင်စိတ်ရှိခြင်းမှာ သူ့ကို အလေးအနက်ထားပြီး သူနှင့်အတူ အချိန်အတော်ကြာအထိ ရှိနေချင်ပုံရသည်။ သူ ကျွင်းဟွိုင်လန်ကို လက်ထပ်ပြီး မွေးရပ်မြေသို့ ပြန်ခေါ်သွားချင်ပါက ကျွင်းမိသားစု၏ တံခါးပိတ်ခြင်းခံရမည်မှာ အနှေးနှင့်အမြန်ဖြစ်သည်။


သို့ရာတွင် ထိုသို့ ငြင်းဆိုခံရမည်ကို သူ မကြောက်ပေ။ 


ရွှယ်ယန်က မျက်ခုံးပင့်လိုက်ပြီးနောက် ရှေ့တိုးလာပြီး သူကိုယ်တိုင် တံခါးခေါက်လိုက်သည်။ 


အစပိုင်းတွင် တံခါးစောင့်က တံခါးလာမဖွင့်သော်လည်း ကွမ်းလင်ဘုရင်ခံက အာဏာရှိပြီး ခေါင်းမာသူဖြစ်သည်။ သို့ဖြစ်၍ ခဏအကြာတွင် ဘာလုပ်ရမည်မသိတော့၍ တံခါးဖွင့်ပေးလိုက်သည်။ 


" အရှင့်သား ကျေးဇူးပြုပြီး ပြန်သွားပါတော့... ဒီအစေခံလည်း အမိန့်နာခံရတဲ့လူပါ ... ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို အနေခက်အောင် မလုပ်ပါနဲ့..."


တံခါးစောင့်က တံခါးကို အနည်းငယ်ဟပြီး ပြောလိုက်သည်။ 


ရွှယ်ယန်က စိတ်ငြိမ်ငြိမ်ထားပြီးနောက် ဤနေရာတွင် သူ့ကိုတွေ့ချင်သည့်အချိန်ထိ စောင့်နေမည်ဖြစ်ကြောင်း သခင်မကျွင်းကို အမှာစကားပါးခိုင်းလိုက်သည်။


လူကိုယ်တိုင် ဝင်လာဖို့ ခွင့်ပြုခိုင်းတာ မဟုတ်ပဲ စကားပါးခိုင်းတာဆိုတော့ ဖြစ်နိုင်ချေရှိပါသေးတယ်... 


တံခါးစောင့်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် တံခါးပိတ်သွားပြန်သည်။ 


တံခါးပိတ်သွားသည့်အခါ ကျင်းပေါင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။


" သခင်..."


သူ့သခင်က အကျင့်ပုတ်ပြီး စိတ်မရှည်တတ်သူဖြစ်ကြောင်းကို သူ အသိဆုံးဖြစ်သည်။ လွန်ခဲ့သည့်သည့်နှစ်နှစ်က အခက်ခဲဆုံးနေ့ရက်များတွင်ပင် ဤကဲ့သို့ အရှက်ခွဲမခံရဖူးပေ။


ရွှယ်ယန် သူ့ကို တစ်ချက်လှမ်းကြည့်သည်။


ကျင်းပေါင် ခဏတာ အံ့အားသင့်သွားရပြီး စိတ်ထဲတွင် အတွေးများသွားသည်။ သို့ရာတွင် ရွှယ်ယန်က ကျွင်းဟွိုင်လန်ကို တွေ့ချင်လွန်း၍ ရူးနှမ်းစွာ စောင့်နေသည်ဟုသာ ထင်လိုက်သည်။ 


" သခင် ဒီလိုဆိုရင်တော့ မဖြစ်နိုင်ဘူးထင်တယ်... နံရံပေါ် ကျော်တက်ပြီး ကြည့်ကြည့်ပါလား ဘေးလူတွေကို ကျွန်တော်မျိုး ကြည့်ထားပါ့မယ်..."


ဘယ်လိုပဲဖြစ်ဖြစ် ဒီနံရံလောက်ကတော့ သူ့သခင်အတွက် မြေပြန့်သာသာပဲရှိတာကို...


ရွှယ်ယန် စိတ်မရှည်စွာဖြင့် အကြည့်လွှဲလိုက်ပြီးနောက် သူ့ကို အဖက်လုပ်ပြီး စကားမပြောတော့ပေ။


ကျင်းပေါင် အံ့ဩသွားသော်လည်း ခဏအကြာတွင် သူ့ပါးစပ်ကို အုပ်ထားပြီး ရယ်နေလိုက်တော့သည်။ 


ငါ့သခင်က သူ့အိမ်ဖြစ်လာမယ့်နေရာမှ အငြင်းခံလိုက်ရပြီး အရှက်ကွဲသွားတယ်ဆိုတော့ ဆိုးတာတော့မဟုတ်ပါဘူး... ကိစ္စကောင်းပါပဲ...


သားမက်က ယောက္ခအိမ် လာလည်တာနဲ့တောင် တူနေတယ်...


သားမက်တစ်ယောက်က အိမ်အလည်လာပါက နံရံမှ ကျော်ဝင်ခွင့်မရှိပေ။ ယောက္ခမဖြစ်သူက ပေးသည့် အခက်အခဲများကို ကျော်ဖြတ်နိုင်ကာမှ အနာဂတ်တွင်လည်း အချိန်တိုင်းတွင် အရှေ့ဘက်တံခါးမှ ဝင်နိုင်မည်ဖြစ်သည်။

   

  ——


ကျွင်းဟွိုင်လန်က သူ့အမေနှင့်အတူ တစ်မနက်ခင်းလုံး ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။ 


တစ်နှစ်ကျော်ကာလအတွင်းတွင် ကျွင်းလင်ဟွမ်၏ ဗျပ်စောင်း၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီဆွဲခြင်းများက အတော်အတန်တိုးတက်လာခဲ့သည်။ တိုးတက်မှုက ရလဒ်တွင်မဟုတ်ပဲ သူမ၏ စိတ်အားထက်သန်မှုတွင်ဖြစ်သည်။ 


 သူမက အနုပညာအရည်အသွေးဖြင့် မွေးဖွားလာခဲ့ဟန်မပေါ်ပေ။ ချည်ထိုးခြင်း၊ ပန်းချီဆွဲခြင်းနှင့် လက်ရေးလှများတွင် စိတ်ဝင်စားသော်လည်း ကောင်းမွန်စွာ မလေ့ကျင့်နိုင်ပေ။ ဗျပ်စောင်းတစ်မျိုးတွင်မူ အတော် အရည်အချင်းရှိသည်ဟု ဆိုရပေမည်။ 


သခင်မကျွင်းကလည်း သူမကို အလိုလိုက်သည်။ သူမ လေ့ကျင့်နေသည်များကို စည်းကမ်းတင်းကြပ်ခြင်းမရှိပဲ သူမအပေါ်  တောင်းဆိုမှုများလည်းမရှိပေ။ 


ယနေ့မနက်တွင် ကျွင်းလင်ဟွမ်က သူမ ပန်းချီဆွဲသည်ကိုကြည့်ရန် ကျွင်းဟွိုင်လန်ကို ပြောလိုက်သည်။ 


ဤတစ်နှစ်အတွင်းတွင် ကျွင်းဟွိုင်လန်က သူမထံမှ ပန်းချီကားပေါင်းများစွာကို လက်ခံရရှိခဲ့သော်လည်း သူမကိုယ်တိုင်ပန်းချီအသစ်ဆွဲသသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ 


သူမ အရည်အချင်းများက မတိုးတက်လာသော်လည်း စိတ်ပါဝင်စားမှုက ရှိနေဆဲဖြစ်သည်။ ကျွင်းဟွိုင်လန်နှင့် သခင်မကျွင်းက သူမစိတ်ဝင်စားရာကိုလုပ်ရန် အချိန်တိုင်း သတ္တိမွေးပေးနေခဲ့သည်။ 


သို့ဖြစ်၍ အချိန်က ‌တရွေ့ရွေ့ကုန်ဆုံးသွားသည်။


ကျွင်းဟွိုင်လန်က သူ့ညီမလေးကို အဖော်လုပ်ပေးနေစဉ် သခင်မကျွင်း၏ အမူအရာကိုလည်း မသိမသာ အကဲခတ်နေသည်။ 


သခင်မကျွင်းက စိတ်နှင့်လူနှင့်ကပ်ပုံမရပေ။ 


ယနေ့တွင် ချန်အန်း၌ ရာသီဥတုသာယာသည့်အပြင် နေမြင့်နေပြီး ကောင်းကင်ယံတွင် တိမ်တိုက်များကို အစအနပင် မတွေ့ရပေ။ ယုံနင်မြို့စားအိမ်တော်က  အရှေ့ဘက်သို့ မျက်နှာမူထားခြင်းဖြစ်၍  နေမြင့်လေ အပြင်ဘက်တွင် ပူလေ ဖြစ်သည်။ 


ကျွင်းဟွိုင်လန်က အနည်းငယ် ပူပန်နေသော်လည်း ရွှယ်ယန်က ထိုအရာများကိုမကြောက်ကြောင်း သူသိသည်။


တစ်ဖက်တွင်မူ သခင်မကျွင်းက ပို၍ ဂနာမငြိမ်ဖြစ်လာသည်။ 


အတော်အတန် နေမြင့်လာချိန်တွင် သခင်မကျွင်းက ထိုင်မနေနိုင်တော့ပေ။


" အပြင်ဘက်မှာ မြင်းလှည်းရှိသေးလား သွားကြည့်စမ်း..."


သူမဘေးနားမှ အစေခံမလေးက အမြန်ထွက်သွားသည်။


ခဏအကြာတွင် သူမ ပြန်ရောက်လာသည်။


" သခင်မကြီး အပြင်ဘက်မှာ ဘာမြင်းလှည်းမှ မရှိပါဘူး..."


သခင်မကျွင်းက ခဏတာ ကြောင်အသွားပြီးနောက် သူမ မျက်နှာက မှောင်မည်းလာသည်။ 


" ဒါပေမဲ့ ကွမ်းလင်ဘုရင်ခံနဲ့ သူ့အစေခံတွေကတော့ တံခါးနားမှာ မတ်တပ်ရပ်နေကြတုန်းပါ..."


သခင်မကျွင်း၏ အမူအရာက တောင့်တင်းသွားပြီးနောက် စကားမပြောနိုင်တော့ပေ။ 


အစေခံမလေးက ခဏစောင့်နေသော်လည်း သခင်မကျွင်းက စကားပြန်မပြော၍ သတိထကာ မေးလိုက်သည်။


 " သခင်မကြီး ဒါဆိုရင်..."


သခင်မကျွင်း အံကြိတ်လိုက်သည်။


" သူ့ဘာသူ စောင့်ချင်စောင့် မစောင့်ချင်နေလို့ ငါမပြောခဲ့ဖူးလား... မြင်းလှည်းပေါ်ပဲစောင့်စောင့် အပြင်မှာပဲရပ်စောင့်စောင့် ကြိုက်သလိုနေပါစေ..."


အစေခံမိန်းကလေးက ဘာပြောရမည်မသိဖြစ်သွား၍ ဘေးနားကပ် ရပ်နေလိုက်သည်။ 


ကျွင်းဟွိုင်လန် သခင်မကျွင်းကို ခိုးကြည့်လိုက်သည့်အခါ သူမ အံကြိတ်နေသည်ကို တွေ့လိုက်ရသည်။ 


ကျွင်းဟွိုင်လန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ 


သူအပြုံးကို မဖုံးကွယ်နိုင်ဖြစ်သွား၍ သခင်မကျွင်းက သူ့ဘက်လှည့်လိုက်ချိန်တွင် တွေ့သွားသည်။ 


အမေဖြစ်သူက သူ့ကို စူးစူးရဲရဲကြည့်နေ၍ ကျွင်းဟွိုင်လန် ချောင်းဟန့်လိုက်ပြီးနောက် မျက်ကိုခပ်တည်တည်ထားကာ ခါးမတ်၍ထိုင်နေလိုက်သည်။ 


သူတို့နှစ်ယောက်၏ အပြုအမူကြောင့် ဘေးနားတွင်ထိုင်နေသည့် ကျွင်းလင်ဟွမ်က မေးလာသည်။


" ကိုကြီး ဘာဖြစ်လို့လဲ..."


ကျွင်းဟွိုင်လန်က သူမခေါင်းကို အသာအယာပုတ်လိုက်သည်။ 

" ဘာမှမဟုတ်ပါဘူး... လင်ဟွမ် ပန်းချီဆက်ဆွဲနေလေ..."


ကျွင်းလင်ဟွမ်က နာခံစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။


ယခုအချိန်တွင် သခင်မကျွင်းမှာ စိတ်နှင့်ကိုယ် မကပ်တော့ပေ။ 


ပြတင်းပေါက် အပြင်ဘက်မှ တဖြည်းဖြည်းမြင့်တက်လာသော နေလုံးကြီးကိုကြည့်ကာ သူမစိတ်ထဲ ဂနာမငြိမ် ဖြစ်လာသည်။


မွန်းတည့်ချိန်ရောက်ပြီဖြစ်သည်။

    

မီးဖိုချောင်က သခင်မကျွင်း မှာကြားထားသည့်အတိုင်း အမြဲ အချိန်မှန်ပေသည်။ နေ့လယ်ရောက်သောအခါ အစေခံတစ်ယောက်က နေ့လယ်စာအဆင်သင့်ဖြစ်၍ သုံးဆောင်၍ရပြီဖြစ်ကြောင်း လာပြောသည်။ 


ကွမ်းလင်ဟွမ် ပျော်ရွှင်သွားပြီး စုတ်တံကိုချကာ သူမ အမေနှင့်အစ်ကိုကို တောက်ပသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။


သခင်မကျွင်းက အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။

    

" တံခါးဝမှာ တစ်နေကုန် ရပ်နေတော့ရော ဘာလုပ်ရမှာလဲ သူ တစ်နှစ်ခွဲလောက် မတ်တပ်ရပ်နေရင်တောင် ငါသူ့ကို တွေ့ချင်မှာမဟုတ်ဘူး..."


သူမ ပြောနေလျက်နှင့် မတ်တပ်ရပ်လိုက်သည်။ 


ကျွင်းဟွိုင်လန်ကလည်း မတ်တပ်ရပ်လာသည်။ 


သခင်မကျွင်းက လမ်းလျှောက်နေစဉ်တွင် သူမဘေးမှ အစေခံ‌မလေးကို ညွှန်ကြားလိုက်သည်။

" တံခါးနားကိုသွားပြီး တစ်ချက်ကြည့်လိုက်..."


အစေခံမလေးက ခေါင်းငြိမ့်လိုက်သည်။


ထို့နောက်တွင် သခင်မကျွင်းက ဆက်ပြောသည်။


" သူ တကယ်လို့ တံခါးဝမှာ ရပ်နေတုန်းဆိုရင်တော့ နေ့လယ်စာ လာစားဖို့ အထဲဝင်ခိုင်းလိုက်... စားပြီးရင်တော့ မြန်မြန်ထွက်သွားရမယ်လို့ပါပြော... ‌ဗိုက်ကလည်းဆာနေတဲ့အပြင် နေပူထဲပါရပ်နေရင် ငါတို့ ယုံနင်မြို့စားအိမ်တော်က တခြားလူတွေကို အနိုင်ကျင့်နှိပ်စက်နေတယ်လို့ ထင်ကုန်ဦးမယ်..."   


ရွှယ်ယန်က နောက်ဆုံးတွင် ကျွင်းမိသားစု၏ ထမင်းစားပွဲသို့ ရောက်လာသည်။ 


သို့ရာတွင် သခင်မကျွင်း၏ မျက်နှာက အေးစက်နေပြီး သူ့ဘေးနားတွင်ထိုင်နေသည့် ကျွင်းဟွိုင်လန်ကလည်း စကားမပြောရဲ၍ ရွှယ်ယန် ဝင်လာသည့်အခါ သူ့ကိုလှမ်းကြည့်ရုံသာ ကြည့်လိုက်သည်။


ရွှယ်ယန်က တစ်မနက်ခင်းလုံး အမှန်တကယ်ပင်နေပူဆာလှုံခဲ့ရသည်။ သူ့အသား‌အရည်က ဖြူဖျော့နေခြင်းမဟုတ်သော်လည်း ယခုအချိန်တွင် သူ့မျက်နှာက နီရဲနေပြီး စစ်မြေပြင်မှ ပြန်ရောက်လာသကဲ့သို့ ချွေးများစိုရွှဲနေသည်။ 


ကျွင်းဟွိုင်လန် သူ့ကို ဒုတိယအကြိမ်ကြည့်လိုက်သောအခါ သခင်မကျွင်း ချောင်းဟန့်လိုက်သည်ကို ကြားလိုက်ရသည် 


ကျွင်းဟွိုင်လန် ချက်ချင်းအကြည့်လွှဲလိုက်ရသည်။ 


အခန်းထဲမှ လူအားလုံး ငြိမ်သက်နေကြသော်လည်း ရွှယ်ယန့်ကို မှတ်မိသွားသော ကျွင်းလင်ဟွမ်က ထခုန်ပြီး ပြောလိုက်သည်။ 


" မင်းသား၅ အစ်ကိုကြီးပဲ... လင်ဟွမ် အစ်ကိုကြီးကို မတွေ့ရတာကြာပြီ..."


ရွှယ်ယန် ခေါင်းငုံ့လိုက်ပြီး သူမခေါင်းကို အသာအယာပုတ်လိုက်ကာ မြင်ရခဲ‌သည့် အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။


" အရပ်ရှည်လာတာပဲ..."


သခင်မကျွင်း၏ အကြည့်များက သူ့အပေါ်တွင်သာ ရှိနေသည်။ 


" အရှင့်သား ကွမ်းလင်ဘုရင်ခံ ရောက်လာပြီဆိုတော့  ကျေးဇူးပြုပြီးထိုင်ပါဦး..."

    

ရွှယ်ယန်က သူမကို ပြုံးပြလိုက်ပြီးနောက် ထိုင်လိုက်သည်။


သခင်မကျွင်းက ဘာစကားမှမပြောပဲ တူကိုကိုင်လိုက်သည်။ အားလုံးငြိမ်သက်စွာ စားသောက်လိုက်ကြပြီး နေ့လည်စာစားပြီးချိန်တွင် စကားတစ်ခွန်းမှ မပြောကြပေ။


အစေခံများက ပန်းကန်များကို သိမ်းဆည်းပေးသွားပြီးနောက် လက်ဖက်ရည်ကြမ်း လာချပေးချိန်တွင် သခင်မကျွင်းက ကျွင်းလင်ဟွမ်ကို တစ်ရေးတစ်မော သွားအိပ်ခိုင်းလိုက်သည်။ 


သို့ရာတွင် ရွှယ်ယန်နှင့် ကျွင်းဟွိုင်လန်ကို‌ နေခဲ့ခိုင်းသည်။ 


" အရှင့်သားက ဒီလိုနိမ့်ကျတဲ့အိမ်တော်ကို မနက်အစောကြီး ဘာလို့ ရောက်လာတာလဲဆိုတာ ကျွန်တော်မျိုးမ မမေးရသေးပါဘူး... အရေးကြီးကိစ္စများ ရှိလို့လားဆိုတာ ရှင်းပြပါဦး... ‌ဒီကိစ္စပြီးသွားရင်တော့ ပြန်နိုင်ပါပြီ..."


သခင်မကျွင်းက လက်ဖက်ရည်ကြမ်းခွက်ကိုကိုင်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။


Xxxxxx