Chapter 159
သူ့အမေ၏ မှန်းဆချက်က မမှားယွင်းပေ။ သို့ရာတွင် သူတို့အကြားမှ ဆက်ဆံရေးက သူမအမေထင်သည့် ရင်းနှီးသောဆက်ဆံရေးနှင့် ကွဲပြားနေပေသည်။
သူ အချိန်အတန်ကြာသည်အထိ စကားပြောနိုင်ဖြစ်သွား၍ သခင်မကျွင်းက သူ့မှန်းဆချက် မှန်ကန်ကြောင်း သိလိုက်သည်။
သူမက ပြုံးပြီး နူးညံ့စွာပြောလိုက်သည်။
" အမေက သားကို အပြစ်တင်မလို့ မဟုတ်ပါဘူး... ကွမ်းလင်ဘုရင်ခံက အခုချိန်မှာ အမြင့်က်ို ရောက်နေတာလေ အမေတို့ အသက်တွေကိုလည်း ကယ်ခဲ့တာဆိုတော့ သားနဲ့သူက တော်တော်လေးရင်းနှီးတယ်ဆိုရင်လည်း မဆိုးပါဘူး..."
ထိုအချိန်တွင် ကျွင်းဟွိုင်လန် ပါးစပ်ဟလာသည်။
" အမေ ကျွန်တော်နဲ့သူက တစ်ယောက်ကိုတစ်ယောက် ချစ်နေတာပါ..."
သခင်မကျွင်း၏စကားစပြတ်သွားပြီး တစ်ခန်းလုံး ငြိမ်ကျသွားသည်။
ကျွင်းဟွိုင်လန်က စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုသာ ငုံ့ကြည့်နေပြီး သခင်မကျွင်းက သူ့ကိုငေးငိုင်ကြည့်နေကာ အချိန်အတန်ကြာသည်အထိ မည်သူမှ စကားမပြောနိုင်ကြပေ။
ခဏအကြာတွင်မှ သူမ မနည်းအားတင်း၍ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
" ဘယ်လိုဆက်ဆံရေးမျိုးမို့လဲ... သားတို့က နန်းတွင်းထဲ တူတူနေခဲ့တာဆိုတော့ ညီအစ်ကိုလို သဘောကျတာ ဖြစ်သင့်ပါတယ် ပုံမှန်ပါပဲ..."
ကျွင်းဟွိုင်လန် သူမကို တိတ်ဆိတ်စွာကြည့်နေသည်။
ထို့နောက် မတ်တပ်ရပ်လိုက်ပြီး သူ့အမေရှေ့တွင် ဒူးထောက်လိုက်သည်။
" သားရဲ့ အပြုအမူတွေက မိဘတွေရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးသလိုဖြစ်သွားတယ်ဆိုတာ သိပါတယ်... ဒါပေမဲ့ စိတ်ပိုင်းဖြတ်ထားပြီးသားကိစ္စမို့ ပြန်ပြင်ဖို့ တော်တော်ခက်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါအမေ..."
သခင်မကျွင်းက စကားမပြောနိုင်တော့ပေ။
ခဏအကြာတွင် သူမ မျက်ရည်ကျလာသည်။
" မင်း ဘာလို့ စိတ်တွေ ရှုပ်ထွေးနေရတာလဲ..."
ကျွင်းဟွိုင်လန်က ဒူးထောက်နေပြီး စကားမပြောပေ။
သခင်မကျွင်းက မျက်ရည်များကို သုတ်လိုက်သော်လည်း ပို၍သာ ကျဆင်းလာသည်။ အကြိမ်အနည်းငယ်ခန့် သုတ်ပြီးသောအခါ လက်ကိုင်ပဝါတစ်ထည်လုံးမျက်ရည်များဖြင့် စိုရွှဲသွားတော့သည်။ သူမက လက်ကိုင်ပဝါကို ပေါင်ပေါ်တင်ထားပြီးနောက် ပြောလာသည်။
" မင်းတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေလေ အနာဂတ်မှာ ဘယ်လိုလက်ထပ်ပြီးတော့ ဘယ်လိုများ ကလေးမွေးမှာလဲ... လောကကြီးက မင်းတို့ကို ဘယ်လိုထင်မလဲ... ကွမ်းလင်ဘုရင်ခံက ဘယ်လိုလူမျိုးလဲဆိုတာ မင်း သေချာသိလို့လား... သူ့စိတ်ထဲမှာရော မင်းက ဘယ်လိုလဲဆိုတာ သေချာသိလို့လား... တစ်ချိန်ကျ မင်းကို ငြီးငွေ့လာပြီးတော့ ကလေးလိုချင်လာမယ်ဆို ဘယ်လိုလုပ်မလဲ... မင်းကရော သူ့ကို မငြီးငွေ့သွားနိုင်ဘူးလား..."
ကျွင်းဟွိုင်လန်က ခေါင်းငုံ့ထားသော်လည်း သူ့အသံကတည်ငြိမ်ပြီး သေချာမှုများစွာ ပါဝင်နေသည်။
" သူက အဲ့လိုလုပ်မှာမဟုတ်ပါဘူး..."
ခဏအကြာတွင် သူ ဆက်ပြောသည်။
" သားလည်း အဲ့လိုဖြစ်လာမှာမဟုတ်ဘူး..."
သခင်မကျွင်းထံမှ ငိုရှိုက်သံတိုးတိုး ထွက်ပေါ်လာသည်။
" သူက အိမ်ရှေ့စံ ဒါမှမဟုတ် ဧကရာဇ်ဖြစ်တော့မယ့်သူလေ... အဲဒါဆို မင်းဘာလုပ်မှာလဲ... သူ့ကိုယ်လုပ်တော်အဖြစ်နဲ့ နန်းတွင်းထဲ နေမှာလား..."
အကယ်၍ အမျိုးသမီးတစ်ယောက်ဆိုပါက နန်းတွင်းထဲဝင်ရောက်သွားလျှင် မျက်နှာသာပေးမခံရခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့မဟုတ်ပါကလည်း သတိထားနေထိုင်လျှင် အေးအေးချမ်းချမ်းနေရနိုင်ပြီး ကြွယ်ဝမှုနှင့် ချစ်ခင်မြတ်နိုးမှုများ ရရှိနိုင်သေးသည်။
ဒါပေမဲ့ ကလေးကိစ္စကရော...
လူအများ၏ စကားလုံးများက ကြောက်စရာကောင်းလွန်းသည်ကို သခင်မကျွင်းသိသည်။ အကယ်၍ သူ ခဏတာ သည်းခံနိုင်လျှင်ပင် ဘဝတစ်လျှောက်လုံး သည်းခံနိုင်မည်မဟုတ်ပေ။
ထို့အပြင် ရွှယ်ယန်က ကြင်နာမှုမရှိသူဆိုပါက ကျွင်းဟွိုင်လန်က သူနှင့်အတူရှိပြီးနောက်တွင် ကိစ္စမျိုးစုံဖြစ်ပျက်သွားနိုင်သည်။ ထိုအချိန်တွင် ရွှယ်ယန်က ဧကရာဇ်ဖြစ်နေ၍ သူလုပ်သမျှ ကိစ္စတိုင်းက အမှားဖြစ်တော့မည်မဟုတ်သော်လည်း သူမသားက မိန်မများအကြားတွင်နေရပြီး လှောင်ပြောင်သရော်မှုကို ခံစားနေရလိမ့်မည်။
ထိုအကြောင်းကိုတွေးမိလေ သူမစိတ်ထဲ ပူဆွေးဝမ်းနည်းလာလေဖြစ်၍ ငိုကြွေးမိနေသည်။
" မင်း စိတ်တွေ ဘာလို့အဲ့လောက်ရှုပ်ထွေးနေရတာလဲ... မချစ်သင့်တဲ့လူတစ်ယောက်ကိုချစ်မိတာ မင်းအတွက်လည်း မကောင်းဘူးလေ... သာမန်မိန်းကလေးတစ်ယောက်နဲ့ ကြိုက်မိရင်တောင် အမေမင်းကို သဘောမတူနိုင်တာကို..."
သို့ရာတွင် ကျွင်းဟွိုင်လန်က ဒူးထောက်နေဆဲဖြစ်ပြီး ခိုင်မာစွာပြောနေသည်။
" သူ အဲ့လိုမလုပ်ပါဘူးအမေ..."
မန်ချူးမင်းဆက်၏ မှူးမတ်များသာမက ချန်အန်းမှလူအားလုံးမှာ ထီးနန်းဆက်ခံရမည့်လူက ရွှယ်ယန်ဖြစ်ကြောင်းသိနေပြီဖြစ်သည်။
ထို့အပြင် ရွှယ်ယန်က သူ့ကို သူ့အမေပြောသည့်အနေအထားသို့ရောက်အောင် ရက်စက်လိမ့်မည်မဟုတ်ကြောင်းကိုလည်း သူသိသည်။ သူကိုယ်တိုင်ကလည်း သူ့အမေပြောသည့်အဖြစ်သို့ အရောက်မခံမည့်လူဖြစ်သည်။
သူ့စကားကြောင့် သခင်မကျွင်းက ပိုပြီးဒေါသထွက်လာသည်။
" မင်း ဘာကို အာမခံနိုင်လို့လဲ... ရွှယ်ယန်ကသာ မင်းကို တကယ်ချစ်ရင် ဒီကိစ္စကို သူကိုယ်တိုင် လာပြောရမှာပေါ့..."
သခင်မကျွင်းမှာ အလွန်ဒေါသထွက်နေ၍ မင်းသားနှင့် အမှုထမ်းအကြားမှ အပြုအမူများကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
သူမက ချမ်းသာသည့်မျိုးရိုးမှဆင်းသက်လာခဲ့ပြီး ငယ်ရွယ်စဉ်ကတည်းက သခင်မဖြစ်ခဲ့ရသူဖြစ်သည်။ ယခုအချိန်တွင် သူမ၏သားဖြစ်သူက သူမရှေ့တွင် ခေါင်းမာစွာဖြင့် ဒူးထောက်နေသောကြောင့် အလွန်ဒေါသထွက်နေသည်။
အဲဒီရွှယ်ယန်ဆိုတဲ့ကောင်က ငါ့သားလေးကို ဘယ်လိုဆေးတွေခတ်လိုက်တာလဲ... ဒီကလေးက စိတ်ထားကောင်းပြီး စိတ်ရှည်တာကို အခွင့်အရေးယူပြီး ဒီအခြေအနေထိရောက်အောင် တွန်းပို့ထားတယ်ပေါ့လေ...
ယခုချိန်မှစ၍ သူက အိမ်ရှေ့စံမင်းသား သို့မဟုတ် အားလုံးက ဦးညွတ်ရသော ဧကရာဇ်ဖြစ်သွားခဲ့လျှင်ပင် သူမဒေါသများပြေပျောက်ရန် သူ့ကို မျက်စောင်းမထိုးပဲ နေနိုင်မည်မဟုတ်တော့ပေ။
..........
ဧကရာဇ်ချင်းဖျင်က ယခုချိန်တွင် မျက်လုံးများကိုသာ လှုပ်ရှားနိုင်သေးသည်။
ရွှယ်ယန်က အိပ်ရာဘေးတွင်ထိုင်နေပြီး ဧကရီကျန်းက ဘေးနားတွင် ရပ်နေသည်။ သူတို့စကားပြောချိန်တွင် ဧကရာဇ်ချင်းဖျင်က မျက်တောင်ခတ်ပြရုံသာ တတ်နိုင်သည်။
သူတို့ ဘာလုပ်ရမည်မသိဖြစ်နေစဉ်တွင် ရွှယ်ယန်က အကြံတစ်ခု ရသွားသည်။
" သဘောတူတယ်ဆို မျက်တောင်တစ်ကြိမ်ခတ်ပါ သဘောမတူဘူးဆိုရင် မျက်တောင်နှစ်ကြိမ်ခတ်လိုက်ပါခမည်းတော် မမှားစေနဲ့ဦး..."
ဧကရာဇ်ချင်းဖျင်မှာ ဤသို့သွယ်ဝိုက်ပြီး ဆက်သွယ်စကားပြောရသည်ကို မကြိုက်ပုံရသည်။
ရွှယ်ယန် စိတ်မရှည်တော့ပေ။
" သဘောပေါက်ရဲ့လား..."
ဧကရာဇ်ချင်းဖျင်ကလည်း အခြားနည်းလမ်းကို မစဉ်းစားနိုင်တော့၍ မျက်တောင်ခတ်ရုံသာ ခတ်ပြလိုက်သည်။
" သားတော် အရင်ဆုံးပြောမယ်နော်... ခမည်းတော် ဘာလုပ်ခိုင်းခိုင်းရပေမယ့် ထီးနန်းဆက်ခံခိုင်းလို့တော့မရဘူး... ကျွန်တော် အခုမှ ချစ်ရတဲ့သူနဲ့ အဆင်ပြေနေတာ သူ ထွက်ပြေးသွားလို့မရဘူး..."
ဧကရာဇ်ချင်းဖျင်က သူ့ကိုစိုက်ကြည့်နေပြီးနောက် မျက်တောင်နှစ်ကြိမ်ခတ်လိုက်သည်။
ရွှယ်ယန် အေးစက်စက်ဖြင့် ရယ်လိုက်သည်။
" သဘောမတူဘူးဆိုရင်လည်း အသုံးမဝင်ဘူး... ခမည်းတော်ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုရင် တခြား ဘာမှလာမပြောပါနဲ့..."
ဧကရာဇ်ချင်းဖျင်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေပြီး ရွှယ်ယန်ကလည်း သူ့ကို ဂရုမစိုက်သကဲ့သို့ ကြည့်နေသည်။
" ဒီကိစ္စကို သဘောမတူနိုင်ဘူးဆိုရင် ဘိုးဘေးတွေ ရာစုနှစ်တစ်ခုကြာအောင် တည်ထောင်ခဲ့ရတဲ့ အုတ်မြစ်ကြီးကို လျစ်လျူရှု့ထားမှာမို့ ကျွန်တော်မျိုးကို အပြစ်မတင်ပါနဲ့... ပြီးတော့ ဒီကိစ္စတွေဖြစ်ရတာလည်း အရှင်က အမတ်တွေကို အရမ်းယုံမိလို့ပဲလေ..."
အနားမှလူများမှာ ရိုသေလေးစားမှုမရှိသည့် ထိုစကားများကို ကြားသည့်အခါ ခေါင်းငုံ့ပြီး မကြားချင်ယောင်ဆောင်နေကြသည်။
ဘေးနားမှ ဧကရီကျန်းကလည်း စကားဝင်မပြောရဲပေ။
ခဏအကြာတွင် ဧကရာဇ်ချင်းဖျင်က အံတင်းတင်းကြိတ်ထားပြီး မျက်တောင်ခတ်လိုက်သည်။
ရွှယ်ယန် နှာမှုတ်လိုက်ပြီးနောက် ရယ်လိုက်သည်။
ဘေးနားမှ ဧကရီကျန်းက ထိတ်လန့်စွာဖြင့် ကြည့်နေသည်။
ဧကရာဇ်က ယခုအချိန်တွင် စကားမပြောနိုင်ဖြစ်ပြီး ခြေလက်များ မလှုပ်ရှားနိုင် ဖြစ်နေသော်လည်း သူက ဧကရာဇ်ဖြစ်နေဆဲဖြစ်ပြီး တာ့ယုံ၏ ကြီးမြတ်သောအာဏာရှင်တစ်ယောက် ဖြစ်နေဆဲပင်။
ရွှယ်ယန်မှလွဲ၍ အခြားလူများက သူ့ကို ဤသို့ မလေးမစား မဆက်ဆံရဲပေ။
ဧကရာဇ်ချင်းဖျင်မှာ ရွှယ်ယန်ကိုစိုက်ကြည့်နေလျက် အလွန်ဒေါသထွက်လာ၍ မျက်လုံးမှိတ်ထားလိုက်ရသည်။
ဤနှစ် ၂၀လုံးလုံးတွင် သူတို့နှစ်ယောက်လုံးက ပထမဆုံးအကြိမ်အဖြစ် သားအဖနှင့်တူစွာ ပြုမူဖူးသည့်မြင်ကွင်းဖြစ်သည်။
ဧကရာဇ်ချင်းဖျင်က သူ့သဘောဆန္ဒမပါပဲ လက်ခံလိုက်ရသည်ကိုသိ၍ ရွှယ်ယန် ရယ်မောနေမိသည်။
ဤကိစ္စကို သဘောတူညီမှု ရရှိပြီးနောက် သူတို့နှစ်ယောက် စကားဆက်ပြောနေကြသည်။
" ကျွန်တော်မျိုးကို တိုင်းရေးပြည်ရေးတွေ လက်လွှဲပေးချင်နေတယ်ဆိုတည်းက အကြီးဆုံးသားနဲ့ ဒုတိယသားကို စိတ်ပူလို့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား..."
ဧကရာဇ်ချင်းဖျင်က တွန့်ဆုတ်ခြင်းမရှိပဲ မျက်တောင်ခတ်ပြလိုက်သည်။
ရွှယ်ယန်က ပြုံးလိုက်သည်။
" ကျွန်တော်မျိုးရဲ့စိတ်က ရှုပ်ထွေးမနေဘူးပဲ..."
ဧကရာဇ်က သူ့ကိုစိုက်ကြည့်လိုက်ပြန်သည်။
သို့ရာတွင် ရွှယ်ယန်က လုံးဝ ဂရုမစိုက်ပေ။
အနားတွင်ရပ်နေသည့် ဧကရီကျန်းပင် ရပ်မကြည့်နိုင်တော့၍ သူ့ဝတ်ရုံလက်ကို ဆွဲလာသည်။
ရွှယ်ယန်က နောင်တရခြင်းမရှိပေ။ ဧကရာဇ်ချင်းဖျင်၏မျက်လုံးများ နီရဲလာပြီးနောက် သူ့ကို မကြည့်ချင်တော့သကဲ့သို့ မျက်လုံးမှိတ်လိုက်သည်။
" မင်းသား ၆ ဆိုရင်ရော ဘယ်လိုလဲ..."
ရွှယ်ယန်က ဆက်မေးသည်။
ဧကရာဇ်ချင်းဖျင်က အလေးအနက်တွေးတောနေပြီးနောက် မျက်တောင်တစ်ကြိမ်ခတ်လိုက်သည်။ ထို့နောက် နောက်တစ်ကြိမ်ထပ်ခတ်သည်။
ဘေးနားမှ ဧကရီကျန်းကလည်း ခေါင်းငြိမ့်ပြီးပြောလိုက်သည်။
" ပန်ကုန်းက ယွင်ဟွမ်ကို အရမ်းအလိုလိုက်ခဲ့တော့ ပေါ့ပေါ့လျော့လျော့နဲ့ ကြီးပြင်းလာပြီး မတွေးခေါ်တတ်ဘူး... သူက စာလေ့လာရတာကို သဘောမကျတဲ့အပြင် ညီလာခံအရေးကိစ္စတွေလည်း ဘာတစ်ခုမှ နားမလည်ဘူး... နန်းတွင်းတစ်ခုလုံးမှာ ပန်ကုန်း သူ့ကို စိတ်မချဆုံးပဲ..."
သူမက ဧကရီဖြစ်သည့်အပြင် သူမအဖေကလည်း အရေးပါသော အမတ်တစ်ယောက်ဖြစ်သည်။ သို့ရာတွင် ကျန်းအမတ်ကြီးက ရှေးရိုးစွဲသည့်အပြင် ဘက်မလိုက်တတ်သူဖြစ်သည်။ သူက ဧကရီကျန်းငယ်စဉ်ကတည်းက စိတ်ဓာတ်ကိုလည်း သူ့ပုံစံအတိုင်းဖြစအောင် လေ့ကျင့်ပေးထားခြင်းဖြစ်သည်။
စကားဆုံးသည်နှင့် သူမ ရွှယ်ယန့်ကိုကြည့်လိုက်သည်။
အခြားမင်းသားများက မရင့်ကျက်သေး၍ ဤကိစ္စကို ဆောင်ရွက်ပေးရန်က ရွှယ်ယန် တစ်ယောက်တည်းသာရှိသည်။
ရွှယ်ယန် စိတ်မရှည်စွာဖြင့် စုတ်သပ်လိုက်သည်။
" ကျန်းနန်က သမားတော် မကြာခင်ရောက်လာတော့မှာပါ... သူ ရောက်လာမှ အခြေအနေကို စောင့်ကြည့်ကြတာပေါ့..."
ဧကရာဇ်ချင်းဖျင်၏ အကြည့်များက သူ့ဘက်ကို ချက်ချင်းရောက်လာသည်။
ရွှယ်ယန်က သူကြောက်နေသောအရာကိုသိ၍ ဆက်ပြောပြသည်။
" သားတော် အချိန်တစ်ခုအထိတော့ တိုင်းပြည်ရေးကိစ္စတွေကိုကူညီပေးမှာပါ... ဒါပေမဲ့ နန်းတွင်းထဲမှာလည်းနေမှာမဟုတ်သလို အိမ်ရှေ့စံမင်းသားလည်းမလုပ်ဘူး... ခမည်းတော် ပြန်ပြီးကျန်းမာလာရင် ကိုယ့်ဘာကိုယ်ပြန်ပြီး လက်လွှဲယူပါ... မကျန်းမာလာဘူးဆိုရင် တခြားကျန်နေတဲ့ မင်းသားတွေက အရည်အချင်းရှိတဲ့လူတစ်ယောက်ကိုရွေးပြီး အိမ်ရှေ့စံ လုပ်ခိုင်းလိုက်ပါ..."
၎င်းက ဧကရာဇ်ချင်းဖျင်၏ တိုင်းပြည်ကို ခေတ္တခဏ ဂရုစိုက်ပေးမည်ဟူသော ကတိဖြစ်သည်။
ဧကရာဇ်ချင်းဖျင်က ရွှယ်ယန်၏ အကျင့်စရိုက်အကြောင်းကိုသိသည်။ ယခုအချိန်တွင် ထီးနန်းကို အလိုရှိပါက အခြေအနေအားလုံး တည်ငြိမ်သွားလျှင်လည်း လက်လွှတ်ပေးလိမ့်မည်မဟုတ်ပေ။
ရွှယ်ယန်က သူ့အတွက်လုပ်ပေးနေကြောင်းကို ဧကရာဇ်ချင်းဖျင် သိလိုက်သည်။
သူ့ရင်ထဲတွင် အုပ်မိုးနေသော ကျောက်တုံးကြီးကပျောက်ကွယ်သွားခဲ့ပေသည်။ သူ့စိတ်ထဲ အေးချမ်းသွားသည်နှင့်အတူ နောင်တရလာမိသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်တည်းက ထီးနန်းဆက်ခံသူအကြောင်း တွေးတောလိုက်ချိန်တိုင်းတွင် ရွှယ်ယန်ကသာ အသင့်တော်ဆုံးဟု သူထင်ခဲ့မိသည်။
ယခုထီးနန်းကို သူ၏မောင်နှမများစွာကို လုပ်ကြံသတ်ဖြတ်ပြီးမှ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဤနှစ်များအတွင်းတွင် ဤနေရာကို လုံခြုံအောင် ကာကွယ်ခဲ့ရရုံသာမက အခြားလူများတပ်မက်ခြင်းကို စောင့်ကြပ်နေခဲ့ရသေးသည်။
သို့ရာတွင် တစ်နေ့၌ ဤနေရာကို လက်လျှော့လိုက်ချင်လာမည်ဟု မထင်ထားသကဲ့သို့ သူ လိုလိုလားလား ပေးချင်ခဲ့သူကလည်း ထီးနန်းကို အလိုမရှိမည်ဟု မထင်ထားခဲ့ပေ။
ဧကရာဇ်ချင်းဖျင်က သဘောတူသည့်ပုံဖြင့် ရွှယ်ယန့်ကို မျက်တောင်ခတ်ပြလိုက်သည်။
ရွှယ်ယန်က အပေးအယူဖြစ်ပြီဟုပြောကာ ချက်ချင်းထရပ်လိုက်ပြီး တွန့်ဆုတ်ခြင်းမရှိပဲ ထထွက်သွားသည်။
ဧကရာဇ်က ရွှယ်ယန်၏ ကျောပြင်ကိုကြည့်နေသည်။
မည်သူ့ကိုမှ အပြစ်တင်၍ မရကြောင်းကို သူသိသည်။
အရာအားလုံး ဤအခြေအနေအထိ ရောက်လာခဲ့ရသည်မှာလည်း သူ့အပြစ်များကြောင့်သာဖြစ်သည်။
——
ဒုတိယနေ့ မနက်ခင်းညီလာခံတွင် အမတ်များက ညီလာခံခန်းမထဲ ကြိုတင်ရောက်ရှိလာကြပြီး ယနေ့တွင် မည်သူက နဂါးပလ္လင်ထက်တွင် ထိုင်မည်ကို စောင့်ဆိုင်းနေကြသည်။
အမတ်များအားလုံးက စကားတစ်ခွန်းမှမဆိုကြ၍ ပုံမှန်အခြေအနေဟုသာ ထင်ရသော်လည်း အနီးကပ်ကြည့်လိုက်ပါက သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်ကို မြင်နိုင်ပေသည်။
ယခုရက်ပိုင်းများတွင် ညီလာခံ၏ အခြေအနေက အမြဲတစေ ပြောင်းလဲနေသည်။ ကွမ်းလင်ဘုရင်ခံက အခြေအနေများကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်ဟု သတ်မှတ်၍ရသော်လည်း နောက်ဆုံးရလဒ်နှင့် ဆက်နွယ်လာပါက အားလုံး မသေမချာဖြစ်နေကြဆဲဖြစ်သည်။
ထိုအချိန်တွင် ခန်းမဆောင်အပြင်ဘက်မှ ဗုံသံတစ်ချက်ကြားလိုက်ရ၍ မနက်ခင်းညီလာခံကို တရားဝင်စတင်ခြင်းဟု ပြောရပေမည်။
အတိတ်တွင်မူ မိန်းမစိုးက ဧကရာဇ်ကြွချီလာကြောင်း အသိပေးလိုက်ပြီးနောက်တွင် ဧကရာဇ်က ပင်မခန်းမဆောင်နောက်မှထွက်လာပြီး ပလ္လင်ပေါ် ထိုင်လိုက်ခြင်းဖြစ်သည်။
မင်းသား၄ ညီလာခံတက်ခဲ့သည့်နေ့ကလည်း ထိုသို့ပင်ဖြစ်သည်။
အားလုံး အသက်အောင့်ထားကြပြီး အာရုံစိုက်နေကြသည်။
Xxxxxxx