အပိုင်း ၁၆၀
Viewers 36k

Chapter 160


အတိတ်တွင်မူ မိန်းမစိုးက ဧကရာဇ်ကြွချီလာကြောင်း အသိပေးလိုက်ပြီးနောက်တွင် ဧကရာဇ်က ပင်မခန်းမဆောင်နောက်မှထွက်လာပြီး ပလ္လင်ပေါ် ထိုင်လိုက်ခြင်းဖြစ်သည်။ 


မင်းသား၄ ညီလာခံတက်ခဲ့သည့်နေ့ကလည်း ထိုသို့ပင်ဖြစ်သည်။ 


အားလုံး အသက်အောင့်ထားကြပြီး အာရုံစိုက်နေကြသည်။ 


ထိုအချိန်တွင် သူတို့အနောက်ဘက်မှ မိန်းမစိုးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

" ကွမ်းလင်ဘုရင်ခံ ရောက်ရှိလာပါပြီ..."

    

မိန်းမစိုးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်ခြင်းဖြစ်ကာ ထိုနေရာမှ အမတ်အားလုံးလည်း မျက်နှာများ ဖြူဖျော့ကုန်ပြီး သူတို့အနောက်ကို လှည့်ကြည့်လိုက်ကြသည်။


ကွမ်းလင်ဘုရင်ခံက အပြင်ဘက်ကနေ ဝင်လာမှာလား...


အချိန်တစ်ခုအထိ အားလုံးက တအံ့တဩဖြစ်နေကြပြီး ငေးငိုင်ကြည့်နေကြသည်။


သို့ရာတွင် ဘုရင်ခံတစ်ယောက်၏ ဝတ်ရုံကိုသာ ဝတ်ဆင်လာသော ရွှယ်ယန်က ဘေးနားကို တစ်ချက်မှမကြည့်ပဲဖြတ်သွားပြီး ရှေ့ဆုံးတွင်ရပ်နေသည့် ကျန်းအမတ်ကြီးကိုပါ ကျော်သွားသည်။ 

 

သူက ပလ္လင်ပေါ်တက်ရာ ရွှေရောင်လှေကားထစ်များပေါ် တက်သွားပြီးနောက် တစ်ဖက်သို့လှည့်ကာ နဂါးပလ္လင်ရှေ့တွင် ရပ်လိုက်သည်။ 


ကျင်းပေါင်က သူ့နောက်မှ ဂုဏ်ယူဝံ့ကြွားစွာလိုက်လာပြီး နဂါးပလ္လင်ဘေးတွင် ရပ်နေသည်။


ရွှယ်ယန် ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။


အမတ်များအားလုံးက သူ့ကို တအံ့တသြကြည့်နေကြသည်။ 


ရွှယ်ယန်က နန်းတွင်းထဲနေသူမဟုတ်သော်လည်း ဘုရင်ခံတစ်ယောက်အနေဖြင့် ညီလာခံကို အဝင်အထွက်ပြုလုပ်လေ့ရှိသူဖြစ်သည်။


ဒါပေမဲ့ သူက ဘာလို့ ပလ္လင်ပေါ်ထိုင်နေရတာလဲ...


အားလုံး ခဏတာ စိတ်ရှုပ်ထွေးသွားကြသည်။


ရွှယ်ယန်က စိတ်မရှည်ဟန်ဖြင့် စုပ်သပ်လိုက်သည်။


" ဘာလုပ်နေကြတာလဲ... ဘာကိစ္စမှ တင်ပြစရာ ဖြေရှင်းစရာ မရှိတော့ဘူးလား..."


ထိုအခါမှသာ အမတ်အားလုံးက တုံ့ပြန်လာကြပြီး ဒူးထောက်လိုက်ပြီးနောက် ဦးညွတ်‌အရိုအသေပြုလိုက်ကြသည်။

    

ရွှယ်ယန်က လက်တင်ပေါ်တွင် လက်တစ်ဖက်ထောက်ထားပြီး သက်တောင့်သက်သာပုံစံဖြင့် ထိုင်နေသည်။


" ပန်ဝမ်ရဲ့ ခမည်းတော်က အဆိပ်ခတ်ခံထားရလို့ ဒီကိစ္စကို သေချာပေါက် စုံစမ်းပြီး ပြန်သက်သာလာမယ့်နည်းလမ်း ရှာသွားမှာပါ..."


" ဒါပေမဲ့ အခုလောလောဆယ်တော့ သူဘာမှ မလုပ်နိုင်သေးဘူး... ညီလာခံကိစ္စတွေကိုတော့ ပန်ဝမ် ကိုင်တွယ်ပေးမယ်... ဘယ်သူက အိမ်ရှေ့စံမင်းသားဖြစ်လာပြီး ထီးနန်းကို ဘယ်သူ ဆက်ခံမယ်ဆိုတာကိုတော့ နောက်မှ တဖြည်းဖြည်း ဆွေးနွေးကြတာပေါ့..."


သူ အမတ်များကို ကြည့်လိုက်သည်။ 


" ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ဘယ်သူထိုင်ထိုင် အရေးမကြီးပါဘူး... မင်းတို့က အလုပ်ကိုပဲကောင်းကောင်းလုပ်ရင်ရပြီ ကျန်တာတွေကို ပူပန်နေစရ မလိုဘူး... ပန်ဝမ်က ခမည်းတော်နဲ့မတူလို့ စိတ်မရှည်ဘူး မင်းတို့လည်း ကြားထားမှာပါ..."


အမတ်များအားလုံး လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။ 


ရွှယ်ယန်က လက်မြှောက်ပြီး သူတို့ကို မတ်တပ်ရပ်ခိုင်းလိုက်သည်။


ထိုအချိန်မှစ၍ မနက်ခင်းညီလာခံကို စတင်တော့သည်။


ရွှယ်ယန်၏ ဂုဏ်သတင်းကို ချန်အန်းမှ အမတ်အများစုက သိရှ်ိထားကြပြီးဖြစ်၍ သူပထမဆုံး ညီလာခံတက်ရောက်ချိန်ကတည်းက မည်သူကမျှ သူနှင့် မဆန့်ကျင်ရဲ‌ကြပေ။ 

   

သို့ရာတွင် ထိုလူများ၏ ကံကြမ္မာက အလွန်မကောင်းမွန်လှပေ။ 


အားလုံးက မရှောင်လွှဲနိုင်သော အရာများနှင့် အရှက်ရဖွယ်ကိစ္စများကို တစ်ခုမဟုတ်တစ်ခု ပြုလုပ်ထားကြသည့်အမတ်များဖြစ်သည်။ အကယ်၍ ထိုကိစ္စမျိုးပြုလုပ်ထားပါက ကွမ်းလင်ဘုရင်ခံကို ရန်သွားမစလျှင် အကောင်းဆုံးဖြစ်သည်။ အမတ်အဖြစ်အသက်မွေးသည့်လမ်းကြောင်းကို ချောချောမွေ့မွေ့ဖြစ်စေချင်ပါက ပြဿနာမဖြစ်အောင် နေရမည်ဖြစ်ပြီး ပထမဆုံးပြုလုပ်ရမည့်အရာက ကွမ်းလက်ဘုရင်ခံကို ပြဿနာသွားမရှာမိအောင် ပြုလုပ်ရမည်ဖြစ်သည်။ 


အမတ်များအားလုံးက သူ့ကိုကြောက်ရကောင်းမှန်းသိသော်လည်း ရှုမိသားစုက မသိခဲ့ပေ။ သို့ဖြစ်၍ ရှုမိသားစု၏ ကံကြမ္မာက သိသာနေပြီဖြစ်သည်။ 


ယခုအချိန်တွင်လည်း ရွှယ်ယန်က ပလ္လင်ပေါ်တွင် ထိုင်နေပြီဖြစ်၍ မည်သူကမှ သူ့အမိန့်ကို မနာခံပဲ မနေရဲကြပေ။ 


ရလဒ်အနေဖြင့် မနက်ခင်းညီလာခံက အေးအေးဆေးဆေးနှင့်ပြီးဆုံးသွားပြီး ဧကရာဇ်ချင်းဖျင်ရှိစဉ်ကထက် အလုပ်လုပ်နိုင်စွမ်းက ပိုမိုမြန်ဆန်နေခဲ့သည်။ 


မနက်ခင်းညီလာခံက ယခင်ထက် ရှီချန်တစ်ဝက်စောပြီး ပြီးဆုံးသွားခဲ့သည်။


အမတ်များ ပြန်သွားကြချိန်တွင် ရွှယ်ယန်က ပြစ်ဒဏ်စီရင်ရေးဌာနအမတ်ကို တစ်ယောက်တည်း နေခဲ့ခိုင်းသည်။


" ရှုရှန့်ကို ဘယ်လိုစီရင်ချက်ချမလဲ ဆုံးဖြတ်ပြီးသွားပြီလား..."

ရွှယ်ယန်က မေးလိုက်သည်။


ပြစ်ဒဏ်စီရင်ရေးဌာနအမတ်က အလျင်အမြန် ပြန်ဖြေလိုက်သည်။


" အရှင့်သားကို ပြန်ဖြေကြားပါတယ်...အကုန်ပြင်ဆင်ပြီးသွားပါပြီ အရှင့်သားရဲ့ အမိန့်တော်ချမှတ်ဖို့ပဲ လိုအပ်တော့တာပါ..."


ရွှယ်ယန်က သူ့ကိုဆက်လုပ်ရန် အချက်ပြလိုက်သည်။


ရှုရှန့်၏မိသားစုက အကျင့်ပျက်ခြစားမှုများပြုလုပ်ကာ လာဘ်ငွေများကိုလည်းလက်ခံပြီး ယွင်ယန်ဘုရင်နှင့်လည်း အတူတကွ လျှို့ဝှက်ကြံစည်ခဲ့သည်။ ယခုတွင်လည်း မြို့ကို စစ်တပ်ကြီးဖြင့် ဝန်းရံထားခဲ့ပြီး  ထီးနန်းလုယူရန် ကြံရွယ်ခဲ့သည်။ ထိုသို့ လေးနက်သည့်ပြစ်မှုကြီးက ရှုမိသားစု၏ ဆွေစဉ်မျိုးဆက်ကိုးခုကိုပင် အပြစ်‌ဒဏ်ပေးရန် လုံလောက်ပေသည်။ 


ဤကိစ္စနှင့်ပတ်သက်၍ အငြင်းပွားစရာအကြောင်းများ ရှိမနေ၍  ပြစ်ဒဏ်စီရင်ရေးဌာနမှအမတ်က တွန့်ဆုတ်မနေတော့ပဲ ပြစ်ဒဏ်စီရင်ရေးဌာန၏ ပြစ်ဒဏ်များကို ပြောပြလိုက်သည်။


ရွှယ်ယန် ခေါင်းငြိမ့်လိုက်သည်။

" ရှုမိသားစုကို ပြစ်ဒဏ်တွေ လျှော့လျှော့ပေါ့ပေါ့ ပေးထားတာပဲ..."


အမတ်မှာ ထိတ်လန့်သွားရသည်။


ဒါ... ဆွေစဉ်မျိုးဆက်ကိုးခုအထိ သတ်တယ်ဆိုတာက တိုင်းပြည်အဆင့် ပြစ်မှုကျူးလွန်သူတွေကိုပဲ ပေးရတဲ့အပြစ်ဒဏ်လေ အဲ့ထက်ပိုပြီး ပြင်းထန်တာ ရှိသေးလို့လား...


သူ စကားမပြောရဲ၍ ဒူးထောက်နေပြီး ရွှယ်ယန်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေသည်။ 


ရွှယ်ယန်၏လက်များက နဂါးပလ္လင်ပေါ်ရှိ လက်တင်ပေါ် ထောက်ထားသည်။


" ဆွေစဉ်မျိုးဆက်ကိုးခုလုံးအထိ အပြစ်ပေးခံရမယ်‌ဆိုရင် ရှုရှန့်၊ ရှုကျုံးလျန်နဲ့ ရှုကျုံးဝေ့တို့ကိုရော ဘယ်လိုအပြစ်ပေးမှာလဲ..."


" ပုံမှန်ဆိုရင်တော့ ခေါင်းဖြတ်ပစ်တာပါ..."


ရွှယ်ယန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။ 

" သူတို့သုံးယောက်ကို သီးသန့်အပြစ်ပေးလိုက်..."


ယမန်နေ့ညက သွမ့်ရှီးရှီးရောက်လာပြီး ကျွင်းမိသားစု၏ အခြေအနေများကို သူ့အားပြောပြခဲ့သည်။ ရွှယ်ယွင်ဟုန်က မြို့စားအိမ်တော်သို့ စစ်သည်များစေလွှတ်ပြီး သခင်မကျွင်းနှင့် အငယ်ဆုံးသမီးကို အကျဉ်းထောင်ထဲတွင် အတူတကွဖမ်းထားခိုင်းရသည့်အကြောင်းကို သူသိသည်။


သူတို့က ကျန်းနန်တွင်ရှိနေသော ယုံနင်မြို့စားကိုလည်း သတ်ပစ်ချင်နေကြသည်။ ယခုအခါတွင်လည်း အိမ်တော်၌ ယောက်ျားသားများ မရှိသောအချိန်ကို အခွင့်ကောင်းယူ၍ မိန်းမသားများကို ဖမ်းဆီးခိုင်းသည်မှာလည်း ရှုမိသားစုနှင့် ကျွင်းမိသားစု၏ စိတ်သဘောထား မတိုက်ဆိုင်မှုများကြောင့်ဖြစ်သည်။ 


ရွှယ်ယန် သူတို့ကို လွယ်လွယ်မလွှတ်ပေးနိုင်ပေ။ 


" ကျွန်တော်မျိုးကို သေချာရှင်းပြပေးလို့ရမလား အရှင်..."

ပြစ်ဒဏ်စီရင်ရေးဌာနအမတ်က ပြောလိုက်သည်။ 


ရွှယ်ယန်က သူ့ကိုတစ်ချက်ကြည့်ပြီး အေးအေးလူလူသာ ပြောလိုက်သည်။ 


" သေရမယ့်နည်းလမ်းကို ပြောင်းလဲလိုက်ပါ လွယ်လွယ်လည်း မသေသွားစေနဲ့... ဘယ်လိုမျိုးလဲဆိုတာတော့ မင်းက ပန်ဝမ်ထက် ပိုသိမှာပါ..."


အမတ်က သဘောပေါက်သွားပေသည်။


" ဒါပေမဲ့..."

မိသားစုလိုက် ပြစ်ဒဏ်စီရင်မှုများတွက် တစ်ယောက်ချင်းစီကို ခွဲထုတ်ပြီးသတ်ခြင်းဟူသော ဓလေ့မျိုး မရှိခဲ့ဖူးပေ။ 


ရွှယ်ယန်က သူ့စကားများကိုနားထောင်ရန် ပျင်းလွန်းနေသည်။ 


" ပြောတဲ့အတိုင်းပဲလုပ်ပါ... ရွှယ်ယွင်ဟုန်ကိုရော ဘယ်လိုလုပ်မလဲ..."


" ဒါ... မင်းသား၄ကကျတော့ အရှင်မင်းကြီးရဲ့သွေးသားဆိုတော့ အမတ်တွေက အလောတကြီးနဲ့ စီရင်ချက် မချရဲသေးပါဘူး... အဲဒါကြောင့်မို့ အရှင်က ‌နည်းလမ်းပြသပေးရင် ‌အကောင်းဆုံးပါပဲ..."


" သူက ထီးနန်းလုဖို့ကြိုးစားတယ်ဆိုမှတော့ အသက်ချမ်းသာပေးစရာအကြောင်း ရှိလို့လား..."


ရွှယ်ယွင်ဟုန်ကို သတ်စေလိုသည်ကို အမတ်က သဘောပေါက်သွားသည်။ 


" ခေါင်းဖြတ်လိုက်..."


အမတ်က တအံ့တဩဖြစ်သွားခဲ့သည်။ 

   

ဘုရင့်သွေးသားဖြစ်သောမင်းသားများမှာ ကြီးလေးသောပြစ်ဒဏ်ကို ကျူးလွန်ခဲ့လျှင်ပင် ခန္ဓာကိုယ်ကို အကောင်းပကတိထားရသည်။ 

ခေါင်းဖြတ်သတ်လိုက်မယ်ဆိုရင်... မင်းသား၄အတွက် အရှက်ကွဲမှုကြီးပဲလေ...


အမတ်က အံ့အားမသင့်ပဲ မနေနိုင်တော့ပေ။


ရွှယ်ယန်က စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

" ပြဿနာရှိလို့လား..."


ပြဿနာ မရှိပါဘူး သေချာပေါက် ပြဿနာ မရှိပါဘူး...


ပြစ်ဒဏ်စီရင်ရေးဌာနအမတ်မှာ ဇောချွေးများပြန်ပြီး ထွက်သွားရသည်။


ထိုအမတ်ပြန်ထွက်သွားချိန်တွင် ရွှယ်ယန်က အေးစက်စက် ရယ်မောလိုက်သည်။


အဲ့လူတွေက သူတို့ဘာသာ လျှို့ဝှက်ကြံစည်နေရုံမကဘူး ယုံနင်မြို့စားအိမ်ကိုပါ သွားထိရဲသေးတယ်ပေါ့... သူတို့ကို ရက်ရက်စက်စက်သတ်ပြီးမှ ငါ ညဘက်ကောင်းကောင်းအိပ်နိုင်မှာ... 


ဘေးနားမှကျင်းပေါင်က သူ့ကို လာပြုံးပြသည်။ 


" အရှင် မနက်ခင်းညီလာခံပြီးသွားပြီဆိုတော့ ဘယ်သွားစရာရှိသေးလဲ..."


အိမ်တော်ကိုပဲ ပြန်မှာပေါ့ ဘာလို့လျှာရှည်ပြီး လာမေးနေသေးတာလဲ...


သူ ဆိုလိုချင်သည့် တစ်ခုခုကို ရွှယ်ယန်သဘောပေါက်သွားသည်။


" အင်း ယုံနင်မြို့စားအိမ်ကိုတော့ တစ်ချက်လောက်သွားကြည့်တာပေါ့..."


ကျင်းပေါင်က သူ့ကိုရယ်ပြလိုက်ပြီးနောက် သွားရန်အတွက် စီစဉ်လိုက်သည်။


ယမန်နေ့က ယုံနင်မြို့စားအိမ်တော်မှာ ‌ဒုက္ခရောက်လုနီးပါးဖြစ်သွားခဲ့သည်။  ကံကောင်းသည်မှာ ရွှယ်ယန်၏အကူအညီကြောင့် သူတို့ဘေးကင်းသွားခဲ့သည်။ သို့ဖြစ်၍ ယနေ့တွင် သူတို့အိမ်တော်သို့ သွားတွေ့မည်ဆိုပါက ကျိုးကြောင်းဆီလျော်လှပေသည်။


ကျင်းပေါင်က စီစဉ်စရာရှိသည်များ သွားရောက်စီစဉ်ပြီးချိန်တွင် နန်းတော်မှ ထွက်လာကြပြီးနောက် မြင်းလှည်းက ယုံနင်မြို့စားအိမ်တော်သို့ ထွက်လာခဲ့သည်။ 


အိမ်တော်သို့ရောက်ချိန်တွင် ကျင်းပေါင်က ဂုဏ်ယူစွာဖြင့် တံခါးစောင့်ကို တံဆိပ်ပြလိုက်သည်။ 


မမျှော်လင့်ထားသည်မှာ တံခါးစောင့်က တံဆိပ်ပြားကိုကြည့်ပြီးနောက် ကျင်းပေါင်၏လက်ထဲ ပြန်ထိုးထည့်ပေးလိုက်သည်။


" မိန်းမစိုး ကျေးဇူးပြုပြီး အရှင့်သားနဲ့တူတူ ပြန်သွားလိုက်ပါ..."


ကျင်းပေါင် အံ့အားသင့်သွားသည်။

" အိမ်တော်မှာ ဘယ်သူမှ မရှိဘူးလား..."


တံခါးစောင့်က ခေါင်းခါလိုက်သည်။


" သခင်မကျွင်းက အမိန့်ပေးထားလို့ပါ... ကွမ်းလင်ဘုရင်ခံရဲ့အိမ်တော်က လူတွေဆို ဘယ်သူဖြစ်ဖြစ် အတွေ့မခံပါဘူးတဲ့ ..."


............


ကျွင်းဟွိုင်လန်က သခင်မကျွင်းနှင့်အတူ ဧည့်ခန်းမထဲတွင် တူတူထိုင်နေသည်။ 


သခင်မကျွင်းက ကိုယ်အမူအယာ ယဉ်ကျေးသိမ်မွေ့သူဖြစ်ပြီး အန္တရာယ်နှင့်ရင်ဆိုင်ရချိန်တွင်ပင် တည်ကြည်ပြီး ကျက်သရေရှိမှုဟူသောအရာကို အရိုးထဲစွဲနေသူဖြစ်သည်။ သူမက ရန်စခံရ၍ ဒေါသ‌ထွက်နေလျှင်ပင် ကိုယ်တိုင်က ရိုင်းစိုင်းသည့်စကားလုံးများ မသုံးစွဲသူဖြစ်၍ သူမ မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များကို မြင်ရရန် ခဲယဉ်းလွန်းလှသည်။


ယခုအချိန်တွင်မူ သူမက ဧည့်ခန်းမထဲတွင်ထိုင်နေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ကွမ်းလင်ဘုရင်ခံရောက်လာကြောင်း တံခါးစောင့်က လာရောက်အကြောင်းကြားပြီး သူမ မှာကြားထားသည့်အတိုင်း အိမ်တော်ထဲ ဝင်ခွင့်မပြုပေ။ 


ကျွင်းဟွိုင်လန် သခင်မကျွင်းကို ကြည့်လိုက်သည်။


သူမက အေးစက်စက်ဖြင့် နှာမှုတ်လိုက်ပြီးနောက် တစ်ဖက်ကိုလှည့်လာပြီး ကြည့်လိုက်သည်။


" ဘာလို့ အမေ့ကို လာကြည့်နေတာလဲ... အမေက သူ့ကိုနှင်ထုတ်လိုက်တော့ ရင်နာနေတာလား..."


သခင်မကျွင်းက သူ့ကို မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။ 


ကျွင်းဟွိုင်လန်က ကူကယ်ရာမဲ့စွာဖြင့်ပြုံးလိုက်ပြီး ထိုသို့မဟုတ်ကြောင်း ပြောလိုက်သည်။


" သူ ဒီတိုင်းပြန်သွားရင်တော့ မင်းအပေါ် ခံစားချက်က မစစ်မှန်လို့ပဲ..."


သခင်မကျွင်းက ဒူးနှစ်ဖက်ပေါ် လက်တင်ထားပြီး ဝတ်ရုံစကို တင်းတင်းဆုပ်ထားကာ တံခါးကိုစိုက်ကြည့်နေသည်။


" အဲဒါဆိုရင်တော့ သူ့ကို တစ်ခါတည်း လက်လျှော့ခိုင်းလိုက်ပြီးတော့ အိမ်ရှေ့စံဖြစ်ဖြစ် ဧကရာဇ်ဖြစ်ဖြစ် လုပ်ချင်တာ လုပ်ခိုင်းလိုက်... နောက်တစ်ချိန် ငါတို့မိသားစုကို အရှက်ခွဲလာမယ်ဆိုရင် သူက စိတ်ဓာတ်မကောင်းတဲ့လူမို့ပဲ အမေတို့ကတော့ သူ့ကိုကြောက်နေမှာ မဟုတ်ဘူး..."


သခင်မကျွင်း၏ စကားများက မခံမရပ်နိုင်မှုများဖြင့် ပြည့်နေသည်။ သူမ အမြင်တွင် ရွှယ်ယန်က အနာဂတ်တွင် ယုံနင်မြို့စားအိမ်တော်ကို အခက်တွေ့အောင်လုပ်ပြီး ချန်အန်းတွင် မနေနိုင်အောင်လုပ်မည်ဟု ထင်နေပုံရသည်။


ကျွင်းဟွိုင်လန် ရယ်ချင်သော်လည်း နှုတ်ခမ်းများ စေ့ထားပြီး သည်းခံနေသည်။


သူ့အမေက နှလုံးသား နူးညံ့သူဖြစ်သော်လည်း သူနှင့် ရွှယ်ယန်၏ တစ်ဦးအပေါ်တစ်ဦး ခံစားချက်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။ သို့ရာတွင် သူ့ကို အလွန်ချစ်လွန်း၍ အခြားလူများက အရှက်ခွဲမည်ကိုလည်း စိတ်ပူနေသည်။


ကျွင်းဟွိုင်လန်၏ရင်ထဲတွင် မဖော်ပြနိုင်သည့် ခံစားချက်တစ်ခု ဖြစ်ပေါ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့အမေက သဘောမတူခြင်းမဟုတ်ပဲ စိတ်ပူပန်‌နေ၍ ရွှယ်ယန်ကို စမ်းသပ်နေခြင်းဖြစ်သည်။


သို့ဖြစ်၍ သူ မတားတော့ပေ။


တံခါးစောင့်က ထွက်သွားပြီးနောက် ခဏအကြာတွင် ပြန်ရောက်လာပြန်သည်။


" သခင်မကြီး ကွမ်းလင်ဘုရင်ခံက တံခါးလာခေါက်ပြန်ပြီ..."


သခင်မကျွင်းက အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ 

" ဘာပြောတယ်..."


တံခါးစောင့်က အလျင်အမြန်ပြောပြသည်။


" ကွမ်းလင်ဘုရင်ခံက ကျွန်တော်နဲ့အတူ စကားပါးလိုက်ပါတယ်... သခင်မကြီး ဘာလို့ ဒေါသထွက်ရတယ်ဆိုတာ သူ သိပါတယ်တဲ့... ကျေးဇူးပြုပြီး စိတ်ချလက်ချနေပါ သူ တံခါးဝမှာပဲ စောင့်နေပါတယ် သူ့ကို ဘယ်အချိန် တွေ့ချင်တာဖြစ်ဖြစ် လာပြောလို့ရပါတယ်တဲ့..."


တံခါးအပြင်ဘက်တွင် ရပ်နေသူက တာ့ယုံကို ထီးနန်းဆက်ခံရမည့် ကွမ်းလင်ဘုရင်ခံဟုပင် မထင်ရပေ။ 


ရွှယ်ယန်တစ်ယောက်တည်းကပဲ အဲ့စကားတွေပြောမှာ သေချာပါတယ်...

ကျွင်းဟွိုင်လန် သူ၏ ကူကယ်ရာမဲ့အပြုံးကို အမေဖြစ်သူ မမြင်အောင် ခေါင်းငုံ့လိုက်သည်။ 


သခင်မကျွင်းက သူ့ကို တစ်ချက်ကြည့်ပြီးနောက် တံခါးစောင့်ကို ဒေါသတကြီးဖြင့် ပြောလိုက်သည်။

 

" သူ့ကို ဘယ်သူက စောင့်ခိုင်းထားလို့လဲ... သူ စောင့်နေအောင် ဘယ်သူမှလည်း မဆွဲထားဘူး... စောင့်ချင်ရင် စောင့်နေလို့သာပြောလိုက်..."


တံခါးစောင့်က ခေါင်းငြိမ့်ပြပြီး ပြန်ထွက်သွားလေသည်။ 


ကျွင်းဟွိုင်လန်က သခင်မကျွင်းအတွက် လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သော်လည်း သခင်မကျွင်းက မယူပေ။ သို့ဖြစ်၍ သူမဘေးနား ချပေးထားလိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောတော့ပဲ သူမကိုသာ အဖော်ပြုပေးနေသည်။ 


ခဏအကြာတွင် ကျွင်းလင်ဟွမ်က အိပ်ရာမှနိုးလာပြီး အဝတ်အစားလဲလှယ်ဝတ်ဆင်ပြီးနောက် မျက်လုံးနှစ်ဖက်ကိုပွတ်၍ အပြင်ထွက်လာပြီး သူမအစ်ကိုကို လိုက်ရှာတော့သည်။ 


Xxxxxxx